← Chapters

အခန်း ၁၂၁

Vol. 9 Ch. 121

အခန်း ၁၂၁

Vol. 9 Ch. 121

အခန်း (၁၂၁) ဘယ်သူ့ရဲ့ ကိုယ်ပွားက ဒီလောက်တောင် လူများများကို အနိုင်ယူနိုင်တာလဲ

မြေကြီးပေါ်မှ ညည်းတွားသံများနှင့် အစီအရင်အတွင်းမှ တည်ငြိမ်သော အသံများက ကျောက်တိုင်ပေါ်တွင် ရပ်နေသော ရှောင်မင်ကို ကြောင်အမ်းသွားစေခဲ့သည်။

အစီအရင်ကို စောင့်နေသူမှာ စွမ်းအား တကယ်တော့ မညံ့ပါချေ။

အပြင်ဘက်မှ အချိန်ဆွဲ တိုက်ခိုက်နေသူများမှာလည်း စွမ်းအား မဆိုးလှသလို ခြေလှမ်းသိုင်းလည်း မညံ့ကြပေ။

ယုတ္တိအရဆိုလျှင် မနိုင်လျှင်တောင်မှ အနှောင့်အယှက် ပေးရန်တော့ လုံလောက်ပေသည်။

ယခုမူ ထိုလူနှစ်ယောက် ရှုံးသွားရုံတင်မကဘဲ အစီအရင်ကို စောင့်နေသူမှာလည်း အလျင်အမြန် ရှုံးနိမ့်သွားခဲ့သည်။

ထို့အပြင် ဒဏ်ရာပါ ပြင်းပြင်းထန်ထန် ရသွားသေးသည်။

ထိုအမြန်နှုန်းက သူ့ကို ခြံဝင်းငယ်အသီးသီးမှ ပထမနေရာများကို အလိုအလျောက် သတိရသွားစေခဲ့သည်။

သူတို့မှာ စွမ်းအား ကြောက်စရာကောင်းသလို သိုင်းပညာရပ်များလည်း အစွမ်းထက်ကြသည်။

သို့သော် ထိုသူများမှာ အလွန်နည်းပါးလှရာ ရွေးချယ်ပွဲကို လုံးဝ ဝင်စရာ မလိုသူများ ဖြစ်ချင်ဖြစ်မည် သို့မဟုတ် အခြားနေရာများတွင် ဝင်လုနေကြခြင်း ဖြစ်ပေမည်။

ဤလျှို့ဝှက်နယ်မြေက များသောအားဖြင့် စွမ်းအား သိပ်မကွာသူများကို တစ်နေရာတည်းတွင် ထားလေ့ရှိသည်။

ဤလူက အဝေးကြီးမှနေ၍ အနိုင်ကျင့်ရန် လာခြင်းလောဟု ရှောင်မင် စိတ်ထဲတွင် တွေးလိုက်မိသည်။

မဟုတ်လျှင် ဤမျှ မြန်စရာ အကြောင်းမရှိပေ။

လုံးဝ ဖြစ်နိုင်ချေရှိသည်ဟု သူ ထင်လိုက်သည်။

အခြား တစ်နေရာတွင် ရှုံးလာသဖြင့် ရက်အတော်ကြာ ခရီးနှင်လာပြီး ဤနေရာရှိ အထက်တန်းအဆင့် နင်းယွမ်ကျင့်စဉ်ကို လာလုခြင်း ဖြစ်ပေမည်။

သူက အလိုအလျောက် နောက်တစ်လှမ်း ဆုတ်လိုက်သည်။

အနားကပ်သွားရန် လုံးဝ စိတ်ကူးမရှိတော့ချေ။

စိန်ခေါ်ရန် ဆိုသည်မှာ ပို၍ပင် ဝေးသေးသည်။

တစ်ဖက်လူက ဖိတ်ခေါ်လိုက်သော်လည်း ရှောင်မင်က တိုးတိုးလေး ပြောလိုက်သည်။

"ဘယ်သူကများ ကိုယ်အားနည်းနေတာကို တခြားလူတွေကို ပြောပြမှာလဲ"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"တစ်ခါတစ်ရံ အခွင့်အရေးတွေကို စမ်းသပ်ကြည့်ရမယ် မစမ်းသပ်ကြည့်ရင် ကိုယ်မှန်သလား မှားသလား ဘယ်လိုလုပ် သိနိုင်မှာလဲ အောင်မြင်ရင် အထက်တန်းအဆင့် နင်းယွမ်ကျင့်စဉ် ရမယ် ရှုံးသွားရင်လည်း ဝိညာဉ်ကျောက်တုံး တစ်ထောင်ပဲ ကုန်မှာ"

ရှောင်မင်က စကားပြန်ပြောချင်သော်လည်း သူ ဆက်မပြောရသေးခင်မှာပင် ဘေးနားမှ ရုတ်တရက် လူတစ်ယောက် ထွက်လာပြီး ခုန်ထွက်သွားခဲ့သည်။

အစီအရင်ထဲသို့ တိုက်ရိုက် ဝင်သွားလေသည်။

"သူက အားနည်းနေတာပဲ ဖြစ်ရမယ် တမင်တကာ မင်းကို ပြောပြပြီး သံသယဝင်အောင် လုပ်နေတာ မင်းမရဲရင် ငါလာခဲ့မယ်"

လေးနက်သော အသံကြီး ထွက်ပေါ်လာသည်။

ထို့နောက် လူရိပ်တစ်ခုက အစီအရင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဝုန်းခနဲ အသံနှင့်အတူ တစ်ဖက်လူ၏လက်ထဲတွင် မိုးကြိုးမီးတောက်များ ထွက်ပေါ်လာလေသည်။

ကျန်းမန် အနည်းငယ် အံ့ဩသွားပြီး ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကာ စွမ်းအားမှာလည်း ကြောက်စရာကောင်းလှသည်။

ချမ်းသာသော မိသားစုမှ သခင်လေးပင် ဖြစ်ပေမည်။

ကျန်းမန် စတင် ရှောင်တိမ်းလိုက်သည်။

မီးခိုးငွေ့ ခြေဆင်းဖြင့် မနည်း ရှောင်တိမ်းလိုက်ပြီး အရိပ်မဲ့ လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

တစ်ဖက်လူ၌ လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ သိပ်မရှိကြောင်း သေချာသိပြီးနောက်တွင်မူ သူက တိုက်လိုက် ဆုတ်လိုက် လုပ်နေလိုက်သည်။

တစ်ခါတစ်ရံ တိမ်ကိုးလွှာ နဂါးနှိမ်နင်းရေး သိုင်းကို သုံးကာ ကာကွယ်လေသည်။

သို့သော် တစ်ဖက်လူထံမှ မိုးကြိုးမီးတောက်များ ထွက်လာပြီး လေပြင်းများ တိုက်ခတ်လာကာ တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်။

အားလုံးက သူ မမြင်ဖူးသော သိုင်းပညာရပ်များနှင့် တိုက်ခိုက်ရေး သိုင်းပညာရပ်များချည်းသာ ဖြစ်သည်။

ကံကောင်းသည်မှာ ထိုသူက သင်ယူထားသည်များ များပြားသော်လည်း အဆင့်တော့ မမြင့်မားပေ။

သို့မဟုတ်လျှင် သူက ကောင်းကင် နှလုံးသား တံဆိပ်တုံးကို သုံးပြီးမှ အခွင့်အရေး ရှာရတော့မည် ဖြစ်သည်။

ဘုန်းခနဲ အသံနှင့်အတူ စွမ်းအားများ ထိခိုက်မိပြီး ကျန်းမန်က နောက်နှစ်လှမ်း ဆုတ်သွားခဲ့သည်။

တစ်ဖက်လူက ထပ်မံ တိုက်ခိုက်လာပြန်သည်။

အမြန်နှုန်းက အလွန် မြန်လွန်းလှရာ သူ့ထံ၌ စိတ်အာရုံအဆင့်သာ မမြင့်မားပါက အတော်လေး ဒုက္ခရောက်မည်မှာ သေချာသည်။

ဤတစ်ကြိမ်တွင် ကျန်းမန်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး လက်ဝါးတစ်ချက်ကို တစ်ဖက်လူ၏ ကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။

အဆင့်ကိုး အရိပ်မဲ့ လက်ဝါးပင် ဖြစ်သည်။

ဘုန်းခနဲ မြည်သွားကာ အမျိုးသားမှာ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ဖရိုဖရဲ ဖြစ်သွားသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားလေသည်။

အစီအရင်ထဲမှ ထွက်သွားပြီး မနည်း မတ်တပ်ရပ်နိုင်သွားသည်။

ကျန်းမန်၏ လူရိပ်က ယိမ်းယိုင်သွားပြီးနောက် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ထို့နောက် သူက ဖြည်းညှင်းစွာ စကားစလိုက်ပြီး ခုနက လေသံအတိုင်း ဆက်ပြောလိုက်သည်။

"ကြည့်ရတာ ငါ တကယ်ပဲ အရမ်း အားနည်းနေပြီ ထင်တယ်"

အပြင်သို့ လွင့်ထွက်သွားသော အမျိုးသားက သွားကြိတ်လိုက်သည် နောက်ဆုံးအကွက်ကို တစ်ဖက်လူသာ မရှောင်နိုင်ခဲ့ပါက သူ နိုင်သွားမည် မဟုတ်ပါလော။

မတုံ့ဆိုင်းတော့ဘဲ ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးကာ အစီအရင်ထဲသို့ ထပ်ဝင်သွားပြန်သည်။

ဤတစ်ကြိမ်တွင်မူ သူတို့ အချိန်ဆွဲ တိုက်ခိုက်နေရပြီး အကြိမ်အတော်များများ ကျန်းမန်က အစီအရင် အပြင်သို့ ပြုတ်ကျမလို ဖြစ်သွားခဲ့သေးသည်။

သို့သော် အရေးကြီးသော အချိန်ရောက်မှသာ ကိုယ်ကို ပြန်ထိန်းနိုင်သွားခဲ့သည်။

နောက်ဆုံးတွင်တော့ အမျိုးသား လွင့်ထွက်သွားပြန်လေသည်။

ကျန်းမန်က အစီအရင် အပြင်ဘက်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ခွင့်လွှတ်ပါ ငါ ရှုံးတော့မလို့ပဲ"

တစ်ဖက်လူမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် တစ်ထောင် ထပ်ပေးပြန်သည်။

ဤတစ်ကြိမ်တွင် စွမ်းအားက အတော်လေး လျော့သွားသော်လည်း အကြာကြီး တိုက်ခိုက်လိုက်ရသေးသည်။

နောက်ဆုံးတွင် အန္တရာယ် သီသီလေးဖြင့် ရှုံးသွားပြန်လေသည်။

တစ်ဖက်လူကတော့ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို တိတ်တဆိတ် သိမ်းလိုက်သည်။

အမျိုးသားက အစီအရင် ရှေ့တွင် ရပ်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြန်သည်။

နောက်ဆုံးတွင်တော့ လှည့်ပြီး ထွက်သွားခဲ့သည်။

အနောက်မှ ကျန်းမန် ပြောနေသော စကားများကို လုံးဝ နားမထောင်တော့ချေ။

ကံကောင်းသည်မှာ အားလုံးက အချင်းချင်း မသိကြ၍သာ ဖြစ်သည်။

မဟုတ်လျှင် သူက မြေကြီးထဲ တိုးဝင်သွားချင်စိတ် ပေါက်သွားပေမည်။

ဝိညာဉ်ကျောက်တုံး လိမ်ယူခံလိုက်ရပြီ ဖြစ်သည်။

တစ်ဖက်လူက တကယ်ပင် အားမနည်းလှသလို ပိုက်ဆံ အလွန် လိုနေသော ဆင်းရဲသား တစ်ယောက် ဖြစ်ပေမည်။

ဝိညာဉ်ကျောက်တုံး သုံးထောင်က သူ့အတွက် မများလှသော်လည်း မျက်နှာပန်းတော့ အပျက်မခံနိုင်ချေ။

တစ်ဖက်လူ၏ အစီအရင် အောက်ရှိ နံပါတ်စဉ်ကို တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် သူ ဆက်မနေတော့ပေ။

နံပါတ် ၂၁၀ မင်းကို မှတ်ထားလိုက်ပြီဟု တွေးလိုက်သည်။

ပြန်ရောက်လျှင် စတုတ္ထ ပဉ္စမ ဆဋ္ဌမမြောက် ခြံဝင်းထဲမှ မည်သည့် ပါရမီရှင်က ဆင်းရဲသား ဖြစ်နေသလဲ ဆိုသည်ကို သေချာ ကြည့်ရမည် ဖြစ်သည်။

ပထမ ဒုတိယ တတိယမြောက် ခြံဝင်းမှ လူများလည်း ဖြစ်နိုင်ပေသည်။

ထိုသို့ဆိုလျှင်တော့ ပါရမီရှင် မဟုတ်တော့ဘဲ ဤကျင့်ကြံမှုအဆင့်တွင် အကြာကြီး နေလာသဖြင့် အားသာချက် ရှိနေခြင်း ဖြစ်ပေမည်။

ကျန်းမန်က လူထွက်သွားသည်ကို ကြည့်ကာ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။

ဤသို့ပင် ထွက်သွားလေသလောဟု တွေးလိုက်မိသည်။

ဝိညာဉ်ကျောက်တုံး သုံးထောင်လေးသာ ရှိသေးသည် မဟုတ်ပါလော။

ထို့နောက် သူက အစကတည်းက ရောက်နေသော အမျိုးသားနှင့် ထထိုင်နေပြီ ဖြစ်သော အမျိုးသမီးဆီသို့ အကြည့်ရွှေ့လိုက်သည်။

"ငါ အခု လှုပ်ရှားရတာတောင် နည်းနည်း နှေးနေပြီ မင်းတို့ ငါ့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ငါ့ကို လာစိန်ခေါ်မလား"

သူတို့နှစ်ယောက် တိတ်ဆိတ်သွားကြသည်။

အမျိုးသမီးက မေးလိုက်သည်။

"မင်းက တခြား နေရာကနေ ပြေးလာတာလား"

ဤနေရာကို သူမက လူနှစ်ယောက် ဝယ်ထားသဖြင့် သေချာပေါက် ရပ်တည်နိုင်မည်ဟု ထင်ထားခဲ့သည်။

စွမ်းအား ကြီးသူများက တခြား အထက်တန်းအဆင့်များကို သွားရှာ၍ ရသည် မဟုတ်ပါလော။

အထက်တန်းအဆင့် ခန္ဓာကိုယ်ကျင့်စဉ်နှင့် အထက်တန်းအဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်များက အလွန် အရေးကြီးသော အရာများ ဖြစ်ကြသည်။

အထူးသဖြင့် ခန္ဓာကိုယ် လမ်းစဉ်နှင့် ဓားလမ်းစဉ်များက ဤ အထက်တန်းအဆင့် နင်းယွမ်ကျင့်စဉ်ကို မျက်စိကျမည် မဟုတ်ပေ။

ကျန်းမန် ခေါင်းခါလိုက်သည်။

"ငါ အမြဲတမ်း အနီးအနားမှာပဲ ရှိနေတာ"

အမျိုးသမီးက ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒါဆို မင်းတော့ ဒုက္ခရောက်ပြီ ငါ ရှုံးသွားတော့ နောက်ပိုင်း မင်းကို လာစိန်ခေါ်မယ့်သူ ရှိမှာ မဟုတ်တော့ဘူး ပြီးတော့ ကျပန်းဆိုတာကလည်း အဲဒီလောက်ကြီး ကျပန်း မဟုတ်ဘူး အထက်တန်းအဆင့်က များသောအားဖြင့် တခြား အထက်တန်းအဆင့်ကို စောင့်နေတဲ့ လူတွေ ပေါ်လာတတ်တယ် မင်း လူနှစ်ယောက်ပဲ နိုင်သေးတယ် ရှစ်ယောက် ကျန်သေးတယ် ဒီရှစ်ယောက်က နယ်ပယ် အသီးသီးက ပါရမီရှင်တွေ ဖြစ်နိုင်တယ် တကယ်လို့ ကျပန်း ရွေးချယ်ခံရတဲ့ သူတွေက တုံးအနေရင်တောင် မင်း နိုင်ချင်မှ နိုင်မှာ"

ကျန်းမန် အနည်းငယ် အံ့ဩသွားသည်။

"ငါ့ကို နောက်ထပ် လာစိန်ခေါ်မယ့်သူ မရှိတော့ဘူးလား"

အမျိုးသမီးက မနည်း ထရပ်ပြီး ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။

"မင်း ရက်အနည်းငယ် စောင့်ကြည့်လိုက်ရင် သိလာမှာပါ အခုက ဆယ့်တစ်ရက်မြောက်နေ့ ဆိုတော့ မင်းမှာ သုံးရက် အချိန် ကျန်သေးတယ်"

သူမ ခန္ဓာကိုယ်က နည်းနည်း နေရခက်သလို စိတ်အခြေအနေကလည်း အလွန် ဆိုးရွားနေသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူနှစ်ယောက်ကို ဝယ်ရန်အတွက် သူမ၏ ကိုယ်ပိုင် အမှတ်အသား လုံးဝ ပေါ်သွားလုနီးပါး ဖြစ်သွားသောကြောင့်ပင်။

ယခု ရွေးချယ်ပွဲ ပြီးသွားလျှင် အပြင်ရောက်သည်နှင့် သေချာပေါက် လှောင်ပြောင်ခံရမည် ဖြစ်သည်။

အထူးသဖြင့် ဤလူက ကျပန်း ရွေးချယ်ခံရပြီး ရှုံးသွားပါက သူမ ပို၍ပင် လှောင်ပြောင်ခံရဦးမည် ဖြစ်သည်။

တကယ်လို့ သူ နိုင်လျှင်တောင် သူမ လှောင်ပြောင်ခံရမည်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့က တုံးအသော ရုပ်သေးရုပ်များသာ ဖြစ်ပြီး လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ အများကြီး မရှိသောကြောင့် ဖြစ်သည်။

လူအစစ်နှင့် ကွာခြားချက်က နည်းနည်းနောနော မဟုတ်ပေ။

လှောင်ပြောင်ခံရရုံတင် မကဘဲ အရင်းအမြစ်များပါ လျှော့ချခံရနိုင်သေးသည်။

ရှုံးလျှင်လည်း ရှုံးပါစေ နာမည်သုံးပြီး လူဝယ်ထားသေးရာ လူဝယ်ထားလျှင် ရှုံး၍ မရတော့ပေ။

ရှောင်မင်က ကျန်းမန်ကို တစ်ချက် ကြည့်ပြီး နောက်ဆုံးတွင်တော့ ထွက်သွားခဲ့လေသည်။

ကျန်းမန်က အစီအရင်တွင် ပေါ်နေသော စာလုံးကို ကြည့်လိုက်ရာ သူ လူနှစ်ယောက်သာ နိုင်သေးသည်ကို တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ ဆယ်ပွဲ နိုင်ရန်အတွက် လူဆယ်ယောက် လိုသည်ဟု ထင်ရသည်။

ကျန်းမန်လည်း အလောတကြီး မလုပ်ဘဲ ကောင်းကင် နှလုံးသား တံဆိပ်တုံးကို စတင် ကျင့်ကြံတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် စောင့်ဆိုင်းနေလိုက်သည်။

အချိန်က နည်းနည်း မလောက်သော်လည်း အပြင်ရောက်သွားပါက အများဆုံး တစ်ရက် နှစ်ရက်ခန့် အချိန်ပေးလိုက်လျှင် ရပေပြီ။

ဆယ့်နှစ်ရက်မြောက်နေ့။

လူတစ်ယောက် လာစိန်ခေါ်လေသည်။

သို့သော် အလကား စိန်ခေါ်ခွင့်နှင့်သာ ဖြစ်သည်။

ကျန်းမန်က သူ့ကို အကြာကြီး တိုက်ခိုက်လိုက်သေးသည်။

နောက်ဆုံးတွင်တော့ တစ်ဖက်လူက အနည်းငယ် တွေဝေသွားပြီး ထွက်သွားခဲ့သည်။

ကျန်းမန် အတော်လေး သိချင်သွားမိသည်။

ကိုယ့်ကို နိုင်တော့မည့် အချိန်တွင် အဘယ်ကြောင့် လက်လျှော့သွားရသနည်း။

တစ်ဖက်လူ ပေးသော အဖြေက အလွန် ရိုးရှင်းလှပြီး ၎င်းမှာ ပထမ ပွဲ ရှုံးသွားသောကြောင့်ပင် ဖြစ်သည်။

ဒုတိယ ပွဲ နိုင်လျှင်တောင်မှ ကာကွယ်ထားနိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရှုံးသွားသော သူကလည်း ထပ်မံ၍ စိန်ခေါ်နိုင်သောကြောင့် ဖြစ်သည်။

ပြိုင်ရမည်မှာ မည်သူ ဝိညာဉ်ကျောက်တုံး အရင် ကုန်မလဲ ဆိုသည်ပင် ဖြစ်ပြီး နောက်ပိုင်းကျလျှင် အစီအရင်က ကုန်ကျစရိတ် ဆယ်ရာခိုင်နှုန်း ဖြတ်ယူတော့မည် ဖြစ်သောကြောင့်တည်း။

သို့သော် သူ့ထံ၌ ဝိညာဉ်ကျောက်တုံး အများကြီး မရှိပေ။

ထွက်သွားရန်သာ ရှိတော့သည်။

ကျန်းမန် အတော်လေး အံ့ဩသွားခဲ့ပြီး ကြည့်ရသည်မှာ ဤတစ်ကြိမ် ဝင်လာသော လူများက တကယ်ပင် မချမ်းသာကြပုံရသည်။

အဓိကကတော့ မည်သူကမှ ဝိညာဉ်ကျောက်တုံးများ အများကြီး သယ်မလာကြသောကြောင့် ဖြစ်ပေမည်။

ဆယ့်သုံးရက်မြောက်နေ့…..

ကျန်းမန်က တစ်ချိန်လုံး ကျင့်ကြံနေခဲ့ပြီး မည်သူမှ မလာခဲ့ချေ။

ဆယ့်လေးရက်မြောက်နေ့…….

ဤနေ့တွင်တော့ လူတချို့ လာကြသော်လည်း ကျန်းမန် အထဲတွင် တစ်ချိန်လုံး ကျင့်ကြံနေသည်ကို တွေ့သောအခါ အနည်းငယ် တွေဝေသွားပြီး ထွက်သွားကြပြန်သည်။

ကံကောင်းသည်မှာ ညနေပိုင်းတွင် လူနှစ်ယောက် ထပ်ရောက်လာပြီး သူ့ကို အလှည့်ကျ စိန်ခေါ်ကြခြင်း ဖြစ်သည်။

ကျန်းမန်က အန္တရာယ် သီသီလေးဖြင့် တိုက်ပွဲကို အနိုင်ရခဲ့သည်။

နှမြောစရာကောင်းသည်မှာ လူနှစ်ယောက်လုံး နောက်လှည့်မကြည့်ဘဲ ထွက်သွားကြခြင်းပင်။

ဝိညာဉ်ကျောက်တုံး သုံးပြီး တိုက်ခိုက်ရန် လုံးဝ စိတ်ကူးမရှိကြချေ။

ကျန်းမန်က ၎င်းကို အားကိုးပြီး ဝိညာဉ်ကျောက်တုံး တချို့ ရှာချင်ခဲ့သည်။

ယခုကြည့်ရသည်မှာ မရတော့ပုံပေါ်သည်။

သို့သော် လူငါးယောက် ရှိသွားပြီဖြစ်ရာ နောက်ထပ် ငါးယောက်သာ လိုတော့သည်။

မနက်ဖြန် ကျပန်း ရွေးချယ်မှု အတွက်လည်း သူ အနည်းငယ် စိုးရိမ်နေမိသည်။

အဘယ်ကြောင့်ဆိုသော် အထက်တန်းအဆင့်ကို လုသူများထဲတွင် အားနည်းသူ မရှိသောကြောင့်ပင်။

ကောင်းကင် နှလုံးသား တံဆိပ်တုံးကို သုံး၍ ရသော်လည်း ကိုယ်က အိမ်ရှင် အနေဖြင့် အချိန်ဆွဲ၍ မရပေ။

အချိန်ကြာလာလျှင် ရှုံးမည့်သူက ကိုယ်တိုင်သာ ဖြစ်သွားမည် ဖြစ်သည်။

ဆယ့်ငါးရက်မြောက်နေ့…..

ကျပန်း ရွေးချယ်မှုက မနက်စောစော ကတည်းက စတင်နေပြီဖြစ်ကာ သူက နောက်တစ်ယောက်ကို ကိုယ်တိုင် ရွေးချယ်ခွင့် ရှိသည်။

သို့သော် မိုးမလင်းသေးပေ။

အမျိုးသမီး တစ်ယောက်ကို လူနှစ်ယောက် တွဲခေါ်လာပြီး ကျောက်တိုင်ပေါ်သို့ ရောက်လာသည်ကို သူ တွေ့လိုက်ရသည်။

ဤနေရာတွင် လူ၏ ပုံစံကို သေချာ မမြင်ရသော်လည်း မြူများကြားထဲမှနေ၍ တချို့ကိုတော့ ခွဲခြားနိုင်ပေသည်။

ဤလူက အရင်တုန်းက သူ အနိုင်ယူခဲ့သော အမျိုးသမီးပင် ဖြစ်သည်။

အမျိုးသမီးက စကားပြောလိုက်သည်။

"ငါက မင်း ရှုံးတာကို လာကြည့်တာ"

သူမက သိုင်းပညာရပ်ကို ရပြီးသွားပြီ ဖြစ်သော်လည်း သာမန်အဖြစ်ဆုံး သိုင်းပညာရပ်သာ ဖြစ်သည်။

လျှို့ဝှက်နယ်မြေထဲ ဝင်ရန်အတွက် ဤသို့ လုပ်ရခြင်း ဖြစ်၏။

ကျန်းမန်က တစ်ဖက်လူကို ဂရုမစိုက်ဘဲ ကျပန်း ရွေးချယ်မှုကို ရွေးချယ်လိုက်သည်။

ချက်ချင်းပင် တောင့်တင်းခိုင်မာသော အမျိုးသား တစ်ယောက် အစီအရင်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက် သူက ခြေတစ်လှမ်း လှမ်းပြီး ကျန်းမန်ကို တိုက်ခိုက်လာလေသည်။

ဝုန်းခနဲ အသံနှင့်အတူ သိုင်းပညာရပ် ဖြစ်သော ရိုင်းစိုင်းသော ဝင်တိုက်မှုကို သုံးလိုက်သည်။

ကျန်းမန်က ပြင်းထန်သော စွမ်းအင်များကို ခံစားလိုက်ရသည်။

မီးခိုးငွေ့ ခြေဆင်းကိုပင် သေချာပေါက် အောင်မြင်အောင် သုံးနိုင်ချင်မှ သုံးနိုင်မည် ဖြစ်သည်။

ကျန်းမန်က ဂရုမစိုက်ပါချေ။

လက်ဝါး ထုတ်လိုက်သည့် အခိုက်အတန့်တွင် ကောင်းကင် နှလုံးသား တံဆိပ်တုံးကို လည်ပတ်လိုက်လေသည်။

ဝုန်းခနဲ မြည်သွားကာ စွမ်းအား နှစ်ခု ရိုက်ခတ်သွားပြီး ကျန်းမန် နောက်နှစ်လှမ်း ဆုတ်သွားခဲ့သည်။

တစ်ဖက်လူလည်း အတူတူပင် ဖြစ်သည်။

ထို့နောက် မီးခိုးငွေ့ တစ်စ ဖြတ်သွားပြီး ကျန်းမန်က တောင့်တင်းခိုင်မာသော အမျိုးသား၏ အနောက်တွင် ပေါ်လာခဲ့သည်။

လက်ဝါး တစ်ချက် ရိုက်ချလိုက်လေသည်။

ဝုန်းခနဲ အသံနှင့်အတူ ဤလက်ဝါးချက် ကျရောက်သွားသည့် အခိုက်အတန့်တွင် တစ်ဖက်လူက လှည့်ပြီး လက်သီး တစ်ချက် ထိုးလိုက်သည်။

ဘုန်းခနဲ အသံနှင့်အတူ လူနှစ်ယောက် ထပ်ပြီး နောက်ဆုတ်သွားရပြန်သည်။

ကျန်းမန် အနည်းငယ် အံ့ဩသွားမိသည်။

ခန္ဓာကိုယ် လမ်းစဉ်လောဟု တွေးလိုက်မိသည်။

ဤအချိန်တွင် လက်သီးများက လေပြင်းများနှင့်အတူ ကျဆင်းလာခဲ့သည်။

ဝုန်းခနဲ အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ကျန်းမန်က မီးခိုးငွေ့ ခြေဆင်းဖြင့် ရှောင်တိမ်းလိုက်သည်။

တစ်ဖက်လူ၏ လက်သီးများက သူ၏ မီးခိုးငွေ့ နောက်သို့ လိုက်၍သာ ကျဆင်းလာလေသည်။

ချက်ချင်းပင် ကျန်းမန်က မြေကြီးကို ဆောင့်နင်းလိုက်ပြီး ရေစီးကြမ်း သိုင်းကို သုံးလိုက်သည်။

ဝုန်းခနဲ မြည်သွားပြီး တစ်ဖက်ခြမ်းက တုန်ခါသွားခဲ့သည်။

သို့ရာတွင် တစ်ဖက်လူက ပြင်းပြင်းထန်ထန် ပြန်နင်းချလိုက်ရာ တစ်ခဏအတွင်းမှာပင် ရေစီးကြမ်း သိုင်း ပျက်စီးသွားလေသည်။

ကျန်းမန် အံ့ဩသွားခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်က သူ ထင်ထားသည်ထက် အများကြီး ပိုစွမ်းနေသကဲ့သို့ ရှိသည်။

မတုံ့ဆိုင်းတော့ဘဲ ကျန်းမန်က လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တစ်ကိုယ်လုံးတွင် လက်ဝါးများက အရိပ်လို လိုက်ပါလာခဲ့သည်။

ထို့နောက် သူ လက်ဝါး တစ်ချက် ရိုက်ချလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် လက်ဝါး ဆယ်ချက် အချက် တစ်ရာ အချက် တစ်ထောင်ခန့် ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။

လက်ဝါး တစ်ထောင် အရိပ်မဲ့ လက်ဝါးပင် ဖြစ်သည်။

ဝုန်းခနဲ အသံများနှင့်အတူ လက်ဝါးသိုင်းများက ခန္ဓာကိုယ် လမ်းစဉ် ကျင့်ကြံသူ အပေါ်သို့ အဆက်မပြတ် ကျရောက်သွားလေသည်။

တစ်ဖက်လူက နောက်ဆုတ်သွားရသည်။

သို့သော် သူ့ခန္ဓာကိုယ်က သံမဏိ အရိုးများကဲ့သို့ ဖြစ်နေသဖြင့် ထိခိုက်ဒဏ်ရာ နည်းနည်းသာ ရရှိသည်။

ပြင်းထန်သော ဒဏ်ရာ မရရှိပေ။

သို့သော် သိပ်မကြာခင်မှာပင် ကျန်းမန် ရပ်တန့်လိုက်သည်။

တစ်ဖက်လူကို အစီအရင် အပြင်ဘက် ရောက်အောင် ဖိအားပေးနိုင်လိုက်သောကြောင့်ပင်။

ဤသို့ဖြင့် ကျန်းမန် နိုင်သော အရေအတွက် တစ်ယောက် တိုးသွားခဲ့လေသည်။

အမျိုးသမီးက ကြည့်ရင်း အနည်းငယ် အံ့ဩသွားခဲ့သည်။

"မင်းရဲ့ ဝိညာဉ်စွမ်းအင်က ဒီလောက်တောင် ပြည့်ဝနေတာလား မင်း နင်းယွမ်ကျင့်စဉ် ဘယ်နှစ်ဆင့်ကနေ စပြီး ကျင့်ကြံတာလဲ"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ပြီး ပြုံးရုံသာ ပြုံးပြလိုက်သည်။

တစ်ဖက်လူ၌ အဖြေ ရှိနေပြီ ဆိုလျှင် ရှင်းပြနေစရာ မလိုတော့ပေ။

တိတ်ဆိတ်နေခြင်းက စကားပြောခြင်းထက် ပိုကောင်းပေသည်။

ကျန်းမန် မအနားယူဘဲ နောက်တစ်ယောက်ကို ရွေးချယ်လိုက်သည်။

ဤတစ်ကြိမ်က ပိန်ပိန်ပါးပါး အမျိုးသမီး တစ်ယောက် ဖြစ်သည်။

မတုံ့ဆိုင်းတော့ဘဲ အရိပ်မဲ့ လက်ဝါး တစ်ထောင်ကို သုံးလိုက်သည်။

တစ်ဖက်လူ တိုက်ရိုက် ကြေမွသွားလေသည်။

ခုနစ်ပွဲ နိုင်သွားပြီ ဖြစ်သည်။

နောက်တစ်ပွဲ ဆက်လိုက်သည်။

အဋ္ဌမမြောက် ပွဲက ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သော အမျိုးသမီး တစ်ယောက် ဖြစ်သည်။

ကျန်းမန်က အရိပ်မဲ့ လက်ဝါးဖြင့် တိုက်ခိုက်သော အချိန်တွင် တစ်ဖက်လူက လက်ဝါး တစ်ချက်သာ ရိုက်ထုတ်လိုက်ရာ တိုက်ရိုက် ပြေပျောက်သွားလေသည်။

၎င်းကို မြင်တော့ ကျန်းမန် အနည်းငယ် အံ့ဩသွားခဲ့သည်။

"ကောင်းကင် နှလုံးသား တံဆိပ်တုံးလား"

ထို့နောက် သူ အနားကပ်သွားပြီး အရိပ်မဲ့ လက်ဝါးကို ထပ်သုံးလိုက်ပြန်သည်။

သို့သော် အကုန်လုံး ပြေပျောက်သွားခဲ့သည်။

ထို့နောက် သူ သက်ပြင်းချလိုက်ပြီး လက်ဝါး တစ်ချက် ရိုက်ထုတ်ကာ တစ်ဖက်လူ အနားသို့ ကပ်သွားလေသည်။

တစ်ဖက်လူ လက်ဝါး ထုတ်လိုက်သည့် အခိုက်အတန့်တွင် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး ထို့နောက် လှည့်လိုက်ရာ တစ်ဖက်လူ မြေကြီးမှ လွတ်သွားလေသည်။

ဤသို့ဖြင့် ခြေထောက် တစ်ချက် ကန်ထုတ်လိုက်ပြီး ရေစီးကြမ်း သိုင်းကို သုံးလိုက်သည်။

ဘုန်းခနဲ အသံနှင့်အတူ တစ်ဖက်လူ လွင့်ထွက်သွားလေသည်။

တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

ဤအချိန်တွင် ပွဲကြည့်နေသော အမျိုးသမီးက အနည်းငယ် အံ့ဩသွားခဲ့သည်။

"မင်း ဘယ်လို လုပ်လိုက်တာလဲ"

ကျန်းမန်က တစ်ဖက်လူကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။

"မသိသာဘူးလား ငါက စွမ်းလို့လေ"

အမျိုးသမီးမှာ စကားမပြောနိုင်တော့ချေ။

ကျန်းမန် ဆက်မပြောတော့ပေ။

ခုနက ရုပ်သေးရုပ်၏ ကောင်းကင် နှလုံးသား တံဆိပ်တုံးက အဆင့်ငါး ဖြစ်ပြီး ကိုယ်တိုင်က အဆင့်ရှစ် ဖြစ်သည်။

ထို့အပြင် နွားဝါကြီး၏ လမ်းညွှန်မှုလည်း ပါဝင်ရာ နားလည်မှုက ဘယ်လောက်တောင် ပိုနက်နဲနေမည်နည်း။

အဆင့်ငါးသာ ရှိသည်ဆိုသဖြင့် သူက တိုက်ရိုက် ကြားဖြတ် ရပ်တန့်ရန် နည်းလမ်း ရှာ၍ ရပေပြီ။

ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အနေဖြင့် ကိုယ် ကျွမ်းကျင်သော နယ်ပယ်တွင် တခြားလူများက အရှုံးပေးရုံသာ ရှိပေသည်။

ဤအချိန်တွင် အခြား ကျောက်တိုင်များပေါ်၌ လူတိုင်းက ကြိုးစားနေကြသည်။

အထူးသဖြင့် အခြား တစ်ဖက်ရှိ ကျောက်တိုင်ပေါ်မှ အထက်တန်းအဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်၏ အစီအရင်ထဲတွင် ဖြစ်သည်။

အစီအရင်ကို စောင့်နေသည်မှာ လူငယ် တစ်ယောက် ဖြစ်သည်။

ဤအချိန်တွင် သူက အရှေ့ရှိ ရုပ်သေးရုပ်ကို စိုက်ကြည့်နေပြီး သူ မည်သို့သော သိုင်းပညာရပ်မျိုးနှင့်ပင် တိုက်ခိုက်ပါစေ တစ်ဖက်လူက လုံးဝ အတုခိုးနိုင်နေလေသည်။

"သေနာကျ ကောင်းကင် နှလုံးသား တံဆိပ်တုံး ဒါက ဘယ်နှစ်ဆင့်လဲ"

အခြေခံအဆင့် သိုင်းပညာရပ်ကို သူ သုံးပြီးပြီဖြစ်ကာ အလယ်အလတ်အဆင့် သိုင်းပညာရပ်ကိုလည်း သုံးပြီးသွားပြီ ဖြစ်၍ ယခု အဆင့်မြင့်အဆင့် သိုင်းပညာရပ်သာ ကျန်တော့သည်။

မူလက အားအင်များ မဖြုန်းတီးချင်ဘဲ နောက်ပိုင်းကျလျှင် သုံးရန် ချန်ထားချင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကိုယ်သိသော အစွမ်းထက်သူ တချို့ ရှိသေးရာ သေချာပေါက် ကျပန်း ရွေးချယ်ခံရမည် ဖြစ်သောကြောင့်ပင်။

အစွမ်းထက်သော သိုင်းပညာရပ်များက ၎င်းတို့အတွက် ချန်ထားခြင်းဖြစ်သော်လည်း ယခုတော့ ဤ မမျှော်လင့်ဘဲ ပေါ်လာသော ၂၁၀ နံပါတ်အတွက် သုံးရတော့မည် ဖြစ်သည်။

ကောင်းကင် နှလုံးသား တံဆိပ်တုံးကို ဤမျှ အမြင့်ကြီးအထိ ကျင့်ကြံထားသူ မည်သူလဲဆိုသည်ကို တစ်ခါမှ မကြားဖူးပေ။

မတုံ့ဆိုင်းတော့ဘဲ သူ့လက်ထဲတွင် လက်သင်္ကေတများ ပြုလုပ်ပြီး ကောင်းကင်ဘက်သို့ လှမ်းဖမ်းလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ကြီးမားလှသော ဓားကြီး တစ်လက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်မိသွားပြီး ခုတ်ချလိုက်သည်။

ရွှီးခနဲ အသံမည်သွားကာ အမြန်နှုန်းက အလွန် မြန်လွန်းလှသည်။

ဤအချိန်တွင် တစ်ဖက်လူကလည်း လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ဝုန်းခနဲ အသံနှင့်အတူ စွမ်းအားကြီးမားသော အင်အားများ တုန်ခါသွားခဲ့သည်။

ထို့နောက် ဓားကြီးက ပြေပျောက်သွားလေသည်။

အမျိုးသား ကြောင်အမ်းသွားခဲ့သည်။

"အနည်းဆုံး အဆင့်ရှစ် ဒါကို ဘယ်လို တိုက်ရမှာလဲ သေနာကောင်ရဲ့"

သူ နောက်ဆုံး နှစ်ယောက်သာ လိုတော့ရာ တိုက်တိုက်ဆိုင်ဆိုင် နဝမမြောက် လူက တစ်ဖက်လူ ဖြစ်နေခဲ့သည်။

သို့သော် သူ မကျေနပ်နိုင်ဘဲ ဆက်ပြီး တိုက်ခိုက်ရုံသာ ရှိတော့သည်။

နာရီဝက် ကြာပြီးနောက် အစီအရင်က သူ့ကို အပြင်ဘက်သို့ တွန်းထုတ်လိုက်လေသည်။

ရှုံးသွားပြီ ဖြစ်သည်။

အမျိုးသားက အစီအရင်ကို ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။

တစ်ကိုယ်လုံး မယုံနိုင်အောင် ဖြစ်နေလေသည်။

နောက်ဆုံးတွင်တော့ သူက ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးပြီး အထဲသို့ ဝင်သွားခဲ့သည်။

နာရီဝက်ခန့် အချိန်ဆွဲပြီး နောက်ဆုံးတွင်တော့ တစ်ဖက်လူ အပြင်ရောက်သွားလေသည်။

သို့သော် အမျိုးသားလည်း တော်တော်လေး ပင်ပန်းသွားပြီ ဖြစ်သည်။

ကံကောင်းသည်မှာ နောက်ဆုံးတွင်တော့ တစ်ဖက်လူကို ထပ်မတွေ့ရတော့ခြင်းပင်။

အဆင့်မြင့်အဆင့် သိုင်းပညာရပ်၏ ကျောက်တိုင်ပေါ်တွင် အမျိုးသမီး တစ်ယောက် အကြိမ်အတော်များများ တိုက်ခိုက်ပြီးနောက် ရုပ်သေးရုပ် တစ်ရုပ်၏ ဖြေရှင်းခြင်းကို ခံလိုက်ရသည်။

အဆင့်မြင့် ကောင်းကင် နှလုံးသား တံဆိပ်တုံးပင် ဖြစ်သည်။

ဤသည်က သူမ၏ ဒသမမြောက် ပွဲဖြစ်သည်။

သို့သော် လုံးဝ မနိုင်နိုင်ချေ။

အဆင့်မြင့် ကောင်းကင် နှလုံးသား တံဆိပ်တုံးက အရှုပ်ဆုံးပင် ဖြစ်သည်။

သိုင်းပညာရပ်များက လုံးဝ အသုံးမဝင်ဘဲ ဓားသိုင်းများ၏ အာနိသင်ကလည်း အနည်းငယ် ညံ့သွားရာ တကယ်လို့ ဓားသိုင်းက အဆင့်မြင့်အဆင့်သို့ ရောက်သည် ဆိုလျှင်တော့ စမ်းကြည့်၍ ရပေသည်။

နောက်တစ်ချက်ကတော့ ခန္ဓာကိုယ် လမ်းစဉ်ဖြစ်ပြီး အနီးကပ် တိုက်ပွဲ ဆိုလျှင် နိုင်နိုင်ပေသည်။

နောက်ဆုံးတွင်တော့ သူမ အရှုံးပေးရန်သာ ရွေးချယ်လိုက်လေသည်။

ထို့နောက် အချိန်ကို အစကနေ ပြန်ဆွဲရတော့မည် ဖြစ်သည်။

အပြင်ရောက်လျှင် မည်သူလဲ ဆိုသည်ကို စုံစမ်းရဦးမည်။

ဤမျှ ရွံစရာ ကောင်းလှသည် မဟုတ်ပါလော။

အဆင့်မြင့်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်၏ ကျောက်တိုင်ပေါ်တွင် ခန္ဓာကိုယ် လမ်းစဉ် ကျင့်ကြံသူ တစ်ယောက်က မီးခိုးငွေ့ တစ်စ နောက်သို့ တစ်ချိန်လုံး လိုက်ပြေးနေလေသည်။

သူ ဒေါသထွက်သွားခဲ့သည်။

ပြေးသည် ပြေးသည် ပြေးသည်………

"မင်း ဒီလို ပြေးနေရင် ဘယ်လို တိုက်မှာလဲ"

ထို့နောက် သူက သွေးကြောအင်အားများဖြင့် တစ်ဖက်လူကို တားဆီးလိုက်သည်။

သို့ရာတွင် တစ်ဖက်လူက လက်ဝါး တစ်ချက် ထုတ်လိုက်သည်နှင့် လွယ်လွယ်ကူကူ ပြေပျောက်သွားလေသည်။

ထို့နောက် ဆက်ပြေးလေသည်။

အမျိုးသား တိတ်ဆိတ်သွားခဲ့သည်။

နာရီဝက် ကြာပြီးနောက် သူ ရှုံးသွားလေသည်။

သူ ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။

တိုက်ပွဲ တစ်ပွဲပြီး တစ်ပွဲ ပြီးဆုံးသွားသည်နှင့်အမျှ ဆယ့်ငါးရက်မြောက်နေ့ကလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျန်းမန်လည်း အထက်တန်းအဆင့် နင်းယွမ်ကျင့်စဉ်ကို အောင်မြင်စွာ ရရှိသွားခဲ့သည်။

ထို အမျိုးသမီးက ကျန်းမန် ဆယ်ပွဲ နိုင်သွားသည်ကို ကြည့်ပြီး ကြောင်အမ်းသွားခဲ့လေသည်။

တစ်ဖက်လူက အနည်းငယ် စွမ်းပုံရသော်လည်း သူမ အပြင်ထွက်လျှင် လှောင်ပြောင်ခံရဦးမည်သာ ဖြစ်သည်။

လျှို့ဝှက်နယ်မြေ ပြီးဆုံးသွားတော့ လူတိုင်း အပြင်သို့ ပို့ဆောင်ခံလိုက်ရသည်။

ကျန်းမန်က မထွက်ခွာမီတွင် ရုတ်တရက် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင် သူ့ဘက်တွင် ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

သိမ်းလိုက်ပြီးမှသာ သူ အပြင်သို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

နေအိမ်သို့ ရောက်မှသာ ကျန်းမန် အနည်းငယ် အံ့ဩသွားခဲ့သည်။

အထူးသဖြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင်ကို တကယ်ပင် ယူလာနိုင်ခဲ့သည်ကို တွေ့လိုက်ရသဖြင့် သူ နားမလည်နိုင် ဖြစ်သွားလေသည်။

မည်သည့်နေရာမှ ရလာသော ဝိညာဉ်ကျောက်တုံးများ ဖြစ်သနည်းဟု တွေးလိုက်မိသည်။

All Chapters