← Chapters

အခန်း ၁၂၃

Vol. 9 Ch. 123

အခန်း ၁၂၃

Vol. 9 Ch. 123

အခန်း (၁၂၃) သူက ၂၁၀ လေ ဘယ်လိုလုပ် တွေ့မှာလဲ

လက်ထဲမှ စာအိတ်ကို ကြည့်ရင်း ချန်ချီဝမ်သည် စိတ်ကူးယဉ်ဆန်ကာ မမှန်ကန်ဟု ခံစားနေရဆဲ ဖြစ်သည်။

ဤသည်မှာ ဂိုဏ်း၏ တာဝန်ထမ်းဆောင်ခွင့် ထောက်ခံစာ ဖြစ်သည်။

ယွင်ချန်ဌာနခွဲ၏ ကိုယ်ရံတော် ထောက်ခံစာနှင့် တူညီသော်လည်း ထိုနှစ်ခုမှာ လုံးဝ ကွာခြားလှပေသည်။

ယွင်ချန်ဌာနခွဲသည် အခြေခံအားဖြင့် သေးငယ်သော နေရာတစ်ခု၏ အရေးကြီးသော နေရာသာ ဖြစ်သည်။

ဂိုဏ်းသည်ကား ထိုနေရာများ အားလုံး၏ အရင်းအမြစ်ပင် ဖြစ်လေသည်။

တစ်လလျှင် ဝိညာဉ်ကျောက်တုံး သုံးထောင် ဆိုသည်မှာ အပြင်လူများ အမြင်တွင် အရေးမပါလှချေ။

ဤသည်မှာ သာမန် အလုပ်အကိုင် ထောက်ခံစာ မဟုတ်ဘဲ ဂိုဏ်းဝင်ခွင့် ထောက်ခံစာပင် ဖြစ်သည်။

ချန်ယွီ အကြံအစည် မျိုးစုံဖြင့် ကြိုးစားနေသည်မှာလည်း ဤစာရွက်လေး တစ်ရွက်အတွက်သာ ဖြစ်သည်။

ဂိုဏ်းမှ တပည့်များစွာသည် ဂိုဏ်းတွင် ဆက်လက် မနေနိုင်သော်လည်း မထွက်ခွာလိုကြသဖြင့် လိုအပ်နေသည်မှာလည်း ဤစာရွက်ပင် ဖြစ်သည်။

ကောင်း မိသားစုမှ သခင်လေး ဖြစ်သော ဖက်တီးလေး ဂိုဏ်းတွင် နေထိုင်နိုင်ခြင်းမှာလည်း ဤသို့သော စာရွက်မျိုး ရှိသောကြောင့်သာ ဖြစ်ပေသည်။

လော့ယွင်မြို့ရှိ မိသားစု မရေမတွက်နိုင်အောင် ခေါင်းကွဲမတတ် လုယက်နေကြသော်လည်း ထိုစာရွက်ကို မရနိုင်ကြချေ။

ချန်ချီဝမ်က ခေါင်းမော့ကာ ကျန်းမန်ကို ကြည့်၍ ပြောလိုက်သည်။

"ကိုးထောင်"

ကျန်းမန် ခေါင်းညိတ်လိုက်သည်။

"ကိုးထောင်"

ချန်ချီဝမ်က အနည်းငယ်မျှ မတုံ့ဆိုင်းရဲဘဲ ဝိညာဉ်ကျောက်တုံး ကိုးထောင်ကို ထုတ်ယူလိုက်သည်။ ကျန်းမန်က သိမ်းဆည်းလိုက်ပြီး အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။

ထိုအပြုံး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ချန်ချီဝမ်သည် တစ်ဖက်လူ ဘာပြောမည်ကို ချက်ချင်း သိလိုက်သည်။ သူက အလျင်အမြန် စကားစလိုက်လေသည်။

"မင်းမှာ အဆင့်သတ်မှတ်ချက် မရှိဘူးဆိုတာ သူတို့ သိသွားကြပြီ သူတို့ ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ ထပ်မချေးရဲကြတော့ဘူး အခု ဒီမှာ ရှိတဲ့ တစ်သောင်းငါးထောင်က ငါ့ဟာ မဟုတ်ဘူး ကျန်တဲ့ နှစ်သောင်းလေးထောင်ထဲကနေ ချီသန့်စင်ခြင်း အဆင့်ကိုးကို တက်လှမ်းဖို့ ငါ တစ်သောင်း ဖယ်ထားရမယ် ပြီးတော့ ညီမလေး ယွင်ချန်ဌာနခွဲ ဝင်ဖို့ နှစ်ထောင် ဖယ်ထားရဦးမယ် အဲဒါကြောင့် တစ်သောင်းနှစ်ထောင်ပဲ ကျန်တော့တယ်"

ထို့နောက် သူက ကျန်ရှိနေသော တစ်သောင်းနှစ်ထောင်ကို ကျန်းမန်ထံသို့ ချေးငှားလိုက်လေသည်။

ဝိညာဉ်ကျောက်တုံးများကို လက်ခံရရှိပြီးနောက် ကျန်းမန်မှာ စကားတစ်ခွန်းမျှ မပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

ဤသို့ဖြင့် စီစဉ်ပြီးသွားပြီလော။ အကြောင်းပြချက်များက ခိုင်လုံလှသဖြင့် ဆက်လက် တောင်းဆိုရန်ပင် မဖြစ်နိုင်တော့ချေ။

နည်းသည်ကတော့ အနည်းငယ် နည်းသွားသော်လည်း ကောင်းသော နေ့ရက်များက အနောက်တွင် ရှိနေပေသည်။ ချန်ချီဝမ် ရောက်လာပါက သူ၏ အလုပ်ပေါင်းစုံ ရှာဖွေတတ်သော စရိုက်ကြောင့် ရှာဖွေနိုင်မည့် ပမာဏမှာ သုံးထောင်မျှသာ ဖြစ်မည် မဟုတ်ပေ။ သို့သော် နှစ်နှစ် ဆိုသည်မှာတော့ အမှန်တကယ်ပင် ကြာမြင့်လွန်းလှသည်။

ချက်ချင်းပင် သူက ချန်ချီဝမ်အား စာအုပ်တစ်အုပ် ပေးကာ ပြောလိုက်လေသည်။

"ဒီဟာကို ယူထားလိုက် ဒီအပေါ်က အတိုင်း ကျင့်ကြံမယ်ဆိုရင် နောက်နှစ်မှာ ဂိုဏ်းကို လာပြီး တာဝန်ထမ်းဆောင်နိုင်ပြီ"

ဤသည်မှာ သူက နွားဝါကြီးကို အထူး တောင်းဆိုကာ မေးမြန်းထားခြင်း ဖြစ်သည်။

ဒီဘက်တွင် ပြီးစီးသွားပြီးနောက် ကျန်းမန်က စုန့်ချင့်ထံသို့ သွားခဲ့သည်။ တစ်ဖက်လူက အတိုး ငါးရာကိုသာ ယူလိုက်ပြီး နောက်ထပ် ဝိညာဉ်ကျောက်တုံး သုံးထောင်ကို ထပ်မံ ပေးအပ်လိုက်လေသည်။

"အခုဆိုရင် ခြောက်ထောင် ဖြစ်သွားပြီ ငါက ခြောက်လကို သုံးထောင် စုနိုင်တယ် တစ်နှစ်ဆို ခြောက်ထောင်ပေါ့ အချိန်ကျရင် ငါ့ကို အတိုးလေးပဲ ပေးရင် ရပြီ ဒါဆို ငါ နှစ်တိုင်း ဘာမှ လုပ်စရာ မလိုဘဲ အသားတင် တစ်ထောင် နှစ်ထောင်လောက် ရနေမှာ ဆယ်နှစ်လောက် ဆိုရင် ငါ့ဆီမှာ စည်းစိမ်တွေ ဘယ်လောက်တောင် ရှိနေမလဲ"

ကျန်းမန် စိတ်ထဲတွင် အတော်လေး သက်ပြင်းချလိုက်မိပြီး လိမ်လည်ခံရရန် လွယ်ကူသော နောက်ထပ် ဆင်းရဲသား တစ်ယောက်ပင် ဖြစ်သည်ဟု တွေးလိုက်မိသည်။ ထိုသူမှာ မြင့်မားသော အတိုးနှုန်းကြောင့် မျက်စိကန်းနေလေသည်။

ကျန်းမန်က စုန့်ချင့်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"နေ့ခင်းကြောင်တောင် အိပ်မက် မမက်နဲ့တော့ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တဲ့ ငါက နောက်နှစ်အနည်းငယ် ကြာရင် ကျင့်ကြံမှုအဆင့်တွေ မြင့်လာပြီး ဝိညာဉ်ကျောက်တုံးတွေ လိုတော့မှာ မဟုတ်ဘူး"

ထိုစကားကို ကြားသော် စုန့်ချင့်မှာ ကြောင်အမ်းသွားပြီး ကျန်းမန်ကို နောက်ထပ် သုံးထောင် ထပ်ပေးလိုက်ပြန်သည်။

"ဒါဆိုရင် ငါ အခု ပိုပြီး စုထားမှ ရတော့မယ်"

ကျန်းမန် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး စုန့်ချင့် တွေ့ခဲ့သည်မှာ မိမိဖြစ်နေ၍ တော်သေးသည်ဟု တွေးလိုက်မိသည်။ သို့မဟုတ်ပါက အရင်းရော အတိုးပါ ပြောင်တလင်းခါသွားမည်မှာ သေချာလှသည်။

ကျန်းမန် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်ရာ မူလက ငါးသောင်း သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ နှစ်သောင်းကိုးထောင်သာ ကျန်ရှိတော့သည်။ ချန်ချီဝမ်အား တစ်သောင်းနှစ်ထောင်၊ စုန့်ချင့်အား ကိုးထောင်၊ လော်ရွှမ်အား ငါးထောင် အသီးသီး အကြွေးတင်နေပြီး ဖက်တီးလေးအား ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး အလုံး ငါးဆယ် ပေးရန် ကျန်ရှိနေသေးသည်။

ထို့နောက် ကျန်းမန်က ၎င်းတို့အား ညအိပ်ပျက်ခံ၍ မည်သို့ ကျင့်ကြံရမည်ကို လမ်းညွှန်ပြသပေးလိုက်ပြီး ညအိပ်ပျက်ခံခြင်းကို သေချာစွာ ပြုလုပ်နိုင်ပါက အခြားသူများထက် အခွင့်အရေး ပိုမို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောပြခဲ့လေသည်။

ဖက်တီးလေးမှာ အများကြီး သဘောပေါက်သွားခဲ့ပြီး ကျန်းမန်ကို အဘယ်ကြောင့် အဆင့်သတ်မှတ်ချက် မရှိသနည်းဟု မေးလိုက်လေသည်။ ကျန်းမန်က အမှန်အတိုင်း ပြောလိုက်သည်။

"ငါ ဝင်မပြိုင်ခဲ့လို့လေ"

လော်ရွှမ်နှင့် အခြားသူများမှာ သံသယဖြစ်သွားကြပြီး အဘယ်ကြောင့်နည်းဟု မေးကြလေသည်။ ကျန်းမန်က နက်နဲစွာ ပြုံးလိုက်သည်။

"တခြားသူတွေကို အခွင့်အရေး နည်းနည်း ပိုပေးချင်လို့ပေါ့"

လူတိုင်းမှာ ပို၍ပင် တွေဝေသွားကြလေသည်။

"အစ်ကိုကျန်း မင်းက ပိုစွမ်းလာသလို စကားပြောတာလည်း ပိုပြီး နက်နဲလာတယ်"

ဖက်တီးလေးက ပြောလိုက်သည်။

ကျန်းမန်က တိုးတိုးလေး ပြောလိုက်လေသည်။

"နောက်ပိုင်းကျရင် မင်းတို့ သဘောပေါက်လာမှာပါ"

ဤတစ်ကြိမ်တွင် ဖက်တီးလေးမှာ နောင်တရသွားခဲ့ပြီး မမေးလျှင် တော်သေးသည် ယခု မေးလိုက်သောအခါ ပို၍ပင် သိချင်စိတ် ဖြစ်ပေါ်သွားခဲ့လေသည်။

ထို့နောက် ကျန်းမန်က ဝိညာဉ်ဆေးပင်များကို နေရာအနှံ့ လိုက်ကြည့်ကာ ဝိညာဉ်ဆေးပင် ခွဲခြားသိမြင်မှု မှတ်တမ်းကို ထုတ်ယူလိုက်ပြီး ဝိညာဉ်ဆေးပင် အချို့ ဝယ်ယူကာ ဆရာ့ထံသို့ သွား၍ ဝိညာဉ်ကျောက်တုံး အချို့ ရှာဖွေရန် ဆုံးဖြတ်လိုက်လေသည်။

အချိန် သိပ်မများတော့သဖြင့် သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် ဝိညာဉ်ကျောက်တုံးများ ပိုမို လိုအပ်နေပေသည်။ နောက်နှစ် မတ်လခန့်တွင် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက ပို့ဆောင်ပေးမည့် နေ့ရက် ဖြစ်နိုင်ပေသည်။ မိမိအနေဖြင့် ဤခြောက်လအတွင်း သေချာစွာ အဆင့်မြှင့်တင်ရမည် ဖြစ်သည်။

ထိုအတောအတွင်း သူက ချန်ယွီအား ဖန်ယုံ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီလောဟု မေးမြန်းခဲ့သည်။

တစ်ဖက်လူက သေချာသော အဖြေကို ပေးခဲ့လေသည်။ ဖန်ယုံသည် ယွန်းရှာတောင်ထွတ် အခြေခံတည်ဆောက်ခြင်း ခြံဝင်းသို့ သွားရောက်ခဲ့ပြီး ပြန်လည်ကျင့်ကြံရေး ခြံဝင်း အရှေ့ခြံဝင်း၏ နဝမမြောက် ခြံဝင်းငယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်းမန်က အတော်လေး မြန်ဆန်လှသည်ဟု စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ရင်းနှီးမြှုပ်နှံမည့်သူ ရှိလာပြီးနောက် ဖန်ယုံ၏ အဆင့်တက်သည့် အရှိန်မှာလည်း အလွန် လျင်မြန်လှပေသည်။

ထို့နောက် ဖက်တီးလေးအား ဝိညာဉ်ဆေးပင် အချို့၏ နေရာကို ပြောင်းလဲထားရန် မှာကြားပြီးနောက်မှသာ ကျန်းမန်က ထွက်ခွာလာခဲ့လေသည်။ မထွက်ခွာမီတွင် စုန့်ချင့်အားလည်း ကျင့်ကြံမှုအဆင့်ကို အမြန်ဆုံး မြှင့်တင်ရန် ပြောကြားခဲ့ပြီး အခွင့်အရေး ဆိုသည်မှာ ပြင်ဆင်ထားသူများ အတွက်သာ ဖြစ်ကြောင်း အလျဉ်းသင့်သလို ပြောပြခဲ့လေသည်။

စုန့်ချင့်က ထိုစကားကို ကြားသော် ခုနက ချေးသွားသော သုံးထောင်ကို အရင် ပြန်ပေးနိုင်မလားဟု မေးလိုက်လေသည်။ ကျန်းမန်မှာ သူ စကားမဆုံးမီမှာပင် ပြေးထွက်သွားခဲ့သည်။ ယခုလေးတင် ချေးငှားထားသော ဝိညာဉ်ကျောက်တုံးများကို ခြောက်လ အကြာမှသာ ပြန်ဆပ်ရမည်မှာ သဘာဝပင် ဖြစ်ပေသည်။

ကျန်းမန် ထွက်ခွာသွားပြီးနောက် ဖက်တီးလေးတို့က အိမ်ပြန်မည့် ကိစ္စများကို စတင် ဆွေးနွေးကြလေသည်။ လဝက်ခန့် အချိန်အတွင်း အသွားအပြန် ခရီးစဉ်မှာ တကယ်တော့ အလွန် ကျပ်တည်းလှပေသည်။ အိမ်ပြန်ရောက်လျှင်လည်း ရက်အနည်းငယ်မျှသာ နေနိုင်မည် ဖြစ်သည်။ အကြမ်းဖျင်း ဆွေးနွေးပြီးစီးသွားသောအခါ ချန်ယွီက ယွန်းရှာတောင်ထွတ်သို့ ဦးတည်၍ ထွက်ခွာသွားခဲ့လေသည်။

မကြာမီမှာပင် သူမက အတော်လေး ခေါင်သော ခြံဝင်းငယ် တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး ဤနေရာမှာ အခြား ခြံဝင်းများထက် အများကြီး သေးငယ်လှပေသည်။ သို့ရာတွင် အမှန်တကယ် သီးခြား ခြံဝင်းငယ် တစ်ခုပင် ဖြစ်လေသည်။

ချန်ယွီ သိထားသည်များအရ ထိုခြံဝင်းငယ်မှာ လျှော့ဈေး ရရှိပြီးနောက်တွင်ပင် နှစ်ထောင်ကျော် ပေးရမည် ဖြစ်သည်။ သို့သော် ဖန်ယုံက တစ်ထောင်ကျော်မျှသာ သုံးစွဲခဲ့ပုံရသည်။ သူ မည်သို့ လုပ်ဆောင်ခဲ့သည်ကိုတော့ သူမ မသိချေ။

ဤအချိန်တွင် ခြံဝင်း အတွင်း၌ ဖန်ယုံမှာ ကျင့်ကြံနေခဲ့သည်။ ချန်ယွီက တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး ဖန်ယုံက သူမကို သတိပြုမိချိန်မှသာ အပြုံးတစ်ခုကို ဖော်ပြကာ ပြောလိုက်လေသည်။

"သခင်လေးဖန် ကျွန်မ အလုပ် ကိစ္စတွေ လာအစီရင်ခံတာပါ"

ဖန်ယုံက လေတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။ မကြာမီပင် ချန်ယွီက အခြေအနေများကို ပြောပြခဲ့ပြီး ဝိညာဉ်ကျောက်တုံးများကိုလည်း ပေးအပ်ခဲ့သည်။

ခဏရပ်သွားပြီးနောက် သူမက ထပ်ပြောလိုက်လေသည်။

"အနားယူချိန် လဝက် ရတုန်း ကျွန်မ အိမ်ကို တစ်ခေါက်လောက် ပြန်သွားမလို့ပါ"

ထိုစကားကို ကြားသော် ဖန်ယုံ အနည်းငယ် အံ့ဩသွားပြီးနောက် စာအိတ် တစ်အိတ်နှင့် အမှတ်အသား တစ်ခုကို ထုတ်ယူကာ ပြောလိုက်လေသည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ တာဝန် တစ်ခု ရှိလို့ မင်းကို အိမ်ပြန်လွှတ်မလို့ စဉ်းစားနေတာ အဲဒီ ပါရမီရှင် ကိုယ်စား ယွင်ချန်ဌာနခွဲ ရဲ့ ဌာနမှူးကို သွားတွေ့ပေးပါ"

ချန်ယွီက စာအိတ်နှင့် အမှတ်အသားကို ယူလိုက်ပြီး အနည်းငယ် အံ့ဩသွားခဲ့သည်။ ဤအမှတ်အသားက သူမ၏ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။

ချန်ယွီက ပြုံးလျက် မေးလိုက်လေသည်။

"ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က မလောက်သေးဘူးလေ ဒါက သခင်လေးဖန်က ကျွန်မ အတွက် အထူး တောင်းဆိုပေးထားတာများလား"

ဖန်ယုံ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ ပြောလိုက်လေသည်။

"မင်းကို လုပ်ခိုင်းစရာ ကိစ္စ တစ်ခု ရှိလို့"

ချန်ယွီက အပြုံးမျက်နှာဖြင့် ပြောလိုက်လေသည်။

"ဘာကိစ္စလဲဆိုတာ ကျွန်မ သိပါတယ် ဒီတစ်ခေါက် ပြန်ရင် သခင်လေးဖန် အတွက် တစ်ခေါက်လောက် သွားပေးမလို့ စိတ်ကူးထားတယ်"

ထိုအခြေအနေကို မြင်သော် ဖန်ယုံ၏ မျက်ခုံးများ စုကျုံ့သွားခဲ့လေသည်။

ချန်ယွီက အမှန်အတိုင်း ပြောလိုက်လေသည်။

"သခင်လေးဖန် က ကျွန်မ အကြောင်း သိပ်မသိသေးလို့ပါ လော်ရွှမ် ပြောသလိုပဲ ကျွန်မက တော်တော် ဉာဏ်များတဲ့ သူပါ"

သူမက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။

"အခု ကျွန်မက သခင်လေးဖန် ရဲ့ မြှောက်စားမှုကိုပဲ အားကိုးနေရတာ ဆိုတော့ သဘာဝကျကျ သခင်လေးဖန် သဘောကျမယ့် ကိစ္စတွေကို လုပ်ပေးရမှာပေါ့"

ဖန်ယုံက အရှေ့ရှိ လူကို ကြည့်ကာ ပြောလိုက်လေသည်။

"အသွားအပြန် ခရီးစရိတ်ကို တင်ပြလို့ ရတယ်"

ထို့နောက် သူက စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်လေသည်။

"မင်း ကျင့်ကြံမှုအဆင့် တက်ဖို့ အချိန်ယူရမယ်နော်"

ယခုအခါ ချန်ယွီမှာ ချီသန့်စင်ခြင်း အဆင့်ရှစ် သို့ ရောက်ခါနီး ဖြစ်နေပြီ ဖြစ်သော်လည်း ရောက်ခါနီး ဆိုသည်မှာ အဆင့်ခုနစ်သာ ရှိသေးကြောင်း အဓိပ္ပာယ်ရပေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ချန်ယွီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းမန်၏ ကိစ္စကို ပြောပြလိုက်လေသည်။

"သူက သခင်လေးဖန် ဆီကနေ ဝိညာဉ်ကျောက်တုံး လာချေးချင်နေတာ ဖြစ်မယ်"

သူမက ခဏရပ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ကျန်းမန် က နှစ်ပတ်လည် စာမေးပွဲ မှာ မပါဝင်ဘူးလို့ ပြောတယ် သခင်လေးဖန်က ဘာလို့လဲ ဆိုတာ သိလား"

ဖန်ယုံက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။

"အရင်းအမြစ် တွေ ရှာဖို့ ပိုကောင်းတဲ့ တခြား နေရာတွေ ရှိလို့ ဖြစ်မှာပေါ့"

ချန်ယွီလည်း သေချာ မပြောနိုင်သဖြင့် ထွက်ခွာသွားပြီး ပြင်ဆင်မှုများ ပြုလုပ်လေသည်။ သို့ရာတွင် ချန်ယွီ ထွက်သွားပြီး သိပ်မကြာမီမှာပင် ကျန်းမန် ရောက်လာခဲ့သည်။ ဖန်ယုံလည်း ခြံဝင်းငယ်တွင် နေထိုင်သည်ကို မြင်သော် သူက အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်လေသည်။

"သခင်လေးဖန် မင်း ဒီလောက်တောင် ချမ်းသာနေတာလား"

ခြံဝင်းငယ် မည်မျှ ဈေးကြီးသည်ကို ကျန်းမန် သိထားပြီး ဖြစ်ပေသည်။ သူက နွားဝါကြီးကို မွေးမြူရန် အတွက်သာ ဖြစ်ပြီး သို့မဟုတ်ပါက သူ မနေလျှင်လည်း ရပေသည်။

ဖန်ယုံက ပြန်ဖြေလိုက်လေသည်။

"တစ်လကို တစ်ထောင်ကျော်လေးပါ"

ကျန်းမန် အံ့ဩသွားခဲ့သည်။ တစ်ထောင်ကျော် ဆိုသည်လော။ သူ ၃၀% လျှော့ဈေး ရသည်တောင် နှစ်ထောင့်တစ်ရာ ပေးနေရသည် မဟုတ်ပါလော။

ဒီဆင်းရဲသားက မည်သို့ ဖြစ်နေသနည်း။ ဤမျှ ဈေးပေါသော ခြံဝင်းကို မည်သို့ ငှားရမ်းနိုင်ခဲ့သနည်း။ အားလုံးက ဆင်းရဲသားများ ဖြစ်ပါလျက် မိမိ၏ လူနေမှု စရိတ်များက အဘယ်ကြောင့် ဤမျှ မြင့်မားနေရသနည်း။

ဖန်ယုံ၏ စကားတစ်ခွန်းက ကျန်းမန် နောက်ထပ် ပြောလိုသော စကားများကို ပျောက်ကွယ်သွားစေခဲ့လေသည်။

"ငါ ခေါင်းငုံ့ပြီး သနားစရာ ကောင်းအောင် လုပ်ပြီး တောင်းပန်လာခဲ့တာ"

ထို့နောက် ကျန်းမန်က ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးကို ရင်းနှီးမြှုပ်နှံရန် ဖန်ယုံ စိတ်ဝင်စားမှု ရှိမရှိ မေးမြန်းလိုက်လေသည်။ ဖန်ယုံက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပုံရကာ စကားစလိုက်လေသည်။

"နောက်နှစ် မင်း နှစ်ပတ်လည် စာမေးပွဲ မှာ ပါဝင်ဖို့ စိတ်ကူးရှိလား"

ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။

"သီအိုရီ အရတော့ ပါဝင်မှာပါ"

ဖန်ယုံက ကျန်းမန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။

"ဝိညာဉ်ကျောက်တုံးကို ချေးပေးလို့ ရတယ် အတိုး နည်းနည်း လျှော့ပေးလို့လည်း ရတယ် တကယ်လို့ ငါ နှစ်ပတ်လည် အဆင့်သတ်မှတ်ချက်ထဲ ဝင်နိုင်ခဲ့ရင် ယွန်းရှာတောင်ထွတ်မှာ အဖွဲ့ ဖွဲ့တဲ့ အချိန် မင်း ငါ့ကို ခေါ်သွားပေးရမယ်"

ကျန်းမန်က အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ခေါင်းညိတ်လိုက်လေသည်။

"ပြဿနာ မရှိဘူး"

အဖွဲ့ဖွဲ့ရာတွင် မည်သူနှင့် ဖွဲ့ဖွဲ့ အတူတူပင် ဖြစ်ပေသည်။ အတိုးနှုန်း လျှော့ချနိုင်သည်မှာ အဘယ်ကြောင့် မကောင်းရမည်နည်း။

နောက်ဆုံးတွင် ဖန်ယုံက ကျန်းမန်အား ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးအပ်ခဲ့သည်။ တစ်နှစ် အကြာတွင် တစ်သောင်းတစ်ထောင် ပြန်ဆပ်ရမည် ဖြစ်သည်။ အတိုးနှုန်းမှာ လူတိုင်းထက် အနည်းဆုံးပင် ဖြစ်လေသည်။

ထို့နောက် ဖန်ယုံက ကျန်းမန်အား မည်သည့် အရာကို လုယူချင်သနည်းဟု မေးမြန်းခဲ့သည်။ ကျန်းမန် ပေးသော အဖြေကလည်း အလွန် ရိုးရှင်းလှပြီး အဆင့်မြင့်အဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် သို့မဟုတ် အဆင့်မြင့်အဆင့် ခန္ဓာကိုယ်ကျင့်စဉ် ရလျှင် အကောင်းဆုံးပင် ဖြစ်ကြောင်း ပြောခဲ့သည်။ မရှိပါက အလယ်အလတ်အဆင့်ကိုသာ ရွေးချယ်ရမည် ဖြစ်သည်။ ဖန်ယုံမှာ စိတ်ထဲတွင် အလွန် အံ့ဩသွားခဲ့ပြီး ဤသည်မှာ ကျန်းမန်က ဤတစ်ကြိမ်တွင် အဆင့်မြင့်အဆင့် နင်းယွမ်ကျင့်စဉ်ကို ရရှိပြီးပြီဟု အဓိပ္ပာယ်ရပေသည်။

ထို့နောက် ကျန်းမန်က ဖန်ယုံကို နှုတ်ဆက်ကာ ပြန်လည် ကျင့်ကြံရန် ပြင်ဆင်လေသည်။ အိမ်မှ ထွက်လာစဉ်က ဝိညာဉ်ကျောက်တုံး ငါးသောင်း ပါလာခဲ့သော်လည်း ပြန်လာချိန်တွင် လေးသောင်းသာ ကျန်ရှိတော့သည်။ မည်သည့် အကျိုးအမြတ်မျှ မရှိခဲ့ချေ။

သို့သော် ပြန်ရောက်ရောက်ချင်းမှာပင် နွားဝါကြီးက နင်းယွမ်ကျင့်စဉ်ကို သင်ယူ၍ ရပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုအခြေအနေကို မြင်သော် ကျန်းမန်မှာ ထပ်မံ တုံ့ဆိုင်းမနေတော့ချေ။ နွားဝါကြီး၏ ရှင်းပြချက်များကို စတင် နားထောင်လေတော့သည်။

ကျန်းမန်မှာ နားထောင်နေစဉ် မျက်ခုံးများ တင်းကျပ်စွာ စုကျုံ့နေခဲ့လေသည်။ ရှုပ်ထွေးလွန်းလှပြီး အလွန်အမင်း ရှုပ်ထွေးလှပေသည်။ နွားဝါကြီး ကိုယ်တိုင် ရှင်းပြနေသော်လည်း ကျန်းမန်မှာ အလွန်အမင်း ရှုပ်ထွေးနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ တစ်ခါတစ်ရံ ရှေးဟောင်း စာအုပ်များကို ရည်ညွှန်း ဖတ်ရှုရသေးပြီး သို့မဟုတ်ပါက လုံးဝ နားလည်နိုင်မည် မဟုတ်ချေ။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ အဆင့်မြင့်အဆင့် ကျင့်စဉ်ပင် ဖြစ်လေသည်။ ဤအရာကို လော့ယွင်မြို့သို့ ပစ်ချလိုက်မည် ဆိုလျှင်တောင် သူတို့ ကျင့်ကြံနိုင်မည် မဟုတ်ကြောင်း သေချာလှပေသည်။

ပါဝင်ပတ်သက်နေသော အရာများက များပြားလှရုံသာမက ကျင့်ကြံရာတွင် လိုအပ်သော တုန်ခါမှုများမှာလည်း ပို၍ ရှုပ်ထွေးလှပေသည်။ ထူးဆန်းသော သွေးကြော ရှစ်သွယ်တွင် တစ်ခါတစ်ရံ သွေးကြော သုံးသွယ် တုန်ခါရန် လိုအပ်ပြီး တစ်ခါတစ်ရံတွင် ဝိညာဉ်စွမ်းအင်ဖြင့် အလွတ် သွေးကြောများကို ဆွဲဆောင်မှသာ တုန်ခါမှုကို ပြီးမြောက်နိုင်မည် ဖြစ်သည်။ ခန္ဓာကိုယ်၏ အသက်ရှူမှု အပြောင်းအလဲ အပေါ် မူတည်၍ နင်းယွမ်ကျင့်စဉ်၏ တုန်ခါမှုကို ချိန်ညှိပေးရမည် ဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် အစကတည်းက ရှုပ်ထွေးလှပြီး ကျင့်ကြံရေး နည်းလမ်း ဆိုသည်မှာ ရှုပ်ထွေးလှသော ခန္ဓာကိုယ်ကို အသုံးပြု၍ အသင့်တော်ဆုံး လမ်းကြောင်းကို ဖောက်လုပ်ရခြင်းပင် ဖြစ်သည်။

ထို့အပြင် အနှေးအမြန်၊ အတိုအရှည် အားလုံးမှာ မှားယွင်းမှု မရှိစေရချေ။ ကျင့်ကြံသည့် လုပ်ငန်းစဉ်က စိတ်အာရုံ အမြောက်အမြားကို စားသုံးရန် လိုအပ်ပေသည်။ အချို့လူများက ကျင့်ကြံနည်းကို သိရှိထားစေကာမူ စိတ်အာရုံ အဆင့် မလုံလောက်ပါက မကြာမီ အချိန်အတွင်း လမ်းမှားသို့ ရောက်ရှိကာ ရူးသွပ်မှု အခြေအနေသို့ ကျရောက်သွားမည် ဖြစ်သည်။

နွားဝါကြီးက သတိပေးလိုက်လေသည်။

"ဒီကျင့်စဉ်က ကန့်သတ်ချက် ရှိတယ် အခြေခံတည်ဆောက်ခြင်းအဆင့်မှာ စိတ်အာရုံ အဆင့်လေး ဖြစ်မှ ကျင့်ကြံလို့ ရမယ် ငါ မင်းကို သင်ပေးတုန်းက ကန့်သတ်ချက် ကို ကျော်ဖြတ်ပေးခဲ့ပေမယ့် မင်းရဲ့ လက်ရှိ အခြေအနေကို မင်း သေချာ ရင်ဆိုင်ဖို့ လိုတယ်"

ကျန်းမန် ခေါင်းညိတ်ပြလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက ကျင့်ကြံနိုင်သူ ဖြစ်ပေသည်။

နွားဝါကြီးက ပြောလိုက်လေသည်။

"ဒါ့အပြင် မင်း ဓာတ်ကြီးငါးခု သိုင်းပညာရပ်ကို သင်ယူဖို့ ပြင်ဆင်ထားရတော့မယ် မဟုတ်ရင် ဓာတ်ကြီးငါးခု ကျောက်တုံးပေါ်မှာ အမှတ်အသား ချန်ထားနိုင်မှာ မဟုတ်ဘူး"

ကျန်းမန်မှာ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား၏ သတ်မှတ်ချက်များကို ပြန်လည် သတိရသွားခဲ့လေသည်။ ပဉ္စမဓာတ် ကျောက်တုံး ပေါ်တွင် လက်ဝါးရာ ချန်ထားရမည် ဖြစ်ပေသည်။ ကျန်းမန်က မေးလိုက်လေသည်။

"ဓာတ်ကြီးငါးခု သိုင်းပညာရပ်ကို ဘယ်မှာ သွားသင်ရမှာလဲ"

နွားဝါကြီးက ကျန်းမန်ကို စိုက်ကြည့်နေပြီး စကားမပြောခဲ့ချေ။ ကျန်းမန် ကြောင်အမ်းသွားပြီး ကိုယ်တိုင် နည်းလမ်း ရှာရမည် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။ ဤသည်မှာ ပြဿနာ ကြီးပေသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ထပ်မေးလိုက်လေသည်။

"ဓာတ်ကြီးငါးခု သိုင်းပညာရပ်က ဘယ်အဆင့် သိုင်းပညာရပ်လဲ"

နွားဝါကြီးမှာ ပြုံးရုံသာ ပြုံးနေပြီး စကားမပြောခဲ့ချေ။ ကျန်းမန်က ခေါင်းခါပြလိုက်လေသည်။

"အဝါကြီး စကားထာ ဝှက်နေတာ ပြဿနာ တက်လွယ်တယ်နော်"

နွားဝါကြီးမှာ ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာ မြက်စားနေလေသည်။ ခြံဝင်း အတွင်းရှိ မြက်များ ပိုများလာပြီး သာမန် ပေါင်းပင်များ မဟုတ်တော့ကြောင်း ကျန်းမန် သတိပြုမိသွားခဲ့သည်။ အဝါကြီး မည်သည့်နေရာမှ ခိုးလာသနည်း။ မေးကြည့်သော်လည်း အဖြေ မရခဲ့ချေ။

သို့သော် အဆင့်မြင့်အဆင့် နင်းယွမ်ကျင့်စဉ်ကို ကျင့်ကြံ၍ ရနေပြီ ဖြစ်ရာ သူက ကောင်းကင် နှလုံးသား တံဆိပ်တုံးကို သဘာဝကျကျပင် စွန့်လွှတ်လိုက်လေသည်။ အရင်ဆုံး ပြန်လည် ကျင့်ကြံကာ ဝိညာဉ်စွမ်းအင်၏ အရည်အသွေးနှင့် အထူအပါးကို မြှင့်တင်ရမည် ဖြစ်သည်။ ဤသည်မှာ ဝှက်ထားသော ဝိညာဉ်စွမ်းအင် အမှတ် အပေါ်သို့ တိုက်ရိုက် သက်ရောက်မှု ရှိပေသည်။

နောက်တစ်ကြိမ် စာမေးပွဲတွင် ခြံဝင်းငယ်ရှိ ကျင့်ကြံသူများကို အလင်းရောင် ဖြာထွက်ခြင်း ဆိုသည်မှာ မည်သို့နည်း ဆိုသည်ကို ခံစားခွင့် ပေးနိုင်မည် ဖြစ်သည်။ သို့ရာတွင် အဆင့်မြင့်အဆင့် နင်းယွမ်ကျင့်စဉ်မှာ အမှန်တကယ်ပင် ကျင့်ကြံရန် ခက်ခဲလှပေသည်။ ရှင်းပြချက်ကို နှစ်ရက်တိုင်တိုင် နားထောင်ပြီးနောက် တစ်ရက်လုံးလုံး ကျင့်ကြံ စဉ်းစား စမ်းသပ်နေခဲ့သော်လည်း အခြေခံ အဆင့်သို့ပင် မရောက်ရှိသေးချေ။

နံနက်ခင်း။၏

ယွီဝမ်ယီက သူမ၏ ခြံဝင်း အတွင်း ထိုင်နေပြီး စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့လေသည်။ အထူးသဖြင့် အပြင်ဘက်မှ ကောလာဟလ အချို့ကို ကြားရသောအခါ ပို၍ပင် ဆိုးရွားလေသည်။

ရင်းနှီးမြှုပ်နှံသူများ အသိုင်းအဝိုင်း တွင် အချို့က သူမအား လှောင်ပြောင်နေကြပြီး သူမ၏ မြင်းမည်းမှာ ကျိုးသွားပြီ ဖြစ်ကြောင်း ပြောဆိုနေကြလေသည်။ ခဏတာ ပွင့်လန်းခြင်း မျှသာ ဖြစ်သည်ဟု ဆိုကြသည်။ အလားအလာများကို လောင်ကျွမ်းစေခြင်း၏ တန်ဖိုးမှာ ဤသို့ပင် ဖြစ်ကြောင်း ပြောဆို လှောင်ပြောင်သူများလည်း ရှိပေသည်။

အချို့ကလည်း ကျန်းမန် ညအိပ်ပျက်ခံ၍ ကျင့်ကြံနေကြောင်း စုံစမ်းသိရှိထားသည်ဟု ပြောဆိုနေကြလေသည်။ အဓိပ္ပာယ်မဲ့သော လုပ်ရပ်ဖြစ်ပြီး ထိုသို့ ဖြစ်လာမည်မှာ သေချာလှကြောင်း ဆိုကြသည်။ အပြစ်တင် ဝေဖန်မှု အမျိုးမျိုးက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

အစပိုင်းတွင် သူမ၏ မြင်းမည်းမှာ မည်မျှပင် ထင်ပေါ်ကျော်ကြားခဲ့စေကာမူ ယခုအခါတွင်မူ အလွန်ပင် စိတ်ပျက်ဖွယ် ကောင်းနေခဲ့လေသည်။ ထိုသူများက ကျန်းမန်ထံသို့ သွားရောက်မည် မဟုတ်သည်မှာ သေချာပြီး သူမကဲ့သို့ ရင်းနှီးမြှုပ်နှံသူ ကိုသာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည်သာ အသိုင်းအဝိုင်း တစ်ခုတည်း ဖြစ်သောကြောင့်ပင်။ အခြေခံတည်ဆောက်ခြင်း ခြံဝင်းမှာ အခြေခံတည်ဆောက်ခြင်း ခြံဝင်း ဖြစ်သဖြင့် သူတို့က ထိုနေရာသို့ သွားရောက်ကာ အကြောင်းမဲ့ ပြဿနာ သွားရှာမည် မဟုတ်ချေ။

သေချာပေါက် ဤအရာများကို သူမ ဂရုမစိုက်ဘဲ နေနိုင်ပြီး နောက်နှစ်မှ အပြင်ထွက်လျှင် အဆင်ပြေမည် ဖြစ်လေသည်။

သို့သော် လျှို့ဝှက်နယ်မြေ ရွေးချယ်ပွဲ နှင့် ပတ်သက်သော အသိုင်းအဝိုင်း တွင်လည်း ပွက်လောညံသွားခဲ့ပြီး ၂၁၀ နံပါတ်ကို ရှာဖွေကာ မည်သည့် အဆင့်အတန်းနှင့် မည်သည့် နောက်ခံ ရှိကြောင်း ကြည့်ရှုမည်ဟု ပြောဆိုနေကြလေသည်။

တစ်ခွန်းတည်း ပြောရလျှင် နံပါတ် ၂၁၀က လူအများအပြားကို ဒေါသထွက်စေခဲ့ပြီး ထိုသူများ၏ နောက်ကွယ်တွင်လည်း ရင်းနှီးမြှုပ်နှံသူများ ရှိကြပေသည်။ ဤအချက်ကိုသာ သိသွားပါက သူမကဲ့သို့ ရင်းနှီးမြှုပ်နှံသူ အနေဖြင့် အပြင်ထွက်ရန်ပင် အလွန် အန္တရာယ် များလှပေသည်။

အလွန် ကံကောင်းသည်မှာ ထိုသူများ အိပ်မက်မက်လျှင်တောင် နံပါတ် ၂၁၀မှာ နဝမမြောက် ခြံဝင်း မှ လူဖြစ်မည်ဟု ထင်မှတ်ထားမည် မဟုတ်ခြင်းပင် ဖြစ်သည်။ သို့သော် နေ့စဉ်နေ့တိုင်း စိတ်ထိတ်လန့်စွာ နေထိုင်နေရပြီး သူမထံ ပြဿနာ လာရှာမည်ကို အလွန် ကြောက်ရွံ့နေမိလေသည်။ ရင်းနှီးမြှုပ်နှံသူ အချင်းချင်း ကြားတွင်လည်း ကွာခြားမှုများ ရှိပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် သူမက အားကောင်းသော ဘက်မှ မဟုတ်ချေ။

ရှာကျင်းက လျှောက်လာပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"နင် ဒီရက်ပိုင်း သက်ပြင်းချနေတာ ဘာဖြစ်လို့လဲ"

ယွီဝမ်ယီက အတင်းအကျပ် အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။

"စိတ်ရှုပ်ထွေးပြီး အကူအညီမဲ့သလို ခံစားရလို့"

ရှာကျင်းက မေးလိုက်လေသည်။

"နင့်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ လူက ကျရှုံးသွားလို့လား"

ယွီဝမ်ယီက ခေါင်းအနည်းငယ် ခါပြကာ ပြောလိုက်လေသည်။

"ကျရှုံးတာတော့ မဟုတ်လောက်ဘူး ဒါပေမယ့် သူက နည်းနည်း ထိန်းချုပ်လို့ မရသလို ဖြစ်နေတယ်"

ရှာကျင်းက မေးလိုက်လေသည်။

"သူ မိန်းမကို အားကိုးတာ အဆင်မပြေဘူးလား"

ယွီဝမ်ယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"တော်တော်လေး အဆင်ပြေတယ်လို့ ပြောရမှာပေါ့ သူ့ရဲ့ ဇနီးသည်က အင်အား သုံးတာ နည်းနည်း လွန်သွားလို့လေ"

ရှာကျင်းမှာ ပို၍ပင် တွေဝေသွားခဲ့လေသည်။

ယွီဝမ်ယီက ထိုအကြောင်းများကို ဆက်လက် မပြောတော့ဘဲ အပြင်ဘက် အခြေအနေကို မေးမြန်းလိုက်လေသည်။

"နင့်ကို လှောင်ပြောင်တဲ့ သူတွေက သေချာပေါက် မနည်းဘူး နင် တောင်ထွတ်ငယ်ဆီ သွားမယ့် အချိန်ကို စောင့်နေကြတာ"

ရှာကျင်းက ပြုံးလျက် ပြောလိုက်လေသည်။

"အထူးသဖြင့် ဓားဖက်ထားရတာ သဘောကျတဲ့ စီနီယာအစ်ကိုကျင်း လေ အရင်တစ်ခေါက်က နင့်ဆီမှာ မျက်နှာပျက်ခဲ့ရတော့ နေ့တိုင်း နင် သွားဖို့ကိုပဲ မျှော်လင့်နေတာ"

ယွီဝမ်ယီက ပြတ်သားစွာ ပြောလိုက်လေသည်။

"သူ စိတ်ကူးယဉ်နေတာ ငါကတော့ မသွားဘူး"

ရှာကျင်းက ပြောလိုက်လေသည်။

"ပြီးတော့ စာမေးပွဲ ဘက်မှာလည်း တချို့လူတွေက နံပါတ် ၂၁၀ကို မြင်ဖူးတဲ့ သူတွေကို တိတ်တဆိတ် ရော ပေါ်ပေါ်ထင်ထင်ရော ခွဲခြမ်းစိတ်ဖြာခိုင်းချင်နေကြတယ် ဘယ် ခြံဝင်းက ကျင့်ကြံသူ လဲ ဆိုတာကိုပေါ့ ဈေးကြီးကြီး ပေးပြီး ဆုငွေ ထုတ်ထားသေးတယ်"

ထိုစကားကို ကြားသော် ယွီဝမ်ယီက မေးလိုက်လေသည်။

"သူတို့က အဲဒီလူကို အန္တရာယ် ပေးချင်နေတာလား"

ရှာကျင်းက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"အားလုံးက ခြံဝင်း တစ်ခုတည်းက ကျင့်ကြံသူ တွေ ဆိုတော့ သေချာပေါက် ရမ်းကားလို့ မရဘူး နောက်ကွယ်မှာ ရင်းနှီးမြှုပ်နှံသူ ရှိတယ် ဆိုရင်တော့ အဲဒီ ရင်းနှီးမြှုပ်နှံသူ က ပိုပြီး အန္တရာယ် များလောက်တယ် ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက များသောအားဖြင့် အတွင်းဂိုဏ်း က သူတွေချည်းပဲလေ အတွင်းဂိုဏ်းသားတွေကို ဂုန်နီအိတ် စွပ်ပြီး ရိုက်နှက်လိုက်တာက ပြဿနာ မရှိနိုင်ဘူး နင် ရင်းနှီးမြှုပ်နှံထားတဲ့လူက ၂၁၀ နဲ့ တွေ့ခဲ့သေးလား"

ယွီဝမ်ယီက ခေါင်းခါပြလိုက်လေသည်။

"မတွေ့ခဲ့ဘူး"

မည်သို့ တွေ့နိုင်မည်နည်း။ သူကိုယ်တိုင်ပင် ဖြစ်နေသည် မဟုတ်ပါလော။ ဤသို့သော အဆုံးသတ်မျိုး ဖြစ်လာမည်ဟု သူမ အမှန်တကယ်ပင် မတွေးမိခဲ့ချေ。

ရှေးဟောင်း ခြံဝင်းငယ်…..

မုန့်ချဲ့ဝေ့သည် ကြည်လင်နေသော လက်ဖက်ရည်ကို ကြည့်ကာ တိတ်ဆိတ်စွာ နေခဲ့လေသည်။ ထို့နောက် လက်ဖက်ရည်ကို ချက်ချင်း သွန်ပစ်လိုက်ပြီး သူမအတွက် ရေနွေးကြမ်း တစ်ခွက်ကို ထည့်လိုက်လေသည်။ ထိုသို့ ပြုလုပ်ပြီးမှသာ သောက်သုံးလိုက်လေသည်။

မုန့်ချဲ့ဝေ့က သက်ပြင်းချကာ ပြောလိုက်လေသည်။

"လျှို့ဝှက်နယ်မြေက အစိတ်အပိုင်း အနည်းငယ်ပဲ ပွင့်ခဲ့တယ် ဒါပေမယ့် ဘယ်လို သိုင်းပညာရပ် တုံ့ပြန်မှုမျိုးမှ မရှိခဲ့ဘူး တကယ်ပဲ ဝူယွင်ဂိုဏ်းမှာ မရှိတာလား ဒါမှမဟုတ် ငါ့ရဲ့ နည်းလမ်းတွေကို စောစောစီးစီးကတည်းက သိမြင်သွားလို့လား"

လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး သူမကလည်း အလောတကြီး မဖြစ်ချေ။

"လျှို့ဝှက်နယ်မြေ အပြည့်အဝ ပွင့်လာတဲ့ အချိန်ကျရင် သေချာ သိနိုင်ပါလိမ့်မယ် အထဲဝင်သွားတာနဲ့ ငါ သေချာပေါက် ရှာတွေ့မှာပါ တကယ်လို့ တကယ် ရှိနေတယ် ဆိုရင် မျိုးနွယ်စုထဲက မျိုးဆက်သစ် တွေက တကယ်ပဲ တစ်ခုခုကို သိနေတာ ဖြစ်လိမ့်မယ်"

ဤအချိန်တွင် ချင်းတိုက် က အပြင်မှ ဝင်လာပြီး မြေကြီးပေါ်တွင် ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့နေသည်ကို မြင်သော် စကားစလိုက်လေသည်။

"သခင်မလေး ဒီလက်ဖက်ရည်က အရမ်း ဈေးကြီးတာနော်"

All Chapters