← Chapters

အခန်း ၁၂၉

Vol. 9 Ch. 129

အခန်း ၁၂၉

Vol. 9 Ch. 129

အခန်း (၁၂၉) ယောကျ်ား တွေ့ပြီနော်

အခန်းထဲတွင်….

မူလက လက်ထဲတွင် အရက်အိုး ကိုင်ထားသော ဟယ်ဟွိုင်အန်းသည် အရက်အိုးကို ချထားလိုက်လေသည်။

သူသည် အတော်လေး ခံစားနေရသည်၊ အရက်တစ်အိုးကြောင့် သူ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့လေသည်။

ဝိညာဉ်ကျောက်တုံး ကိုးထောင် တိတိ……

ဒီတပည့်က သူ့ကိုယ်သူ တစိမ်း တစ်ယောက်လို လုံးဝ သဘောမထားဘူး။

ပါးစပ်ဟလိုက်တာနဲ့ ဒီလောက် အများကြီး တောင်းတာပဲ။

"ဆရာ... တပည့်က ခေတ်အဆက်ဆက် မှာ ပေါ်ထွန်းခဲတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပါ"

"ဆရာ... တပည့် က အခု အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်ကနေ နှောင်းပိုင်းအဆင့်ကို တက်တော့မှာပါ၊ ဆရာရဲ့ တွန်းအား တစ်ချက်လေး လိုအပ်နေတာပါ၊ အောင်မြင်သွားရင် ဆရာ့ကို သေချာပေါက် ပြန်လည် ကျေးဇူးဆပ်ပါ့မယ်"

"ဆရာ... ပါရမီရှင် တစ်ယောက်ကို ရင်းနှီးမြှုပ်နှံတာက ဆရာ့ မျက်နှာကိုလည်း တောက်ပစေမှာပါ"

"ဆရာ... နောက်တစ်ခါ နှစ်ပတ်လည် စာမေးပွဲ ကျရင် တပည့်က ပထမနေရာ ရအောင် ယူလာခဲ့ပါ့မယ်"

"ဆရာ... ဆယ်လုံး မရရင် ရှစ်လုံး လည်း ရပါတယ်"

"ဆရာ... ပါရမီရှင် တစ်ယောက် အခုလို ဒုက္ခရောက်နေတာမျိုးက ရှေးခေတ် ကတည်းက ရှားပါးပါတယ်၊ အခုက ကူညီကယ်တင်ရမယ့် အချိန်ပါ"

စကားလုံ များစွာက သူ့ကို အဆက်မပြတ် ရိုက်ခတ်နေခဲ့လေသည်။

အချုပ်အားဖြင့် ပြောရလျှင် ငါက ပါရမီရှင်၊ ငါက စွမ်းတယ်၊ ငါက တော်တယ်၊ ခင်ဗျား ပိုက်ဆံ ပေး ဆိုသည့် သဘောပင် ဖြစ်လေသည်။

နောက်ဆုံးတွင် ဟယ်ဟွိုင်အန်းသည် မြေဓာတ် ဆေးလုံး ငါးလုံး ပေးလိုက်ရလေသည်။

"ဒီတပည့်က လူတွေကို ရယ်အောင် လုပ်ရတာ တကယ် သဘောကျတာပဲ"

ဟယ်ဟွိုင်အန်း က အရက်အိုးကို ပြန်ကိုင်ကာ သောက်လိုက်လေသည်။

"တခြားလူတွေက ဒီကို ဆေးဖော်စပ်တာ သင်ဖို့ လာကြတာ၊ သူက ဒီကို လာပြီး လိမ်စားလိမ်သောက် လုပ်နေတယ်"

"ဘယ်လို ဂုဏ်ပုဒ်မျိုး မဆို သူ့ကိုယ်သူ တပ်ရဲတယ်"

"တကယ် အဲဒီလောက် စွမ်းရင် အစောကြီးကတည်းက နာမည်ကြီးနေလောက်ပြီ"

ဂိုဏ်းတွင် အမှတ် အဆင့်သတ်မှတ်ချက်သည်သာလျှင် အမှန်ကန်ဆုံး ဖြစ်လေသည်။

အခြားအရာများ အားလုံး အတုအယောင် လုပ်၍ ရပေသည်။

သို့သော် အမှတ်များကိုတော့ လုံးဝ အတုအယောင် လုပ်၍ မရချေ။

အမှတ်များကို နှိမ်ထား၍ ရနိုင်သော်လည်း အလဟဿ မြှင့်တင်ပေး၍ကား မရနိုင်ချေ။

ဟယ်ဟွိုင်အန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

တပည့် တစ်ယောက် လက်ခံလိုက်မိတာ ကိုယ့်ကိုယ်ကိုယ် ပြဿနာ တွေ အများကြီး ရှာမိသလို ဖြစ်သွားမယ် လို့ မထင်ထားခဲ့ဘူး။

ဒီနှစ် တပည့် လက်ခံရင်တော့ သတိထားရတော့မယ်။

ဒါပေမယ့်...

ဒီလောက် ကိုယ့်ကိုယ်ကိုယ် တစိမ်း တစ်ယောက်လို သဘောမထားတဲ့ တပည့်မျိုးက တကယ်တော့ ရှားပါတယ်။

ဆင်းရဲတာကလည်း ရယ်ရလောက်အောင်ပါပဲ။

ဒီ ဆေးလုံး ငါးလုံးကတော့ အပြန်လမ်း မရှိတော့ဘူး ထင်ပါတယ်။

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့"

အရက် သောက်ရင်း သူက အနည်းဆုံးတော့ သုံးရာဖိုးလောက် ပြန်ရတယ် လို့ တွေးလိုက်မိတယ်။

ဒါပေမယ့် ကျန်းမန် တကယ်ပဲ ပထမနေရာ ရလာရင်တောင် ဘာအသုံးဝင်မှာလဲ။

ဘယ်သူ့ နာမည် အောက်မှာ ပထမနေရာ ရတဲ့ တပည့် မရှိလို့လဲ။

——

ကျန်းမန်သည် မြေဓာတ် ဆေးလုံး ငါးလုံးကို ကိုင်ကာ သက်ပြင်းချလိုက်လေသည်။

ရလာတဲ့ အကျိုးအမြတ်က မျှော်မှန်းထားတာထက် နည်းနည်း ပိုများသွားတယ်။

ကံကောင်းတာက စစချင်းမှာတင် လေးထောင့်ငါးရာလို့ မတောင်းမိတာ၊ တကယ်လို့ အဲဒီလိုသာ တောင်းခဲ့ရင် နောက်ဆုံးမှာ ဝိညာဉ်ကျောက်တုံး နှစ်ထောင် တောင် ရချင်မှ ရမှာ။

တစ်ခါတည်း ဝိညာဉ်ကျောက်တုံး ကိုးထောင် တောင်းလိုက်တာ။

ဒီလိုဆိုတော့ သတ်မှတ်ချက် က မြင့်သွားတာပေါ့။

နောက်ဆုံးတော့ လေးထောင့်ငါးရာ ဆိုတာလည်း လက်မခံနိုင်စရာ မရှိပါဘူး။

အထူးသဖြင့် ဆေးလုံး အနေနဲ့ ချေးတာဆိုတော့၊ ဆယ်လုံး တောင်းပြီး တစ်ဝက် တိတိ လျှော့ပေးလိုက်တာလေ။

ငါး ဆိုတဲ့ ဂဏန်းက သိပ်မများဘူးလို့ ထင်ရတယ်။

တကယ်လို့ ငါးထောင်လို့ ပြောရင် ပိုပြီး စဉ်းစားရလိမ့်မယ်။

အခု မြေဓာတ် ဆေးလုံး တစ်လုံးကို ကိုးရာ၊ ငါးလုံးဆိုတော့ လေးထောင့်ငါးရာပေါ့။

ရေဓာတ် ဆေးလုံး ခုနစ်လုံး နဲ့ လဲလိုက်ရင် ကိုးဆယ် တောင် ကျန်ဦးမယ်။

အဲဒီနောက် ကျန်းမန်က ဝယ်ယူတဲ့ နေရာမှာ တိုက်ရိုက် လဲလှယ်လိုက်တယ်၊ ဆရာ ပေးလိုက်တာ ဆိုတော့ တစ်ဖက်လူက လဲလှယ်ပေးတာလည်း တော်တော်လေး မြန်ဆန်ပါတယ်။

ပြန်ရောင်းရင်တော့ မှောင်ခို အရောင်းအဝယ် ဖြစ်သွားမှာပေါ့။

အဖမ်းခံရရင် ပြဿနာ တက်လိမ့်မယ်။

နောက်တစ်ခု က ရောင်းရင် ကိုယ်တိုင် ဝိညာဉ်ကျောက်တုံး မရနိုင်ဘူးလေ။

ဘာလို့လဲဆိုတော့ ဒီမှာလည်း ရေဓာတ် ဆေးလုံးတွေ ကုန်သွားပြီ။

ဝယ်ချင်ရင် နောက်လမှ ရတော့မယ်။

ဆိုလိုတာက သူ နောက်ပိုင်းကျရင် မီးဓာတ် ဆေးလုံးတွေကို သွားလုရတော့မယ်၊ မဟုတ်ရင် ဆယ်ရာခိုင်နှုန်း လျှော့ဈေး ကို ခံစားရမှာ မဟုတ်တော့ဘူး။

ဒါပေမယ့် အခု စိုးရိမ်ဖို့ စောပါသေးတယ်၊ အခု လျှို့ဝှက်နယ်မြေကို အရင် ရင်ဆိုင်ရဦးမှာကိုး။

ခုနစ်လုံး ဆိုရင်တော့ လောက်လောက်ပါပြီ။

လျှို့ဝှက်နယ်မြေ ပြီးဆုံးသွားရင် နှစ်ပတ်လည် စာမေးပွဲအထိ ခြောက်လ အချိန် လိုသေးတယ်။

ဒီနှစ် နှစ်ပတ်လည် စာမေးပွဲကိုတော့ ပါဝင်လို့ ရပါပြီ။

နေအိမ်သို့ ပြန်ရောက်ပြီးနောက် ကျန်းမန်သည် မတုံ့ဆိုင်းတော့ဘဲ စတင် ကျင့်ကြံတော့သည်။

တစ်ပတ် အကြာတွင် ကျန်းမန်၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင် များ ပျံ့နှံ့လာသော်လည်း မကြာမီမှာပင် ပြန်လည် ရုပ်သိမ်းသွားလေသည်။

သို့သော် ဤမျှ မြန်ဆန်စွာ ရုပ်သိမ်းလိုက်သော်လည်း မြေကြီးပေါ်တွင် ခြေရာ တစ်ခု ထင်ကျန်သွားခဲ့လေသည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ် အတွင်းမှ အရိုးများ ကျွတ်ကျွတ်မြည်သံ များ ထွက်ပေါ်လာလေသည်။

ဤသည်မှာ ဝိညာဉ်စွမ်းအင်က ရုတ်တရက် အလေးချိန် တိုးလာပြီး ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သဖြင့် ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိသောကြောင့် ဖြစ်လေသည်။

ကျန်းမန် မျက်မှောင်ကြုတ်သွားလေသည်။

"အခြေအနေ သိပ်မကောင်းဘူး"

သူ၏ ဝိညာဉ်စွမ်းအင် အလေးချိန်သည် မျှော်မှန်းထားသည်ထက် ပိုမို လေးလံပြီး ထူထဲနေကြောင်း သူ တွေ့ရှိလိုက်လေသည်။

ဤသည်မှာ အဆင့်ဆယ့်သုံး ရှိသော အဆင့်မြင့် နင်းယွမ်ကျင့်စဉ် ကို အခြေခံထားသောကြောင့် ဖြစ်လေသည်။

ရိုးရှင်းသော ခန္ဓာကိုယ်ကျင့်စဉ်က မြှင့်တင်ပေးသော ခန္ဓာကိုယ် အခြေအနေ က အနည်းငယ် နောက်ကျကျန်နေခဲ့ပြီ ဖြစ်လေသည်။

ရိုးရှင်းသော စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်သာ အဆင့်ငါး သို့ မရောက်ခဲ့ပါက ထိန်းချုပ်ရန် ခက်ခဲမည်မှာ သေချာလှပေသည်။

ဤအခြေအနေ အရ အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံသည့်အဆင့်သို့ တက်လှမ်းရန် မလွယ်ကူလှချေ။

အဆင့်မြင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် သို့မဟုတ် အဆင့်မြင့် ခန္ဓာကိုယ်ကျင့်စဉ်ကို သွားရောက် ရှာဖွေရမည် ဖြစ်လေသည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းမန်သည် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်လေသည်။

အချိန်အတော်ကြာ မှ သူ သက်ပြင်းချနိုင်လေတော့သည်။

အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်း အဆင့်…..

တစ်နှစ်ခွဲ အချိန်အတွင်း ချီသန့်စင်ခြင်း အဆင့်ကိုး မှစ၍ အခြေခံတည်ဆောက်ခြင်း အစပျိုး အဆင့်၊ အခြေခံတည်ဆောက်ခြင်း အစောပိုင်း အဆင့်၊ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် အားလုံးကို ဖြတ်ကျော်ကာ ယခု အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်း အဆင့် သို့ ရောက်ရှိလာခဲ့လေသည်။

မလွယ်ကူလှချေ။

အကယ်၍ မိမိ၏ ပါရမီသာ အလွန် ကောင်းမွန်ခြင်း မရှိခဲ့ပါက ဤမျှ မြန်ဆန်စွာ အဆင့်တက်ရန် ဝိညာဉ်ကျောက်တုံး မည်မျှ ကုန်ကျမည်ကို မသိနိုင်ချေ။

နေထွက်လာသည်ကို ကြည့်ရင်း ကျန်းမန်သည် ခြံဝင်းငယ် ဆီသို့ ခြေလှမ်း လှမ်းလိုက်လေသည်။

နွားဝါကြီး အနားမှ ဖြတ်သွားစဉ် ကျန်းမန်က သူ၏ အခြေအနေကို မေးမြန်းကြည့်လိုက်လေသည်။

နွားဝါကြီးကမူ မြက်ကိုသာ ဆက်တိုက် စားနေခဲ့လေသည်။

အဋ္ဌမမြောက် ခြံဝင်း….

ကျန်းမန် ရောက်လာသောအခါ ပထမ နေရာတွင်ပင် ထိုင်နေဆဲ ဖြစ်လေသည်။

သတိပြုစရာ ကောင်းသည်မှာ ဝေ့ပေ့ချွမ်သည် သတ္တမမြောက် နေရာတွင် ရောက်ရှိနေပြီ ဖြစ်လေသည်။

ဆိုလိုသည်မှာ နောက်ထပ် နှစ်လ အတွင်း ပဉ္စမ နှင့် ဆဋ္ဌမ နေရာများကို ဖြုတ်ချနိုင်မည် ဖြစ်လေသည်။

ယခုအခါ ထိုနှစ်ယောက်မှာ လက်လျှော့ အရှုံးပေးထားကြပြီ ဖြစ်လေသည်။

သူတို့က ဤတစ်ကြိမ် လျှို့ဝှက်နယ်မြေ အကြောင်း ဆွေးနွေးနေကြစဉ် ချောင်ချန် က ကျန်းမန် ကို ကြည့်ကာ မေးလိုက်လေသည်။

"တောင်ထွတ် ခုနစ်ခုနဲ့ အဋ္ဌမမြောက် ခြံဝင်းထဲက သုံးယောက် သွားရတယ်၊ ကျန်းမန် ဘယ်လို ထင်လဲ"

"အဲဒါလေ မင်းက ငါတို့ ခြံဝင်းငယ် ရဲ့ ပထမ ပါရမီရှင်လေ ဘာလို့ မသွားရတာလဲ အဲဒီလောက် ပါရမီ မပါလို့များလား"

အန်းရုံ က ဝင်ပြောလိုက်လေသည်။

ကျန်းမန်က ထိုနှစ်ယောက် ကို လှည့်ကြည့်လိုက်ပြီး မှတ်စုစာအုပ် လေးကို တိတ်တဆိတ် ထုတ်ယူလိုက်လေသည်။

"ဒီနေ့ ချောင်ချန် နဲ့ အန်းရုံ တို့က ငါ့ကို လှောင်ပြောင်ကြတယ် လို့ ခံစားရတယ်"

"ကျေးဇူးပြုပြီး ငါတို့ နှစ်ယောက်ကို ခွဲပြီး မှတ်ပေးပါ"

ချောင်ချန်က ပြောလိုက်လေသည်။

အန်းရုံလည်း ခေါင်းညိတ်လိုက်လေသည်။

"မင်း ဒီလို မှတ်တာ ငါ ရွံတယ်"

ကျန်းမန် မှတ်စုစာအုပ်ကို ပိတ်လိုက်လေသည်။ ဤနှစ်ယောက် မှာ ဝေ့ပေ့ချွမ် ကြောင့် ရူးသွပ်သွားကြပြီ ဖြစ်လေသည်။

ပုံမှန် မဟုတ်တော့ချေ။

"ဒီတစ်ခေါက် စာမေးပွဲ ဝင်ဦးမလား"

ကျောက်ယောင်ယောင်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

သူမက ကျန်းမန်ကို ပါဝင်စေချင်လေသည်၊ ဒုတိယ တတိယ ဆိုသည်ကို သူမ ဂရုမစိုက်ပါ၊ သူမ ဂရုစိုက်သည်မှာ ကျိုးပုဖန် ပထမ နေရာ ဘယ်နှစ်ကြိမ် ရသွားပြီလဲ ဆိုတာကိုသာ ဖြစ်လေသည်။

ဒီအတိုင်း ဆက်သွားရင် သူ့မိသားစုက သူ့ကို အရင်းအမြစ် တွေ ပိုပေးလာလိမ့်မယ်။

အရင်းအမြစ် တွေ ပိုများလာပြီး ညအိပ်ပျက်ခံတာလည်း ပါလာရင်…..

သူ နောက်ပိုင်း ဘယ်လောက်တောင် မြန်မြန် တိုးတက်သွားမလဲ ဆိုတာ စဉ်းစားကြည့်။

ပိုအရေးကြီးတာက သူမ တတိယ နေရာကနေ ဒုတိယ နေရာကို တက်လာတာတောင် မျိုးနွယ်စုက သူမကို အရင်းအမြစ် တွေ အများကြီး မတိုးပေးခဲ့ဘူး။

ကျိုးပုဖန် ဒီလောက် ကောင်းကောင်း နေနေရတာကို သူမ မကြည့်ရက်ဘူး။

"မပါဝင်ဘူး"

ကျန်းမန် က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"အဆင်မပြေမှု တွေ မရှိဘူး ဆိုရင် နောက်တစ်ခါ စာမေးပွဲ ကျမှ ပါဝင်မယ်၊ တကယ်လို့ အဆင်မပြေမှု တွေ ရှိရင် ဒီနှစ် နှစ်ပတ်လည် စာမေးပွဲ ကျမှပဲ ပါဝင်တော့မယ်"

"ဘာလို့ အဲဒီလောက် အဆင်မပြေမှုတွေ အများကြီး ရှိနေရတာလဲ"

ကျိုးပုဖန် က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ငါ့မှာ ရင်းနှီးမြှုပ်နှံသူ ရှိတယ်၊ တခြား နေရာတွေကို သွားခိုင်းလို့လေ"

ကျန်းမန်က အမှန်အတိုင်း ပြောပြလိုက်လေသည်။

"ငါ့မှာလည်း ရင်းနှီးမြှုပ်နှံသူ ရှိတယ်၊ ဒါပေမယ့် ဘာကိစ္စမှ မရှိဘူး"

ကျိုးပုဖန် က ပြောလိုက်လေသည်။

ကျန်းမန် က တစ်ဖက်လူကို ကြည့်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"မင်းက အရမ်း အားနည်းနေလို့များလား"

ကျိုးပုဖန် တိတ်ဆိတ်သွားခဲ့လေသည်။

"ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေ ပွင့်ရင် အဲဒီ ထူးချွန်လွန်းတဲ့ ပါရမီရှင် သုံးယောက် ဘယ်လို အကျိုးအမြတ် တွေ ရလာမလဲ မသိဘူး"

ကျိုးပုဖန်က စကားလမ်းကြောင်း လွှဲလိုက်လေသည်။

သိချင်စိတ်ကြောင့် ကျန်းမန်က ထိုသုံးယောက်၏ ကျင့်ကြံမှုအဆင့်ကို မေးမြန်းလိုက်လေသည်။

အရင်က သူတို့ အလယ်အလတ်အဆင့် ကို ရောက်ခါနီးပြီ၊ အခုတော့ ရောက်သွားလောက်ပြီ။

ကျန်းမန် အနည်းငယ် အံ့ဩသွားခဲ့လေသည်။

ကျင့်ကြံမှု အရှိန်က ဒီလောက်တောင် မြန်တာလား။

ကျိုးပုဖန်က ပြောလိုက်လေသည်။

"သေချာပေါက် မြန်မှာပေါ့၊ သူတို့မှာ ပါရမီ လုံလောက်ရုံတင် မကဘူး၊ ကြီးမားတဲ့ အရင်းအမြစ် တွေလည်း ရှိတယ်၊ အနည်းဆုံး အလယ်အလတ်အဆင့် ကျင့်စဉ်တွေကို ကျင့်ကြံကြတာ၊ တချို့ ကျင့်စဉ် တွေ ဆိုရင် အဆင့်မြင့်အဆင့် တောင် ဖြစ်နိုင်တယ်"

"ငါတို့လို မဟုတ်ဘူး၊ အလယ်အလတ်အဆင့်ကို သုံးနှစ်လောက် စောင့်ရတယ်၊ အရင်ဆုံး ရိုးရှင်းတဲ့ ကျင့်စဉ် နဲ့ အခြေခံ တည်ဆောက်ရသေးတယ်"

ကျောက်ယောင်ယောင်က ဂရုမစိုက်စွာ ပြောလိုက်လေသည်။

"ဒါဆိုလည်း ငါက ပထမနေရာ အကြိမ်အနည်းငယ် လောက် ရအောင် ယူလိုက်ရုံပဲ"

"ဒါဆိုရင် မင်း ပိုပြီး မျှော်လင့်ချက် မရှိတော့ဘူးပေါ့"

ချောင်ချန် က ဝင်ပြောလိုက်လေသည်။

အန်းရုံ ကလည်း ဆက်ပြောလေသည်။

"မင်း တစ်သက်လုံး ပထမနေရာ ရဖို့ အခွင့်အရေး မရှိဘူး"

ကျောက်ယောင်ယောင်က ထိုနှစ်ယောက်ကို အံ့ဩစွာ ကြည့်လိုက်ပြီး၊ စမ်းသပ်ကြည့်ကာ မှတ်စုစာအုပ် လေးကို ထုတ်ယူပြီး ပြောလိုက်လေသည်။

"ဒီနေ့ ချောင်ချန် နဲ့ အန်းရုံတို့က ငါ့ကို လှောင်ပြောင်ကြတယ်"

သူတို့နှစ်ယောက် "..."

"မမှတ်ပါနဲ့တော့၊ ဆက်မှတ်နေရင် သူတို့ အကြွေးတွေ တင်ကုန်လိမ့်မယ်"

လင်းချင်းရှန် က ဝင်ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ သူတို့ကို ဆုံးမမယ့်သူ ရှိပါတယ်"

ကျောက်ယောင်ယောင် က ဘေးတွင် ထိုနှစ်ယောက်ကို အမြဲတမ်း စိုက်ကြည့်နေသော ဝေ့ပေ့ချွမ်ကို ကြည့်လိုက်လေသည်။

ထို အေးစက်သော အကြည့်များ၊ ရက်စက်သော မျက်နှာထားက နောက်တစ်စက္ကန့်တွင် သားကောင်၏ အသက်ကို နုတ်ယူတော့မည့် အတိုင်းပင် ဖြစ်လေသည်။

ကျိုးပုဖန် က ပြောလိုက်လေသည်။

"ဝေ့ပေ့ချွမ်က ငါတို့ထဲမှာ အဆင့်မြင့်အဆင့် ကျင့်စဉ်ကို အစောဆုံး ကျင့်ကြံမယ့်သူ ဖြစ်လောက်တယ်၊ သူ ကျင့်ကြံနေတာက ရိုးရှင်းတဲ့ ကျင့်စဉ် မဟုတ်လောက်ဘူး၊ အစကတည်းက အလယ်အလတ်အဆင့် ကျင့်စဉ် ဖြစ်လောက်တယ်"

ကျန်းမန်က သူတို့ စကားပြောနေသည်ကို နားထောင်ရင်း၊ ဤလူများ ကောင်းမွန်သော ကျင့်စဉ် ကို လိုချင်ပါက အဆင့်သတ်မှတ်ချက်ကို အားကိုးရမည် သို့မဟုတ် အချိန်ယူရမည် ဖြစ်ကြောင်း သိလိုက်ရလေသည်။

အစကတည်းက အဆင့်မြင့်အဆင့်ကို ရရှိသူမှာ အလွန် နည်းပါးလှပေသည်။

အမှန်တကယ် လုံလောက်အောင် ချမ်းသာသူ ဖြစ်ရမည် သို့မဟုတ် ပါရမီ အလွန် ကောင်းမွန်ပြီး အစွမ်းကုန် ကြိုးစား တောင်းဆိုခဲ့သူ ဖြစ်ရမည်။

အကယ်၍ တကယ်ပဲ အဆင့်မြင့်အဆင့် ကို ထိန်းချုပ်နိုင်မည် ဆိုလျှင်တော့ သင်ယူရန် လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် အဆင့်သတ်မှတ်ချက် မြင့်မားလာပါက အရင်းအမြစ် မျိုးစုံကို လုယူရမည် ဖြစ်သောကြောင့်ပင်။

ကိုးနှစ် တိုင်တိုင် ပထမနေရာကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ပါက ဂိုဏ်းက ကြီးမားလှသော အရင်းအမြစ် များကို ပေးအပ်မည် ဖြစ်လေသည်။

ထိပ်ဆုံး သုံးနေရာ ဝင်နိုင်သူတိုင်းသည် တစ်ကိုယ်လုံး အဆင့်မြင့်အဆင့် ကျင့်စဉ် နှင့် သိုင်းပညာရပ် များ ရှိနေမည်မှာ သေချာလှပေသည်။

လျှို့ဝှက်နယ်မြေ သတင်း အချို့ကို ထပ်မံ မေးမြန်းပြီးနောက် ကျန်းမန်သည် ဆရာမယန် ရောက်လာပြီး သိပ်မကြာမီမှာပင် ထွက်ခွာလာခဲ့လေသည်။

သူ ပြန်သွားပြီး ကောင်းကင် နှလုံးသား တံဆိပ်တုံးကို ကျင့်ကြံရဦးမည် ဖြစ်လေသည်။

ယခင်က အားလပ်ချိန် တွင် ကျင့်ကြံခဲ့သဖြင့် တိုးတက်မှု အများကြီး မြန်ဆန်လာခဲ့လေသည်။

ယနေ့ သန်းခေါင်ယံ အချိန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်မည် ဖြစ်ရာ ကျန်ရှိနေသော အချိန်များမှာ အလွန် လုံလောက်လှပေသည်။

သေချာပေါက် လုံလောက်မည် ဖြစ်လေသည်။

သန်းခေါင်ယံ အချိန် နီးကပ်လာမှသာ ကျန်းမန်သည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

"အောင်မြင်ပြီ"

ဤအချိန်တွင် သူ၏ ကိုယ်ပတ်လည်တွင် အငွေ့အသက် တစ်ခု ရစ်ဝဲနေပြီး မည်သည့် အရာနှင့် တွေ့သည်ဖြစ်စေ ထိုအရာအဖြစ် ပြောင်းလဲသွားမည့် အတိုင်းပင် ဖြစ်လေသည်။

ထို့နောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

"ကောင်းကင် နှလုံးသား တံဆိပ်တုံးကို ချီသန့်စင်ခြင်း အဆင့်အထိ ချပေးထားတယ်၊ ဒါပေမယ့် အခြေခံတည်ဆောက်ခြင်းအဆင့်မှာတောင် ဘယ်သူမှ သိပ်မကျင့်ကြံကြဘူး"

ကျန်းမန် မနေနိုင်ဘဲ ညည်းတွားလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် အချိန် အလွန် ကုန်လွန်းလှသောကြောင့် ဖြစ်လေသည်။

ဤသို့ဖြင့် လူများကို ချီသန့်စင်ခြင်း အဆင့်ကတည်းက စတင် ကျင့်ကြံစေရန် ဖြစ်လောက်ပေသည်။

ထို့နောက် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သောအခါ ကျင့်ကြံမည့်သူ ရှိလာမည် ဖြစ်လေသည်။

အဘယ်ကြောင့် ဤသို့ ပြုလုပ်ထားရသနည်း ဆိုလျှင်၊ အခြား အဆင့်မြင့်အဆင့် ကျင့်စဉ် များကို မကျင့်ကြံနိုင်သူများ အတွက် ယှဉ်ပြိုင်နိုင်စွမ်း အနည်းငယ် ရှိစေရန် ဖြစ်လောက်ပေသည်။

အနိုင်မရနိုင်သော်လည်း အလွယ်တကူ ရှုံးနိမ့်မည် မဟုတ်ချေ။

ကျန်းမန်သည် အစားအသောက် စားရင်း နွားဝါကြီး အရှေ့တွင် ထိုင်ကာ ဓာတ်ကြီးငါးခု သိုင်းပညာ၏ ရှင်းပြချက်ကို နားထောင်နေလေသည်။

သူ အကြိမ်ပေါင်းများစွာ နားထောင်ပြီးပြီ ဖြစ်ပြီး အမြဲတမ်း အစားစားချိန်တွင်သာ နားထောင်လေ့ ရှိသည်၊ ဤနည်းအားဖြင့် အချိန် ပိုမို သက်သာစေသောကြောင့် ဖြစ်လေသည်။

နွားဝါကြီးက အကြိမ်ပေါင်းများစွာ ရှင်းပြပြီးပြီ ဖြစ်သဖြင့် တစ်ခါရှင်းပြတိုင်း အနည်းငယ် ကွဲပြားမှု ရှိလေသည်။

ကျန်းမန် ပိုမို ကောင်းမွန်စွာ နားလည် မှတ်သားနိုင်လေသည်။

"ကောင်းကင် နှလုံးသား တံဆိပ်တုံးထက် အများကြီး ပိုလွယ်မယ် လို့ ထင်တယ်၊ ပြီးတော့ အဆင့်ကိုး ထိပဲ ရှိတာဆိုတော့ အထဲဝင်သွားရင် ရက်အနည်းငယ် အတွင်း ကျင့်ကြံလို့ ပြီးသွားလောက်တယ်"

ကျန်းမန်က ပြောလိုက်လေသည်။

"ဒါဆိုရင် မင်းမှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ရှိဖို့ လိုတယ်၊ မကျင့်ကြံဘဲ ဝင်သွားရင် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် မရှိနိုင်ဘူး"

နွားဝါကြီး က သတိပေးလိုက်လေသည်။

ကျန်းမန်က ဂရုမစိုက်ဘဲ မုန့်ချဲ့ဝေ့၏ နည်းလမ်းများ အကြောင်းကို မေးမြန်းလိုက်လေသည်။

"နည်းလမ်း မရှိဘူး၊ အဲဒါက သူ့ရဲ့ ကိုယ်ပိုင် နေရာ ဖြစ်နေတော့ ငါ ဘယ်လို နည်းလမ်း တွေ သုံးသုံး တိတ်တဆိတ် ရှောင်ရှားဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

နွားဝါကြီးက ကျန်းမန်ကို ကြည့်ကာ ဆက်ပြောလေသည်။

"မင်း ကံကောင်းမကောင်း အပေါ်မှာပဲ မူတည်တော့တယ်၊ ဒါပေမယ့် သေချာတာ တစ်ခုက သူ မင်းကို ရှာတွေ့မှာ မဟုတ်ဘူး"

"အများဆုံး သူ သိနိုင်တာက မင်း ဝူယွင်ဂိုဏ်းမှာ ရှိနေတယ် ဆိုတာပဲ"

"ဝူယွင်ဂိုဏ်းမှာ ငါ တစ်ယောက်တည်း နွား မွေးတာလေကွာ"

ကျန်းမန်က ပြောလိုက်လေသည်။

ပြောရင်းနှင့် ကျန်းမန် က နွားဝါကြီးကို စိုက်ကြည့်ကာ "အဝါကြီး ငါတို့..."

"ငါ အရင် ထွက်ပြေးရမလား" အဝါကြီး က ဝင်ပြောလိုက်လေသည်။

"သစ္စာမရှိဘူး"

ကျန်းမန် ခေါင်းခါလိုက်လေသည်။

"မင်းရဲ့ လွတ်လပ်တဲ့ စိတ်ဓာတ်က ဘယ်ရောက်သွားပြီလဲ"

အချိန် သင့်ပြီ ဖြစ်ကြောင်း မြင်သော် ကျန်းမန်သည် ဆက်လက် အစားစားလိုက်လေသည်။

"ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံး ဝယ်စရာ မရှိတော့ အခု ဗိုက်ဝအောင် အရင် စားထားရမယ်"

"မဟုတ်ရင် အထဲရောက်ရင် ဗိုက်ဆာနေတော့မယ်"

အရင်တုန်းက အထဲဝင်ရင် မူလစွမ်းအင် ဆေးလုံးတွေ စားကြတာလေ။

အခု သွေးအားဖြည့် ဆေးလုံး နှစ်လုံး ပြင်ဆင်ထားပေမယ့် အကြာကြီး မခံနိုင်ဘူး။

ကျင့်ကြံတဲ့ အချိန်မှာ သေချာပေါက် အာရုံစိုက်နေရမှာ။

အစားအစာ ရှာဖို့ အချိန် လုံးဝ မရှိဘူး။

သန်းခေါင်ယံ…..

အမှတ်အသား မှ အလင်းရောင် ထွက်ပေါ်လာသည်ကို ကြည့်ရင်း ကျန်းမန် က နွားဝါကြီး ကို ပြောလိုက်လေသည်။

"အဝါကြီး ငါ ဝင်သွားပြီ၊ ငါက ကံကောင်းတဲ့ သူပါ၊ ဘာမှ ဖြစ်မှာ မဟုတ်ဘူး"

——

ရှေးဟောင်း ခြံဝင်းငယ် အတွင်း…..

လက်တစ်ဖက် မေးထောက်ကာ မျက်လုံးမှိတ် အနားယူနေသော မုန့်ချဲ့ဝေ့ သည် ရုတ်တရက် မျက်လုံး ဖွင့်လာခဲ့လေသည်။

လှပသော မျက်လုံးများထဲတွင် ရှုပ်ထွေးလှသော သင်္ကေတများ စီးဆင်းနေလေသည်။

မကြာမီမှာပင် ပုံသေ သင်္ကေတ အချို့ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ဤအချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် လှုပ်ရှားသွားပြီး အပြုံးယောင်ယောင် ပုံစံလေး ထွက်ပေါ်လာခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် ခြံဝင်းငယ် တစ်ခုလုံးသည် နွေဦးလေညင်း ကဲ့သို့ လန်းဆန်းသွားပြီး အသက်ဝင်လာသကဲ့သို့ ဖြစ်သွားလေသည်။

သို့သော် မကြာမီမှာပင် ရုတ်တရက် အေးစက်စူးရှ သွားပြန်လေသည်။

"ယောကျ်ား... တွေ့ပြီနော်"

ဤအခိုက်အတန့်တွင် မြေကြီးများပင် ရေခဲလာသကဲ့သို့ ဖြစ်သွားလေသည်။

ယခုလေးတင် ဝင်လာသော ချင်းတိုက် မှာ ချမ်းတုန်သွားပြီး ဘာတွေ ဖြစ်နေမှန်း လုံးဝ မသိချေ။

သို့သော် ဤအအေးဒဏ်မှာ ယခင်ကနှင့် မတူညီပေ။

ထိုမျှ ကြောက်စရာ မကောင်းလှချေ။

"သခင်မလေး"

ချင်းတိုက် က လက်ဖက်ရည်အိုး ကို စားပွဲပေါ်တွင် ချထားလိုက်ပြီး အနည်းငယ် နားမလည်စွာဖြင့် မေးလိုက်လေသည်။

"သခင်မလေး က အင်မော်တယ် ဂိုဏ်း ကိစ္စကို တွေးနေတာလား"

"သူတို့ က ဖြေရှင်းချက် ပေးပြီးပြီ၊ အောက်ခြေက လူတွေက ပိုးအိတ် ဆိုတာ ဘာကို ဆိုလိုမှန်း မသိလို့ သခင်မလေးကို စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူး တဲ့"

"ဒါပေမယ့် ဒီစကားက နည်းနည်း အဓိပ္ပာယ် လွဲနေတယ် လို့ ကျွန်မ ထင်တယ်"

"ဘာအဓိပ္ပာယ်မှန်း မသိဘဲနဲ့ ဘယ်လိုလုပ် ပိုးအိတ်ကို ရလာတာလဲ"

"လျှောက်ထားတဲ့ သူက မသိဘူး၊ ခွင့်ပြုတဲ့ သူကကော မသိဘူးလား"

"ဒါ့အပြင် လျှောက်ထားတဲ့ သူက လုံလောက်တဲ့ အကြောင်းပြချက် မပေးနိုင်ရင် ခွင့်ပြုချက် ကျလာမှာ မဟုတ်ဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက သခင်မလေး နဲ့ သက်ဆိုင်နေတာပဲ"

"ကျွန်မ ထင်တာကတော့..."

"တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ကြည့်ကြပ်တဲ့ သူကို စမ်းသပ်ကြည့်ဖို့ သဘောတူခိုင်းလိုက်တာ ဖြစ်မယ်"

စိတ်အာရုံကို ပြန်လည် စုစည်းလိုက်ပြီး မုန့်ချဲ့ဝေ့က တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဒီကိစ္စတွေကို ဂရုစိုက်စရာ မလိုပါဘူး၊ အင်မော်တယ် ဂိုဏ်းက တခြား ဘာတွေ လုပ်သေးလဲ"

"အဲဒီ နှစ်ယောက် က အသက်ရှင်သွားတယ်၊ ဒါပေမယ့် အသုံးမကျတော့ဘူး"

ချင်းတိုက် က ဆက်ပြောလေသည်။

"ဒါ့အပြင် ကြည့်ကြပ်တဲ့ သူက ငရဲပြည် ကို ပို့ခံလိုက်ရတယ်"

"ပိုးအိတ်ကတော့ အခု မူလနေရာ ကို ပြန်ရောက်သွားပြီ၊ စောင့်ရှောက်တဲ့ သူလည်း ရှိနေတုန်းပဲ"

"ဒီလောက်ပဲလား"

မုန့်ချဲ့ဝေ့ က မေးလိုက်လေသည်။

ချင်းတိုက်လည်း သခင်မလေး ကျေနပ်မကျေနပ် ဆိုတာကို မသိသဖြင့် အမှန်အတိုင်းသာ ပြောလိုက်ရလေသည်။

"ဒီလောက်ပါပဲ"

မုန့်ချဲ့ဝေ့ က ထိုကိစ္စများကို ဆက်မမေးတော့ဘဲ လျှို့ဝှက်နယ်မြေ အကြောင်းကိုသာ မေးမြန်းလိုက်လေသည်။

"မျိုးဆက်သစ် ပါရမီရှင်ဘက်က သတင်း ရပြီလား"

"ရပါပြီ၊ လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ၊ လဝက်လောက် အချိန် ရမယ် ထင်တယ်၊ တစ်ခုခု တွေ့မတွေ့ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်"

ချင်းတိုက် က တိုးတိုးလေး ပြောလိုက်လေသည်။

"အဲဒီ ပါရမီရှင် အသစ်က တစ်ခုခုကို စုံစမ်းသိရှိသွားပုံ ရတယ်၊ အသက် အရမ်း ငယ်တဲ့သူ တချို့ကို အထူး ဝင်ခွင့်ပေးလိုက်တယ်"

"သတ်မှတ်ချက် နဲ့ အတော်လေး ကိုက်ညီတဲ့ ပုံစံမျိုးပဲ"

"သူတို့ ခန့်မှန်းတာက ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား နဲ့ သက်ဆိုင်နိုင်တယ်တဲ့"

"ဒါပေမယ့် အဲဒီ ပါရမီရှင် အသစ်က ဘာတွေ လျှို့ဝှက်ထားလဲ ဆိုတာကိုတော့ သေချာ မသိရသေးဘူး"

မုန့်ချဲ့ဝေ့ မျက်လွှာချလိုက်လေသည်၊ လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ၊ သူမ ချန်ထားခဲ့သော နည်းလမ်းများလည်း တိုက်တိုက်ဆိုင်ဆိုင် အသက်ဝင်သွားပြီ ဖြစ်လေသည်။

'အခု သေချာတာကတော့ ယောကျ်ားက လျှို့ဝှက်နယ်မြေ ထဲ ရောက်နေပြီ ဆိုတာပဲ၊ ဒါပေမယ့် ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်'

'တစ်ခုက ယောကျ်ားက ဝူယွင်ဂိုဏ်းမှာ ရှိနေတယ်'

'နှစ် ယောကျ်ားက တမင်တကာ ဒီအချိန်မှာ လျှို့ဝှက်နယ်မြေထဲ ဝင်ဖို့ ရွေးချယ်ပြီး အာရုံလွှဲလိုက်တာ'

ဤအချက်နှင့် ပတ်သက်၍ မုန့်ချဲ့ဝေ့ အများကြီး တွေးနေစရာ မလိုပါချေ။

ဒီလောက် တိကျနေတာ ဆိုတော့ အနီးအနားမှာပဲ ရှိနေတာ သေချာတယ်။

အနီးအနားမှာ တခြား ဂိုဏ်း မှ မရှိတာ။

အင်မော်တယ်ဂိုဏ်းရဲ့ အုပ်ချုပ်မှု အောက်မှာ ဂိုဏ်း တစ်ခု နဲ့ တစ်ခု အကွာအဝေးက မနီးပါဘူး။

ဒါကြောင့် ဆယ်ပုံမှာ ရှစ်ပုံ ကိုးပုံလောက်က ဝူယွင်ဂိုဏ်းမှာပဲ ရှိနေတာ သေချာတယ်။

ပတ်ဝန်းကျင်က မြို့ရွာတွေမှာလည်း ဖြစ်နိုင်ပေမယ့်၊ ဖြစ်နိုင်ချေ အရမ်း နည်းပါတယ်။

ဘယ် ပြိုင်ဘက်ကင်း ပါရမီရှင်က မြို့ရွာတွေမှာ နေမှာလဲ၊ အထူးသဖြင့် အဲဒီလို စကားမျိုး ပြောနိုင်တဲ့ သူက….

မုန့်ချဲ့ဝေ့က လက်ဖက်ရည် တစ်ခွက် သောက်လိုက်ပြီး အခြား နည်းလမ်းများကို ပြန်လည် ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်လေသည်။

ဆက်လုပ်နေရင် တိကျတဲ့ လူကို သေချာပေါက် သိနိုင်မှာ မဟုတ်ဘူး။

အဲဒီ မိစ္ဆာနတ်ဘုရား ရဲ့ သတိထားမိတာကိုတောင် ခံရနိုင်တယ်။

"အဲဒီ ပါရမီရှင် ဘာလုပ်မလဲ ဆိုတာကို သေချာ စောင့်ကြည့်ထားလိုက်"

မုန့်ချဲ့ဝေ့ က မှာကြားလိုက်လေသည်။

"ဟုတ်ကဲ့"

ချင်းတိုက် သက်ပြင်းချလိုက်လေသည်။

အင်မော်တယ် ဂိုဏ်းရဲ့ စစ်ဆေးမှု ထက်စာရင်၊ သခင်မလေးက လျှို့ဝှက်နယ်မြေကို ပိုစိတ်ဝင်စားနေပုံ ရတယ်။

ဘာဖြစ်လို့လဲ…

ခင်ပွန်းသည် နဲ့ သက်ဆိုင်နေလို့လား။

ခင်ပွန်းသည်က သခင်မလေးကို ဘယ်လို လက်ထပ်သွားလဲ ဆိုတာကို အခုထိ သူမ နားမလည်နိုင်သေးပါဘူး။

အင်မော်တယ် ဂိုဏ်း တစ်ခုလုံးရဲ့ အတိုင်းအတာ အတွင်းမှာ ဒီသတင်း ကို သိတဲ့ သူတိုင်းက အရမ်း သိချင်နေကြမှာ သေချာပါတယ်။

——

ထိုအချိန်တွင်…..

မြက်စားနေသော နွားဝါကြီးသည် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့လေသည်။

"အသက်မဝင်ဘူးလား သူ တကယ်ပဲ ကံကောင်းနေတာလား"

All Chapters