အခန်း ၁၃၄
Vol. 9 Ch. 134
အခန်း (၁၃၄) ငါ့ရဲ့ အဆင့်အတန်းက ဒီလောက်တောင် တန်ဖိုးရှိတာလား
လူသူကင်းမဲ့သော လမ်းသွယ်လေး တစ်ခု။
ဖန်ယုံသည် အရှေ့ရှိ လူသုံးယောက်ကို ကြည့်ရင်း တစ်ခုခု ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ ပင် ဖြစ်လေသည်။
သို့သော် သူ ကိုယ်တိုင် စတင် စကားမပြောခဲ့ချေ။
"လူမရှိတော့ဘူး၊ အခု ပြောလို့ ရပြီ မဟုတ်လား"
ခေါင်းဆောင် ဖြစ်သော အမျိုးသားက မေးလိုက်လေသည်။
ပိုင်ဖန်း၊ ချစ်ရွှေတောင်ထွတ် ပဉ္စမမြောက် ခြံဝင်း မှ ဓားလမ်းစဉ် ကျင့်ကြံသူ။
မနက်စောစောကတည်းက လူတွေနဲ့ လာရောက် ဆွေးနွေး တိုင်ပင်နေခြင်း ဖြစ်လေသည်။
"မင်းက ငါတို့ စကားပြောနေတာကို ကြားပြီး လိုက်လာတာ မဟုတ်လား"
ဘေးရှိ အမျိုးသမီး က တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ပြီးတော့ လူတွေ မသိအောင် ခိုးပြီး လိုက်လာတာပဲ"
ကျန်ယင်းချိုက်၊ လော့ရှားတောင်ထွတ် စတုတ္ထမြောက် ခြံဝင်းမှ မှော်လမ်းစဉ် ကျင့်ကြံသူ။
"သူ ကြည့်ရတာ နည်းနည်း စိတ်လှုပ်ရှားနေသလိုပဲ၊ ဒါပေမယ့် ရောက်လာမှတော့ တစ်ခုခု ပြောမှာ သေချာတယ်၊ မပြောဘူး ဆိုရင်တော့ တစ်ခုခု တောင်းဆိုချင်လို့ပဲ"
အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသား က ပြုံးလျက် ပြောလိုက်လေသည်။
တွမ့်ဝူ၊ ပေဖန်တောင်ထွတ် စတုတ္ထမြောက်ခြံဝင်းမှ ခန္ဓာကိုယ်လမ်းစဉ် ကျင့်ကြံသူ။
ဤအချိန်တွင် လူသုံးယောက်လုံး ဖန်ယုံ ကို စိုက်ကြည့်နေကြပြီး နောက်ဆက်တွဲ စကားများကို စောင့်ဆိုင်းနေကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကို အပြေးအလွှား လာရှာခြင်းမှာ သေချာပေါက် အရေးကြီးသော ကိစ္စ ရှိ၍သာ ဖြစ်လေသည်။
ထို့အပြင် သူတို့သည် ဒီလမ်းကို ပထမဆုံး အကြိမ် ဖြတ်လျှောက်ဖူးခြင်း ဖြစ်ရာ ယခုလေးတင် သူတို့ ပြောဆိုခဲ့သော စကားများနှင့် သက်ဆိုင်နေမည်မှာ သေချာလှပေသည်။
ဖန်ယုံ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်လေသည်။
"မင်းတို့ နံပါတ် ၂၁၀ ဘယ်သူလဲ ဆိုတာ သိချင်နေတာလား"
ထိုစကားကို ကြားသော် အားလုံး အနည်းငယ် အံ့ဩသွားကြလေသည်။
ပိုင်ဖန်းက စမ်းသပ်ကြည့်လိုက်သည်။
"မင်း သူ ဘယ်သူလဲ ဆိုတာ သိလို့လား"
"သိတယ်"
ဖန်ယုံက ပြတ်သားစွာ ပြောလိုက်လေသည်။
"ဘယ်သူလဲ"
ကျန်ယင်းချိုက် က မေးလိုက်လေသည်။
ဖန်ယုံက စိတ်အခြေအနေ ကို ပြင်ဆင်လိုက်ပြီး ပြောလိုက်လေသည်။
"အရင်တုန်းက ဒီသတင်းက ဝိညာဉ်ကျောက်တုံး သုံးသောင်း ဆုငွေ ထုတ်ထားတယ် လို့ ငါ မှတ်မိတယ်"
လူသုံးယောက်လုံး ကြောင်အမ်းသွားကြလေသည်။
"မင်း ဒီကိစ္စကို သိတယ်ပေါ့"
ပိုင်ဖန်း က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဒါဆိုရင် အရင်တုန်းက ဘာလို့ ဆုငွေ သွားမထုတ်တာလဲ"
ဖန်ယုံက အမှန်အတိုင်း ပြောပြလိုက်လေသည်။
သူ သိသည့် အချိန်တွင် ဆုငွေက ဖျက်သိမ်းသွားပြီ ဖြစ်လေသည်။
ထို့အပြင် နံပါတ် ၂၁၀ က သိပ်မစွမ်းဘူး ဆိုတဲ့ သတင်းကိုလည်း ကြားခဲ့ရသေးသည်။
"အခု မင်းက ငါတို့ကို သုံးသောင်း ပေးခိုင်းမလို့လား"
တွမ့်ဝူ က မေးလိုက်လေသည်။
ဖန်ယုံက လက်ချောင်း လေးချောင်း ထောင်ပြလိုက်လေသည်။
"လေးသောင်း"
လူသုံးယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားကြပြီး အရှေ့ရှိ လူကို စိုက်ကြည့်နေကြလေသည်။
ပိုင်ဖန်း က အေးစက်စက် ရယ်မောလိုက်လေသည်။
"သူ့ရဲ့ အဆင့်အတန်း က ဒီလောက် တန်ဖိုး ရှိတယ်လို့ မင်း ထင်နေတာလား"
ဖန်ယုံ က ပြတ်သားစွာ ပြောလိုက်လေသည်။
"မသိခင် တုန်းကတော့ မင်းတို့ တန်ဖိုး မရှိဘူး လို့ ထင်ကောင်း ထင်လိမ့်မယ်၊ ဒါပေမယ့် သိသွားရင်တော့ ပေးရတဲ့ တန်ဖိုး ထက် ပိုတန်တယ် လို့ ခံစားရလိမ့်မယ်"
"မင်း က သူ့ရဲ့ အဆင့်အတန်း ကို ဘယ်လို လုပ် သိတာလဲ"
ကျန်ယင်းချိုက် က မေးလိုက်လေသည်။
ဖန်ယုံ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။
"ငါတို့က သူငယ်ချင်း တွေ၊ သူ ကိုယ်တိုင် ငါ့ကို ပြောပြခဲ့တာ"
"မင်း သူ့ကို သစ္စာဖောက်တာလား"
တွမ့်ဝူ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
ဖန်ယုံ က ဂရုမစိုက်စွာ ပြောလိုက်လေသည်။
"ငါတို့ က သူငယ်ချင်းတွေလေ၊ သူငယ်ချင်း ဆိုတာ တန်ဖိုး ရှိတယ်၊ သူက တန်ဖိုး ကို ပြသနိုင်တယ် ဆိုတာက ငါ ပေါင်းသင်းသင့်တဲ့ သူငယ်ချင်း ဆိုတာကို သက်သေပြနေတာပဲ မဟုတ်ဘူးလား"
တစ်ခဏအတွင်းမှာပင် လူသုံးယောက် တိတ်ဆိတ်သွားကြလေသည်။
ဒီလူက တကယ့်ကို ယုတ်မာတဲ့ လူယုတ်မာ ပါပဲ။
ရွံစရာ ကောင်းလိုက်တာ။
ကျန်ယင်းချိုက် နှင့် တွမ့်ဝူတို့သည် ပိုင်ဖန်း ကို ကြည့်လိုက်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူကသာ အလိုအပ်ဆုံး သူ ဖြစ်သောကြောင့် ပင် ဖြစ်လေသည်။
ပိုင်ဖန်း က အနည်းငယ် အပြစ်ကင်းဟန် ဖြင့် ပြောလိုက်လေသည်။
"ငါ့ကို ဘာလို့ စိုက်ကြည့်နေကြတာလဲ မင်းတို့လည်း အပြစ်ကင်းတဲ့ သူတွေ မှ မဟုတ်တာ၊ ငါ လှောင်ပြောင်ခံရတော့ မင်းတို့ ပျော်နေကြတာလား"
"ငါ မင်းတို့ကို လှောင်ပြောင်ပြီး ပြန်ပြောလိုက်လို့ ရတယ်နော်"
ထို့နောက် သူတို့ သုံးယောက် ဆွေးနွေး တိုင်ပင်ပြီးနောက် ဖန်ယုံကို ဝိညာဉ်ကျောက်တုံး လေးသောင်း ပေးလိုက်ကြလေသည်။
ဝိညာဉ်ကျောက်တုံး ကို လက်ခံရရှိသည့် အခိုက်အတန့်တွင် ဖန်ယုံ၏ လက်များ တုန်ယင်နေလေသည်။
တစ်ဖက်လူက ဈေးဆစ်လိမ့်မည် ဟု သူ ထင်ထားခဲ့လေသည်။
ထို့နောက် သူသည် တစ်ဖက်လူကို အခြေအနေ အမှန်ကို ပြောပြလိုက်လေသည်။
နံပါတ် ၂၁၀၏ အဆင့်အတန်း နှင့် ပတ်သက်သော သတင်းကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် လူသုံးယောက် ကြောင်အမ်းသွားကြလေသည်။
ပထမဆုံး ခံစားချက် မှာ ယုံကြည်ခြင်း မဟုတ်ဘဲ သံသယ ဝင်ခြင်း ပင် ဖြစ်လေသည်။
လှည့်စားခံလိုက်ရသည် ဟုပင် ခံစားလိုက်ရလေသည်။
ဝိညာဉ်ကျောက်တုံး များကို ပြန်လုယူရန် အနည်းငယ်သာ လိုတော့သည်။
"မယုံဘူးလား"
ဖန်ယုံလည်း အံ့ဩမသွားဘဲ ပြောလိုက်လေသည်။
"မင်းတို့ ဘယ်လို သက်သေပြချင်လဲ ဒါမှမဟုတ် သူနဲ့ သွားတိုက်ခိုက်ကြည့်မလား၊ ငါ ကူညီပေးလို့ ရတယ် ဒါပေမယ့် စည်းကမ်း တစ်ခု ရှိတယ်၊ ငါ့ကို ဖော်ကောင် မလုပ်ရဘူး"
"တကယ်လို့ သူ မဟုတ်ဘူး ဆိုရင် ငါ ဝိညာဉ်ကျောက်တုံး နှစ်သောင်း ပိုပြန်ပေးမယ်"
ထိုစကားကို ကြားသော် လူသုံးယောက် သံသယ ဖြစ်သွားကြလေသည်။
သို့သော် ဤကိစ္စက အလွန် ယုံနိုင်စရာ မရှိလွန်းလှပေ၊ ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။
"သူက တကယ်ပဲ ဒီလောက် စွမ်းတယ် ဆိုရင် ဘာလို့ နှစ်ပတ်လည် အဆင့်သတ်မှတ်ချက် မှာ သူ့နာမည် မပါတာလဲ"
ပိုင်ဖန်း က မေးလိုက်လေသည်။
"သူ နဝမမြောက် ခြံဝင်း မှာ ရှိနေတုန်း က လျှို့ဝှက်နယ်မြေ ထဲ ဝင်သွားတာလေ၊ တိုက်တိုက်ဆိုင်ဆိုင် နှစ်ပတ်လည် အဆင့်သတ်မှတ်ချက် နဲ့ လွဲသွားတာ"
ဖန်ယုံ က ရှင်းပြလိုက်လေသည်။
ထိုစကားကို ကြားသော် သူတို့သည် အရင်က ကြားခဲ့ရသော အားနည်းသော ကောလာဟလ အချို့ကို ပြန်လည် သတိရသွားကြလေသည်။
နံပါတ် ၂၁၀ က နဝမမြောက် ခြံဝင်းကပါတဲ့။
ဒါက...
တစ်ခဏအတွင်းမှာပင် သူတို့ အနည်းငယ် ယုံကြည်သွားကြလေသည်။
သို့သော် အလွန် ယုံနိုင်စရာ မရှိလွန်းလှပေ။
အထူးသဖြင့် ပိုင်ဖန်း ပင် ဖြစ်လေသည်၊ သူသည် မိမိကိုယ်မိမိ ငယ်ရွယ်လွန်းလှပြီ ဟု ထင်မှတ်ထားခဲ့လေသည်။
သို့သော် အမှန်တရား က လက်ခံရ ခက်ခဲလွန်းလှပေသည်။
တွမ့်ဝူ၏ နှစ်သိမ့်မှု က ချက်ချင်းပင် အားနည်းသွားသကဲ့သို့ ဖြစ်သွားလေသည်။
နောက်ဆုံးတွင် လူသုံးယောက် ထပ်မံ ဆွေးနွေး တိုင်ပင်ပြီးနောက် ဖန်ယုံကို ဝိညာဉ်ကျောက်တုံး သုံးသောင်း ထပ်ပေးလိုက်ကြလေသည်။
ရုတ်တရက် ရရှိလာသော ဤ ဝိညာဉ်ကျောက်တုံးများက ဖန်ယုံ ကို နားမလည်နိုင်အောင် ဖြစ်သွားစေခဲ့လေသည်။
"သတင်း ကို အပြီးအပိုင် ဝယ်လိုက်ပြီ၊ မင်း တခြား ဘယ်သူ့ကိုမှ ထပ်ပြောခွင့် မရှိတော့ဘူး"
ပိုင်ဖန်း က ပြောလိုက်လေသည်။
ပြောရင်းနှင့် စက္ကူ တစ်ရွက် ထုတ်ယူကာ သက်ဆိုင်ရာ အကြောင်းအရာများကို ရေးသားလိုက်လေသည်။
"ဒါက ဂိုဏ်းက ချမှတ်ထားတဲ့ စာချုပ် ပဲ၊ ဒီသတင်းကို အများပြည်သူ မသိခင်မှာ မင်း က တခြားလူတွေကို ထပ်ပြောခဲ့မယ် ဆိုရင် ငါတို့က ဝိညာဉ်ကျောက်တုံး တွေ အကုန်လုံး ကို ပြန်လည် တောင်းခံပိုင်ခွင့် ရှိတယ်"
ပိုင်ဖန်းက စာချုပ်ကို ဖန်ယုံထံ ပေးလိုက်လေသည်။
ဤသတင်း အရင်းအမြစ် ကိုသာ ပိတ်ဆို့ထားနိုင်ပါက သူတို့ ဝိညာဉ်ကျောက်တုံး များကို ပြန်လည် ရှာဖွေနိုင်မည့် နည်းလမ်း ရှိလာမည် ဖြစ်လေသည်။
စာချုပ်ပါ အကြောင်းအရာများကို ကြည့်ရှုပြီးနောက် ဖန်ယုံ သည် လက်ချောင်း တစ်ချောင်း ထောင်ပြကာ ပြောလိုက်လေသည်။
"နောက်ထပ် တစ်သောင်း ထပ်တိုးပေး၊ သူ ကိုယ်တိုင်လည်း တခြား လူတွေကို မပြောအောင် ငါ လုပ်ပေးမယ်"
တစ်ခဏအတွင်းမှာပင် လူသုံးယောက် သည် အရှေ့ရှိ လူကို ရွံရှာစွာ ကြည့်လိုက်ကြလေသည်။
သူငယ်ချင်း အဖြစ် သူ့ကို ရွေးချယ်မိခြင်းသည် နံပါတ် ၂၁၀ ၏ ဝမ်းနည်းစရာ တစ်ခုပင် ဖြစ်လေသည်။
သို့သော် ဤသို့သော လူမျိုး မရှိပါက သူတို့ ဤသို့သော သတင်း မျိုး ရနိုင်မည် မဟုတ်ချေ။
အားလုံးက အကျိုးအမြတ် တွေချည်းပါပဲ။
ဖန်ယုံ ထွက်သွားပြီးနောက် တွမ့်ဝူက ပိုင်ဖန်း ကို ကြည့်ကာ ပြောလိုက်လေသည်။
"တကယ်လို့ သတင်း သာ အမှန် ဆိုရင် နံပါတ် ၂၁၀ က အရမ်း ငယ်လွန်းသေးတယ်၊ လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ နည်းတယ်၊ အမြင်လည်း သာမန် ပဲ၊ စိတ်နှလုံး ကလည်း ရိုးရှင်းတယ်၊ သိုင်းပညာရပ် တွေလည်း သိပ်မသင်ရသေးဘူး"
"မင်းရဲ့ သိုင်းပညာရပ် အောင်မြင်မှု တွေ၊ များပြားလှတဲ့ လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ တွေနဲ့ သူ့ကို နိုင်နိုင်ပါတယ်"
"အဆိုးဆုံး စဉ်းစားကြည့်ရင်တောင် မင်း က ဝိညာဉ်စွမ်းအင် ဝှက်ထားခြင်းကို ငါးနှစ်လောက် လုပ်ထားပြီးပြီ၊ သူ က နှစ်နှစ်ပဲ ရှိသေးတယ်၊ မင်း သူ့ကို နိုင်နိုင်ပါသေးတယ်"
ပိုင်ဖန်း က တစ်ဖက်လူ ကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်းက တကယ်ကို လူတွေကို ဖြေသိမ့်တတ်တာပဲ"
——
ချစ်ရွှေတောင်ထွတ်
ကျန်းမန် ရောက်လာသောအခါ ထိုလူများ စကားပြောနေကြသည်ကို တွေ့လိုက်ရလေသည်။
အခြေအနေ က သိပ်မဆိုးပါဘူး။
မျက်ကွင်းညို တာလေး တွေပဲ ရှိလာတယ်၊ လူကတော့ မပိန်သွားပါဘူး။
သူ ရောက်လာသည်ကို မြင်သော် စုန့်ချင့် က ချက်ချင်း ဝိညာဉ်ကျောက်တုံး သုံးထောင် ထုတ်ပြကာ ပြောလိုက်လေသည်။
"ကျန်းမန်၊ ငါ နောက်ထပ် သုံးထောင် ထပ်စုမိပြီ မင်းဆီမှာ အပ်ထားမယ်"
ကျန်းမန်က ဝိညာဉ်ကျောက်တုံး သုံးထောင် ကို ယူလိုက်ပြီး တစ်ဖက်လူကို တစ်ထောင့်ငါးရာ ပြန်ပေးလိုက်လေသည်။
"ဒါက အရင်က အတိုး အခု ငါ အခက်အခဲ တွေ ကျော်လွှားနိုင်ပြီ ဆိုတော့ အတိုး လျှော့လိုက်ပြီ"
"သုံးထောင်ကို တစ်နှစ် ထားရင် သုံးထောင့်ငါးရာ ပြန်ပေးမယ်"
စုန့်ချင့် အနည်းငယ် နှမြောစွာ ပြောလိုက်လေသည်။
"တကယ်လို့ ကျင့်ကြံဖို့ သာ မလိုဘူး ဆိုရင် ငါ နောက်ထပ် သုံးထောင် ထပ်စုဦးမှာ"
ကျန်းမန် "..."
ဘာဖြစ်လို့လဲ မသိဘူး၊ စုန့်ချင့် ရဲ့ ဒီလုပ်ရပ် က သူ့ကို စုန့်ချင့် အတွက် အလုပ်လုပ်ပေးနေရသလို ခံစားရစေတယ်။
ကိုယ်က ဝိညာဉ်ကျောက်တုံး ချေးတာပါ ဆိုတာကို တစ်ဖက်လူ အမြင်မှာတော့ အပ်နှံတာ ဖြစ်နေတယ်။
မင်းက မရှုံးဘူးလို့ ထင်ပေမယ့် ငါ့စိတ်ထဲမှာတော့ နာကျင်နေရတယ်။
ဒါပေမယ့် စုန့်ချင့် ဘယ်လို လုပ်ပြီး ဒီလောက် ဝိညာဉ်ကျောက်တုံး တွေ အများကြီး စုမိတာလဲ။
"သေချာပေါက် ချွေတာပြီး စုဆောင်းထားလို့ ဖြစ်မှာပေါ့"
ဖက်တီးလေး က ထူထဲလှသော မျက်ကွင်းညိုများ ဖြင့် ပြောလိုက်လေသည်။
"ငါ့အဖေ သူ့ကို ဒီလောက် အများကြီး ပေးလိမ့်မယ် လို့ ငါ မယုံဘူး"
"ဒါပေမယ့် ချန်ကြီး လောက်တော့ မချွေတာနိုင်ပါဘူး" စုန့်ချင့် က ပြောလိုက်လေသည်။
ကျန်းမန်လည်း တုံ့ဆိုင်းမနေဘဲ ချန်ချီဝမ်၏ တစ်သောင်းနှစ်ထောင်ကို အတိုး နှစ်ထောင် ပေါင်းကာ ပြန်ပေးလိုက်လေသည်။
ထို့နောက် ဖက်တီးလေး၏ နှစ်သောင်းကို အတိုး လေးထောင် ပေါင်းကာ ပြန်ပေးလိုက်လေသည်။
စုစုပေါင်း သုံးသောင်းရှစ်ထောင်
အကုန် ပြန်ပေးလိုက်ပြီ။
ဒီတစ်ခါတော့ ဝိညာဉ်ကျောက်တုံး တစ်ထောင် ပဲ ကျန်တော့တယ်။
လောလောဆယ် ဖန်ယုံဆီက တစ်သောင်းနှစ်ထောင်၊ ဆုန့်ချင့်ဆီက တစ်သောင်းနှစ်ထောင်၊ ဆရာ့ဆီက လေးထောင်ကျော်ပဲ အကြွေး ကျန်တော့တယ်၊ အလျင်စလို မဖြစ်သေးပါဘူး။
ဝိညာဉ်ကျောက်တုံး ရသွားတဲ့ ချန်ချီဝမ် က ငါးထောင်ကို ချန်ထားခဲ့ပြီး ကိုးထောင် ကို ကျန်းမန် ကို ပြန်ပေးလိုက်လေသည်။
"ကျန်တာ တွေနဲ့ ငါ ချီသန့်စင်ခြင်း အဆင့်ကိုးကို တက်လှမ်းတော့မယ်၊ နောက်တစ်ခေါက် လာရင် ငါ ချီသန့်စင်ခြင်း အဆင့်ကိုး ဖြစ်နေလောက်ပြီ"
ထိုစကားကို ကြားသော် အခြားသူများ အားလုံး အံ့ဩသွားကြလေသည်။
ချန်ချီဝမ် ဤမျှ မြန်ဆန်စွာ အဆင့်တက်မည်ဟု မထင်ထားခဲ့ကြပုံ ရလေသည်။
"ဒါ ပုံမှန်ပဲ မဟုတ်ဘူးလား"
ချန်ယွီ က ဘေးမှ ဝင်ပြောလိုက်လေသည်။
"သူ က ငါတို့ ခြံဝင်းငယ် ရဲ့ အစကတည်းက ထိပ်ဆုံး သုံးနေရာ ဝင်တဲ့ သူလေ၊ ဆင်းရဲသား ဘဝကနေ ထိပ်ဆုံး သုံးနေရာ ဝင်လာတာ"
"ဖန် သခင်လေးထက် နည်းနည်းပဲ နိမ့်တာ"
"ဒါဆို လော်ရွှမ်က ချီသန့်စင်ခြင်း အဆင့်ကိုး ရောက်သွားပြီလား"
ဖက်တီးလေးက သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်လေသည်။
"ရောက်တော့မယ်"
အရင်က ခေါင်းငုံ့ပြီး စာရင်းစာအုပ် ရှင်းနေသော လော်ရွှမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။
ဖက်တီးလေး အံ့ဩသွားသည်၊ သူတို့ စကားပြောနေတာကို ကြားသွားတာပဲ။
ဒါဆို စကားပြောတာ သတိထားမှ ရတော့မယ်။
"ကျွန်မလည်း ရောက်တော့မယ်၊ သခင်လေးကောင်းရော ဘယ်တော့ အဆင့်ကိုး ရောက်မလဲ"
ချန်ယွီ က ပြုံးလျက် ဖက်တီးလေးကို ကြည့်လိုက်လေသည်။
"ငါ အခု အဆင့်ခုနစ် ရောက်တော့မယ်၊ ဒါပေမယ့် အစ်ကိုကျန်း က ငါ့ကို အဆင့်ခုနစ် ရောက်တာနဲ့ တိုက်ရိုက် ပြန်လည် ကျင့်ကြံဖို့ ပြောထားတယ်၊ အဆင့်ကိုးထိ စောင့်စရာ မလိုဘူးတဲ့"
ဖက်တီးလေး က ပြောလိုက်လေသည်။
ချန်ယွီက ပြုံးလျက် ပြောလိုက်လေသည်။
"ကောင်း သခင်လေး ဒီလောက် ကြိုးစား ကျင့်ကြံနေတာ လော်ရွှမ်ကြောင့် များလား"
ထိုစကားကို ကြားသော် ဖက်တီးလေး အလန့်တကြား ဖြစ်သွားကာ ပြောလိုက်လေသည်။
"အဲဒါ မဖြစ်နိုင်ပါဘူး၊ လော်ရွှမ်က ပါရမီရှင် သခင်မလေး လေ"
ချန်ယွီ က တိုးတိုးလေး ပြောလိုက်လေသည်။
"သခင်လေး ရဲရဲဝံ့ဝံ့ နေလို့ ရပါတယ်၊ သခင်လေးကောင်းမှာ နောက်ခံ အခိုင်အမာ ရှိတယ်လေ၊ လော်ရွှမ်က အနှေးနဲ့ အမြန် သခင်လေးကောင်းထက် အားနည်းသွားမှာပဲ"
"အဲဒါလည်း မဖြစ်နိုင်ပါဘူး၊ ငါ့မှာ ကြီးမားတဲ့ ရည်မှန်းချက် တွေ ရှိတယ်"
ဖက်တီးလေးက လေးလေးနက်နက် ပြောလိုက်လေသည်။
"ဇနီး သုံးယောက် မယားငယ် လေးယောက် ယူဖို့လား"
ချန်ယွီက မေးလိုက်လေသည်။
တစ်ခဏအတွင်းမှာပင် ဖက်တီးလေး ကြောင်အမ်းသွားခဲ့လေသည်။
ဒီမိန်းမက ဘယ်လို လုပ် ဒီလောက် သိနေတာလဲ။
"ကျန်းမန်တောင် မိန်းမ တစ်ယောက်ပဲ ရှိတာကို၊ မင်းက ဘယ်လိုလုပ် ဇနီး သုံးယောက် မယားငယ် လေးယောက် ယူမှာလဲ"
ချန်ယွီ က တိုးတိုးလေး မေးလိုက်လေသည်။
စုန့်ချင့် က အမဲသားခြောက် တစ်ဖတ် ကို ချန်ချီဝမ်ကို ပေးလိုက်ပြီး သူတို့ နှစ်ယောက် အစားစားရင်း သူတို့ ပြောနေသည့် အကြောင်းအရာများကို နားထောင်နေကြလေသည်။
ဤအချိန်တွင် ဖက်တီးလေးက ကျန်းမန် ကို ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကိုကျန်း၊ မရီးက အစ်ကို မယားငယ် ယူတာကို သဘောတူလား"
ကျန်းမန် သည် ဝိညာဉ်ကျောက်တုံး များကို ရေတွက်ပြီးနောက် တိတ်တဆိတ် သိမ်းဆည်းလိုက်ကာ ဖက်တီးလေး ကို လေးနက်စွာ ကြည့်လိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။
"ကျင့်ကြံလိုက် ငါ ကိုယ်တိုင် မင်းတို့ကို သင်ကြားပေးမယ်"
ဤသို့ဖြင့် ချန်ယွီလည်း ဆိုင်ထဲသို့ ပြန်ဝင်သွားပြီး လော်ရွှမ်နှင့် စကားပြောရုံသာ တတ်နိုင်တော့သည်။
"သခင်လေးကောင်းတကယ် ထူးဆန်းတယ်၊ သူ့ရဲ့ အဆင့်အတန်း က ငါတို့ အတွက် ဘယ်လောက် မြင့်မားတယ် ဆိုတာကို သူ မသိဘူးလား"
"နင်က သူတို့နဲ့ စကားပြောရတာ အဆင်ပြေပုံ ရတယ်၊ ငါ ကတော့ အဲဒီလို မလုပ်နိုင်ဘူး"
လော်ရွှမ်က ပြောလိုက်လေသည်။
ချန်ယွီ အံ့ဩသွားပြီး ပြုံးလျက် ပြောလိုက်လေသည်။
"ဒီလို စကားတွေ လျှောက်မပြောနဲ့နော်၊ ငါ အခု အားကျနေတာ သခင်လေးဖန်ကို၊ သူ့ကို အထင်လွဲသွားအောင် လုပ်ရင် ဘယ်လို လုပ်မလဲ"
" သခင်လေးဖန် က နင့်ကို သဘောကျနေလို့လား"
လော်ရွှမ် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"မဟုတ်ပါဘူး"
ချန်ယွီ က ပြုံးရွှင်စွာ ပြောလိုက်လေသည်။
" သခင်လေးဖန် က ငါ့ကို ဘယ်လို လုပ် သဘောကျမှာလဲ တကယ်လို့ ငါ က သူ့ဘဝ ရဲ့ အဆင်းရဲဆုံး အချိန်မှာ သူနဲ့ နက်ရှိုင်းတဲ့ သံယောဇဉ် ရှိခဲ့မယ် ဆိုရင်တော့ သူ အခု ငါ့ကို သေချာပေါက် သဘောကျမှာပဲ"
"ဒါဆို နင်က သူ့အတွက် အလုပ် သက်သက် လုပ်ပေးနေတာလား"
"ဟုတ်တယ်လေ"
"သူ က နင့်ကို အချိန်မရွေး အစားထိုးလိုက်လို့ ရတယ်ပေါ့"
"ဟုတ်တယ်လေ"
"သူ က နင့်ကို အစားထိုးလိုက်ရင် ဘယ်လို လုပ်မလဲ"
ထိုစကားကို ကြားသော် ချန်ယွီ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"အဲဒီ လူက သခင်လေးဖန် ရဲ့ မိသားစု ကိစ္စတွေကို သေချာ ဖြေရှင်းပေးနိုင်ပြီး သူ့ကို ပိုပြီး အေးအေးဆေးဆေး ကျင့်ကြံနိုင်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
လော်ရွှမ်သည် အရှေ့ရှိ လူကို ကြောင်အမ်းအမ်း ဖြင့် ကြည့်နေလေသည်။
ချန်ယွီက နောက်သို့ အနည်းငယ် ဆုတ်သွားကာ ပြောလိုက်လေသည်။
"ငါ့ကို အဲဒီလို မကြည့်ပါနဲ့၊ သခင်လေးဖန်က တကယ်တော့ ငါ့အပေါ် အရမ်း ကောင်းပါတယ်၊ ဥပမာ နင့်ရဲ့ အခု လက်ရှိ အခြေအနေ ဆိုရင် မျှော်မှန်းထားတာထက် အများကြီး ပိုကောင်းနေတယ် မဟုတ်လား"
"ဟုတ်တယ်" လော်ရွှမ်က တိုးတိုးလေး ပြောလိုက်လေသည်။
"ငါ့ အဖေ ဆီကနေ ငါ သိရသလောက်၊ ကောင်း မိသားစုက ဘာမှ မတောင်းဆိုဘူး တဲ့၊ အားလုံး က ကောင်းယောင်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်တယ်တဲ့"
"သူတို့က သူ့ကို အိမ်ပြန်ပြီး အမွေဆက်ခံ စေချင်နေတာ"
"အမွေဆက်ခံ ဖို့လား အဲဒါ မဖြစ်နိုင်ဘူး"
ဖက်တီးလေး ကျင့်ကြံနေစဉ် စုန့်ချင့် ကို လေးလေးနက်နက် ပြောလိုက်လေသည်။
သူတို့ နှစ်ယောက် အလိုအလျောက် လှမ်းကြည့်လိုက်ကြလေသည်။
စုန့်ချင့် နားမလည်နိုင် ဖြစ်သွားသည်။
"သခင်လေး၊ အဲဒါက သခင်လေး ရဲ့ အိမ်လေ၊ သခင်လေး အမွေဆက်ခံ တာ ဘာဖြစ်လို့လဲ"
"ငါက အဲဒီလို အရည်အချင်း မျိုး ရှိမရှိ မင်း မသိဘူးလား လူဆိုတာ ကိုယ့်ရဲ့ သာမန် ဖြစ်မှုကို လက်ခံရမယ်"
ဖက်တီးလေးက ပြောလိုက်လေသည်။
"ဒါပေမယ့် သခင်လေး ရဲ့ သာမန် ဖြစ်မှုက ကျင့်ကြံရေး မဟုတ်ဘူးလား"
စုန့်ချင့် က ပြောလိုက်လေသည်။
"ငါ့မှာ အစ်ကိုကျန်း ရှိတယ်"
ဖက်တီးလေး က ပြောလိုက်လေသည်။
ကျန်းမန် ခေါင်းညိတ်လိုက်သည်။
"ပညာသင်ပေးလို့ ရတဲ့ ကလေးပဲ"
ဖက်တီးလေး ညအိပ်ပျက်ခံ ပြီး ကြိုးစား ကျင့်ကြံနေတာကို ကြည့်ရတာ သူ အတော်လေး သဘောကျပါတယ်။
အိမ်ပြန်ပြီး အမွေဆက်ခံမယ်။
သူ ဒါမျိုး မကြည့်ရက်ဘူး။
နှမြောစရာ ကောင်းတာက သူက တစ်ကောင်ကြွက် ရောက်လာတာ ဆိုတော့ ဘာပစ္စည်း မှ မရှိဘူး။
အဝါကြီးက မိစ္ဆာနတ်ဘုရား ဖြစ်ပြီးတော့ သူ ကိုယ်တိုင် ဇနီး ရှာပေးတယ်။
အိမ်အပိုင်ဆိုတာ မရှိဘူး။
အိမ်ကတောင် ကိုယ်က သူ့ကို ငှားပေးထားရတာ။
ကျန်းမန် ထွက်ခွာတော့မည့် အချိန်တွင် ချန်ချီဝမ်က သူ့ကို ပြောလိုက်လေသည်၊ မကြာသေးခင်က ယွင်ချန်ဌာနခွဲ၏ ဝန်ထမ်း မှတ်တမ်းများကို လာစစ်ဆေးနေသူ ရှိကြောင်း ပြောပြလေသည်။
ဘယ်သူ့ကို ရှာနေမှန်းတော့ မသိဘူး။
လော့ယွင်မြို့ သာမက တခြား နေရာတွေမှာလည်း အဲဒီလိုပါပဲ တဲ့။
ချန်ယွီ ကလည်း ရွာပေါ်မှာ ဓားစီးပြီး ပျံသန်းနေတဲ့ သူတွေ တစ်ခုခု ရှာဖွေနေတာကို တွေ့ရတယ် လို့ ပြောတယ်။
ကျန်းမန် အတော်လေး စိတ်ဝင်စားသွားသည်၊ ဒါက သူ့ကို ရှာနေတာလား။ ဒါမှမဟုတ် နွားဝါကြီး ကို ရှာနေတာလား။
ဘာလို့လဲဆိုတော့ နွားဝါကြီးက မိစ္ဆာနတ်ဘုရားလေ၊ ကိုယ်တိုင်ကလည်း နတ်သမီးတွေကို ရန်စထားတာ ဆိုတော့။
ထို့အပြင် ဖက်တီးလေးကလည်း သူ့ကို ဒီတစ်ခေါက် နှစ်ပတ်လည် စာမေးပွဲ ဝင်မလား လို့ မေးသေးတယ်။
ကျန်းမန်က သေချာပေါက် ဝင်မယ် လို့ အဖြေပေးလိုက်တယ်။
သေချာပေါက် ဝင်ရမှာပေါ့။
အဲဒီနောက် ဖက်တီးလေးက ထိပ်ဆုံး နေရာတွေကို ထိန်းထားနိုင်ဖို့ ယုံကြည်မှု ရှိလား လို့ ထပ်မေးတယ်။
ကျန်းမန် က လျှို့ဝှက်ဆန်းကြယ်တဲ့ အပြုံးလေး ပြုံးပြလိုက်သည်။
"အများဆုံး သုံးနှစ် အတွင်းမှာ၊ အလင်းရောင်က အပြင်တံခါး တစ်ခုလုံးကို လွှမ်းမိုးသွားလိမ့်မယ်"
ပြီးတော့ ကျန်းမန် ထွက်သွားခဲ့လေသည်။
ဖက်တီးလေး တို့ကတော့ အချင်းချင်း ကြည့်နေကြသည်။
ဘာအဓိပ္ပာယ်လဲ။
"အစ်ကိုကျန်းက ပဟေဠိ တွေ ပိုပို ပြောတတ်လာတယ်"
ဖက်တီးလေး က ပြောလိုက်လေသည်။
——
ပြန်ရာ လမ်းတွင် ကျန်းမန်သည် ဖန်ယုံ နှင့် တွေ့ဆုံခဲ့လေသည်။
ဖန်ယုံက သူ့ကို ဝိညာဉ်ကျောက်တုံး ငါးသောင်းခွဲ ပေးလိုက်လေသည်။
ကျန်းမန် ကြောင်အမ်းသွားခဲ့လေသည်။
"မင်း ဘယ်က သခင်လေး သခင်မလေး ရဲ့ ဝိညာဉ်ကျောက်တုံး တွေကို လုပြီး ငါ့ကို အပြစ်လာပုံချမလို့လဲ"
ဖန်ယုံ က ကျန်းမန် ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ငါက အဲဒီလို လူမျိုးလား"
"မဟုတ်ဘူးလား"
ကျန်းမန် က ပြန်မေးလိုက်လေသည်။
ဖန်ယုံ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တော့ ဟုတ်ပါတယ်"
ထို့နောက် သူက ရှင်းပြလိုက်လေသည်။
ကျန်းမန် အံ့ဩသွားခဲ့လေသည်။
"ရှစ်သောင်း"
"ဒါက သတင်းကို အပြီးအပိုင် ဝယ်လိုက်တာ၊ မင်းလည်း တခြား လူတွေကို ထပ်ပြောလို့ မရဘူး"
ဖန်ယုံက ပြောလိုက်လေသည်။
ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တဲ့ ငါက တကယ်ကို တန်ဖိုး ရှိတာပဲ၊ ကျန်းမန် ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပါပြီ၊ ပိုက်ဆံ ရရင် အလုပ် လုပ်ပေးမယ်၊ ပြဿနာ မရှိပါဘူး"
ဖန်ယုံသည် ကျန်းမန် ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်လေသည်။
"မင်းဆီမှာ ဝိညာဉ်ကျောက်တုံး တွေ ရှိနေပြီ ဆိုတော့ ငါ့ ဝိညာဉ်ကျောက်တုံးတွေ ပြန်ဆပ်လို့ ရပြီ မဟုတ်လား"
"သေချာ ပြင်ဆင်ထားပါ၊ ဒီနှစ် နှစ်ပတ်လည် စာမေးပွဲ ကျရင် မင်းကို နာမည်ကြီးအောင် လုပ်ပေးမယ်"
ကျန်းမန်က ပြောရင်း လှည့်ထွက်သွားခဲ့လေသည်။
အကြွေးက နောက်နှစ် မှ ဆပ်ရမှာလေ၊ ဒီနှစ် ဆပ်စရာ မလိုပါဘူး။
ဝိညာဉ်ကျောက်တုံး သုံးသောင်းကျော် ထွက်သွားပြီး ခြောက်သောင်းခွဲ ပြန်ရလာလိမ့်မယ် လို့ ကျန်းမန် ဘယ်လိုမှ မထင်ထားခဲ့ဘူး။
ဒါကို ကြည့်ရင် သူ ပိုပြီး ကောင်းကောင်း တိုးတက်နိုင်ပြီပေါ့။
နောက်တစ်နေ့
ကျန်းမန် အဋ္ဌမမြောက် ခြံဝင်း သို့ ရောက်လာခဲ့လေသည်။
ဒီနေ့ မတ်လ လေးရက်နေ့
စာမေးပွဲ ရလဒ် တွေ ထွက်လာပြီ။
အံ့ဩစရာ မရှိပါဘူး၊ ကျိုးပုဖန်က ပထမနေရာ ပါပဲ၊ ဒီအချိန် မှာ သူ့ကိုယ်ပေါ် က အငွေ့အသက် တွေတောင် နည်းနည်း ပြောင်းလဲသွားပြီ။
အမြဲတမ်း ပထမနေရာ ရနေတော့ အရင်းအမြစ် တွေ အများကြီး ရလာပုံ ရတယ်။
ဒီအတိုင်း ဆက်သွားရင် ဒုတိယ နေရာကို အဝေးကြီး ဖြတ်သွားနိုင်လိမ့်မယ်။
ကျောက်ယောင်ယောင်က ကျန်းမန် ကို မြင်တော့ မေးလိုက်လေသည်။
"ကျန်းမန်၊ ဇွန်လ စာမေးပွဲ ကို ဝင်ဖြေဦးမလား"
ကျန်းမန် ခေါင်းညိတ်လိုက်သည်။
"ဝင်ဖြေရမှာပေါ့"
"နှစ်ပတ်လည် စာမေးပွဲ ရော ဝင်ဖြေမှာလား"
ကျိုးပုဖန် က မေးလိုက်လေသည်။
ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။
"ဒါဆို မင်းမှာ အဖွဲ့ ရှိပြီလား"
ကျောက်ယောင်ယောင် က မေးလိုက်လေသည်။
ကျန်းမန်က အမှန်အတိုင်း ပြောပြလိုက်သည်။
"သုံးယောက် အဖွဲ့ လား နဝမမြောက် ခြံဝင်းက တစ်ယောက် ရှာထားတယ်၊ နောက်ထပ် တစ်နေရာ လွတ်သေးတယ်"
ကျိုးပုဖန်က နှမြောစွာ ပြောလိုက်လေသည်။
"ငါက မိသားစု အစီအစဉ် ကို နားထောင်ရမယ်"
ကျောက်ယောင်ယောင် ကလည်း သက်ပြင်းချကာ ပြောလိုက်လေသည်။
"ငါ့မှာလည်း အရင်က အဖွဲ့ ရှိနေပြီ"
"ကျွန်တော် ဝင်လို့ ရမလား" လင်းချင်းရှန်က မေးလိုက်လေသည်။
ကျန်းမန်က တစ်ဖက်လူ၏ မျက်ကွင်းညိုများကို ကြည့်ကာ ပြောလိုက်လေသည်။
"ပါရမီရှင်ပဲ"
ထို့နောက် သူ သေချာပေါက် သဘောတူလိုက်လေသည်။
"ကျိုးပုဖန် နဲ့ ကျောက်ယောင်ယောင်က သူတို့ ပထမ ဒုတိယ နေရာ ကို ကြာကြာ ယူထားနိုင်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာလား"
ချောင်ချန် က တိုးတိုးလေး ပြောလိုက်လေသည်။
အန်းရုံ ခေါင်းညိတ်လိုက်သည်။
"သေချာပေါက် ဟုတ်မှာပေါ့၊ မင်း သာ ပထမ ဒုတိယ နေရာ ရရင်လည်း အဲဒီလို ဖြစ်မှာပဲ၊ တတိယ နေရာက အခြေအနေကို ပိုသိတယ်"
"ရေးလိုက်"
ဝေ့ပေ့ချွမ်၏ အေးစက်သော အသံ ထွက်ပေါ်လာခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် ထိုနှစ်ယောက် သည် ခေါင်းငုံ့ကာ စာများ ဆက်ရေးနေကြလေသည်။
အကြောင်းအရာ ကတော့ - ငါ မှားသွားပါပြီ၊ ဝေ့ပေ့ချွမ် ကို မလှောင်ပြောင်သင့်ပါဘူးတဲ့။
ကျန်းမန် ကြည့်ရင်း အံ့ဩသွားသည်၊ ဒီလူတွေ ဦးနှောက် မမှန်ကြဘူး။
သူတို့ ဘာလို့ ရေးနေရသလဲ ဆိုတဲ့ အကြောင်းရင်းက အရမ်း ရိုးရှင်းပါတယ်၊ ဝေ့ပေ့ချွမ်က သူတို့ကို ကျော်တက်သွားလို့ပါ။
အခု ခြံဝင်းငယ် ရဲ့ စတုတ္ထ နေရာ ရောက်နေပြီ။
အဆင့်သတ်မှတ်ချက် ညံ့တာက အားနည်းတာပဲ၊ အားနည်းတဲ့ သူက ခြံဝင်းငယ် ထဲမှာ လူကို လှောင်ပြောင်ရင် တန်ဖိုး ပေးဆပ်ရမှာပဲ။
——
ရှေးဟောင်း ခြံဝင်းငယ်။
ချင်းတိုက် သည် အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့ပြီး တံခါး မပိတ်ထားသည်ကို မြင်သော် အထဲသို့ လှမ်းဝင်သွားကာ မှန်တင်ခုံ အနားတွင် ရပ်ပြီး မုန့်ချဲ့ဝေ့ကို တိုးတိုးလေး ပြောလိုက်လေသည်။
"သခင်မလေး စာရင်း ပို့လာပြီ ကြည့်ဦးမလား"