အခန်း ၂၀၄
Vol. 14 Ch. 204
အခန်း ၂၀၄ - အဆင့် (၁၀) ဗူးသီးခြောက် ရတနာနှင့် ဧကရာဇ်ဝတ်စုံ ဝတ်ဆင်ထားသော လူသား သန့်ရှင်းသောခန္ဓာကိုယ်
လူသားဝိညာဉ် သုံးသန်းကျော် သံသရာဝဲဩဃထဲ ဝင်ရောက်သွားသည်ကို စောင့်ကြည့်ပြီးနောက် လီယွဲ့သည် သူ၏ရှေ့မှောက်ရှိ သုမေရုလက်ငါးချောင်း ကို ဖျောက်ဖျက်လိုက်၏။ သူသည် ခြေတစ်လှမ်းလှမ်းကာ ပိုင်ဟုတောင်၏ အောက်ခြေရှိ သေးငယ်သော အာကာသနယ်မြေတစ်ခုထဲသို့ ဝင်ရောက်ခဲ့သည်။
ပိုင်ဟုတောင်တန်းများ၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် တည်ရှိသည့် ဤနေရာသည် နတ်တိမ်တိုက်များနှင့် မြူခိုးများကဲ့သို့ အလွန်တရာ ထူထပ်လှသော ဝိညာဉ်အလင်းတန်းများဖြင့် ဝန်းရံထားပေသည်။
"ဒီမိစ္ဆာဘုရင်ကတော့ ဒီနေရာကို သတိထားမိမှာ မဟုတ်ဘူး… ဒါက မြေအောက် ပေရာပေါင်းများစွာ နက်ရှိုင်းတဲ့နေရာမှာ ရှိတာလေ… ပြီးတော့ ဒါက အဆင့် (၇) တောင်ထိပ်တစ်ခုပဲ… ဝိညာဉ်အလင်းတန်းတွေ ကြွယ်ဝရုံတင်မကဘဲ မင်းဆက်ရဲ့ ကြီးမားတဲ့ စွမ်းပကားတွေလည်း ကိန်းအောင်းနေတာ"
မိစ္ဆာဘုရင်၏ အာရုံခံနိုင်စွမ်းသည်ပင် ဤမျှ နက်ရှိုင်းသောနေရာအထိ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိချေ။
သူက ရှေ့ကို ကြည့်လိုက်၏။
ထိုနေရာတွင် ပန်းကန်လုံးတစ်လုံးစာခန့် ထူထဲသော၊ ကျောက်စိမ်းကဲ့သို့ စိမ်းစိုပြီး တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် နွယ်ပင်အိုကြီး တစ်ပင် ရှိနေသည်။
ထိုနွယ်ပင်အိုကြီးသည် သုံးလံမျှသာ ရှည်လျားသော်လည်း ယင်းထံမှ ကြွယ်ဝလှသော ဝိညာဉ်အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေပေသည်။ ယင်း၏ ထိပ်ဖျားတွင် ဗူးသီးခြောက်ဖြူတစ်လုံး သီးပွင့်နေပြီး ၎င်းပေါ်၌ ကောင်းကင်နှင့် မြေကမ္ဘာ၏ တာအိုမဟာတရားတော်၏ အငွေ့အသက်များကို သယ်ဆောင်ထားသည့် စာတန်းအမြောက်အမြား ရှိနေပေသည်။
ထို့အပြင် ထိုဗူးသီးခြောက်ထံမှ အလွန်တရာ ထက်မြက်လှသော အငွေ့အသက်များ ဖြာထွက်နေပြီး ယင်းအတွင်း၌ တိုင်ယီရွှေစွမ်းအင် တစ်ခု ကိန်းအောင်းနေပေ၏။
"ဒီကျားမိစ္ဆာမျိုးနွယ်စုက ပိုင်ဟုတောင်ကို လာသိမ်းပိုက်ထားတာ မဆန်းပါဘူး…
ဒီပိုင်ဟုတောင်အောက်က ဝိညာဉ်စွမ်းအင်တွေမှာ မွေးရာပါ ဂုဏ်သတ္တိတွေ ရှိနေပြီး သတ္တုဓာတ်စွမ်းအင်အုပ်စုထဲ ဝင်နေတာကိုး… ဒါကြောင့်မလို့ ထွက်ပေါ်လာတဲ့ ဒီအဆင့် (၁၀) ရတနာကလည်း သတ္တုဓာတ်ကနေ ဖြစ်တည်လာတာပဲ"
လီယွဲ့၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤဗူးသီးခြောက်ဖြူသည် အဆင့် (၁၀) ပစ္စည်းများထဲတွင်ပင် အလွန်တရာ ထူးခြားထက်မြက်လှပေသည်။
အမှန်တော့ ယင်း၌ နှိုင်းယှဉ်၍မရအောင် ထက်မြက်ပြီး သဘာဝအတိုင်း တန်ဖိုးအလွန်ကြီးမားသော တိုင်ယီရွှေစွမ်းအင်တစ်ခု ပါဝင်နေခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း လက်ရှိအချိန်တွင် ဤဗူးသီးခြောက်ဖြူသည် ထင်ရှားစွာပင် ရင့်မှည့်ခြင်း မရှိသေးချေ။
သို့သော် ဤအရာက သူ့အတွက် ဘာမှမဟုတ်ချေ။ သူသည် ထိုနေ့က မွေးဖွားခဲ့သော သန့်ရှင်းသည့် ဝိညာဉ်၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့သည်။ ယခုအခါ ဤပစ္စည်းဖြင့် သူသည် ယင်း၏ ရင့်မှည့်မှုကို သဘာဝအတိုင်း အရှိန်မြှင့်တင်ပေးနိုင်သည်။
ရှူး…
နတ်ဘုရားစွမ်းအား အမျှင်တန်း တစ်သောင်းခန့် ပျံထွက်လာပြီး ကောင်းကင်ယံတွင် ကပြနေသော ရေတွက်၍မရသည့် နတ်ဘုရားအင်းကွက်များအဖြစ် ပြောင်းလဲသွားကာ ဤသေးငယ်သော အာကာသနေရာ၏ နံရံများပေါ်သို့ ရုတ်တရက် ရိုက်နှိပ်သွားတော့သည်။
ဤသည်မှာ ခဏတာ မျှသာ ဖြစ်သည်။ မြေကမ္ဘာအောက်ခြေမှ ယခင်ထက် အဆပေါင်းရာချီ ပိုမိုကြီးမားသော ကမ္ဘာမြေကြောများ၏ စွမ်းအားများ ထွက်ပေါ်လာပြီး ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲကာ နွယ်ပင်အိုကြီးထဲသို့ ပေါင်းစပ်သွားတော့သည်။
ထို့နောက် ရွှေရောင်စွမ်းအင်မျှင်တန်းများ စုရုံးလာပြီး ထိုတိုင်ယီရွှေစွမ်းအင်ကို ပိုမိုအားကောင်းစေခဲ့သည်။
"ခြောက်လလောက်ဆိုရင် အဆင်သင့်ဖြစ်ပြီ ထင်တယ်" လီယွဲ့ တိုးတိုးလေး ရေရွတ်လိုက်၏။
သူသည် မျက်တောင်တစ်ခတ်အတွင်း ပိုင်ဟုတောင်မှ ပျောက်ကွယ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ အတွင်း မတ်တပ်ရပ်လျက် သူသည် မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေကို ငုံ့ကြည့်လိုက်သည်။ သူ၏ စီရင်ပိုင်ခွင့်နယ်မြေ ဧကသန်းတစ်ရာလုံးသည် သူ၏စိတ်ထဲတွင် သေချာရေရာပြီး ရှင်းလင်းပြတ်သားစွာ ပေါ်လွင်နေပေသည်။
သူသည် များပြားလှသော မိစ္ဆာများကို မြင်တွေ့ရ၏။
သူတို့သည် ဝိညာဉ်ဆိုးများကိုလည်း မြင်တွေ့ရသည်။ နေရာအနှံ့အပြားတွင် သစ္စာဖောက်များ ရှိနေပြီး လူသားတို့၏ ရုပ်ဆိုးအကျည်းတန်မှု အမြောက်အမြားကိုလည်း သူ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
အချို့သော သစ္စာဖောက်လူပုဂ္ဂိုလ်များသည် မိစ္ဆာများကို စိတ်ကျေနပ်မှုပေးရန်အတွက် သီးသန့်အဖွဲ့အစည်းများကို တည်ထောင်ထားကြပြီး မိစ္ဆာအရှင်သခင်များကို ဖားယားရန်အတွက် မိမိတို့၏ လူသားအချင်းချင်းကို ပိုမိုအရသာရှိအောင် မည်သို့ချက်ပြုတ်ရမည်ကိုပင် သုတေသနပြုလုပ်နေကြသည်။
အချို့သော ရွာများတွင် အဆင့်နိမ့် မိစ္ဆာများ အခြေချနေထိုင်ကြပြီး တစ်ခါတစ်ရံ လူတစ်ဦး သို့မဟုတ် နှစ်ဦးကို စားသောက်လေ့ရှိသည်။ ထိုမြို့များသည် အဆင့် (၃) နှင့် အဆင့် (၄) မိစ္ဆာများ၏ နယ်မြေများဖြစ်ကြပြီး ၎င်းတို့သည် မြင့်မြတ်လှသည်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကာ လူသားများကို တိရစ္ဆာန်များကဲ့သို့ ဆက်ဆံကြသည်။
ခရိုင်မြို့အသီးသီးတွင်မူ အဆင့် (၅)နှင့် အဆင့် (၆) မိစ္ဆာများက ထီးထီးကြီး စိုးစံနေကြပြီး ၎င်းတို့သည် မိမိတို့ကို အလုပ်အကျွေးပြုရန်အတွက် သစ္စာဖောက်လူသား အမြောက်အမြားကို ယဉ်ပါးအောင် မွေးမြူထားကြသည်။
မိစ္ဆာအတတ်ကို လေ့ကျင့်ကာ မိစ္ဆာများအဖြစ် ကူးပြောင်းသွားကြပြီးနောက် မိစ္ဆာများကဲ့သို့ပင် မိမိတို့၏ ယခင်လူသားမျိုးနွယ်ဝင်များကို ပြန်လည်စားသောက်နေကြသည့် သစ္စာဖောက် အမြောက်အမြားပင် ရှိနေသေးသည်။ နေရာတိုင်းတွင် လူသားတို့၏ သွေးနှင့် မျက်ရည်များသာ ရှိပေသည်။
နေရာတိုင်းတွင် လူသားတို့၏ အလောင်းများနှင့် အရိုးစုများ ရှိနေပေသည်။
ဤကမ္ဘာတွင် လူသားများသည် မိစ္ဆာများ၏ သားကောင်များ မျှသာ ဖြစ်ကြ၏။
"စွမ်းအားကြီးတဲ့ လူသားစစ်သည်တော်တွေ အားလုံး ဘယ်ရောက်ကုန်ကြတာလဲ… လူသားဧကရာဇ်အဆင့် ဖြစ်တည်မှုတွေကော ဘယ်မှာလဲ… လူသားတွေ မိစ္ဆာတွေရဲ့ အစားအစာ ဖြစ်နေတာကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား"
လီယွဲ့၏ စိတ်ခံစားချက်များမှာ လှိုင်းထန်နေရသည်။ ဤရာထူးတိုးမြှင့်ခြင်းသည် သူ၏ စီရင်ပိုင်ခွင့်နယ်မြေမှာ ကျယ်ပြောလှသော နယ်နိမိတ်ကို လွှမ်းခြုံသွားပြီဟု အဓိပ္ပာယ်ရပေသည်။ မဟာကျိုးမင်းဆက်တွင် မူလက ပြည်နယ် (၁၈) ခု ရှိခဲ့သည်။ ယခုအခါ သူသည် ပြည်နယ်တစ်ခုထက်မကသော နယ်မြေကို သိမ်းပိုက်ထားပြီ ဖြစ်သည်။
ဤမျှ ကျယ်ပြောသော နယ်မြေနှင့်အတူ သူတွေ့မြင်ခဲ့ရသော ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယိုမှု၊ ပြစ်မှုဒုစရိုက်များနှင့် ဆင်းရဲဒုက္ခများမှာ ယခင်က မြင်တွေ့ခဲ့ရသမျှထက် များစွာ သာလွန်လွန်ကဲလှပေသည်။
"လူသားမျိုးနွယ် ဆုတ်ယုတ်ကျဆင်းချိန်မှာ နတ်ဘုရားလမ်းစဉ်က ဆူးခက်တောတွေကို ဖြတ်ကျော်ပြီး လမ်းခင်းပေးရမယ်"
ယခုအခိုက်အတန့်၌ သူသည် ဤစာကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ လူသားမျိုးနွယ် မည်မျှအထိ ဆုတ်ယုတ်ကျဆင်းသွားခဲ့သည်ကိုလည်း သူ အမှန်တကယ် နားလည်သွားခဲ့သည်။
ဤသည်ကား မည်သည့်လူသားအတွက်မဆို မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေသော ခေတ်ကာလတစ်ခု ဖြစ်ပေသည်။ ဤခေတ်တွင် မွေးဖွားလာသော လူသားများသည် သံသယဖြစ်စရာမလိုဘဲ အဆိုးရွားဆုံး သနားစရာကောင်းလှပေသည်။
သို့သော် အနည်းဆုံးတော့…
"ငါ့ရဲ့ စီရင်ပိုင်ခွင့်နယ်မြေထဲမှာရှိတဲ့ လူသားတွေကတော့ ဆင်းရဲဒုက္ခမရောက်တော့ဘူး"
သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။
လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်သည်။
ရုတ်တရက်… လေရှောင်ပြည်နယ်တစ်ခုလုံး၏ ကောင်းကင်ယံထက်တွင် မည်းမှောင်သော တိမ်တိုက်များ စုရုံးလာတော့သည်။
မင်တာအိုပြည်နယ် ၏ သုံးပုံတစ်ပုံခန့်ရှိသော နယ်မြေသည်လည်း အဆုံးမဲ့မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဤအခိုက်အတန့်၌… မည်းမှောင်သော တိမ်တိုက်များအောက်တွင် ရောက်ရှိနေကြသော အောက်ခြေမှ လူသားများအားလုံး အံ့ဩတုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်ကြသည်။
လွန်ခဲ့သည့် မိနစ်ပိုင်းကမျှ နေ့ခင်းဘက် ဖြစ်သည်။ သို့သော် မျက်တောင်ခတ်အတွင်း မည်းမှောင်သော တိမ်တိုက်များ လွင့်မျောလာပြီး ညဉ့်အမှောင်ထုအဖြစ် ပြောင်းလဲသွားတော့သည်။
"ဘာဖြစ်တာလဲ… ဒီလောက်ကြီးမားတဲ့ တိမ်တိုက်မည်းကြီး ရုတ်တရက် ပေါ်လာပြီး နေ့ကို ညဖြစ်အောင် လုပ်လိုက်ရတာလဲ… နှိုင်းယှဉ်လို့မရတဲ့ မိစ္ဆာဆိုးကြီးတစ်ကောင် ထွက်ပေါ်လာတာများလား"
"အမေ... ဘယ်မှာလဲ"
"အဖေ... အဖေ... သမီးကြောက်တယ်"
"သမီးလေး... အမေ့ဆီ မြန်မြန်လာခဲ့"
ရုတ်ချည်းဆိုသလို များပြားလှသော လူသားများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏ ကလေးငယ်များကို ပွေ့ဖက်ကာ တုန်တုန်ရင်ရင်ဖြင့် အိမ်ထဲသို့ ဆုတ်ခွာပြေးဝင်ကြတော့သည်။
မိစ္ဆာများ၏ တိုက်ခိုက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော လူသားမျိုးနွယ်၏ မျက်လုံးများတွင်မူ ဤမည်းမှောင်သော တိမ်တိုက်များ ရုတ်တရက် ပေါ်လာခြင်းသည် မိစ္ဆာများနှင့် မလွဲမသွေ သက်ဆိုင်နေရမည်။ အချို့သော စွမ်းအားကြီးမားသည့် ကိုယ်ခံပညာရှင်များပင် ဤအခိုက်အတန့်တွင် ဦးရေပြားများ ထုံကျင်လာသလို ခံစားလိုက်ရသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိစ္ဆာဆိုးကြီး မွေးဖွားလာတာလဲ… တိမ်တိုက်မည်းတွေက လှိမ့်ဝင်လာပြီး ကောင်းကင်နဲ့ နေမင်းကို ဖုံးကွယ်ထားတယ်… ဒါက အနှိုင်းမဲ့မိစ္ဆာကြီးတစ်ကောင် ထွက်ပေါ်လာတော့မယ့် နိမိတ်ပဲ"
"နောက်ထပ် အနှိုင်းမဲ့မိစ္ဆာတစ်ကောင် ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ… ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာဘုရင်တစ်ပါး ဖြစ်နေမလား"
"ကောင်းကင်ဘုံက ငါတို့လူသားမျိုးနွယ်ကို တကယ်ပဲ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလား" "ကောင်းကင်ကြီးရဲ့... ငါတို့လူသားတွေက ဘာအပြစ်တွေ လုပ်ခဲ့လို့ မိစ္ဆာတွေရဲ့ ဝါးမြိုခြင်းကို ခံနေရတာလဲ"
ကိုယ်ခံပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တုန်လှုပ်ခြင်း၊ ငိုကြွေးခြင်း သို့မဟုတ် မြေပြင်တွင် ဒူးထောက်ခြင်းများ ပြုလုပ်နေကြသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင်… မြင့်မြတ်ပြီး အာဏာစက်ပြည့်နှက်နေသော အသံတစ်သံသည် ကောင်းကင်နှင့် မြေကမ္ဘာအနှံ့ ဟိန်းထွက်လာခဲ့သည်။
"ငါက နတ်ဘုရားတစ်ပါးပဲ… လောကီခရိုင်အသီးသီးရဲ့ ခရိုင်မြို့စောင့်နတ်မင်း ဖြစ်တယ်… ယခုအခါ နတ်ဘုရားလမ်းစဉ်က တိုးချဲ့လာပြီး မြေပြင်ခပ်သိမ်းကို အုပ်ချုပ်စိုးစံပြီ… ငါ့ကို ယုံကြည်ကိုးကွယ်သူတွေက ကောင်းချီးမင်္ဂလာ ခံစားရမယ်… သက်ဝင်ယုံကြည်သူတွေက နတ်ဘုရားရဲ့ ကရုဏာတော်ကို ရရှိနိုင်မယ်… လူစားတဲ့ မိစ္ဆာအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်… ဝိညာဉ်ဆိုးအားလုံးကို ဖျက်ဆီးပစ်မယ်"
ထိုအသံမှာ ကောင်းကင်နှင့် မြေကမ္ဘာ၏ အသံကဲ့သို့ ကျယ်ပြောလှပြီး ဟိန်းထွက်နေပေသည်။ ထိုအသံထဲတွင် ကမ္ဘာခပ်သိမ်းကို လွှမ်းမိုးထားပြီး ထာဝရကာလကို ဖြတ်သန်းစီးဆင်းသွားမည့်အလား အတုမရှိလှသော နတ်ဘုရားစွမ်းပကားများ ကိန်းအောင်းနေပေသည်။
ဝုန်း…!
မိုးကြိုးလျှပ်စီးကြောင်းများသည် မည်းမှောင်သော တိမ်တိုက်များထဲမှ တဖြန်းဖြန်း မြည်ဟည်းကာ ထွက်ပေါ်လာကြသည်။ ထိုမိုးကြိုးများသည် ရှေးဟောင်းကာလမှ ကြမ်းကြုတ်လှသော မိုးကြိုးနဂါးကြီးများကဲ့သို့ လှည့်လည်သွားလာနေကြပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်ဖော်နေကြသည်။
ကမ္ဘာကြီးတစ်ခုလုံးသည် မိုးကြိုးလျှပ်စီးတန်းများကြောင့် နောက်တစ်ကြိမ် ပြန်လည်လင်းထိန်သွားခဲ့သည်။
လူသားတစ်ဦးသည် ကြောက်ရွံ့စွာဖြင့် မော့ကြည့်နေပြီး အခြားသော လူအမြောက်အမြားမှာမူ မြေပြင်တွင် မငြိမ်မသက် ဒူးထောက်လျက် နတ်ဘုရား၏ အကာအကွယ်ကို ရရှိရန် တိုးတိုးလေး ဆုတောင်းနေကြသည်။
ထို့ပြင် မိစ္ဆာအမြောက်အမြားမှာမူ ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြပြီး ကောင်းကင်ယံမှ မိုးကြိုးများကို အဆုံးမဲ့ကြောက်ရွံ့စိတ်ဖြင့် စိုက်ကြည့်နေကြသည်။
အချို့သော ခရိုင်မြို့များရှိ အဆင့် (၅)နှင့် အဆင့် (၆) မိစ္ဆာများ၊ ဝှက်ကွယ်နေသော အဆင့် (၇) မိစ္ဆာများပင်လျှင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဝေဟင်သို့ ပျံတက်ကာ အဆုံးမဲ့မိုးကြိုးများထံမှ ထွက်ပြေးရန် ကြိုးစားနေကြသည်။
"ဟင်"
နတ်ဘုရားနယ်မြေ အတွင်း၌ လီယွဲ့သည် အရှေ့ဘက်ဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူ့စီရင်ပိုင်ခွင့်နယ်မြေ၏ နယ်နိမိတ်အနားသတ်တွင် မရေမရာသော ပုံရိပ်တစ်ခု ဗလာနတ္ထိ ပေါ်ထွက်လာသည်။ ယင်းသည် အရိပ်အယောင်မျှသာ ဖြစ်သော်လည်း ကောင်းကင်နှင့် မြေကမ္ဘာကို လွှမ်းမိုးထားပြီး ကျားတစ်ကောင်ကဲ့သို့ မိုင်ပေါင်းထောင်ချီကို ဝါးမြိုပစ်နိုင်မည့်အလား ထူးခြားပြောင်မြောက်သော အငွေ့အသက်များကို ပိုင်ဆိုင်ထားပေသည်။
ထို့အပြင် ယင်း၌ ကောင်းကင်ဘုံကို ဖျက်ဆီးပစ်နိုင်သော ကမ္ဘာဦးစကြဝဠာ၏ ပျက်စီးခြင်းမရှိ ထာဝရတည်တံ့ခိုင်မြဲသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ ရှိနေသည်။
ထိုသူသည် ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သရဖူကို ဆောင်းထားပေသည်။
"နောက်ဆုံးတော့လည်း… ဒီနတ်ဘုရားတွေရဲ့ ခေတ်ကာလ ရောက်ရှိလာချိန်မှာတော့..."
ဧကရာဇ်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်သည် တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ထိုသက်ပြင်းချသံသည် လီယွဲ့၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်းသို့ ပျံ့လွင့်ရောက်ရှိလာခဲ့လေသည်။