အခန်း ၂၀၆
Vol. 14 Ch. 206
အခန်း ၂၀၆ - ကျိရွှမ်နိ၏ ခါးသီးမှုနှင့် မဟာချန်မင်းဆက် ၏ နတ်ဘုရားများ
"တာအိုမိတ်ဆွေ ဒီမှာ ရှိနေပါလျက်နဲ့ ဘာလို့ မိစ္ဆာတွေက လူသားတွေကို စားသောက်နေတာကို ဒီအတိုင်း လွှတ်ထားရတာလဲ"
လီယွဲ့သည် သူ၏ရှေ့မှောက်ရှိ ကျိရွှမ်နိကို စိုက်ကြည့်လိုက်၏။
သူ၏နောက်ကွယ် စီရင်ပိုင်ခွင့်နယ်မြေ အတွင်း၌မူ မည်းမှောင်သော တိမ်တိုက်များမှာ အဆက်မပြတ် လှိမ့်ဝင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးတန်းများသည် ကောင်းကင်နှင့် မြေပြင်အနှံ့ ဖြတ်သန်းသွားလာနေကြသည်။
မိုးကြိုးလျှပ်စီးတန်းတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားများ ကိန်းအောင်းနေပြီး ကြီးကျယ်ခမ်းနားလှရာ လူသားများကို ရိုသေခန့်ညားစေပြီး မိစ္ဆာများကို ထိတ်လန့်တုန်လှုပ်စေပေသည်။
"ဒီအတိုင်း လွှတ်ထားတာ မဟုတ်ပါဘူး... ငါ မလုပ်နိုင်လို့ပါ..."
ကျိရွှမ်နိ၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်သွား၏။
"ငါ့ရဲ့ ဝိညာဉ်အကြွင်းအကျန်က အဲဒီတုန်းက ငါ တည်ဆောက်ခဲ့တဲ့ ဒီအင်းကွက်ကြောင့် ပြန်လာနိုင်ခဲ့တာပဲ… ဒါပေမဲ့ ငါကလည်း ဒီအင်းကွက်ရဲ့ ချုပ်နှောင်မှုကို ခံထားရလို့ အင်ပါယာရဲ့ နယ်နိမိတ်အတွင်းမှာ ဘယ်စွမ်းအားကိုမှ မထုတ်ဖော်နိုင်ဘူး… အပြင်ဘက်ကိုပဲ သုံးလို့ရတာ... ဒါ့အပြင် ငါက ဝိညာဉ်အကြွင်းအကျန်မျှသာ ဖြစ်လို့ အချိန်အများစုမှာ အိပ်စက်နေဖို့ လိုအပ်တယ်… ဒီနှစ်တွေအတွင်း ငါ လူအချို့ကို လေ့ကျင့်ပေးခဲ့ပေမယ့် ဘယ်သူမှ အဆင့် (၉) ကို မရောက်ခဲ့ကြဘူး… အဲဒီမိစ္ဆာဘုရင်တွေကို ယှဉ်နိုင်စွမ်း မရှိကြဘူးပေါ့..."
သူသည် တစ်ချိန်က မဟာကျိုးမင်းဆက်၏ ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးသည်။ သူ နောက်ပိုင်းတွင် နန်းစွန့်ခဲ့သော်လည်း အင်ပါယာအတွင်းရှိ ပြည်သူများမှာ သူ၏ လက်အောက်ခံများ ဖြစ်နေဆဲ ဖြစ်၏။ မိမိ၏ ပြည်သူများက မိစ္ဆာများ၏ သားကောင် ဖြစ်နေသည်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေရသည့် သူ၏ ဝမ်းနည်းပူဆွေးမှုကို မည်သူက နားလည်နိုင်မည်နည်း။
"ငါ့ရဲ့ မဟာကျိုးမင်းဆက်ရဲ့ ပြည်သူတွေကို ကာကွယ်ပေးတဲ့အတွက် တာအိုမိတ်ဆွေကို တကယ်ပဲ ကျေးဇူးတင်ပါတယ်"
သူ စကားပြောပြီးချိန်တွင် လီယွဲ့ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ဂါရဝပြုလိုက်၏။
"ဒါက ငါ့ရဲ့ တတာဝန်ပါပဲ"
လီယွဲ့က ခေါင်းခါလိုက်သည်။
လူသားမျိုးနွယ်ကို ကာကွယ်ခြင်းသည် သူ၏ နတ်ဘုရားလမ်းစဉ်မှ လုပ်ဆောင်ရမည့်အရာ ဖြစ်ပြီး သူ၏ နတ်ဘုရားစွမ်းအား၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။
ရှူး…
သူက လက်ကို သာသာယာယာ ဝှေ့ယမ်းလိုက်၏။ လေးပြင်ကျယ်ခရိုင်အတွင်းရှိ ချင်ဝမ်ဂယ်၏ ခန္ဓာကိုယ်သည် ဗလာနတ္ထိ ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် လီယွဲ့၏ နောက်ကွယ်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
နက်မှောင်ရွှေရောင်ရှိသော နတ်ဘုရားဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ရှိသော နတ်ဘုရားသရဖူကို ဆောင်းထားသည့် လီယွဲ့၏ ကျောပြင်ကို မြင်လိုက်ရချိန်တွင် ချင်ဝမ်ဂယ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။ သို့သော်လည်း သူမသည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး သူမ၏ မျက်နှာတွင် ဝမ်းမြောက်မှုနှင့် ရိုသေမှုများ ချက်ချင်း ထင်ဟပ်လာကာ
"ချင်ဝမ်ဂယ်က အရှင်လီယွဲ့ကို ဂါရဝပြုပါတယ် အရှင်"
သူမသည် အသက် (၁၀) နှစ်မျှသာ ရှိသေးသော်လည်း အလွန်တရာ တင့်တယ်လှပသော မိန်းကလေးငယ်တစ်ဦး၏ အရိပ်အယောင်များ ပေါ်ထွက်နေပြီ ဖြစ်သည်။ ထို့ပြင် လူသားမျိုးနွယ်၏ သန့်ရှင်းသောခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သည့်အလျောက် သူမသည် အချိန်မတိုင်မီ ရင့်ကျက်နေပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း အဆင့် (၅) ဂူကောင်းကင်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်၏။
အသက် (၁၀) နှစ်အရွယ်နှင့် ဂူကောင်းကင်အဆင့်ပင်။ ယင်းသည် သာမန် ဂူကောင်းကင်အဆင့်မျှ မဟုတ်ချေ။ သူမသည် ဂူကောင်းကင် ငါးခုအထိ ဖွင့်လှစ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သာမန် အဆင့် (၅) ဂူကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဂူကောင်းကင်တစ်ခုသာ ဖွင့်လှစ်နိုင်လေ့ရှိသည်။
သို့သော်လည်း လူသားမျိုးနွယ်၏ သန့်ရှင်းသောခန္ဓာကိုယ်မှာမူ ဂူကောင်းကင် ငါးခုအထိ ဖွင့်လှစ်နိုင်ခဲ့သဖြင့် ၎င်း၏ အခြေခံအုတ်မြစ် မည်မျှအထိ ကြံ့ခိုင်ကြီးမားသည်ကို ပြသနေပေသည်။
"ချင်ဝမ်ဂယ်..."
"မင်းက လူသားမျိုးနွယ်ရဲ့ သန့်ရှင်းတဲ့ခန္ဓာကိုယ်တွေထဲက တစ်ခုဖြစ်တဲ့ ရွှမ်ဟွန်းသန့်ရှင်းသောခန္ဓာကိုယ်ပဲ… ဒီနေ့ကစပြီး မင်းက ကျိရွှမ်နိရဲ့ တပည့် ဖြစ်လာလိမ့်မယ်… သူက မဟာကျိုးမင်းဆက် သမိုင်းတစ်လျှောက်မှာ တစ်ဦးတည်းသော ရွှမ်ဟွန်းသန့်ရှင်းသောခန္ဓာကိုယ် ပိုင်ရှင်ဖြစ်တယ်"
လီယွဲ့က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
သူသည် ချင်ဝမ်ဂယ်ကို တန်ဖိုးထားသော်လည်း အလွန်အကျွံ တန်ဖိုးထားခြင်းမျိုး မဟုတ်ချေ။ အကြောင်းမူကား… သူ၏ စီရင်ပိုင်ခွင့်နယ်မြေ အတွင်း၌ ထူးချွန်ထက်မြက်သော ပါရမီရှင် အမြောက်အမြား ရှိနေခြင်းကြောင့် ဖြစ်၏။ ချင်ဝမ်ဂယ်ထက် မလျော့နည်းသော ထိပ်တန်းပါရမီရှင် အချို့ပင် ရှိသေးသည်။
လစဉ်တိုင်း၌ ရှစ်ပါးကန္တာရကောင်းကင်မျှော်စင် သည် ပါရမီရှင်အဆင့် လူသားဝိညာဉ် ဆယ်ခုကို ကြားဖြတ်ဖမ်းယူကာ သူ၏ စီရင်ပိုင်ခွင့်နယ်မြေ အတွင်း၌ လူ့ဘဝပြန်လည်ဝင်စားစေသည်ကိုမူ ပြောရန်ပင် မလိုတော့ချေ။ ထိုသို့ဆိုလျှင် တစ်နှစ်၌ လူပေါင်း တစ်ရာ့နှစ်ဆယ် ရှိပေသည်။
လူသားမျိုးနွယ်၏ သန့်ရှင်းသောခန္ဓာကိုယ်သည် စွမ်းအားကြီးမားသော်လည်း အနာဂတ်တွင် သူ၏ စီရင်ပိုင်ခွင့်နယ်မြေ အတွင်း၌ ပိုမိုများပြားသော သန့်ရှင်းသောခန္ဓာကိုယ်များ ထွက်ပေါ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ သဘာဝအတိုင်းပင် ချင်ဝမ်ဂယ်သည် သူ၏ ထိပ်တန်းနောက်လိုက်တစ်ဦး ဖြစ်နှင့်ပြီးသား ဖြစ်၏။
ကျိရွှမ်နိအနေဖြင့် ချင်ဝမ်ဂယ်ကို သူ့ထံမှ လုယူသွားနိုင်မည်ကို သူ စိုးရိမ်ရန် မလိုချေ။ အဆင့်အေ ယုံကြည်သူများမှာမူ… အလွန်အကျွံ သစ္စာရှိသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ပြင်ပစွမ်းအားများဖြင့် တစ်စုံတစ်ဦး၏ သက်ဝင်ယုံကြည်မှုကို ပြောင်းလဲရန် လုံးလုံးလျားလျား မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
မဖြစ်နိုင်သလောက်ဟု ပြောရသည့် အကြောင်းရင်းမှာ… ယုံကြည်သူများ၏ သက်ဝင်ယုံကြည်မှုကို ပုံဖျက်နိုင်စွမ်းရှိသည့် ကွယ်ရာမှ ကြိုးကိုင်သူ ရှိနေခြင်းကြောင့် ဖြစ်ပေသည်။
"ကျွန်တော်မျိုးမ အရှင်လီယွဲ့ရဲ့ နတ်ဘုရားအမိန့်တော်ကို နာခံပါ့မယ်"
ချင်ဝမ်ဂယ်က ရိုသေစွာ ပြောဆိုလိုက်၏။
ထို့နောက်… သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသော မျက်နှာချင်းဆိုင်မှ ဧကရာဇ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဝေဝါးသော ပုံရိပ်ကို လှည့်ကြည့်လိုက်သည်။ မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ သူမသည် ကျိရွှမ်နိထံသို့ တိုက်ရိုက် ပျံသန်းသွားပြီး နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်၏။
"တပည့် ချင်ဝမ်ဂယ်က စီနီယာ့ကို ဆရာအဖြစ် ကိုးကွယ်ပါရစေ"
သူမသည် အသက် (၁၀) နှစ်အရွယ်သာ ရှိသေးသဖြင့် ခန္ဓာကိုယ်မှာ မရင့်ကျက်သေးသော်လည်း အလွန်တရာ တည်ကြည်လေးနက်ပြီး ခန့်ညားလှပေသည်။ အကယ်၍ သူမ ကြီးပြင်းလာပါက နတ်သမီးတစ်ပါး ကဲ့သို့ ဖြစ်လာမည်မှာ အသေအချာပင်။
"ကောင်းပြီ... ငါ ကျိရွှမ်နိမှာ အသက်ရှင်စဉ်တုန်းက တပည့် ခြောက်ယောက် ရှိခဲ့ဖူးတယ်... ဒါပေမဲ့ သူတို့ထဲက ငါးယောက်က အဆင့် (၉) ဘိုးဘေးပြန်လည်ရောက်ရှိခြင်းအဆင့် ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်နိုင်ပြီး နတ်ဘုရားစင်မြင့်အဆင့် ထဲကို မတက်လှမ်းနိုင်ခဲ့ကြဘူး..."
နောက်ဆုံးတော့ ဒါက ပါရမီစွမ်းရည် မလုံလောက်ခြင်းကြောင့်ပဲ ဖြစ်သည်။
"အကယ်၍ ပါရမီစွမ်းရည် လုံလောက်မယ်ဆိုရင် အဆင့် (၁၀) အရင်းအမြစ်တွေ မရှိရင်တောင် နတ်ဘုရားစင်မြင့်အဆင့် ကို ဝင်ရောက်နိုင်ဆဲပဲ… မင်းမှာ ငါ့ရဲ့ အတိတ်ဘဝတုန်းကလိုပဲ ရွှမ်ဟွန်းသန့်ရှင်းသောခန္ဓာကိုယ် ရှိနေတယ်... မင်း ငါ့ကို ကျော်လွန်ပြီး ကိုယ်ခံပညာရဲ့ အဆင့် (၁၀) လေးအထိ တက်လှမ်းနိုင်တယ်… လူသားမျိုးနွယ်ရဲ့ မဟာဆရာသခင်ကြီး ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်..."
ကျိရွှမ်နိက ပြုံးလိုက်၏။
ရွှမ်ဟွန်းသန့်ရှင်းသောခန္ဓာကိုယ် ရှိသည့် တပည့်တစ်ဦး။ သူ အသက်ရှင်စဉ်အခါကပင် ဤအရာကို မတွေးဝံ့ခဲ့ချေ။ သို့သော် ယခုအခါ ဝိညာဉ်တစ်မျှင်သာ ကျန်ရှိတော့သည့် ချိန်တွင်မူ သူ၏ ဆန္ဒ ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
"တာအိုမိတ်ဆွေ... အခုအချိန်မှာ အဆင့် (၁၀) မိစ္ဆာတွေတောင် မဟာကျိုးမင်းဆက်ရဲ့ နယ်နိမိတ်ထဲကို မဝင်နိုင်ကြသေးဘူး... တာအိုမိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ တိုးတက်မှုအပေါ်မှာပဲ အာရုံစိုက်နိုင်ပါတယ်... နောက်ရက်မှ ပြန်တွေ့ကြတာပေါ့"
သူ စကားပြောပြီးသည်နှင့် ချက်ချင်းပင် သူ၏ ပုံရိပ်သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းနှင့်အတူ ချင်ဝမ်ဂယ်၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားရ၏။
သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လီယွဲ့သည်လည်း ခြေတစ်လှမ်း လှမ်းကာ ပျောက်ကွယ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ သို့ ပြန်ရောက်ချိန်တွင် သူသည် မည်းမှောင်သော တိမ်တိုက်များနှင့် လှိမ့်ဝင်နေသော မိုးကြိုးများကို ကြည့်ကာ လက်ကို သာသာယာယာ ဝှေ့ယမ်းလိုက်၏။
ဝုန်း…
မျက်တောင်ခတ်အတွင်း… မူလ ခရိုင်နှစ်ဆယ်အပြင် လေရှောင်ပြည်နယ်တစ်ခုလုံးနှင့် မင်တာအိုပြည်နယ်၏ သုံးပုံတစ်ပုံရှိသော နယ်မြေတစ်ခုလုံး၏ ကောင်းကင်ယံထက်မှ ထောင်ပေါင်းများစွာသော မိုးကြိုးလျှပ်စီးတန်းများ ကျဆင်းလာတော့သည်။
ထိုမိုးကြိုးလျှပ်စီးတန်းများသည် နီရဲသော အရောင်ရှိနေပြီး ကောင်းကင်ဘုံက အမျက်ဒေါသထွက်၍ နတ်ဘုရားပြစ်ဒဏ်ကို ချမှတ်နေသည့်အလား ရှိပေသည်။
ဤအခိုက်အတန့်၌ လူသားအားလုံး၏ မျက်နှာများပေါ်တွင် နီရဲသော အလင်းရောင်များ ဖုံးလွှမ်းသွားပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ အဆုံးမဲ့မိုးကြိုးသံများဖြင့် ပြည့်နှက်သွားတော့သည်။
ဤမြင်ကွင်းမှာ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။ မျက်စိတစ်ဆုံး မြင်ရသမျှတွင် နီရဲသော မိုးကြိုးလျှပ်စီးတန်းများသည် ကောင်းကင်မှ မြေပြင်အထိ ဆန့်တန်းနေပြီး တောက်ပသော အလင်းရောင်များနှင့် စူးရှသော အရောင်အဝါများကို ထုတ်လွှင့်နေကြသည်။
တောင်တန်းများ တုန်ခါသွား၏။
မြေကမ္ဘာကြီး လှုပ်ခါသွားရသည်။
၎င်းတို့သည် သာမန်လူသားများ ဖြစ်စေ၊ ကိုယ်ခံပညာရှင်များ ဖြစ်စေ၊ အားလုံး၏ မျက်နှာများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး ပါးစပ်များ အဟောင်းသား ဖြစ်သွားကြရသည်။
ဤအရာသည် သူတို့ စိတ်ကူးပင် မယုံရဲလောက်သော ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ယင်းသည် ဒဏ္ဍာရီထဲမှ ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်ကြီးတစ်ခုကဲ့သို့ ဖြစ်ပြီး
နတ်ဘုရားများနှင့် မိစ္ဆာများက ကမ္ဘာကို စိုးမိုးကာ အရာခပ်သိမ်းကို ဖျက်ဆီးပစ်လိုသည့်အလား ရှိပေသည်။
"ဒါ... ဒါက နတ်ဘုရားတွေရဲ့ စွမ်းအားလား" "ဒီနေ့ကစပြီး ငါက ခရိုင်မြို့စောင့်နတ်မင်းရဲ့ အသက်ဝင်ဆုံး ယုံကြည်သူ ဖြစ်လာမယ်… ဘယ်သူမှ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းအားလဲ"
"ကမ္ဘာကြီးတစ်ခုလုံး မိုးကြိုးတွေနဲ့ ပြည့်နေတာပဲ… နတ်ဘုရားတွေရဲ့ စွမ်းအားက တကယ့်ကို ထိတ်လန့်စရာပဲ"
"ကောင်းလိုက်တာ… ငါတို့ နောက်ဆုံးတော့ ကယ်တင်ခြင်းခံရပြီ… ကျေးဇူးတင်ပါတယ် ခရိုင်မြို့စောင့်နတ်မင်းကြီး"
လူသားများသည် တစ်ဦးပြီးတစ်ဦး မြေပြင်တွင် ဒူးထောက်လိုက်ကြပြီး ခန္ဓာကိုယ်များ တုန်ရင်နေကြ၏။ ထိုကမ္ဘာပျက်ကပ်ကဲ့သို့ မြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
မိစ္ဆာများအတွက်မူ ကောင်းကင်မှ ကျဆင်းလာသော မိုးကြိုးများကို ကြည့်ရင်း သူတို့၏ စိတ်နှလုံးထဲတွင် အဆုံးမဲ့ မျှော်လင့်ချက်မဲ့မှုများသာ ပြည့်နှက်သွားရတော့သည်။
အဆင့် (၆) ၊ အဆင့် (၇) နှင့် အဆင့် (၈) မိစ္ဆာအရှင်သခင်များပင်လျှင် အားလုံးမှာ ထိုမိုးကြိုးလျှပ်စီးတန်းများကြောင့် အလွယ်တကူပင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။
ဤနီရဲသော မိုးကြိုးသည်… အပြင်ပန်းတွင် အဆင့် (၇) နတ်ဘုရားအတတ်ပညာ ဖြစ်သော အလွန်နီရဲသော ကောင်းကင်ဘုံ မိုးကြိုး ဟု ထင်ရသော်လည်း အမှန်စင်စစ် ယင်းသည် ဝိညာဉ်ဖျက်ဆီးခြင်း နတ်အလင်းရောင်ခြည် ပင် ဖြစ်သည်။
သို့သော်လည်း ဝိညာဉ်ဖျက်ဆီးခြင်း နတ်အလင်းရောင်ခြည်မှာ အမည်းရောင် ဖြစ်သဖြင့် ဤကဲ့သို့သော အကြီးစား နတ်ဘုရားတန်ခိုးပြသမှုအတွက် သင့်တော်ခြင်း မရှိချေ။ ထို့ကြောင့် လီယွဲ့သည် ကြီးကျယ်ခမ်းနားလှသော အလွန်နီရဲသည့် ကောင်းကင်ဘုံ မိုးကြိုး ကို အသုံးပြု၍ ဖုံးကွယ်ခဲ့ခြင်း ဖြစ်သည်။
ဤမျှ များပြားလှသော မိစ္ဆာအလောင်းများကို ကြေမွပျက်စီးအောင် လုပ်၍ မဖြစ်ချေ။ ယင်းတို့ကို နတ်ဘုရားဆိုင်ခန်းသို့ ရောင်းချပါက များပြားလှသော နတ်ဘုရားစွမ်းအားများကို ရရှိနိုင်ဆဲ ဖြစ်၏။
ဤအခိုက်အတန့်၌… မဟာကျိုးမင်းဆက်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော အခြားအင်ပါယာတစ်ခု ဖြစ်သည့် မဟာချန်မင်းဆက် အတွင်း၌ နတ်ဘုရားတစ်ပါးသည် အသည်းအသန် ထွက်ပြေးနေရ၏။ ၎င်း၏ နောက်ကွယ်တွင်မူ မကောင်းဆိုးဝါး အငွေ့အသက်များသည် ပြင်းထန်စွာ လှိမ့်ဝင်လာပြီး မီးခိုးရောင် တိမ်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ လွှမ်းခြုံလာခဲ့သည်။
လက်ဝါးတစ်ပြင်စာခန့်သာ ကြီးမားသော စစ်ရထားငယ်လေးတစ်ခုသည် ထိုမီးခိုးရောင်တိမ်တိုက်များအတွင်း ဖြတ်သန်းမောင်းနှင်နေပေသည်။
ထိုစစ်ရထားကို ကြေးညိုမြင်းသုံးကောင်က ဆွဲခေါ်နေပြီး ၎င်း၏နောက်ကွယ်တွင် မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက တိတ်ဆိတ်စွာ ထိုင်နေ၏။
မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ရှေ့မှောက်၌ အသည်းအသန် ထွက်ပြေးနေသော နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"တောက်... ကောက်ကျစ်တာပဲ... မင်းက ငါ့ရဲ့ ယုံကြည်သူတွေကို ဖျက်ဆီးပြီး ငါ့ရဲ့ စီရင်ပိုင်ခွင့်နယ်မြေကို ဖျက်ဆီးခဲ့တယ်… ငါ ကျောက်ကျိကျန်း က အနာဂတ်မှာ ဒီကိစ္စကို သေချာပေါက် ကလဲ့စားချေမယ်… ရှေ့က ပိုင်ခုန်းတောင်တန်း ထဲမှာ အခြားအင်ပါယာဆီကို ဦးတည်နေတဲ့ ကွေးကောက်နေတဲ့ နေရာတစ်ခု ရှိတယ်လို့ ဂေါပက,က ငါ့ကို ပြောခဲ့ဖူးတယ်... ငါ တစ်နေ့ ပြန်လာခဲ့မယ်"
ကျောက်ကျိကျန်းသည် အံကိုကြိတ်ကာ ပိုင်ခုန်းတောင်တန်း အတွင်းသို့ ရုတ်တရက် ပြေးဝင်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ဟင်..."
၎င်း၏ နောက်ကွယ်မှ ကြေးညိုစစ်ရထားပေါ်ရှိ မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
ဘာကြောင့် တစ်ဖက်လူက ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ။
ခဏအကြာတွင် သူမသည် ရှေ့မှောက်ရှိ ကွေးကောက်နေသော မြင်ကွင်းကို စိုက်ကြည့်ရင်း တွေးတောနေမိတော့သည်။