← Chapters

အကြီးအကျယ် သွေးပျက်ခြင်း

Vol. 14 Ch. 204

အကြီးအကျယ် သွေးပျက်ခြင်း

Vol. 14 Ch. 204

တနင်္လာနေ့မှ သောကြာနေ့သို့ ရောက်ရှိလာသည်။

ထိုငါးရက်အတွင်း ဘာမှ များများစားစား ပြောင်းလဲခြင်း မရှိသလို ကမ္ဘာကြီးက ပုံမှန်အတိုင်း လည်ပတ် နေသည်ဟု ထင်ရသည်။

သို့သော် ယခုနှစ် ဆောင်းဦးရာသီက မနှစ်ကထက် မသိမသာ ပိုအေးလာသည်။

အေးမြသော လေအေးက တိုက်ခိုက်လျက်ရှိပြီး ရွက်ဟောင်းများ ကြွေကျကာ လမ်းမထက်တွင် ရွှေရောင်လမ်း ဖောက်ထားသည်ဟု ထင်မှတ်ရသည်။

ရဲ့လင်းချန် တက္ကသိုလ်သို့ သွားရာလမ်းတွင် မသိမသာ မျက်မှောင်ကြုတ်နေမိသည်။

ဘာကြောင့်မှန်း မသိသော်လည်း လမ်းမပေါ်တွင် လူနည်းသထက် နည်းလာသည်ကို တွေ့လာရသည်။ အပြင်ကို ထွက်နေသည့် သူများကလည်း mask များ တပ်ထားပြီး ခပ်သုတ်သုတ် လျှောက်နေကြသည်။

သူ ကျောင်းထဲ ဝင်လာပြီးနောက် ကျောင်းသားများက mask များ တပ်ထားပြီး သူတို့ကိုယ်သူတို့ တင်းကျပ်နေအောင် ဝတ်စားထားသည်။

“ဘုန်း”

ခပ်သဲ့သဲ့ အသံတစ်သံက ရဲ့လင်းချန်၏ နားထဲ တိုးဝင်လာသည်။ မီတာ ငါးဆယ်အကွာမှ ကျောင်းသား တစ်ယောက်က ရုတ်တရက် မူးလဲသွားခဲ့သည်။

ထိုအခိုက်တွင် လဲကျသွားသူ၏ အနီးအနား၌ ရှိနေသော ကျောင်းသားများ သွေးပျက်သွားသည်။ သူတို့သည် အလျင်အမြန် အရှိန်တင်၍ လဲကျသွားသော ကျောင်းသားကို ရှောင်ရှားသွားကြသည်။

ရဲ့လင်းချန်က အနားသွား၍ စစ်ဆေးရန် ဆုံးဖြတ်လိုက်ချိန်တွင် ကျောင်းဝန်ထမ်းအချို့ ရောက်လာသည်။ သူတို့က ထိုကျောင်းသားကို မြန်မြန်ဆန်ဆန် သယ်ထုတ်သွားသည်။

ထိုကျောင်းသားက ရဲ့လင်းချန်ကို နီရဲနေသော မျက်နှာနှင့် ကြည့်နေသည်။ သူ့မျက်နှာက မီးသဖွယ် ပူလောင်နေပြီး အဖျားတက်ကာ သတိလစ်နေသော်လည်း ပါးစပ်က တစ်ခုခုကို ရေရွတ်နေသေး၏။

ဖျားနာနေသည့် အပူချိန်က လေးဆယ် ဒီဂရီဝန်းကျင် ရှိလောက်သည်။ သူ့တစ်ကိုယ်လုံး ကိုက်ခဲကာ အားနည်း နေပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ဘာမှမစားထားပုံ ရသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ရဲ့လင်းချန်က ထိုကျောင်းသား၏ ပြဿနာကို သတိထားမိသွားသည်။

သူ အတန်းထဲ ဝင်သွားသောအခါ ပုံမှန် ဆူညံပွက်လောရိုက်၍ အသက်ဝင်နေသော အခြေအနေနှင့် လုံးဝ ခြားနားစွာပင် ငြိမ်သက်တည်ကြည်နေသည်။

“သေစမ်း ဒုတိယနှစ်ကျောင်းသား ကျိုးယန် သတိလစ်သွားလို့ ခေါ်ထုတ်ခံသွားရတာလား”

ရှောင်ကမ်းက ပင့်သက်ရှိုက်လာပြီး ကြောက်လန့်သော မျက်နှာအမူအရာ ဖြစ်သွားလေသည်။

“အခု သူ့အဆောင်တစ်ခုလုံးက လူတွေကို အသေးစိတ် ဆေးစစ်ချက် ပြုလုပ်ဖို့ ခေါ်မယ်လို့ သတိပေးလာတယ်”

“ဆိုးရွားလိုက်တာ၊ သူ့အတန်းထဲက အတန်းသားတော်တော်များများ သေမတတ် ကြောက်နေပြီ”

အာလူးလေးက ပြောလာသည်။ သူသည်လည်း ကြောက်လန့်နေသဖြင့် ထိန်းမရအောင် တုန်လှုပ်နေသည်။

“တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”

ရဲ့လင်းချန် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

သူသည် လတ်တလောတွင် ဝတ္ထုရေးခြင်း၌ နစ်မျောနေခဲ့ပြီး သူ၏ နေ့ဓဒူဝ ကိစ္စများက မထူးခြားနားပင်။ သူ အပြင်လောကကို သိပ်၍ အာရုံမထားမိပေ။

*ဘယ်လိုလုပ် ကိစ္စတွေက ငါးရက်အတွင်း ဒီလို ဖြစ်လာရတာလဲ*

ရုတ်တရက် သူ သွေးပျက်သလို ဖြစ်လာရသည်။

“ရှောင်ရဲ့ မင်း မသိဘူးလား”

ရှန်းက အံ့ဩသွားလေသည်။

“ဝေ့ပေါ်ကို ဖွင့်ပြီး ကြည့်ကြည့်လိုက်၊ အဲ့မှာ မင်း ဖတ်လို့ရတဲ့ သတင်းတွေ အများကြီးပဲ”

ရဲ့လင်းချန် ဖုန်းထုတ်လိုက်သည်။

ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုက ပြင်းထန်လျက် ရှိပြီး အားလုံးက တုပ်ကွေးနှင့် ပတ်သက်သော အကြောင်းအရာများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် ရောဂါအသစ်၏ နာမည်ကို သိလိုက်ရသည်။ ၎င်းအား လေပူလက္ခဏာ တုပ်ကွေးဟု ခေါ်လေသည်။

“XX အလယ်တန်းကျောင်းမှ အတန်းတစ်တန်းလုံး လေပူလက္ခဏာ တုပ်ကွေး ဖြစ်ပွား”

“အသက်ခြောက်နှစ်အောက် ကလေးငယ်တိုင်း တုပ်ကွေးလက္ခဏာများထဲမှ တစ်ခုခု လက္ခဏာပြလာပါက ဆရာဝန်နှင့် ချက်ချင်း ပြသရန်”

“လေပူလက္ခဏာ တုပ်ကွေး လက္ခဏာများနှင့် ကာကွယ်နည်း”

“ဆေးရုံတိုင်း လူပြည့်နေ၊ တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်၊ အများပြည်သူများ သွေးပျက်လျက်ရှိ”

ရေပန်းစားနေသော သတင်းခေါင်းစဉ်များက ရဲ့လင်းချန်ကို ရင်လေးလာစေသည်။

နွေဦးနှင့် ဆောင်းဦးသည် တုပ်ကွေးများ မကြာခဏ ဖြစ်ပွားလေ့ရှိသော ရာသီနှစ်ခု ဖြစ်သည်။ သို့သော် ယခင်ရာသီများက လေပူလက္ခဏာတုပ်ကွေးလောက် ပြင်းထန်ခြင်း မရှိပါ။ ၎င်းသည် ထူးခြားသော တုပ်ကွေးရောဂါပိုး ဖြစ်ပြီး သာမန်ဆေးများဖြင့်ပင် မသတ်နိုင်ပေ။

တိုင်းတာမှုများစွာ ပြုလုပ်နေပြီ ဖြစ်သော်လည်း တုပ်ကွေးကို အမြစ်ဖြတ်နိုင်သည့် ဆေးဝါးကို ဖန်တီးနိုင်ရန် အချိန်များစွာ ယူရပေမည်။ လူအများက ထိုမျှ စောင့်နိုင်စွမ်း မရှိပါ။

အကြောင်းရင်းမှာ … ထိုတုပ်ကွေးက အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်း ရှိသောကြောင့်ပင်တည်း။

“ကျိုးယန်က ဘယ်လိုလုပ် လေပူ လက္ခဏာတုပ်ကွေး ဖြစ်ရတာလဲ”

ရှောင်ကမ်း၏အသံက မဝံ့မရဲ ဖြစ်နေသည်။ လက်ရှိအခြေအနေတွင် လေပူလက္ခဏာ တုပ်ကွေး ကူးစက်ခြင်းက သေမိန့်ချခံလိုက်ရသည်နှင့် အတူတူပင်။ သူတို့ သေခြင်းတရား ရောက်လာသည်ကိုသာ စောင့်ရုံသာ ရှိတော့သည်။

“လေပူလက္ခဏာတုပ်ကွေးက ကလေးတွေပဲ အဖြစ်များတယ်ဆိုပင်မယ့် ကိုယ်ခံအားနည်းတဲ့ လူကြီးတွေလည်း ရောဂါ ရနိုင်တယ်၊ အဓိကအချက်က ဒီတုပ်ကွေးက တစ်ယောက်ကနေ နောက်တစ်ယောက်ကို အရမ်း ကူးစက်လွယ်ပြီး အန္တရာယ် များလွန်းတယ်”

“ချီးပဲ၊ ဒါဆို ငါ ဒီအမျိုးသားနေ့မှာ အိမ်ပြန်လို့မရဘူးပေါ့”

ရှန်း၏ဖုန်းတွင် သတင်းတစ်ခု တက်လာ၏။

“လေပူလက္ခဏာ တုပ်ကွေး၏ ပြင်းထန်မှု မြင့်မားလာခြင်းနှင့် ရောဂါပိုး၏ ဆင့်ကဲပြောင်းလဲမှုကြောင့် အရွယ်ရောက်ပြီးသူများလည်း ကူးစက်နိုင်သည်။ ရောဂါပိုး ကူးစက်ခြင်းအား ဟန့်တားရန် ယခု တစ်မြို့လုံးအား ခရီးသွားခြင်းမှ တားမြစ်လိုက်သည်။”

လေယာဉ် သို့မဟုတ် ကျည်ဆံရထားဖြင့် သွားချင်သူများသည် ပြင်းထန်သော စစ်ဆေးမှုကို ဖြတ်သန်းရပေမည်။ ရောဂါပိုး လုံးဝ ကင်းစင်သည်ဟု တစ်ရာရာခိုင်နှုန်း သက်သေပြနိုင်မှသာ ခရီးသွားခွင့် ပြုမည်ဖြစ်သည်။

ရဲ့လင်းချန်သည် ဤအခြေအနေ၏ ပြင်းထန်မှုကို သတိပြုမိပြီး သတင်းများကို လိုက်ဖတ်လေတော့သည်။

လေပူ

လေပူလက္ခဏာ တုပ်ကွေးသည် ပြီးခဲ့သော နှစ်ရက်အတွင်းမှ သတင်းတက်လာခြင်း ဖြစ်သော်လည်း ဤသို့ ပြင်းပြင်းထန်ထန် မဖြစ်ခင်ကတည်းက တော်တော်များများက ဆေးရုံသို့လာ၍ ဆေးကုသနေပြီ ဖြစ်သည်။

အစက သာမန်တုပ်ကွေးဟု ထင်ထားခဲ့သော်လည်း ကုသချန် ကြာလာသော်လည်း တိုးတက်သည့် လက္ခဏာ မပြဘဲ ပို၍ ဆိုးလာခဲ့သည်။

လေပူလက္ခဏာ တုပ်ကွေး၏ ကနဦး လက္ခဏာများက ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်း စသော သာမန် အအေးမိသည့် လက္ခဏာများနှင့် တူညီသည်။ အချိန်ကြာလာသည်နှင့်အမျှ အဖျား တက်လာပြီး အစာ နည်းနည်းသာ ဝင်ခြင်း သို့မဟုတ် စားချင်စိတ် မရှိခြင်းတို့ ဖြစ်လာသည်။ ရုပ်ခန္ဓာစွမ်းရည်တို့ ပိုပို၍ ဆိုးရွားလာ၏။ တဖြည်းဖြည်းနှင့် အဖျားတက်ခြင်းက ပို၍ ပြင်းထန်လာပြီး နောက်ဆုံးတွင် ရောဂါ၏ ဝါးမျိုခြင်း ခံရပေလိမ့်မည်။

အတန်းချိန် အစပိုင်း၌ ဆရာများနှင့် ကျောင်းသားများ အပါအဝင် လူတိုင်း အနည်းငယ် သတိလက်လွတ် ဖြစ်နေသည်။ စာသင်ချိန် ပြီးသောအခါ ဆရာက အတန်းမလွှတ်ခင် ကျောင်းသားများကို နွေးနွေးထွေးထွေး နေရန်နှင့် ကျန်းမာရေးကို ဂရုစိုက်ရန် မှာကြားလေသည်။

ကျောင်းသားများသည်လည်း အတန်းမှထွက်၍ အဆောင်များသို့ ပြန်လာကြသည်။

“ကလင် ကလင် ကလင်”

ရဲ့လင်းချန်၏ ဖုန်း မြည်လာသည်။ ခေါ်ဆိုသူမှာ သူ၏မိခင်ပင်။

“ဟဲလို အမေ”

“သား ကျောင်းမှာ အဆင်ပြေရဲ့လား”

“ကျွန်တော့်ဘက်မှာ အားလုံး အဆင်ပြေပါတယ်”

“မကြာသေးခင်က လေပူလက္ခဏာ တုပ်ကွေး ဖြစ်နေတယ်၊ မင်း ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမယ်နော်၊ အအေးမိပြီး ကျန်းမာရေး ကျဆင်းလာတာနဲ့ လေပူလက္ခဏာ တုပ်ကွေး ဖြစ်နိုင်ချေများတယ်လို့ မင်းအဖေက ပြောတယ်”

ရှုကျန်း၏အသံတွင် စိုးရိမ်စိတ်တို့ ပြည့်နှက်နေ၏။

“မင်း ရေနွေးများများသောက်ပြီး အအေးမမိအောင် နေရမယ်နော်၊ နားလည်လား”

“ကျွန်တော် သိပါတယ် အမေ၊ အမေနဲ့ အဖေလည်း ကျန်းမာရေးကို ဂရုစိုက်ဦး”

“မင်းအဖေက ဆရာဝန်ပါ၊ အမေတို့ ဘာလုပ်ရမလဲ သိပါတယ်”

ရှုကျန်းက ပြောလာသည်။ သူမက တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောလေသည်။

“ဒီတုပ်ကွေးက ဆေးရုံကလူတွေကို ဘယ်လောက် နှိပ်စက်နေလဲ မင်း မသိပါဘူး၊ အဲ့ဒါက အရမ်း ဆိုးရွားလွန်းတယ်”

“အဖေ့ဆေးရုံမှာ အဆင်ပြေရဲ့လား”

“ဆေးရုံကို နေ့တိုင်း လူတွေလာနေတာ၊ တုပ်ကွေးက ကုလို့မရဘူး၊ ဘယ်သူမှ ဆေးရုံက ဆင်းမရလို့ အခု ဆေးရုံမှာ လူပြည့်နေပြီ၊ မင်းအဖေ အိမ်ပြန်မလာနိုင်တာ သုံးရက်ရှိပြီ၊ သူ ညဘက် ကောင်းကောင်း အိပ်လို့ရမယ်လို့ အမေ မထင်ဘူး”

ရှုကျန်း၏အသံက အလွန် လေးလံနေ၏။

“ဆေးရုံမှာ ကလေးတွေနဲ့ မိဘတွေရဲ့ ငိုသံတွေ ပြည့်နေတာ”

“အမေ အဖေ့ကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ပြောပါဦး၊ အရမ်း ခေါင်းမာမနေနဲ့လို့”

ရဲ့လင်းချန် ပြောလိုက်သည်။ သူ့အဖေ၏ အကျင့်စရိုက်ကို သူ ကောင်းကောင်း သိပါသည်။ ဤသို့သော အခြေအနေမျိုးတွင် သူ့အဖေ ရောဂါပိုး ကူးမည်ကိုပင် စိုးရိမ်ရသည်။

ရဲ့လင်းချန် ဖုန်းချလိုက်ပြီးနောက် သက်ပြင်းချမိကာ အင်တာနက်ပေါ်မှ ဓာတ်ပုံများကို ကြည့်လိုက်သည်။

ရောဂါခံစားနေရသော လူနာများနှင့် ငိုကြွေးနေသော မိသားစုများက ရောဂါပိုးနှင့် ပတ်သက်၍ ကူကယ်ရာ မဲ့နေကြောင်း ပေါ်လွင်နေ၏။

အင်တာနက်ပေါ်မှ လေပူလက္ခဏာ တုပ်ကွေး၏ လက္ခဏာ အသေးစိတ်နှင့် စိစစ်တွေ့ရှိချက်ကို သူ ရှာဖွေမိသည်။

သူ၏ တရုတ်ဆေးပညာနှင့် အနောက်တိုင်း ဆေးပညာ ကျွမ်းကျင်မှုတို့က မပြည့်သေးသော်လည်း တရုတ် ဆေးပညာ စွမ်းရည်က ခုနစ်ဆယ် ရာခိုင်နှုန်း ရှိပြီး အနောက်တိုင်း ဆေးပညာက ရှစ်ဆယ် ရာခိုင်နှုန်း ရှိလေသည်။ ထိုတုပ်ကွေးကို သူ ကုသနိုင်စွမ်း ရှိသည်ဟု ရဲ့လင်းချန် ယုံကြည်သည်။

မကြာခင်မှာပင် မရေတွက်နိုင်သော ရောဂါဗေဒများက သူ့အတွေးထဲ လျင်မြန်စွာ ဝင်ရောက်လာသည်။

ထိုအခိုက်တွင် သူ့တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွားသည်။ ရှောင်ဖေးဖေး၏ ဖျားနာနေပုံက သူ့အတွေးထဲ ပေါ်လာ၏။ သူမ၏ ရောဂါလက္ခဏာသည် လေပူ ရောဂါလက္ခဏာ တုပ်ကွေး ဖြစ်ပုံရသည်။

All Chapters