အခန်း ၂၈၃
Vol. 29 Ch. 283
အခန်း (၂၈၃) ဟေးရွှေမြို့နယ်နှင့် ကလေးသတို့သမီးလေးကြား ရှုပ်ထွေးနေသော လီလန်
လီတာ့ဟိုင်နှင့် သူ၏သားဖြစ်သူတို့သည် အိမ်ဝိုင်းတံခါးဝတွင် ရပ်လျက် အဘွားနှင့် မြေးဖြစ်သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေကြလေသည်။
"သား မင်း တကယ်ပဲ ချစ်သူရနေပြီလား... ဘာလို့ အဖေ့ကို မပြောရတာလဲ..”
လီတာ့ဟိုင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"အဖေ ဘာပြောလိုက်တာလဲ..."
လီလန်က ပြန်မေးလိုက်လေသည်။
"မင်းရဲ့ ကောင်မလေးက ဘယ်ရွာကလဲ... နာမည် ဘယ်လိုခေါ်လဲလို့ မေးတာလေ..."
"ကျွန်တော် ချစ်သူမရသေးပါဘူး... အလကား နောက်ပြောင်နေတာပါ..."
"အဖေတော့ မယုံပါဘူး... ပညာတတ်လူငယ်ရုံးက ဆရာမလုများလား... မကြာသေးခင်က မင်းနဲ့ အရင်းနှီးဆုံးက သူမပဲ မဟုတ်လား..."
လီတာ့ဟိုင်က သူ၏ တွေးထင်ထားမှုကို ပြောပြလိုက်လေသည်။
လီလန်သည် ဘာမှပြန်မပြောဘဲ ပြုံးသာနေလိုက်ပြီးနောက် လှည့်၍ သူ၏အိပ်ခန်းထဲသို့ ပြန်ဝင်သွားတော့၏။
*ဆရာမလုတဲ့လား... ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟဝန်ခံဖို့က အချိန်တစ်ခုကို စောင့်ရုံပါပဲလေ…*
"သား မင်းက ရှန်းလီမိသားစုရဲ့ သမီးကို တကယ်ပဲ စိတ်မဝင်စားတာလား..."
လီတာ့ဟိုင်က အဝေးမှနေ၍ လှမ်းမေးလိုက်၏။
"စိတ်မဝင်စားပါဘူး..."
သူမ၏ ရင်ဘတ်က တိုက်လေယာဉ်တစ်စင်းကိုတောင် ရပ်တန့်နိုင်လောက်သည်အထိ ပြားချပ်နေသည်ဖြစ်ရာ သူက ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မည်နည်း။
သူမသည် ပိန်ပါးလွန်းပြီး တင်ပါးတွင်လည်း အသားမရှိသလောက်ပင်ဖြစ်ရာ သူမ၏ ကိုယ်လုံးသေးသေးလေးက သူ၏ ကြမ်းတမ်းမှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
လီလန်သည် ဆရာမလုနှင့် အစ်မပိုင်ကျဲ့တို့ကဲ့သို့ အရပ်ရှည်ရှည်နှင့် မိန်းမလှများကိုသာ ပို၍ သဘောကျနေဆဲပင် ဖြစ်၏။
ကျန်းရှောင်ဖုန်း၏ ပြဿနာများအပြီးတွင် မှောင်မိုက်သွားပြီဖြစ်သောကြောင့် လီလန်သည် ကျားသစ်ပေါက်စကို တစ်ဖက်ရွာရှိ ဆရာဝန်ထံ ပြသရန် အကြံအစည်ကို လက်လျှော့လိုက်ပြီး နောက်နေ့ မနက်စောစောမှ သွားရန် ဆုံးဖြတ်လိုက်လေသည်။
ညစာစားပြီးနောက် လီလန်သည် ကျားသစ်ပေါက်စကို အသားစဉ်းအနည်းငယ် ကျွေးလိုက်ပြီး သူ၏ အိမ်မွေးတိရစ္ဆာန်များကိုလည်း အသားအနည်းငယ် ကျွေးကာ အနားယူရန် အိပ်ခန်းထဲရှိ ကန်းပေါ်သို့ ပြန်လာခဲ့တော့၏။
ပညာတတ်လူငယ်မလေးကို ခေါ်၍ တောင်ပေါ်တွင် မှိုသွားခူးရခြင်းနှင့် လူသားစားကျားသစ်နှင့် တိုက်ခိုက်ခဲ့ရခြင်းတို့ ပါဝင်သော ဤခရီးစဉ်က လီလန်ကို အတော်လေး ပင်ပန်းနွမ်းနယ်သွားစေခဲ့သည်။
နွေးထွေးသော ကန်းအိပ်ရာပေါ်တွင် လှဲလျောင်းရင်း သူသည် သတိမထားမိဘဲ အိပ်ပျော်သွားတော့၏။
မိုးလင်းသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။
လီလန်က မနက်စောစော ထလာခဲ့သည်။
အိမ်ထဲမှ ထွက်ထွက်ချင်း သူ မော့ကြည့်လိုက်ရာ ကျန်းရှောင်ဖုန်းကို တွေ့လိုက်ရလေသည်။
ကျန်းရှောင်ဖုန်းသည် လေးထောင့်ပုံစံ ထမင်းစားစားပွဲကြီးတွင် ထိုင်၍ မြေအိုးပန်းကန်လုံးတစ်လုံးကို ကိုင်ကာ ယာဂုသောက်နေလေသည်။
ယာဂုမှာ ပူပူနွေးနွေး အခိုးအငွေ့များ ထွက်နေပြီး စားပွဲပေါ်တွင် ဟင်းရံနှစ်ခွက်လည်း ရှိနေ၏။
"အစ်ကိုလီလန် နိုးပြီလား..."
"မင်္ဂလာနံနက်ခင်းပါ..."
လီလန်ကို မြင်သည်နှင့် ကျန်းရှောင်ဖုန်းက ချိုသာစွာ လှမ်းနှုတ်ဆက်လိုက်လေသည်။
လီလန်မှာ ဇဝေဇဝါဖြစ်သွားပြီး သူ၏ဘေးရှိ ဖခင်ဖြစ်သူကို အမြန်လှမ်းကြည့်လိုက်၏။
သူမ ဤနေရာတွင် ဘာလာလုပ်နေသနည်း။
အဘိုးကြီးမှာ ပခုံးတွန့်၍ လက်ကို ဖြန့်ပြလိုက်လေသည်။
ထိုအဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ သူလည်း ဘာမှမသိကြောင်းပင် ဖြစ်၏။
"မင်းမှာ သုံးရက်ပဲ အချိန်ကျန်တော့တာလေ... သုံးရက်အတွင်းမှာ သားကောင် အသား ကျင်းငါးဆယ် အမဲလိုက်ဖို့ လိုတယ်... မြန်မြန် တောင်ပေါ်သွားပြီး အမဲမလိုက်ဘဲ ငါ့အိမ်မှာ ဘာလာလုပ်နေတာလဲ..."
လီလန်သည် နေရာတစ်ခုကို ရှာထိုင်၍ ဖခင်ဖြစ်သူ ပြင်ဆင်ပေးထားသော နံနက်စာကို ယူကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
နံနက်စာမှာ ချဉ်ဖတ်နှင့် ယာဂုကျဲကျဲတို့ ပါဝင်ပြီး မုန့်ပေါင်းအနည်းငယ်လည်း ရှိနေ၏။
ကျန်းရှောင်ဖုန်းသည် ယာဂုပန်းကန်ကို ချထားကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
"လောစရာမလိုပါဘူး... လောစရာမလိုပါဘူး... ကျွန်မမှာ ကိုယ့်နည်းကိုယ့်ဟန်ရှိပါတယ်..."
ကလေးမလေးသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား အလွန်ယုံကြည်မှုရှိပုံရသော်လည်း သူမ ဟန်ဆောင်နေခြင်းလား၊ တကယ်လားဆိုသည်ကိုမူ ပြောရခက်လှပေသည်။
"ဪ...အဲ့လိုလား..."
လီလန်သည် သူမကို လျစ်လျူရှုထားလိုက်တော့၏။
လီလန်သည် ယာဂုပန်းကန်လုံးကိုကိုင်ကာ ချဉ်ဖတ်အနည်းငယ် ထည့်လိုက်ပြီးနောက် မုန့်ပေါင်းတစ်လုံးကို ယူလိုက်လေသည်။
ငါးမိနစ်အကြာတွင် လီလန်သည် သူ၏ ပူနွေးသော ယာဂုကို သောက်သုံးပြီးစီးသွားကာ ကျန်နေသော မုန့်ပေါင်းများကို စားသောက်ပြီးနောက် လက်ခုပ်တီး၍ မတ်တပ်ရပ်လိုက်တော့၏။
"အဖေ ကျွန်တော် စားလို့ပြီးပြီ... အပြင်သွားလိုက်ဦးမယ်..."
"လမ်းမှာ ဂရုစိုက်သွားဦး... မင်းရဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီး စက်ဘီးပေါ်မှာ ချိတ်ပေးထားတယ်..."
လီတာ့ဟိုင်က မှာကြားလိုက်လေသည်။
"ဦးလေးဟိုင်... အစ်ကိုလီလန်က ခရီးဝေး သွားမလို့လား..”
ကျန်းရှောင်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။
"အေး... ဟေးရွှေမြို့နယ်ကို သွားပြီး ကျားသစ်ပေါက်စကို သွားပြမလို့လေ..."
လီတာ့ဟိုင်သည် ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။
သို့သော် သူ စကားမှားသွားကြောင်းကို ချက်ချင်းပင် သိလိုက်ရတော့၏။
"ကျားသစ်ပေါက်စ..."
"ဦးလေးဟိုင် အိမ်မှာ ကျားသစ်ပေါက်စ မွေးထားတာလား..."
ကျန်းရှောင်ဖုန်းမှာ အံ့ဩသွားပြီး ယာဂုသောက်နေခြင်းကိုပင် ရပ်တန့်လိုက်လေသည်။
"တကယ်လား... ရှင်တို့က ကျားသစ်ပေါက်စတောင် မွေးထားတာလား..."
ကျန်းရှောင်ဖုန်း အလွန်အံ့ဩသွားသည်မှာ မဆန်းပေ။ မနေ့က သူမသည် လီလန်၏ ခွေးအိမ်ထဲတွင် တောကြောင်ရိုင်းတစ်ကောင်ကို တွေ့ခဲ့ရပြီး ယနေ့တွင်လည်း လီလန်သည် ကျားသစ်ပေါက်စကို တိရစ္ဆာန်ဆရာဝန်ထံ ခေါ်သွားမည်ဟု ဦးလေးဟိုင်ထံမှ ကြားလိုက်ရသောကြောင့် ဖြစ်၏။
ဤသည်က သူတို့ ကျားသစ်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတယ်ဆိုသည့် အဓိပ္ပာယ်မဟုတ်ဘူးလား။
"ကျားသစ်က ဘယ်မှာလဲ... ကျားသစ် ဘယ်မှာလဲ... ကျွန်မ ကြည့်ချင်တယ်..."
ကျန်းရှောင်ဖုန်းက သူမ၏ မျက်လုံးများ အရောင်လက်လာကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။
လီလန်မှာ ဘာလုပ်ရမှန်း မသိတော့သဖြင့် ကျားသစ်ပေါက်စကို သူ၏ အိပ်ခန်းထဲမှ ထုတ်လာရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
တောကြောင်ရိုင်းပေါက်စက ကျားသစ်ပေါက်စကို ထပ်အနိုင်ကျင့်မည်စိုးသဖြင့် လုံခြုံရေးအတွက် မနေ့ညက ကျားသစ်ပေါက်စကို သူ၏ အိပ်ခန်းထဲတွင် အိပ်စေခဲ့ခြင်း ဖြစ်သည်။
“ဝိုး... တကယ့် ကျားသစ်လေးပဲ…”
ကျန်းရှောင်ဖုန်း၏ မျက်လုံးများ လင်းလက်သွားပြီး ကျားသစ်ပေါက်စ၏ ခေါင်းကို ပွတ်သပ်ရန် အမြန် ပြေးသွားလိုက်လေသည်။
ကျားသစ်ပေါက်စလေးမှာ အမွှေးပွပွလေးဖြစ်ပြီး ထိတွေ့ရသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှသည်။
သို့သော် သူက အလွန်ကြောက်တတ်လေသည်။ သူစိမ်းတစ်ယောက်ကို မြင်တိုင်း ကြောက်လန့်တကြား တုန်ယင်ကာ လီလန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတတ်၏။
"အရမ်းပိန်နေတာပဲ..."
“သူ့မှာ ဘာရောဂါများ ရှိနေလို့လဲ…”
ကျန်းရှောင်ဖုန်းက ရင်နာစွာဖြင့် ပြောလိုက်လေသည်။
"ငါလည်း မသိဘူး... ဒီကောင်လေးကို တစ်ဖက်မြို့က တိရစ္ဆာန်ဆရာဝန်ဆီ ခေါ်သွားဖို့ စီစဉ်ထားတယ်..."
လီလန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
*ဒီမိန်းမငယ်လေးက တော်တော်လေး ကြင်နာတတ်တာပဲ။ ကြက်၊ ဘဲ၊ ခွေးတွေ မွေးတာက သူမနဲ့ ပိုသင့်တော်ပေမယ့် အမဲလိုက်တာကရော... သူမအတွက် နည်းနည်းများ မလွန်လွန်းဘူးလား*
ထူးဆန်းသည်မှာ ကျန်းရှောင်ဖုန်း၏ ပွတ်သပ်ယုယမှုကို ခံရပြီးနောက် ကျားသစ်ပေါက်စလေးသည် သူစိမ်းများကို မကြောက်တော့ဘဲ မျက်လုံးမှိတ်ကာ သူမ၏ အထိအတွေ့ကို သာယာနေတော့၏။
လီလန်က တွေးလိုက်မိသည်။
*ဒီကလေးမလေးက တောရိုင်းတိရစ္ဆာန်တွေအတွက် သည်လောက်တောင် ဆွဲဆောင်မှုရှိနေတာလား…*
သူမတွင် တောရိုင်းတိရစ္ဆာန်များနှင့် ရင်းနှီးကျွမ်းဝင်မှုတစ်မျိုး ရှိနေပုံရပေသည်။
ထိုသို့သောသူသည် မုဆိုးလုပ်ရန် မသင့်တော်ဘဲ တိရစ္ဆာန်ရုံ ဝန်ထမ်းလုပ်ရန်သာ ပိုသင့်တော်ပေလိမ့်မည်။
ခဏမျှ စဉ်းစားပြီးနောက် လီလန်က ပြောလိုက်၏။
"ရှောင်ဖုန်း... မင်းက တိရစ္ဆာန်တွေကို တကယ် သဘောကျတာပဲ... ငါ မင်းအတွက် သိုးပေါက်လေးတွေနဲ့ နွားပေါက်လေးတွေ ဝယ်ပေးပြီး မွေးခိုင်းရင်ရော... သူတို့ ကြီးလာရင် မင်း ပြန်ရောင်းလို့ရတယ်လေ... အဲ့ဒါက အမဲလိုက်တာထက် ပိုမကောင်းဘူးလား..."
ကျန်းရှောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး
"ဟင့်အင်း... ကျွန်မ အစ်ကိုနဲ့အတူ အမဲလိုက်ချင်တာ..."
လီလန်မှာ ဆွံ့အသွားတော့သည်။
“ကောင်းပြီလေ... သုံးရက်နေမှ ဆက်ပြောကြတာပေါ့... သားကောင် အသား ကျင်းငါးဆယ် မရလာဘူးဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့…”
လီလန်သည် ကျားသစ်ပေါက်စကို ပွေ့ချီကာ အိမ်ထဲမှ ထွက်လာခဲ့ပြီး ဟေးရွှေမြို့နယ်သို့ စက်ဘီးစီးသွားရန် ပြင်ဆင်လိုက်လေသည်။
မထင်မှတ်ဘဲ ကျန်းရှောင်ဖုန်းသည် ပြေးလာကာ စက်ဘီးနောက်ခုံပေါ်သို့ တက်ထိုင်ပြီး လီလန်၏ ခါးကို ဖက်ထားလိုက်လေသည်။
"အစ်ကိုလီလန်... ကျွန်မလည်း လိုက်ချင်တယ်..."
"ငါက ကောင်လေးကို ဆရာဝန်ဆီ ခေါ်သွားမလို့လေ... မင်းက အဲ့ဒီကို လိုက်ပြီး ဘာလုပ်မလို့လဲ..."
လီလန်သည် စိတ်ရှုပ်စွာဖြင့် ပြောလိုက်၏။
"ကျွန်မလည်း ဆရာဝန်ဆီ လိုက်ခဲ့မယ်လေ... ကျွန်မ ကူညီနိုင်ကောင်း ကူညီနိုင်မှာပေါ့..."
ကျန်းရှောင်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
လီလန်မှာ သူမကို တားဆီး၍ မရနိုင်တော့သဖြင့် သဘောတူလိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့ပေမဲ့ ဤသည်ကလည်း ကောင်း၏။ ကျားသစ်ပေါက်စအား သူ့ရင်ခွင်ထဲ၌ ထားရန် မလိုတော့ပေ။ ထို့အစား ကျန်းရှောင်ဖုန်းက ပွေ့ထားပေးရင် ပိုသက်တောင့်သက်သာ ရှိပေမည်။
"သေချာကိုင်ထား..."
လီလန်သည် သူ၏ ရှေးဟောင်းစက်ဘီးကို စီးကာ အိမ်ဝိုင်းထဲမှ ထွက်လာခဲ့လေသည်။
ဟေးရွှေမြို့နယ်မှာ တစ်ဖက်တွင်သာ ရှိသော်လည်း ကီလိုမီတာတစ်ဆယ်ကျော် ဝေးကွာဆဲဖြစ်ရာ လီလန်၏ ခံနိုင်ရည်ရှိမှုဖြင့်ပင် စက်ဘီးဖြင့် သွားရန် အချိန်အတော်ကြာ ယူရမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မနက်ခင်းဖြစ်၍ နေသိပ်မပူလှပေ။ လေပြေအေးလေး တိုက်ခတ်နေသော်လည်း စက်ဘီးစစီးသည်နှင့် သူ နွေးထွေးလာခဲ့သည်။ ချွေးထွက်လာသည်နှင့် လေတိုက်ခံရသည်မှာ အတော်လေး သက်တောင့်သက်သာ ရှိလှ၏။
ဟေးရွှေမြို့နယ်သို့ သွားရာလမ်းတစ်လျှောက်တွင် လူသူပြတ်လပ်သော လမ်းကြမ်းတစ်ခုရှိပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ပေါင်းပင်များ ပေါက်ရောက်နေကာ လမ်းမှာလည်း ချိုင့်ခွက်များ ပြည့်နှက်နေလေသည်။
လီလန်မှာ စက်ဘီးစီးရသည်မှာ အလွန် သက်တောင့်သက်သာမရှိဖြစ်နေပြီး သူ၏ တင်ပါးများလည်း အတော်လေး နာကျင်နေတော့၏။
"နောင်တစ်ချိန် ငွေရှိလာရင် ဒီလမ်းကို ဖောက်ရမယ်..."
လီလန်က စိတ်ပိုင်းဖြတ်လိုက်လေသည်။
ချမ်းသာချင်ရင် လမ်းကို အရင်ဖောက်ရမည်။
ထို့အပြင်တော့ ကားတွေ မောင်းလို့ရမယ့် ကွန်ကရစ်လမ်းမကြီးတစ်ခုကို ဖောက်လုပ်ဖို့ လိုအပ်သည်။
ကျောက်ဘိုင်တောင်တန်းသည် သယံဇာတ ပေါကြွယ်ဝပြီး သားကောင်များနှင့် တောင်ပေါ်ဟင်းလျာများ ပေါများလှသည်။ မုဆိုးများနှင့် တောင်ပေါ်မှ ပစ္စည်းရှာဖွေသူများ များစွာရှိပြီး ရောင်းချရန် လမ်းကြောင်းမှလွဲ၍ ဘာတစ်ခုမှ လိုအပ်ချက်မရှိပေ။
လမ်းကြောင်းဆိုသည်မှာ မိမိတို့၏ ထုတ်ကုန်များကို ရောင်းချသည့် နည်းလမ်းများပင် ဖြစ်သည်။
အမဲလိုက်ထားသော သားကောင်များနှင့် တောင်ပေါ်ထွက်ကုန်များဖြစ်သည့် တောဝက်သား၊ တောကြက်ရိုင်းနှင့် တောရိုင်းမှိုများကို မြို့ပေါ်ရှိ နိုင်ငံပိုင်စက်ရုံများမှ ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်များက စက်ဘီးများဖြင့် ကျေးလက်ဒေသများသို့ ဆင်းကာ လိုက်လံဝယ်ယူကြလေသည်။
တိရစ္ဆာန်သားရေများကို စန်းဟော့ရွာမှ သူဌေးဟူထံ ရောင်းချခဲ့ပြီး ၎င်းမှတစ်ဆင့် ဆိုဗီယက်ယူနီယံသို့ နိုင်ငံခြားငွေရရှိရန် ပို့ကုန်အဖြစ် ရောင်းချခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤကုန်ပစ္စည်းများမှာ သယံဇာတ ပေါကြွယ်ဝသော ကျောက်ဘိုင်တောင်တန်းအတွက် သမုဒ္ဒရာထဲမှ ရေတစ်စက်သာ ရှိသေးလေသည်။
အကယ်၍ ကုန်ပစ္စည်းများ ပိုမိုရောင်းချပြီး ငွေပိုရှာလိုပါက ၎င်းတို့ကို မည်သို့သယ်ယူပို့ဆောင်ရမည်ဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်လာပေသည်။
ပခုံးပေါ်တွင် ထမ်းခြင်း၊ မြည်းလှည်းဖြင့် ဆွဲခြင်း သို့မဟုတ် စက်ဘီးဖြင့် သယ်ယူခြင်းတို့သည် ထရပ်ကားကြီး တစ်စီးကို အသုံးပြုခြင်းထက် အကျိုးသက်ရောက်မှု ပိုနည်းလေသည်။
ထရပ်ကားများ ဝင်၍မရသောကြောင့် ဤလမ်းမှာ သွားလာ၍ မရနိုင်ပေ။ ထို့ကြောင့် သည်လမ်းကို အရင်ဆုံး ပြုပြင်ရန် လိုအပ်ပေသည်။
တစ်နာရီကျော်ခန့် စက်ဘီးစီးပြီးနောက် လီလန်သည် ဟေးရွှေမြို့နယ်သို့ ရောက်ရှိသွားတော့၏။