အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း (၂၇၁)
ဖန်းဟန်၏ ကစားစရာ၊ လိပ်နက်တင့်ကား
ညအမှောင်ထု၏ ဖုံးလွှမ်းမှုအောက်တွင် ထျန်ကုန်းအလုပ်ရုံ၏ အဓိကနယ်မြေဖြစ်သော 'ရှန်ကျီခူး' ဟု အမည်ရ သည့် ဧရာမစက်ရုံအဆောက်အအုံကြီးမှာ လင်းထိန်နေပြီး လုံခြုံရေးကိုလည်း အထူးတင်းကျပ်စွာ ချထားလေ ၏။
ဤနေရာမှာ ဖန်းဟန်၏ နယ်မြေအတွင်းရှိ အမြင့်ဆုံးအဆင့် ကန့်သတ်နယ်မြေပင် ဖြစ်ပေသည်။ သူ ကိုယ်တိုင် ခေါ်ဆောင်လာခြင်း မရှိဘဲ အနီးသို့ ချဉ်းကပ်ဝံ့သူ မည်သူ့ကိုမဆို မှောင်ရိပ်ထဲတွင် ပုန်းခိုနေကြသည့် တစ္ဆေအ စွယ် တပ်သားများက ထိုနေရာတွင်ပင် ချက်ချင်း သတ်ဖြတ်ပစ်ကြမည် ဖြစ်လေသည်။
ယခုအချိန်တွင်မူ ဖန်းဟန်သည် ထိုထူးဆန်းသော စက်ရုံကြီး၏ အပြင်ဘက်၌ သူ၏ အဓိကလူယုံများနှင့်အတူ ရပ်နေခဲ့လေ၏။
သူ၏ အနောက်တွင်မူ စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် နျူအာနှင့် မာပေါ်ကော့တို့ကဲ့သို့သော ထိပ်တန်း စစ်သူကြီးများ၊ တည်ကြည်လေးနက်သော မျက်နှာထားရှိသည့် ဇီယင်း၊ အသိပညာကို ဆာလောင်မွတ်သိပ်နေ သည့် မျက်ဝန်းများဖြင့် စုမေနျန်၊ ထို့ပြင် ပိုင်ကျီရို၊ ရှောင်ရူရွှီနှင့် လျူရူမေ အပါအဝင် အမျိုးသမီးတစ်စုတို့က လိုက်ပါလာခဲ့ကြပေသည်။
စစ်သူကြီးများမှာ သံသယများဖြင့် ပြည့်နှက်နေကြလေ၏။ ဟူလောင်ဂိတ်ကဲ့သို့သော သံမဏိတံတိုင်းကြီးနှင့် ရင်ဆိုင်နေရချိန်တွင် သူတို့၏ သခင်က မြို့ကိုတိုက်ခိုက်ရန် နည်းဗျူဟာများကို ဆွေးနွေးခြင်းမပြုဘဲ သူတို့ကို ကစားစရာအသစ် တစ်ခုအား လာရောက်ကြည့်ရှုစေရန် အဘယ်ကြောင့် ခေါ်ဆောင်လာခဲ့ပါသနည်း။
မည်ကဲ့သို့သော ကစားစရာက မိုးကြိုးနတ်ဘုရား၏ အမျက်ဒေါသ ထက် ပို၍ အရေးကြီးနိုင်ပါသနည်း။
“သခင်ကြီး... ကျွန်တော်တို့ ဘာလုပ်နေကြတာလဲခင်ဗျာ...”
နျူအာက မနေနိုင်ဘဲ မေးလိုက်လေ၏။
ဖန်းဟန်သည် ပြန်လည်ဖြေကြားခြင်း မရှိဘဲ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး တံခါးဝတွင် ရပ်နေသော အစောင့်များကို ခေါင်းညိတ်ပြလိုက်လေသည်။
“ဂိုဒေါင်တံခါးကို ဖွင့်လိုက်စမ်း...”
အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ကီလိုဂရမ် သောင်းနှင့်ချီ၍ အလေးချိန်ရှိသော သံမဏိစစ်စစ်ဖြင့် ပြုလုပ် ထားသည့် ဧရာမတံခါးကြီးမှာ စူးရှသော အသံကြီးနှင့်အတူ ဖြည်းညင်းစွာ ပွင့်လာခဲ့လေ၏။
သံမဏိ၊ စက်ဆီနှင့် အမည်မသိ လောင်စာဆီတို့ ရောနှောနေသည့် ထူးခြားသော အနံ့တစ်ခုက တံခါးနောက်ကွယ် မှ လွင့်ပျံလာခဲ့ရာ လူတိုင်းကို ချက်ချင်းပင် လန်းဆန်းသွားစေခဲ့ပေသည်။
တံခါးကြီး အပြည့်အဝ ပွင့်သွားသောအခါတွင်မူ ဂိုဒေါင်အတွင်းရှိ မြင်ကွင်းမှာ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် အထင်းသား ပေါ်လွင်လာခဲ့တော့သည်။
“... ဘုရားရေ...”
နျူအာ၏ မျက်လုံးများမှာ ကြေးခေါင်းလောင်းများထက်ပင် ပို၍ ပြူးကျယ်နေပြီး သူ၏ ပါးစပ်မှာလည်း လက် သီးတစ်ဆုပ်စာဝင်လောက်အောင် ဟဟကြီး ဖြစ်နေခဲ့လေ၏။ သူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုနေရာ တွင်ပင် အေးခဲသွားခဲ့ပုံရပေသည်။
သူ တစ်ယောက်တည်းသာမက ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသူတိုင်းမှာ အံ့အားသင့်ကာ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ကြလေတော့သည်။
ဧရာမဂိုဒေါင်ကြီး၏ အတွင်း၌ ရက်စက်ကြမ်းကြုတ်ပုံပေါ်သော သံမဏိဘီလူးကြီးများက အိပ်မောကျနေသည့် ရှေးဟောင်းသားရဲကြီးများအလား တိတ်ဆိတ်စွာ အစီအရီ ရှိနေကြလေ၏။
ထို အစိမ်းရင့်ရောင် အခွံကြီးမှာ ကျောချမ်းဖွယ်ကောင်းသော သေမင်းတမန် အလင်းရောင်ဖြင့် တောက်ပနေခဲ့ လေသည်။ ၎င်းမှာ သာမန်တံတိုင်းတစ်ခု မဟုတ်ဘဲ ထောင့်ချိုးများဖြင့် ဆက်စပ်ထားသော အလွန်ထူထဲသည့် သံမဏိပြားများ ဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ကြောင်း သိသာထင်ရှားလှပေ၏။
၎င်းတို့၏ ခြေအောက်တွင် ဘီးများ မရှိဘဲ ချိတ်ဆက်ထားသော သတ္တုပြားများဖြင့် ပြုလုပ်ထားသည့် ကျယ်ဝန်း သော သံခြေနင်းကြိုးပြား နှစ်ခုသာ ရှိနေကာ လောကရှိ အရာအားလုံးကို ကြိတ်ခြေပစ်နိုင်စွမ်းရှိသည့်အလား ခြေသည်းပုံစံ အဖုအထစ်များဖြင့် ဖုံးအုပ်ထားလျက်ရှိနေလေသည်။
အကြောက်မက်ဖွယ်အကောင်းဆုံးမှာ ၎င်းတို့၏ ကိုယ်ထည်ပေါ်ရှိ အနက်ရောင် အမြောက်ပြောင်းဝကြီးနှင့် ထိုအမြောက်ပြောင်းဝဘေးတွင် အဆက်မပြတ် လည်ပတ်နေနိုင်သော ဂက်တလင်စက်သေနတ် အများအပြား ပင် ဖြစ်လေသည်။
ဤသည်မှာ မည်ကဲ့သို့သော မိစ္ဆာကောင်ကြီး ဖြစ်သည်ကို မသိနိုင်ပေ။
ဤအရာကြီးက ရွေ့လျားနိုင်မည်လားဟု တွေးတောစရာပင် ဖြစ်လေသည်။
လူတိုင်း အံ့အားသင့်ကာ တိတ်ဆိတ်သွားစဉ်မှာပင် သံမဏိဘီလူးကြီးများထဲမှ တစ်ခုက ရုတ်တရက် နက်ရှိုင်း သော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်လေ၏။
“ဝုန်း...”
ပြင်းထန်သော တုန်ခါမှုတစ်ခုနှင့်အတူ ဖန်းဟန်က 'လိပ်နက် အမှတ် (၁)' ဟု အမည်ပေးထားသော သံမဏိ ဘီလူးကြီးမှာ ယာဉ်မောင်းတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ဖြည်းညင်းစွာ စတင် နိုးထလာခဲ့လေပြီဖြစ်ချေ၏။
အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်၏ ဟိန်းဟောက်သံမှာ ကြမ်းတမ်းသော စက်ယန္တရားစွမ်းအားများဖြင့် ပြည့်နှက် နေလျက်ရှိပြီး တစ်ဂိုဒေါင်လုံးကို တုန်ခါသွားစေခဲ့ပေသည်။
ထိုအရာကြီးက ရွေ့လျားသွားလေပြီဖြစ်၏။
တန်ဆယ်နှင့်ချီ၍ အလေးချိန်ရှိသော ဤသံမဏိဘီလူးကြီးသည် ၎င်း၏ ဧရာမအရွယ်အစားနှင့် လုံးဝမကိုက်ညီ သော မြန်ဆန်မှုမျိုးဖြင့် ရှေ့သို့ ရွေ့လျားသွားကာ ပုံစံတူ ဖန်တီးထားသည့် ကျုံးတစ်ခုကို လွယ်ကူစွာ ဖြတ်ကျော် သွားခဲ့ပြီးနောက် ထိုနေရာတွင်ပင် လှည့်ပတ်ကာ ၎င်း၏ အနက်ရောင် အမြောက်ပြောင်းဝကြီးကို ဂိုဒေါင်အပြင် ဘက်ရှိ ညကောင်းကင်ယံဆီသို့ ချိန်ရွယ်လိုက်လေသည်။
လူတိုင်းမှာ ဤမြင်ကွင်းကြောင့် လုံးဝကို အံ့အားသင့် မှင်သက်သွားခဲ့ကြရလေ၏။
ဖန်းဟန်သည် သံမဏိဘီလူးကြီးတစ်ခုဆီသို့ လျှောက်သွားကာ သူ အလွန်ချစ်မြတ်နိုးရသည့် မြင်းတစ်ကောင်ကို ပွတ်သပ်နေသည့်အလား ၎င်း၏ လေးလံသော ချပ်ဝတ်တန်ဆာကို ပုတ်လိုက်ရာ 'ဒိုင်း' ဟူသော မပီမသအသံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူ လှည့်ကြည့်လိုက်ရာ တွေးတောနိုင်စွမ်း လုံးဝ ပျောက်ဆုံးနေကြပြီဖြစ်သော သူ၏ နောက်ကွယ်မှ မျက်နှာများ ကို မြင်တွေ့လိုက်ရပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းသော အပြုံးတစ်ခုက ကွေးတက်သွားခဲ့လေ၏။
“အန်းကော်မြို့စားရဲ့ တံတိုင်းတွေက ဘိလပ်မြေနဲ့ သံချောင်းတွေ သုံးပြီး ခိုင်ခံ့အောင် လုပ်ထားတာ မဟုတ် လား...”
လူတိုင်းက မသိစိတ်အလျောက် ခေါင်းညိတ်ပြလိုက်ကြလေသည်။
“သူ့ရဲ့ လှံထောင်တွေက ငါတို့ရဲ့ ရင်အုပ်ချပ်ဝတ်တွေကို ထိုးဖောက်နိုင်တယ် မဟုတ်လား...”
လူတိုင်းက ထပ်မံ၍ ခေါင်းညိတ်ပြလိုက်ကြပြန်သည်။
“သူ့ရဲ့ ကတုတ်ကျင်းတွေနဲ့ ထောင်ချောက်တွေက ငါတို့ရဲ့ ခြေလျင်တပ်သားတွေကို တစ်လက်မတောင် ရှေ့ဆက် တိုးလို့မရအောင် လုပ်နိုင်တယ် မဟုတ်လား...”
လူအုပ်ကြီးက ဆက်လက်၍ ခေါင်းညိတ်ပြနေကြရာ သူတို့၏ ရင်ထဲတွင် စိတ်ပျက်အားငယ်မှုအသစ်တစ်ခုက ထပ်မံပေါ်ပေါက်လာခဲ့လေ၏။
ဖန်းဟန်၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး သူ၏ ဘေးနားရှိ သံမဏိဘီလူးကြီးပေါ်သို့ သူ၏ လက်ဖြင့် အားကုန် ရိုက်ချလိုက်ကာ သူ၏ အသံကလည်း မိုးခြိမ်းသံတစ်ခုကဲ့သို့ ရုတ်တရက် ကျယ်လောင်လာခဲ့လေသည်။
“အခု ငါ့ကို ပြောစမ်း...”
“အန်းကော်မြို့စားရဲ့ တံတိုင်းတွေက ဒီအရာကြီးကို တားဆီးနိုင်ပါ့မလား...”
“သူ့ရဲ့ လှံထောင်တွေကရော ဒီသတ္တုချပ်ဝတ်ကို ထိုးဖောက်နိုင်ပါ့မလား...”
“သူ့ရဲ့ ကတုတ်ကျင်းတွေကရော ဒီသံခြေထောက်တွေကို တားဆီးနိုင်ပါ့မလား...”
“ဒီအရာကို ‘တင့်ကား’ လို့ ငါ နာမည်ပေးထားတယ်...”
ဖန်းဟန်၏ အကြည့်များက လူတိုင်းအပေါ်သို့ ဝေ့ဝဲသွားခဲ့ပြီး နောက်ဆုံးတွင် သူက စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းစွာ ပြောလိုက်လေသည်။
“အန်းကော်မြို့စားမှာ သူ့ရဲ့ တံတိုင်းတွေ ရှိတယ်...”
“ငါ့မှာလည်း ငါ့ရဲ့ တူ ရှိတယ်... လိပ်ခွံတွေကို ရိုက်ခွဲဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ တူ တစ်လက်ပဲ...”