အခန်း ၂၅၂၁
Vol. 253 Ch. 2521
အခန်း (၂၅၂၁) - စာမေးပွဲ ဖြေဆိုမည့်သူများ စာရင်း
“ဆက်လက်ပြီးတော့ ရာထူး အပြောင်းအလဲ အချို့ကို ကြေညာချင်ပါတယ်။”
ဟေးကောင်းကင်ဘုံရှင်က ခပ်အေးအေး ပြောလိုက်သည်။
သူတော်စင်များအားလုံး၏ စိတ်ထဲတွင် တင်းမာမှုများ ဖြစ်ပေါ်လာသည်။ သူတို့သည် ယနေ့တွင် သတင်းအချက်အလက်များစွာကို လက်ခံရရှိထားပြီးဖြစ်ရာ မည်သို့မှ မချေဖျက်နိုင်သေးပေ။
ယခုတစ်ကြိမ် ရာထူး အပြောင်းအလဲမှာ မကြာခင်က ကျောင်းတော်အတွင်း ဖြစ်ပွားခဲ့သော အတွင်းအဓိကရုဏ်းများနှင့် သေချာပေါက် ပတ်သက်နေလိမ့်မည်။
ဟေးကောင်းကင်ဘုံရှင်သည် အလွန်လျင်မြန်သော စကားနှုန်းများဖြင့် ကျောင်းတော်အသီးသီးမှ ရာထူး အပြောင်းအလဲများကို ကြေညာနေသည်။
အဓိကအားဖြင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းတော်အုပ်များနှင့် ကာကွယ်ရေးဆရာများ ပါဝင်သည်။ ထိုတစ်ကြိမ်တွင် ရင်းနှီးပြီးသား ပုဂ္ဂိုလ်ကြီးများစွာမှာ မိမိတို့၏ မူလရာထူးမှ ရွှေ့ပြောင်းခံလိုက်ရသည်။
ထို့အပြင် သူတို့ တစ်ခါမှ မကြားဖူးသော နာမည်များစွာလည်း ရှေ့တန်းသို့ ရောက်လာသည်။
အချို့သော နာမည်များကို အခါအားလျော်စွာ ကြားဖူးသူများမှာ အလွန်ပင် ထိတ်လန့်သွားကြသည်။ အကြောင်းမှာ ထိုသူတို့သည် မဟာမိတ်၏ အဓိက ဌာနကြီးများမှ ပြောင်းရွှေ့လာသူများ ဖြစ်နေသောကြောင့်ပင်။
သူတို့၏ မူလရာထူးများမှာ အလွန်မြင့်မားပြီး အာဏာလည်း ကြီးမားသည်။ ယခုမူ ရွှေဟွေး ကျောင်းတော်တွင် လာရောက် သင်ကြားပေးနေခြင်းမှာ ဤရာထူး အပြောင်းအလဲ နောက်ကွယ်တွင် မည်သည့် အဓိပ္ပာယ်သက်ရောက်မှုများ ရှိနေသလဲဟု လူအများက တိတ်တဆိတ် ခန့်မှန်းနေကြသည်။
နှစ်နာရီခန့် ကြာပြီးနောက် ဟေးကောင်းကင်ဘုံရှင်က စကားရပ်လိုက်သည်။
နှစ်နာရီအတွင်း သူရွတ်ဆိုသွားသည့် နာမည်မှာ ထောင်နှင့်ချီ ရှိသည်။
အချို့မှာ ပြောင်းရွှေ့ခံရပြီး ကျောင်းတော်တွင် ဆက်လက် တာဝန်မထမ်းဆောင်တော့သူများ ဖြစ်သည်။
အချို့မှာ ကျောင်းတော်အုပ်ချုပ်သူ ရာထူးမှ ကာကွယ်ရေးဆရာအဆင့်သို့ လျှော့ချခံရသည်။
အချို့မှာမူ ကာကွယ်ရေးဆရာအဆင့်မှ ကျောင်းတော်အုပ်ချုပ်သူအဆင့်သို့ တိုးမြှင့်ခံရသည်။
အချို့မှာမူ အပြင်ဘက်မှ တိုက်ရိုက် ရောက်လာခြင်း ဖြစ်သည်။
သူတော်စင်များအားလုံး နားလည်ထားသည်မှာ ဤရာထူး အပြောင်းအလဲသည် ကျောင်းတော်အပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာလိမ့်မည်ဟူ၍ပင်။ မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်ကိုတော့ နောက်ထပ် ရာစုနှစ် အနည်းငယ် စောင့်ကြည့်မှသာ သိနိုင်မည်ဖြစ်သည်။
ထိုအထဲတွင် ဝါရင့်အကြီးအကဲ သုံးဦးကိုပင် ဟေးကောင်းကင်ဘုံအရှင်က နာမည်တပ်၍ ရွှေဟွေး ကျောင်းတော်မှ ပြောင်းရွှေ့ခိုင်းခဲ့သည်။
ထိုဝါရင့်အကြီးအကဲ သုံးဦးမှာ မကျေနပ်သည့် အရိပ်အယောင်မျှပင် မပြရဲဘဲ အလွန်လိမ္မာစွာပင် ထိုရလဒ်ကို လက်ခံလိုက်ကြသည်။
ထို့အပြင် ဟေးကောင်းကင်ဘုံအရှင်က ချင်ဂွေ့နှင့် အခြားသူများအား ပေးအပ်မည့် ပြစ်ဒဏ်များကို ကြေညာခဲ့သော်လည်း အနည်းငယ်မျှသာ ထည့်ပြောသွားသည်။
“နောက်ပြီးတော့ လူသားမျိုးနွယ်စု ကျောင်းတော်၊ ကရုဏာတောင် တပည့်များထဲမှာ အဓိက တပည့်အဆင့်ကို တက်လှမ်းမယ့် စာမေးပွဲ ဖြေဆိုခွင့်ရသူ အချို့ ရှိပါတယ်။”
“စာမေးပွဲ ဖြေဆိုမည့်သူများ စာရင်းကတော့ - ဝမ်ချုံစန်း၊ ချန်းဖေးဖေး၊ ချန်းအင်းရွှယ်၊ ရှဲ့အာမန်၊ ပိုင်ချန်းမင်၊ ဟွမ်ချင်းကျူး၊ လီဝူဝမ်၊ လီချန်းရှင်း၊ ရှိန်းကျင်းထော် တို့ ဖြစ်ပါတယ်။”
ဟေးကောင်းကင်ဘုံအရှင်က စာရင်းဖတ်ပြပြီးနောက် နေရာတစ်ခုလုံးတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာသည်။
အကြည့်များစွာမှာ ကရုဏာတောင်မှ ကျောင်းသားများဘက်သို့ တစ်ပြိုင်နက်တည်း ရောက်သွားကြသည်။
“အို ဘုရားသခင်၊ သူတို့အားလုံး အဓိက တပည့်အဆင့် စာမေးပွဲ ဖြေဆိုခွင့် ရသွားကြတာလား။
ဒီစာမေးပွဲသာ အောင်သွားရင် စင်ကြယ်သော ဗောဓိသီး တစ်လုံး ထပ်ရဦးမှာလား ”
ချိုင်စစ်ရှိုက တိုးတိုးလေး ရေရွတ်လိုက်သည်။
အနီးအနားမှ ဒီဂျွန်းတောင်မှ ကျောင်းသားများမှာလည်း အလွန်အမင်း အားကျနေကြသည်။
လုကျိုဝမ်ကတော့ သက်ပြင်းတစ်ချက် ချလိုက်သည်။
မူလက သူတို့လည်း ဒီလိုအခွင့်အရေးမျိုး ရနိုင်သည်ပင်။
ကံမကောင်းစွာနဲ့ပဲ……
ပြောင်းရွှေ့ခံရသည့် ဝါရင့်အကြီးအကဲ သုံးဦးထဲမှ တစ်ဦးက မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မသိစိတ်ဖြင့် -
“ကျောင်းတော်အုပ်ချုပ်သူ၊ ကျောင်းတော်ရဲ့ စင်ကြယ်သော ဗောဓိသီး အရန်အင်အားက မလုံလောက်တော့ပါဘူး။
ဒီတစ်ခါ အဓိက တပည့်အဆင့် စာမေးပွဲ ဖြေဆိုမယ့်သူတွေက လူသားမျိုးနွယ်စု ကျောင်းတော်၊ ကရုဏာတောင်က ကျောင်းသားတွေချည်း ဖြစ်နေတာကတော့ သင့်တော်ပါ့မလား။ အပြင်မှာ ပျံ့နှံ့သွားရင် တရားမျှတမှု မရှိဘူးလို့ ထင်ရမှာပေါ့။”
“ခင်ဗျားက ပြောင်းရွှေ့ခံရပြီးသားမို့လို့ ကျောင်းတော်ကိစ္စကို ထပ်ပြီး ဝင်မစွက်ပါနဲ့တော့။”
ဟေးကောင်းကင်ဘုံအရှင်က ပြုံးရွှင်စွာ ပြောလိုက်သည်။
ထိုဝါရင့်အကြီးအကဲမှာ ချက်ချင်းပင် နားလည်သွားပြီး စကားဆက်မပြောတော့ဘဲ ငြိမ်သွားသည်။
နေရာတွင် ရှိနေသော အဓိက ကျောင်းသား အတော်များများမှာ စိတ်ထဲတွင် လေးနက်သွားကြသည်။ မကြာခင်မှာပင် သူတို့နှင့် ယှဉ်ပြိုင်ရမည့်သူများ ထပ်တိုးလာတော့မည် ဖြစ်သည်။
သို့သော် အောက်ရုလိုင် ကမူ အလွန် ပျော်ရွှင်နေပြီး မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ ကရုဏာတောင်မှ ကျောင်းသားများဘက်သို့ မျက်စိမှိတ်ပြနေသည်။
“ညီမလေး၊ ငါ့ရဲ့ ညီကိုလို ရင်းနှီးတဲ့ ညီလေးရဲ့ အနာဂတ်က တကယ်ကို မဆိုးဘူး မဟုတ်လား။”
အောက်ဝူဖား မျက်လုံးထဲတွင် အာရုံခံစားမှုများ ပြည့်နေသည်။
အောက်ယွင်ယင်း က တိတ်တဆိတ် ခေါင်းညိတ်သည်။
“တကယ်ကို မဆိုးပါဘူး။ လူသားတွေ တကယ်ပဲ ကြီးပွားတိုးတက်လာမယ့် လက္ခဏာပဲ၊ နောင်တစ်ချိန်မှာ အဓိက လူမျိုးစုကြီး ဖြစ်လာဖို့ အခွင့်အရေး ရှိလာနိုင်တယ်။”
“လူမျိုးစုကြီးလား…… အဲဒါကတော့ ခက်ပါသေးတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိတာပေါ့၊ အနည်းဆုံးတော့ အခုလက်ရှိ အခြေအနေအရဆိုရင် ငါတို့ ဂျူလင် မျိုးနွယ်စုထက်တောင် ဖြစ်နိုင်ခြေ ရှိနေသေးတယ်။
ဖန့်ညီလေး ဘာမှမဖြစ်သရွေ့ သူအချိန်နည်းနည်းလောက် ရရင် လူသားမျိုးနွယ်စုရဲ့ ဒုတိယမြောက် ကောင်းကင်ဘုံအရှင် ဖြစ်လာမှာ သေချာတယ်။”
အောက်ဝူဖားက သက်ပြင်းချကာ -
“ဒီတစ်ခါ လင်ယောင်ဘက်က ရလာတဲ့ သတင်းက တကယ်ကို အံ့ဩစရာပဲ။ ဖန့်ညီလေးက သူတော်စင်အဆင့် အကန့်သက် ကို နှစ်ကြိမ်တိုင်တိုင် ကျော်လွန်နိုင်ခဲ့ပြီတဲ့။”
အောက်ယွင်ယင်း၏ အကြည့်များမှာ အလွန်လေးနက်သွားပြီး ဟေးကောင်းကင်ဘုံအရှင်၏ ဘေးတွင် ရပ်နေသည့် ဖန့်ချန်အား ကြည့်လိုက်သည်။ ကျောင်းတော်သို့ ဝင်ရောက်လာသည်မှာ နှစ်နှစ်ထောင်ကျော်သာ ရှိသေးသည့် ကျောင်းသားတစ်ဦးက ဒီလောက်တိုတောင်းသော အချိန်အတွင်းမှာ ထိုအဆင့်သို့ ရောက်ရှိလာနိုင်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူနှင့် တစ်နှစ်တည်း ဝင်လာသော ကျောင်းသားများမှာ ယခုအချိန်ထိ ဘာလုပ်နေကြသနည်း။
“ကိစ္စက အဆင်ပြေသွားပြီ။”
ဟေးကောင်းကင်ဘုံအရှင် ကိုယ်တိုင် ပါးစပ်ဖြင့် ပြောလိုက်သည်ကို မြင်သောအခါ ချန်းဖေးဖေး၊ ပိုင်ချန်းမင်၊ ဟွမ်ချင်းကျူးတို့မှာ မျက်လုံးများ တောက်ပလာသည်။
စာမေးပွဲကို ချက်ချင်းပင် ဖြေဆိုချင်နေကြသည်။
မကြာခင်မှာပင် ကျောင်းတော်အုပ်ချုပ်သူ တောင်ပေါ်မှ အစည်းအဝေးမှာ ပြီးဆုံးသွားသည်။
သူတော်စင်များ အသီးသီး ပြန်သွားကြပြီး ဖန့်ချန်တို့သာ ကျန်ရစ်ခဲ့သည်။
“အခုနက နာမည်ခေါ်လိုက်တဲ့သူတွေ အားလုံး ငါနဲ့အတူ စာမေးပွဲ ဖြေဖို့ လိုက်ခဲ့ကြ။”
ဟေးကောင်းကင်ဘုံအရှင်က လက်ယပ်ခေါ်သည်။
ဝမ်ချုံစန်းတို့သည် မသိစိတ်ဖြင့် ကျန်းတောက်ယွဲ့အား ကြည့်လိုက်ပြီး ကျန်းတောက်ယွဲ့က ခေါင်းညိတ်ပြမှသာ ဟေးကောင်းကင်ဘုံအရှင်ဆီသို့ ပျံသန်းသွားကြသည်။
ဟေးကောင်းကင်ဘုံအရှင်က သူတို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။
“ရှောင်ကျန်း၊ မင်းလည်း အရင် ပြန်တော့။ မင်းရဲ့ ညီလေးကတော့ ခဏနေမှ ပြန်လိမ့်မယ်။”
ဆွေ့ရွှမ်လင်က ကျန်းတောက်ယွဲ့အား ကြည့်၍ အေးဆေးစွာ ပြောသည်။
“ဒါဆို တပည့် အရင်သွားပါတော့မယ်။”
ကျန်းတောက်ယွဲ့ ခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။
ကျောင်းတော်အုပ်ချုပ်သူ တောင်ပေါ်တွင် အလွန် တိတ်ဆိတ်သွားပြီး ဆွေ့ရွှမ်လင်နှင့် ဖန့်ချန်သာ ကျန်တော့သည်။
“ဆရာ၊ ဘာများ ညွှန်ကြားစရာ ရှိပါသလဲ။”
ဖန့်ချန်က လိမ္မာစွာ လက်အုပ်ချီ၍ -
“ကျုံရွှမ်လက်စွပ်ကတော့ ယဲ့ကောင်းကင်ဘုံအရှင်တို့ လက်ချက်နဲ့ ပျက်စီးသွားပြီ၊ နောက်တစ်ခုလောက်များ……”
“မင်း ဒီတစ်ခါတော့ ကံကောင်းလို့သာ အသက်ရှင်ပြီး ပြန်ရောက်လာတာ။ ငါလည်း ဇောကွေ့ တစ်ခုခု ဖြစ်မယ်လို့ မထင်ထားမိဘူး၊ ဒါကြောင့် ယဲ့ကောင်းကင်ဘုံအရှင် အခွင့်အရေး ရသွားတာ။”
ဆွေ့ရွှမ်လင်က ဖန့်ချန်အား တစ်ချက် စောင်းကြည့်၍ အေးဆေးစွာ ပြောသည်။
“ကျုံရွှမ်လက်စွပ်ကတော့ အခုလောလောဆယ် မရှိသေးဘူး။ ကျုံရွှမ်လက်စွပ် တစ်ကွင်းကို ပြုပြင်ရတာ လွယ်တယ်လို့ ထင်နေတာလား။”
ဖန့်ချန်မှာ စိတ်ထဲတွင် နှမြောတသ ဖြစ်နေမိသည်။
“ဒါပေမဲ့ ငါက မင်းဟာ ငါ့ရဲ့ တပည့်ဖြစ်တယ်ဆိုတာကို အခု ထုတ်ပြန်ကြေညာလိုက်ပြီ။”
ဆွေ့ရွှမ်လင်က ပြုံး၍ ပြောလိုက်သည်။
“အချို့သော အန္တရာယ်တွေကိုတော့ ခဏလောက် ရှောင်လွှဲနိုင်သွားမှာပါ။
မင်းကိုယ်တိုင်လည်း သတိထားပြီး နေပါ။
အရာရာတိုင်းမှာ တခြားသူကိုပဲ အကာအကွယ် တောင်းနေမယ်ဆိုရင်တော့ မင်းကိုယ်မင်း တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”
ခဏရပ်ပြီးနောက် -
“မင်းကို တစ်ခုလောက် မေးပါရစေ။”
“ဆရာ မေးပါခင်ဗျာ။”
ဖန့်ချန်က လက်အုပ်ချီလိုက်သည်။
ဆွေ့ရွှမ်လင်က စပ်စုသည့်အမူအရာဖြင့် -
“သွေးရွာခန်းမက ဝူရှီ ဆိုတာ မင်းလား။
ငါတို့ သဲလွန်စအမျိုးမျိုးကို စုံစမ်းကြည့်ပေမဲ့ ဝူရှီ ဆိုတာ ဘယ်သူလဲဆိုတာ မတွေ့ခဲ့ဘူး။
နောက်ပိုင်း ရှန်းကျောက်ကောင်းကင်ဘုံအရှင် လည်း လင်ယောင်ဘက်ကို သွားပြီး မင်းကို ခေါ်လာဖို့ ကြိုးစားခဲ့သေးတယ်၊ ဆိုတော့ သူတစ်ခုခု သိထားတာ ဖြစ်ရမယ်။”
“ဆရာ့ကို မညာပါဘူး၊ ဝူရှီ ဆိုတာ ကျွန်တော်ပါ။”
ဖန့်ချန်က ရိုးသားစွာ ဝန်ခံလိုက်သည်။
ဆွေ့ရွှမ်လင်မှာ ထိုအဖြေအတွက် အံ့ဩခြင်း မရှိသလို အံ့ဩစရာလည်း ဖြစ်နေပုံရသည်။
သူသည် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် ရယ်မောလိုက်သည်။ ဘာကို တွေးနေမှန်း မသိရပေ။
တော်တော်ကြာမှ သူသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“စွမ်းအင်စုစည်းခြင်း အလယ်အဆင့်နဲ့ပဲ ချီထျန်း မျိုးနွယ်စုရဲ့ အမဲလိုက်တာကို ခံရပြီး အချိန်အတော်ကြာအောင် ဘာမှမလုပ်နိုင်ခဲ့တဲ့ ချီကွမ်းယိ ကို အနိုင်ယူလိုက်တာ၊ မင်း တကယ်တော်တယ်။ တကယ်ကို တော်တယ်ကွာ။”
“ဆရာ၊ အဲဒီတုန်းက အမှန်က ဒီလိုပါ၊ ကျွန်တော် ချီကွမ်းယိကို အနိုင်ယူတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သရေကျသွားတာပါ၊ နောက်ပိုင်းမှ တရားမျှတတဲ့ နည်းလမ်းတစ်ခုနဲ့ပဲ အနိုင်အရှုံးကို ခွဲခဲ့တာပါ။”
ဖန့်ချန်က အမှန်အတိုင်း မဖုံးကွယ်ဘဲ ပြောလိုက်သည်။
“ချီကွမ်းယိကို မနိုင်ခဲ့ဘူး သရေကျသွားတယ် အော်…… ဒါဆို ပိုပြီး ယုတ္တိရှိတာပေါ့။ မင်းက သူနဲ့ အဆင့်တစ်ခု ကွာပေမဲ့ သရေကျအောင် တိုက်နိုင်တယ်ပေါ့။
မင်းရဲ့ အတွင်းကမ္ဘာထဲမှာ နတ်ဘုရားစွမ်းအားတွေ အများကြီး ရေးထိုးထားမှာပေါ့။
မင်းရဲ့ ပါရမီအရဆိုရင် လူသားတွေထဲမှာ မင်းကို ယှဉ်နိုင်မယ့်သူ ရှိမယ်မထင်ဘူး။
ကံမကောင်းတာက မင်းတို့ လူသားမျိုးနွယ်စုရဲ့ အရင်းအမြစ်က မလုံလောက်လို့၊ ချသ်ဖိုကျား တစ်ယောက်ကို ပြုစုပျိုးထောင်လိုက်ရလို့ မင်းကို ခဏလောက် မပြုစုနိုင်သေးတာပါ။
ဒါပေမဲ့ ရပါတယ်။ နောက်ပိုင်းမှာ စစ်ဆေးရေးဌာနက မင်းကို ပြုစုပျိုးထောင်ပေးလိမ့်မယ်၊ ဒါလည်း ကောင်းတဲ့ အချက်တစ်ခုပါပဲ။”
ဆွေ့ရွှမ်လင်က ပြုံး၍ ခေါင်းညိတ်သည်။
“အကယ်၍ မင်း စစ်ဆေးရေးဌာနရဲ့ စာမေးပွဲ မအောင်ရင်တောင် ငါ့နည်းငါ့ဟန်နဲ့ မင်းကို ကောင်းကင်ဘုံအရှင်ရဲ့ ဆက်ခံသူ ဖြစ်လာအောင် လုပ်ပေးမယ်။
ဒါပေမဲ့ ပြုစုပျိုးထောင်မှုအပိုင်းကတော့ စစ်ဆေးရေးဌာနလောက်တော့ မကောင်းနိုင်ဘူးပေါ့။”
ဆိုလိုတာက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံအရှင် ဆက်ခံသူဆိုတဲ့ ရာထူးကတော့ သေချာနေပြီပေါ့။
ဖန့်ချန်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
“ဆရာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။”