← Chapters

အခန်း ၂၅၂၆

Vol. 253 Ch. 2526

အခန်း ၂၅၂၆

Vol. 253 Ch. 2526

အခန်း (၂၅၂၆) - ဘာကြည့်တာလဲ

​“ဖြစ်နိုင်သမျှ သူတော်စင်အဆင့် အကန့်အသတ်ကို အောင်မြင်အောင် ကျော်လွန်ဖို့လား ဖောက်ထွက်ခြင်းတောင်က ပျောက်ကွယ်သွားမှာမို့လို့လား ”

​ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

​ဖန်ကျစ်ရွှယ်ကလည်း စူးစမ်းလိုစိတ်ဖြင့် -

​“ထျန်းရှင်း ကောင်းကင်ဘုံအရှင်၊ ဒီဖောက်ထွက်ခြင်းတောင်က ပျောက်ကွယ်သွားမှာလား ”

​“ဒီလောကမှာ မပျောက်ကွယ်သွားမယ့် အရာဆိုတာ ဘာရှိလို့လဲ ”

​လွမ်းထျန်းရှင်းက ပြုံး၍ -

“ဖောက်ထွက်ခြင်းတောင်ဆိုတာလည်း ကောင်းကင်ဘုံအရှင်အဆင့် အတွင်းကမ္ဘာ တားမြစ်နယ်မြေတစ်ခုပဲလေ၊ ဘာလို့ မပျောက်ကွယ်ရမှာလဲ။”

​“ကောင်းကင်ဘုံအရှင်အဆင့် အတွင်းကမ္ဘာ တားမြစ်နယ်မြေ ဟုတ်လား ”

​ဖန်ကျစ်ရွှယ်မှာ စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားသည်။

​“အဲဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေ ပေါ်ပေါက်လာတဲ့အချိန်မှာ ကောင်းကင် ငါးပါး စစ်မြေပြင်က ကောင်းကင်ဘုံအရှင်တွေ အတူတူ ပူးပေါင်းနှိမ်နင်းခဲ့ကြတာ။

အထဲမှာ သဘာဝအလျောက် ပေါက်ဖွားလာတဲ့ အတွင်းကမ္ဘာ ဝိညာဉ်ဆိုးတွေကိုလည်း ကောင်းကင်ဘုံအရှင်တွေ ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြတယ်။

အခုတော့ အထဲမှာ အန္တရာယ်ကြီးကြီးမားမား မရှိတော့ဘူး၊ ဒါပေမဲ့ အဲဒီ ‘အန္တရာယ်’ ဆိုတာက ကောင်းကင်ဘုံအရှင်တွေကို ရည်ညွှန်းတာပါ။

မင်းတို့လို လူငယ်တွေ ဝင်သွားရင်တော့ ငါတို့ ပေးထားတဲ့ လမ်းကြောင်းအတိုင်းပဲ သွား၊ နေရာလွဲပြီး လျှောက်မသွားနဲ့။ အန္တရာယ်တစ်ခုခု ဖြစ်လာရင်တော့ အလုပ်ရှုပ်လိမ့်မယ်။”

​လွမ်းထျန်းရှင်းက တည်ငြိမ်စွာ ရှင်းပြသည်။

​“ထျန်းရှင်း ကောင်းကင်ဘုံအရှင်၊ ဒီ ကောင်းကင်ဘုံအရှင်အဆင့် တားမြစ်နယ်မြေက သူတော်စင်အဆင့် အကန့်အသတ်ကို ကျော်လွန်ဖို့အတွက် ထူးခြားတဲ့ အကျိုးသက်ရောက်မှု ရှိလား ”

​ဖန့်ချန်က အရေးကြီးဆုံး မေးခွန်းကို မေးလိုက်သည်။

​သူသည် သူတော်စင်အဆင့် အကန့်အသတ်ကို ကျော်လွန်ခြင်း နှစ်ကြိမ် ကြုံတွေ့ထားပြီးဖြစ်ရာ ဒုတိယအကြိမ်သည် ပထမအကြိမ်ထက် ပိုမိုခက်ခဲကြောင်း သိထားသည်။

တတိယအကြိမ်မှာတော့ ယခင်နှစ်ကြိမ်ထက် ပိုမိုခက်ခဲပေလိမ့်မည်။ ခက်ခဲမှုမှာ ယခင်နှစ်ကြိမ်၏ ပေါင်းလဒ်ပင် ဖြစ်နိုင်ချေရှိသည်။

​သို့သော် သာမန်သူတော်စင်များနှင့် နှိုင်းယှဉ်လျှင်မူ သူ၏ အောင်မြင်နိုင်ခြေမှာ အလွန်ပင် မြင့်မားသည်။

သူ၏ မူလဝိညာဉ် မှာ သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်ခြင်းအတွက် အထူးတလည် အကျိုးပြုနေသည်။

အကယ်၍ ထိုဖောက်ထွက်ခြင်းတောင်ကပါ အပိုဆုကြေး အကျိုးသက်ရောက်မှု ရှိနေပါက သူ၏ အောင်မြင်မှုမှာ ပိုမို သေချာသွားပေလိမ့်မည်။

​“ထူးခြားတဲ့ အကျိုးသက်ရောက်မှုလို့တော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ အနည်းငယ်တော့ အထောက်အကူ ဖြစ်စေလိမ့်မယ်။

တကယ်လို့ ကိုယ့်ဘာသာကိုယ် ဖောက်ထွက်နိုင်ရင်တော့ ဖောက်ထွက်ခြင်းတောင်ကို လာစရာ မလိုပါဘူး။

ဖောက်ထွက်ခြင်းတောင်ဆိုတာ အခုတော့ မျိုးနွယ်စု အသီးသီးက ကောင်းကင်ဘုံအရှင် ဆက်ခံသူတွေအတွက် နောက်ဆုံး အခွင့်အရေးပေးတဲ့ နေရာပဲ။

အဲဒီထဲမှာတောင် သူတော်စင်အဆင့် အကန့်အသတ်ကို မကျော်လွန်နိုင်ရင်တော့ နောက်ပိုင်းမှာ ဒီကိစ္စကို ထပ်စဉ်းစားမနေနဲ့တော့၊ ရိုးရိုးသားသားပဲ အဆင့်တိုးမြှင့်သွားလိုက်တာ အကောင်းဆုံးပဲ။”

​လွမ်းထျန်းရှင်းက ပြုံး၍ -

“အကယ်၍ မင်းတို့ ဒီတစ်ခါ မအောင်မြင်ခဲ့ရင် နောက်တစ်ခါ အခွင့်အရေး ရှိကောင်းရှိဦးမယ်။ ဒါပေမဲ့ နောက်တစ်ခါမှာလည်း မအောင်မြင်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ ဒိန်းရွှမ်းသီးတွေ ထပ်ပေးတော့မှာ မဟုတ်ဘူး။

ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်သုံးမယ်ဆိုရင်တော့ ဘယ်သူမှ မတားဆီးပါဘူး။”

​ဖန့်ချန် နားလည်သွားသည်။ ထိုဖောက်ထွက်ခြင်းတောင်မှာ စာမေးပွဲတစ်ခုနှင့် ပိုတူသည်။

စာမေးပွဲ ကျရှုံးလျှင် ကျောင်းသားမှာ ဆက်လက် ဖောက်ထွက်ရန် အရည်အချင်း မရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပြီး ဤလမ်းကြောင်းကို ဆက်လျှောက်ရန် မလိုအပ်တော့ပေ။

ဒိန်းရွှမ်းသီးများကိုမူ ပို၍ အခွင့်အရေးရှိသည့် ကျောင်းသားများအတွက်သာ ချန်ထားပေးရမည် ဖြစ်သည်။

​“ငါတို့ ကောင်းကင်ဘုံအရှင်တွေက တစ်ချိန်က စဉ်းစားခဲ့ဖူးတယ်။ ဒီဖောက်ထွက်ခြင်းတောင်ကို ချန်ရစ်ခဲ့တဲ့ ကောင်းကင်ဘုံအရှင်ဟာ သေဆုံးသွားတဲ့အချိန်အထိ သူတော်စင်အဆင့် အကန့်အသတ်ကို အကြိမ်ကြိမ် ကျော်လွန်နိုင်ခဲ့သူ ဖြစ်မယ်လို့ ယူဆကြတယ်။

ဒါကြောင့်ပဲ သူ့ရဲ့ အတွင်းကမ္ဘာ တားမြစ်နယ်မြေထဲမှာ သူတော်စင်အဆင့် အကန့်အသတ်နဲ့ သက်ဆိုင်တဲ့ အရာတွေ ကျန်ရှိနေတာ။

ဒါပေမဲ့ ဒါကလည်း ခန့်မှန်းချက်သက်သက်ပါပဲ၊ တကယ်လို့ သူသာ အကြိမ်ကြိမ် ကျော်လွန်နိုင်ခဲ့ရင် ငါတို့ ဒီလောက်ကြာအောင် စုံစမ်းနေတာ သူ့ကို ဘယ်သူမှန်း မသိဘဲ မနေနိုင်ဘူးလေ။”

​လွမ်းထျန်းရှင်းက ရယ်မောရင်း ပြောသည်။ ခေတ္တရပ်လိုက်ပြီးနောက် -

​“ကျောင်းသားတစ်ယောက် ဖောက်ထွက်ခြင်းတောင်မှာ အောင်မြင်တိုင်း၊ တောင်ရဲ့ စွမ်းအားက အနည်းငယ် လျော့နည်းသွားတယ်။

အရင်က တောင်ပေါ်လာစအချိန်မှာ ကျောင်းသား ၁၀၀ ဝင်ရင် ၈၀ လောက်က အောင်မြင်ခဲ့တယ်။

နောက်ပိုင်းမှာ ၆၀၊ ၄၀၊ ၂၀ အထိ လျော့ကျသွားပြီး အခုဆိုရင် ၅ ယောက်တောင် မပြည့်တော့ဘူး၊ နောက်ဆုံးကျရင် တစ်ယောက်မှ အောင်မြင်တော့မှာ မဟုတ်ဘူး။”

​“အဲဒီတုန်းက ကျောင်းသားတွေကတော့ ကံကောင်းတယ်လို့ ဆိုရမှာပဲ၊ သူတို့က အောင်မြင်ပြီးသွားတဲ့အခါ အသီးသီးသော နယ်ပယ်တွေမှာ ထူးချွန်ထက်မြက်လာကြတယ်။

ဥပမာ မင်းတို့ လူသားမျိုးနွယ်စုရဲ့ ကောင်းကင်ဘုံအရှင် ဆက်ခံသူ ချင်ဖိုကျား ဆိုရင် သူသာ ဖောက်ထွက်ခြင်းတောင်ကို မသွားခဲ့ဘူးဆိုရင် အခုအချိန်မှာ အထွတ်ထိပ်တာအို အဆင့်ကို ရောက်နိုင်ပါ့မလား မပြောနိုင်ဘူး။

မင်းတို့ လူသားမျိုးနွယ်စုရဲ့ ဟော်ဆွေ့ ကောင်းကင်ဘုံအရှင်ဆိုရင်လည်း ငယ်ငယ်က ဖောက်ထွက်ခြင်းတောင်ကို အကြိမ်ကြိမ် သွားခဲ့ဖူးတယ်။

နောက်ပိုင်းမှာ ဖောက်ထွက်ခြင်းတောင်ရဲ့ စွမ်းအားက ကျောင်းသားတွေကြောင့် တဖြည်းဖြည်း လျော့နည်းလာတာကို တွေ့တော့မှ ကောင်းကင် ငါးပါး စစ်မြေပြင်က ဝင်ရောက်ခွင့်တွေကို စတင် ထိန်းချုပ်ခဲ့တာ။”

​လွမ်းထျန်းရှင်း၏ စကားများတွင် လူသားမျိုးနွယ်စုနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက်များ မရည်ရွယ်ဘဲ ပါဝင်နေသည်။

သူ့အတွက်တော့ ဒါတွေက ရိုးရိုးရှင်းရှင်း အဖြစ်အပျက်များသာ ဖြစ်သော်လည်း ဖန့်ချန်နှင့် ဖန်ကျစ်ရွှယ်အတွက်မူ တုန်လှုပ်စရာကောင်းလှသည်။

​“ဖောက်ထွက်ခြင်းတောင်ရဲ့ သက်တမ်းက ဟော်ဆွေ့ ဘိုးဘေးထက်တောင် ပိုကြာသေးတာလား”

​ဖန်ကျစ်ရွှယ်က အံ့ဩတုန်လှုပ်စွာ အော်ပြောလိုက်သည်။

​ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းနေသည်။ ဟော်ဆွေ့ ဘိုးဘေးများပင် သွားခဲ့ဖူးလျှင်၊ ရှေးခေတ်က ရှန်းဟုန် ၏ အရှင်သခင်ကကော ဖောက်ထွက်ခြင်းတောင်ကို သွားခဲ့ဖူးသလား။

​“မင်းတို့ ဟော်ဆွေ့ ဘိုးဘေးတွေထက် ပိုကြာတာပေါ့။”

​လွမ်ထျန်းရှင်းက သူမ၏ အံ့ဩမှုကို ကြည့်ပြီး ရယ်မောလိုက်သည်။

​“ဟော်ဆွေ့ရဲ့ သက်တမ်းက နုနယ်သေးတယ်။ သူ သမာဓိခုံရုံးကို ဝင်ပြီး ဂုဏ်ထူးဆောင် ကောင်းကင်ဘုံအရှင် ဖြစ်လာတာ ဘယ်လောက်မှ မကြာသေးဘူးလေ။

အလားတူပဲ၊ မင်းတို့ လူသားမျိုးနွယ်စုရဲ့ ချင်းမင် နယ်မြေမှာ သက်တမ်းကလည်း နုနယ်သေးတယ်။ အရင်တုန်းကဆိုရင် သူတို့က ကျွန်စစ်သည်တွေပဲလေ။”

​ဖန့်ချန်နှင့် ဖန်ကျစ်ရွှယ်တို့မှာ ရှက်ရွံ့သည့် အမူအရာများ ဖြစ်ပေါ်သွားသည်။ ဤသို့ နှိုင်းယှဉ်ကြည့်လိုက်လျှင် လူသားမျိုးနွယ်စု၏ သက်တမ်းမှာ အလွန်ပင် နုနယ်လှသည်။

ဖောက်ထွက်ခြင်းတောင်၏ သက်တမ်းမှာ လူသားမျိုးနွယ်စုထက်ပင် ပိုမို ရှည်ကြာနေပေသည်။

​အချိန်များမှာ ရက်အနည်းငယ်လောက် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန့်ချန်နှင့် ဖန်ကျစ်ရွှယ်တို့မှာ အတွင်းကမ္ဘာ တံခါးပေါက်မှတစ်ဆင့် မတူညီသော မြင်ကွင်းကို မြင်လိုက်ရသည်။

ကျောက်တုံးများဖြင့် ဖုံးလွှမ်းထားသည့် တောင်ကြီးတစ်လုံးမှာ ဟင်းလင်းပြင် ထဲတွင် မတ်မတ်ရပ်တည်နေသည်။

​“ရောက်ပြီ။”

​လွမ်းထျန်းရှင်း စကားဆုံးသည်နှင့် အတွင်းကမ္ဘာ တံခါးပေါက်အပြင်ဘက်မှ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။

ဒီတစ်ကြိမ်တွင်မူ သူတို့မှာ ဟင်းလင်းပြင်ထဲ၌ မဟုတ်တော့ဘဲ တောင်ပေါ်သို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရသည်။

လွမ်းထျန်းရှင်းက အပြင်သို့ ထွက်သွားရာ ဖန့်ချန်နှင့် ဖန်ကျစ်ရွှယ်တို့လည်း အမြန်ပင် လိုက်ပါသွားကြသည်။

​အတွင်းကမ္ဘာ တံခါးပေါက်မှ ထွက်လာသည်နှင့် နှစ်ဦးစလုံးမှာ တောင်ခြေရင်းသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။

အနီးအနားတွင်လည်း ပုဂ္ဂိုလ်များစွာတို့မှာ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

လွမ်းထျန်းရှင်းကို မြင်သောအခါ ထိုသူများ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ အကြည့်များမှာ ဖန့်ချန်နှင့် ဖန်ကျစ်ရွှယ်တို့ဆီသို့ ရောက်ရှိလာသည်။

​ဖန့်ချန်တစ်ချက် လှမ်းကြည့်လိုက်ရာ ကောင်းကင်ဘုံအရှင်ဟု ယူဆရသော ပုဂ္ဂိုလ် ၅ ဦးကို တွေ့လိုက်ရသည်။

ထို့ပြင် သူတို့၏ နောက်ကွယ်တွင်လည်း သူ့နှင့် ဖန်ကျစ်ရွှယ်တို့ကဲ့သို့ အဆင့်ရှိသည့် သူတော်စင်အချို့ ရှိနေသည်။

ထိုသူများထဲတွင် သူနှင့် ရင်းနှီးသော မျက်နှာများစွာ ရှိနေသည်။

​ဥပမာအားဖြင့် ချန်းချုံ မဟာမိတ်အဖွဲ့၊ ဖူကွမ်း ကျောင်းတော် ၊ အသက်ကိုးသက် နဂါးမျိုးနွယ်စုမှ ရှန်းရှိုယွမ် ။

ပီလော့ ဟာမိတ်အဖွဲ့၊ တုန်းကျွင်း ကျောင်းတော်၊ ပြစ်ဒဏ်ပေးနတ်ဆိုး မျိုးနွယ်စုမှ ရင်တန့် ၊ လောဘကြီးသော နတ်ဆို မျိုးးနွယ်စုမှ ဖန်ရွှေ ။

လင်ချုံ မဟာမိတ်အဖွဲ့၊ ကျင်လွန်း ကျောင်းတော်၊ ဆန်းလင်မျိုးနွယ်စုမှ ဖူယွင်ဖေး ။

လင်ယောင် မဟာမိတ်အဖွဲ့၊ တန်းရှီး နှင့် ချန်ယောင်ကျောင်းတော်မှ တန်ခယ်ရွှမ် တို့ကဲ့သို့သော သူများ ဖြစ်သည်။

​ဖန့်ချန်မှာ အများစုကို သိကျွမ်းပြီး အချို့ကိုသာ မမှတ်မိခြင်း ဖြစ်သည်။

ထို့ပြင် ဤနေရာတွင် မူလက စွမ်းအင်စုစည်းခြင်းအဆင့် အစပိုင်း၊ အလယ်ပိုင်းမျှသာ ရှိသော သူတော်စင်များစွာလည်း ရှိနေသည်။

ထိုသူများသည် ဖောက်ထွက်ခြင်းတောင်ကို လာရောက်ရန်အတွက် မိမိတို့၏ အဆင့်ကို မထိန်းချုပ်တော့ဘဲ စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်းသို့ အဆင့်တိုးမြှင့်ထားကြခြင်း ဖြစ်သည်။

​ဖန့်ချန်က သူတို့ကို လေ့လာနေသလို သူတို့ကလည်း ဖန့်ချန်ကို လေ့လာနေကြသည်။

လင်ယောင် မဟာမိတ်အဖွဲ့မှ ကောင်းကင်ဘုံအရှင် နှစ်ပါးနှင့် သူတို့ ခေါ်လာသည့် ကျောင်းသားများမှာ ဖန့်ချန်ကို မုန်းတီးမှုများဖြင့် စူးစိုက်ကြည့်နေကြသည်။

​“ဘာကြည့်တာလဲ မျက်လုံးကို တူးထုတ်လိုက်ရမလား၊ ယုံလား”

​လွမ်းထျန်းရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

​လင်ယောင်ဘက်မှ ကျောင်းသားများမှာ ချက်ချင်းပင် ခေါင်းငုံ့သွားသည်။

သို့သော် ကောင်းကင်ဘုံအရှင် နှစ်ပါးမှာ လွမ်းထျန်းရှင်းကို မကြောက်ကြဘဲ ရယ်မောရင်း -

​“လွမ်းထျန်းရှင်း၊ မင်း တူးထုတ်ကြည့်ပါလား၊ ဘာဖြစ်မလဲ ”

​“အခုတော့ မဟုတ်သေးဘူး၊ အရေးကြီးတာက ဘာလဲ အခွင့်အရေးဆိုတာ အများကြီး ရှိပါသေးတယ်။

ဒီလူငယ်တွေ မရှိတဲ့အချိန်ကျရင် ငါ တူးထုတ်မယ်။ မင်းတို့ကို သူတို့ရှေ့မှာ အရှက်မကွဲစေချင်ဘူးလေ။”

​လွမ်းထျန်းရှင်းက တည်ငြိမ်စွာ ပြောသည်။

​ထိုကောင်းကင်ဘုံအရှင် နှစ်ပါးမှာ တစ်ဦးနှင့် တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ စကားပြောတော့မည့် အချိန်မှာပင် အတွင်းကမ္ဘာတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။

အထဲမှ လူလတ်ပိုင်း တစ်ဦး ထွက်လာပြီး သူ၏ နောက်ကွယ်တွင် ဆွေ့ထျန်းဟွမ် စသည့် တန်လင် ကျောင်းတော်မှ မျိုးနွယ်စုပေါင်းစုံ ကောင်းကင်ဘုံအရှင် ဆက်ခံသူ ၆ ဦး ပါလာသည်။

ရွှေဟွေးထက်ပင် ၄ ဦး ပိုများနေသည်။

​“လွမ်းထျန်းရှင်း၊ ဖောက်ထွက်ခြင်းတောင်ရဲ့ စည်းမျဉ်းကို မမေ့ပါနဲ့။ ပြဿနာ မရှာပါနဲ့၊ ငါ ချင်းမင်နယ်မြေရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်ဘူး။”

​လူလတ်ပိုင်း၏ လေသံမှာ အေးစက်နေသည်။

ထိုစကားထွက်လာသည်နှင့် လင်ယောင်မှ ကောင်းကင်ဘုံအရှင် နှစ်ပါးမှာ ရယ်မောရင်း -

​“ဆွေ့ညီကိုကပဲ စည်းကမ်းရှိပြီး နားလည်မှု ရှိတာပါ။”

​“ဆွေ့မျိုးနွယ်စုလား သူက တန်လင် ရဲ့ ကောင်းကင်ဘုံအရှင် ဖြစ်ရမယ်။”

​ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ထို့နောက် သူနှင့် ဖန်ကျစ်ရွှယ်တို့၏ အာရုံမှာ သူတို့ကို မြင်သည်နှင့် အလွန်ပင် ဝမ်းသာအားရ ဖြစ်နေသည့် ဖန်ရှောင်ပန်း နှင့် ဖန်ရှောင်ထျန်း တို့ဆီသို့ ရောက်ရှိသွားတော့သည်။

All Chapters