အခန်း ၂၅၂၇
Vol. 253 Ch. 2527
အခန်း (၂၅၂၇) - တစ်ပြုံတည်း ဖြေရှင်းပြီး
“မင်း တကယ်ပဲ သူတို့မျက်လုံးတွေကို တူးထုတ်ပစ်ချင်နေရင်တောင် ကောင်းကင်ဘုံအရှင်တွေနဲ့ တိတ်တဆိတ် သွားပြီး တိုင်ပင်ကြည့်ပါ၊ အခုလို လူပုံအလယ်မှာ ပေါ်တင်ကြီး ခြိမ်းခြောက်မနေနဲ့။”
“ငါတို့ ချင်းမင်နဲ့ လင်ယောင်တို့က စေ့စပ်ညှိနှိုင်းနေကြတာ၊ ဒီလို အချိန်အခါမှာ သူတို့ကို ငါတို့က အနိုင်ကျင့်နေသလိုမျိုး ခံစားသွားရအောင် မလုပ်မိပါစေနဲ့။”
လူလတ်ပိုင်းမှာ လွမ်းထျန်းရှင်းကို ကြည့်ကာ စိတ်ရင်းအမှန်ဖြင့် တိုက်တွန်းလိုက်သည်။
လင်ယောင်ဘက်မှ ကောင်းကင်ဘုံအရှင် နှစ်ပါးမှာ ထိုစကားကို ကြားလိုက်ရသော် သူတို့မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် တောင့်ခဲသွားပြီး အရောင်မှာလည်း ပြန်လည်၍ ပြာနှမ်းသွားသည်။
လွမ်းထျန်းရှင်းကမူ ဂရုမစိုက်သည့်ဟန်ဖြင့် -
“ဆွေ့ဂွမ် ၊ တန်လင်ကျောင်းတော်မှာရော ဘာလို့ ခြောက်ယောက်ပဲ ပါလာတာလဲ။”
ဆွေ့ဂွမ်၏ မျက်ဝန်းထဲတွင် မတတ်သာသည့် အမူအရာများ ပေါ်လာသည်။
“တချို့က စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်း၊ အလယ်ပိုင်းမှာပဲ ရှိသေးတော့ သူတို့ဘာသာ ထပ်စမ်းကြည့်ဦးမယ်လို့ ပြောကြတယ်။ တကယ်လို့ မဖြစ်နိုင်ရင် နောက်တစ်ကြိမ် ဖောက်ထွက်ခြင်းတောင် ဖွင့်တဲ့အချိန်ကျမှပဲ လာကြတော့မယ်။
အဓိကကတော့ အရင်းအနှီး မလုံလောက်တာပါပဲ။ ဒီနှစ်တွေအတွင်းမှာ ကောင်းကင်ဘုံအရှင် ဆက်ခံသူ အရေအတွက်က မနည်းသွားပေမဲ့ အရည်အသွေးကတော့ အရင်ကလောက် မကောင်းတော့ဘူး။”
စကားပြောရင်း သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး -
“အင်း၊ ငါတို့ ချင်းမင်မှာပဲ ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး၊ ကျန်တဲ့ ကောင်းကင် ငါးပါးရဲ့ အရေအတွက်ကလည်း ငါတို့ထက် ပိုကောင်းတာ မဟုတ်ပါဘူး။”
ချန်းချုံ၊ ပီလော့၊ လင်ယောင်နှင့် လင်ချုံ မဟာမိတ်အဖွဲ့တို့မှ ကောင်းကင်ဘုံအရှင်များမှာ မျက်နှာပျက်သွားကြသော်လည်း ၎င်းမှာ အမှန်တရားဖြစ်ကြောင်း သူတို့ သိကြသည်။
ဒီနှစ်တွေအတွင်းရှိ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ အရည်အသွေးပိုင်းအရ သူတို့ခေတ်တုန်းကနှင့် ယှဉ်လျှင် လုံးဝမမှီကြပေ။
ထိုသို့ဖြစ်လာလျှင် နောင်တွင် ပေါ်ပေါက်လာမည့် ကောင်းကင်ဘုံအရှင်သစ်များ၏ အရေအတွက်မှာလည်း သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။
“ပြောရရင်တော့ လူသားမျိုးနွယ်စုက ဒီတစ်ခါမှာ အတော်လေးကို ထူးချွန်နေတယ်၊ ငါ့ဘက်မှာ နှစ်ယောက်၊ မင်းဘက်မှာ နှစ်ယောက်၊ ပေါင်းလိုက်ရင် လေးယောက်တောင် ရှိတယ်။”
ဆွေ့ဂွမ်က ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့ကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီးနောက် ဖန်ကျစ်ရွှယ်နှင့် ဖန့်ချန်တို့ဆီသို့ အကြည့်ရောက်သွားသည်။
“တိုက်ဆိုင်လိုက်တာ၊ လေးယောက်လုံးက ဖန့် လို့ နာမည်တူနေကြတယ်။ ဒီ ကလေးသုံးယောက်က ချင်းရှောင်း နတ်ဘုံ နယ်မြေက ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်က ဖြစ်တယ်။
ဒီကလေးကတော့ သူတို့နဲ့ မတူပေမဲ့ နာမည်တူနေပြန်ရော၊ အခုတော့ လေးယောက်လုံး ဖောက်ထွက်ခြင်းတောင်ကို အတူတူ ရောက်လာကြပြီ။”
ဆွေ့ဂွမ်က ပြောရင်း ခေါင်းခါကာ ပြုံးလိုက်သည်
“လူသားမျိုးနွယ်စုက ဖောက်ထွက်ခြင်းတောင်ကို လာဖို့ အရည်အချင်းရှိတဲ့ ကျောင်းသား လေးယောက် တစ်ပြိုင်နက် ထွက်လာတယ်။ ငါတို့ရဲ့ ထိပ်တန်းမျိုးနွယ်စုတွေနဲ့ တခြား ကြီးမားတဲ့ မျိုးနွယ်စုတွေနဲ့ ယှဉ်ကြည့်ရင် ဒီတစ်ခါမှာတော့ သူတို့က ငါတို့ကို ကျော်တက်သွားတော့မှာပဲ။”
ဆွေ့ထျန်းဟွမ်တို့အဖွဲ့မှာ မျက်နှာပျက်သွားကြသည်။ အမှန်တရားမှာလည်း ထိုအတိုင်းပင် ဖြစ်သည်။
ချင်းမင်၏ ထိပ်တန်းမျိုးနွယ်စုများမှာ များစွာ မရှိသော်လည်း ကြီးမားသော မျိုးနွယ်စုများမှာမူ များပြားလှသည်။
ကြီးမားသော မျိုးနွယ်စုများအောက်တွင် လူသားမျိုးနွယ်စုထက် အရင်းအနှီး ပိုမိုထူထပ်သော မျိုးနွယ်စုများစွာ ရှိသည်။
သို့သော် ဒီတစ်ခါတွင် ချင်းမင်မှ လာသူ စုစုပေါင်း ရှစ်ယောက်တွင် လေးယောက်မှာ လူသားမျိုးနွယ်စုမှ ဖြစ်နေသည်။
ထိပ်တန်း မျိုးနွယ်စုများနှင့် ကြီးမားသော မျိုးနွယ်စုများမှ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ ဖောက်ထွက်ခြင်းတောင်သို့ ရောက်ဖူးပြီးသားဖြစ်စေ၊ သို့မဟုတ် စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်းသို့ မရောက်သေးခြင်းကြောင့် ဖြစ်စေ အကြောင်းပြချက်များ ရှိသော်လည်း လူသားမျိုးနွယ်စုမှ လေးယောက် လာရောက်နိုင်ခြင်းမှာ ကိစ္စရပ်၏ ပြင်းထန်မှုကို ပြသနေသည်။
ထိုအချိန်တွင် အခြား မဟာမိတ်အဖွဲ့မှ ကောင်းကင်ဘုံအရှင်များမှာ ဖန့်ချန်ကို လေ့လာကြည့်ရှုနေကြသည်။
ချင်းမင်နှင့် လင်ယောင်တို့ကြား ဖြစ်ပျက်ခဲ့သည့် ကိစ္စကိုလည်း သူတို့ ကြားသိထားကြသည်။
အခုလက်ရှိ အသေးစား မျိုးနွယ်စုမှ လာသော ဤကျောင်းသားမှာ နေမင်းခုနှစ်ပါးခန်းမထဲတွင် နာမည်ကျော်ကြားရုံသာမက၊ ၎င်း၏ တစ်ကိုယ်တော် စွမ်းအားဖြင့် လင်ယောင်ဘက်ကို အကြီးအကျယ် ရှုံးနိမ့်သွားအောင် လုပ်နိုင်ခဲ့ခြင်းမှာ အလွန်ပင် ရှားပါးလှသည်။
“မျိုးဆက်အလိုက် ကံကြမ္မာတွေက ဒီနေရာမှာ တစ်ပြိုင်နက်တည်း ဆုံစည်းသွားတာ ဖြစ်နိုင်တယ်။”
လွမ်းထျန်းရှင်းကလည်း ဖန့်ချန်တို့ လေးယောက်ကို တစ်ချက်ကြည့်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။
“မငြိမ်မသက်ဒေသ က လူတွေ ဘာလို့ မရောက်သေးတာလဲ ဖောက်ထွက်ခြင်းတောင်ကို တစ်ခါဖွင့်လိုက်ရင် ကြားဖြတ် ဝင်ရောက်ခွင့် မပေးဘူးဆိုတာ သူတို့ မေ့သွားကြတာလား ”
“လမ်းခရီးက ဝေးလွန်းတော့ နှေးတာ သဘာဝပါပဲ။ ဖောက်ထွက်ခြင်းတောင်ရဲ့ စည်းမျဉ်းကို ငါတို့ သိပါတယ်”
အတွင်းကမ္ဘာ တံခါးပေါက်တစ်ခုမှာ ဆူညံသံနှင့်အတူ ရောက်ရှိလာပြီးနောက် အရပ်ရှည်သွယ်လျသော အမျိုးသားတစ်ဦးမှာ စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်း အဆင့်ရှိသူများကို ခေါ်ဆောင်၍ ထွက်လာသည်။
ဖန့်ချန်မှာ နတ်မိမယ်ယွီ ကို တွေ့လိုက်ရသည်။
နတ်မိမယ်ယွီမှာလည်း ဖန့်ချန်ကို မြင်သော်လည်း မမြင်ယောင်ဆောင်ကာ အေးစက်ပြီး ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့်သာ ဆက်နေလိုက်သည်။
“ရှန်းကျောက် ကောင်းကင်ဘုံအရှင်၊ ဂါရဝပြုပါတယ်။”
ကောင်းကင်ဘုံအရှင်များမှာ တစ်ဦးကိုတစ်ဦး လက်အုပ်ချီ၍ နှုတ်ဆက်ကြသည်။
“အားလုံးပဲ ဂါရဝပြုပါတယ်။”
ရှန်းကျောက် ကောင်းကင်ဘုံအရှင်မှာ ပြန်လည်နှုတ်ဆက်ပြီးနောက် ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ -
“ကောင်လေး၊ ဒီတစ်ခါ မင်း အသက်ရှင်အောင် နေနိုင်ဖို့ မလွယ်ဘူးနော်။”
“တပည့်တော် ဖန့်ချန်၊ ရှန်းကျောက် ဘိုးဘေးကို ဂါရဝပြုပါတယ်။”
ဖန့်ချန်က ရှေ့သို့ တစ်လှမ်းတိုး၍ လက်အုပ်ချီ နှုတ်ဆက်သည်။
ဤသူမှာ အရင်က ချန်းယောင် ကျောင်းတော်သို့ သွားရောက်ကာ သူ့ကို ကယ်ထုတ်ပေးခဲ့သူ ဖြစ်ရာ စေတနာထားသူတစ်ဦး ဖြစ်ရမည်။ ထို့ပြင် နတ်မိမယ် ယွီ၏ ဆရာ ဖြစ်သည့်အတွက် မိမိလူဟုပင် သတ်မှတ်နိုင်သည်။
လင်ယောင်မှ ကောင်းကင်ဘုံအရှင် နှစ်ပါးမှာ ရှန်းကျောက်နှင့် ဖန့်ချန်ကြားတွင် မည်သို့သော ထူးခြားသည့် ဆက်ဆံရေး ရှိသနည်းဟု တိတ်တဆိတ် လေ့လာနေကြသည်။
မဟုတ်လျှင် ရှန်းကျောက်က ဘာကြောင့်များ ချန်းယောင် ကျောင်းတော်အထိ သွားပြီး လူသွားကယ်ရမည်နည်း။
ဖန့်ချန်၏ အရည်အချင်းကို သဘောကျရုံသက်သက်လား။
သို့သော် ရှန်းကျောက်၏ လေသံနှင့် အမူအရာမှ ထူးခြားသည့် အရိပ်အယောင်ကို မတွေ့ရပေ။
“မင်းတို့ လူငယ်တွေ ကိုယ့်ဘာသာကိုယ် စကားပြောကြဦး၊ ငါတို့က ဖောက်ထွက်ခြင်းတောင်ကို ပူးပေါင်း ဖွင့်လှစ်တော့မယ်။”
လွမ်းထျန်းရှင်း စကားဆုံးသည်နှင့် ကောင်းကင်ဘုံအရှင်များမှာ ကောင်းကင်သို့ ပျံတက်သွားကြပြီး သူတို့နောက်ကွယ်တွင် အတွင်းကမ္ဘာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားလှသော စွမ်းအားများမှာ ကောင်းကင်ဘုံအရှင် တစ်ဦးချင်းစီအပေါ် သက်ရောက်သွားပြီး ဖောက်ထွက်ခြင်းတောင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ဖောက်ထွက်ခြင်းတောင်မှာ ထိုစွမ်းအားကြောင့် လှုပ်ရှားသွားပြီး ရွှေရောင်အရောင်အသွေးများ စတင် လင်းလက်လာသည်။
“ဒီဖောက်ထွက်ခြင်းတောင်က ကောင်းကင်ဘုံအရှင်တွေရဲ့ အကူအညီ လိုအပ်တာလား ”
ဖန့်ချန်၏ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။
“ညီလေး၊ ဒီဖောက်ထွက်ခြင်းတောင်ဆိုတာ အမှန်တော့ သေနေတဲ့အရာပဲ။ သေပြီးသားအရာတစ်ခုကို ပြင်ပအင်အားနဲ့ နှိုးဆွမှသာ သူ့ရဲ့ အရင်က စွမ်းအားတွေ ပြန်ထွက်လာတာ။
ဒါပေမဲ့ သူက အစကတည်းက ဒီလောက်အထိ သေမသွားသေးဘူး၊ ဒီနှစ်တွေအတွင်းမှာ မဟာမိတ်အဖွဲ့က ခဏခဏ အသုံးပြုခဲ့လို့ ဖြစ်မယ်။
ဒီအတိုင်းသာ ဆက်သွားရင် တစ်နေ့ကျရင် သူ တကယ်ပဲ ပြာဖြစ်သွားလိမ့်မယ်။”
အခုမှပဲ နားလည်သွားတော့သည်။
ထိုအချိန်တွင် ဖန်ရှောင်ထျန်းနှင့် ဖန်ရှောင်ပန်း တို့မှာ ဖန်ကျစ်ရွှယ်နှင့် စကားပြောပြီးနောက် ဖန့်ချန်ရှေ့သို့ ရောက်လာကာ ရဲရဲတင်းတင်းဖြင့် -
“ဖန့် အစ်ကိုကြီး။”
သူတို့မှာ ဖန်ကျစ်ရွှယ်ကဲ့သို့ နှစ်ပေါင်းတစ်ရာမှ တစ်ခါ နေမင်းခုနှစ်ပါး ခန်းမတွင် ဖန့်ချန်နှင့် တွေ့ခွင့်ရသူ မဟုတ်ပေ။
“မင်းတို့နှစ်ယောက်လည်း ဖောက်ထွက်ခြင်းတောင် မဖွင့်ခင်မှာပဲ စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်းကို အဆင့်တိုးလိုက်နိုင်တာလား။”
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
သူတို့နှစ်ယောက်မှာ ခေါင်းညိတ်လိုက်ပြီး ဖန့်ရှောင်ထျန်းက -
“ဆရာက ပြောတယ်၊ ကျွန်တော်ရဲ့ အတွင်းကမ္ဘာက မွေးကတည်းက အထွတ်ထိပ်တာအို အဆင့် ဖြစ်နေတော့ သူတော်စင်အဆင့်ကို တစ်ခါ ကျော်လွန်ရုံနဲ့တင် လုံလောက်တယ်တဲ့။
ဖောက်ထွက်ခြင်းတောင်မှာ ကျော်လွန်ရတာ ပိုလွယ်တဲ့အတွက် ဒီအခွင့်အရေးကို လက်မလွှတ်ဖို့ ပြောတယ်။”
ဖန့်ချန်မှာ စိတ်ထဲတွင် စိတ်လှုပ်ရှားမိသည်။ သူ၏ ညီမလေး၊ ညီလေး သုံးယောက်လုံးမှာ ပြန်လည်မွေးဖွားလာပြီးနောက် အရည်အချင်းမှာ အလွန်ပင် မြင့်မားလှသည်။
မွေးရာပါ အထွတ်ထိပ်တာအို အဆင့် အတွင်းကမ္ဘာများ ဖြစ်ကြသည်။
တိုက်ပွဲဝင်ရာမှာဖြစ်စေ၊ သူတော်စင် ကျမ်းစာများကို လေ့ကျင့်ရာမှာဖြစ်စေ သာမန်လူတွေ မမှီနိုင်သော အားသာချက်များ ရှိနေကြသည်။
သာမန် ကျောင်းသားများမှာ ကျောင်းတော်သို့ ဝင်ပြီး နှစ်ပေါင်းတစ်ထောင်၊ နှစ်ထောင်ကြာမှ စွမ်းအင်စုစည်းခြင်းအဆင့် အလယ်ပိုင်းသို့ ကပ်၍ ရောက်ကြသည်။
သူတို့ သုံးယောက်လိုမျိုး စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်းသို့ လွယ်လွယ်ကူကူ ရောက်နိုင်သူများ မဟုတ်ကြပေ။
ဒီအဆင့်မှာ ကြာကြာနေနိုင်ရင် လွမ်းဟုန်ဟွမ်တို့လိုမျိုး နောက်ပိုင်းတွင် အဆင့်ငယ်များကို အလွယ်တကူ ကျော်ဖြတ်နိုင်ပြီး ကမ္ဘာကြီးအဆင့်၊ ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်ထိ တန်းရောက်သွားနိုင်သည်။
“မင်းတို့ ဒီအခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင်ထားပါ။ တစ်ခါတည်းနဲ့ အောင်မြင်အောင် လုပ်ပါ။”
ဖန့်ချန်က တိုက်တွန်းလိုက်သည်။
ဖန်ကျစ်ရွှယ်က ကောင်းကင်ပေါ်ရှိ ကောင်းကင်ဘုံအရှင် ရှစ်ပါးကို ကြည့်ကာ စူးစမ်းစွာ -
“ကောင်းကင်ဘုံအရှင်ရှစ်ပါးက ပူးပေါင်းဖွင့်လှစ်တာတောင် ဖောက်ထွက်ခြင်းတောင် ပွင့်ဖို့ ဘယ်လောက်ကြာဦးမလဲ။”
“သုံးလလောက်တော့ ကြာလိမ့်မယ်။”
ဆွေ့ထျန်းဟွမ်က တခြားကျောင်းသား သုံးယောက်ကို ခေါ်၍ ရောက်လာသည်။
ဖန့်ချန် သူ့ကို ကြည့်သည်ကို မြင်လျှင် ဆွေ့ထျန်းဟွမ်မှာ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး လက်အုပ်ချီကာ -
“ဖန့်ချန် မိတ်ဆွေ၊ ငါတို့ ကောင်းကင်ငါးပါး စစ်မြေပြင်အပြင်ဘက်မှာ တွေ့တာ ဒါ ပထမဆုံးအကြိမ်ပဲ။”
ဖန့်ချန်က ပြုံး၍ -
“ဟုတ်မှာပါ။ ဆွေ့ဟုန်ကျူး အကြီးကဲက မင်းအတွက် တောင်းပန်ပေးပြီးပြီဆိုတော့ ငါတို့နှစ်ယောက်ကြားက အရင်က အငြိုးအတေးတွေကို ဒီမှာတင် အဆုံးသတ်ပြီး တစ်ပြုံတည်း ဖြေရှင်းလိုက်ကြစို့။”
ဆွေ့ထျန်းဟွမ်၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးမှာ ချက်ချင်းပင် လွင့်စင်သွားသလို ခံစားလိုက်ရပြီး လူမှာလည်း ပေါ့ပါးသွားသည်။
“ကောင်းပါပြီ၊ တစ်ပြုံတည်း ဖြေရှင်းလိုက်ကြတာပေါ့။”
ဆွေ့ထျန်းဟွမ်က အပြုံးကို သိမ်းဆည်းလိုက်ပြီး အလေးအနက်ဖြင့် ခေါင်းညိတ်လိုက်သည်။
ရင်တန့်က ထိုမြင်ကွင်းကို ကြည့်ပြီး ရှန်းရှိုယွမ်နှင့် ဖူယွင်ဖေးတို့အား တိတ်တဆိတ် စကားပါးလိုက်သည်။
“ဆွေ့ထျန်းဟွမ်ဆိုတဲ့ ခွေးလေး၊ ဒီနေ့တော့ ကောင်းကောင်း အိပ်ပျော်တော့မှာပဲ။”