အခန်း ၂၅၃၀
Vol. 253 Ch. 2530
အခန်း (၂၅၃၀) - ဖောက်ထွက်ခြင်း ကျောက်တိုင်
ရှန်းရှိုးယွမ် ထိုစကားကို မေးမြန်းလိုက်ချိန်တွင် ထိုနေရာရှိ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ တစ်ယောက်ပြီး တစ်ယောက် ခြေလှမ်း ရပ်တန့်သွားကြပြီး အမူအရာများမှာလည်း အမျိုးမျိုး ဖြစ်နေကြသည်။
“ဒီခန့်မှန်းချက်က အရမ်းရဲတင်းလွန်းမနေဘူးလား။ စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်းမှာ သူတော်စင်အဆင့်ကို တစ်ခါ ကျော်လွန်ပြီး၊ စွမ်းအင်စုစည်းခြင်းအဆင့် အလယ်ပိုင်းမှာ နောက်တစ်ခါ ထပ်ကျော်လွန်နိုင်တဲ့သူ ဘယ်သူရှိမှာလဲ။”
ဖန်ရွှေက ရယ်မော၍ -
“ငါတော့ မယုံဘူး၊ တကယ်လို့သာ ဒီလို သူတော်စင်မျိုး ရှိခဲ့မယ်ဆိုရင် အဲ့ဒီ ကျောက်တိုင်ကို ငါ ဝါးစားပြစ်မယ်။”
ဖန်ရွှေ၏ စကားကို ကောင်းကင်ဘုံအရှင် ဆက်ခံသူ အများစုမှာ ထောက်ခံလိုက်ကြသည်။
သို့သော် လင်ယောင်ဘက်မှ လာသည့် ကောင်းကင်ဘုံအရှင် ဆက်ခံသူ အချို့မှာမူ ဖန့်ချန်ကို သံသယဝင်သည့် အကြည့်ဖြင့် ငေးကြည့်နေကြသည်။
“မင်း စကားပြောတာ လွန်လွန်းနေပြီ၊ ချီကွမ်းယိ ကော မဟုတ်ဘူးလား။”
ရှန်းရှိုးယွမ်က မျက်မှောင်ကြုတ်၍ မေးသည်။
“သူ ဝန်မခံခဲ့ပါဘူး၊ ကောလဟာလတွေ ရှိတယ်ဆိုရင်တောင် ငါ ကိုယ်တိုင် မမြင်ဖူးသရွေ့တော့ မရှိဘူးလို့ပဲ သတ်မှတ်ရမှာပဲ။”
ဖန်ရွှေက တည်ငြိမ်စွာပင် -
“ငါ့ကို သွေးရွာခန်းမမှာ…”
သူ ခဏရပ်၍ ကျောင်းသားများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
“မင်းတို့ အများစုကလည်း ရောက်ဖူးကြတာပဲ၊ ငါ မလျှို့ဝှက်တော့ပါဘူး၊ ငါ လက်ရှစ်ဖက် နတ်ဘုရား ဖန်ရွှေက သွေးရွာခန်းမမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာဆိုတော့ ချီကွမ်းယိ အကြောင်းကိုလည်း အတော်လေး သိတယ်။”
“အကယ်၍ သူက သူတော်စင်အဆင့်ကို နှစ်ကြိမ်တိုင်တိုင် ကျော်လွန်ခဲ့ဖူးရင် စွမ်းအင်စုစည်းခြင်းအဆင့် နောက်ပိုင်းမှာ ဒီလောက် အချိန်ဖြုန်းနေစရာ လိုသေးလို့လား။”
“တတိယအကြိမ်လား တကယ်တော့ လိုအပ်တာ မဟုတ်ပါဘူး၊ သူ့ပါရမီအတိုင်းဆိုရင် ကြိုးစားရုံနဲ့ အစောကြီးကတည်းက တိုးတက်သွားပြီ။”
“ဒိန်းရွှမ်အသီးတွေကို နည်းနည်းပဲ စားရင်တောင် အခုဆိုရင် အထွတ်ထိပ်တာအို သူတော်စင်အဆင့်ကို ရောက်နေလောက်ပြီ။”
“အဲ့ဒါဆို မင်းက ‘လက်ရှစ်ဖက် နတ်ဘုရား ’ ဖန်ရွှေ ဆိုတာလား ”
ကောင်းကင်ဘုံအရှင် ဆက်ခံသူတစ်ဦးက အနည်းငယ် အံ့အားသင့်သွားသည်။
“ဒါပေါ့ကွ။”
ဖန်ရွှေက ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။
“တချို့လူတွေက သူတို့ရဲ့ အတွင်းကမ္ဘာအဆင့်က မွေးရာပါ မြင့်မားနေတာကို ငါတို့ ဝန်ခံရလိမ့်မယ်။”
ဖန်ရွှေက ဖူယာယာ၏ ကျောပြင်ကို ကြည့်လိုက်သည်။
“ဖူယာယာရဲ့ အတွင်းကမ္ဘာအဆင့်က မွေးရာပါ အထွတ်ထိပ်တာအို အဆင့်လို့ ငါ မြင်တယ်။”
“သူသာ သူတော်စင်အဆင့်ကို တစ်ကြိမ် ကျော်လွန်ပြီးရင်တောင် ကောင်းကင်ဘုံအရှင် အဆင့်အတွင်းကမ္ဘာ မဖြစ်ရင်တောင် ငါတို့ထက် အများကြီး သာလွန်နေမှာပဲ။”
“ဒီလို စွမ်းအားမျိုး ရှိနေတာ မထူးဆန်းပါဘူး။”
ပြောပြီးသည်နှင့် သူက ဖန့်ချန်ဘက်ကို လက်အုပ်ချီလိုက်သည်။
“ဖန့်ချန် မိတ်ဆွေကိုပဲ ကြည့်လေ၊ ဒီတစ်ခါ ချန်းယောင် ကျောင်းတော်မှာ သူ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကို မင်းတို့ အားလုံး ကြားပြီးပြီ မဟုတ်လား။”
“သူက သူတော်စင်အဆင့်ကို နှစ်ကြိမ် ကျော်လွန်ခဲ့ဖူးတယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိတယ်။”
“ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီမတိုင်ခင်က သူက နာမည်မကြီးခဲ့ဘူး၊ ဒိန်းရွှမ်အသီးတောင် နည်းနည်းပဲ ရခဲ့တာ၊ ရွှေဟွေး ကျောင်းတော်ကို ဝင်တာလည်း ကြာသေးတာ မဟုတ်ဘူး။”
“ဒါတွေက အတည်ဖြစ်ပြီးသား အချက်အလက်တွေပဲ၊ မင်းတို့က သိသိရက်နဲ့ လျစ်လျူရှုနေတာလား။”
“ဒါကြောင့် ဖန့်ချန် မိတ်ဆွေက သူတော်စင်အဆင့်ကို နှစ်ကြိမ် ကျော်လွန်ခဲ့ဖူးဖို့ မဖြစ်နိုင်ဘူး။”
“ဒါပေမဲ့ သူ့စွမ်းအားကတော့ ဖူယာယာထက် နိမ့်ကျမှာ မဟုတ်ဘူး၊ ဒီအချက်ကို လင်ယောင်ဘက်က လူတွေကို မေးကြည့်လိုက်၊ သူတို့ ပြောပြလိမ့်မယ်။”
အချို့သော သူတော်စင်များက ဖန်ရွှေ၏ စကားကို ဖားယားနေသည်ဟု ယူဆကြသော်လည်း အမှန်တရားမှာ ထိုအတိုင်းပင် ဖြစ်သည်။
လင်ယောင်ဘက်မှ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ မျက်နှာပျက်နေကြသည်။
သူတို့ထဲမှ အချို့မှာမူ စိတ်ထဲတွင် တုန်လှုပ်နေကြသည်၊ အကြောင်းမှာ သူတို့က ဖန့်ချန်ကို ယခင်က တိုက်ခိုက်ခဲ့ဖူးသော်လည်း အနိုင်မယူနိုင်ခဲ့သောကြောင့် ဖြစ်သည်။
တန်ခယ်ရွှမ်၏ စိတ်အခြေအနေမှာမူ အေးဆေးတည်ငြိမ်နေသည်။
အကြောင်းရင်းမှာ တခြားမဟုတ်၊ ချန်းယောင် ကျောင်းတော်တွင် သူ တိုက်ခိုက်ခြင်း မရှိခဲ့သောကြောင့်ပင်။
“စကားကို အဲ့လောက် အတိအကျကြီး မပြောသင့်ပါဘူး…”
ရှန်းရှိုးယွမ်က ဖန့်ချန်ကို ကြည့်ကာ တွေးတောလိုက်သည်။
“ဖူယာယာအစ်မကြီးက သူတော်စင်အဆင့်ကို ဘယ်နှစ်ကြိမ် ကျော်လွန်ခဲ့လဲဆိုတာ ဆက်ပြီး မခန့်မှန်းကြပါနဲ့တော့။”
“မှန်အောင် ခန့်မှန်းမိရင်ရော ဘာဖြစ်မှာမို့လို့လဲ၊ နောင်အခါကျရင် ဖူယာယာအစ်မကြီးကို ဘယ်လို ပြန်တိုက်ခိုက်ရမလဲလို့ စဉ်းစားမလို့လား။”
တစ်ကိုယ်လုံး တစ်ဝက်လောက်သာ ရှိပြီး အာလူးလုံးလေးလို ဖြစ်နေသည့် မိန်းကလေးတစ်ဦးက အေးစက်စက် ပြောလိုက်သည်။
သူမမှာ လူအများထက် လှေကားထစ် ခုနစ်ထစ်၊ ရှစ်ထစ်လောက် ပိုတက်ထားနိုင်သည်။
သူမက လက်သေးသေးလေး၊ ခြေထောက်သေးသေးလေးနှင့် အန္တရာယ်ကင်းပုံပေါက်နေကာ လူသားမျိုးနွယ်စုနှင့် အလွန်တူသော်လည်း လည်ပင်းတွင် ထူးခြားသော ပန်းပုံစံ အမှတ်အသား တစ်ခု ပါရှိသည်။
ထိုအမှတ်အသားမှာ တားဆီးစာလုံးတစ်ခု ပတ်ထားသည့်ပုံနှင့် တူသည်။
သူမ စကားစလိုက်သည်နှင့် ရှန်းရှိုးယွမ်က ချက်ချင်း ရယ်မောလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ မလိုအပ်တဲ့ စကားတွေ မပြောတော့ပါဘူး၊ ဆက်ပြီး တက်ကြရအောင်။”
ထိုမိန်းကလေးကို သူ အလွန်ပင် ကြောက်ရွံ့ပုံရသည်။
“သခင်လေး၊ ဒီမိန်းကလေးက လင်ချုံ အမြင့်ဆုံး မဟာမိတ်အဖွဲ့၊ နတ်ဆေးစာမျိုးနွယ်စုက ကောင်းကင်ဘုံအရှင် ဆက်ခံသူပါ။”
“ဒီမျိုးနွယ်စုက တိုက်ခိုက်တာ အလွန်ကျွမ်းကျင်တယ်လို့ ကြားတယ်၊ ချင်းမင်ရဲ့ ကောင်းကင်စစ်သည် မျိုးနွယ်စုထက်တောင် ပိုတော်သေးတယ်တဲ့။”
ယွီနတ်မိမယ်၏ အသံမှာ ဖန့်ချန်၏ နားထဲသို့ ရောက်လာသည်။
ဖန့်ချန် ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။ သူသည်လည်း ကရုဏာတောင်မှ ရှေးဟောင်းကျမ်းစာများအရ နတ်ဆေးစာမျိုးနွယ်စုအကြောင်းကို သိရှိပြီးဖြစ်ကာ သူတို့မှာ တကယ်ပင် တိုက်ခိုက်လိုစိတ် ပြင်းထန်သူများ ဖြစ်ကြသည်။
သူမ စကားပြောသည်နှင့် ရှန်းရှိုးယွမ် ချက်ချင်း တိတ်ဆိတ်သွားသည်မှာ မထူးဆန်းတော့ပေ။
“ဖန့်ချန်၊ ဖူယာယာအစ်မကြီးက မင်းအရမ်းတော်တယ်လို့ ပြောတယ်၊ အခွင့်အရေးရရင် မင်းနဲ့ တည့်တည့်မတ်မတ် တိုက်ခိုက်ကြည့်ချင်တယ်တဲ့။”
“ဒါပေမဲ့ မင်းက ဖူယာယာအစ်မကြီးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်။”
ထိုအာလူးလုံးလေးက ဖန့်ချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကြောင့် ဖန်ကျစ်ရွှယ်မှာ ချက်ချင်းပင် မကျေနပ်သည့်ဟန်ဖြင့် -
“တကယ် မတိုက်ခိုက်ရသေးဘဲနဲ့ ဘာလို့ ဖန့် အစ်ကိုကြီးက ဖူယာယာရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ပြောတာလဲ။”
“ဘာလို့လဲဆိုတော့…”
ထိုအာလူးလုံးလေး ဆက်ပြောမည်အပြုတွင် အပေါ်ဘက်မှ ဖူယာယာ၏ အေးစက်စက် အသံထွက်ပေါ်လာသည်။
“လဲ့လဲ့၊ သူတို့က မင်းဆီက အချက်အလက်တွေ ခိုးမေးနေတာ၊ မြန်မြန် လိုက်ခဲ့။”
ရှန်းရှိုးယွမ်တို့မှာ စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ ဖောက်ထွက်ခြင်းတောင်ဆီသို့ ဆက်လက်တက်လှမ်းသွားကြသည်။
ဖန်ကျစ်ရွှယ်လည်း စကားကို ရပ်လိုက်ပြီး ဖန့်ချန်နောက်မှ လိုက်ပါသွားသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။
လဲ့လဲ့ မှာ အနည်းငယ် ကြောင်သွားပြီး မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာကာ အသက်ကို ပြင်းပြင်းရှူပြီးနောက်မှ ဆက်လက် တက်လှမ်းသွားသည်။ သို့သော် သူမ၏ လက်သီးလေးများကို တင်းတင်းဆုပ်ထားသည်ကို ကြည့်ခြင်းဖြင့် သူမ သည်းမခံနိုင်တော့သည်မှာ သိသာလှသည်။
“ဒီကောင်မလေးက အတော်လေး အပြစ်ကင်းစင်တာပဲ၊ အချက်အလက်တွေ အခိုးခံရတော့မလို့။”
ယွီနတ်မိမယ်က ဖန့်ချန်နှင့်အတူ လျှောက်ရင်း လဲ့လဲ့၏ ကျောပြင်ကို ကြည့်ကာ ပြုံးလိုက်သည်။
“သခင်လေး၊ အဲ့ဒီ ဖူယာယာက သူတော်စင်အဆင့်ကို နှစ်ကြိမ် ကျော်လွန်ခဲ့ဖူးဖို့ ဖြစ်နိုင်ခြေ ရှိမလား။”
“ဖြစ်နိုင်ခြေ ရှိပါတယ်။”
ဖန့်ချန်က အတည်ပြု ပြောလိုက်သည်။
ဖူယာယာ နှစ်ကြိမ် ကျော်လွန်ခဲ့ဖူး မဖူးဆိုတာကို သူ မသေချာပေ။
သို့သော် ဖူယာယာ နှစ်ကြိမ် ကျော်လွန်ခဲ့ဖူးလျှင်တောင် သူမ၏ စွမ်းအားမှာ ချီကွမ်းယိ အောက်တွင်သာ ရှိလိမ့်မည်ဟု သူ တပ်အပ် ပြောနိုင်ပါသည်။
ထိုနေရာတွင် အတွင်းကမ္ဘာ၏ အဆင့်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
သူ၏ လက်ရှိ အတွင်းကမ္ဘာအဆင့်မှာ အထွတ်ထိပ်တာအို အဆင့်နိမ့် ဖြစ်ပြီး တစ်နေ့နေ့တွင် ကောင်းကင်ဘုံအရှင် အဆင့်သို့ ရောက်ရှိသွားပါက စွမ်းအားမှာ ပိုမို ကြောက်ခမန်းလိမ့်မည်။
သတိမထားမိလိုက်ခင်မှာပင် လူအများမှာ လှေကားထစ် ရာပေါင်းများစွာ တက်လှမ်းမိလိုက်သည်။
ဖူယာယာ၏ ကျောပြင်မှာ သူတို့ထက် လှေကားထစ် တစ်ရာလောက် အကွာတွင် ဆက်လက် ရှိနေဆဲဖြစ်သည်။
သို့သော် လူအများမှာ ဖူယာယာ၏ အနီးအနားတွင် မှိန်တုတ်တုတ် ကျောက်တိုင်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
“အဲ့ဒါ ‘ဖောက်ထွက်ခြင်း ကျောက်တိုင်’ ပဲ”
ဖန်ရွှေက ဝမ်းမြောက်စွာ -
“ဒီတစ်ခါတော့ ငါတို့ ကံကောင်းတယ်၊ အများကြီး မတက်ရသေးခင်မှာပဲ ‘ဖောက်ထွက်ခြင်း ကျောက်တိုင်’ ကို တွေ့လိုက်ရပြီ ”
ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ စိတ်အားတက်ကြွသွားပြီး အလျင်အမြန်ပင် အရှိန်မြှင့်လိုက်ကြသည်။
ဖန့်ချန်က ထိုမှိန်တုတ်တုတ် ကျောက်တိုင်ကို ကြည့်ကာ သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။
ထိုကျောက်တိုင်မှာ ဤအတွင်းကမ္ဘာ တားမြစ်နယ်မြေ၏ ယခင် ပိုင်ရှင်က ချန်ရစ်ခဲ့သည့် ကျန်ရှိသော စွမ်းအားများဖြင့် ဖြစ်လာခြင်း ဖြစ်နိုင်သည်။
အနည်းငယ် တက်လှမ်းပြီးနောက် ဖန့်ချန်မှာ ခန္ဓာကိုယ်ပေါ်တွင် ကျရောက်နေသည့် မမြင်ရသော ဖိအားများမှာ ပိုမို လေးလံလာသည်ကို ခံစားလိုက်ရသည်။
ယခင်က ဖိအားမှာ နူးညံ့သော ရေလှိုင်းနှင့် တူသော်လည်း ယခုမူ အလွန် ပြင်းထန်သော လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်လာသည်။
ဆွေ့ထျန်းဟွမ်တို့မှာလည်း ထိုအတိုင်းပင် ခံစားနေကြသည်။
လူတိုင်းမှာ အရှိန်မြှင့်၍ တက်လှမ်းပြီးနောက်တွင် အရှိန်များ တဖြည်းဖြည်း လျော့ကျလာကြသည်။
အခြေခံ အုတ်မြစ် အားနည်းသည့် ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ ချွေးများ ကျလာသည်။
“ယွီလေး ငါ မင်းကို ကူညီမယ်။”
မငြိမ်မသက်ဒေသမှ ကောင်းကင်ဘုံအရှင် ဆက်ခံသူတစ်ဦးမှာ ယွီနတ်မိမယ် မျက်မှောင်ကြုတ်သည်ကို မြင်လျှင် ကူညီရန် ရှေ့တိုးလာသည်။
“မလိုဘူး၊ နင်က ငါ့ကို အကန့်သက် ကျော်လွန်အောင် ကူညီပေးနိုင်လို့လား ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်ပါ။”
ယွီနတ်မိမယ်က အေးစက်စက် ငြင်းပယ်လိုက်သည်။
ထိုသူသည် ရှက်ရွံ့သွားပြီး အသက်ကို ပြင်းပြင်းရှူ၍ ဖောက်ထွက်ခြင်း ကျောက်တိုင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားရန် ပြင်ဆင်လိုက်သည်။
“ဖန့် အစ်ကိုကြီး၊ မောနေလား ငါ တွဲပေးရမလား ”
ယွီနတ်မိမယ်က ခေါင်းလှည့်၍ ဖန့်ချန်ကို မေးလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် မငြိမ်မသက်ဒေသမှ ကျောင်းသားမှာ ခြေလှမ်း ပျက်သွားပြီး လှေကားထစ်မှ လိမ့်ကျလုနီးပါး ဖြစ်သွားသည်။