အခန်း ၂၅၃၁
Vol. 254 Ch. 2531
အခန်း (၂၅၃၁) - မင်းတို့က ဘယ်ဂိုဏ်းကလဲ
“အစ်မ၊ သတိထားမိလိုက်လား ”
ဖန်ရှောင်ပန်းမှာ ခြေလှမ်းများကို အတတ်နိုင်ဆုံး မှန်မှန်လှမ်းနေသော်လည်း ယွီနတ်မိမယ်နှင့် ဖန့်ချန်ကို ခိုးကြည့်ရန် မေ့မေ့လျော့လျော့ ရှိနေသည်။ ထို့နောက် မငြိမ်မသက်ဒေသမှ မျက်နှာထား တင်းမာနေသည့် ကောင်းကင်ဘုံအရှင် ဆက်ခံသူကို တစ်ချက်ကြည့်လိုက်ပြီး ဖန်ကျစ်ရွှယ်ထံသို့ လျှို့ဝှက်သံပေးလိုက်သည်။
ဖန်ကျစ်ရွှယ်ကလည်း လျှို့ဝှက်သံဖြင့်ပင် ပြန်ဖြေလိုက်သည်။
“သတိထားမိလိုက်တယ်၊ ယွီအစ်မကြီးက ဖန့် အစ်ကိုကြီးကို စိတ်ဝင်စားနေပုံပဲ၊ ဒါက တစ်ချက်ကြည့်ရုံနဲ့ ချစ်မိသွားတာမျိုး ဖြစ်နိုင်တယ်။”
“မငြိမ်မသက်ဒေသက ကောင်းကင်ဘုံအရှင် ဆက်ခံသူတွေကလည်း ယွီအစ်မကြီးကို စိတ်ဝင်စားနေပုံရတယ်၊ အဲ့ဒီလူက ပိုပြီးတောင် ဆိုးသေးတယ်။”
“ဒါပေမဲ့ ယွီအစ်မကြီးက သူတို့ကို မျက်စိကျမနေဘူး။”
“မျက်စိမကျတာလည်း မဆန်းပါဘူး၊ ဖန့် အစ်ကိုကြီးက ဘယ်လောက်တော်လဲ၊ ချန်းယောင် ကျောင်းတော်မှာ သူ ရှုံးနိမ့်ခြင်းဆိုတာ မရှိခဲ့ဘူး၊ ထိပ်တန်းမျိုးနွယ်စုရဲ့ သားသမီးတွေကိုတောင် ထွက်ပြေးရအောင် ဖိအားပေးနိုင်ခဲ့တာလေ။”
“အခုကြည့်လေ၊ ဆွေ့ထျန်းဟွမ်တို့၊ တန်ခယ်ရွှမ်တို့တောင် ဖန့် အစ်ကိုကြီးနဲ့ ယှဉ်တိုက်ဖို့ ဘယ်သူက ဝံ့ရဲတော့မှာလဲ။”
ဖန်ရှောင်ပန်း၏ နှုတ်ခမ်းထောင့်များမှာ မသိမသာ ပြုံးယောင်သန်းသွားသည်။
“ဒါပေမဲ့ ယွီအစ်မကြီးက မငြိမ်မသက်ဒေသက ကျောင်းသားတစ်ယောက် ဖြစ်နေတာကတော့ နှမြောစရာပဲ၊ ငါတို့နဲ့ အရမ်း ဝေးနေတယ်။ ဒီတစ်ခါ ဖောက်ထွက်ခြင်းတောင် ပြီးသွားရင် နောက်တစ်ခါ ဘယ်တော့ ပြန်တွေ့ရမလဲတောင် မသိဘူး။”
“သူနဲ့ ဖန့် အစ်ကိုကြီးကလည်း ကြာရှည် အတူတူ ရှိနေနိုင်မှာ မဟုတ်ဘူး။”
ဖန်ကျစ်ရွှယ်က ဖန့်ချန်နှင့် ယွီနတ်မိမယ်ကို ခိုးကြည့်လိုက်သည်။
ထိုအချိန်တွင် သူတို့နှစ်ဦး၏ နားထဲသို့ ဖန့်ချန်၏ အသံ ရောက်လာသည်။
“မင်းတို့နှစ်ယောက် ဘာတွေ တီးတိုးပြောနေတာလဲ၊ လှေကားထစ်ကိုပဲ အာရုံစိုက်ပြီး တက်ပါ၊ ခြေချော်မကျအောင် သတိထား။”
မိန်းကလေးနှစ်ယောက်မှာ ချက်ချင်းပင် မျက်နှာတည်သွားပြီး လှေကားထစ်များကိုသာ အာရုံစိုက်လိုက်ကြသည်။ သူတို့ နှစ်ယောက် တီးတိုးပြောနေသည်ကို ဖန့်ချန်က ဘယ်လိုလုပ် သိသွားတာလဲဟု အံ့အားသင့်သွားကြသည်။
ဖန်ရှောင်တျန်းပင်လျှင် သူတို့နှစ်ယောက် မျက်စိမှိတ်ပြနေသည်ကို သတိထားမိနေသည် မဟုတ်ပါလား။
“အရမ်းမောတယ်၊ အရမ်းမောတယ်…”
ဖန်ရွှေမှာ မောပန်းစွာ အသက်ရှူနေရသော်လည်း အပေါ်သို့ ဆက်လက် တက်လှမ်းနေဆဲဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းကမ္ဘာစွမ်းအင်များမှာ အဆက်မပြတ် လျော့ကျနေပြီး ယင်းမှာ ပို၍ မြန်ဆန်လာသည်။
သို့သော် အတွင်းကမ္ဘာမှာ ပွင့်မလာသဖြင့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိပေ။ ဤသည်မှာ အကျပ်အတည်းတစ်ခု ဖြစ်နေသကဲ့သို့ပင်။
ကျန်ရှိသော ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာလည်း ဖန်ရွှေထက် ပိုမကောင်းပေ။
ရှန်းရှိုးယွမ်တို့မှာလည်း မောပန်းနွမ်းနယ်သည့်ဟန်များ ပေါ်လာသည်။
ထို့နောက် သူတို့က ဖန့်ချန်ကို ခိုးကြည့်လိုက်ကြသည်။ ဖန့်ချန်မှာ ချွေးများကို လက်ဖြင့် သုတ်နေသည်ကို မြင်သောအခါ သူတို့၏ စိတ်ထဲတွင် တစ်မျိုးစီ တွက်ချက်နေကြသည်။
သူတို့က ဖူယာယာ၏ ခြေလှမ်းများမှာ ယခုထိ တည်ငြိမ်နေဆဲ ဖြစ်သည်ကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
သူမ တစ်ဦးတည်းသာလျှင် အခြေခံ အုတ်မြစ် အားအကောင်းဆုံး ဖြစ်ဟန်ရှိသည်။
ဒီလောက် ပြင်းထန်တဲ့ ဖိအားအောက်မှာတောင် သူမက တည်ငြိမ်စွာ ဆက်တက်နေနိုင်သေးသည်။
အချိန်တွေ ကုန်လွန်သွားသည်။
လူအများမှာ ဖောက်ထွက်ခြင်း ကျောက်တိုင်နှင့် လှေကားထစ် တစ်ရာလောက်သာ လိုတော့သည့်အချိန်တွင် ဖူယာယာမှာ ကျောက်တိုင်အရှေ့သို့ ရောက်ရှိသွားပြီဖြစ်သည်။
လူအများ၏ စိတ်ဝက်မှာ ခြေလှမ်းများကို ဂရုစိုက်နေရသော်လည်း ကျန်စိတ်ဝက်မှာ ဖူယာယာဆီတွင်သာ ရှိနေသည်။
သူမက ဖောက်ထွက်ခြင်း ကျောက်တိုင်ကို ပတ်၍ တစ်ပတ် လှည့်ကြည့်ပြီးနောက် လက်ကို မြှောက်ကာ ကျောက်တိုင်ပေါ်သို့ ဖြည်းညှင်းစွာ ဖိချလိုက်သည်။
ချက်ချင်းပင် အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဖူယာယာသည် လူအများရှေ့မှာပင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ဒါက… ငါ နည်းနည်း မှတ်မိသလိုပဲ…”
ဖန်ရွှေက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဖန်ရွှေ မိတ်ဆွေ၊ ဘာတွေ မှတ်မိလိုက်တာလဲ၊ ဖူယာယာက ဘယ်ကို သွားတာလဲ။”
ရင်တန့်က အလျင်အမြန် မေးမြန်းလိုက်သည်။
ဖန်ရွှေက တွေးတောရင်း -
“နည်းနည်းပဲ မှတ်မိတယ်၊ ရင်းနှီးသလို ခံစားရတယ်၊ ဒါပေမဲ့ အတိအကျတော့ မမှတ်မိဘူး။ ဖူယာယာက သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်ဖို့ နေရာတစ်ခုကို ပို့လိုက်တာတော့ သေချာတယ်။”
“ငါတို့လည်း နှောင့်နှေးမနေနဲ့တော့၊ မြန်မြန်သွားကြရအောင် ”
သူတော်စင်အဆင့် ဖောက်ထွက်နိုင်မည့် အခွင့်အရေးကို မြင်လိုက်ရသဖြင့် ထိုနေရာရှိ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ အားအင်အပြည့်ဖြင့် ကျောက်တိုင်ဆီသို့ အလုအယက် ပြေးသွားကြသည်။
ခဏအကြာတွင် ရှန်းရှိုးယွမ်၊ ဆွေ့ထျန်းဟွမ်၊ တန်ခယ်ရွှမ်တို့မှာ ကျောက်တိုင်အနီးသို့ ရောက်ရှိသွားကြသည်။
သူတို့၏ နောက်တွင် ဖန့်ချန်နှင့် ယွီနတ်မိမယ်တို့ ရောက်ရှိလာသည်။
ဖန့်ချန်မှာ ချွေးများကို သုတ်နေသည်။
ဆွေ့ထျန်းဟွမ်က တွေ့မြင်သွားသဖြင့် ခါးသီးစွာ ရယ်မော၍ -
“ဖန့်ချန် မိတ်ဆွေ၊ မင်းရဲ့ စွမ်းရည်က ငါတို့ထက် အများကြီး သာလွန်တာ၊ ငါတို့တောင် ချွေးသိပ်မထွက်သေးဘူး၊ မင်းက ဘာလို့…”
ဖန့်ချန်က စဉ်းစားလိုက်ပြီး ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။
“ဒီကျောက်တိုင်က ဘာတွေ ထူးခြားလဲဆိုတာ ငါ ကြည့်လိုက်ဦးမယ်။”
ယွီနတ်မိမယ်နှင့် ဖန်ကျစ်ရွှယ်တို့လည်း အတူတူ လိုက်ပါသွားကြသည်။
ဖန့်ချန်က လက်ဝါးကို ကျောက်တိုင်ပေါ်သို့ တင်လိုက်သည်။
ချက်ချင်းပင် သူသည် အဆုံးအစမရှိသော ကောင်းကင်ဟင်းလင်းပြင်ထဲတွင် ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ပတ်ဝန်းကျင် အရာအားလုံးမှာ ပြောင်းလဲသွားသည်။
ထိုဟင်းလင်းပြင်ထဲတွင် တောက်ပနေသော ကြယ်တာရာပေါင်းများစွာ ရှိနေသည်။
ထိုအထဲမှ ကြယ်တစ်လုံးမှာ နေမင်းကဲ့သို့ တောက်ပလာသည်။
ထိုကြယ်မှ အဖြူရောင် အလင်းတန်းတစ်ခု ကျရောက်လာပြီးနောက် ဖန့်ချန်မှာ ထူးဆန်းသော ဆွဲငင်အားတစ်ခုအတွင်းသို့ ကျရောက်သွားသည်။
ထို့နောက်တွင်တော့ အောက်သို့ ပြုတ်ကျသွားသည့် ခံစားချက်ကို ရလိုက်သည်။
အနည်းငယ် ကြာပြီးနောက် သူသည် မြေပြင်ပေါ်သို့ အသေအချာ သက်ဆင်းလိုက်နိုင်ပြီး သူ၏ ပတ်ဝန်းကျင်တွင် ရေတွက်၍ မရနိုင်သော အကြည့်များစွာက သူ့ဆီသို့ စူးစိုက်ကြည့်နေကြသည်။
“သတိထား၊ ဒီနေရာက တကယ်ကို မမှန်ကန်ဘူး။”
ဖူယာယာ၏ အသံမှာ ဖန့်ချန်၏ နားထဲသို့ ရောက်လာသည်။
သူမက ဖန့်ချန်၏ ဘေးတွင် သတိကြီးစွာဖြင့် ရပ်နေပြီး ထိုအကြည့်များ၏ ပိုင်ရှင်များကို စောင့်ကြည့်နေသည်။
ထိုသူများမှာလည်း သူမနှင့် ဖန့်ချန်ကို သတိကြီးစွာဖြင့် ကြည့်နေကြသည်။ တစ်ချိန်တည်းမှာပင် အခြားသူများကိုလည်း ကြည့်နေကြသည်။
“ဒီနေရာက ဘာဖြစ်တာလဲ။”
ဖန့်ချန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ဖောက်ထွက်ခြင်းတောင်သို့ လာသည့် ကောင်းကင်ဘုံအရှင် ဆက်ခံသူ စုစုပေါင်း ဘယ်လောက်ရှိလဲ။
တစ်ရာတောင် မပြည့်ပါ။
ဒါပေမဲ့ ဒီပလက်ဖောင်းပေါ်မှာ လူတစ်ထောင်ကျော်လောက် ရှိနေသည်။
ဒါ ဘာတွေလဲ။
ဒီလူတွေက ဘယ်ကလာတာလဲ။
ထိုအချိန်တွင်ပင် လူရိပ်များမှာ အဆက်မပြတ် ကျရောက်လာသည်။
ဖန့်ချန် အပေါ်ကို မော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် ဦးတည်ရာ အမျိုးမျိုးမှ လှည့်ပတ်နေသော ဝဲဂယက်များကို တွေ့လိုက်ရသည်။
ဝဲဂယက်တစ်ခုမှ ကျလာသူမှာ ဖန်ကျစ်ရွှယ်တို့ ဖြစ်သည်။
အခြား ဝဲဂယက်များမှလည်း တစ်ယောက်ပြီး တစ်ယောက် ကျလာကြသည်။
ဒါပေမဲ့ သူတို့၏ အရှိန်အဝါများမှာ နည်းနည်း ထူးဆန်းနေသည်။
သူတို့မှာ စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်များနှင့် မတူဟု ဖန့်ချန် ခံစားလိုက်ရသည်။
မကြာမီပင် ကောင်းကင် ငါးပါးအတွင်းမှ ကောင်းကင်ဘုံအရှင် ဆက်ခံသူများ အားလုံး စုံညီလာသည်။
ယွီနတ်မိမယ်က ဖူယာယာနှင့် ဖန့်ချန် အနီးကပ် ရပ်နေသည်ကို မြင်လျှင် သူတို့ကြားထဲသို့ ဝင်လိုက်သည်။
ဖူယာယာက ယွီနတ်မိမယ်ကို တစ်ချက်ကြည့်ပြီး လဲ့လဲ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ နတ်ဆေးစာမျိုးနွယ်စုနှင့် ပူးပေါင်းလိုက်သည်။
“သခင်လေး၊ ကျွန်မတို့ ကျောက်တိုင်ကို ထိပြီးတာနဲ့ ဒီကို ရောက်လာတာ၊ ဒါ ဘယ်နေရာလဲ၊ ဘာလို့ ဒီမှာ သူတော်စင်တွေ ဒီလောက် များနေတာလဲ။”
ယွီနတ်မိမယ်၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ပြည့်နှက်နေပြီး လျှို့ဝှက်သံပေးလိုက်သည်။
“အခုထိတော့ မသိသေးဘူး၊ ဒါပေမဲ့ ဒီနေရာက ထူးဆန်းတယ်၊ အခြေအနေကို အရင်ကြည့်ရအောင်။ ငါတို့ထဲမှာ ဖောက်ထွက်ခြင်းတောင်ကို နှစ်ခေါက် ရောက်ဖူးတဲ့သူတွေ ပါတယ်၊ သူတို့ ဘာတွေ မှတ်မိမလဲ ကြည့်ရအောင်။”
ဖန့်ချန်က လျှို့ဝှက်သံပေးလိုက်သည်။
သူ ရပ်နေသည့် နေရာမှာ ယွီနတ်မိမယ်၊ ဖန်ကျစ်ရွှယ်၊ ဖန်ရှောင်တျန်း၊ ဖန်ရှောင်ပန်း လေးဦးကို နောက်ကွယ်မှ ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသည်။
ထိုအချိန်တွင် ဆွေ့ထျန်းဟွမ်တို့လည်း အံ့အားသင့်နေကြသည်။
ဒီမှာရှိတဲ့ သူတော်စင်တွေက ဘယ်ကလာတာလဲ။
ဘာလို့ သူတို့ကို တစ်ယောက်မှ မသိရတာလဲ။
ပို၍ဆိုးသည်မှာ… ကောင်းကင်ငါးပါးအတွင်းမှာ သူတော်စင်တွေ ဒီလောက် များပြားစွာ ဖောက်ထွက်ခြင်းတောင်ထဲ တစ်ပြိုင်နက် ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။
“ငါ နည်းနည်း မှတ်မိသလိုပဲ၊ မှတ်မိသလိုပဲ…”
ဖန်ရွှေက တိုးတိုးလေး ရေရွတ်သည်။
သူ့လိုပဲ နှစ်ကြိမ် ရောက်ဖူးသည့်သူ အချို့လည်း စဉ်းစားခန်း ဝင်နေကြသည်။
“ဖန့်ချန် မိတ်ဆွေ၊ ဒီနေရာရဲ့ ထူးခြားမှုက ငါတို့ ထင်ထားတာထက် ပိုနေပုံပဲ၊ ကောင်းကင်ဘုံအရှင်တွေတောင် ဒီအကြောင်းကို မသိကြဘူး။ ငါတို့ ထွက်သွားရင် မှတ်ဉာဏ်တွေ အကုန် ပိတ်ပင်ခံရလိမ့်မယ်ထင်တယ်။”
ရှန်းရှိုးယွမ်က ဖန့်ချန်ဘေးသို့ ရောက်လာပြီး မျက်နှာထား တင်းမာစွာ ပြောသည်။
လင်ယောင်ဘက်မှ ကောင်းကင်ဘုံအရှင် ဆက်ခံသူများလည်း သူတို့အနီးသို့ ရောက်လာကြသည်။
မသိရှိရသော အန္တရာယ်ကို ရင်ဆိုင်ရန် စုစည်းနေကြဟန် ရှိသည်။
ထိုအချိန်တွင် သူတော်စင်များအနီးမှ လူငယ်တစ်ဦးက အေးဆေးစွာ ပြောလိုက်သည်။
“မင်းတို့က ဘယ်ဂိုဏ်းကလဲ”
သူက ဖူယာယာကို ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် ရန်လိုသည့် အရိပ်အယောင် အနည်းငယ် ပါနေသည်။
ဂိုဏ်းလား
ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ အံ့သြသွားကြသည်။
ဂိုဏ်းဆိုတာ နိမ့်ကျတဲ့ ဒေသတွေမှာပဲ ရှိတာ မဟုတ်လား။
ကောင်းကင်ငါးပါးအတွင်းမှာလည်း ဂိုဏ်းတွေ ရှိတာ မှန်ပေမဲ့ ချန်းယောင် ကျောင်းတော်ကိုတောင် လေးစားရမည့် အခြေအနေမျိုး မဟုတ်ပေ။
ဂိုဏ်းဆိုတာ သူတို့လို မဟာမိတ်အဖွဲ့က ပြုစုပျိုးထောင်ထားတဲ့ အနာဂတ် ခေါင်းဆောင်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။