အခန်း ၂၅၃၄
Vol. 254 Ch. 2534
အခန်း (၂၅၃၄) - ဘယ်လောက်တောင် မောက်မာလိုက်သလဲ
“လင်းယောင်ဂိုဏ်းဆိုတာ ဘာခွေးအော်သံ ဂိုဏ်းလဲ။”
“တစ်ခါမှ မကြားဖူးဘူး၊ နယ်မြေငယ်ဂိုဏ်းထဲမှာလည်း ပါပုံမရဘူး။”
ရှောင်ရိချန်း၏ မောက်မာသော လုပ်ရပ်ကြောင့် ထိုနေရာရှိ ရှိသမျှလူများ၏ အာရုံစိုက်မှုမှာ သူတို့အုပ်စုထံသို့ ရောက်သွားသည်။
အစောပိုင်းကတော့ အလုံးစုံသိမြင်ဂိုဏ်းမှ ဝမ်ချုံးစန်းတို့အုပ်စုသာ ဖူယာယာတို့၏ နောက်ကြောင်းကို စုံစမ်းမေးမြန်းဖူးသည်။ ကျန်ရှိသော အခြားအင်အားစုများမှာ ဖန့်ချန်တို့ကို သတိပင် ထားမိပုံမရပေ။
ယခုမူ ရှောင်ရိချန်းက လင်းယောင်ဂိုဏ်း၏ အမည်ကို ကျယ်လောင်စွာ ကြွေးကြော်လိုက်သောအခါ အချို့သော အင်အားစုများမှာ မယုံကြည်နိုင်စွာဖြင့် သံသယဝင်သွားကြသည်။
“တန်ခယ်ရွှမ်၊ သူတို့ ဘယ်ကလာမှန်း ငါတို့လည်း အခုထိ မသိသေးဘူး။ အကယ်၍ ဒီလူစုက ငါတို့ လင်းယောင်ဆိုတဲ့ နာမည်ကို အသုံးချပြီး ပြဿနာရှာနေမယ်ဆိုရင် ဒါက…”
“အရင်ဆုံး မေ့ထားလိုက်စမ်းပါ။ သူတို့ ဒီနေရာကနေ ထွက်သွားရင် ငါတို့လိုပဲ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားမှာပါ။”
တန်ခယ်ရွှမ်က ပို၍ စိတ်တည်ငြိမ်သည်။
ထိုသို့ ပြောလိုက်မှ လင်းယောင်အဆင့်ေမြင့်ဆုံးမဟာမိတ်အဖွဲ့မှ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် အမျက်ဒေါသ အနည်းငယ်ကို ပြန်လည် ထိန်းချုပ်လိုက်နိုင်သည်။ သို့သော် ရှောင်ရိချန်းကို ကြည့်သည့် အကြည့်များမှာမူ မကျေမနပ် ဖြစ်နေဆဲပင်။
“ကောင်လေး၊ မင်းတို့ လင်းယောင်ဂိုဏ်းက ဘယ်ကလာတာလဲ။ နယ်မြေအဆင့်တောင် မမီတဲ့ဂိုဏ်း မဟုတ်လား။ နယ်မြေငယ်ဂိုဏ်းတောင် မဟုတ်ဘဲနဲ့ ဒီနေ့ကျင်းပတဲ့ သံသရာမသေမျိုးဂိုဏ်း ရွေးချယ်ပွဲကို ဘယ်လိုလုပ်ပြီး တက်ရောက်လာနိုင်တာလဲ။”
“ပြီးတော့ ဒီလောက်စောစောနဲ့ စင်မြင့်ပေါ် တက်လာရဲသေးတယ်၊ မင်း နာမည်ကြီးချင်လို့လား။”
အချို့သော သူများက ရယ်မော၍ လှောင်ပြောင်လိုက်ကြသည်။
ရှောင်ရိချန်းက မြင်လျှင် ထိုလူအား စူးရဲစွာကြည့်၍ အေးစက်စက် ရယ်မောလိုက်သည်။
“စင်မြင့်ပေါ် တက်လာပြီး တစ်ပွဲလောက် ယှဉ်တိုက်ကြည့်လိုက်၊ ငါ့ လင်းယောင်ဂိုဏ်းရဲ့ အစစ်အမှန် စွမ်းအားကို သိသွားလိမ့်မယ်။”
“ကောင်းပြီလေ”
တစ်ဖက်လူက ချက်ချင်းပင် စင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။
စင်မြင့်မှာ တစ်ဖန်ပြန်၍ ကြယ်တာရာစစ်မြေပြင်အဖြစ် ပြောင်းလဲသွားသည်။
ရှောင်ရိချန်းမှာ ဘာမှပြောမနေဘဲ သူ၏ အတွင်းကမ္ဘာထဲမှ အမှတ်အသား နတ်ဘုရားစွမ်းအားကို စတင် လှုံ့ဆော်ရန် ပြင်လိုက်သည်။ သို့သော် သူ မေ့သွားခဲ့သည်။ ထိုနေရာတွင် အတွင်းကမ္ဘာကို ဖွင့်၍မရပေ။
နတ်ဘုရားစွမ်းအား အမှတ်အသားများကို လုံးဝ လှုံ့ဆော်၍ မရနိုင်ခဲ့ပေ။
ထိုခဏ၌ ရှောင်ရိချန်းမှာ ရုတ်တရက် ထိတ်လန့်သွားသည်။ ကံကောင်းသည်မှာ သူတော်စင်တို့၏ နတ်ဘုရားစွမ်းအားမှာ အတွင်းကမ္ဘာထဲတွင် ရှိနေသော်လည်း ကိုယ်ပိုင် သိမြင်နားလည်မှုများ ရှိနေသည့်အတွက် အမှတ်အသားများကို လှုံ့ဆော်၍ မရလျှင်ပင် နတ်ဘုရားစွမ်းအားများကို သုံးနိုင်သေးသည်။
သို့သော်လည်း ၎င်း၏ စွမ်းအားမှာ သိသိသာသာ လျော့နည်းသွားသည်။
စတင် တိုက်ခိုက်သည့်အခါမှာပင် ရှောင်ရိချန်းမှာ အသာစီးမရဘဲ အောက်ခြေတွင် ရှိနေတော့သည်။
စင်မြင့်အောက်မှ လှောင်ပြောင်ရယ်မောသံများ တသီတတန်းကြီး ထွက်ပေါ်လာသည်။
“ဒီ လင်းယောင်ဂိုဏ်းက အစွမ်းအနည်းငယ်ပဲ ရှိတာကိုး။ ဟန်လုပ်ပြီး အော်ဟစ်နေတာကလွဲရင် အစွမ်းက သာမန်ပါပဲလား။”
“နယ်မြေအဆင့်မမီတဲ့ ဂိုဏ်းဆိုတာ ဒီလိုပဲပေါ့။ ဒီလို ဂိုဏ်းငယ်လေးက တပည့်တွေက ဘာများ ထူးခြားစရာ ရှိမှာလဲ။”
ထိုလှောင်ပြောင်သံများကို ရှောင်ရိချန်း တစ်ယောက်တည်းသာ ကြားနိုင်တော့မည် မဟုတ်သော်လည်း၊ အောက်မှ နားထောင်နေသည့် ဆွေ့ထျန်းဟွမ်တို့မှာမူ အလွန်ပင် စိတ်ရှုပ်ထွေးဖွယ် ကောင်းနေသည်။
“သည်းခံလိုက်ကြစမ်းပါ။ သူတို့ပြောတာလည်း မမှားပါဘူး၊ အနည်းဆုံး ငါတို့ အတွင်းကမ္ဘာကို မဖွင့်နိုင်တဲ့အချိန်မှာ သူတို့ထက် မသာလွန်နိုင်တာကတော့ အမှန်ပါပဲ…”
ဖန်ရွှေက စိတ်ပျက်လက်ပျက်ဖြင့် လျှို့ဝှက်သံပေးလိုက်သည်။
ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ ကိစ္စရပ်၏ အရေးကြီးပုံကို သဘောပေါက်သွားကြသည်။ ရှောင်ရိချန်း၏ ယခုအခြေအနေမှာ သူတို့ နောက်ပိုင်း ရင်ဆိုင်ရမည့် အခြေအနေ ဖြစ်လာနိုင်ချေ ရှိနေသည်။
ကံကောင်းသည်မှာ ထိုနေရာတွင် အသတ်ခံလိုက်ရရုံဖြင့် တကယ်သေဆုံးသွားခြင်း မဟုတ်ဘဲ ကန့်သတ်ချက်ကို ကျော်လွန်တဲ့ တောင်ကုန်းမှသာ ထုတ်ပယ်ခံလိုက်ရမည်ကို သူတို့ ထပ်ခါတလဲလဲ အတည်ပြုပြီးဖြစ်သည်။
“အကယ်၍… ငါပြောတာက အကယ်၍ပါ၊ အကယ်၍ ရှောင်ရိချန်းက ဆယ်ပွဲဆက်နိုင်သွားရင် ဘာဆက်ဖြစ်မလဲ။”
ရှန်းရှိုးယွမ်က လေးနက်စွာ မေးလိုက်သည်။
“အဲဒီအခါကျရင် သူက ကန့်သတ်ချက်ကျောက်တိုင်ကနေ ထွက်ခွာပြီး တောင်ကုန်းအပေါ်ကို ဆက်တက်သွားလိမ့်မယ်။ အဲဒီမှာလည်း ကန့်သတ်ချက်ကျောက်တိုင် အမျိုးမျိုး ထပ်ပေါ်လာဦးမှာပဲ။”
“ဒါက ငါ အရင်တစ်ခါ ဒီနေရာကို ရောက်တုန်းက ဒီဘက်ကလူတွေကို မေးမြန်းထားတဲ့ အချက်အလက်တွေပဲ။”
“ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုက ငါတို့ ဒီကနေ ထွက်သွားတာနဲ့ အကုန်လုံးကို အကုန်မေ့သွားလိမ့်မယ်။”
ဖန်ရွှေက လျှို့ဝှက်သံပေးလိုက်သည်။
“ဟင်၊ ဖန့်ချန် ဘယ်သွားတာလဲ။”
နတ်ဆေးစာမျိုးနွယ်စုမှ လဲ့လဲ့မှာ အံ့အားသင့်သွားသည်။
ဆွေ့ထျန်းဟွမ်တို့မှာ ကြည့်လိုက်မှ ဖန့်ချန်သည် အလုံးစုံသိမြင်ဂိုဏ်းမှ ဝမ်ချုံးစန်းနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
“ဒီနေရာရဲ့ အခြေအနေကို စုံစမ်းဖို့ သွားတာ ဖြစ်လိမ့်မယ်။”
သူတို့ အချင်းချင်း ကြည့်လိုက်ပြီးနောက် စင်မြင့်ပေါ်မှ ရှောင်ရိချန်းနှင့် ဖန့်ချန်ရှိရာဆီသို့ အာရုံစိုက်လိုက်ကြသည်။
“တော်တော် ထူးဆန်းတာပဲ၊ ဒီလူက ငါတို့ ကရုဏာတောင်က ကျောင်းသားတစ်ယောက်နဲ့ နာမည်တူနေတာ။”
ဖန်ကျစ်ရွှယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ဆွေ့ထျန်းဟွမ်တို့မှာ ကြားလိုက်ရသော်လည်း အလေးအနက် မထားပေ။ နာမည်တူသူတွေဆိုတာ အများကြီးပဲမို့ မထူးဆန်းပေ။ နတ်မိမယ်ယွီက ဖန်ကျစ်ရွှယ်ကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ရှိရာဆီသို့ ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် စဉ်းစားတွေးတောမှုများ ပေါ်လာသည်။
……
……
“ယဲ့ထျန်းဂူ၊ ဒီကို ရောက်လာပြီးမှ ငါ့ဆီလာပြီး အပေါင်းအသင်းလုပ်နေလည်း မင်းတို့ လင်းယောင်ဂိုဏ်းအတွက် ဘာမှ အကူအညီ ဖြစ်မှာ မဟုတ်ဘူး။”
ဝမ်ချုံးစန်းက စင်မြင့်ပေါ်မှ အခြေအနေကို ကြည့်ရင်း ပြောလိုက်သည်။
ဖန့်ချန်က ကြားလျှင် ရယ်မောလိုက်သည်။
“အစ်ကိုဝမ်၊ ခုနက သူတို့ပြောတာ ကြားလိုက်ရတယ်၊ မင်းက အလုံးစုံသိမြင်ဂိုဏ်းက တပည့်ဆိုတော့ ကမ္ဘာပေါ်က လျှို့ဝှက်ချက်တွေကို အကုန်သိတယ်ပေါ့။”
ဝမ်ချုံးစန်း၏ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင် ပေါ်လာသော်လည်း သည်းခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့က သူများတွေကို လွယ်လွယ်နဲ့ ပြောပြမယ့်သူတွေ မဟုတ်ဘူး။ သိချင်ရင် တန်ဖိုးတစ်ခုခုနဲ့ လဲလှယ်မှ ရမယ်။”
ခေတ္တရပ်လိုက်ပြီး သူ၏ မျက်စောင်းဖြင့် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။
“ငါတို့က ဘာမဆို ပြောပြမှာ မဟုတ်ဘူး၊ လူရဲ့ ရာထူးအဆင့်အတန်းပေါ် မူတည်ပြီးမှ ဆုံးဖြတ်မှာ။ ဒါကြောင့် မင်းက တချို့သော အင်အားစုတွေရဲ့ လျှို့ဝှက်ချက်ကို ငါ့ဆီက သိချင်တာဆိုရင် ပြန်သွားတော့။”
‘တော်တော် မောက်မာတာပဲ။’
ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီးမှ ပြုံး၍ ပြောလိုက်သည်။
“ငါက ဘယ်သူ့ရဲ့ လျှို့ဝှက်ချက်ကိုမှ မသိချင်ပါဘူး၊ အစ်ကို့ရဲ့ ပုံပန်းသဏ္ဌာန်က ခန့်ညားလွန်းလို့ အပေါင်းအသင်း လုပ်ချင်ရုံသက်သက်ပါ။”
“ငါတို့က ပြိုင်ဘက်တွေ ဖြစ်လာနိုင်တယ်။ တကယ် အပေါင်းအသင်း လုပ်ချင်ရင် သံသရာမသေမျိုးဂိုဏ်း ရွေးချယ်ပွဲ ပြီးတဲ့အထိ စောင့်လိုက်ပါ။”
ဝမ်ချုံးစန်းက အေးစက်စွာ ပြောသည်။
‘ဒီကောင်လေးက တော်တော် စိတ်အနှောင့်အယှက် ဖြစ်ဖို့ ကောင်းတာပဲ။’
ဖန့်ချန်သည် သည်းခံစိတ်ဖြင့် ထပ်မံ ပြောလိုက်သည်။
“ငါ…”
“တော်လိုက်ပါတော့၊ ငါတို့အစ်ကိုဝမ်က မင်းနဲ့ စကားအများကြီး ပြောဖို့ စိတ်မပါဘူး။”
အလုံးစုံသိမြင်ဂိုဏ်းမှ တပည့်အချို့က ရှေ့သို့တိုးလာပြီး ဖန့်ချန်ကို တွန်းထုတ်လိုက်ကြသည်။
ဖန့်ချန်လည်း မြင်လျှင် အခြေအနေမလှဟု ယူဆကာ နတ်မိမယ်ယွီ တို့ရှိရာသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာလိုက်သည်။
ဖန်ရွှေက အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောသည်။
“ဖန့်ချန်၊ သူတို့က အကုန်လုံး ဒီလိုပဲ၊ မောက်မာကြတယ်။ နယ်မြေကြီးဂိုဏ်းက နယ်မြေငယ်ဂိုဏ်းကို အထင်သေးတယ်၊ နယ်မြေငယ်ဂိုဏ်းက နယ်မြေမမီတဲ့ဂိုဏ်းကို အထင်သေးတယ်၊ အဲဒီအထဲမှာလည်း သူတို့အချင်းချင်း အထင်သေးကြတာ၊ မောက်မာလွန်းကြတယ်။”
“ငါ့ကို နောက်ပိုင်းကျရင် ယဲ့ထျန်းဂူ လို့ပဲ ခေါ်ပါ၊ မှားမခေါ်မိစေနဲ့။”
ဖန့်ချန်က သတိပေးလိုက်သည်။
ဖန်ရွှေ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ထူးဆန်းသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့၊ အစ်ကိုယဲ့။”
“သခင်လေး၊ သူက ဝမ်အိုကြီးနဲ့ ပတ်သက်နေတယ်လို့ ထင်လား။”
နတ်မိမယ်ယွီ က လျှို့ဝှက်သံပေးသည်။
“ပတ်သက်မှု ရှိနိုင်တယ်။ သံသရာမသေမျိုးဂိုဏ်းဆိုတာ မရိုးရှင်းဘူး။ ဒါပေမဲ့ တချို့အရာတွေက ဒီနေရာက ထွက်သွားတာနဲ့ မင်းတို့ မှတ်မိတော့မှာ မဟုတ်ဘူး။”
ဖန့်ချန်သည် သံသရာမသေမျိုးဂိုဏ်းနှင့် ပတ်သက်သည့် အဓိက အချက်အလက်အချို့ကို နတ်မိမယ်ယွီအား လျှို့ဝှက်သံပေး၍ ပြောပြလိုက်သည်။
“ဒါဆိုရင်… ကောင်းကင်ငါးပါးထဲမှာလည်း သံသရာမသေမျိုးဂိုဏ်းရဲ့ လက်ရာတွေ ရှိနေတာပေါ့၊ အရင်က အလယ်ပိုင်းဒေသ ရှေးဟောင်းမသေမျိုးလမ်းမှာတုန်းက သခင်လေး ရှင်ကိုယ်တိုင်…”
နတ်မိမယ်ယွီ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
“ဒီသံသရာမသေမျိုးဂိုဏ်းက ငါဝင်ခဲ့တဲ့ ဂိုဏ်းနဲ့ တစ်ခုတည်း ဟုတ်မဟုတ်တော့ မသေချာသေးဘူး၊ ဒါပေမဲ့ ငါဝင်ခဲ့တဲ့ ဂိုဏ်းကလည်း ရိုးရိုးရှင်းရှင်းတော့ မဟုတ်ဘူးဆိုတာ သေချာတယ်။ အခုဒီမှာရှိတဲ့လူတွေကလည်း ငါတို့နဲ့ တစ်ခေတ်တည်းမှာ ရှိနေတဲ့သူတွေ ဟုတ်ချင်မှ ဟုတ်မှာ၊ အနာဂတ်ကလူတွေ ဖြစ်နိုင်သလို အတိတ်ကလူတွေလည်း ဖြစ်နိုင်တယ်။”
ဖန့်ချန်က လျှို့ဝှက်သံပေးသည်။
ထိုအချိန်တွင် စင်မြင့်ပေါ်တွင် ရလဒ် ထွက်ပေါ်လာသည်။
ရှောင်ရိချန်းမှာ အသတ်ခံလိုက်ရသည်။
ရှောင်ရိချန်းကို သတ်လိုက်သည့်လူက ပြုံးရွှင်ရွှင်ဖြင့် ဖန့်ချန်တို့အုပ်စုဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ လင်းယောင်ဂိုဏ်းက တပည့်တွေရဲ့ အစွမ်းက တော်တော် ညံ့တာပဲ။ ငါ ခုနစ်ဆယ်ရာခိုင်နှုန်းတောင် မသုံးလိုက်ရဘူး၊ သူ ရှုံးသွားပြီ။ ဒီလို အစွမ်းနဲ့ သံသရာမသေမျိုးဂိုဏ်း ရွေးချယ်ပွဲကို ဘာလာလုပ်တာလဲ မသိဘူး။”
“သောက်ကျိုးနည်းကောင်။”
ထိုနေရာရှိ ကောင်းကင်ဘုံအရှင် ဆက်ခံသူများမှာ ဒေါသထွက်လွန်း၍ သွားများကို ကြိတ်ထားမိကြသည်။
“ရှောင်ယွီ၊ ငါ အရင်ဆုံး သွားပြီး နေရာတစ်ခု ယူလိုက်ဦးမယ်။ အဝေးကို ဆက်သွားပြီး ဒီနေရာက အခြေအနေကို စမ်းကြည့်ဦးမယ်။”
စကားပြောပြီးသည်နှင့် ဖန့်ချန်မှာ စင်မြင့်ဆီသို့ လျှောက်သွားလေသည်။ ဖူယာယာတို့မှာ မြင်လျှင် အနည်းငယ် အံ့အားသင့်သွားပြီး သူတို့၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များ ပေါ်လာသည်။