← Chapters

အခန်း ၂၅၃၉

Vol. 254 Ch. 2539

အခန်း ၂၅၃၉

Vol. 254 Ch. 2539

အခန်း (၂၅၃၉) - စင်မြင့်ထက်မှာ အဖြေရှာကြစို့

​တန်ခယ်ရွှယ်လည်း မတတ်သာတော့ဘဲ သက်ပြင်းသာ ချမိတော့သည်။ ထိုသူက ဤမျှအထိ စိတ်လှုပ်ရှားလွယ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။

​ထို့ထက်ပို၍ မထင်မှတ်ထားသည်မှာ ထိုသူ့ဦးနှောက်က သိပ်မကောင်းလှခြင်းပင် ဖြစ်သည်။ ဖန့်ချန်၏ ယခုနက လုပ်ရပ်နှင့် သူ၏ လုပ်ရပ်ကြားက ကွာခြားချက်ကိုပင် သေချာခွဲခြား မသိမြင်နိုင်ချေ။

​သို့သော်လည်း ရှေ့တွင် ဖန့်ချန်က စံနမူနာကောင်း ပြသထားခဲ့သဖြင့် ဤသူစင်မြင့်ပေါ်သို့ တက်လာပြီးနောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။

​ဘဲ့ထျန်းဂိုဏ်းနှင့် ချန်ကျစ်ဂိုဏ်းတို့မှ တပည့်တစ်ယောက်မျှ စင်မြင့်ပေါ်သို့ တက်ရောက်ရန် အစပြုခြင်း မရှိကြချေ။

​“တန်ခယ်ရွှယ်…… ဒီကောင့်နာမည်က ဘာတဲ့လဲ”

​ဖန့်ချန်က စိတ်ချင်းဆက်ကာ လေသံလွှင့်၍ မေးလိုက်သည်။

​“ကွမ်းမျိုးနွယ်စုက ကျန်းခွမ်းထောင် တဲ့”

​တန်ခယ်ရွှယ်ကလည်း လေသံလွှင့်၍ ပြန်ဖြေလာသည်။

​ထိုအချိန်တွင် စင်မြင့်ထက်မှ ကျန်းခွမ်းထောင်သည် အရပ်မျက်နှာအသီးသီးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောဆိုနေပြီ ဖြစ်သည်။

​“ဘာလဲ…… မင်းတို့အားလုံး မတက်ရဲကြဘူးလား။ မင်းတို့ အမှိုက်တစ်သိုက်၊ ငါ ဖန့်ချန် ဒီမှာတင် စောင့်နေမယ်”

​ဆွေ့ထျန်းဟွမ်နှင့် အခြားသူများသည် မသိမသာဖြင့် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းခွမ်းထောင်ကို တစ်လှည့်ကြည့်ကာ မတတ်နိုင်သည့်အလား ခေါင်းကို အသာအယာ ခါယမ်းလိုက်ကြတော့သည်။

​အနယ်နယ်အရပ်ရပ်မှ ဂိုဏ်းသားများမှာမူ ဖန့်ချန်၏ စောစောက ရန်စမှုများကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် ကျန်းခွမ်းထောင်၏ ရန်စမှုကိုမူ လျစ်လျူရှုထားလိုက်ကြသည်။

​နတ်မိမယ်ယွီသည် ထိုအရာများကို စိတ်ဝင်စားခြင်း မရှိပေ။ ဖန့်ချန် အနားသို့ တိုးကပ်လာသည်နှင့် သူမက ဖန့်ချန်ကို ချက်ချင်းဆွဲခေါ်လိုက်ပြီး ချန်နန်ခယ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

​“ဒီမိန်းမကို ရှင် သတိထားဦး၊ သူ ရှင့်ကို သဘောကျနေတာ”

​ချန်နန်ခယ်က ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ဘဲ ပြောလာသည်။

“ဘာဖြစ်လို့လဲ…… ယဲ့အစ်ကို့ကို ငါ လုယူသွားမှာ အဲ့ဒီလောက်တောင် ကြောက်နေတာလား”

​ထို့နောက် သူမက ဖန့်ချန်အနားသို့ လျှောက်လာပြီး “ယဲ့အစ်ကို……” ဟု လှမ်းခေါ်လိုက်သည်။

​“နင်က ဘယ်သူမို့လို့လဲ လာပြီး ရင်းနှီးပြနေတာလဲ”

​ဖန့်ချန်က မျက်မှောင်ကုတ်ကာ အေးစက်စက် ပြောလိုက်သည်။

​ချန်နန်ခယ် ခတ္တမျှ မှင်တက်သွားပြီး

“ငါက ဘိုင်လျန်ဂိုဏ်းက ချန်နန်ခယ်လေ……”

​“မသိဘူး။ ငါတို့ လင်ယောင်ဂိုဏ်းနဲ့ ဝေးဝေးမှာနေ။ ဒီတစ်ခါက သံသရာမသေမျိုးဂိုဏ်းရဲ့ ရွေးချယ်ပွဲပဲ၊ လျှောက်ပြီး ရင်းနှီးမပြနဲ့”

​ဖန့်ချန်က တည်ငြိမ်စွာပင် ဖြတ်ပြောလိုက်သည်။

​ချန်နန်ခယ်မှာ ချက်ချင်းပင် အိုးတိုးအတိ ဖြစ်သွားရသည်။ သူမ၏ နောက်ခံအသိုင်းအဝိုင်း၊ သူမ၏ ရုပ်ရည်ရူပကာနှင့် သူမ၏ စွမ်းဆောင်ရည်များကို တစ်ဖက်လူက ဤမျှအထိ အရေးမစိုက် အဖက်မလုပ်ဘဲ နှိမ့်ချဆက်ဆံလိမ့်မည်ဟု တွေးပင်မထားခဲ့မိပေ။

​နတ်မိမယ်ယွီ၏ မျက်နှာပေါ်တွင်မှ ပြုံးရွှင်သော အမူအရာ ပြန်လည်ပေါ်ပေါက်လာပြီး အေးဆေးစွာ ပြောလိုက်သည်။

​“ချန်နန်ခယ်…… တွေ့တဲ့အတိုင်းပဲ ယဲ့အစ်ကိုက နင့်ကို စိတ်မဝင်စားဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘာသာကိုယ် ဝေးဝေးသွားပေးမလား၊ ငါတို့ မျက်စိနောက်လို့”

​“ခဏနေရင် စင်မြင့်ထက်မှာ အဖြေရှာကြတာပေါ့”

​ချန်နန်ခယ်သည် စကားတစ်ခွန်းသာ ချန်ထားရစ်ပြီး လှည့်ထွက်သွားတော့သည်။

​သူမ လှည့်ထွက်သွားသည်နှင့် နတ်မိမယ်ယွီက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်ဟန်ဆောင်လျက် ပြောလိုက်သည်။

​“ခုနက ရှင်သူ့ကို အခွင့်ကောင်းယူပြီး ဒီနေရာရဲ့ အခြေအနေတွေကို မေးမြန်း စုံစမ်းလိုက်ရင် ရတာပဲကို”

​“သူက မင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ထားတာမလား။ ငါ တခြားလူကို ပြောင်းမေးလည်း အတူတူပါပဲ”

​နတ်မိမယ်ယွီ ခတ္တမျှ မှင်တက်သွားပြီးနောက် ဖန့်ချန်ကို မျက်လုံးအစွန်းမှနေ၍ တိတ်တဆိတ် ခိုးကြည့်လိုက်မိသည်။ ထို့နောက် နှုတ်ခမ်းအစုံမှာ မထိန်းနိုင်ဘဲ ကွေးညွတ်ပြုံးယောင်သန်းသွားသော်လည်း ချက်ချင်းပင် ပြန်လည်ထိန်းချုပ်ကာ ခေါင်းငုံ့လျက် ဂါဝန်စကတ်အနားကို ဆွဲကိုင်ကာ လှုပ်ယမ်းနေမိတော့သည်။

​“သူတို့ကြားမှာ တစ်ခုခု ရှိနေပြီ”

​ဆွေ့ထျန်းဟွမ်၊ ရှန်းရှိုယွမ်၊ ဖူယာယာ၊ ဖူယွမ်ဖေး၊ ရင်တန့်၊ ဖန်ရွှေ၊ တန်ခယ်ရွှယ် စသည့် နေရာတွင်ရှိသော ကောင်းကင်အရှင်သခင် ဆက်ခံသူအားလုံးသည် သူတို့၏ ခန့်မှန်းချက်အပေါ် အလွန်ပင် သေချာနေကြသည်။

​ဖန့်ကျစ်ရွှယ်နှင့် ဖန့်ရှောင်ပန်းတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

​မကြာမီပင် တစ်ဆယ့်ငါးမိနစ် အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ရွှေရောင်အလင်းတန်း တစ်ခု ကျရောက်လာပြီး ကံကောင်းသူတစ်ဦးကို စင်မြင့်ထက်သို့ ကျပန်းရွေးချယ် ခေါ်ဆောင်သွားခဲ့သည်။

​“တောက်……”

​ထိုကံကောင်းသူမှာ မတတ်နိုင်ဘဲ ကျိန်ဆဲလိုက်ပြီးနောက် လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။

​“ဖန့်ချန်ညီအစ်ကို…… ရိုသေစွာ နှုတ်ဆက်ပါတယ်၊ ငါကတော့……”

​“မင်းက ဘယ်သူလဲဆိုတာ ငါ စိတ်မဝင်စားဘူး၊ သေပေတော့”

​ကျန်းခွမ်းထောင်က အေးစက်စက် လှောင်ပြောင်လိုက်ပြီး ချက်ချင်းပင် လက်ဦးမှုရယူကာ တိုက်ခိုက်လိုက်သည်။

​တစ်ဖက်လူမှာ အစပိုင်း၌ အနည်းငယ် ခြေမရိုးလက်မရိုး ဖြစ်သွားခဲ့ရသည်။

​သို့သော် တိုက်ခိုက်ရင်း တိုက်ခိုက်ရင်းဖြင့် အခြေအနေမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

​မည်သည့်နေရာတွင် မှားယွင်းနေသနည်းဆိုသည်ကိုမူ အသေးစိတ် အတိအကျ မပြောပြတတ်ချေ။

​သူ၏ လက်ဝါးချက်တစ်ချက်က ကျန်းခွမ်းထောင်ကို ပြာအဖြစ်သို့ ရိုက်ခွဲခြေမှုန်းလိုက်သည့် အချိန်အထိ သူသည် ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်ပြီး မသိစိတ်အရ မိမိ၏ လက်ဝါးကို ပြန်လည်ကြည့်ရှုနေမိသည်။

​“မဟုတ်ဘူး…… ငါ သန်မာလာတာ မဟုတ်ဘူး၊ ဒါက……”

​သူသည် မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ဒီလင်ယောင်ဂိုဏ်းက ဖန့်ချန်ကလည်း အထင်ကြီးစရာ မရှိပါလား၊ အစတုန်းကတော့ ငါ့ကို တကယ် ခြောက်လှန့်နိုင်ခဲ့တာပဲ”

​အရပ်မျက်နှာအသီးသီးမှ လူများသည် ဖန့်ချန်တို့ရှိရာဘက်သို့ တစ်ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် စဉ်းစားတွေးခေါ်မှု အရိပ်အယောင်များ ပေါ်လာကြသည်။

​သူတို့၏ အမြင်အရ ထိုလင်ယောင်ဂိုဏ်းတွင် ဤယဲ့ထျန်းကူ တစ်ယောက်သာ အနည်းငယ် သန်မာပုံရသည်။

​ကျန်ရှိနေသော အခြားသူများမှာမူ စွမ်းဆောင်ရည်များမှာ သာမန်ကာလျှံကာသာ ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆလိုက်ကြသည်။

​“ဖန့်ချန်ကျောင်းသား…… ခုနက ဖန်ရွှေ ပြောတာက စင်မြင့်တိုက်ပွဲမှာ အနိုင်ရရင် ‘စင်ကြယ်သော ဗောဓိသီး’ ဆယ်လုံး ရနိုင်တယ်တဲ့၊ ဒီနေရာက သူတော်စင်အဆင့်ပညာရှင်တွေကတော့ အဲ့ဒါကို ‘အခြေခံတည်ဆောက်ခြင်းအသီး’ လို့ ခေါ်ကြတယ်”

​ဖူယာယာက သူမ ရရှိထားသော သတင်းအချက်အလက်ကို စတင်မျှဝေလာသည်။

​‘ဆယ်လုံးတောင်လား’

​ဖန့်ချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် လေသံလွှင့်ကာ ပြောလိုက်သည်။

​“မင်းတို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီစင်မြင့်တိုက်ပွဲကို အနိုင်ရအောင် တိုက်ကြပါ၊ အဲ့ဒီအချိန်ကျရင် စင်ကြယ်သော ဗောဓိသီးကို ငါ့ကို ခဏချေးပေးကြပါ၊ ဒါကို ငါ့ရဲ့ အကြွေးတစ်ခုအနေနဲ့ မှတ်ထားပြီး အပြင်ရောက်မှ ပြန်ဆပ်ပါ့မယ်”

​“ပြောရတာ လွယ်ပါတယ်၊ ငါတို့ အခုရှိနေတဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် စင်ကြယ််သော ဗောဓိသီးကို စားလည်း ဘာမှ ထူးခြားတဲ့ အဓိပ္ပာယ် မရှိတော့ပါဘူး”

ဖန်ရွှေက ချက်ချင်းပင် သဘောတူကြောင်း ဖော်ပြလာသည်။

“ငါ မင်းကို ချေးပေးမယ်၊ ငါသာ စင်မြင့်တိုက်ပွဲကို အနိုင်ရခဲ့ရင်ပေါ့”

​“ဖန့်ချန်ကျောင်းသား…… အပြင်ကို ရောက်သွားရင် ငါတို့က ဒီနေရာက အကြောင်းအရာတွေကို မေ့သွားကြမှာလေ…… စင်ကြယ်သော ‌ ဗောဓိသီး ချေးပေးခဲ့တာကိုလည်း မေ့သွားကြမှာပဲ။ မင်းက ကတိအလွတ် ပေးနေတာလား။

​ဒါတင်မကသေးဘူး၊ မင်းကိုယ်တိုင်လည်း ဒီကိစ္စကို မေ့သွားမှာပဲလေ၊ ငါတို့က မင်းကို စင်ကြယ်သော ဗောဓိသီး ချေးပေးခဲ့တယ်ဆိုတာကို မင်း မှတ်မိနေမှာ မဟုတ်ဘူး၊ အဲ့ဒါကို အကြွေးတင်တယ်လို့ ပြောလို့ရပါ့မလား”

​ရင်တန့်က လေသံလွှင့်ကာ မေးမြန်းလိုက်သည်။

​ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ မျက်လုံးထဲတွင်လည်း ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာကြသည်။

​ထိုဖန့်ချန်၏ လှည့်ကွက်ထဲသို့ ထပ်မံ၍ သက်ဆင်းမိလုနီးပါး ဖြစ်သွားခဲ့ရသည်။

​သူတို့သည် ဖန့်ချန်က ဤအကြောင်းကို စောစီးစွာကတည်းက တွေးမိထားသော်လည်း တမင်သက်သက် ထုတ်မပြောခြင်း ဖြစ်သည်ဟု ချမှတ်လိုက်ကြသည်။

​“မင်းတို့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ စာရွက်တိုလေးတွေ ချန်ထားခဲ့ဖို့ စမ်းဖူးကြလား”

​ဖန့်ချန်က အကြောင်းအရာကို လွှဲပြောင်းလိုက်သည်။

​“စမ်းဖူးတယ်၊ မရဘူး၊ ဘာမဆို အကုန်လုံး ပျောက်ကွယ်သွားတာပဲ။ ပျောက်ကွယ်သွားတာက ငါတို့ရဲ့ မှတ်ဉာဏ်တင် မဟုတ်ဘဲ ဒီနေရာထဲက အရာအားလုံးရဲ့ အမှတ်အသားတွေ အကုန်လုံးပဲလို့ ခံစားရတယ်”

​ဖန်ရွှေက လေသံလွှင့်၍ ပြောသည်။

​“ဒါနဲ့…… ဖန်ရွှေက နင်က သွေးရွာခန်းမက ဝူရှီ လို့ ပြောတယ်၊ ငါတို့ အပြင်ရောက်ရင် ဒီကိစ္စတွေကို မေ့သွားကြမှာပဲဆိုတော့…… နင်ကိုယ်တိုင်ပဲ ငါတို့ကို အမှန်အတိုင်း ပြောပြပါလား၊ နင်က တကယ်ပဲ သွေးရွာခန်းမက ဝူရှီ လား”

​ဖူယာယာက ရုတ်တရက် မေးလိုက်သည်။

​ဤတစ်ကြိမ်တွင် ဖန်ကျစ်ရွှယ်၏ မျက်လုံးထဲတွင်ပင် စူးစမ်းချင်စိတ်များ ထွက်ပေါ်လာရသည်။

​ဖန့်ချန်က အသာအယာ ခေါင်းခါယမ်းလိုက်ပြီး

“ငါနဲ့ ဝူရှီနဲ့ ဘာမှ မပတ်သက်ပါဘူး”

​“ဒီလို အခြေအနေမျိုးမှာတောင် မင်းက ငါတို့ကို လိမ်နေတုန်းပဲလား”

​ရင်တန့်၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေသည်။

​“တကယ် မလိမ်ပါဘူး၊ ခုနက စင်ကြယ်သော ဗောဓိသီး ကိစ္စကို ထပ်ပြီး ညှိနှိုင်းလို့ ရမလား”

​ဖန့်ချန်က ပြောသည်။

​“ညှိနှိုင်းစရာ မလိုပါဘူး”

​ကောင်းကင်အရှင်သခင် ဆက်ခံသူ အသီးသီးတို့သည် ခေါင်းကို ခါယမ်းကာ ငြင်းဆန်လိုက်ကြသည်။

​“ဖန်အစ်ကိုကြီး…… ငါ့ရဲ့ အသီးတွေကို အစ်ကိုကြီးကို ချေးပေးနိုင်ပါတယ်”

​ဖန်ကျစ်ရွှယ်က သဘောထားကို ဖော်ပြလာသည်။

​ဖန်ရှောင်ပန်းနှင့် ဖန်ရှောင်ထျန်းတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် သဘောတူကြောင်း ပြောဆိုလာကြသည်။

​“ငါ့ရဲ့ အသီးတွေကိုလည်း ရှင့်ကို ချေးပေးမယ်”

​နတ်မိမယ်ယွီက ပြုံး၍ ပြောသည်။

​“ကောင်းပြီ…… ငါ ဒီအကြွေးကို သေချာပေါက် မှတ်မိအောင် နည်းလမ်းရှာပါ့မယ်၊ နောင်ကျရင် မင်းတို့ကို သေချာပေါက် ပြန်ဆပ်ပါ့မယ်”

​ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

​“ဒါဆိုရင် ငါလည်း ချေးပေးပါ့မယ်၊ ငါ စင်မြင့်တိုက်ပွဲရဲ့ စစ်ဆေးမှုကို အောင်မြင်ခဲ့ရင်ပေါ့။ ဒါပေမဲ့ ဒီကိစ္စက တကယ်ကို ခက်ခဲလွန်းလှတယ်၊ ငါ့ရဲ့ ကန့်သတ်ချက်ကျော်လွန်တောင် ခရီးစဉ်က ဒီနေရာမှာတင် ရပ်တန့်သွားရတော့မယ် ထင်တယ်”

​ဖန်ရွှေက တွေးတောဆင်ခြင်ရင်း ပြောသည်။

​“မစမ်းသပ်ရသေးဘဲနဲ့ အခွင့်အရေး မရှိဘူးလို့ ပြောလို့မရပါဘူး၊ ဒါက ကံတရားအပေါ်မှာလည်း မူတည်ပါသေးတယ်”

​ဖန့်ချန်က အားပေးစကား ဆိုလိုက်သည်။

​“ဖန့်ချန်ကျောင်းသားရဲ့ အားပေးမှု ရှိနေပြီဆိုတော့ ဒီတစ်ခါတော့ ငါ အစွမ်းကုန် ကြိုးစားကြည့်ရတော့မှာပေါ့”

​ဖန်ရွှေ၏ တိုက်ပွဲဝင်လိုစိတ်များ မြင့်တက်လာခဲ့သည်။

​ထိုအချိန်တွင် စောစောက ကျန်းခွမ်းထောင်ကို အနိုင်ယူခဲ့သော ဂိုဏ်းသားမှာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

​သူ့ကို အနိုင်ယူလိုက်သူမှာ ဘိုင်လျန်ဂိုဏ်းမှ ချန်နန်ခယ်ပင် ဖြစ်သည်။

​အရပ်မျက်နှာအသီးသီးမှ လူများသည် ဤသူဖြစ်နေသည်ကို မြင်သောအခါ စင်မြင့်ပေါ်သို့ လုံးဝ မတက်ရဲကြတော့ဘဲ အခြေအနေမှာ တစ်ဖန် ပြန်လည် အိုးတိုးအအိ ဖြစ်သွားရပြန်သည်။

​ချန်နန်ခယ်သည် နတ်မိမယ်ယွီရှိရာသို့ လှမ်းကြည့်လိုက်ပြီး လက်ချောင်းလေးကို ကွေးကာ အချက်ပြလိုက်သည်။

​“နင်က စင်မြင့်ထက်မှာ ငါ့ကို သေစေရမယ်လို့ ပြောခဲ့တယ်မလား၊ အခုကျတော့ မတက်ရဲတော့တာလား”

​“သတိထားဦး၊ ရန်သူကို အထင်မသေးနဲ့”

​ဖန့်ချန်က နတ်မိမယ်ယွီကို တစ်ချက် ကြည့်လိုက်သည်။

​နတ်မိမယ်ယွီက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး စင်မြင့်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

​ချန်နန်ခယ်သည် သူမ တကယ်ပင် စိန်ခေါ်မှုကို လက်ခံဝံ့သည်ကို မြင်သောအခါ မျက်လုံးထဲတွင် အံ့ဩရိပ် အနည်းငယ် ဖြတ်ပြေးသွားရသည်။

​“ဘာလဲ…… ခုနက ငါ ပြောခဲ့တာကို ကြွားလုံးထုတ်နေတယ်လို့ တကယ် ထင်နေတာလား။ စင်မြင့်ထက်မှာ နင့်ကို သေစေရမယ်လို့ ငါ ပြောခဲ့ရင် အဲ့ဒါက အလကား ပြောတဲ့ စကားမဟုတ်ဘူး”

​နတ်မိမယ်ယွီက သူမ၏ လက်အစွပ်အင်္ကျီများကို ပင့်တင်လိုက်ရာ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် တောက်ပသော အလင်းတန်းများ စီးဆင်းလာသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်ထက်၌ စူးရှတောက်ပသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် စစ်ဝတ်တန်ဆာတစ်ခု လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။

​“ဒါကလည်း စစ်လက်နက် နတ်ဘုရားစွမ်းအား ပဲလား”

​ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ချက်ချင်းပင် လှုပ်ခတ်သွားကြတော့သည်။

All Chapters