အခန်း ၁၁၆၁
Vol. 117 Ch. 1161
အခန်း (၁၁၆၁) ယင်းကျိုး၏ သောင်းကျန်းမှုကြီး
အနောက်ဘက်ဒေသ၊ လော်လန်မြို့။
ဤနေရာတွင် အနောက်ဘက်ဒေသမှ လာကြသော ဟူလူမျိုးများစွာ စုဝေးနေကြပြီး၊ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်တင် ခုနစ်နိုင်ငံ သို့မဟုတ် ရှစ်နိုင်ငံခန့်မှ လူမျိုးပေါင်းစုံကို မြင်တွေ့နိုင်သည်။ အနောက်ဘက်ဒေသတွင် တိုင်းပြည်ငယ်လေးများစွာ ရှိနေသဖြင့် ၎င်းတို့၏ ရိုးရာဓလေ့နှင့် လူနေမှုပုံစံများမှာလည်း တစ်ခုနှင့်တစ်ခု မတူညီဘဲ ကွဲပြားခြားနားလှပေသည်။
ထိုလူအုပ်ကြီးကြားထဲတွင် လျှောက်လှမ်းနေသော လူနှစ်ဦး ရှိနေပြီး ၎င်းတို့မှာ အလွန်ပင် လူထွက်ထူးခြား၍ မျက်စိကျစရာ ဖြစ်နေခဲ့သည်။
တစ်ဦးမှာ ချောမောခန့်ညားလှသော တာအိုဆရာလေး ဖြစ်ပြီး၊ ကျန်တစ်ဦးမှာမူ အေးစက်လှပသော အမျိုးသမီးတစ်ဦး ဖြစ်ရာ... တကယ့်ကို လိုက်ဖက်ညီလှသည့် ကောင်းကင်ဖန်ဆင်းပေးသော စုံတွဲတစ်တွဲအလားပင်။
လူငယ်တာအိုဆရာလေး၏ ကိုယ်လုံးကိုယ်ပေါက်မှာ ထုထည်ကြီးမား၍ ခန့်ညားထည်ဝါလှပြီး မျက်ဝန်းအစုံမှာလည်း မီးရှူးတိုင်အလား တောက်ပနေကာ... ခါးဘေးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသဖြင့် လမ်းသွားလမ်းလာ အမျိုးသမီးငယ်များစွာ၏ မျက်စိကျခြင်းကို ခံနေရတော့သည်။ အနောက်ဘက်ဒေသမှ အမျိုးသမီးများမှာ အလယ်ပိုင်းဒေသ ရှိ အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ပိုမို၍ ရဲရင့်ကာ ပွင့်လင်းရဲတင်းကြပေသည်။
မကြာမီမှာပင်... ရုပ်ရည်ချောမောလှပသော ဟူမျိုးနွယ်စု အမျိုးသမီးငယ်အချို့က ရှေ့သို့တက်၍ စကားလာရောက်စမြည်ပြောကြသော်လည်း... သူ့ဘေးနားရှိ အမျိုးသမီး၏ ငေါက်ငမ်းမောင်းထုတ်ခြင်းကို ခံလိုက်ကြရတော့သည်။
ဤအမျိုးသမီးမှာ အရပ်အမောင်း မြင့်မားသွယ်လျပြီး၊ ကျပ်ထုတ်လှသော ဝတ်စုံကို ဆင်ယင်ထားသဖြင့် သူမ၏ ကောက်ကြောင်းအလှမှာ လုံးဝဥဿုံ ပြည့်စုံကွက်တိ ရှိနေခဲ့သည်။ သူမတွင် ရေကန်ပမာ စိမ်းမြသော မျက်ဝန်းအစုံ ရှိပြီး... ခါးအထိ ရှည်လျားသော ဆံကေသာနက်ကြီးကို ပိုင်ဆိုင်ထားကာ အလွန်ပင် အေးစက်လှပသလို... တစ်ဖက်တွင်လည်း ရိုင်းစိုင်းခက်ထန်ပြီး စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုမျိုး ရှိနေခဲ့သည်။ သူမကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်တင် သူမ၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာမည့် ကြမ်းကြုတ်လှသော စွမ်းအားများကို ခံစားသိရှိနိုင်ပေသည်။
မိန်းကလေးအချို့မှာ ငေါက်ငမ်းခြင်း ခံလိုက်ရသဖြင့် မည်သူမျှ ရှေ့သို့ ဆက်မတက်ရဲကြတော့ပေ။
ကျွေ့ဟွာက မျက်မှောင်ကြုတ်လျက်...
"ဒီမြို့ထဲက မိန်းမတွေက အကြီးအငယ်မရွေး... နင့်ကို မြင်တာနဲ့ တစ်လုပ်တည်း ဝါးမြိုပစ်ချင်နေတဲ့ အတိုင်းပဲ" ဟု ဆိုလိုက်သည်။
လီယန်ချူမှာမူ ဤအရေးကိစ္စကို စိတ်ဝင်တစား မရှိလှပေ၊ သူက ကျွေ့ဟွာ၏ အင်္ကျီလက်အစွပ်ကို အသာအယာ ဆွဲကိုင်လိုက်ပြီး...
"တစ်စုံတစ်ရာ ထူးခြားတာကို သတိထားမိလဲ... ကောင်းကင်လူသားတွေရဲ့ သဲလွန်စကို အာရုံခံမိလား" ဟု မေးလိုက်သည်။
ကျွေ့ဟွာက ခေါင်းခါယမ်းပြကာ...
"မခံမိဘူး... ဒါက အဋ္ဌမမြောက် မြို့ကြီးရှိပြီ၊ ငါတို့ ဒီလောက်အထိ အသေးစိတ် ရှာဖွေတာတောင် အနောက်ဘက်ဒေသမှာ ကောင်းကင်လူသားတွေ ရှိမနေတဲ့ပုံပဲ"
ဟု ဆိုလိုက်သည်။
လီယန်ချူက အသာအယာ ခေါင်းညိတ်လျက်...
"ဒါက တကယ့်ကို ဆန်းကြယ်တယ်... ကြည့်ရတာ ကောင်ကင်လူသားတွေက တောင်ပိုင်းဒေသ မှာလည်း ရှိမနေလောက်ဘူး၊ ဒီလူတွေက ဒီနေရာကနေ ထွက်ခွာသွားကြတဲ့ ပုံစံမျိုးပဲ"
ဟု ဆိုလိုက်သည်။
ကျွေ့ဟွာက မျက်ခုံးပင့်လျက်...
"စမ်းသပ်ဖို့အတွက်ပဲ လူသုံးယောက် လွှတ်လိုက်တာ၊ အဲဒါတောင် ပုံရိပ်ယောင်ခွဲတွေ... အခုတော့ ဒီအတိုင်းကြီး ထွက်ခွာသွားကြတာလား" ဟု မေးလိုက်သည်။
လီယန်ချူကလည်း ဆန်းကြယ်စွာဖြင့်...
"ငါလည်း ဒီအရေးကိစ္စက အနည်းငယ် ထူးဆန်းနေတယ်လို့ ထင်တယ်... ဖြစ်နိုင်တာကတော့ သူတို့ ဒီနေရာကနေ ထွက်ခွာသွားတာ ဒါမှမဟုတ်ရင် တစ်နေရာရာမှာ ပုန်းကွယ်နေတာ ဖြစ်လိမ့်မယ်" ဟု ဆိုလိုက်သည်။
ကျွေ့ဟွာမှာ မျက်မှောင်ကြုတ်သွားခဲ့ရသည်။
လီယန်ချူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ကာ...
"ကောင်းကင်လူသားတွေရဲ့ သဲလွန်စကို ရှာမတွေ့ရင်တောင်မှ... ကောင်းကင်လူသားတွေကို ဝင်ရောက်နိုင်အောင် လမ်းပြပေးခဲ့တဲ့သူကို ရှာဖွေပြီး သတ်ပစ်ရမယ်"
ဟု ဆိုလိုက်သည်။
ကျွေ့ဟွာက အသာအယာ ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင်မူ... ဤရှေးဟောင်းမြို့ကြီးအတွင်းရှိ လူအပေါင်းမှာ ထိုလူငယ်မောင်နှံနှစ်ဦး ရုတ်တရက် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကောင်းကင်ထက်သို့ အလင်းတန်းနှစ်လိုင်းအဖြစ် ပြောင်းလဲလျက် ပျံသန်းထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရတော့သည်။
လူအပေါင်းမှာ တစ်ခဏအတွင်း ဆွံ့အမှင်သက်သွားကြရတော့သည်။
"တကယ့်ကို ငယ်ရွယ်တဲ့ နတ်ဘုရားတွေပါလား..."
လော်လန်မြို့အတွင်းရှိ လူအပေါင်းမှာ မအောင့်နိုင်ဘဲ ရေရွတ်အံ့ဩကြရတော့သည်... နောင်တစ်ချိန်တွင်မူ ဤသည်မှာလည်း ဒဏ္ဍာရီပုံပြင်တစ်ခုအဖြစ် ကျန်ရစ်ပေလိမ့်မည်။
မဟာချန်အင်ပါယာ၏ တော်ဝင်နန်းမြို့။
ထိုနေရာသည် လူသားမျိုးနွယ်စု၏ ကံကြမ္မာအရှိန်အဝါများ စုဝေးရာနေရာ ဖြစ်သဖြင့် အလွန်ပင် အရေးပါလှပေသည်။
လူငယ်ဧကရာဇ်မင်းမြတ် ချန်ကျန့် သည် ယခုအခါတွင် ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချထားပြီ ဖြစ်ကာ... လေ့ကျင့်ခြင်းအတတ် ကို ကျင့်ကြံနေခဲ့ပြီ ဖြစ်သည်။ တိုင်းပြည်၏ ကံကြမ္မာအရှိန်အဝါများ ပံ့ပိုးပေးမှု၊ မရေမတွက်နိုင်သော ကျင့်ကြံခြင်းအရင်းအမြစ်များ ရှိနေမှုနှင့်... သူ၏ သွေးသားမှာလည်း အလွန်ပင် ထူးခြားဆန်းကြယ်ကာ ထည်ဝါလှသော ဖြောင့်မတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။ မဟာရှန်းခေတ်ကာလက လေပြတ်ကျင့်ကြံသူများ၏ နယ်ပယ်သတ်မှတ်ချက်အရ ဆိုပါက... ယခုအခါ ချန်ကျန့်သည် အဆင့်ငါး ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်ကာ၊ အဆင့်လေးနယ်ပယ်သို့ပါ ထိုးဖောက်ရန် အလားအလာ ရှိနေခဲ့ပြီ ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသော ကျင့်ကြံခြင်းအရှိန်အဟုန်မှာ တော်ဝင်နန်းမြို့အတွင်းရှိ ကျင့်ကြံသူများစွာကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သိရှိထားရမည်မှာ... ဤလူငယ်ဧကရာဇ်သည် ယခင်က ကျင့်ကြံခြင်းနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မထိတွေ့ဖူးခြင်း ဖြစ်သည်။
တော်ဝင်ဥယျာဉ်အတွင်း၌...
ချန်ကျန့်သည် ယခုအချိန်တွင် ဇရပ်ငယ်လေးတစ်ခုအတွင်း၌ တစ်ဦးတည်း ထိုင်နေခဲ့ပြီး၊ သူ၏ အသက်ရှူသံမှာ အလွန်ပင် ရှည်လျားတည်ငြိမ်နေခဲ့သည်။ ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချပြီးနောက်... သူ၏ အရေပြားပေါ်၌ နတ်ဘုရားအလင်းတန်းများ မှေးမှိန်စွာ ဖြာထွက်နေခဲ့ပြီး... ခန္ဓာကိုယ်အတွင်း၌လည်း မကုန်ခမ်းနိုင်သော အင်အားများ ပြည့်နှက်နေသဖြင့် နဂါးတစ်ကောင်၊ ကျားတစ်ကောင်အလား သန်မာထွားကျိုင်းနေခဲ့ပြီ ဖြစ်သည်။ တိုင်းပြည်အရေးကိစ္စများကို စိတ်ပူပင်နေရသော်လည်း ယခုအခါ စိတ်ဝိညာဉ်စွမ်းအားမှာ မြင့်မားလှသဖြင့် အရာရာကို အေးဆေးစွာ ကိုင်တွယ်နိုင်လာခဲ့ပြီး... နောက်တော်ဆောင် ရှိ မိဖုရားများမှာလည်း ဤအကျိုးကျေးဇူးကို အပြည့်အဝ ခံစားလိုက်ရတော့သည်။
ယခုအချိန်တွင်... လူငယ်ဧကရာဇ် ချန်ကျန့်သည် ဇရပ်ငယ်အတွင်း၌ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေခဲ့ပြီး၊ ဘေးနားတွင်မူ မိဖုရားတစ်ပါးက လိုက်ပါအသုံးတော်ခံနေခဲ့သည်။ ထိုမိဖုရားမှာ ချင်းဟော်ခရိုင်မှ လာခြင်း ဖြစ်ပြီး... နူးညံ့သိမ်မွေ့ကာ အလှအပ ကြွယ်ဝသလို အလွန်ပင် အလိုက်သိတတ်သူ ဖြစ်သည်။ သူမသည် လူငယ်ဧကရာဇ် ချန်ကျန့်ထက် နှစ်နှစ်ခန့် ငယ်ရွယ်ပြီး... ယခုအခါ ဘေးနားမှနေ၍ လက်ဖက်ရည် ဆက်သနေခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက်...
ထိုဇရပ်ငယ်အတွင်း၌ လူအမျိုးသားတစ်ဦး ဝုန်းခနဲ ပေါ်ပေါက်လာခဲ့တော့သည်။
ဤလူသည် မဟာရှန်းခေတ်ကာလက ဝတ်စုံကို ဝတ်ဆင်ထားပြီး... အလယ်ပိုင်းဒေသရှိ ဝတ်စုံများနှင့် လုံးဝ မတူညီပေ၊ သူ၏ မုတ်ဆိတ်မွေးများကို သေသပ်စွာ ညှပ်ကပ်ထားသဖြင့် ကြည့်ရသည်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ဟန်ပန်ကို အလွန်ပင် ဂရုစိုက်သော အမျိုးသားတစ်ဦး ဖြစ်ဟန်တူကာ... ရှေးခေတ်ကာလက ကျော်ကြားလှသော ပညာရှင်ကြီးတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေခဲ့သည်။
ဧကရာဇ် ချန်ကျန့်၏ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရသည်။ မည်သူမျှ မသိရှိအောင် တော်ဝင်နန်းမြို့အတွင်းသို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လာနိုင်သူ ရှိနေခဲ့သည်မဟုတ်ပါလော။
ချန်ကျန့်က လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး တည်ငြိမ်စွာဖြင့်...
"အရှင်က ဘယ်သူလဲ..." ဟု မေးလိုက်သည်။
ဘေးနားရှိ မိဖုရား ရွှီဖေး မှာ ထိုစကားကို ကြားရသဖြင့် အံ့ဩသွားခဲ့ရပြီး... လှည့်ကြည့်လိုက်ရာ စိမ်းသက်လှသော အမျိုးသားတစ်ဦး တော်ဝင်ဇရပ်အတွင်း ပေါ်ပေါက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် မျက်နှာအမူအရာ အနည်းငယ် ပျက်စီးသွားခဲ့ရသည်။ သို့သော်လည်း ချင်းဟော်ခရိုင်၏ နာမည်ကြီး မျိုးနွယ်စုမှ လာသော ဤမဟာမိဖုရားကြီး သည် ယခုတစ်ကြိမ်တွင် အလွန်ပင် တည်ငြိမ်စွာ တုံ့ပြန်နိုင်ခဲ့သည်... အနည်းဆုံးတော့ အပြင်ပန်းတွင်မူ ထိုသို့ ဖြစ်သည်။
ရှေးခေတ်ပညာရှင်ကြီးတစ်ဦးအလား ဟန်ပန်အပြည့်ရှိသော ထိုအလယ်အလတ်အရွယ် အမျိုးသား၏ မျက်ဝန်းအစုံ၌ ချီးကျူးရိပ်များ ဖြာထွက်လာခဲ့သည်။
"တကယ့်ကို ချန်မိသားစုရဲ့ မျိုးဆက်ပဲ... ကျင့်ကြံခြင်းလမ်းစဉ်ကို ခြေချရုံပဲ ရှိသေးတာ၊ ဒီလောက်အထိ ကျင့်စဉ်နယ်ပယ် ရှိနေပြီ... ဒီလိုမျိုး တည်ငြိမ်မှု ရှိနေတာကတော့ မဆိုးပါဘူး" ဟု ဆိုလိုက်သည်။
မဟာချန်အင်ပါယာ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ခြောက်ရာခန့် ရှိပြီ ဖြစ်ရာ... ထိုစဉ်ကာလက အစွမ်းထက်ဆုံး ကျင့်ကြံခြင်းမျိုးနွယ်စုမှာ ချန်မိသားစု ဖြစ်သည်။
လူငယ်ဧကရာဇ် ချန်ကျန့်က တည်ငြိမ်စွာဖြင့်...
"အရှင်မြတ်ရဲ့ ဝတ်စုံကို ကြည့်ရတာ... မဟာရှန်းခေတ်ကာလက လေကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်၊ ဒီနေ့ ဒီနေရာကို လာတာ... ဘာကိစ္စရှိလို့လဲ"
ဟု မေးလိုက်သည်။
ဟန်ပန်အပြည့်ရှိသော ထိုအမျိုးသားက...
"သဘာဝကျကျ မင်းကို လာရှာတာပေါ့... ငါနဲ့အတူ တစ်နေရာကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်လို့ပါ"
ဟု ဆိုလိုက်သည်။
လူငယ်ဧကရာဇ် ချန်ကျန့်က အေးစက်စွာဖြင့်...
"ကောင်းပြီ... အရှင်နဲ့အတူ လိုက်ခဲ့ပါ့မယ်" ဟု ဆိုလိုက်သည်။
မဟာရှန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရှေးဟောင်းပညာရှင်အလား ရှိသော ထိုအမျိုးသားက မျက်ခုံးပင့်လျက်...
"ဒီလောက်တောင် လွယ်လွယ်ကူကူလား..." ဟု မေးလိုက်သည်။
ချန်ကျန့်က ပြုံးလျက်...
"ဒီအတိုင်း လိုက်ခဲ့ရုံပဲဟာ... ဘာများ ခက်ခဲလို့လဲ" ဟု ဆိုလိုက်သည်။
ခုနကတင် သူသည် တော်ဝင်နန်းမြို့အတွင်းရှိ အထူးမန္တန်အစီရင်ကြီးမှာ မည်သည့်လှုပ်ရှားမှုမျှ မရှိသည်ကို အာရုံခံမိလိုက်သည်... တစ်မြို့လုံးရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဤသူ၏ ကျူးကျော်ဝင်ရောက်မှုကို ရိပ်မိခြင်း မရှိကြပေ။ ချန်ကျန့်သည် ပြန်လည်ခုခံခြင်းမှာ အချည်းနှီး ဖြစ်သည်ကို သိရှိထားသဖြင့်... ယခုအချိန်တွင် တော်ဝင်နန်းမြို့၌ စောင့်ကြပ်နေသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ဆီသို့သာ မျှော်လင့်ချက် ထားလိုက်တော့သည်။ သို့သော်လည်း တကယ်လို့ ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကပါ ဤအရေးကိစ္စကို မရိပ်မိပါက... သူသည် ထိုသူနှင့်အတူ လိုက်သွားရုံမှတစ်ပါး အခြားနည်းလမ်း မရှိပေ။
ရုပ်ရည်သေသပ်ခန့်ညားသော ထိုအလယ်အလတ်အရွယ် အမျိုးသားက ပြုံးလျက်...
"မင်းက တကယ့်ကို အခြေအနေကို နားလည်တာပဲ... လူ့ပြည်လောကရဲ့ ဧကရာဇ်တစ်ယောက် လုပ်နေတာ နှမြောဖို့ကောင်းတယ်၊ သွားကြစို့..." ဟု ဆိုလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင်... ဇရပ်ငယ်အတွင်း၌ ရုတ်တရက် လူရိပ်တစ်ရိပ် ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။
သူမသည် အဖြူရောင်ဝတ်စုံကို ဆင်ယင်ထားပြီး... အရှိန်အဝါမှာ ကမ္ဘာမြေနှင့် မသက်ဆိုင်သည့်အလား အလွန်ပင် အေးစက်တည်ငြိမ်လှပေသည်။
ချန်အင်ပါယာ၏ တော်ဝင်နန်းမြို့မှာ အလွန်ပင် အရေးပါလှပြီး လူသားမျိုးနွယ်စု၏ ကံကြမ္မာအရှိန်အဝါများ စုဝေးရာနေရာ ဖြစ်သဖြင့်... လီယန်ချူက စိုင်ပေ့နှင့် တောင်ပိုင်းဒေသနေရာအနှံ့ သို့ သွားရောက်စုံစမ်းစဉ် ဖန်းချင်းလန် ကိုမူ တော်ဝင်နန်းမြို့၌ ချန်လှပ်၍ စောင့်ကြပ်စေခဲ့ခြင်း ဖြစ်သည်။
ဤအလယ်အလတ်အရွယ် အမျိုးသားသည် ယခင်ကပင် ဤနေရာတစ်ခုလုံးကို ဖုံးကွယ်ထားခဲ့ပြီး ဖြစ်ရာ... မည်သူမျှ မသိရှိအောင် တော်ဝင်နန်းမြို့အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် ဤတော်ဝင်ဥယျာဉ်အတွင်း၌ ကောင်းကင်နှင့်မြေပြင်ကြီး ပျက်စီးသွားလောက်အောင် တိုက်ပွဲဝင်လျှင်ပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သိရှိစေမည် မဟုတ်သလို... မြေပြင်နတ်ဘုရားများပင် ရှာဖွေနိုင်မည် မဟုတ်ပေ။ ယခုအခါ ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ရောက်ရှိလာသည်ကို မြင်တွေ့ရသဖြင့် သူသည် အနည်းငယ် အံ့ဩသွားခဲ့ရသော်လည်း ထိတ်လန့်ခြင်းမူ မရှိပေ။
ဖန်းချင်းလန်က တည်ငြိမ်စွာဖြင့်...
"သူက နင်နဲ့အတူ လိုက်လို့မရဘူး" ဟု ဆိုလိုက်သည်။
မုတ်ဆိတ်နှင့် မျက်ခုံးများကို သေသပ်စွာ ညှပ်ကပ်ထားသော ထိုအမျိုးသားက ပြုံးလျက်...
"ငါက သူ့ကို မရရအောင် ခေါ်သွားမယ်ဆိုရင်ကော..." ဟု မေးလိုက်သည်။
ဖန့်ချင်းလန်သည် အဖြူရောင်ဝတ်စုံကို ဆင်ယင်ထားလျက် အလွန်ပင် အေးစက်တည်ငြိမ်နေခဲ့သည်။ သူမသည် လီယန်ချူနှင့် ရင်ဆိုင်ရချိန်မှလွဲ၍ သာမန်အားဖြင့် စကားပြော အလွန်နည်းပါးသူ ဖြစ်သည်။ ယခုအခါ သူမသည် ခြေတစ်လှမ်း အသာအယာ လှမ်းလိုက်ရုံမျှဖြင့်တင်... သူမ၏ တစ်ကိုယ်လုံး၌ တိမ်ပမာ၊ မြူပမာ ဝေဝါးဆန်းကြယ်လှသော ဓားအရှိန်အဝါများ လွှမ်းခြုံသွားခဲ့တော့သည်။
ထိုအမျိုးသားက မျက်ခုံးပင့်လျက်...
"မင်းလည်း ဓားကို အသုံးပြုတာပဲ... မဆိုးဘူး" ဟု အလေးအနက် ဆိုလိုက်သည်။
စကားဆုံးသည်နှင့်တစ်ပြိုင်နက်... သူက လက်ကို ဝှေ့ယမ်းလိုက်ရာ... လူငယ်ဧကရာဇ် ချန်ကျန့်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။
ဖန့်ချင်းလန်၏ တစ်ကိုယ်လုံးတွင် ဆန်းကြယ်လှသော ဓားအရှိန်အဝါများ ရစ်ပတ်နေခဲ့ပြီး... ဒေါင်... ဟူသော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
လူငယ်ဧကရာဇ် ချန်ကျန့်မှာ မူလနေရာ၌ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး... မြေပြင်ပေါ်၌မူ ရှေးဟောင်းကြေးပြားစေ့တစ်ခုမှာ နှစ်ခြမ်းကွဲလျက် ကျိုးပဲ့နေခဲ့ရပြီ ဖြစ်ကာ... ဖြတ်တောက်မှုမှာ တကယ့်ကို သေသပ်သန့်စင်လှပေသည်။
ဤသက်လတ်ပိုင်းအရွယ် အမျိုးသားက လက်ကို ဝှေ့ယမ်းလျက် ဓားအရှိန်အဝါတစ်လိုင်းကို ပစ်ခတ်လိုက်တော့သည်။ သူ၏ ဓားအရှိန်အဝါမှာ အလွန်ပင် လင်းလက်တောက်ပနေပြီး... တကယ့်ကို ဟော်မွန်ဂိုဏ်းကြီးများ၏ စံနှုန်းမီ မန္တန်အတတ်တစ်ခုအလား ဖြစ်နေခဲ့သည်။
ဖန့်ချင်းလန်က လက်ချောင်းများကို ဓားအလား ပြုလုပ်၍ ဓားအရှိန်အဝါတစ်လိုင်း ပြန်လည်ရိုက်ထုတ်လိုက်ရာ... ဟင်းလင်းပြင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခြင်း မရှိသော်လည်း တကယ့်ကို အန္တရာယ်ကြီးမားလှပေသည်။ ဖန့်ချင်းလန်သည် ထိုဆန်းကြယ်လှသော မဟာရှန်းလေကျင့်ကြံသူ၏ ကိုယ်ပေါ်၌ အလွန်ပင် မြင့်မားလှသော ဓားကျင့်စဉ်လမ်းစဉ် ရှိနေသည်ကို သတိထားမိလိုက်ပြီး ကျင့်စဉ်နယ်ပယ်မှာလည်း အလွန်ပင် မြင့်မားလှပေသည်။
ဒေါင်... ဒေါင်... ဒေါင်...
ဇရပ်ငယ်အတွင်းမှ အမျိုးမျိုးသော ဓားအရှိန်အဝါများမှာ ကောင်းကင်ယံထက်သို့ ပျံသန်းသွားခဲ့ကြတော့သည်။
လူငယ်ဧကရာဇ် ချန်ကျန့်နှင့်... နူးညံ့သိမ်မွေ့သော မိဖုရား ရွှီဖေးတို့မှာမူ မူလနေရာ၌ပင် လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်နေခဲ့ကြသည်။ ဇရပ်အတွင်းရှိ လက်ဖက်ရည်ခွက်များ၊ လူငယ်ဧကရာဇ် ချန်ကျန့် လက်ထဲမှ စာအုပ်ဟောင်း၊ မိဖုရား ရွှီဖေး၏ ဦးခေါင်းထက်မှ ရွှေဆံထိုးနှင့် ကျောက်စားပွဲ၊ ကျောက်ကုလားထိုင် စသည့် အရာရာတိုင်းမှာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရပြီး... ဖြတ်တောက်မှုမှာလည်း တကယ့်ကို တိကျညီညာလွန်းလှသဖြင့် ပေတံဖြင့် တိုင်းတာလျှင်ပင် ဤမျှ တိကျမည် မဟုတ်ပေ။
ရုတ်တရက်... လူငယ်ဧကရာဇ် ချန်ကျန့်၏ ဆံပင်မှာ ပြတ်တောက်သွားခဲ့ရသည်။ ဇရပ်ငယ်တစ်ခုလုံးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများ ပြည့်နှက်နေပြီး... အရာရာကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေခဲ့သည်။ သူနှင့် ဘေးနားရှိ မိဖုရား ရွှီဖေးတို့မှာ မလှုပ်ရဲကြပေ၊ ဆံပင်များ ပြတ်တောက်သွားသည်ကို မြင်တွေ့ရသဖြင့် သူ၏ စိတ်ထဲ၌ ချမ်းစိမ့်စိမ့် ဖိအားကြီးကို ခံစားလိုက်ရတော့သည်။ သူသည် မည်မျှပင် တည်ငြိမ်စေကာမူ... ဤကဲ့သို့သော အထွတ်အထိပ် ပညာရှင်ကြီးများ၏ တိုက်ပွဲကို အနီးကပ် မြင်တွေ့နေရသဖြင့် နဖူးပြင်ထက်၌ ချွေးစေးများ စီးကျလာခဲ့တော့သည်။
မိဖုရား ရွှီဖေးမှာမူ ယခင်ကပင် လန့်ဖျန့်နေခဲ့ရပြီ ဖြစ်ကာ... သူမသည် သာမန်အမျိုးသမီးတစ်ဦးသာ ဖြစ်သဖြင့် ယခုအချိန်တွင် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်မိတော့သည်။ သူမ၏ လည်ပင်းထက်၌ သေးငယ်သော သွေးကြောင်းတစ်လိုင်း ထင်ဟပ်လာခဲ့သော်လည်း သွေးများမူ စီးကျလာခြင်း မရှိပေ၊ ထိုမျှသာ ဖြစ်သည်။
နောက်တစ်ခဏတွင်မူ... ဇရပ်ငယ်ကြီးမှာ ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားခဲ့ရတော့သည်။ မဟာချန်ဧကရာဇ် ချန်ကျန့်နှင့် ချင်းဟော်ခရိုင်မှ မဟာမိဖုရားကြီးတို့မှာ ပြင်ပသို့ လွင့်စင်ထွက်ခွာသွားခဲ့ကြရတော့သည်။ သူက မိဖုရား ရွှီဖေးကို အမြန်ဖေးမလိုက်ရာ... သူမ၏ လည်ပင်းထက်၌ သေးငယ်သော ဒဏ်ရာအနာတရမျှသာ ရှိသဖြင့် အခြေအနေ မပြင်းထန်သည်ကို မြင်တွေ့လိုက်ရသည်။ အနောက်ဆောင်ရှိ မိဖုရားများစွာထဲတွင် ဧကရာဇ် ချန်ကျန့်နှင့် မိဖုရား ရွှီဖေးတို့မှာ စိတ်အာရုံ အကိုက်ညီဆုံး ဖြစ်သည်။ ဤမိဖုရား၏ ရှေ့မှောက်တွင် သူသည် ချန်ကျန့်သာ ဖြစ်ပြီး ချန်အင်ပါယာ၏ ဧကရာဇ် မဟုတ်ပေ။ မိမိချစ်ရသော အမျိုးသမီး ဘေးကင်းသည်ကို မြင်တွေ့ရသဖြင့် ချန်ကျန့်၏ စိတ်ထဲ၌ သက်ပြင်းချနိုင်ခဲ့သော်လည်း မျက်နှာအမူအရာမှာမူ တည်ငြိမ်စွာဖြင့် ဇရပ်ပျက်ကြီးဆီသို့ စိုက်ကြည့်လိုက်တော့သည်။
ဇရပ်ငယ်ကြီးမှာ ဝုန်းခနဲ ပျက်စီးသွားခဲ့ရပြီ ဖြစ်ပြီး အပိုင်းပိုင်း ပြတ်တောက်လျက် တိကျညီညာစွာ လဲပြိုနေခဲ့သည်။
ဇရပ်ပျက်ကြီး၏ အလယ်၌... အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးဓားနတ်ဘုရားမနှင့် ရုတ်တရက် ပေါ်ပေါက်လာသော မဟာရှန်းလေကျင့်ကြံသူတို့မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လျက် ရပ်တန့်နေကြသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလျက်...
"မင်းရဲ့ ဓားကျင့်စဉ်လမ်းစဉ်အပေါ် နားလည်မှုက... တကယ့်ကို ဒီလောက်အထိ မြင့်မားတာပဲ၊ တကယ့်ကို ရှားပါးလှပါတယ်" ဟု ဆိုလိုက်သည်။
ခုနကတင် သူသည် ထိုမဟာမိဖုရားကြီးဆီသို့ ဆန်းကြယ်လှသော ဓားချက်တစ်ချက် ပစ်ခတ်လိုက်သော်လည်း ဤအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ တားဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
ဖန့်ချင်းလန်သည် သာမန်အားဖြင့် စကားနည်းသော်လည်း... ယခုအချိန်တွင်မူ အနည်းငယ် အံ့ဩသွားခဲ့ရသည်၊ ဘယ်ကနေပြီးတော့ ဒီလိုမျိုး ဓားကျင့်ကြံသူတစ်ယောက် ရောက်ရှိလာရသနည်း။
သက်လတ်ပိုင်းအရွယ် အမျိုးသားက...
"ငါ့နာမည်က ရွဲ့ချိုး လို့ ခေါ်တယ်... ငါ့ရဲ့ ခေတ်ကာလတုန်းကတော့ ငါက လောကမှာ အသန်မာဆုံး ဓားကျင့်ကြံသူပဲ၊ မင်းလိုမျိုး ဓားကျင့်စဉ် ပါရမီ ထူးချွန်လွန်းလှတဲ့သူကို တစ်ခါမှ မတွေ့ဖူးသေးဘူး" ဟု ဆိုလိုက်သည်။
ဤအမျိုးသား၏ လေသံမှာ အလွန်ပင် တည်ငြိမ်အေးဆေးလှပြီး အရာရာကို သဘာဝကျကျ ပြောဆိုနေခြင်း ဖြစ်သည်။ သူ၏ စကားလုံးအနည်းငယ်မှာ ဖန်းချင်းလန်၏ အစွမ်းအစကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပြီး... တစ်ဖက်တွင်လည်း ကြီးမားလှသော ကရုဏာတော်ကို ပေးသနားလိုက်သည့်အလား ဖြစ်နေခဲ့သည်။
ဖန့်ချင်းလန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသူကို လီယန်ချူ၏ စကားလုံးများဖြင့် နှိုင်းယှဉ်ရလျှင်မူ... တကယ့်ကို မောက်မာမှု အရှိန်အဝါများ ဟုန်းဟုန်းတောက်နေပြီး လူကို မနှစ်မြို့ဖွယ် ဖြစ်စေသည်။
ဖန့်ချင်းလန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး...
"မင်းရဲ့ ခေတ်ကာလတုန်းက... သေချာပေါက် ထူးခြားတဲ့ ဓားကျင့်ကြံသူတစ်ယောက်မှ ရှိမနေလို့ ဖြစ်လိမ့်မယ်၊ ရေတိမ်တော့ ဖားသူတော်တွေ သောင်းကျန်းတာပေါ့" ဟု ဆိုလိုက်သည်။
ဖန့်ချင်းလန်သည် အဖြူရောင်ဝတ်စုံကို ဆင်ယင်ထားလျက် အလှအပမှာ လောက၌ ပြိုင်ဘက်ကင်းလှပြီး လောကတွင် အလှဆုံးသော အမျိုးသမီးဓားနတ်ဘုရားမ ဖြစ်သော်လည်း... စကားပြောလိုက်သည့်အခါတွင်မူ တိုက်ရိုက်ပင် ရွတ်ဆိုလိုက်ခြင်း ဖြစ်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်လျက်...
"မင်းလိုမျိုး အရှိန်အဝါရှိတဲ့သူက... ဒီလိုစကားမျိုး မပြောသင့်ဘူး၊ ဓားနတ်ဘုရားမဆိုတာ အထွတ်အထိပ် အေးစက်တည်ငြိမ်ပြီး လောကပြင်ပမှာ ရှိနေရမှာ"
ဟု ဆိုလိုက်သည်။
ဖန့်ချင်းလန်က...
"မင်းရဲ့ ဓားက ပုံသဏ္ဌာန်တွေထဲမှာတင် ပိတ်မိနေပြီး လမ်းပိတ်နေပြီ... မင်းရဲ့ လူအတိုင်းပဲ၊ အိုမင်းရင့်ရော်ပြီး ဆန်းသစ်တဲ့ စွမ်းအားတွေ လုံးဝ မရှိတော့ဘူး"
ဟု ဆိုလိုက်သည်။
သူမသည် အမှန်တကယ် စကားပြောနည်းသော်လည်း... စကားပြောလိုက်သည့်အခါတွင်မူ တိုက်ရိုက်ပင် နှလုံးသားကို ထိုးနှက်နိုင်စွမ်း ရှိပေသည်။
ရွဲ့ချိုး ဟု အမည်ရသော ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မျက်မှောင်ကြုတ်ခြင်း ပိုမိုပြင်းထန်လာခဲ့ပြီး...
"မင်း ဆက်ပြီး စကားမပြောတာ ပိုကောင်းလိမ့်မယ်" ဟု ဆိုလိုက်သည်။
လှပခန့်ညားလှသော အမျိုးသမီးဓားနတ်ဘုရားမတစ်ဦး ဖြစ်သော်လည်း... တကယ့်ကို နှုတ်သီးကောင်းလျှာထက်လှပေသည်။
သူက လက်ကို မြှောက်လျက် ဓားအရှိန်အဝါတစ်လိုင်းကို ပစ်ခတ်လိုက်ရာ... ထိုဓားအရှိန်အဝါမှာ ခရမ်းရွှေရောင် အဆင်း ရှိပြီး အလွန်ပင် ထုထည်ကြီးမားလှကာ... ဟင်းလင်းပြင်ထဲ၌ ရှေးဟောင်းဓားကြီးတစ်လက်အလား ပြောင်းလဲသွားခဲ့ပြီး ပုံသဏ္ဌာန်မှာ အလွန်ပင် ခန့်ညားထည်ဝါလှကာ ပေါ်ရှိ မန္တန်သင်္ကေတများမှာလည်း အလွန်ပင် ရှုပ်ထွေးလှပေသည်။
ဖန့်ချင်းလန်ကလည်း ဓားချက်တစ်ချက် ပြန်လည်ခုတ်ချလိုက်ရာ... ဓားအရှိန်အဝါနှစ်လိုင်းမှာ ဟင်းလင်းပြင်ထက်၌ ထိပ်တိုက်တွေ့ဆုံသွားကြတော့သည်။
ခေတ္တမျှ ကြာပြီးနောက်... ထိုခရမ်းရွှေရောင် ဓားအရှိန်အဝါမှာ ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားခဲ့ရပြီး ဖန်းချင်းလန်၏ ဓားအရှိန်အဝါကို မယှဉ်နိုင်ခဲ့ပေ။
ရွဲ့ချိုးက မျက်ခုံးပင့်လျက် လက်ဖဝါးကို ဝှေ့ယမ်းလိုက်မှသာ... ဖန့်ချင်းလန်၏ ကျန်ရှိနေသော ဓားအရှိန်အဝါများကို ဖျက်ဆီးပစ်နိုင်ခဲ့တော့သည်။
"နင်က ငါနဲ့ ဓားအကြောင်း ဆွေးနွေးဖို့ မထိုက်တန်ဘူး"
ဖန့်ချင်းလန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသား ရွဲ့ချိုး "..............."
အမည်မသိ တောင်ထိပ်တစ်ခု။
ထိုနေရာသည် တောင်ရေမြေပြင် လှပဆန်းကြယ်လှပြီး... နာမည်ကြီး တောင်တန်းကြီးများ မဟုတ်သော်လည်း ရှုခင်းမှာမူ အလွန်ပင် ထူးခြားလှပေသည်။
ယခုအချိန်တွင်... အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် ထိုနေရာ၌ ရပ်တန့်နေခဲ့ပြီး၊ လက်ထဲတွင်မူ ဆန်းကြယ်လှသော လွန်းပျံ တစ်ခုကို ကိုင်ဆောင်ထားကာ ၎င်းမှာ မှောင်မိုက်မည်းမှောင်နေပြီး အေးစက်လှသော အလင်းတန်းများ ဖြာထွက်နေခဲ့သည်။ ဤယင်းကျိုး မှ လာသော အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားသည် လီယန်ချူ၏ လိုက်လံသတ်ဖြတ်မှုကြောင့် နေရာအနှံ့သို့ ထွက်ပြေးခဲ့ရပြီးနောက်မှသာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်ထဲရှိ လွန်းပျံမှာ အလွန်ပင် ထူးခြားဆန်းကြယ်လှပြီး စကြဝဠာလျှို့ဝှက်မိစ္ဆာလွန်းပျံ ဟု ခေါ်ဆိုကာ ဆန်းကြယ်လှသော စွမ်းအားများ ပြည့်နှက်နေခဲ့သည်။
၎င်းကို လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်... နေ၊ လ၊ ကြယ်တာရာများအားလုံးကို အာရုံခံမိစေနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဆိပ်မီး၊ တောက်လောင်မီးလျှံများနှင့် ကမ္ဘာမြေပြင်းမုန်တိုင်းများကို ထုတ်ဖော်နိုင်ကာ... မိုင်ထောင်ပေါင်းများစွာသော ပတ်ပတ်လည်ကို နဂိုမူလ ကမ္ဘာဦးကာလ အဖြစ် ပြန်လည်ရောက်ရှိစေနိုင်သည်ဟု ကျော်ကြားလှသည်။ ၎င်းမှာ ယင်းကျိုး၏ နတ်ဘုရားရတနာ တစ်ပါး ဖြစ်သည်။
နဂိုမူလ ကမ္ဘာဦးကာလသို့ ပြန်လည်ရောက်ရှိစေနိုင်သည်ဟူသော စကားမှာ အနည်းငယ် ချဲ့ကားပြောဆိုခြင်း ဖြစ်နိုင်သလို... လူ့ပြည်လောက၏ တရားဥပဒေများ ပျက်စီးနေသော အခြေအနေမျိုးတွင်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ယခုအချိန်တွင်... ထိုအစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားသည် စကြဝဠာလျှို့ဝှက်မိစ္ဆာလွန်းပျံကို လှုပ်ရှားလိုက်ရာ... ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကြီးမှာ မှောင်မိုက်သွားခဲ့ကာ နေ၊ လ၊ ကြယ်တာရာများနှင့် အာရုံခံဆက်သွယ်မှု ရရှိသွားခဲ့တော့သည်။ ဤအမည်မသိ တောင်ထိပ်လေးမှာ အပြင်ပန်းတွင် မထင်ရှားသော်လည်း အမှန်တကယ်တော့ ၎င်းမှာ ကမ္ဘာဦးပထဝီဝင်မန္တန်အစီရင်ကြီး၏ အဓိက မန္တန်မျက်စိ တစ်ခု ဖြစ်သည်။
ကမ္ဘာဦးပထဝီဝင်မန္တန်အစီရင်ကြီးမှာ တစ်ကွင်းပြီးတစ်ကွင်း သဘာဝအတိုင်း ဆက်စပ်နေသဖြင့်... နာမည်ကြီး တောင်တန်းကြီးများစွာ ပျက်စီးသွားလျှင်ပင် မန္တန်အစီရင်ကြီး၏ အရှိန်အဝါကို မထိခိုက်နိုင်ပေ။ မူလကမူ ဤမန္တန်မျက်စိ ပျက်စီးသွားလျှင်ပင် မန္တန်အစီရင်ကြီးကို ဖျက်ဆီး၍ ရမည်မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင် ထိုအစိမ်းရောင်ဝတ်စုံဝတ် အမျိုးသား ယူဆောင်လာသော နတ်ဘုရားရတနာမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
တိုက်ခိုက်မှုတစ်ခု ကျရောက်သွားသည့်အခါ... ဤအမည်မသိ တောင်ထိပ်လေးတစ်ခုလုံးမှာ ချက်ချင်းပင် အသက်မဲ့သွားခဲ့ရပြီး၊ ပေါ်ရှိ မြစ်ရေများမှာ တစ်ခဏအတွင်း ခန်းခြောက်သွားခဲ့သလို သစ်ပင်သစ်တောများလည်း ခြောက်သွေ့သေဆုံးကုန်တော့သည်။ မြစ်အတွင်းရှိ ငါး၊ ပုစွန်များ၊ တောင်ပေါ်ရှိ တောရဲတိရစ္ဆာန်များနှင့် ထိုနေရာရှိ ငှက်များအားလုံးမှာပါ အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ရပြီး သက်စောင့်စွမ်းအားများ အားလုံး ကွယ်ပျက်သွားခဲ့ရတော့သည်။ ထိုမျှမက... တောင်တစ်ခုလုံးမှာ လုံးဝ ဥဿုံ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ကမ္ဘာဦးပထဝီဝင်မန္တန်အစီရင်ကြီး ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
မဟာချန်အင်ပါယာ တော်ဝင်နန်းမြို့အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သော ဓားကျင့်ကြံသူ ရွဲ့ချိုးသည် ပထဝီဝင်မန္တန်အစီရင်ကြီးကို လှုံ့ဆော်ခဲ့ခြင်း မရှိပေ။ သူ၏ လက်ထဲတွင် ထူးခြားသော နည်းလမ်းများ ရှိနေသဖြင့် နေရာတစ်ခုကို ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။
လီယန်ချူသည် တောင်ပိုင်းဒေသ၌ ရှိနေသော်လည်း လက်ထဲတွင် မန္တန်အဆောင် ရှိနေသဖြင့် မဟာချန်အင်ပါယာ၌ အပြောင်းအလဲ ရှိနေသည်ကို ပထမဆုံးအချိန်မှာပင် အာရုံခံမိလိုက်သည်။ သို့သော်လည်း ထိုအစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားသည် မည်သည့်နည်းလမ်းကို အသုံးပြုလိုက်သည်မသိ... သူသည် စကြဝဠာလျှို့ဝှက်မိစ္ဆာလွန်းပျံကို လှုပ်ရှားလိုက်သည့် အချိန်ကျမှသာ သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လီယန်ချူ၏ မျက်နှာအမူအရာမှာ အလေးအနက် ဖြစ်သွားခဲ့ရပြီ ဖြစ်ကာ... ကမ္ဘာဦးပထဝီဝင်မန္တန်အစီရင်ကြီးမှာ အမှန်တကယ်ပင် ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ကျွေ့ဟွာက လီယန်ချူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်တွေ့ရသဖြင့် ချက်ချင်းပင်...
"ဘာဖြစ်လို့လဲ..." ဟု မေးလိုက်သည်။
လီယန်ချူက ဤအရေးကိစ္စကို ပြောပြလိုက်ရာ... ကျွေ့ဟွာမှာ မအောင့်နိုင်ဘဲ ထိတ်လန့်သွားခဲ့ရပြီး...
"သွားကြစို့... နောက်ကျရင် အခြေအနေတွေ ပိုပြီး ပြောင်းလဲကုန်လိမ့်မယ်"
ဟု ဆိုလိုက်သည်။
လီယန်ချူက ဟင်းလင်းပြင်သို့ ခုန်တက်လိုက်ပြီး ဓားအလင်းတစ်လိုင်းအဖြစ် ပြောင်းလဲလျက် တိမ်ပင်လယ်ကို ဖြတ်သန်းကာ ပျံသန်းသွားခဲ့တော့သည်။ သူ၏ စိတ်ထဲ၌ မကောင်းသော အာရုံတစ်ခု ပေါ်ပေါက်နေခဲ့သည်။ ကမ္ဘာဦးပထဝီဝင်မန္တန်အစီရင်ကြီးကို သူကိုယ်တိုင် စမ်းသပ်ဖူးသလို... ရှစ်ခွင်မှန် ၏ စောင့်ကြပ်မှုလည်း ရှိနေသဖြင့် မည်သည့်ဟာကွက်မျှ ရှိမနေသင့်ပေ။ သို့သော်လည်း ယခုအချိန်တွင်မူ... ထင်မှတ်မထားဘဲ ဟာကွက် ပေါ်ပေါက်သွားခဲ့ရပြီ ဖြစ်သည်။
ရှဲ့မိသားစု ။
ကျောက်စိမ်းရောင် ရင်ဖုံးဝတ်စုံကို ဆင်ယင်ထားသော မိန်းကလေးတစ်ဦးသည် မျက်နှာအမူအရာ အလေးအနက်ဖြင့် ရှေ့မှောက်ရှိ ပေါ်ပေါက်လာသော အလှပဂေး အမျိုးသမီးကြီးကို စိုက်ကြည့်နေခဲ့သည်။
ရှဲ့ဝမ်ရင် တွင် နတ်ဘုရားတု ၏ ကျင့်စဉ်စွမ်းအားများနှင့် တရားဥပဒေများ ရှိနေသော်လည်း... ထိုစဉ်ကာလက လီယန်ချူ၏ အတင်းအကျပ် လွှဲပြောင်းပေးခြင်း ခံခဲ့ရခြင်း ဖြစ်ပြီး၊ မိမိကိုယ်တိုင်၏ ကျင့်စဉ်နယ်ပယ်မှာမူ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သည့် စံနှုန်းသို့ မရောက်ရှိသေးသဖြင့် ယခုအချိန်အထိ လူ့ပြည်လောက၌ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအလှပဂေး အမျိုးသမီးကြီးမှာ ငှက်မွေးဝတ်စုံကို ဆင်ယင်ထားပြီး အရှိန်အဝါမှာ ကမ္ဘာမြေနှင့် မသက်ဆိုင်သည့်အလား လောကီအညစ်အကြေးများ လုံးဝ ရှိမနေပေ။
"ဘယ်လိုလဲ... သူတစ်ပါး လွှဲပြောင်းပေးထားတဲ့ ကျင့်စဉ်စွမ်းအားဆိုတာ နောက်ဆုံးတော့ မင်းကိုယ်ပိုင် မဟုတ်ဘူး၊ သာမန် မြေပြင်နတ်ဘုရားတွေကို အနိုင်ယူနိုင်ရင် ယူနိုင်လိမ့်မယ်... ဒါပေမဲ့ ဆရာ့ကို ရင်ဆိုင်ဖို့အတွက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ဟု ထိုအလှပဂေး အမျိုးသမီးကြီးက တည်ငြိမ်စွာ ဆိုလိုက်သည်။
ကျက်သရေရှိပြီး ချစ်စရာကောင်းသော ထိုကျောက်စိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးမှာ ရှဲ့ဝမ်ရင် ဖြစ်ပြီး၊ ယခုအခါ သူမက မျက်မှောင်ကြုတ်လျက်...
"ငါက မင်းကို ငါ့ရဲ့ ဆရာအဖြစ် လက်ခံဖို့ သဘောမတူရသေးဘူး... မင်းက ဆရာကြီးအလား ဟန်ပန်လာလုပ်နေပြီ"
ဟု ဆိုလိုက်သည်။
အလှပဂေး အမျိုးသမီးကြီးမှာ ဒေါသထွက်ခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့်...
"လူ့ပြည်လောကမှာ မင်း ဆက်ပြီး နေလို့မရတော့ဘူး... ဆရာ့ရဲ့ ဘေးနားမှာ လိုက်မနေရင် တစ်ယောက်ယောက်ရဲ့ ဝါးမြိုခြင်းကို ခံရလိမ့်မယ်"
ဟု ဆိုလိုက်သည်။
ရှဲ့ဝမ်ရင်က မျက်ခုံးပင့်လျက်...
"ခွင့်မတောင်းဘဲ ကျူးကျော်ဝင်ရောက်လာတာ... မင်းကို ကြည့်ရတာ ဘယ်လိုမှ လူကောင်းတစ်ယောက်နဲ့ မတူဘူး"
ဟု ဆိုလိုက်သည်။
ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားပြီး လောကပြင်ပမှ နတ်သမီးအလား ရှိသော ထိုအမျိုးသမီးကြီးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"လူကောင်း ဟုတ်မဟုတ်ဆိုတာ... မင်းလို မိန်းကလေးငယ်လေးက ခွဲခြားနိုင်လို့လား"
ဟု မေးလိုက်သည်။
ယခုအချိန်တွင်... အခန်းအတွင်း၌ ၎င်းတို့နှစ်ဦးအပြင် နောက်ထပ် သန့်စင်လှပသော မိန်းကလေးတစ်ဦးလည်း ရှိနေခဲ့ပြီး၊ သူမသည် ရောင်စုံဝတ်စုံကို ဆင်ယင်ထားသဖြင့် အလွန်ပင် မောက်မာလှသော ဒေါင်းတစ်ကောင်အလား ဖြစ်နေကာ ခြေကျင်းဝတ်တွင် အနီရောင်ကြိုးတစ်လိုင်းကို ချည်နှောင်ထားပြီး ကိုယ်ပေါ်မှ သစ်တောရနံ့များ သင်းပျံ့နေခဲ့သည်။
ထိုအမျိုးသမီးကြီးက ထိုမိန်းကလေးကို ညွှန်ပြလျက်...
"ဒါက မင်းရဲ့ စီနီယာအစ်မ ပဲ... ငါ အခုလေးတင် အသစ်ဆုံခဲ့တာ၊ သူက မင်းထက် အများကြီး ပိုပြီး လိမ္မာတယ်"
ဟု ဆိုလိုက်သည်။
ကျောက်စိမ်းရောင်ဝတ်စုံဝတ် မိန်းကလေး ရှဲ့ဝမ်ရင်က ထိုဒေါင်းတစ်ကောင်အလား မောက်မာလှသော မိန်းကလေးကို စိုက်ကြည့်လိုက်ရာ... သူမသည် ထိုအမျိုးသမီးကြီး၏ ဘေးနားတွင် ငြိမ်သက်စွာ ရပ်တန့်နေပြီး မည်သည့်ထူးခြားမှုမျှ ရှိမနေသည်ကို မြင်တွေ့လိုက်ရသည်။
ရှဲ့ဝမ်ရင်က မျက်မှောင်ကြုတ်လျက်...
"သူက သေချာပေါက် မင်းရဲ့ အတင်းအကျပ် ဖိအားပေးခြင်းကို ခံထားရတာပဲ... ဒါကို ပြောနေဖို့ လိုဦးမလား"
ဟု ဆိုလိုက်သည်။
ထိုအရှိန်အဝါရှိသော အမျိုးသမီးကြီးက ပြုံးလျက်...
"သူ့ရဲ့ အဖိုးကိုယ်တိုင်က သူ့ကို ငါ့လက်ထဲ အပ်နှံခဲ့တာ... ငါက တပည့်လက်ခံဖို့အတွက် အတင်းအကျပ် လုပ်စရာ လိုမလား"
ဟု မေးလိုက်သည်။
ရှဲ့ဝမ်ရင်က ဒေါသတကြီးဖြင့်...
"အခု နင်က ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာ မဟုတ်ဘူးလား"
ဟု ဆိုလိုက်သည်။
အမျိုးသမီးကြီးက ပြုံးလျက်...
"ပါရမီရှင် ကျောက်စိမ်းရတနာကို လူတိုင်းက ရရှိချင်ကြတာပဲ... မင်း တကယ်လို့ အခြားဆရာတစ်ယောက်နောက် လိုက်သွားရင် ဖြစ်နိုင်တာကတော့ သူတစ်ပါးရဲ့ စားစရာ ဖြစ်သွားတာ ဒါမှမဟုတ်ရင် အိပ်ယာပေါ်က ကစားစရာ ဖြစ်သွားလိမ့်မယ်"
ဟု ဆိုလိုက်သည်။ သူမ၏ စကားလုံးများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရှဲ့ဝမ်ရင်က မျက်ခုံးပင့်လျက်...
"မင်းနောက် လိုက်ရင်ကော..." ဟု မေးလိုက်သည်။
အမျိုးသမီးကြီးက တည်ငြိမ်စွာဖြင့်...
"ဘယ်လိုကိစ္စမျိုးမှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး... ငါက မင်းကို သေသေချာချာ သင်ကြားပေးမှာ ဖြစ်ပြီး၊ နောင်တစ်ချိန်မှာ မင်း သေသေချာချာ သင်ယူနိုင်ရင် ငါ့ရဲ့ ကျင့်စဉ်လမ်းစဉ်ကို ဆက်ခံခွင့် ရချင်ရလိမ့်မယ်"
ဟု ဆိုလိုက်သည်။
ရှဲ့ဝမ်ရင်က လှောင်ပြုံးပြုံးလျက်...
"ရှင်က ကျွန်မကို သုံးနှစ်အရွယ် ကလေးလို့ ထင်နေတာလား"
ဟု ဆိုလိုက်သည်။
အမျိုးသမီးကြီးက ငေါက်ငမ်းလျက်...
"မလိမ္မာတဲ့ တပည့်ဆိုးလေး... ဆရာက ကောင်းကောင်းမွန်မွန် ပြောဆိုနေတာကို ဘာလို့ နားမထောင်တာလဲ၊ မင်းကို ရိုက်နှက်ဆုံးမမှ ဖြစ်မယ်"
ဟု ဆိုလိုက်သည်။
ရှဲ့ဝမ်ရင်က သူမ၏ ခန္ဓာကိုယ်အတွင်းမှ ကျင့်စဉ်စွမ်းအားများကို လှုံ့ဆော်လိုက်ရာ... သူမ၏ ခန္ဓာကိုယ်အတွင်း၌ တိုက်ရိုက်ပင် မကုန်ခမ်းနိုင်သော ကျင့်စဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မဟာသမုဒ္ဒရာကြီးအလား ထုထည်ကြီးမားလှပေသည်။
အမျိုးသမီးကြီးက ပြုံးလျက်...
"ဆရာ့ကို ပြန်ပြီး တိုက်ခိုက်ချင်တာလား... ငါ့နောက် လိုက်တာကမှ မင်းအတွက် အကောင်းဆုံး ကံကြမ္မာ ဖြစ်လိမ့်မယ်"
ဟု ဆိုလိုက်သည်။
ရှဲ့ဝမ်ရင်သည် သူမ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်တော့ဘဲ ဘေးနားတွင်သာ လိုက်ပါသွားရတော့သည်။
ထိုအမျိုးသမီးကြီးက မော့လျက် ကောင်းကင်ယံကို ကြည့်ကာ...
"ဒီနေရာမှာ ဒီလောက်အထိ ပါရမီရှင်တွေ အများကြီး ရှိနေတာ... တကယ့်ကို မဆိုးပါဘူး၊ ငါ အမြန်လုပ်မှ ဖြစ်မယ်... သူတစ်ပါး လက်ဦးမသွားအောင်"
ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
သူမသည် မဟာချန်အင်ပါယာ၏ ပထဝီဝင်မန္တန်အစီရင်ကြီး ပျက်စီးသွားသည်ကို အာရုံခံမိလိုက်ပြီးနောက် မျက်နှာအမူအရာမှာမူ အလွန်ပင် တည်ငြိမ်နေခဲ့သည်။
"ဖုန်လိုင်နတ်ဘုရားကျွန်း က တကယ်ပဲ အဲဒီတာအိုဆရာရဲ့ လက်ထဲမှာလား... ငါ့အမြင်အရတော့ မသေချာပါဘူး"
"ထားလိုက်ပါတော့... အခုတစ်ကြိမ်မှာ သင့်တော်တဲ့ တပည့်အချို့ကို ရွေးချယ်ရုံသက်သက်ပါပဲ... ကျန်တဲ့ အရေးကိစ္စတွေကိုတော့ သူတို့သဘောအတိုင်းပဲ ထားလိုက်တော့မယ်"
ဟု အမျိုးသမီးကြီးက စိတ်ထဲမှ တွေးလိုက်မိတော့သည်။
လီယန်ချူနှင့် ကျွေ့ဟွာတို့သည် တရားဥပဒေစွမ်းအားများကို လှုံ့ဆော်လျက်... ကောင်းကင်ယံထက်၌ မဟာသက်တံဖြူကြီးနှစ်လိုင်းအလား ဖြတ်သန်းပျံသန်းနေခဲ့ကြသည်။
သို့သော်လည်း တိမ်ပင်လယ်၏ အထက်၌ ရုတ်တရက် ကြီးမားလှသော လူသားမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့နှစ်ဦး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။
ထိုမျက်နှာကြီးမှာ အလွန်ပင် ထည်ဝါလှပြီး နတ်ဘုရားအလား သန့်စင်မွန်မြတ်လှသဖြင့် လူကို ပြင်းထန်လှသော ဖိအားကြီးကို ပေးစွမ်းနေခဲ့ပြီး... အသက်ရှူလိုက်တိုင်းမှာပင် ပြင်းထန်လှသော လေပြင်းမုန်တိုင်းများနှင့် လျှပ်စီးများ ရစ်ပတ်နေခဲ့တော့သည်။