အခန်း ၁၁၆၇
Vol. 117 Ch. 1167
အခန်း (၁၁၆၇) - လောကကမ္ဘာ၏ အပြောင်းအလဲ
ဝေမြို့ရှိ ချင်းယွန်းကျောင်းတော်အတွင်း၌ ဖြစ်သည်။
လီယန်ချူသည် ဆေးဖော်ဖိုကို ထုတ်ယူကာ ခွန်းဖန်သွေးမျိုးဆက် ရှိနေသည့် ထိုငါးကြီးကို ဆေးလုံးအဖြစ် စတင်ကျိုချက် လောင်မြိုက်လိုက်တော့သည်။
ဤဆေးဖော်ဖိုသည် သာမန်မဟုတ်ဘဲ ထောင်ယွမ်တောင်၏ နတ်ဘုရားနယ်မြေ အတွင်းမှ သူရရှိခဲ့သော ရတနာတစ်ခု ဖြစ်၏။
မကြာမီအချိန်အတွင်းမှာပင် ထိုငါးကြီးသည် ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေပြီး ဝေဝေဖြာဖြာနှင့် ထွက်ပေါ်နေသော ရောင်ခြည်အလင်းတန်းများဖြင့် ဖုံးလွှမ်းလျက် ရှိနေပေသည်။
လီယန်ချူသည် ထိုဆေးလုံးကို ကောက်ယူကာ မျိုချလိုက်သည့်အခါ ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲတက်လာသည်ကို ခံစားလိုက်ရသည်။
လူသားတစ်ယောက်၏ ခန္ဓာကိုယ်သည် သူ့အလိုလို လောကကမ္ဘာငယ်တစ်ခု ဖြစ်တည်နေသကဲ့သို့ပင်။ ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ဟည်းဟည်းထွက်လျက်...
သူ၏ ပိုင်ဟွိ၊ ဆန်ထင်၊ ယွိကျန့်၊ ထန်ကျန့် နှင့် ကျားကျိ စသည့် အဓိက နတ်ဘုရားဂိတ်တံခါးကြီးများကို တစ်ဆင့်ပြီးတစ်ဆင့် ဆေးကြော ဖြတ်သန်းဆင်းသွားခဲ့သည်။
သို့သော် မိန်မန်အသက်တံခါး ရှေ့သို့ ရောက်ရှိလာချိန်တွင်မူ ထိုစွမ်းအင်များသည် တားဆီးခြင်း ခံလိုက်ရလေတော့သည်။
လီယန်ချူသည် သူ၏ စိတ်အာရုံကို ခန္ဓာကိုယ်တွင်းသို့ နစ်မြှုပ်စေကာ ထိုမိန်မန် နတ်ဘုရားဂိတ်တံခါးကြီး၏ ရှေ့မှောက်တွင် မတ်တတ်ရပ်ကြည့်လိုက်သည်။
၎င်းသည် အလွန်တရာ ကြီးမားလှသော တံခါးကြီးတစ်ချပ် ဖြစ်ပြီး အလွန်ထူးဆန်းနက်နဲလှပေသည်။ လီယန်ချူသည် ထိုမိန်မန်တံခါးကြီး၏ ရှေ့တွင် ရပ်နေသည့်အခါ သူ၏ တည်ရှိမှုသည် အလွန်သေးငယ်လွန်းလှသည်ဟု ခံစားရစေသည်။
စစ်မှန်သော ယန်ကျမ်းစာ သည် အတွင်းစိတ်အာရုံ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားပြီး၊ ကိုးပါးသော နတ်ဘုရားဂိတ်တံခါးများကို ချိုးဖျက်ကာ စစ်မှန်သော ယန်နတ်ဘုရား အဖြစ် ကျင့်ကြံရခြင်း ဖြစ်သည်။
လီယန်ချူသည် ထိုမိန်မန် နတ်ဘုရားဂိတ်တံခါးကို အမြဲတစေ ချိုးဖျက်ချင်ခဲ့သော်လည်း ယခုထက်ထိ မအောင်မြင်နိုင်ခဲ့ပေ။
ယခုတစ်ကြိမ် ခွန်းဖန်ရွှေဆေးလုံးကို သောက်သုံးလိုက်ခြင်းသည် ထိုဂိတ်တံခါးကို အရှိန်အဟုန်နှင့် တိုးဝင်ချိုးဖျက်ရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်လာခဲ့သည်။
ကျယ်ပြောလှသော စွမ်းအင်များသည် အဆုံးအစမရှိ၊ ကုန်ခမ်းသွားခြင်းမရှိဘဲ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝှေ့ဆင်းလာခဲ့သည်။
ခွန်းဖန်သွေးမျိုးဆက် ရှိသော ထိုငါးကြီး၏ ကျင့်ကြံခြင်းစွမ်းအားသည် အလွန်နက်ရှိုင်းလှသဖြင့် သာမန်မြေပြင်နတ်ဘုရား များထက် များစွာ သာလွန်ပေသည်။
ယခုအခါ ၎င်းကို ရွှေဆေးလုံးတစ်လုံးအဖြစ် ကျိုချက်လိုက်ပြီဖြစ်ရာ ၎င်းတွင် ပါဝင်နေမည့် စွမ်းအားကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။ လျှံပယ်နေသော သွေးစွမ်းအင်များသည်လည်း အဆုံးအစမရှိ ရှိနေတော့သည်။
လီယန်ချူသည် စိတ်ကူးတစ်ခု ရလိုက်ကာ သူ၏ စိတ်အာရုံကို ဖုန်လိုင်နတ်ဘုရားကျွန်း အတွင်းသို့ ရွှေ့ပြောင်းလိုက်သည်။
ဤစွမ်းအင်သည် အလွန်တရာ ကြီးမားလွန်းလှသည်။ အကယ်၍ ချင်းယွန်းကျောင်းတော်အတွင်းမှာတင် ဂိတ်တံခါးကို တိုးဝင်ချိုးဖျက်မည်ဆိုပါက မည်မျှအထိ အချိန်ယူရမည်ကို မသိနိုင်သလို၊ လောကကမ္ဘာကြီး၏ ထူးဆန်းသော နိမိတ်လက္ခဏာများကိုပါ ဖြစ်ပေါ်စေနိုင်ပေသည်။
မကြာမီမှာပင် သူ၏ စိတ်အာရုံသည် လုံးဝဥဿုံ နစ်မြှုပ်သွားခဲ့ပြီး တစ်ကိုယ်လုံးကို ဂိတ်တံခါးချိုးဖျက်ခြင်းအလုပ်၌သာ အာရုံစူးစိုက်ထားလိုက်တော့သည်။
ဤဖြစ်စဥ်သည် သူထင်ထားသည်ထက် ပိုမိုနှေးကွေးလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်တာ အချိန် ကုန်ဆုံးသွားခဲ့ပြီး လီယန်ချူသည် ထိုဂိတ်တံခါး တိုးဝင်ချိုးဖျက်သည့် အခြေအနေထဲ၌သာ ရှိနေဆဲ ဖြစ်သည်။
ဤခွန်းဖန်ရွှေဆေးလုံးအတွင်း၌ အလွန်ထူးခြားဆန်းပြားသော စွမ်းအင်များ ပါဝင်နေပြီး ထူးခြားလှသော တရားဓမ္မသဘောတရား များ ကိန်းဝပ်နေသည်။
၎င်းတို့သည် လွင့်မျောတိမ်ကောနေပြီး ဖမ်းဆုပ်ရန် အလွန်ခက်ခဲလှပေသည်။
လီယန်ချူသည် အကယ်၍ ထိုထူးခြားသော တရားဓမ္မသဘောတရားများကို ဖမ်းဆုပ်နိုင်ခဲ့မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းလမ်းစဥ်အတွက် များစွာ အကျိုးရှိလိမ့်မည်ဟု ခံစားနေရသည်။
ခွန်းဖန်ဆိုသည်မှာ အလွန်စွမ်းအားကြီးမားလှသော ကမ္ဘာဦးအစောပိုင်းကာလ၏ ထူးဆန်းသော သားရဲကြီး ဖြစ်ရာ ၎င်း၏ ပင်ကိုယ်ဗီဇ နတ်ဘုရားစွမ်းအင်နှင့် ဆက်စပ်နေသော အင်အားကို ပိုင်ဆိုင်နိုင်မည်ဆိုပါက ဧကန်မုချ လောကကြီးကို တုန်လှုပ်စေမည် ဖြစ်သည်။
………………
အော်မေတောင် ၌ ဖြစ်သည်။
ထိုတောင်တန်းကြီးအတွင်း၌ နတ်ဘုရားပုံပြင်များနှင့် ဒဏ္ဍာရီများစွာ ရှိနေပြီး အော်မေတောင်၏ ရွှေရောင်ထိပ်ဖျားပေါ်တွင်လည်း နတ်ဘုရားလောကသို့ ပျံသန်းတက်လှမ်းသည့် ရောင်ခြည်တော်အလင်းတန်းများ ရှိနေတတ်သည်။
တောင်ပေါ်၌ ဗုဒ္ဓဘာသာဘုရားကျောင်းများနှင့် တရားအားထုတ် ကျင့်ကြံသူ များစွာ ရှိကြပေသည်။
မဟာရှန်း ခေတ်ကာလက ဝတ်စုံကို ဝတ်ဆင်ထားသော သက်ကြီးအိုတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အော်မေတောင်ကြီး၏ ရှေ့တွင် ရပ်နေရင်း...
"အခုတော့ ရှေးဟောင်းအော်မေတောင်ရဲ့ ပုံစံမျိုး မဟုတ်တော့ဘူးပဲ။ အရာရာဟာ ပြောင်းလဲကုန်ပြီ၊ ကမ္ဘာကြီးလည်း အသွင်ကူးပြောင်းသွားခဲ့ပြီကော။"
ဟု ရေရွတ်လိုက်သည်။
ထိုအဖိုးအိုသည် သက်ပြင်းချကာ ခေါင်းကို ခါယမ်းလိုက်မိသည်။
သူသည်လည်း ယင်ကျိုးကျွန်းမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဖြစ်ပြီး မဟာရှန်းခေတ်ကာလ၏ မြေပြင်နတ်ဘုရား တစ်ပါး ဖြစ်ခဲ့ဖူးသည်။
သူကိုယ်တိုင်သည် အော်မေတောင်၏ ဘိုးဘေးတစ်ဦး ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် နတ်ဘုရားများကို ရှာဖွေရန် ပင်လယ်ပြင်သို့ ထွက်ခွာသွားရင်းမှ ယင်ကျိုးကျွန်း၏ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူသည် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ ဤကန့်ယွမ်ကမ္ဘာ ၌ ကြီးမားသော ကံတရားနှင့် ဖန်ဆင်းမှုများစွာ ရှိနေသေးသည် မဟုတ်ပါလား။
အောက်ကမ္ဘာတွင် ဝိညာဥ်စွမ်းအင် များ လျော့နည်းပါးလှပ်နေပြီး ကျင့်ကြံသူများအပေါ် သံခြေကျင်းများဖြင့် ပိတ်လှောင်ထားသကဲ့သို့ ရှိနေသော်လည်း...
ဖန်ဆင်းမှု ကံတရားများစွာကမူ လူကို စိတ်လှုပ်ရှားစေနိုင်စွမ်း ရှိပေသည်။ သူတို့ကဲ့သို့ ရိန့်ကျိုးကျွန်းမှ နတ်ဘုရားများပင်လျှင် ထိုနည်းတူ စိတ်လှုပ်ရှားမိကြသည်။
"အဲဒီတုန်းက အော်မေတောင်ရဲ့ တောင်စောင့်နတ်ဘုရားလက်နက် ပျောက်ဆုံးသွားခဲ့လို့ အတုယူပြီး သွန်းလုပ်ခဲ့ရတဲ့ ခရမ်းပြာဓားအစုံ ဟာ စွမ်းအားကြီးမားတယ်ဆိုပေမဲ့ တကယ့်နတ်ဘုရားလက်နက်စစ်စစ်ကိုတော့ ဘယ်မှီပါ့မလဲ။"
မဟာရှန်းခေတ်၏ မြေပြင်နတ်ဘုရား ဖြစ်သော 'ဝမ်ယွဲ့' သည် အော်မေတောင်အတွင်း လမ်းလျှောက်နေခဲ့သည်။
"အောက်ကမ္ဘာကို မဆင်းခင်တုန်းက နတ်ဘုရားအရှင် က ငါ့အတွက် နိမိတ်ဖတ် တွက်ချက်ပေးခဲ့ဖူးတယ်။ ဒီတစ်ခေါက် ခရီးစဥ်မှာ အော်မေတောင်ရဲ့ တောင်စောင့်ရတနာကို ပြန်ရှာတွေ့ဖို့ အခွင့်အရေး ရှိတယ်တဲ့... တကယ်ပဲ ရှာတွေ့နိုင်ပါ့မလား မသိဘူး။"
မဟာရှန်းခေတ် မြေပြင်နတ်ဘုရား ဝမ်ယွဲ့သည် တစ်ဦးတည်း ရေရွတ်နေမိသည်။
သူ့ခေတ်မတိုင်မီကပင် အော်မေတောင်၏ ခရမ်းပြာဓားအစုံသည် ပျောက်ဆုံးသွားခဲ့ပြီးဖြစ်ရာ လူများစွာသည် ပြန်လည်မရှာဖွေနိုင်ခဲ့ကြချေ။ ထို့ကြောင့်သာ အော်မေတောင်၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန် အတုအပများကိုသာ သွန်းလုပ်ခဲ့ကြရခြင်း ဖြစ်သည်။
သို့သော် နတ်ဘုရားအရှင်ကမူ ထိုဓားသည် အော်မေတောင်အတွင်းမှာပင် ပုန်းကွယ်နေဆဲဖြစ်ကြောင်း တွက်ချက်ပေးခဲ့ရာ ဤအရာသည် အနည်းငယ် မယုံနိုင်စရာ ကောင်းလှပေသည်။
ဝမ်ယွဲ့သည် အော်မေတောင်အတွင်း၌ ရှာဖွေနေခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။ တောင်ပေါ်ရှိ ကျောက်တုံး ကျောက်ခဲမကျန် စိစစ်ရှာဖွေခဲ့သော်လည်း အစအနမျှ ရှာမတွေ့သေးချေ။
သို့သော် နတ်ဘုရားများ၏ သက်တမ်းသည် အလွန်ရှည်လျားလှသဖြင့် သူ့တွင် အချိန်တွေ အများကြီး ရှိနေပါသေးသည်။
………………
ဆံပင်ဖြူဖြူနှင့် အမျိုးသမီးတစ်ဦးသည် ကျိုဖုန်းတောင် တွင် ပေါ်လာပြီး အချိန်အတော်ကြာ ရှာဖွေနေခဲ့သည်။
သူမသည် ထိုဓားကျင့်ကြံသူ၏ ဂူဗိမာန်ကို ရှာတွေ့ခဲ့သော်လည်း 'ချင်းယွင်ဓား' ကိုမူ လီယန်ချူက စောစီးစွာ ယူဆောင်သွားခဲ့ပြီး ဖြစ်သည်။
ထိုအဖွားအိုသည် ခေါင်းကို ခါယမ်းကာ ထိုနေရာမှ လွင့်ပျံထွက်ခွာသွားတော့သည်။
သူမသည် နေရာအတော်များများသို့ ဆက်တိုက်သွားခဲ့သော်လည်း အားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
"ကောင်းပြီ... ကောင်းပြီလေ ငါအခုလို ရောက်လာမှတော့ လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး "
သူမသည် ထျန်းရှူးလျှို့ဝှက်နယ်မြေ ကို စစ်ဆေးချင်ခဲ့သော်လည်း ထိုလျှို့ဝှက်နယ်မြေသည် ယင်ကျိုးမှ တောက်ယန်၏ အံ့မခန်းဓားချက်ဖြင့် ရိုက်ခွဲခြင်း ခံထားရပြီး ဖြစ်သည်။
၎င်းအပြင် ထိုနေရာရှိ ရှေးဟောင်းနတ်ဘုရား ချန်ထားခဲ့သော လက်နက်ဖြစ်သည့် လဲ့ချွဲချိတ်ကိုလည်း လီယန်ချူက ယူဆောင်သွားခဲ့ပြီး ဖြစ်သည်။
အဖွားအိုသည် အလွန်အမင်း ဒေါသထွက်သွားကာ -
"တစ်လှမ်း နောက်ကျပြန်ပြီ! လဲ့ချွဲချိတ် ကလည်း အတောင်ပံပါသလို ပျောက်ကွယ်သွားရတယ်လို့ ငါက နတ်ဘုရားအရှင်ဆီကနေ ဒီအခွင့်အရေးကို ရခဲ့တာ... အခုလို လက်ဗလာနဲ့ ပြန်ရမယ်ဆိုရင် နှမြောစရာကြီးမလား"
ဟု အော်ဟစ်လိုက်သည်။
နတ်ဘုရားလက်နက် ဆိုသည်မှာ ရှာဖွေရန် အလွန်ခက်ခဲလှသည်။ ကျင့်ကြံသူများ၏ ရတနာ များသည် အလွန်စွမ်းအားကြီးမားသည်ဆိုစေဦးတော့ နတ်ဘုရားလက်နက်များနှင့် နှိုင်းယှဥ်ပါက များစွာ ကွာခြားလွန်းလှသည်။
ယခုအချိန်တွင် သူမ၏ လက်ထဲ၌ ထိုကဲ့သို့သော ရတနာမျိုး မရှိသေးချေ။
ဒီတစ်ခေါက် အောက်ကမ္ဘာကို ဆင်းပြီး ကံတရားရှာဖွေရာမှာ အခြားလူတွေ အားလုံး တစ်ခုခု ရကြပြီး သူမတစ်ယောက်တည်း ဘာမှမရဘဲ ပြန်ရမယ်ဆိုရင် ဒေါသထွက်လို့ သေရုံပဲ ရှိတော့မည်။
……………
ဒီနေ့မှာတော့... လောကကမ္ဘာကြီးသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့လေပြီ။
ကောင်းကင်နှင့် မြေပြင်အကြား အကွာအဝေးသည် ပိုမိုမြင့်မား ကျယ်ပြောသွားသကဲ့သို့ ခံစားရစေသည်။
ကောင်းကင်ယံကြီးသည် စိမ်းလဲ့ကြည်လင်နေပြီး ကြီးမားလှသော နေမင်းကြီးသည် ကောင်းကင်အလယ်တွင် ဆွဲချိတ်ထားသကဲ့သို့ တည်ရှိနေကာ ပြင်းထန်လှသော နေမင်းစွမ်းအင် များကို ဖြာထွက်စေလျက် ရှိသည်။
လီယန်ချူ ဖုံးကွယ်တားဆီးထားခဲ့သော တောင်တန်းနှင့် မြစ်ချောင်းများစွာသည် နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာကြပြန်ပြီ။
သူ့အပြင် အခြားသော လူများစွာတို့ ပိတ်ဆို့ထားခဲ့သော လောကနယ်မြေများသည်လည်း ယခုအချိန်တွင် အားလုံး ကွင်းကွင်းကွက်ကွက် ပေါ်ထွက်လာကြချေပြီ။
တောင်တန်းကြီးများ တစ်လုံးပြီးတစ်လုံး ဆင့်ကာဆင့်ကာ ပေါ်ထွက်လာပြီး ယခင်က လီရွှမ်း ထုတ်ဖော်ပေးခဲ့သော နတ်ဘုရားနယ်မြေ များထက်ပင် ပိုမိုကြီးမားသော အပြောင်းအလဲ ဖြစ်ပေါ်လာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ချန်နိုင်ငံ သာမကဘဲ လူ့လောကတစ်ခုလုံး၏ နယ်နိမိတ် အားလုံး ပြောင်းလဲကုန်ကာ တောင်တန်း မြစ်ချောင်းများ၏ ပထဝီသွင်ပြင်များပါ အကုန်လုံး ပြောင်းလဲသွားခဲ့သည်။
ယခင်က ရှိခဲ့ဖူးသော အမည်ကျော် တောင်တန်းကြီးများသည် ယခင်နေရာများတွင် မရှိတော့ဘဲ ထိုနေရာများတွင် ပိုမိုမြင့်မား မတ်စောက်လှသော နတ်ဘုရားတောင်ကြီးများ အစားထိုး ပေါ်ထွက်လာကြသည်။
"ကောင်းကင်အပြောင်းအလဲ ဖြစ်တဲ့အချိန်မှာ... ရှန်းကျိုး ပြန်ပေါ်လာပြီပေါ့ "
ဆံပင်နှစ်ဖက် ဖြူစပြုနေပြီး ပညာရှိဆန်လှသော သွင်ပြင်ရှိသည့် သက်လတ်ပိုင်းအရွယ် တစ်ဦး သည် အံ့အားသင့်နေမိသည်။
သူသည် မီးခိုးရောင် ဝံပုလွေကြီးတစ်ကောင်ကို စီးနင်းထားပြီး တောတောင်များအကြား လျှောက်လှမ်းနေရင်းမှ မျက်လုံးများထဲတွင် တွေးတောဆင်ခြင်မှုများ ဖြတ်ပြေးသွားကာ -
"မဟုတ်သေးပါဘူး... ငါ ကောင်းကင်လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်မိလို့ ကိစ္စရပ်တွေက တခြားလမ်းကြောင်းကို ရောက်သွားတာလား"
ဟု တွေးတောနေမိသည်။
ထိုသူမှာ 'ကျန်းချောင်ကျုံး' ပင် ဖြစ်ပြီး သူကိုယ်တိုင် တိုးတိုးလေး ရေရွတ်နေမိသည်။
သူသည် သစ်ကိုင်းတစ်ချောင်းကို ကောက်ယူကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကိုးအိမ်ရှစ်ကွက် လက္ခဏာ ပုံစံကို ဆွဲသားကာ တွက်ချက်ခြင်း အတတ်ပညာဖြင့် စတင်တွက်ချက်ကြည့်လိုက်သည်။
"ဒီအချိန်နာရီဟာ ငါထင်ထားတာထက် အများကြီး စောနေတယ်..."
ကျန်းချောင်ကျုံး အပြင်...
ယခုအချိန်၌ လူ့လောကအတွင်း ကံတရားနှင့် ဖန်ဆင်းမှုများကို ရှာဖွေနေကြသော ယင်ကျိုးကျွန်းမှ နတ်ဘုရားများ၊ ထို့ပြင် ကျင့်ကြံခြင်းအဆင့်အတန်းကို မခန့်မှန်းနိုင်လောက်အောင် နက်နဲလှသော ရှေးဟောင်း ကောင်းကင်လူသား တို့...
စသည့် စွမ်းအားကြီးမားလှသော တည်ရှိမှုများစွာတို့သည်လည်း ယခုအချိန်၏ အပြောင်းအလဲကို အာရုံခံမိကြပြီး သက်ပြင်းမချဘဲ မနေနိုင်ကြတော့ချေ။
သူတို့ထဲမှ လူများစွာသည် ထိုရှန်းကျိုးပြည်နယ်မှ ထွက်ခွာသွားခဲ့ကြသူများ ဖြစ်ရာ ယခင်က တောတောင် မြစ်ချောင်းများ၏ အပြောင်းအလဲကို သက်ပြင်းချနေခဲ့ကြသော်လည်း...
ယခုအခါ ရှန်းကျိုးဇာတိမြေကြီး ပြန်လည်ပေါ်ထွက်လာပြီး ရင်းနှီးခဲ့ဖူးသော တောတောင်များ ပြန်လည်ထင်ဟပ်လာသည့်အခါ လူကို အံ့အားသင့် တုန်လှုပ်စေရတော့သည်။
ရှေးဟောင်းရှန်းကျိုး၏ နယ်နိမိတ်သည် ယခုခေတ် လူ့လောကထက် များစွာ ကျယ်ပြောလှပြီး ယခင်က နတ်ဘုရားနယ်မြေများ အားလုံး ပေါ်ထွက်လာစဥ်ကထက်ပင် ပိုမိုကြီးမားပေသည်။
စိမ်းလှသော ရှေးဟောင်းတောင်တန်းများ ပေါ်ထွက်လာရာ... ရှေးဟောင်းဝါစန်းတောင်၊ ရှေးဟောင်းအော်မေတောင်... စသည်တို့ အားလုံး ပေါ်လာကြချေပြီ။
မဟာရှန်းခေတ် ဝတ်စုံကို ဝတ်ဆင်ထားသော ထိုအဖိုးအိုသည် ရှေးဟောင်းအော်မေတောင် ပြန်လည်ပေါ်ထွက်လာသည်ကို ကြည့်ရင်း ယခင်က ဂိုဏ်းအတွင်း ကျင့်ကြံခဲ့စဥ်က အခြေအနေများကို ပြန်လည်အမှတ်ရသွားခဲ့သည်။
ထိုအချိန်တုန်းက အော်မေတောင်အတွင်း၌ စွမ်းအားကြီးမားလှသော တရားအားထုတ် ကျင့်ကြံသူများစွာ ရှိခဲ့ပြီး၊ တောင်တန်းများအကြား ဓားပျံများစီးကာ သွားလာရင်း မိစ္ဆာများကို နှိမ်နင်းခဲ့ကြဖူးသည်။
"ခရမ်းပြာဓားအစုံ ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... အခု ရှေးဟောင်းအော်မေတောင် ပြန်ပေါ်လာပြီဆိုတော့ ဒီကြီးမားတဲ့ ကိစ္စရပ်ကြီးကို ငါကိုယ်တိုင် ပြီးမြောက်အောင် လုပ်နိုင်တော့မှာ ထင်တယ် "
ယခင်က အော်မေတောင်၏ ဘိုးဘေးဖြစ်ခဲ့ဖူးသော 'ဝမ်ယွဲ့' သည် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
"နတ်ဘုရားအရှင်ရဲ့ ကောင်းကင်တွက်ချက်မှုဟာ တကယ်ပဲ ထူးခြားဆန်းပြားပြီး အမှားအယွင်းမရှိတာပဲ။"
……………
ခွန်လွန်တောင် သည်လည်း ယခုအခါ ပုံစံအကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တောင်တန်းများ စီတန်းထကြွလာပြီး နတ်ဘုရားတောင်ကြီးများ တစ်လုံးပြီးတစ်လုံး ကောင်းကင်ယံသို့ ထိုးတက်နေကြရာ ၎င်း၏ အတိုင်းအဆသည် အံ့မခန်းဖွယ်ဖြစ်ပြီး အရှိန်အဝါလည်း အလွန်ထည်ဝါလှပေသည်။
ခွန်လွန်တောင်၏ ဂူဗိမာန်တစ်ခုအတွင်း၌ ခရမ်းရောင်ဝတ်စုံဝတ် ဆင်ထားသော သက်လတ်ပိုင်းအရွယ် တာအိုဆရာတစ်ဦးသည် တင်ပျဉ်ခွေထိုင်နေရင်းမှ သူ၏ မျက်လုံးနှစ်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"လောကကြီး ပြောင်းလဲသွားပြီကော။"
ဟု ခရမ်းရောင်ဝတ်စုံဝတ် တောင်အိုက ရေရွတ်လိုက်သည်။
ထိုဂူဗိမာန်အတွင်း ကျင့်ကြံနေခြင်းသည် လောကကမ္ဘာကြီးနှင့် အပြင်ပန်းအားဖြင့် သီးခြားခွဲထုတ်ထားသကဲ့သို့ ရှိနေစေသည်။
ဝတ်စုံနက်နှင့် လူငယ်လေး 'ကျုံးချွဲ' သည် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ယခုအခါ သူ၏ ကျင့်ကြံခြင်းသည် မြေပြင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း နတ်ဘုရားလောကသို့ တက်လှမ်းခြင်း မပြုရသေးသည်မှာ ဤခရမ်းရောင်ဝတ်စုံဝတ် တာအိုဆရာကြောင့်ပင် ဖြစ်သည်။
"ဆရာ... အပြင်လောကမှာ ဘာတွေဖြစ်နေတာလဲ ကျွန်တော် ခုနက ကျင့်ကြံနေတုန်း လောကကမ္ဘာကြီး အပြောင်းအလဲ ဖြစ်နေတာကို အာရုံခံမိလို့"
ဟု ကျုံးချွဲက မေးလိုက်သည်။
သူကျင့်ကြံသော ကျမ်းစာသည် လောကကမ္ဘာကို အာရုံခံသိမြင်နိုင်စွမ်း ရှိသဖြင့် အလွန်ဆန်းကြယ်လှကာ ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကျုံးချွဲ၏ ဘေးတွင် ဖြူဖွေးလှပသော သမင်ဖြူလေးတစ်ကောင် ပါလာပြီး ၎င်း၏ ကိုယ်ဟန်အမူအရာသည် အလွန်တရာ ကျော့ရှင်းလှပပေသည်။
ဤခွန်လွန်တောင်၌ ကျင့်ကြံနေသော ခရမ်းရောင်ဝတ်စုံဝတ် တာအိုဆရာ၏ ဘွဲ့တော်မှာ 'ချင်းရန်ဇီ' ဖြစ်သည်။
ယခုအချိန်တွင် သူဝတ်ဆင်ထားသော ခရမ်းရောင်ဝတ်စုံသည် ယခင်က ဝတ်စုံဟောင်း မဟုတ်တော့ဘဲ ကျုံးချွဲ တောင်အောက်ဆင်းစဥ်က ဝယ်ယူပေးခဲ့သော သာမန်လူသားတို့၏ အရာဝတ္ထု ဖြစ်သည်။
သို့သော် ထိုခရမ်းရောင်ဝတ်စုံသည် အနည်းငယ် မြင့်မြတ်သော အရှိန်အဝါကို ဆောင်နေသဖြင့် သူ့ကို ပိုမို၍ လူ့လောကနှင့် ကင်းကွာသော အသွင်ကို ဆောင်စေသည်။
ချင်းရန်ဇီသည် လေးနက်သော အသံဖြင့် -
"ရှေးဟောင်းရှန်းကျိုး နယ်နိမိတ် ပြန်ပေါ်လာပြီ၊ လောကကြီးလည်း ပြောင်းလဲသွားပြီ။ မင်း အမြဲတမ်းပြောနေကျဖြစ်တဲ့ ကောင်းကင်အာရုံခံစားမှု ရှိတယ်ဆိုရင်... အခုပဲ အဲဒီရောင်ခြည်တော် ရှိတဲ့နေရာကို သွားတော့၊ အချိန်ဆွဲမနေနဲ့တော့။"
"မင်းတို့ မောင်နှမ နှစ်ယောက်စလုံး အတူတူ သွားကြ။"
ဟု ပြောလိုက်သည်။
ကျုံးချွဲသည် မျက်ခုံးပင့်လိုက်မိကာ -
"ဆရာ... ပြောပုံဆိုပုံက သေတမ်းစာ မှာနေသလိုပဲနော်"
ဟု ဆိုလိုက်သည်။
ချင်းရန်ဇီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး စိတ်မရှည်စွာဖြင့် -
"မင်းကို စာအုပ်တွေ အများကြီး ဖတ်စမ်းပါလို့ ပြောထားတယ် မဟုတ်လား၊ စကားလုံးတွေကို လျှောက်မသုံးနဲ့။" ဟု ငေါက်လိုက်သည်။
ကျုံးချွဲက တည်ငြိမ်သော မျက်နှာဖြင့် -
"အကယ်၍ လူ့လောကမှာ အပြောင်းအလဲ ဖြစ်မယ်ဆိုရင် ကျွန်တော် ဆရာ့ဘေးမှာ နေပြီး တစ်ခုခု ကူညီပေးနိုင်သေးတာပေါ့။" ဟု ဆိုသည်။
ချင်းရန်ဇီက -
"လူ့လောကရဲ့ ကိစ္စတွေဟာ ငါနဲ့မဆိုင်ဘူး။ ဒါပေမဲ့ လောကကြီး ပြောင်းလဲသွားပြီဆိုတော့ မင်းတို့နှစ်ယောက်သာ အခု နတ်ဘုရားလောကကို မတက်ဘူးဆိုရင် နောက်ကျရင် တက်ဖို့ ခက်ခဲသွားလိမ့်မယ်။"
ဟု ပြောလိုက်သည်။
ချင်းရန်ဇီ၏ တိုက်တွန်းမှုကြောင့် ကျုံးချွဲနှင့် သမင်ဖြူလေးသည် ဂူဗိမာန်အတွင်းမှ ထွက်ခွာခဲ့ကြသည်။
ခွန်လွန်တောင် နတ်ဘုရားလောကတက်လှမ်းရာ ရောင်ခြည်တော်ရှေ့သို့ ရောက်ရှိလာစဥ် လမ်းတစ်လျှောက် တွေ့မြင်ခဲ့ရသမျှအရာအားလုံးကြောင့် ကျုံးချွဲမှာ အလွန်တရာ အံ့အားသင့်နေမိသည်။
"ဒါ... ဒါ ငါအမြဲတမ်း ကျင့်ကြံနေခဲ့တဲ့ ခွန်လွန်တောင် ဟုတ်ကောဟုတ်ရဲ့လား "
တောင်တန်းများ မြင့်မားမတ်စောက်လှပြီး အလွန်တရာ ထူးခြားလှပေသည်။ သူတစ်ခါမျှ မမြင်ဖူးသော တောင်မြင့်ကြီးများစွာ ရှိနေပြီး ပထဝီသွင်ပြင်မှာ လုံးဝ ကွဲပြားခြားနားသွားခဲ့လေပြီ။
သို့သော်လည်း သူ၏ ဆရာဖြစ်သူက အလွန်အမင်း တိုက်တွန်းနေသဖြင့် ကျုံးချွဲသည် ရောင်ခြည်တော်ရှိရာသို့ သွားကာ သူ၏ အသက်ရှူနှုန်းကို လွှတ်ထုတ်လိုက်ရာ မကြာမီအချိန်အတွင်းမှာပင် မိုးကြိုးဘေးဒုက္ခ ကို ဆွဲခေါ်လာနိုင်ခဲ့တော့သည်။
သူသည် စံနှုန်းနှင့် ကိုက်ညီနေသည်မှာ ကြာပြီဖြစ်သော်လည်း အမြဲတမ်း ဖိနှိပ်ထားခဲ့ခြင်းသာ ဖြစ်သည်။
ချင်းရန်ဇီ၏ မူလရည်ရွယ်ချက်မှာ သူ့ကို အဆင့်ကိုး မြေပြင်နတ်ဘုရား ဖြစ်သည်အထိ ကျင့်ကြံစေပြီးမှ အပေါ်သို့ တက်လှမ်းစေရန် ဖြစ်သော်လည်း...
ယခုအခါ လောကကမ္ဘာကြီး အပြောင်းအလဲ ဖြစ်နေပြီး ကောင်းကျိုး ဆိုးကျိုး မရေရာသဖြင့် မတော်တဆမှုများ မဖြစ်ပွားစေရန် အပေါ်သို့ အရင်တက်ခိုင်းလိုက်ခြင်းသာ ဖြစ်သည်။
ကျုံးချွဲသည် အောင်မြင်စွာ နတ်ဘုရားလောကသို့ တက်လှမ်းသွားခဲ့သည်။
သူ၏ အေးချမ်းတည်ငြိမ်လှသော အစ်မကြီး သည်လည်း ထိုနည်းတူပင် ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံဝတ် ချင်းရန်ဇီသည် ဂူဗိမာန်အတွင်းရှိနေရင်းမှ သူ၏ မျက်လုံးများသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
မကြာမီမှာပင် မိတ်ဆွေဟောင်းတစ်ဦး ရောက်ရှိလာခဲ့ရာ ဆံပင်နှစ်ဖက် ဖြူစပြုနေသော သက်လတ်ပိုင်း တာအိုဆရာ ကျန်းချောင်ကျုံး ဖြစ်သည်။
"ကျင့်ဖော်ကြီးလည်း လူ့လောကရဲ့ အပြောင်းအလဲကို သိပြီးသားဖြစ်မှာပါ။ ဘာကြောင့် စောသွားလဲဆိုတာ မသိရပေမဲ့... ဒီကောင်းကင်ပြင်ကို ပြန်လည်ပြုပြင်တဲ့ ကိစ္စ ကို လုပ်ဖို့ အချိန်တန်ပြီပေါ့။"
ချင်းရန်ဇီက အေးစက်စွာဖြင့် -
"ငါ့မှာ ကရုဏာတရား သုံးပါး ရှိတယ်။ ပထမက ကရုဏာ၊ ဒုတိယက ခြိုးခြံချွေတာခြင်း၊ တတိယကတော့ လောကရဲ့ ရှေ့ဆုံးကနေ မရပ်တည်ဝံ့ခြင်းပဲ။"
ဟု ဆိုသည်။
ကျန်းချောင်ကျုံးက -
"ကျင့်ဖော်ကြီးက နောင်တရနေတာလား"
ဟု မေးလိုက်သည်။
ချင်းရန်ဇီက ခေါင်းကို ခါယမ်းလိုက်ရင်း -
"သက်ပြင်းချရုံသက်သက်ပါပဲ... အခုသွားပြီး ကောင်းကင်ပြင်ကို ပြုပြင်ဖို့က တကယ့် အချိန်ကောင်း ဟုတ်ရဲ့လား" ဟု ဆိုသည်။
ကျန်းချောင်ကျုံးသည် စိတ်ဓာတ်များ တက်ကြွနေကာ
"ငါတို့လုပ်မှာက လောကကြီးကို ပြောင်းလဲပစ်မယ့် ကြီးကျယ်တဲ့ ကိစ္စကြီးလေ ငါတို့ ပြောခဲ့ဖူးတယ် မဟုတ်လား... မြို့တစ်မြို့၊ နယ်မြေတစ်ခုရဲ့ အရှုံးအနိုင်ကို အဓိကမထားဘူးလို့။ အခု လောကကြီးက တစ်ခါတည်း ပြောင်းလဲသွားပြီး ရှေးဟောင်းရှန်းကျိုး နယ်နိမိတ် ပြန်လည်နိုးထလာပြီ၊ အခုမှ ကောင်းကင်ပြင်ကို မပြင်ရင် ဘယ်အချိန်ကို စောင့်ဦးမှာလဲ "
ဟု ဆိုလိုက်သည်။
ချင်းရန်ဇီ၏ အကြည့်သည် ကျန်းချောင်ကျုံးထံသို့ ရောက်ရှိသွားကာ ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး
"ကောင်းပြီ... အတူတူ လောကသစ်ကို ဖန်တီးမယ့် ကြီးကျယ်တဲ့ အလုပ်ကို လုပ်ကြစို့"
ဟု ပြောလိုက်တော့သည်။
………………
အလွန်တရာ အနုစိတ်လှပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် လှပဆန်းပြားသော တန်ဆာပလာများစွာ ဆင်ယင်ထားသည့် မဟာမိစ္ဆာဘုရင်၏ ရှေ့တွင်... အရှိန်အဝါ အလွန်ပြင်းထန်လှပြီး မည်သူ့ကိုမျှ မခန့်ညားသော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦး မတ်တတ်ရပ်နေသည်။
အမည်မသိ တောင်ထိပ်တစ်ခု၏ ဘေးတွင် မြင့်မားမတ်စောက်လှသော တောင်ကြီးတစ်လုံး ထိုးထွက်လာခဲ့ရာ ၎င်းသည် တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ ရှိပေသည်။
မောက်မာထည်ဝါသော သွင်ပြင်ရှိသည့် ထိုအမျိုးသားသည် သက်ပြင်းချလိုက်သည်။
"ဒီအောက်ကမ္ဘာမှာ ကံတရားတွေ အများကြီး ရှိနေသေးတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ရှေးဟောင်းရှန်းကျိုး နယ်နိမိတ် ပြန်ပေါ်လာပြီး ပိတ်လှောင်ထားတဲ့ နယ်မြေတွေ အကုန်လုံး လွတ်မြောက်လာတာကတော့ တစ်ခုခု မှားယွင်းနေသလိုပဲ။" ဟု ဆိုသည်။
သူသည် စကားကို ခေတ္တရပ်ကာ ငယ်ရွယ်သော မိစ္ဆာဘုရင်မလေးထံသို့ လှည့်ကြည့်ရင်း တည်ငြိမ်စွာဖြင့် -
"ရွှန်းရွှန်း... မင်း ဒီနေရာကနေ ထွက်သွားရမယ်။ အကယ်၍ နောက်ပိုင်းမှ နတ်ဘုရားလောကကို တက်မယ်ဆိုရင် အခုလို လွယ်ကူမှာ မဟုတ်တော့ဘူး။"
ဟု ပြောလိုက်သည်။
ထိုမိစ္ဆာဘုရင်မလေး၏ မျိုးရိုးအမည်မှာ 'ကု' ဖြစ်ပြီး နာမည်မှာ 'ကုရွှန်းရွှန်း' ဖြစ်သည်။
မိစ္ဆာဘုရင်မလေးသည် မျက်မှောင်ကြုတ်လိုက်ကာ
"ကျွန်မ မတက်ဘူး၊ အဖေ့ရဲ့ ဘေးမှာပဲ နေပြီး အတူတူ ဖြတ်သန်းမယ်။"
ဟု ဆိုသည်။
တည်ကြည်ခန့်ညားသော ထိုအမျိုးသားသည် ပြုံးလိုက်ကာ -
"မင်း သွားရမယ်။ ဖေဖေက မင်းကို အမြဲတမ်း အလိုလိုက်ခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ ငြင်းဆန်ခွင့် မပြုနိုင်ဘူး။" ဟု ပြောသည်။
မိစ္ဆာဘုရင်မလေးက -
"အခုလို အခြေအနေမျိုးနဲ့ နတ်ဘုရားလောပကို သွားပြီး ဘေးဒုက္ခကို ရင်ဆိုင်ရင်... သမီး မိုးကြိုးပစ်ခံရလို့ ပြာအဖြစ် ပြောင်းသွားမှာကို ဖေဖေ မကြောက်ဘူးလား"
ဟု မေးလိုက်သည်။
ထိုအမျိုးသားသည် ခပ်ဖွဖွ ပြုံးလိုက်ရင်း -
"မင်းက ငါ့ရဲ့ သမီးပဲလေ... နတ်ဘုရားလောကကို တက်ဖို့ဆိုတာ အလွန်လွယ်ကူတဲ့ ကိစ္စပဲ။ အဲဒီအပြင် မင်းလက်ထဲက ချမ်းမြေ့ခြင်းလေး နဲ့ ကံကြမ္မာအလံ ရတနာနှစ်ပါးက မိုးကြိုးဘေးဒုက္ခကို မတားဆီးနိုင်ဘူးတဲ့လား"
ဟု ဆိုသည်။
မိစ္ဆာဘုရင်မလေးက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဥ် ထိုအမျိုးသားက ရယ်မောကာ -
"အချစ်ရေး ကံကြမ္မာတွေ ဘာတွေ လာမပြောနဲ့တော့။ အချစ်ရေးကို အုပ်စိုးတဲ့ နတ်ဘုရား တောင် သေဆုံးသွားခဲ့ပြီပဲ... အဲဒီအရာတွေက လုံးဝ မမှန်ကန်တော့ဘူး။ မင်းနဲ့ အဲဒီ တာအိုဆရာလေး ကြားမှာ ဘာသံယောဇဥ်မှ မရှိဘူး။"
ဟု ဆိုလိုက်သည်။
မိစ္ဆာဘုရင်မလေးသည် ခေတ္တမျှ ကြောင်အန်းအန်း ဖြစ်သွားကာ -
"အဖေ ဘာတွေ လျှောက်ပြောနေတာလဲ"
ဟု မအော်ဘဲ မနေနိုင်တော့ချေ။
"ဖေဖေက လျှောက်ပြောနေတယ်လို့ပဲ သဘောထားလိုက်ပါ။ နတ်ဘုရားလောကကနေ အောက်ကမ္ဘာက လူသစ်တွေကို ဆွဲတင်နေတာက သူတို့ အမြဲတမ်း သုံးနေကျ နည်းလမ်းပဲ။ မူလကတော့ မင်းကို ဒီအခွင့်အရေးနဲ့ အပေါ်ကို မတက်စေချင်ဘူး... ဒါပေမဲ့ အခု အခြေအနေက မရေမရာ ဖြစ်လာပြီမို့ မင်း ထွက်သွားတာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။"
ဟု ထိုအမျိုးသားက ပြောလိုက်သည်။
မိစ္ဆာဘုရင်မလေး တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ထိုအမျိုးသားသည် သူမ၏ ဝတ်စုံကို လှမ်းကိုင်ကာ ဝါစန်းတောင်၏ နတ်ဘုရားပြည်တက်လှမ်းရာ နယ်မြေအတွင်းသို့ တိုက်ရိုက် ပစ်ထည့်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းများ ပြောင်းလဲသွားခဲ့ပြီး သူမသည် ရောင်ခြည်တော်အလင်းတန်း၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ဝါစန်းတောင်သည်လည်း ယခုအချိန်၌ တောတောင်များ အကြီးအကျယ် ပြောင်းလဲနေပြီး ဖြစ်ရာ ရောင်ခြည်တော်ရှေ့တွင် ရှိနေကြသော ကျင့်ကြံသူများစွာမှာလည်း အံ့အားသင့်နေကြရသည်။
တစ်ရက်အတွင်းမှာတင် တောတောင်၊ မြစ်ချောင်းများ၏ ပထဝီသွင်ပြင်များ အကုန်ပြောင်းလဲသွားကာ အလွန်တရာ မတ်စောက်လှပေသည်။
ဝါစန်းတောင်ကြီးသည်ပင် ရှေးဟောင်းဝါစန်းတောင်၏ တောင်ထိပ်ကလေး တစ်ခုမျှသာ ဖြစ်သွားခဲ့ရသဖြင့် လူကို စိတ်လှုပ်ရှားစေကာ ထွေထွေရာရာ ပြောဆိုနေကြတော့သည်။
ထိုအချိန်၌ ပျိုရွယ်သော အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာပြီး ကောင်းကင်ယံ၌ မိုးကြိုးဘေးဒုက္ခများ ချက်ချင်း ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့ အချင်းချင်း ဆွံ့အလျက် ကြည့်နေမိကြသည်။
"အခုလို ခေတ်ကာလကြီးမှာတောင် မိုးကြိုးဘေးဒုက္ခကို အလွယ်တကူ ဆွဲခေါ်ပြီး နတ်ဘုရားလောကကို တက်နိုင်တဲ့ အဆင့်မြင့်ပညာရှင် ရှိနေသေးတာလား "
သူတို့ အလွန်အံ့ဩနေကြသည်။
မိစ္ဆာဘုရင်မလေးသည် သက်ပြင်းချလိုက်မိကာ သူမ၏ ဖခင်ဖြစ်သူက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း သိလိုက်သည်။
သူမသည် လူများစွာ နတ်ဘုရားလေညကသို့ တက်လှမ်းသည်ကို ကြည့်ဖူးခဲ့သည်။
ယခုအခါ မိုးကြိုးဘေးဒုက္ခ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ထင်ရသော်လည်း ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါတွင်မူ များစွာ သေးငယ်လှရာ ၎င်းသည် လမ်းကြောင်းကို အဆင်ပြေအောင် ဖွင့်လှစ်ပေးထားသကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း အပေါ်ရှိ နတ်ဘုရားလောကက နတ်ဘုရားများကို ဆွဲတင်နေခြင်းသည်...
အပေါ်သို့ ရောက်သွားလျှင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။
ဧကန်မုချ စည်းစိမ်ခံရန် မဟုတ်ဘဲ အမြှောက်စာအဖြစ် အသုံးပြုရန်သာ ဖြစ်လိမ့်မည်။
၎င်းသည် မိစ္ဆာဘုရင်မလေး အမြဲတစေ အပေါ်သို့ မတက်ချင်ခဲ့သည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။
သို့သော် ယခုအခြေအနေတွင် အမြဲတမ်း မောက်မာလှသော သူမ၏ ဖခင်ဖြစ်သူကပင် အခြေအနေသည် မရေမရာ ဖြစ်နေပြီး ခန့်မှန်းရခက်ခဲသည်ဟု ပြောဆိုလာခဲ့ပြီ ဖြစ်ရာ...
ထို့ကြောင့် မိစ္ဆာဘုရင်မလေးသည် တုံ့ဆိုင်းမနေတော့ဘဲ သူမ၏ အရှိန်အဝါကို လွှတ်ထုတ်ကာ မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်လိုက်တော့သည်။
………………
မိစ္ဆာဘုရင်မလေး၏ ဖခင်ဖြစ်သော ထိုတည်ကြည်ခန့်ညားသည့် အမျိုးသားသည် မိစ္ဆာနယ်မြေ မှ လာခဲ့ခြင်းဖြစ်ပြီး 'ထျန်းမော်တောက်ကျူး' (ကောင်းကင်မိစ္ဆာလမ်းစဥ်အရှင်) ဖြစ်သည်။
သူသည် လမ်းစဥ်အရှင်များစွာတို့အနက် အလွန်စွမ်းအားကြီးမားလှသော အရှင်တစ်ပါးဖြစ်ပြီး၊ နယ်မြေတစ်ခု၏ အုပ်စိုးရှင်၊ ဘုရင်တစ်ပါး ဖြစ်ခဲ့သည်။
ယခင်က အာဏာလုပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ယခုခေတ်၏ ထျန်းမော်တောက်ကျူးကို ရှုံးနိမ့်ခဲ့သဖြင့် သူသည် ထွက်ပြေးတိမ်းရှောင်လာခဲ့ရခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ရှုံးနိမ့်ခဲ့သူတစ်ဦး ဖြစ်သည်။
"ငါလို မိစ္ဆာလမ်းစဥ်ရဲ့ ဘုရင်တစ်ပါးကနေပြီးတော့... ဒီလို တရားမျှတမှုကို လိုလားတဲ့ သမီးမျိုး မွေးထုတ်မိရတယ်လို့ "
သူသည် ခေါင်းကို ခါယမ်းကာ ပြုံးလိုက်မိသည်။
မည်သည့်အချိန်ကစ၍ မှန်းမသိဘဲ ကောင်းကင်ယံမှ စက္ကူဗျိုင်းလေး တစ်ကောင် ပျံသန်းလာခဲ့ပြီး ထျန်းမော်တောက်ကျူး၏ ရှေ့တွင် နားလိုက်သည်။
ယခုအခါ လူ့လောကတွင် ပုန်းအောင်းနေသော ထိုလမ်းစဥ်အရှင်သည် စက္ကူဗျိုင်းလေးကို ယူလိုက်ရာ 'ဖောင်း' ခနဲ အသံနှင့်အတူ စက္ကူဗျိုင်းပေါ်ရှိ ဝိညာဥ်စွမ်းအင်များ ပေါက်ကွဲထွက်သွားကာ...
ချက်ချင်းဆိုသလိုပင် စာတစ်စောင်အဖြစ် ပြောင်းလဲသွားပြီး ၎င်းပေါ်တွင် ရေးသားထားသော အကြောင်းအရာတစ်ခုကို ဖတ်လိုက်ရသည်။
"တစ်ယောက်ယောက်က ငါ့ကို ရှာတွေ့သွားပြီး... ငါ့ရဲ့ သတင်းကို မိစ္ဆာနယ်မြေဆီကို ပို့လိုက်တာပေါ့။ သူတစ်ပါးလက်ချောင်းနဲ့ လူသတ်ချင်နေတာလား "
ထျန်းမော်တောက်ကျူးသည် မျက်ခုံးပင့်လိုက်မိသည်။
………
ဝေမြို့၏ ပတ်ပတ်လည်တွင် မြင့်မားမတ်စောက်လှသော တောင်ကြီးတစ်လုံး ပေါ်ထွက်လာခဲ့ရာ ၎င်းသည် တိမ်တိုက်များထဲသို့ ထိုးဝင်နေပြီး ယခင်က လောကကြီး မပြောင်းလဲမီက ဤကဲ့သို့ မြင့်မားသော တောင်မျိုး မရှိခဲ့ဖူးချေ။ ၎င်းသည် ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသကဲ့သို့ ရှိနေတော့သည်။
ဝေမြို့၏ တောတောင် ရေမြေများသည် ဤနေရာတွင် အလွန်သေးငယ်၍ သေသပ်လှပသော အသွင် ဖြစ်သွားခဲ့ရသည်။
၎င်းအပြင် ဘေးပတ်ပတ်လည်တွင်လည်း တောင်ထိပ်များစွာ ဆင့်ကာဆင့်ကာ ထွက်ပေါ်လာပြီး အလွန်တရာ မတ်စောက်လှပေသည်။
ဝေမြို့တွင် ကျင့်ကြံနေကြသော 'ဖန့်ချင်းလန်' နှင့် 'ကျွေ့ဟွာ' တို့သည် တစ်ချိန်တည်းမှာပင် ဤလောကကမ္ဘာကြီး၏ အပြောင်းအလဲကို အာရုံခံမိကြပြီး ၎င်းတို့၏ မျက်နှာထက်တွင် လေးနက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ကျွေ့ဟွာသည် ချင်းယွင်ကျောင်းတော်၏ အမိုးအစွန်းပေါ်တွင် မတ်တတ်ရပ်ကာ အဝေးသို့ လှမ်းမျှော်ကြည့်ရင်း -
"ကိစ္စတစ်ခုခု ဖြစ်ပျက်နေပြီ... လူ့လောကကြီး အကြီးအကျယ် ပြောင်းလဲနေပြီ "
ဟု ဆိုလိုက်သည်။
လီယန်ချူသည် ယခင်က နတ်ဘုရားနယ်မြေများကို ပိတ်ဆို့ထားခဲ့ပြီး ချန်နိုင်ငံ၏ နယ်နိမိတ်ကို ပြန်လည်ကောင်းမွန်စေကာ ထိုနည်းလမ်းဖြင့် ကံတရား ကို ပြုပြင်ခဲ့ဖူးသည်။
ယခုအခါတွင်မူ နယ်မြေအသစ်များစွာ ဆက်တိုက်ပေါ်ထွက်လာနေပြီး လူ့လောက၏ လားရာသည် မရေမရာ ဖြစ်နေဆဲပင်။
လီယန်ချူသည် ယခင်က ကျန်းချောင်ကျုံး ပြောခဲ့သော စကားများကို ၎င်းတို့အား ရိုးရှင်းစွာ ပြောပြဖူးသဖြင့် ကျွေ့ဟွာနှင့် ဖန့်ချင်းလန်တို့သည် တစ်နေ့နေ့တွင် လောကကြီး ပြောင်းလဲလိမ့်မည်ကို နားလည်ထားကြသော်လည်း...
ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
ဖန့်ချင်းလန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင် တစ်ခုသည် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံတွင် ဝဲပျံသွားခဲ့ပြီး သူမသည် ထိုဓားစွမ်းအင်ကို စီးနင်းကာ လျှပ်စီးကဲ့သို့ ပျံသန်းထွက်ခွာသွားတော့သည်။
"ဒီအနီးအနားမှာ နတ်ဘုရားတောင် ပေါ်လာတယ်... အရင်သွားပြီး စုံစမ်းကြည့်လိုက်ဦးမယ်။"
သူမသည် ခန္ဓာကိုယ်ကို လွှတ်တင်ကာ ဓားကို စီးနင်း၍ ထွက်ခွာသွားခဲ့သည်။
ကျွေ့ဟွာမှာမူ ခေတ္တမျှ ကြောင်သွားခဲ့သည်။ မူလက သူမသည်လည်း အပြင်သို့ သွားရောက်စစ်ဆေးချင်ခဲ့သော်လည်း လီယန်ချူသည် ဖုန်လိုင်နတ်ဘုရားကျွန်းအတွင်း၌ တရားအားထုတ်နေဆဲ ဖြစ်သည်။
သူမသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ကျောင်းတော်အတွင်းမှာပင် ကျန်ရစ်နေခဲ့လိုက်သည်။
သူမ၏ ဘေးတွင် သေးငယ်လှပသော ရွှေကျီးကန်းလေး တစ်ကောင် ရှိနေပြီး ၎င်း၏ အတောင်ပံများကို ခတ်ခတ်လျက် သူမအား နှုတ်လှန်ထိုးရန် ပြင်နေသည်ကို မြင်လိုက်ရသည်။
ကျွေ့ဟွာသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့တော့သည်။
'ငါသာ အမြန်ဆုံး ထွက်ခွာသွားမယ်ဆိုရင်... နင် ဆဲတာ ငါ့ကို မဟုတ်တော့ဘူး '
ရွှေကျီးကန်းလေး၏ စူးရှသော အသံလေး ထွက်ပေါ်လာခဲ့သည်။
"နင့်အမေကို... နင့်အမေကို... " ဟု ဆဲရေးနေတော့သည်။
အကယ်၍ ရွှေကျီးကန်းမျိုးနွယ်စု၏ ရှေးဟောင်းဘိုးဘေးကြီးများသည် မိမိတို့၏ နောက်မျိုးဆက် သားသမီးများက ဆဲရေးတိုင်းထွာနေသည်ကို မြင်တွေ့ရလျှင် မည်ကဲ့သို့ ခံစားရမည်ကို မသိနိုင်တော့ချေ။
…………
အခြားတစ်ဖက်တွင်မူ လီယန်ချူသည် ဖုန်လိုင်နတ်ဘုရားကျွန်းအတွင်း၌သာ တရားအားထုတ်နေခဲ့သဖြင့် အပြင်လောက၏ ကိစ္စရပ်များကို လုံးဝ မသိရှိသေးချေ။
သူသည် ခွန်းဖန်ရွှေဆေးလုံး၏ အကူအညီဖြင့် ကိုးခုမြောက် ဂိတ်တံခါးကို ချိုးဖျက်ချင်ခဲ့သဖြင့် ယခုအချိန်၌ မိန်မန် နတ်ဘုရားဂိတ်တံခါး၏ ရှေ့တွင် ရှိနေခြင်း ဖြစ်သည်။
ဤတံခါးကြီးသည် အလွန်တရာ ထည်ဝါကြီးမားလှသဖြင့် လူကို တောင်ကြီးတစ်လုံးကို မော့ကြည့်နေရသကဲ့သို့ ခံစားရစေကာ လောကတွင် မည်သည့်စွမ်းအားကမျှ ၎င်းကို လှုပ်ခါနိုင်စွမ်း မရှိသကဲ့သို့ပင်။
သို့သော်လည်း ခွန်းဖန်ရွှေဆေးလုံးတွင် ပြင်းထန်လှသော သွေးစွမ်းအင်များ ပါဝင်နေသည်။
ရွှေရောင်အလင်းတန်းများ တစ်လှိုင်းပြီးတစ်လှိုင်း တိုးဝင်တိုက်ခတ်သွားခဲ့ရာ ၎င်းသည် သမုဒ္ဒရာကြီးကဲ့သို့ အဆုံးအစမရှိလှပေ။
နောက်ဆုံးမှာတော့... မိန်မန် နတ်ဘုရားဂိတ်တံခါးကြီးသည် ပွင့်ဟလာမည့် အရိပ်အယောင်များ ပြသလာခဲ့ချေပြီ။
'မိမိကိုယ်ကိုယ် တရားထိုင်ပြီး နတ်ဘုရားကို တွေ့မြင်ကာ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ (ကျန့်တောက်ကျီရှန်း၊ ကျန့်ရှန်းပုဟွိုက်) ဆိုတဲ့ ဒီစကားလုံး ရှစ်လုံးက ပြောဖို့သာ လွယ်တာ... လုပ်ဖို့ကျတော့ ကောင်းကင်ဘုံကို တက်ရသလို ခက်ခဲပါလား။'
ဟု လီယန်ချူသည် စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော်လည်း ခွန်းဖန်ရွှေဆေးလုံးတွင် အလွန်ပြင်းထန်သော စွမ်းအားများ ပါဝင်နေပြီး ထိုကဲ့သို့သော စွမ်းအားကြီးမားလှသည့် ကမ္ဘာဦးသားရဲကြီး၏ သွေးမျိုးဆက်သည် အလွန်တရာ ထူးခြားလှကာ အတွင်း၌ ခွန်းဖန်၏ စွမ်းအားများ ကိန်းဝပ်နေသည်။
၎င်းသည် ဟင်းလင်းပြင် အပြောင်းအလဲ၏ တရားဓမ္မလမ်းစဥ်နှင့် ဆက်စပ်နေသဖြင့် လီယန်ချူသည် နတ်ဘုရားဂိတ်တံခါးကို မချိုးဖျက်မီမှာပင် သူ၏ အံ့မခန်းဖွယ် ဉာဏ်ပညာဖြင့် ထိုတရားဓမ္မလမ်းစဥ်ကို အရင်ဆုံး နားလည် သဘောပေါက်သွားခဲ့သည်။
၎င်းသည် အပိုင်းအစမျှသာ ဖြစ်သော်လည်း ခွန်းဖန်ရွှေဆေးလုံးကို ပိုမိုကောင်းမွန်စွာ လောင်မြိုက်စေရန် အထောက်အကူ ပြုပေသည်။
သူကျင့်ကြံသော သန့်စင်သော ယန်ကျမ်းစာသည် အလွန်တရာ ထူးခြားလှပြီး ကျင့်ကြံခြင်းအဆင့်အတန်းမှာလည်း လုံးဝ ပြည့်စုံလှရာ ၎င်းသည် အတုမရှိ ထူးဆန်းနက်နဲလှသော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းလမ်း ပင် ဖြစ်သည်။
အချိန်အတော်ကြာ ကျင့်ကြံပြီးနောက်...
'ဒိန်း'
လီယန်ချူသည် နောက်ဆုံးတွင် ခွန်းဖန်ရွှေဆေးလုံး၏ အကူအညီဖြင့် ကိုးခုမြောက် ဆန်းကြယ်သော ဂိတ်တံခါးကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအင်များသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ကိုးပါးသော နတ်ဘုရားဂိတ်တံခါးများ အားလုံး တစ်ပြိုင်နက် ပွင့်သွားခဲ့သည်။
၎င်းက သူ၏ ခန္ဓာကိုယ်တွင်း သွေးစွမ်းအင်များကို နောက်ထပ် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားစေခဲ့သည်။
ကိုးခုမြောက် ဂိတ်တံခါးသည် ခက်ခဲလှသည်မှာ ၎င်းကိုယ်တိုင်ကြောင့်သာမကဘဲ...
ကိုးခုမြောက် ဂိတ်တံခါးများ အားလုံး ပွင့်သွားပြီးနောက်တွင် ကျမ်းစာ၏ လည်ပတ်မှုသည် မည်သည့်အတားအဆီးမျှ မရှိဘဲ ချောမွေ့သွားခြင်းကြောင့် ဖြစ်သည်။
လီယန်ချူ၏ ခန္ဓာကိုယ်တွင်း သွေးစွမ်းအင်များသည် သမုဒ္ဒရာကြီးကဲ့သို့ ဖြစ်နေပြီး တစ်ကိုယ်လုံးသည် ရွှေရောင်နေမင်းကြီးတစ်စင်းကဲ့သို့ ကိုယ်ခန္ဓာတစ်ခုလုံး အလင်းများ ဖြာထွက်ကာ အလွန်တရာ ပူပြင်းလှပေသည်။
ဖုန်လိုင်နတ်ဘုရားကျွန်းအတွင်း၌ ရှိနေသဖြင့် ထူထပ်လှသော နတ်ဘုရားစွမ်းအင် များ ရှိနေကာ ၎င်းတို့ကို မသိမသာ လောင်မြိုက်စေပြီး ကျင့်ကြံခြင်းသက်တမ်းကို တိုးပွားစေပြန်သည်။
ဤအပြောင်းအလဲသည် ခန္ဓာကိုယ်အတွင်း၌ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့သကဲ့သို့ ဖြစ်သော်လည်း အပြင်လောကတွင်မူ မျက်စိတစ်မှိတ်မျှသာ ရှိသေးသည်။
လီယန်ချူသည် သူ၏ မျက်လုံးနှစ်လုံးကို ဖွင့်လိုက်ရာ အလင်းတန်းများ တောက်ပထွက်ပေါ်လာပြီး ပင်လယ်ပြင်မှ နေမင်းကြီးတစ်စင်း ထွက်ပေါ်လာဘိသကဲ့သို့...
နတ်ဘုရားအလင်းတန်းများသည် ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားခဲ့တော့သည်။
သူ၏ နောက်ကျောဘက်တွင် ကြီးမားလှသော အရိပ်သဏ္ဌာန်ကြီးတစ်ခု ပေါ်ထွက်လာကာ ကောင်းကင်နှင့် မြေပြင်ကို ထောက်ကန်ထားသကဲ့သို့ ရှိနေပြီး သွေးစွမ်းအင်များမှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
၎င်းသည် သူ၏ ဝိညာဥ်ခန္ဓာကိုယ် အပြင်ထွက်ခြင်း မဟုတ်သလို၊ ခန္ဓာကိုယ် ကြီးမားထည်ဝါအောင် ပြုလုပ်ခြင်း လည်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် သွေးစွမ်းအင်များဖြင့် ဖန်တီးထားသော သိုင်းပညာ၏ အပြင်ပန်းပုံရိပ် သာ ဖြစ်သည်။
သူသည် အပြင်ပန်းပုံရိပ်ကို ပြန်လည်ကျင့်ကြံပြီးနောက် တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပြင်းထန်လှပြီး တရားဓမ္မနည်းလမ်းပေါင်းစုံကို မိမိအတွက် အသုံးပြုနိုင်စွမ်း ရှိပေသည်။
လောကကမ္ဘာ၏ ထူးဆန်းသော နိမိတ်လက္ခဏာများ ပျောက်ကွယ်သွားချိန်တွင်...
လီယန်ချူသည် သူ၏ လက်သီးနှင့် ခြေထောက်များကို သာမန်ကာလျှံကာ လှုပ်ရှားကြည့်လိုက်ရာ အတွင်း၌ ကိန်းဝပ်နေသော ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားလိုက်ရသည်။
ယခုအခါ သူသည် အဆင့်ကိုး သိုင်းနတ်ဘုရား ဖြစ်နေပြီ ဖြစ်ရာ ပြင်းထန်သော လေပြင်းများနှင့် စစ်မှန်သော မီးတောက် များကို ရှောင်ရှားရန် မလိုတော့ဘဲ ဓားခုတ် ပုဆိန်ပေါက်ခြင်းကို ခံနိုင်ရည်ရှိကာ ရုပ်ခန္ဓာမှာ ဘယ်သောအခါမျှ ပျက်စီးခြင်း မရှိတော့ချေ။
သူသည် ထူးခြားဆန်းပြားသော အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်ရာ တစ်ကိုယ်လုံး၏ အသက်ရှူနှုန်းမှာ တည်ငြိမ်သွားခဲ့သည်။
သူ၏ အကြည့်သည် နက်နဲ၍ ခန့်မှန်းရ ခက်ခဲလှပြီး မျက်နှာသွင်ပြင်မှာ ရှင်းလင်းထင်ရှားကာ ချောမောခန့်ညားလှသဖြင့် ၎င်းသည် တကယ့် နတ်ဘုရားစစ်စစ်တစ်ပါး၏ ရုပ်ရည်သွင်ပြင်ပင် ဖြစ်တော့သည်။
ဖုန်လိုင်နတ်ဘုရားကျွန်းမှ ထွက်ခွာလာပြီး ချင်းယွန်းကျောင်းတော်သို့ ပြန်ရောက်လာစဥ်...
သာမန်ကာလျှံကာ လှမ်းကြည့်လိုက်ရုံမျှဖြင့် ဝေမြို့၏ အနီးအနားတွင် မတ်စောက်လှသော တောင်ကြီးတစ်လုံး ပေါ်ထွက်နေပြီး ၎င်းသည် တိမ်တိုက်များထဲသို့ ထိုးဝင်နေသည်ကို မြင်လိုက်ရသည်။
လီယန်ချူသည် ခေါင်းကို မော့ကာ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ကျွေ့ဟွာသည် သူကျင့်ကြံရာမှ ထွက်လာသည်ကို မြင်လျှင် -
"အဆင့်တက်နိုင်ခဲ့ပြီလား" ဟု မေးလိုက်သည်။
လီယန်ချူက အနည်းငယ် ပြုံးလိုက်ရင်း -
"ဒါက ကိစ္စအသေးအဖွဲလေးပါပဲ။" ဟု ဆိုသည်။
ကျွေ့ဟွာသည် မေးစေ့ကို ပင့်ကာ 'ဟွန့်' ခနဲ နှာမှုတ်လိုက်၏။
"ဒီတောင်က ဘာဖြစ်တာလဲ"
လီယန်ချူသည် ဝေမြို့၏ အဝေးရှိ ထိုတောင်ကြီးကို လက်ညှိုးထိုးကာ မေးလိုက်သည်။
"နင် တရားအားထုတ်နေတဲ့ အချိန်တုန်းက လောကကြီး အကြီးအကျယ် ပြောင်းလဲသွားတာ။ အဲဒီအပြောင်းအလဲကို ငါလည်း သေချာ မရှင်းပြတတ်ဘူး... ဒါပေမဲ့ ယခင်ကနဲ့ မတူဘဲ အများကြီး ပိုပြီး ကြည်လင်လန်းဆန်းလာတာတော့ အမှန်ပဲ။"
ဟု ကျွေ့ဟွာက ပြောသည်။
"ဝေမြို့ရဲ့ အနီးအနားတင် မဟုတ်ဘူး... လူ့လောကရဲ့ တခြားနေရာတွေမှာလည်း တောင်ကြီးတွေ အများကြီး ပေါ်လာတာ။ မူလက နင် ပိတ်ဆို့ထားခဲ့တဲ့ သုံးဆယ့်ခြောက်ပါးသော နတ်ဘုရားနယ်မြေနဲ့ ခုနစ်ဆယ့်နှစ်ပါးသော လျှိုဝှက်နယ်မြေ တွေလည်း အကုန်လုံး ပြန်ပေါ်လာပြီး ပိတ်ဆို့မှုကို ချိုးဖျက်ထွက်လာကြပြီ "
ကျွေ့ဟွာတွင် 'တီထင်း' နှင့် ဆင်တူသော နတ်ဘုရားစွမ်းအင်ရှိပြီး လေညင်းနား ရှိသဖြင့် အပြင်သို့ မထွက်ဘဲနှင့် လောကကြီး၏ အကြောင်းအရာများကို သိရှိနိုင်စွမ်း ရှိပေသည်။
လီယန်ချူသည် ထိုစကားကို ကြားလျှင် မျက်ခုံးပင့်လိုက်မိသည်။
"ကျန်းချောင်ကျုံး ပြောခဲ့တဲ့ လောကကမ္ဘာရဲ့ အပြောင်းအလဲပေါ့"
ဟု ဆိုလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ကျင့်ကြံခြင်းမှ ပြန်လည်ထွက်ခွာလာပြီးနောက် လူ့လောက၏ တောတောင် မြစ်ချောင်းများ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး သူရှိနေသော ဝေချန်မြို့၏ ပထဝီသွင်ပြင်သည်ပင် လုံးဝ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်ရာ...
၎င်းက သူ့ကို သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်စေတော့သည်။
"ကျန်းချောင်ကျုံး ပြောခဲ့တဲ့ လောကကမ္ဘာရဲ့ အပြောင်းအလဲက တကယ်ပဲ ပေါ်လာခဲ့ပြီ... နောက်ဆိုရင် သူ ငါ့ကို လာရှာပြီး ကောင်းကင်ပြင်ကို အတူတူ ပြုပြင်ကြမလား "
လီယန်ချူသည် ရေရွတ်လိုက်မိသည်။
သို့သော်လည်း နှစ်ရက်တာ အချိန် ဆက်တိုက် ကုန်ဆုံးသွားခဲ့သော်လည်း ကျန်းချောင်ကျုံး၏ အရိပ်အယောင်ကိုမူ မမြင်တွေ့ရသေးချေ။
မဟာရှန်းနှင့် မဟာရှ ခေတ်ကာလ နှစ်ခုစလုံးကို ဖြတ်သန်းခဲ့ပြီး နှစ်ပေါင်းမည်မျှ ကျင့်ကြံခဲ့မှန်း မသိရသော ထိုတာအိုဆရာသည် ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိသေးပေ။