← Chapters

အခန်း ၆၁

Vol. 5 Ch. 61

အခန်း ၆၁

Vol. 5 Ch. 61

အခန်း (၆၁)

သေတမ်းစာ ထုတ်ပြန်ပြီးနောက် လူအများ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။ ထန်ရွှမ်နှင့် တုဇယ်ချန်းတို့က အိမ်ရှင်များပီပီ လိုက်လံပို့ဆောင်ပေးကြပြီး တုဟုန်ရိမှာလည်း အရှက်မရှိ သူတို့နောက်တွင် ရပ်နေခဲ့သည်။ သူသည် မိမိ၏ အမှားများအတွက် နောင်တရနေပြီး အစွမ်းကုန် ပြန်လည်ကုစားပေးမည့် အသွင်မျိုး ဖမ်းနေတော့သည်။

ဤသည်မှာ သက်သေများအတွက် အခက်တွေ့စေသည့် အခြေအနေပင်။ ဂုဏ်ပြုစကား ဆိုရန်မှာလည်း မသင့်တော်လှပေ။ အဘယ်ကြောင့်ဆိုသော် တုဟုန်ရိကြောင့် ထန်ရွှမ်တို့ သားအမိ ဒုက္ခရောက်ခဲ့ရပြီး တုဟုန်ရိ၏ ရလဒ်မှာလည်း မကောင်းလှသောကြောင့် ဖြစ်သည်။ သို့သော် ဝမ်းနည်းစကား ဆိုရန်ကျပြန်တော့လည်း တုဇယ်ချန်းမှာ လက်အောက်ခံပြည်နယ်၏ အိမ်ရှေ့မင်းသားဘဝမှ ဧကရာဇ်မင်းအဖြစ်သို့ ရုတ်တရက် ရာထူးတိုးသွားခြင်း ဖြစ်ရာ မည်မျှပင် ကြီးကျယ်သော မင်္ဂလာသတင်း ဖြစ်နေပါသနည်း။

ကံကောင်းသည်မှာ တုဇယ်ချန်းသည် ငယ်ရွယ်သေးသဖြင့် လူအများက သူ၏ ပခုံးကို ပုတ်ကာ အားပေးစကားများ ဆိုနိုင်ကြခြင်းပင်။

လူအားလုံး ထွက်သွားကြပြီးနောက် တုဟုန်ရိသည် သူ၏ စိတ်ခံစားချက်များကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။ သူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ထန်ရွှမ်က အသံဖမ်းထားမည်ကို စိုးရိမ်သဖြင့် မဆင်မခြင် မပြောရဲတော့ဘဲ မျက်လုံးများ နီရဲလျက် သုံးဦးလုံးကို စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထန်ရွှမ်ကမူ သူ့အား စကားတစ်ခွန်းမှ မပြောချင်တော့ပေ။

"ငါတို့နောက်ကို လိုက်မလာနဲ့တော့။ ငါတို့ နင့်ကို မတွေ့ချင်ဘူး။ တုမိသားစုရဲ့ ရှယ်ယာတွေကို ဇယ်ချန်းအတွက် သေချာ စီစဉ်ပေးပြီးမှ ငါ့ဆီကို ဖုန်းဆက်လိုက်”

တုဟုန်ရိသည် အသက်ကို ပြင်းပြင်းရှူရင်း ဟိုက်နေတော့သည်။ တုမိသားစုရဲ့ ရှယ်ယာတွေတဲ့လား... သူမသည် ထန်မိသားစု လုပ်ငန်းတစ်ခုလုံးကို ပိုင်ဆိုင်သွားပြီ ဖြစ်ပါလျက်နှင့် သူ့ကိုပါ အမြစ်ပြတ်အောင် လုပ်ချင်နေသေးသည်ပေါ့။

"ဇယ်ချန်းမှာ စနစ်တကျ စီမံခန့်ခွဲတဲ့ ပညာ မရှိဘူး။ ထန်မိသားစု လုပ်ငန်းကြီးကို သူ ဘယ်လိုမှ ထိန်းကျောင်းနိုင်မှာ မဟုတ်ဘူး။ အပြင်က ချန်မိသားစုလို မြေခွေးတွေတင် မကဘူး၊ ကုမ္ပဏီထဲက ဝမ်ကျန့်ဟွေးတို့လို လူတွေကလည်း မနည်းဘူးလေ။ မင်းတို့ သူတို့ကို နှိမ်နင်းနိုင်မယ်လို့ ထင်နေတာလား။ နောက် နှစ်အနည်းငယ်အတွင်းမှာတင် ထန်မိသားစုက တခြားလူလက်ထဲ ရောက်သွားလိမ့်မယ်”

ထန်ရွှမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "အဲဒါက ငါတို့ အသက်ကို ရန်ရှာမဲ့သူတွေလက်ထဲ အပ်လိုက်ရတာထက်တော့ သာပါသေးတယ်”

ပြောပြီးသည်နှင့် တုဇယ်ချန်းတို့ ဇနီးမောင်နှံကို ခေါ်ဆောင်၍ ထွက်ခွာသွားလေသည်။

ဓာတ်လှေကားထဲမှ ထွက်လာချိန်တွင် ချန်ရွေ့က တံခါးဝ၌ စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် တစ်စုံတစ်ဦးကို စောင့်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ ထန်ရွှမ်တို့ ထွက်လာသည်ကို မြင်သောအခါ သူမ၏ မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။ အထူးသဖြင့် တုဇယ်ချန်းကို ကြည့်လိုက်ချိန်တွင် ဖြစ်သည်။ အဖြစ်မှန်များကို ဖုံးကွယ်ရန် မလိုတော့သဖြင့် တုဇယ်ချန်းမှာ ဝှီးချဲ မသုံးတော့ဘဲ ကိုယ်တိုင် လမ်းလျှောက်၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ဒုက္ခိတ မဟုတ်တော့ရုံတင်မကဘဲ ဤအသိုင်းအဝိုင်းထဲတွင် အချမ်းသာဆုံးသော အမွေဆက်ခံသူ ဖြစ်နေပြီ ဖြစ်သည်။ အသက် ၂၄ နှစ်နှင့် ဤမျှ ကြီးမားသော စည်းစိမ်ကို ပိုင်ဆိုင်သူမှာ မည်သူ ရှိဦးမည်နည်း။

ချန်ရွေ့က ရှန်ယို့ယောင်အား မသိမသာ လျစ်လျူရှုလျက် တုဇယ်ချန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"အန်တီထန်... အစ်ကိုဇယ်ချန်း။ ရှင်တို့ ဘာလို့ အေးဆေး နေနိုင်တာလဲလို့ တွေးနေတာ... တကယ်တော့ ကြိုတင် အစီအစဉ်တွေ ရှိထားလို့ကိုး”

"အစ်ကိုဇယ်ချန်းကလည်း ကျွန်မကို စောစော ပြောသင့်တာပေါ့” ချန်ရွေ့က ချွဲနွဲ့သော လေသံဖြင့် ဆက်ပြောသည်။

"ကျွန်မမှာ အလကားနေရင်း စိတ်ပူနေခဲ့ရတာ။ တုဥက္ကဋ္ဌကလည်း ကျွန်မတို့ကို ပြဿနာတွေ အများကြီး ရှာခဲ့တာလေ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုတော့ အဆင်ပြေသွားပြီဆိုတော့ ဝမ်းသာပါတယ်၊ ကျွန်မကတော့ ဒုက္ခမပေးခဲ့ပါဘူးနော်”

ဒါသည် အတင်းအကျပ် ကျေးဇူးတင်ခိုင်းနေခြင်းလား။ ထန်ရွှမ်က ယဉ်ကျေးစွာပင် ပြုံး၍ ပြောလိုက်သည်။

"ဒီလို အိမ်တွင်းရေး ကိစ္စတွေက သိက္ခာကျစရာတွေမို့လို့ ရှင်တို့လို အပြင်လူတွေကို ဘယ်လိုလုပ် ပြောလို့ ဖြစ်မှာလဲ။ ဒီတစ်ခါတော့ ချန်မိသားစုက ဘာမှ မကူညီနိုင်ခဲ့ပေမဲ့ မိန်းကလေးချန်ရဲ့ စေတနာကိုတော့ အန်တီ သိပါတယ်။ ဒီနေ့ကစပြီး အရာရာကို မေ့လိုက်ကြရအောင် နောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ မခံစားပါနဲ့တော့”

ချန်ရွေ့၏ အပြုံးမှာ မျက်နှာပေါ်တွင် တောင့်တင်းသွားတော့သည်။ သူမ အလိုရှိသည်မှာ ကျေးဇူးတင်စကား ဖြစ်ပြီး အရာရာကို အပြီးတိုင် ရှင်းလင်းပစ်လိုက်ခြင်းမျိုး မဟုတ်ပေ။

တုဇယ်ချန်းကလည်း ပြုံး၍ ပြောလိုက်သည်။

"ဒီရက်ပိုင်းအတွင်း မင်း တော်တော် ပင်ပန်းသွားမှာပဲ။ နောက်ဆိုရင်တော့ မင်းရဲ့ ကိုယ်ပိုင်ကိစ္စတွေကိုပဲ အာရုံစိုက်လိုက်ပါတော့။ သွားတော့မယ်နော်” ပြောပြီးသည်နှင့် ရှန်ယို့ယောင်၏ ပခုံးကို ဖက်ကာ နှုတ်ဆက်လိုက်သည်။

ချန်ရွေ့သည် သူတို့၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။ ဤထန်မိသားစု သားအမိက ဘာသဘောလဲ။ ကျေးဇူးရှင်ကို ပစ်ပယ်ချင်တာလား။ အိပ်မက်ပဲ မက်နေလိုက်။

ပြီးတော့... ချန်ရွေ့သည် ရှန်ယို့ယောင်၏ ကျောပြင်ကို ကြည့်ကာ စိတ်ထဲမှ နှိမ်လိုက်မိသည်။ ဤကဲ့သို့သော အမျိုးသမီးမှာ ကံကောင်းလွန်းသဖြင့်သာ သူ၏ဘေးတွင် ရှိနေခွင့်ရခြင်း ဖြစ်သည်။ ဤမျှ ကြီးမားလှသော အကျိုးကျေးဇူးများကို သူမအနေဖြင့် ခံနိုင်ရည် ရှိမရှိ စောင့်ကြည့်ရဦးမည်။

တကယ်တမ်းတွင်မူ ယခုအချိန်၌ ခံနိုင်ရည် မရှိဖြစ်နေသူမှာ တုဇယ်ချန်း ဖြစ်သည်။ သူ လမ်းလျှောက်နိုင်ပြီဟု ထင်ရသော်လည်း ပြန်ကောင်းခါစသာ ရှိသေးရာ ပထမဆုံးအကြိမ် မတ်တတ်ရပ်ပြီး အချိန်အတော်ကြာ လှုပ်ရှားရသဖြင့် ပင်ပန်းရုံတင်မကဘဲ နာကျင်မှုကိုလည်း စတင် ခံစားနေရသည်။ သို့သော် သိက္ခာအတွက် ဘာမှမဖြစ်သလို ဟန်ဆောင်နေရဆဲ ဖြစ်သည်။ အပြင်လူအမြင်တွင် ရှန်ယို့ယောင်ကို ဖက်ထားသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာမူ သူ၏ ကိုယ်အလေးချိန်တစ်ခုလုံးကို သူမအပေါ်သို့ မှီချထားခြင်း ဖြစ်သည်။

ရှန်ယို့ယောင်က တိတ်တဆိတ်ပင် သူ၏ ခန္ဓာကိုယ်ကို ဖေးမထားရင်း ရယ်မောလျက် ပြောလိုက်သည်။

"ရှင် ဘာလို့ ဒီလောက်အထိ အားတင်းပြနေရတာလဲ”

တုဇယ်ချန်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ "ငါ့ကို အထင်သေးတဲ့သူတွေ အကုန်လုံး ဒီနေ့တော့ လန့်သွားကြတာပေါ့။ ချန်ရွေ့ရဲ့ မျက်နှာကို မင်း မြင်လိုက်လား” သူက ထပ်မံ၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"အခုဆိုရင် သူ နောင်တတွေ ရပြီး သေတော့မှာပဲ။ ငါ့ကို ဒုက္ခိတဆိုပြီး အထင်သေးခဲ့တာကိုး”

ရှန်ယို့ယောင်က သူ့ကို ကားပေါ်သို့ ကူညီတင်ပေးရင်း ပြုံးလိုက်သည်။ သူ ကလေးဆန်သည်မှာ မှန်သော်လည်း ဤသို့ လုပ်ဆောင်လိုက်ခြင်းက တကယ်ပင် ကျေနပ်စရာ ကောင်းလှသည်။ ပြောလိုက်သည်။

"နောင်တရလည်း နောက်ကျသွားပြီလေ” သူသည် သူမ၏ အပိုင် ဖြစ်သည် မဟုတ်ပါလား။

တုဇယ်ချန်းက ခေတ္တ ကြောင်သွားပြီးမှ သူမကို ကြည့်ကာ ပြုံးလျက် တိုးတိုးလေး ပြောလိုက်သည်။

"တုသခင်မလေး ပြောတာ မှန်တာပေါ့”

ရှန်ယို့ယောင် မျက်နှာလေး နီမြန်းသွားတော့သည်။

ထန်ရွှမ်က သတိပေးလိုက်သည်။ "ချန်ရွေ့ဆိုတဲ့ ကောင်မလေးက အလွယ်တကူ လက်လျှော့မဲ့သူ မဟုတ်ဘူး။ နင်တို့နှစ်ယောက် သတိထားကြနော်”

တုဇယ်ချန်းက စဉ်းစားရင်း မေးလိုက်သည်။ "သူက ဘာလုပ်မှာလဲ”

ရှန်ယို့ယောင်က ထိုမိန်းကလေး၏ မျက်ဝန်းထဲမှ လိုချင်တပ်မက်မှုများကို သတိရကာ ပြောလိုက်သည်။

"အဓိကကတော့ ကျွန်မတို့ကို ခွဲမှာပေါ့။ ပထမဆုံး အနေနဲ့ ကျွန်မကို အရင် တိုက်ခိုက်လိမ့်မယ် ထင်တယ်”

ထန်ရွှမ်က သူမအား ချီးကျူးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "အကွက်မြင်သားပဲ။ နောက်ဆိုရင်တော့ သမီး ပင်ပန်းရတော့မှာပဲ”

တုဇယ်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ ယခုအခါ သူသည် ဦးလေးပိုင်နှင့် မိခင်ဖြစ်သူထံမှ အများကြီး သင်ယူထားပြီးဖြစ်ရာ အရင်ကလို မရိုးအတော့ပေ။ "သူ့အလိုအတိုင်း မဖြစ်စေရပါဘူး” မည်သို့ပင်ဖြစ်စေ ကိုယ် မင်းကို ကာကွယ်ပေးပါ့မယ်။

ရှန်ယို့ယောင်က ပြုံးလျက် သူ၏ လက်ကို ပြန်လည် ဆုပ်ကိုင်ထားလိုက်သည်။

"ဟိုမှာ ယန်ရှောင်ယွမ်နဲ့ တုနျန်ယန် မဟုတ်လား” တုဇယ်ချန်းက လမ်းဘေးတွင် ဖြတ်ပြေးသွားသော လူရိပ်နှစ်ခုကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။ "တုဟုန်ရိကို စောင့်နေကြတာလား”

ထန်ရွှမ်က အေးစက်စွာ ပြောလိုက်သည်။

"စောင့်မှာပေါ့။ သူတို့က တစ်ဖက်လူအတွက် အနစ်နာခံပေးမဲ့ စိတ်ဓာတ်မျိုး ရှိကြတာမှ မဟုတ်တာ”

"ဒါဆို ခဏတဖြုတ် အောက်ကျခံပေးတာကလည်း တစ်ခုခုကို မျှော်လင့်နေလို့ပေါ့လေ” တုဇယ်ချန်းက လှောင်ရယ်လိုက်သည်။

"တုဟုန်ရိက ထန်မိသားစုကို ရရင် သူတို့ ပြန်ပြီး နေရာရမယ်လို့ ထင်နေကြတာပေါ့။ နှမြောစရာပဲ... တုဟုန်ရိမှာ ဘာမှမရှိတော့တာကို မြင်ရင် သူတို့ ဘယ်လို ဖြစ်သွားမလဲ မသိဘူးနော်”

"အမေ သူတို့ သားအမိကို ဘာလို့ အမြစ်ပြတ် မဖယ်ရှားခဲ့တာလဲ သိလား” ထန်ရွှမ်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။

တုဇယ်ချန်းက ဝင်ပြောလိုက်သည်။

"သူတို့ အချင်းချင်း ကိုက်ခိုင်းမလို့ မဟုတ်လား။ ယန်ရှောင်ယွမ် လက်ထဲမှာ တုဟုန်ရိ ကြောက်ရမဲ့ အရာတစ်ခုခု ရှိနေလို့ပဲ။ မဟုတ်ရင် သူ အခုလို အခြေအနေမျိုးမှာတောင် သူတို့ကို မစွန့်ပစ်ဘဲ နေမှာမဟုတ်ဘူးလေ။ သံယောဇဉ်ကြောင့် မဟုတ်ဘဲ မစွန့်လွှတ်ရဲလို့ ဖြစ်ရမယ်”

ထန်ရွှမ် တွက်ဆထားသည့်အတိုင်းပင် ယန်ရှောင်ယွမ်နှင့် တုနျန်ယန်တို့သည် တုဟုန်ရိအား မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ သူ ကားပေါ်သို့ တက်လိုက်သည်နှင့် ယန်ရှောင်ယွမ်က အသည်းအသန် မေးလိုက်သည်။ "ဟုန်ရိ... ဘယ်လိုနေလဲ။ နျန်ယန် ကုမ္ပဏီကို ပြန်သွားလို့ ရပြီလား”

သူမ စကားမပြောလျှင်သာ နေမည်၊ ပြောလိုက်သည်နှင့် တုဟုန်ရိ၏ စုပြုံနေသော ဒေါသများမှာ ပေါက်ကွဲထွက်ကုန်တော့သည်။

"ကုမ္ပဏီကို ပြန်ရမယ် ဟုတ်လား။ ငါကိုယ်တိုင်တောင် လမ်းဘေးရောက်တော့မယ်"

ယန်ရှောင်ယွမ်မှာ ထိတ်လန့်သွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ ထန်ရွှမ်က ကွာရှင်းဖို့ပဲ ဇွတ်လုပ်နေလို့လား။ ထန်မိသားစုက..."

တုဟုန်ရိသည် သည်းခံနိုင်တော့ဘဲ သူမ၏ ပါးကို အားပါပါ ရိုက်ချလိုက်တော့သည်။

"ထန်မိသားစု ဟုတ်လား ငါ့ရဲ့ ယင်းဟောင်တောင် ပါသွားပြီ။ နင်က ငါ့ကို ထန်မိသားစု အကြောင်း လာပြောနေသေးတယ်" သူသည် စိတ်ရူးပေါက်သကဲ့သို့ ယန်ရှောင်ယွမ်၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ လှုပ်ယမ်းလျက် ဟိန်းဟောက်လိုက်သည်။

"နင့်ကြောင့် နင့်ကြောင့် အကုန် ပျက်စီးကုန်တာ နင်သာ နျန်ယန်ကို ဒီနေ့ ကြေညာခိုင်းဖို့ ဇွတ်မလုပ်ခဲ့ရင်... ဒီလိုမျိုးတွေ ဖြစ်လာပါ့မလား"

"ပြီးတော့... နင် ဘာလို့ အပိုတွေ လုပ်ခဲ့ရတာလဲ။ ငါက အေးဆေး စောင့်နေပါလို့ ပြောထားသားနဲ့ နင် ဘာလို့ လက်ရှည်ခဲ့ရတာလဲ" ယနေ့ အရာရာ ပျက်စီးခဲ့ရခြင်းမှာ ဤအမျိုးသမီးကြောင့်ဟု တွေးမိသည်နှင့် သူသည် ယန်ရှောင်ယွမ်၏ လည်ပင်းကို ညှစ်လိုက်တော့သည်။

"နင့်ကြောင့်ပဲ နင်သာ မရှိရင် ငါတို့ အရာရာကို ပိုင်ဆိုင်နေပြီ"

"အဖေ အဖေ" တုနျန်ယန်က အသည်းအသန် ကြိုးစားပြီးမှ တုဟုန်ရိကို တွန်းထုတ်နိုင်ခဲ့သည်။

ယန်ရှောင်ယွမ်မှာ အသက်ရှူမဝဘဲ ချောင်းဆိုးနေစဉ် တုဟုန်ရိက ထိုင်ခုံကို မှီလျက် ပြောလိုက်သည်။

"အခုတော့ နင် အလိုကျသွားပြီပေါ့။ ငါ ဘာမှ မရတော့ဘူး"

ယန်ရှောင်ယွမ် အသက်ရှူချောင်လာသောအခါ စိုးရိမ်တကြီး မေးလိုက်သည်။ "ဘာတွေ ဖြစ်ကုန်တာလဲ”

"နင်က ငါ့ကို ဘာတွေ ဖြစ်တာလဲလို့ မေးရဲသေးတယ်ပေါ့” တုဟုန်ရိသည် ယနေ့ အရာရာ ပျက်စီးခဲ့ရခြင်းမှာ သူမ၏ စိတ်လောမှုကြောင့်ဟု သူ ယူဆနေသည်။

"မနက်ဖြန်ကျရင် ငါ နင်တို့ကို ဒီကနေ နှင်ထုတ်မယ်။ ငါ ထန်မိသားစုကို ပြန်ရအောင် လုပ်ပြီးမှ နင်တို့ကို ပြန်ခေါ်မယ်”

ယန်ရှောင်ယွမ်သည် သူ၏ ပုံစံကို ကြည့်ကာ လုံးဝ မယုံကြည်နိုင်တော့ပေ။ အစပိုင်းတုန်းက သူသည် ထန်မိသားစုအတွက် သူမကို နှစ်ပေါင်း ၃၀ စောင့်ခိုင်းခဲ့သူ ဖြစ်သည်။ ယခု သူ အောက်ခြေ ရောက်သွားချိန်တွင် ပြန်တက်ရန်အတွက် သူမတို့ သားအမိကို နင်းခြေသွားမည်မှာ သေချာသည် မဟုတ်ပါလား။

ငါတို့သားအမိကို နင့်အလိုအတိုင်း အသုံးချခံမယ်လို့တော့ မထင်နဲ့... သူမ စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်။

တုဟုန်ရိနှင့် ယန်ရှောင်ယွမ်တို့မှာ တစ်ဦးကိုတစ်ဦး မယုံကြည်ဘဲ အားပြိုင်နေကြချိန်တွင် တုဇယ်ချန်းဘက်မှာလည်း မလွယ်ကူလှပေ။ တုဟုန်ရိသည် မိမိကိုယ်မိမိ သန့်ရှင်းကြောင်း ပြသရန်အတွက် သက်သေများစွာ ခေါ်ထားခဲ့သဖြင့် တစ်ရက်အတွင်းမှာပင် အထက်တန်းလွှာ အသိုင်းအဝိုင်း၌ သတင်းများ ပျံ့နှံ့သွားတော့သည်။ တုဇယ်ချန်းမှာ တစ်ညတွင်းချင်းပင် အပျော်အပါးမက်သော သခင်လေးဘဝမှ ထန်မိသားစု၏ အကြီးအကဲ ဖြစ်လာခဲ့သည်။

ထန်အိမ်တော်ဟောင်း၏ ဖုန်းမှာ ဆူညံသွားပြီး တုဇယ်ချန်း၏ ဖုန်းမှာလည်း အဆက်မပြတ် မြည်နေတော့သည်။ ရှန်ယို့ယောင်ပင်လျှင် အမည်မသိ ဖိတ်ကြားစာများ လက်ခံရရှိနေသည်။

ရှယ်ယာရှင်များ၏ စမ်းသပ်မှုများ၊ ဆွေမျိုးမိတ်ဆွေများ၏ နှုတ်ဆက်မှုများကြောင့် တုဇယ်ချန်းမှာ များစွာ ပင်ပန်းနေရသည်။ နည်းပညာ ထိပ်သီးဆွေးနွေးပွဲ ဖိတ်ကြားသည့် ဖုန်းကို ချပြီးနောက် သူသည် ဆိုဖာပေါ်သို့ ပစ်လှဲကာ ညည်းတွားလိုက်သည်။

"ဒါကတော့ ကိုယ့်နယ်ပယ်နဲ့ နည်းနည်း ဆက်စပ်သေးတယ် ဆိုပါစို့... ဒါပေမဲ့ ဟို စွမ်းအင် ရင်းနှီးမြှုပ်နှံမှုတွေ၊ စက်မှုဇုန် ကိစ္စတွေကျတော့... တကယ်ကို လူသတ်နေတာပဲ..."

ဘေးတွင် ထိုင်နေသော ရှန်ယို့ယောင်က မေးလိုက်သည်။ "ခေါင်းနည်းနည်းလောက် နှိပ်ပေးရမလား”

တုဇယ်ချန်းက မဆိုင်းမတွပင် သူမ၏ ပေါင်ပေါ်သို့ ခေါင်းအုံးကာ လှဲချလိုက်ပြီး ဇိမ်ယူနေတော့သည်။ ရှန်ယို့ယောင်က ပြုံးလျက် သူ၏ ခေါင်းကို အသာအယာ နှိပ်ပေးနေမိသည်။

ထန်ရွှမ်က ပြောလိုက်သည်။

"တုဟုန်ရိနဲ့ ဝမ်ကျန့်ဟွေးတို့က ကိုယ်ကျိုးကြည့်တာ မှန်ပေမဲ့ သူတို့ စိုးရိမ်တာကလည်း ဟုတ်နေတာပဲ။ သားက ငယ်သေးသလို အတွေ့အကြုံလည်း နည်းသေးတော့ အပြင်က ရန်သူတွေကို နှိမ်နင်းဖို့က မလွယ်ဘူး။ အဘိုးက လမ်းခင်းပေးခဲ့တာကြောင့် သားအတွက် နည်းနည်း သက်သာမယ် ဆိုပေမဲ့ ကိုယ်တိုင် လျှောက်ရမဲ့ လမ်းကိုတော့ သားကိုယ်တိုင်ပဲ လျှောက်ရမှာ”

တုဇယ်ချန်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ရှန်ယို့ယောင်ကမူ သူ့ကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။

ကံကောင်းသည်မှာ ဤအရာများမှာ အစပျိုးမှုသာ ရှိသေးသည်။ နှစ်သစ်ကူး နီးနေပြီ ဖြစ်သဖြင့် အားလုံးက အေးအေးဆေးဆေး ဖြတ်သန်းချင်ကြသဖြင့် သူတို့အတွက် ပြင်ဆင်ရန် အချိန်ရသွားခြင်း ဖြစ်သည်။ သို့သော် စိတ်လောနေသူများလည်း ရှိနေကြသည်။ ပုံမှန် နည်းလမ်းဖြင့် ယှဉ်ပြိုင်ရန် အချိန်မကျသေးသော်လည်း မရိုးသားသော နည်းလမ်းကို သုံးရန်မှာမူ အချိန်မစောလှပေ။

ထန်မိသားစုကို ရယူရန် အလွယ်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ အိမ်ထောင်ရေးပင် ဖြစ်သည်။ တုဇယ်ချန်းမှာ အိမ်ထောင်ကျပြီးသား ဖြစ်သော်လည်း ချန်မိသားစုကဲ့သို့သော လမ်းဖြတ်ရှာတတ်သူများအတွက်မူ လူသတ်မှုမှလွဲလျှင် ကျန်သည့် ကိုယ်ကျင့်တရားနှင့် သံယောဇဉ်များကို အတားအဆီးဟုသာ သတ်မှတ်ကြသည် မဟုတ်ပါလား။

တုဇယ်ချန်း၏ ဇနီးသည်မှာလည်း အားနည်းသူ တစ်ဦးသာ ဖြစ်နေသဖြင့် သူတို့အတွက် ကြိုးစားကြည့်ရန် အကြောင်းပြချက် လုံလောက်နေတော့သည်။ မင်းသားလေးနှင့် အဆင့် ၁၈ မင်းသမီးတို့၏ အိမ်ထောင်ရေးမှာ လူပြောစရာ ဖြစ်နေသည်မှာ အမှန်ပင်။ အထူးသဖြင့် တုဇယ်ချန်း၏ အဆင့်အတန်းက ယခင်ကနှင့် လုံးဝ ခြားနားသွားပြီ ဖြစ်ရာ ထိုမင်းသမီးလေးမှာ လုံးဝ မတန်တော့ပေ။ ယခုလည်း အခွင့်အရေး တစ်ခုက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

…

All Chapters