အခန်း ၇၀
Vol. 5 Ch. 70
အခန်း (၇၀) အကျိုးစီးပွားတို့၏ အားပြိုင်မှု
တုဇယ်ချန်းက အစီအစဉ်တွင် ပါဝင်ကူညီမည်ဟူသော သတင်းကို ကြားသိရပြီးနောက် ချန်ရွေ့သည် တစ်ဖက်လူ၏ သံသယများ ပြေပျောက်စေရန် ခေတ္တမျှ လူချင်းရှောင်နေမည့် အစီအစဉ်ကို စွန့်လွှတ်ကာ တုဇယ်ချန်း၏ ရှေ့သို့ ရောက်ရှိလာခဲ့ရသည်။
ချန်ရွေ့က မေးမြန်းလိုက်သည်။ "သခင်လေးတု... ရှင်က 'သူဌေးကြီးတို့၏ ဂုဏ်သိက္ခာ' အစီအစဉ်မှာ စပွန်ဆာပေးမလို့ဆိုတာ ဟုတ်လား။ ဒါဟာ ကျွန်မတို့ 'လိမ္မော်သီး Live' က အစအဆုံး တာဝန်ယူထားတဲ့ အစီအစဉ်လေ။ အစီအစဉ်တစ်ခုတည်းမှာ ဘာလို့ အမျိုးအစားတူ စပွန်ဆာနှစ်ခု ရှိနေရမှာလဲ” အကယ်၍ အမျိုးအစား မတူညီပါက သူမအနေဖြင့် အလွန်ပင် ဝမ်းမြောက်မိမည် ဖြစ်သည်။
တုဇယ်ချန်းက စိတ်ပျက်အားလျော့ဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်တော့်မှာလည်း တခြားနည်းလမ်း မရှိတော့လို့ပါ..."
သူက ဆက်ပြောလိုက်သည်။
"ကျွန်တော် ရာထူးရယူပြီးတာနဲ့ ထန်မိသားစုရဲ့ ရှယ်ယာဈေးတွေက ထိုးကျသွားတယ်။ ရှယ်ယာရှင်တွေနဲ့ အကြီးအကဲတွေကလည်း ကျွန်တော့်အပေါ် မကျေနပ်ကြဘူး။ ဒါကြောင့် ကျွန်တော့်ဘက်က တစ်ခုခုတော့ အောင်မြင်အောင် လုပ်ပြမှ ဖြစ်မယ်” တုဇယ်ချန်းက ထိုသို့ပြောရင်း ကိုယ်ကို မတ်လိုက်ကာ ချန်ရွေ့ကို ကြည့်၍ ဆက်ပြောလိုက်သည်။
"ဒီအစီအစဉ်က ခင်ဗျား ကိုယ်တိုင် ဦးဆောင်ပြီး စီစဉ်ထားတာလို့ ကြားတယ်။ ဒါဟာ ကျွန်တော့်အတွက် သီးသန့် ဖန်တီးပေးထားသလိုပဲလို့ ခံစားရတယ်”
ချန်ရွေ့သည် တုဇယ်ချန်းက သူမ၏ အရည်အချင်းကို အသိအမှတ်ပြုလာသည်ဟု ထင်မှတ်ကာ စိတ်ထဲမှ ဝမ်းသာသွားမိသည်။ ဤကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များတွင် ရှန်ယို့ယောင်မှာ သူ့အတွက် မည်သည့်အကူအညီမျှ ပေးနိုင်မည် မဟုတ်ပေ။ ထို့နောက် ထွက်ပေါ်လာသော စကားများကြောင့် သူမမှာ ပို၍ပင် ပျော်ရွှင်သွားရသည်။
တုဇယ်ချန်းက ပြောလိုက်သည်။
"စိတ်ချပါ၊ ဒါဟာ ခင်ဗျားရဲ့ ကြိုးစားမှုဖြစ်လို့ ကျွန်တော်ကတော့ မသင့်တော်တဲ့ တောင်းဆိုမှုမျိုးတွေ မလုပ်ပါဘူး။ ကျွန်တော့်အဖေက ပြီးခဲ့တဲ့နှစ်က ကျွန်တော့်အတွက် ရန်ပုံငွေနဲ့ လူအင်အားတွေ အများကြီး ပေးခဲ့တာကြောင့် ကျွန်တော်တို့လည်း Live ပလက်ဖောင်းတစ်ခု တည်ဆောက်ထားပြီးသားပါ။ ခင်ဗျားတို့ရဲ့ လိမ္မော်သီး Live ကတော့ ဝါရင့်ဖြစ်လို့ ကျွန်တော်တို့က အသုံးပြုသူဦးရေနဲ့ စီမံခန့်ခွဲမှုပိုင်းမှာ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ပြတင်းပေါက် အများအပြားကနေ တိုက်ရိုက်လွှင့်နိုင်တဲ့ စနစ်နဲ့ နောက်ဆုံးပေါ် အထူးပြုလုပ်ချက်တွေ ပါဝင်တဲ့ လုပ်ဆောင်ချက်အသစ်တွေ ရှိထားတယ်”
ချန်ရွေ့က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။ "ရှင့်ရဲ့ ဆိုလိုရင်းက..."
တုဇယ်ချန်းက ပြောလိုက်သည်။ "ကျွန်တော်တို့ အတူတူ လက်တွဲကြရင် ဘယ်လိုလဲ”
ထိုသို့ လက်တွဲခြင်းမှာ ပြဿနာ မရှိနိုင်ပေ။ အတူတူ လက်တွဲလုပ်ဆောင်ခြင်း ရှိလာပြီဆိုလျှင် အတူတူ ပေါင်းဖက်ရန်ကော မည်မျှ ဝေးတော့မည်နည်း။ ချန်ရွေ့သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တည်ငြိမ်ဟန်ဖြင့် ပြောလိုက်သည်။ "ဒီကိစ္စကိုတော့ ကျွန်မ ပြန်ပြီး တိုင်ပင်ဆွေးနွေးရဦးမယ်”
တုဇယ်ချန်းက ပြောလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်တော် ခင်ဗျားရဲ့ သတင်းကို စောင့်နေပါ့မယ်။ မစ္စချန်ရဲ့ အရည်အချင်းနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
အမှန်တကယ်ပင် ကြီးမားသော အခက်အခဲ မရှိနိုင်ပေ။ တုဇယ်ချန်း၏ အကြံပြုချက်ကြောင့် ချန်ရွေ့၏ ဦးနှောက်ထဲတွင် သူမအတွက် ရရှိလာမည့် အကျိုးကျေးဇူးများစွာကို တွေးတောမိသွားသည်။ အထင်ရှားဆုံးမှာ လိမ္မော်သီး Live အတွက် လုပ်ဆောင်ချက်အသစ်များ ရရှိလာမည် ဖြစ်သလို အကောင်းဆုံးအချက်မှာ ချန်မိသားစုနှင့် ထန်မိသားစုတို့ အလွန်ပင် ရင်းနှီးသွားပြီဟူသော သတင်းကို အပြင်သို့ ထုတ်ပြနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ချန်မိသားစုအတွက် အကျိုးရှိစေမည်မှာ သေချာလှသည်။
သူမ၏ ကိုယ်ပိုင်အကျိုးအတွက်မူ ဤလုပ်ငန်းကြောင့် သူတို့နှစ်ဦး ပို၍ တွေ့ဆုံခွင့် ရလာပေလိမ့်မည်။ သူသည် ထန်မိသားစုအတွင်း အကျပ်ရိုက်နေချိန်တွင် သူမအား အားကိုးရမည့် အချိန်များ ရှိလာပေလိမ့်မည်။ ထိုအခါ အရည်အချင်းရှိသော အမျိုးသမီးတစ်ဦး၏ အကျိုးကျေးဇူးကို သူ သိမြင်လာမည် ဖြစ်သည်။
ရှောင်းယောင် Live နှင့် အသုံးပြုသူများကို မျှဝေသုံးစွဲရမည်မှာ စိုးရိမ်စရာ ရှိသော်လည်း ထန်မိသားစု၏ အကျပ်အတည်းများ ရှိနေသရွေ့ တုဇယ်ချန်းမှာ သူမနှင့် ရန်ဖြစ်ဝံ့မည် မဟုတ်ပေ။ ရရှိလာမည့် အကျိုးအမြတ်နှင့် နှိုင်းယှဉ်ပါက ဤမျှသော စွန့်စားမှုမှာ လက်ခံနိုင်စရာ ဖြစ်နေသည်။
ချန်ရွေ့ကို လွယ်ကူစွာပင် ဖျောင်းဖျပြီးနောက် နောက်ထပ် ရင်ဆိုင်ရမည်မှာ ရှယ်ယာရှင်များ ဖြစ်သည်။
တုဇယ်ချန်းက ရှယ်ယာရှင်များနှင့် အကြီးအကဲများအပေါ် ထားရှိသော သဘောထားမှာ ပို၍ပင် ပြတ်သားလှသည်။ အကြောင်းမှာ ခြိမ်းခြောက်ရန်မှာ မသင့်တော်သလို၊ မက်လုံးပေးရန်မှာလည်း သူတို့သည် အကျိုးအမြတ်ကြီးကြီးမားမားကိုသာ လိုချင်ကြသူများ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် "ခင်ဗျားတို့က ခင်ဗျားတို့ ပြော၊ ကျွန်တော်က ကျွန်တော့်ဘာသာ လုပ်မယ်" ဟူသော မူဝါဒကိုသာ ကိုင်စွဲထားလိုက်သည်။
ရှယ်ယာရှင်တစ်ဦးက ပြောလိုက်သည်။ "ဥက္ကဋ္ဌလေး... သတ္တုတွင်းလုပ်ငန်းတွေက အထွက်နှုန်းကျနေပြီဖြစ်လို့ တစ်ခုခု လုပ်ဆောင်မှ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ဆိုးကျိုးတွေပဲ ကြုံရပါလိမ့်မယ်”
တုဇယ်ချန်းက မေးမြန်းလိုက်သည်။ "ဘယ်လို အစီအမံမျိုးတွေ လုပ်ဆောင်သင့်လဲ”
ရှယ်ယာရှင်က ပြောလိုက်သည်။ "ဒါရိုက်တာချောင်က ဒီလုပ်ငန်းမှာ ဝါရင့်သူဖြစ်လို့ သူ့ကိုပဲ လွှဲပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်”
တုဇယ်ချန်းက ပြောလိုက်သည်။ "ဒါရိုက်တာချောင်လား... ကောင်းပါပြီ”
ရှယ်ယာရှင်က ဝမ်းသာသွားကာ မေးမြန်းလိုက်သည်။ "ဒါဆိုရင် အမြန်ဆုံး အမိန့်စာ ထုတ်ပေးနိုင်မလား”
တုဇယ်ချန်းက ပြောလိုက်သည်။ "ပြဿနာ မရှိပါဘူး”
ရှယ်ယာရှင် ပြန်သွားပြီးနောက် တုဇယ်ချန်းမှာ ထိုကိစ္စကို ချက်ချင်းပင် မေ့ပစ်လိုက်တော့သည်။ ရှယ်ယာရှင်မှာလည်း သူ့နောက်သို့ လိုက်၍ အတင်းအကျပ် မတောင်းဆိုဝံ့ပေ။
အကြီးအကဲများကလည်း လတ်တလောတွင် ဖိအားများနေသဖြင့် ရာထူးများ ပြောင်းလဲတိုးမြှင့်ပေးရန် တောင်းဆိုကြပြန်သည်။
တုဇယ်ချန်းမှာလည်း ထုံးစံအတိုင်းပင် မျက်နှာချင်းဆိုင်တွင် သဘောတူဟန် ပြလိုက်ပြီးနောက် လက်တွေ့တွင်မူ မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးခြင်း မရှိပေ။
အကြီးအကဲများမှာမူ တုဟုန်ရိနှင့် ဝမ်ကျန့်ဟွေးတို့က လာရောက် မစည်းရုံးလျှင်ပင် သူတို့ကိုယ်တိုင်ပင် ပုန်ကန်ချင်စိတ်များ ပေါက်နေကြပြီ ဖြစ်သည်။
သို့သော်လည်း အကြောင်းပြချက် ခိုင်လုံစေရန်အတွက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်သည်။
ဝမ်ကျန့်ဟွေးသည် တစ်ရက်တာ အချိန်ပေးကာ ထန်မိသားစု၏ ဥက္ကဋ္ဌရုံးခန်းသို့ ရောက်ရှိလာခဲ့သည်။
ဝမ်ကျန့်ဟွေးက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
"မင်း ဘာပြောလိုက်တယ်..." သူသည် တုဇယ်ချန်းကို နှိမ်ချရန် ပြင်ဆင်လာခဲ့သော်လည်း တစ်ဖက်လူ၏ စကားကြောင့် ဦးစွာ အံ့အားသင့်သွားရခြင်း ဖြစ်သည်။
တုဇယ်ချန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ထန်မိသားစုလုပ်ငန်းကို ကယ်တင်နိုင်မဲ့ နည်းလမ်းကို ကျွန်တော် ရှာတွေ့သွားပါပြီ”
ဝမ်ကျန့်ဟွေးမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။ ထန်မိသားစုမှာ ရှယ်ယာဈေး ကျရုံသာ ရှိသေးပြီး ဒေဝါလီခံရမည့် အခြေအနေ မဟုတ်သဖြင့် ကယ်တင်ရန်ပင် မလိုသေးပေ။
တုဇယ်ချန်းက တစ်ဖက်လူ၏ မျက်နှာပေးကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
"လူတွေက ကျွန်တော့်ရဲ့ အရည်အချင်းကို မယုံကြည်ကြတာလေ။ ဒါကြောင့် ကျွန်တော် အလုပ်လုပ်နေတဲ့ ပုံစံကို တိုက်ရိုက်လွှင့်ပြီး ပြလိုက်မယ်။ ကျွန်တော့်မှာ အရည်အချင်းရှိတာကို မြင်သွားရင်၊ ပြီးတော့ ထန်မိသားစုက ဝန်ထမ်းတွေ ဘယ်လောက်တော်လဲဆိုတာကို မြင်သွားရင် သူတို့တွေ သံသယ မရှိတော့ဘဲ ရှယ်ယာဈေးတွေ ပြန်တက်လာမှာပေါ့”
ဝမ်ကျန့်ဟွေးမှာ စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှယ်ယာဈေးမှာ ပို၍ပင် ကျသွားနိုင်ပေသည်။ ဤဥက္ကဋ္ဌမှာ ကုမ္ပဏီထောင်ခြင်းကို အနုပညာရှင် လုပ်သကဲ့သို့ လူကြိုက်များရုံနှင့် ဖြစ်မည်ဟု ထင်နေသလားဟု သူ တွေးနေမိသည်။
ထိုသို့တွေးမိသည်နှင့် သူက တစ်စုံတစ်ခုကို ကြံစည်လိုက်သည်။ တုဇယ်ချန်းက လူအများရှေ့တွင် သူ၏ အသိဉာဏ်နည်းမှုကို ထုတ်ပြချင်နေမှတော့ သူက ဘာကြောင့် တားဆီးနေရမည်နည်း။
ခေတ္တမျှ ဆုံးရှုံးမှု ရှိနိုင်သော်လည်း သေသေချာချာ စီစဉ်လိုက်လျှင် စီမံခန့်ခွဲပိုင်ခွင့်ကိုသာမက သူ၏ ရှယ်ယာများကိုပါ လက်လွှတ်ရအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။
ဝမ်ကျန့်ဟွေးက ပြုံးလျက် ပြောလိုက်သည်။ "လူငယ်တွေမှာ တကယ်ပဲ နည်းလမ်းကောင်းတွေ ရှိတာပဲ။ အစီအစဉ်ကို ဘယ်တော့ စမှာလဲ”
တုဇယ်ချန်းက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ "ဦးလေးဝမ်က ထောက်ခံပေးတယ်ဆိုရင်တော့ ကျွန်တော် စိတ်အေးရပါပြီ။ ကျွန်တော်တို့ရဲ့ ရှောင်းယောင် Live နဲ့ လိမ္မော်သီး Live တို့ ပူးပေါင်းဆောင်ရွက်မှု ပြီးတာနဲ့ စတင်နိုင်ပါပြီ”
တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "ဒါနဲ့... အစီအစဉ် စပြီဆိုရင်တော့ ဦးလေးဝမ်အနေနဲ့ ကျွန်တော့်ကို အခုလိုမျိုး ပေါ့ပေါ့ပါးပါး ဆက်ဆံလို့ မရတော့ဘူးနော်။ မဟုတ်ရင်တော့ ကြည့်ရှုသူတွေက ဦးလေးအပေါ် အမြင်မကြည် ဖြစ်ကုန်လိမ့်မယ်။ အခုခေတ် လူတွေက အရမ်းကို တင်းကြပ်ကြတာ၊ အမှားအယွင်းလေး တစ်ခုရှိရင်တောင် ဝိုင်းဆဲတတ်ကြတယ်။ ကျွန်တော်တို့က ကုမ္ပဏီရဲ့ ပုံရိပ်ကို မြှင့်တင်မှာဖြစ်လို့ ဦးလေးအနေနဲ့ အနှောင့်အယှက် မဖြစ်စေနဲ့ဦးနော်”
ဝမ်ကျန့်ဟွေးက စိတ်ထဲမှ အေးစက်စွာ လှောင်ရယ်လိုက်မိသည်။ ကလေးတစ်ယောက်က သူ့ကို လူအများရှေ့တွင် အမိန့်ပေးချင်နေသည်ပေါ့။
သူသည် အဆောက်အဦမှ ထွက်လာပြီးနောက် မိမိ၏ ဝမ်းဗိုက်ကို ငုံ့ကြည့်ကာ အတွင်းရေးမှူးအား မှာကြားလိုက်သည်။ "ငါ့အတွက် အားကစားနည်းပြတစ်ယောက်လောက် ရှာပေးစမ်းပါ”
တုဇယ်ချန်းက Live အစီအစဉ်တွင် ပါဝင်မည်ဟူသော သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားသည်။ ရှယ်ယာရှင်များနှင့် အကြီးအကဲများက သူ့အား မစွမ်းဆောင်နိုင်သူဟု ကဲ့ရဲ့ရင်း ရာထူးကို လုယူရန် ကြံစည်နေကြသလို၊ တစ်ဖက်တွင်လည်း အားကစားလုပ်ခြင်း၊ အလှပြင်ခြင်းများကို ပြုလုပ်နေကြသည်။ အကြောင်းမှာ ရုပ်ရည်ချောမောသော ဗီလိန်များကို လူအများက ခွင့်လွှတ်တတ်ကြသည်ဟု သူတို့ ယူဆသောကြောင့် ဖြစ်သည်။
ထန်မိသားစုတွင် ထိုသို့ဖြစ်နေသလို လန်ဟွေ့တွင်လည်း ထူးမခြားနားလှပေ။ သို့သော် ထန်မိသားစုကဲ့သို့ အားပြိုင်မှုများ မရှိဘဲ နည်းပညာရှင်များမှာ သူတို့၏ အကြီးအကဲ နာမည်ကြီးနေမှုကြောင့် ချစ်သူရလာနိုင်မည်ကိုသာ မျှော်လင့်နေကြသည်။
ချစ်သူရှိနေပြီဖြစ်သော ဥက္ကဋ္ဌရွမ်မှာမူ စိတ်ဝင်စားမှု မရှိလှပေ။ သူသည် လိမ္မော်သီး Live မှ ပြန်လာတိုင်း ပို၍ပင် စိတ်ဓာတ်ကျနေတတ်သည်။
တုဇယ်ချန်းသည် ရှန်ယို့ယောင်နှင့် ဗီဒီယိုဖုန်းပြောပြီးနောက် ရွမ်ဟုန်လန်၏ အခြေအနေကို ကြည့်ကာ မေးမြန်းလိုက်သည်။ "မင်း ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ။ ဖန်ရွှယ်ယင်းက တစ်ခုခု လုပ်ပြန်ပြီလား”
ရွမ်ဟုန်လန်မှာ အလွန်ပင် ပင်ပန်းနေပြီး တုဇယ်ချန်းကလည်း သူတို့၏ ပြဿနာကို သိထားသူဖြစ်သဖြင့် ရင်ဖွင့်လိုက်သည်။ "ကျွန်တော် လိမ္မော်သီး Live မှာ ရှုယင်းကို တွေ့ခဲ့တယ်”
တုဇယ်ချန်းက နားမလည်နိုင်ဘဲ မေးမြန်းလိုက်သည်။ "သူမက အဲဒီမှာ ဘာသွားလုပ်တာလဲ” ထို့နောက်မှ ချန်ရွေ့သည် ဖန်ရွှယ်ယင်းနှင့် ဆက်သွယ်နေသည်ဟူသော အချက်ကို သတိရသွားသည်။
ရွမ်ဟုန်လန်က သူ၏ နာကျင်မှုများကို ရင်ဖွင့်နေတော့သည်။ တုဇယ်ချန်းက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"သူက ဘယ်သူနဲ့ ပတ်သက်နေတာလဲ။ ချန်ရှင်းက အပြင်ပန်းကြည့်ရင်တော့ ခန့်ညားပေမဲ့ အမျိုးသမီးတွေကို ချွဲနွဲ့တဲ့နေရာမှာပဲ တော်တာလေ။ အရည်အချင်းပိုင်းမှာဆိုရင် ချန်ရွေ့ကိုတောင် မမီဘူး”
ချန်ရှင်းသည် လိမ္မော်သီး Live ၏ တာဝန်ခံတစ်ဦးဖြစ်သဖြင့် ရွမ်ဟုန်လန်မှာ ပို၍ပင် စိတ်ဓာတ်ကျသွားရသည်။
ခြောက်လမပြည့်မီသော အချိန်အတွင်း သူ၏ ချစ်သူမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ အလုပ်လုပ်နိုင်ရန်အတွက် ကိုယ်တိုင် ငွေရှာပေးခဲ့သော ထိုမိန်းကလေးမှာ ကုမ္ပဏီကို ရောင်းလိုက်ကြောင်း သိကတည်းက စတင်ပြောင်းလဲသွားခဲ့သည်။ သူ မည်မျှပင် ကောင်းအောင် လုပ်ပေးပါစေ သူမ၏ စိတ်ထဲသို့ မဝင်နိုင်တော့ပေ။
တုဇယ်ချန်းက ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါ သူ့အတွက် ပိုကောင်းတဲ့သူတစ်ယောက် ရှာပေးပါ့မယ်။ မင်းလည်း ဒီဒုက္ခကနေ မြန်မြန် လွတ်မြောက်သွားအောင်ပေါ့”
ရွမ်ဟုန်လန်မှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။
တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "မင်းက သူဌေးတစ်ယောက်ဖြစ်နေရဲ့သားနဲ့ ဝန်ထမ်းတစ်ယောက်လို ဟန်ဆောင်နေရတာက မင်းရဲ့ ကံကောင်းခြင်းတွေကို ထိခိုက်စေလိမ့်မယ်”
ရွမ်ဟုန်လန်က သူ့အား ဝမ်းနည်းသော အကြည့်ဖြင့် ကြည့်နေမိသည်။
တုဇယ်ချန်းသည် ထိုကိစ္စကို အတည်ပေါက် စဉ်းစားလိုက်သည်။ ဖန်ရွှယ်ယင်းသာ ရွမ်ဟုန်လန်အပေါ် သစ္စာရှိမည်ဆိုပါက သူ ဘာမှမပြောလိုသော်လည်း သူမမှာ အခြေအနေမကောင်းမှန်း သိသာလှသည်။ ထို့ကြောင့် သူမမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးဖြစ်သဖြင့် ဖယ်ရှားပစ်ရန် နည်းလမ်း ရှာရမည်။
ညဘက်တွင် တုဇယ်ချန်းက ရှန်ယို့ယောင်အား ထိုအကြောင်းကို ပြောပြရာ ဖန်ရွှယ်ယင်း၏ အပြုအမူများမှာ နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။ ငွေမက်သည်ဟု ပြောရန်မှာလည်း သူမသည် သူ့ကို လိမ်လည်၍ ကွာရှင်းခဲ့သူ ဖြစ်သည်။ အချစ်ကို ရှာသည်ဟု ပြောရန်မှာလည်း သူက သူမကို လွှတ်ပေးလိုက်ပြီဖြစ်သလို ရွမ်ဟုန်လန်ကလည်း သူမအတွက် အရာရာ ပေးဆပ်ထားပါလျက်နှင့် တခြားတစ်ဦးကို ထပ်မံ ရှာဖွေနေပြန်သည်။
ရှန်ယို့ယောင်က အကြောင်းရင်းကို ခန့်မှန်းလိုက်သည်။ ချန်မိသားစုမှာ အတိတ်ဘဝတွင် အောင်မြင်ခဲ့သူများ ဖြစ်ဟန်တူပြီး ဖန်ရွှယ်ယင်း၏ အမြင်တွင် ရွမ်ဟုန်လန်မှာ ကုမ္ပဏီကို ရောင်းချလိုက်ရသဖြင့် အောင်မြင်မည့် လမ်းစ မရှိတော့ဟု ယူဆနေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူမသည် ချမ်းသာသော အသိုင်းအဝိုင်းသို့ ပြန်လည် ဝင်ရောက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ရှန်ယို့ယောင် စိုးရိမ်နေသည်မှာ အခြားတစ်ချက် ဖြစ်သည်။ သူမက မေးမြန်းလိုက်သည်။
"သူ့ လက်ထဲမှာ ရှင်တို့ရဲ့ ကွာရှင်းစာချုပ် ရှိနေသေးတာလား”
တုဇယ်ချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။ "မင်း စိုးရိမ်မနေပါနဲ့။ ဒါက ငါဖြစ်စေခဲ့တဲ့ ကိစ္စမို့လို့ ငါပဲ သေသေချာချာ ရှင်းပါ့မယ်” သူမအတွက် ဆိုးရွားသော အစပြုမှုမျိုး ဖြစ်စေခဲ့သဖြင့် မကောင်းသော ရလဒ်မျိုး မကြုံတွေ့စေရဟု သူ စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
လိမ္မော်သီး Liveနှင့် ပူးပေါင်းဆောင်ရွက်မှု နောက်ဆုံးရက်တွင် တုဇယ်ချန်းကိုယ်တိုင် သွားရောက်ခဲ့ပြီး ချန်ရှင်းနှင့် ရင်းနှီးနေသော ဖန်ရွှယ်ယင်းကိုလည်း မြင်တွေ့ခဲ့ရသည်။ သူမသည် ထိုနေရာသို့ ခဏခဏ လာတတ်ဟန် တူသည်။
တုဇယ်ချန်း ရောက်သွားချိန်တွင် သူမက ကော်ဖီခွက်ကို ကိုင်ကာ ချန်ရှင်း၏ ရုံးခန်းထဲသို့ ဝင်ရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။
ချန်ရှင်းသည် တုဇယ်ချန်း ရောက်လာကြောင်း သိသည်နှင့် အပြေးအလွှား ထွက်လာရာ နှစ်ဦးသား တိုက်မိသွားကြတော့သည်။
တုဇယ်ချန်းက မသိဟန်ဆောင်ကာ မေးမြန်းလိုက်သည်။ "ဖန်ရွှယ်ယင်း..."
ချန်ရှင်းက အနေခက်စွာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။ "သခင်လေးတု"
တုဇယ်ချန်းက မကျေမနပ်ဖြစ်ဟန်ဖြင့် မေးမြန်းလိုက်သည်။ "မင်း သူမကို သိလို့လား”
ချန်ရှင်းက မျက်လုံးအစုံကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။ "ချန်ရွေ့ရဲ့ သူငယ်ချင်းတစ်ယောက်ပါလေ”
တုဇယ်ချန်းက အေးစက်စွာပင် ရှိနေပြီး ဘာမှ ထပ်မပြောတော့သဖြင့် ချန်ရှင်းမှာ စိုးရိမ်သွားရသည်။
ချန်ရွေ့သည် တုဇယ်ချန်းကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ ရောက်လာချိန်တွင် သူနှင့် ဖန်ရွှယ်ယင်းတို့ ဆုံတွေ့နေသည်ကို မြင်လိုက်ရပြီး တုဇယ်ချန်း၏ အေးစက်သော အမူအရာကို ကြည့်ကာ ချန်ရှင်းအပေါ် ဒေါသထွက်သွားမိသည်။
တုဇယ်ချန်းက ချန်ရှင်းအား ပြောလိုက်သည်။ "နေ့လယ်စာ အတူတူ စားကြမလား”
ချန်ရှင်းက ဝမ်းသာအားရ လက်ခံလိုက်ပြီး ချန်ရွေ့ကို ဂုဏ်ယူဟန်ဖြင့် ကြည့်လိုက်သည်။
ချန်ရွေ့က ချန်ရှင်း၏ စကားကို ဖြတ်၍ တုဇယ်ချန်းကို ခေါ်ထုတ်ရန် ပြင်လိုက်သည်။ "အစ်ကိုဇယ်ချန်း... နည်းပညာပိုင်းက ဒီဘက်မှာပါ”
ချန်ရှင်းကလည်း ချန်ရွေ့က သူ့အကြောင်း မကောင်းပြောမည်ကို စိုးရိမ်သဖြင့် နောက်မှ လိုက်သွားတော့သည်။
ဖန်ရွှယ်ယင်းက သူ၏ အင်္ကျီစကို ဆွဲထားသဖြင့် ချန်ရှင်းက မျက်ရိပ်ပြကာ တိုးတိုးလေး ပြောလိုက်သည်။ "ဘာလုပ်တာလဲ။ အခုချက်ချင်း သွားတော့၊ ဒီနေ့ ဒီမှာ မနေနဲ့တော့”
ဖန်ရွှယ်ယင်းက နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ရုံးခန်းထဲမှာ စောင့်နေမယ်လေ၊ အပြင်မထွက်ပါဘူး” သူမသည် အခုထွက်သွားပါက နောက်တစ်ကြိမ် ပြန်ဝင်ရန် ခက်ခဲမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ချန်ရှင်းသည် တုဇယ်ချန်းတို့ အဝေးသို့ ရောက်သွားသည်ကို မြင်သဖြင့် အလျင်စလိုပင် ခေါင်းညိတ်ပြလိုက်ပြီးနောက် အမြန် လိုက်သွားတော့သည်။
ဖန်ရွှယ်ယင်းသည် ရှေ့ဆုံးမှ လျှောက်လှမ်းသွားသော ထိုအမျိုးသားကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေမိသည်။ အတိတ်ဘဝမှ မှတ်ဉာဏ်များက မှန်ကန်ပါရဲ့လား။ မဟုတ်လျှင် သူမသည် အခွင့်အရေးကို လက်ဦးမှု ယူထားပါလျက်နှင့် အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိနေရပါသနည်း။
"မဟုတ်ဘူး... မဖြစ်နိုင်ဘူး။ ချန်ရွေ့က ငါ့ဆီ ရောက်လာပြီဆိုမှတော့ ငါ့အတွက် အခွင့်အရေး ရှိနေသေးတာပဲ..." သူမက တွေးတောနေမိတော့သည်။
…