အခန်း ၇၁
Vol. 5 Ch. 71
အခန်း (၇၁) အလဲအထပ်တို့၏ နောက်ကွယ်
ချန်ရွေ့ကလည်း တုဇယ်ချန်းကို ရှင်းပြလိုက်သည်။
"ရှင်နဲ့ သူမကြားမှာ အငြိုးအတေးတွေ ရှိခဲ့မှန်း ကျွန်မ သိပါတယ်၊ ကျွန်မကလည်း သူမနဲ့ တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရတာပါ၊ အဲဒီတုန်းက သူမရဲ့ လေသံအရ ရှင့်အပေါ် မကောင်းကြံချင်နေပုံရလို့ သူမကို အလုပ်တစ်ခု ပေးလိုက်ရင် တစ်ခုခုကို အာရုံစိုက်မိသွားပြီး ရှင့်ကို ဒုက္ခပေးဖို့ မစဉ်းစားတော့ဘူးလို့ တွေးမိခဲ့တာပါ၊ ဒါ့အပြင် မျက်စိအောက်မှာ ထားတာက ပိုပြီး စိတ်ချရတယ်လေ"
တုဇယ်ချန်းက စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ သူမက ဆက်ရှင်းပြလိုက်သည်။
"ကျွန်မ ရှင့်ကို ပြောမလို့ပါပဲ၊ ဒါပေမဲ့ ကိစ္စက မသေချာသေးသလို ရှင် အထင်လွဲမှာလည်း စိုးရိမ်တာကြောင့် မပြောဖြစ်ခဲ့တာပါ၊ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
သူမက သက်ပြင်းချလိုက်ပြီး အလွန်ပင် အားကိုးရာမဲ့နေသည့် အသွင်ကို ဖော်ဆောင်လိုက်သည်။
တုဇယ်ချန်းက သူမကို လှောင်ပြောင်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း သူနဲ့ ပတ်သက်တာက ငါနဲ့ ဘာမှမဆိုင်ပါဘူး၊ မင်း ငါ့ကို ရှင်းပြနေဖို့ မလိုဘူး၊ ငါလည်း စိတ်မဝင်စားဘူး၊ မင်း သဘောကျရင် ဆက်ပြီး ပတ်သက်နိုင်တယ်၊ ငါ့ကိုတော့ ဆွဲမထည့်နဲ့"
ထိုသို့ပြောပြီးနောက် သူသည် ချန်ရွေ့ကို ဂရုမစိုက်တော့ဘဲ နောက်မှ လိုက်လာသော ချန်ရှင်းကို လှည့်၍ နှုတ်ဆက်လိုက်သည်။
ချန်ရှင်းသည် ထိုအခွင့်အရေးကို အရယူကာ ချန်ရွေ့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး တုဇယ်ချန်းနှင့် စကားစမြည် ပြောဆိုတော့သည်။
ချန်ရွေ့မှာ မျက်မှောင်ကြုတ်လိုက်မိပြီး ဖန်ရွှယ်ယင်းထံမှ သတင်းအချက်အလက် ရယူရန်မှာ လောလောဆယ်တွင် မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည်။
ထိုအမျိုးသမီးမှာ နှုတ်လုံလွန်းလှသဖြင့် အချိန်အတော်ကြာသည့်တိုင် မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။ သူမအနေဖြင့် ချန်ရှင်းက သူမကို စကားပြောအောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း တုဇယ်ချန်းနှင့် မတော်တဆ ဆုံတွေ့သွားခဲ့သဖြင့် နောက်မှသာ အခွင့်အရေး ပြန်ရှာရတော့မည် ဖြစ်သည်။
အစီအစဉ် စတင်ရန် နီးကပ်နေပြီဖြစ်ရာ ကိစ္စသေးလေးအတွက်နှင့် အရေးကြီးသောအလုပ်ကို အပျက်အစီး မခံနိုင်ပေ။
ဤဘက်တွင် ချန်ရှင်းနှင့် တုဇယ်ချန်းတို့၏ စကားဝိုင်းမှာ ပို၍ ရင်းနှီးလာခဲ့သည်။ ချန်ရှင်းသည် တခြားအရာများတွင် မတော်သော်လည်း လူကို မြှောက်ပင့်ရာတွင်မူ အလွန်ပင် ကျွမ်းကျင်လှသည်။ ချန်ရှင်းက ပြောလိုက်သည်။
"သခင်လေးတုက တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာပဲ၊ ထန်မိသားစုလို လုပ်ငန်းကြီးကို လွှဲပြောင်းယူရတာ မလွယ်ကူလှပါဘူး"
တုဇယ်ချန်းက သက်ပြင်းချကာ ပြောလိုက်သည်။ "ကျွန်တော်က ဘာများ တော်လို့လဲ၊ ထန်မိသားစုရဲ့ ရှယ်ယာဈေးတွေကို ကြည့်ရင် သိနိုင်ပါတယ်၊ တကယ် တော်တာက ကျွမ်းဇီစုပါ၊ သူလည်း အသက်နှစ်ဆယ်ကျော်မှာတင် ကျွမ်းမိသားစု လုပ်ငန်းကို ဆက်ခံခဲ့တာ၊ အခုဆိုရင် ရှယ်ယာဈေးတွေက နှစ်ဆလောက် တက်သွားပြီ ဖြစ်ပါတယ်"
ချန်ရှင်းက ပြောလိုက်သည်။ "အဲဒါက သူက မျက်နှာမထောက်ဘဲ နည်းလမ်းတွေက အရမ်း ပြတ်သားလွန်းလို့လေ"
ကျွမ်းမိသားစုမှာလည်း ယန်မြို့၏ ထိပ်တန်းသူဌေးကြီးများထဲမှ တစ်ခုဖြစ်ပြီး ထန်မိသားစုထက်ပင် တည်ထောင်ချိန် စောခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က ပြင်းထန်သော အာဏာလုပွဲတစ်ခု ကြုံတွေ့ခဲ့ရပြီးနောက် အဘိုးဖြစ်သူ ကွယ်လွန်ချိန်တွင် လုပ်ငန်းအချို့ ဆုံးရှုံးခဲ့ရသည်။
နောက်ပိုင်းတွင် အသက် ၂၅ နှစ်သာ ရှိသေးသော ကျွမ်းဇီစုသည် ဥက္ကဋ္ဌ ရာထူးကို ရယူခဲ့သော်လည်း သူနှင့် ပတ်သက်သော ဆွေမျိုးများမှာ ထောင်ကျသူကျ၊ နယ်နှင်ခံရသူခံရနှင့် မည်သူမှ ကောင်းသော ရလဒ် မရရှိခဲ့ကြပေ။
ကျွမ်းဇီစု ကိုယ်တိုင်မှာ စီးပွားရေးတွင် ပါရမီပါသော်လည်း စိတ်နေစိတ်ထားမှာမူ လုံးဝ မကောင်းလှပေ။ စကားတစ်ခွန်း မှားပြောရုံနှင့် သူ့ကို ပြစ်မှားမိသွားနိုင်ပြီး သူ့ကို ပြစ်မှားမိသည့် ရလဒ်မှာမူ...။
ချန်ရှင်းက စိတ်ထဲမှ ခေါင်းခါလိုက်မိသည်၊ မည်သူမှ သူ့ကို မထိရဲကြပေ၊ ချန်ရွေ့ပင်လျှင် ပြန်လာချိန်တွင် ထန်မိသားစုကိုသာ အကွက်ချောင်းရဲခြင်း ဖြစ်သည်။
တုဇယ်ချန်းက ပြောလိုက်သည်။ "ပြတ်သားတာကတော့ ပြတ်သားတာပေါ့၊ ဒါပေမဲ့ သူ့ရဲ့ မျက်စိထဲ ရောက်သွားရင်တော့ ရရှိမဲ့ အကျိုးကျေးဇူးတွေက အထင်အရှားပဲလေ"
သူက ဆက်ပြောလိုက်သည်။
"ချောင်မိသားစုပဲ ကြည့်ပါလား၊ အဲဒီ ချောင်ကျယ်က အရင်က အလုပ်သမား တစ်ယောက်ပဲ မဟုတ်လား၊ အခုဆိုရင် မင်းတို့ ချန်မိသားစုနဲ့တောင် အဆင့်တူနေပြီ ဖြစ်ပါတယ်"
ချန်ရှင်းက မနာလိုစွာဖြင့် ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ ကျွန်တော် သူ့ကို တွေ့ဖူးတယ်၊ သူက ဘာအရည်အချင်းမှ ရှိတာ မဟုတ်ပါဘူး၊ ကျွမ်းမိသားစုရဲ့ အောင်မြင်မှုကို အသုံးချခဲ့တာ၊ ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌကျွမ်းကို မြှောက်ပင့်နိုင်ခဲ့သလဲ မသိပါဘူး"
တုဇယ်ချန်းက လျှို့ဝှက်သော အပြုံးဖြင့် မေးမြန်းလိုက်သည်။ "သိချင်လို့လား"
ချန်ရှင်းက အံ့သြစွာ မေးမြန်းလိုက်သည်။ "ခင်ဗျား သိလို့လား"
တုဇယ်ချန်းက ပြောလိုက်သည်။ "သိတာပေါ့၊ အဲဒီတုန်းက ကျွန်တော် ကျောင်းတက်နေတုန်း ဖြစ်ပေမဲ့ ကျွန်တော့်အဘိုးက ဒီအကြောင်းတွေကို ခဏခဏ ပြောပြတတ်တယ်"
ချန်ရှင်းက အလေးအနက် နားထောင်ရန် ပြင်လိုက်သောအခါ တုဇယ်ချန်းက မဆိုင်းမတွပင် ပြောပြလိုက်သည်။ "ဥက္ကဋ္ဌကျွမ်းက ဒီနှစ်ဆိုရင် အသက်သုံးဆယ်ကျော် နေပြီဖြစ်ပေမဲ့ အခုထက်ထိ လူပျိုကြီးပဲ ရှိပါသေးတယ်"
ချန်ရှင်းက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။ "ဒါဆိုရင် အမျိုးသမီးတစ်ယောက်ကို အသုံးချတာလား၊ ကျွမ်းဇီစုက အမျိုးသမီးတွေနဲ့ မပတ်သက်ဘူးလို့ နာမည်ကြီးတာနော် "
ကျွမ်းမိသားစု၏ စည်းစိမ်ဥစ္စာများ အနည်းငယ် လျော့နည်းသွားသော်လည်း အခြေခံမှာ ခိုင်မာဆဲ ဖြစ်ပြီး ထန်မိသားစုနှင့် မထူးမခြားနားလှပေ။ ထို့ပြင် ကျွမ်းဇီစု၏ နည်းလမ်းများကြောင့် အမျိုးသမီးများစွာက သူ့နားသို့ ကပ်ချင်ကြသော်လည်း သူက အမျိုးသမီး နှစ်ဦးကို ပြတ်ပြတ်သားသား အရေးယူပြီးနောက်တွင် မည်သူမှ မကပ်ရဲကြတော့ပေ။
တုဇယ်ချန်းက ရယ်မောရင်း ပြောလိုက်သည်။ "အဲဒါက သူတို့ နည်းလမ်းမှားနေလို့ပေါ့"
သူက ဆက်ပြောလိုက်သည်။ "ကျွမ်းမိသားစုက အဘွားကြီးအကြောင်းကို သိတယ် မဟုတ်လား၊ ကျွမ်းဇီစုက အသက်ကြီးတဲ့အထိ လက်မထပ်သေးလို့ အဘွားက အရမ်း စိတ်ပူနေတာလေ၊ ဒါကြောင့် မြေးဖြစ်သူအတွက် အမျိုးသမီးတွေကို ရှာဖွေပေးရတာကို သူက အရမ်း ဝါသနာပါတယ်၊ ချောင်ကျယ်ရဲ့ ညီမက အဘွားနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့လို့ ချောင်မိသားစုက ကျွမ်းဇီစုရဲ့ မျက်စိထဲ ရောက်သွားခဲ့တာပေါ့"
သူသည် ချန်ရှင်း၏ မျက်လုံးများ လှုပ်ရှားနေသည်ကို မြင်သောအခါ သူ ဘာတွေးနေသည်ကို သိသည့်အလား ပြုံး၍ ပြောလိုက်သည်။ "မင်းတို့ရဲ့ ချန်သော်ကိုတော့ လုံးဝ မလွှတ်နဲ့ဦးနော်၊ ကျွမ်းဇီစုက ချွဲနွဲ့တတ်တဲ့ မိန်းကလေးတွေကို အမုန်းဆုံးပဲ၊ သူက အဲဒီလို အကွက်တွေကို လက်မခံဘူး၊ အရင်က ချောင်မိသားစုရဲ့ ဒုတိယသမီးလေးကို သူက လူကြားထဲမှာတင် ဆူပူလိုက်လို့ ငိုသွားခဲ့ရတာ အခုထိ လူပြောစရာ ဖြစ်နေတုန်းပဲ"
သူက စိတ်ပါလက်ပါ နားထောင်နေသော ချန်ရွေ့ကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ချန်ရွေ့... မင်းလည်း မရဘူး၊ မင်းက အလုပ်အပေါ် အရမ်း အာရုံစိုက်လွန်းသလို အရမ်းလည်း တော်လွန်းတယ်"
"ကျွမ်းမိသားစုရဲ့ အာဏာလုပွဲက ကျွမ်းဇီစုအတွက်တင်မကဘဲ အဘွားအတွက်လည်း အကျိုးသက်ရောက်မှု အများကြီး ရှိခဲ့တယ်၊ သူတို့က ရိုးသားတဲ့ မိန်းကလေးတွေကိုပဲ သဘောကျကြတယ်၊ နည်းနည်းလေး နုံအပြီး သဘောကောင်းမဲ့သူ၊ အိမ်ထောင်မှုကိုပဲ အလေးထားပြီး မြန်မြန် လက်ထပ်နိုင်မဲ့သူမျိုးကိုပဲ ရှာနေကြတာ"
ချန်ရွေ့က ဆိုသည်။ "ကျွန်မကတော့ ကျွမ်းမိသားစုကို ကပ်ဖို့ မစဉ်းစားပါဘူး၊ ဥက္ကဋ္ဌကျွမ်းကို ကျွန်မ တွေ့ဖူးတယ်၊ သူက အရမ်း အေးစက်လွန်းတယ်၊ ကျွန်မ သဘောကျတဲ့ စရိုက်မျိုး မဟုတ်ဘူး"
သူမက ပြောပြောဆိုဆိုဖြင့် တုဇယ်ချန်းကို မြတ်နိုးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် တုဇယ်ချန်းမှာမူ သူမကို မကြည့်ဘဲ ချန်ရှင်းကိုသာ ဆက်ပြောလိုက်သည်။
"ဒါကြောင့် မင်းတို့ ချန်မိသားစုမှာ သင့်တော်တဲ့ မိန်းကလေး မရှိရင်တော့ မစဉ်းစားတာက ပိုကောင်းလိမ့်မယ်"
ချန်ရှင်းက စိတ်ထဲမှ တစ်စုံတစ်ခုကို ကြံစည်လိုက်မိသည်။ ချန်မိသားစုမှာ မရှိလျှင်အဘယ်ကြောင့် ချန်မိသားစုကလူကိုပဲ ရှာနေရမည်နည်း။ မိမိအတွက် အကျိုးရှိဖို့သာ အဓိက မဟုတ်ပါလား။
နေ့လယ်စာ စားပြီးနောက် သူသည် ရုံးခန်းသို့ အပြေးအလွှား သွားခဲ့ရာ ဖန်ရွှယ်ယင်းမှာ ရှိနေဆဲ ဖြစ်သည်။
တုဇယ်ချန်းသည် ချန်မိသားစု အဆောက်အဦမှ ထွက်လာချိန်တွင် ကားရှေ့၌ ပိတ်ရပ်နေသော ဖန်ရွှယ်ယင်းကို တွေ့လိုက်ရသည်။
သူသည် ကြိုတင်သိနေသည့်အလား မအံ့သြဘဲ ကားတံခါးကို ဖွင့်ပေးကာ သူမကို ကားပေါ်တက်ခိုင်းလိုက်သဖြင့် ဖန်ရွှယ်ယင်းမှာ ဝေခွဲမရ ဖြစ်သွားတော့သည်။
တုဇယ်ချန်းက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ "ပြောပါဦး... ဘာကိစ္စလဲ"
ဖန်ရွှယ်ယင်းသည် သူ၏ ခန့်ညားသော ဘေးတိုက်မျက်နှာလေးကို ကြည့်ကာ ခေတ္တမျှ ငေးမောနေမိသည်။ ခြောက်လအတွင်း သူသည် အရမ်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်၊ အကယ်၍ သူမသာ အရင်က...။
တုဇယ်ချန်းက စိတ်မရှည်စွာ ပြောလိုက်သည်။ "မင်း ပြောမှာလား၊ မပြောဘူးလား"
ဖန်ရွှယ်ယင်း သတိပြန်ဝင်လာကာ ထိုအမျိုးသားမှာ အတိတ်တစ်ခုသာ ဖြစ်သည်။ သူမ ရှေ့ဆက်ရမည်ဟု တွေးလိုက်မိသည်။ ဖန်ရွှယ်ယင်းက ပြောလိုက်သည်။ "ချန်ရွေ့က ကျွန်မကို လာရှာတယ်၊ သူမက ရှင်နဲ့ ရှန်ယို့ယောင်ရဲ့ အတိတ်က ပတ်သက်မှုတွေကို သိချင်နေပုံပဲ၊ ကျွန်မ ဆိုလိုတာကို ရှင် နားလည်တယ် မဟုတ်လား"
တုဇယ်ချန်းက စကားအပို မပြောလိုဘဲ မေးလိုက်သည်။ "ပြောစမ်း... မင်း ဘာလိုချင်တာလဲ"
ဖန်ရွှယ်ယင်းက ခေတ္တတုံ့ဆိုင်းပြီးနောက် မေးလိုက်သည်။ "အဲဒါကတော့ ရှင်က ရှန်ယို့ယောင်အတွက် ဘယ်အတိုင်းအတာအထိ လုပ်ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့"
တုဇယ်ချန်းက လှောင်ရယ်လိုက်ပြီး ပြောလိုက်သည်။ "မင်းရဲ့ အကြီးမားဆုံး တောင်းဆိုချက်ကိုသာ ပြောလိုက်စမ်းပါ"
ဖန်ရွှယ်ယင်းမှာ အံ့သြသွားသည်။ သူသည် ဤမျှအထိ ပွင့်လင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန်အတွက် ဂရုမစိုက်သလို ဟန်ဆောင်သင့်သည် မဟုတ်ပါလား။
တုဇယ်ချန်းက သူမ ဘာတွေးနေသည်ကို သိသည့်အလား ပြောလိုက်သည်။
"မင်းမှာ ဘာမှ ဆုံးရှုံးစရာ မရှိတော့လို့ ငါနဲ့အတူ ငရဲကို လိုက်ချင်နေတာကို ငါ သိပါတယ်"
"ဒါပေမဲ့ ငါ မင်းကို အသေအချာ ပြောလိုက်မယ်၊ ရှန်ယို့ယောင်က ငါ့ရဲ့ နောက်ဆုံးစည်းပဲ၊ ဘယ်သူကမှ သူမကို ထိခိုက်အောင် လုပ်ခွင့်မရှိဘူး၊ လုပ်တဲ့သူကိုတော့ တစ်ဘဝလုံး ကောင်းကောင်း မနေရအောင် လုပ်ပစ်မယ်" တုဇယ်ချန်းက သူမကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"မင်း အရာရာကို ဆုံးရှုံးဖို့ အဆင်သင့် ဖြစ်ပြီလား"
"မင်း ငါတို့ရဲ့ အတိတ်က ကိစ္စတွေကို ဖွင့်ချမယ်ဆိုရင် ယို့ယောင်ကတော့ တစ်ဖက်လူကို ဖျက်ဆီးသူဆိုတဲ့ နာမည်ဆိုးတစ်ခုပဲ ရလိမ့်မယ်၊ ဒါပေမဲ့ ငါကတော့ မင်း ဘာတွေ လုပ်ခဲ့သလဲဆိုတာကို အကုန် သိတယ်၊ ဟိုတယ်က ဗီဒီယို သက်သေတွေ ငါ့ဆီမှာ ရှိနေတုန်းပဲ၊ ငါတို့ကတော့ နောင်ကျရင် နာမည် ပြန်ရှင်းလို့ ရပေမဲ့ မင်းကတော့... မင်းရဲ့ ဘဝတစ်ဝက်ကို ထောင်ထဲမှာပဲ ကုန်ဆုံးရလိမ့်မယ်"
ဖန်ရွှယ်ယင်း၏ မျက်နှာမှာ ပျက်သွားပြီး ပြောလိုက်သည်။ "ရှင် အဲဒီလို မလုပ်ပါဘူး"
တုဇယ်ချန်းက ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါ မလုပ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ယို့ယောင်ကို ထိခိုက်စေမှာ စိုးလို့လေ"
"ဒါကြောင့်ပဲ ငါက မင်းရဲ့ နှောင့်ယှက်မှုကို သည်းခံနေတာ၊ မင်းက ဒါကို အသုံးချပြီး ငါ့ကို မခြိမ်းခြောက်နဲ့" တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "သူ အပြောအဆို မခံရဖို့အတွက်ဆိုရင် ငါက သင့်တော်တဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ဖို့ အဆင်သင့်ပဲ"
ဖန်ရွှယ်ယင်းသည် သူ့ကို ငေးကြည့်နေမိသည်။ သူမ အတိတ်ဘဝက သူ့နောက်သို့ လိုက်ခဲ့စဉ်က အမြဲတမ်း သူ့အလိုကို လိုက်ခဲ့ရပြီး သူ စိတ်ချမ်းသာစေရန်အတွက်သာ လုပ်ဆောင်ခဲ့ရသလို သူသည်လည်း သူမ၏ ဂရုစိုက်မှုကို ကျင့်သားရနေပြီး သူမအတွက် တစ်ခါမျှ မတွေးပေးခဲ့ဖူးပေ။
သို့သော် ယခုအခါ သူသည် တစ်ဖက်လူ အပြောအဆို မခံရစေရန်အတွက် စွန့်ပစ်ထားခဲ့သော အမျိုးသမီးတစ်ဦးအတွက် ဤမျှအထိ လုပ်ဆောင်ပေးနေသည်။ သူမ၏ စိတ်ထဲတွင် ထိန်းချုပ်မရသော မနာလိုစိတ်များ မြင့်တက်လာသည်။ သူမ ဘာကြောင့် အရာအားလုံးကို ပေးဆပ်ခဲ့ရသနည်း၊ အတိတ်ဘဝမှာပင် သူ့နောက်သို့လိုက်ကာ ဒုက္ခများစွာ ခံစားခဲ့ရပါလျက်နှင့် အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေရပါသနည်းဟု တွေးတောနေမိသည်။
ဖန်ရွှယ်ယင်းက ရုတ်တရက် အော်ပြောလိုက်သည်။
"ကျွန်မ ကျွမ်းဇီစုနဲ့ လက်ထပ်ချင်တယ်၊ ကျွမ်းမိသားစုရဲ့ အိမ်ရှင်မ ဖြစ်ချင်တယ်"
ချန်ရှင်းက သူမအား ကျွမ်းဇီစုအကြောင်း ပြောပြထားသဖြင့် သူမ သိရှိထားခြင်း ဖြစ်သည်။ ကျွမ်းဇီစုမှာ အတိတ်ဘဝက ယန်မြို့၏ ထိပ်တန်းသူဌေးကြီးဖြစ်ပြီး မည်သူမှ မထိရဲသလို၊ လက်ရှိ တုဇယ်ချန်းထက်ပင် သာလွန်လှသည်။
တုဇယ်ချန်းက သူမကို အံ့သြစွာ ကြည့်လိုက်သည်။ ၎င်းမှာ သူ၏ ရည်ရွယ်ချက် ဖြစ်သော်လည်း ဖန်ရွှယ်ယင်း ကိုယ်တိုင်က တောင်းဆိုလာလိမ့်မည်ဟု မထင်ထားခဲ့ပေ၊ သူမ၏ ရည်မှန်းချက်မှာ တကယ်ကို မြင့်မားလှပေသည်။
ဖန်ရွှယ်ယင်း သတိပြန်ဝင်လာကာ ထိုတောင်းဆိုချက်မှာ မဖြစ်နိုင်မှန်း သိလိုက်သဖြင့် စိတ်ပျက်သွားရသည်၊ တုဇယ်ချန်းတွင် ထိုသို့သော အရည်အချင်း ရှိလျှင်ပင် သူမအား သူ့ထက် မြင့်မားသော နေရာသို့ ပို့ဆောင်ပေးလိမ့်မည် မဟုတ်ပေ။
ချန်ရှင်းနှင့် လက်ထပ်ခြင်းက ပို၍ သေချာလိမ့်မည် ဖြစ်သလို တုဇယ်ချန်းက ရှန်ယို့ယောင်ကို အမြဲ အလေးထားနေမည်ဆိုလျှင် နောင်ကျ ချန်ရှင်းအား ချန်မိသားစုကို လွှဲပြောင်းယူနိုင်အောင် ကူညီခိုင်းပြီး သူမသည်လည်း ချန်မိသားစု၏ ကတော် ဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။
ဖန်ရွှယ်ယင်းက စကားပြန်ပြင်ရန် ပြင်စဉ် တုဇယ်ချန်းက ပြောလိုက်သည်။ "ကောင်းပြီလေ"
ထိုစကားကြောင့် ဖန်ရွှယ်ယင်းမှာ အံ့သြသွားရပြန်သည်။
တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "ကျွမ်းဇီစုနဲ့ ဆုံနိုင်အောင် ငါ ကူညီပေးမယ်၊ ဒါပေမဲ့ လက်ထပ်နိုင်ဖို့ကတော့ မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်၊ မင်းတို့ လက်ထပ်မဲ့ အချိန်ကျရင် ကွာရှင်းစာချုပ်ကိစ္စကို ငါက အနုပညာလောကရဲ့ သတင်းအချက်အလက် တစ်ခုအနေနဲ့ပဲ ရှင်းပြပေးမယ်၊ အဲဒီတုန်းက ငါက ဆိုးသွမ်းခဲ့လို့ အနုပညာလောကအတွက် ဖန်တီးခဲ့တာလို့ ပြောပေးမယ်လေ၊ ဘယ်လိုလဲ"
ဖန်ရွှယ်ယင်းမှာ မယုံကြည်နိုင်သေးဘဲ မေးမြန်းလိုက်သည်။ "ဘာဖြစ်လို့လဲ"
တုဇယ်ချန်းက ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။
"မင်းနဲ့ မပတ်သက်ချင်တော့လို့လေ၊ မင်းသာ ကျွမ်းဇီစုနဲ့ လက်ထပ်လိုက်ရင် ပြဿနာတွေ ရှာတော့မှာ မဟုတ်ဘူး မဟုတ်လား။ အဲဒီအချိန်ကျရင် ကွာရှင်းခဲ့တဲ့ ကိစ္စကို မင်းကိုယ်တိုင်တောင် ဖုံးကွယ်ထားချင်မှာပဲလေ၊ အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်က ကျွမ်းဇီစုလိုလူနဲ့ လက်ထပ်ရင် အပြောအဆို ခံရမှာက အမှန်ပဲ၊ ဒါကြောင့် မင်းသာ သူ့ကို လက်ထပ်ချင်ရင် ဒီကိစ္စကို သေသေချာချာ ဖုံးထားတာက ပိုကောင်းလိမ့်မယ်"
"ဒါ့အပြင် မင်းသာ သူ့ကို လက်ထပ်လိုက်ရင် မင်းလက်ထဲက ကွာရှင်းစာချုပ်က ငါ့အတွက် အားနည်းချက် ဖြစ်လာမှာ မဟုတ်တော့ဘူး" တုဇယ်ချန်းက သတိပေးလိုက်သည်။
"ဒါနဲ့... ကျွမ်းဇီစုရဲ့ စိတ်က တကယ် မကောင်းဘူးနော်၊ သူက ပြတ်သားတယ်ဆိုတာ ကောလာဟလ မဟုတ်ဘူး၊ တကယ်လို့ မင်းက သူ့ကို လိမ်ခဲ့မှန်း သူ သိသွားရင်တော့ ငါ့ထက် ပိုပြီး ဆိုးရွားတဲ့ ရလဒ်တွေ ကြုံရလိမ့်မယ်၊ မင်း တကယ်ပဲ သူ့ကို ချဉ်းကပ်ချင်တာ သေချာရဲ့လား"
ဖန်ရွှယ်ယင်းမှာ သံသယရှိနေဆဲ ဖြစ်သည်၊ တုဇယ်ချန်းက သူမကို အကွက်ဆင်နေခြင်းလားဟု စိုးရိမ်မိသော်လည်း သူ၏ ရှင်းပြချက်များက သူမ၏ သံသယကို ပြေပျောက်စေခဲ့သည်။ သူမအတွက်လည်း ဤတစ်လမ်းသာ ရှိတော့သည် မဟုတ်ပါလား။
ဖန်ရွှယ်ယင်းက ပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်မ သေချာပါတယ်"
တုဇယ်ချန်းက ပြောလိုက်သည်။ "ကောင်းပြီ၊ ဒါဆိုရင် လောလောဆယ်တော့ ချန်ရှင်းနဲ့ပဲ ဆက်ပြီး ပတ်သက်နေလိုက်ဦး၊ ငါ သင့်တော်တဲ့ အချိန်ကျရင် သတင်းပို့ပေးမယ်"
ဖန်ရွှယ်ယင်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ "ချန်ရှင်းလား"
အရင်က အားကိုးရမည့်သူဟု ထင်မှတ်ခဲ့သော်လည်း ပို၍ မြင့်မားသော ပန်းတိုင် ရှိလာချိန်တွင်မူ ချန်ရှင်းမှာ သူမ၏ မျက်စိထဲတွင် ဘာမှ မဟုတ်တော့ပေ။
တုဇယ်ချန်းက ရယ်မောရင်း ပြောလိုက်သည်။ "မင်းက လူနဲ့ ဆုံရုံနဲ့ အောင်မြင်မယ်လို့ ထင်နေတာလား၊ သူက အချစ်ကို ကြည့်တဲ့လူ မဟုတ်ဘူး၊ သူ လက်ထပ်ဖို့ မစဉ်းစားခင်မှာ မင်းရဲ့ အကြောင်းစုံကို အကုန် စုံစမ်းမှာပဲ၊ ငါက ငါ့ရဲ့ ဇနီးဟောင်းကို သူ့ဆီ ပို့လိုက်တယ်ဆိုတာ သိသွားရင် သူ ဘယ်လို ထင်မလဲ"
"ချန်မိသားစုရဲ့ အခွင့်အရေးသမား စရိုက်ကတော့ နာမည်ကြီးတယ်လေ၊ မင်းက အတင်းအကျပ် ခိုင်းစေခံရလို့ ပါလာတာပါလို့ ပြောဖို့က ပိုပြီး လွယ်ကူလိမ့်မယ်၊ နားလည်တယ် မဟုတ်လား"
ဖန်ရွှယ်ယင်း ထွက်သွားပြီးနောက် တုဇယ်ချန်းက သက်ပြင်းချကာ ယာဉ်မောင်းသူ ရှောင်းမင်ကျန့်ကို ပြောလိုက်သည်။ "ဒီရက်ပိုင်းအတွင်း ရွမ်ဟုန်လန်ကို ပိုပြီး ဂရုစိုက်ပေးလိုက်ပါဦး၊ ဘာပဲဖြစ်ဖြစ် သူ မကြာခင်မှာ အသည်းကွဲရတော့မှာ "
ရှောင်းမင်ကျန့်သည် ဘာမှ ပြန်မပြောနိုင်တော့ပေ။
…