← Chapters

အခန်း ၇၄

Vol. 5 Ch. 74

အခန်း ၇၄

Vol. 5 Ch. 74

အခန်း (၇၄)

ရိုက်ကူးရေးကွင်းသို့ ရောက်ရှိချိန်တွင် ရှန်ယို့ယောင် သရုပ်ဆောင်ရမည့် နောက်ဆုံးအဆင့် အရေးကြီးဆုံး ဇာတ်ဝင်ခန်းကို ရိုက်ကူးနေချိန်နှင့် ကွက်တိပင် ဖြစ်နေတော့သည်။

ပုံမှန်အားဖြင့် ဇာတ်လမ်းတွဲ မပြသမီ ရိုက်ကွင်းအခြေအနေများကို လျှို့ဝှက်ထားလေ့ရှိသော်လည်း ယခုတစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူကြည့်အလွန်များနေသဖြင့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွတ်ခံမည့်သူမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဒါရိုက်တာ ကျီမင်ချန်သည် နံနက်ပိုင်းကတည်းက တုဇယ်ချန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေခဲ့ပြီး သူ ရှန်ယို့ယောင်ကို လာကြိုမည်မှန်း သိသည်နှင့် ယခုဇာတ်ဝင်ခန်းကို ဤအချိန်သို့ ရွှေ့ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာသည် တုဇယ်ချန်း၏ အကြည့်အတိုင်း ရိုက်ကွင်းအလယ်တွင် ရပ်နေသော တက်ကြွထက်မြက်သည့် အမျိုးသမီးတစ်ဦးထံသို့ ရောက်ရှိသွားသည်။

သူမသည် တောက်ပသော အနီရောင်ဝတ်စုံကို ဆင်ယင်ကာ ဓားကို ကိုင်စွဲ၍ မတ်တတ်ရပ်နေသည်။ ကျယ်ဝန်းလှသော အင်္ကျီလက်များမှာ လေပြင်းကြားတွင် တဖျတ်ဖျတ် မြည်အောင် လွင့်နေပြီး လေထဲတွင် ဝဲပျံနေသော ဆံနွယ်နက်များက သူမ၏ အေးစက်ခက်ထန်သော မျက်နှာထားကို ပိုမို ထင်ရှားစေသည်။

သူမ၏ ရှေ့တွင်မူ ကျဆုံးတော့မည့် ရှတိုင်းပြည်၏ မြို့တံခါး ရှိနေပြီး အနောက်တွင်မူ တဟုန်ထိုး စစ်ချီလာသော ကျင်းတိုင်းပြည်၏ စစ်သည်တော်ကြီးများ ရှိနေသည်။ ရှတိုင်းပြည်၏ ဧကရီ ဖြစ်လာခဲ့သော ရှယွမ်မှာမူ ခိုင်မာသော အကြည့်များ ရှိနေသော်လည်း တစ်ကိုယ်လုံးမှာ ဖရိုဖရဲ ဖြစ်နေရှာသည်။ အခြားသော စစ်သူကြီးများမှာမူ ရှန်ယို့ယောင်၏ ဇာတ်ကောင်ဖြစ်သူ ရှောင်ယောင် ပေါ်လာသဖြင့် ပို၍ပင် မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။ အကြောင်းမှာ ရှတိုင်းပြည်တော်ဝင်မိသားစုကို အလွန်မုန်းတီးသော လျိုလီနန်းဆောင် ပိုင်ရှင် ပေါ်လာခြင်းမှာ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ရှယွမ်သည် နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ပြီး လျိုလီနန်းဆောင် သခင်မ ရှောင်ယောင်နှင့် အားလုံးကို ဟိန်းဟောက် ပြောလိုက်သည်။

"တိုင်းပြည်ရဲ့ တံခါးဝကို အသက်နဲ့လဲပြီး ကာကွယ်ကြစို့။ တိုင်းပြည် ပျက်ရင် ငါလည်း သေမယ်”

"တိုင်းပြည်ရဲ့ တံခါးဝကို အသက်နဲ့လဲပြီး ကာကွယ်မယ်။ တိုင်းပြည် ပျက်ရင် ငါတို့လည်း သေမယ်”

စစ်သည်တော်များသည် သူမ၏ စကားကြောင့် စိတ်ဓာတ်များ တက်ကြွလာကာ ပင်ပန်းနွမ်းလျနေသော ခန္ဓာကိုယ်များဖြင့် မိမိတို့၏ ယုံကြည်ချက်ကို စောင့်ထိန်းနေကြသည်။

ရှောင်ယောင်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ လူအများက သူမ၏ အကြံကို မသိနိုင်သေးမီမှာပင် သူမသည် ရုတ်တရက် လှည့်ကာ ကျင်းတိုင်းပြည်စစ်တပ်ဆီသို့ ပျံသန်းဝင်ရောက်သွားပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်တော့သည်။

"လျိုလီနန်းဆောင်က လူတွေ နားထောင်ကြစမ်း။ ကျင်းတိုင်းပြည်က ခွေးတွေကို ရှတိုင်းပြည်မြေပေါ် ခြေတစ်လှမ်းတောင် အနင်းမခံစေနဲ့”

လျိုလီနန်းဆောင်၏ တပည့်များသည်လည်း တစ်ချက်ကလေးမျှ တွန့်ဆုတ်ခြင်း မရှိဘဲ ကျင်းတိုင်းပြည်ကို ခုခံတိုက်ထုတ်နေသော စစ်တပ်အတွင်းသို့ ဝင်ရောက် ပူးပေါင်းလိုက်ကြသည်။ ရှတိုင်းပြည်စစ်သူကြီးများမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး ရှယွမ်ကလည်း အမိန့်ပေးလိုက်သည်။

"မြို့တံခါးကို ဖွင့်ပြီး တိုက်ခိုက်ကြစို့”

ဓားရောင်များ ဝင်းခနဲ လက်ခနဲ ဖြစ်နေပြီး အလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေသည့် စစ်မြေပြင်ကြားတွင် ရှပြည်သား အားလုံး ကြောက်ရွံ့ရသော မိစ္ဆာမလေးသည် ကျင်းတိုင်းပြည်၏ အင်အားအကြီးဆုံး စစ်သူကြီးနှင့် ရင်ဆိုင်ကာ ရှတိုင်းပြည်စစ်တပ်အတွက် အသက်ရှူပေါက် ရအောင် ကြိုးစားပေးနေသည်။

ရှောင်ယောင်သည် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော်လည်း တစ်ဖက်ရန်သူကို အဆုံးမသတ်နိုင်သေးပေ။ ထိုစဉ် အဝေးမှ မြားဖြင့် ချိန်ရွယ်နေသော ဟူချန်ချင်းကို မြင်လိုက်ရချိန်တွင် သူမ၏ အေးစက်သော မျက်ဝန်းများမှာ လှုပ်ရှားသွားပြီး ရန်သူနှင့် အတူတူ သေမည့် အနေအထားဖြင့် ကျင်းတိုင်းပြည်စစ်သူကြီး၏ လမ်းကို ပိတ်ဆို့လိုက်တော့သည်။

မြားရှည်သည် ရန်သူစစ်သူကြီး၏ ရင်ဘတ်ကို ဖောက်ထွက်သွားသလို သံဓားရှည်သည်လည်း ရှောင်ယောင်၏ နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။

"အစ်မတော်” ရှတိုင်းပြည်ဧကရီသည် ထိုမြင်ကွင်းကို ကြည့်ကာ အော်ဟစ်လိုက်မိသည်။

ကောင်းကင်မှ သွေးရောင်အဆင်းများ မြေခနေချိန်တွင် ရက်စက်လှသော မိစ္ဆာမလေးသည် သူမ၏ ညီမအရင်းထံသို့ ခက်ခဲစွာ လှည့်ကြည့်လိုက်သည်။ ဘဝ၏ နောက်ဆုံး အခိုက်အတန့်တွင် သူမ၏ မျက်ဝန်းထဲမှ အေးစက် ရက်စက်မှုများ ပျောက်ကွယ်သွားပြီး မူလကရှိခဲ့သော ကြည်လင်သော အရောင်အဆင်းများ ပြန်လည် ပေါ်ပေါက်လာတော့သည်။

ဧကရီ၏ အော်ဟစ်သံကြားတွင် သူမသည် ဟူချန်ချင်း၏ ရင်ခွင်ထဲသို့ လဲကျသွားသည်။ သူမသည် ရှတိုင်းပြည်မြို့တံခါးဘက်သို့ လှည့်ကြည့်ကာ သူမ ကာကွယ်ပေးခဲ့သော တိုင်းပြည်ကို ကြည့်ရင်း တစ်သက်လုံး တိတ်တိတ်လေး ချစ်ခဲ့ရသော အမျိုးသားအား ပြုံးပြလျက် ပြောလိုက်သည်။

"ကျွန်မလည်း... ရှတိုင်းပြည်ရဲ့ မင်းသမီး တစ်ပါးပဲလေ..."

"ကတ်” ကျီမင်ချန်သည် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ "တကယ့်ကို ပြည့်စုံလွန်းတယ်”

ရှန်ယို့ယောင်သည် ဇာတ်လိုက်မင်းသား ယန်ချီစစ်၏ ရင်ခွင်ထဲမှ ထလိုက်သည်။ ယန်ချီစစ်က သူမအား ပြောလိုက်သည်။

"ရိုက်ကူးရေး ပြီးဆုံးသွားတာ ဂုဏ်ယူပါတယ်"

"ကျေးဇူးတင်ပါတယ်" ရှန်ယို့ယောင်က ပြုံး၍ ပြန်ပြောပြီးနောက် တုဇယ်ချန်းကို လိုက်လံ ရှာဖွေလိုက်သည်။ တုဇယ်ချန်းသည် အနားသို့ တရကြမ်း လျှောက်လာကာ သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ "ယို့ယောင်"

ရှန်ယို့ယောင်သည် ပျော်ရွှင်စွာဖြင့် သူ့ကို ပြန်ဖက်လိုက်သည်။ "ကျွန်မ ရိုက်လို့ ပြီးသွားပြီ”

"အင်း... ကိုယ် မြင်လိုက်တယ်၊ တကယ်ကို တော်တယ်"

[ဝါး... ဒါ ဘာကားလဲ။ ခုနက မြင်ကွင်းက တကယ့်ကို အလန်းပဲ]

[ရှန်ယို့ယောင်ရဲ့ သရုပ်ဆောင်မှုက တကယ်ကို ကောင်းတာပဲ။ ဇာတ်လမ်း အစအဆုံး မသိပေမဲ့ ငိုတောင် ငိုမိတယ်...]

[ဗီလိန်ကြီးကနေ လူကောင်းအဖြစ် ပြောင်းသွားတဲ့ အကြည့်က တကယ့်ကို အသက်ဝင်တယ်]

[ဒါ ဘာဇာတ်လမ်းလဲဗျာ။ ဒီအခန်းလေးနဲ့တင် အဆင့်အတန်း မြင့်မှန်း သိသာတယ်။ စောင့်ကြည့်ရမယ်...]

ဒါရိုက်တာ ကျီမင်ချန်သည် လူကြည့်များနေသဖြင့် ဝမ်းသာနေတော့သည်။ ထုတ်လုပ်သူသည်လည်း ကြော်ငြာအဖွဲ့ကို ချက်ချင်း အလုပ်လုပ်ခိုင်းလိုက်သည်။

ဤအရာများသည် တုဇယ်ချန်းတို့နှင့် မသက်ဆိုင်တော့ပေ။ ရှန်ယို့ယောင် မိတ်ကပ်ဖျက်ရန် သွားသည့် လမ်းတစ်လျှောက်တွင် သူသည် သူမ၏ လက်ကို ကိုင်ကာ လူတိုင်းအား မိတ်ဆက်ပေးနေတော့သည်။

"အားလုံး သိကြတယ် မလား၊ ဒါ ငါ့မိန်းမလေ။ ခုနက သရုပ်ဆောင်တာ တော်တယ် မဟုတ်လား"

ရှန်ယို့ယောင်သည် ရှက်ကိုးရှက်ကန်း ပြုံးလျက် သူ့အား မကြွားရန် တားမြစ်နေသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ”

တုဇယ်ချန်းကမူ ရယ်မောလျက် ဆိုသည်။ "အင်း... သူက နည်းနည်းတော့ ရှက်တတ်တယ်၊ နောက်မှ သိလာကြမှာပါ"

[ဒါ ခုနက ဗီလိန်မကြီးလား။ စဉ်းစားလို့တောင် မရဘူး။]

[ဟုတ်ပ၊ ဒီလို စရိုက်နဲ့ ဘယ်လိုလုပ် အဲဒီလောက်အထိ ထက်မြက်တဲ့ ပုံစံကို သရုပ်ဆောင်နိုင်တာလဲ]

[ဒါကြောင့်လည်း သရုပ်ဆောင် အရည်အချင်းရှိတယ်လို့ ပြောတာပေါ့]

ရှန်ယို့ယောင် မိတ်ကပ်ဖျက်နေစဉ် တုဇယ်ချန်းသည် ဘေးမှ ကပ်၍ ကြည့်နေသည်။ အွန်လိုင်းမှ ပရိသတ်များ ငြီးငွေ့မှာ စိုးသဖြင့် သူက ဒါရိုက်တာကို ပြောလိုက်သည်။ "တခြားလူတွေကို သွားရိုက်ပြီး အင်တာဗျူးလိုက်ကြပါလား"

[မော့ယွဲ့… ငါတို့ရဲ့ နတ်သမီးလေးကို အင်တာဗျူးပေး]

[ယန်ချီစစ်… ငါတို့ရဲ့ မင်းသားကြီးကို ရိုက်ပြဦး]

[တုသခင်လေးက ရှန်ယို့ယောင်နဲ့ နှစ်ယောက်တည်း ရှိချင်လို့ ငါတို့ကို မောင်းထုတ်နေတာပဲ ဖြစ်ရမယ်။]

ဒါရိုက်တာသည် ကင်မရာအဖွဲ့ကို ခေါ်ဆောင်၍ အခြား သရုပ်ဆောင်များကို သွားရောက် အင်တာဗျူးလေတော့သည်။ လူတိုင်းက ရှန်ယို့ယောင်ကို ချီးကျူးကြသည်။

ဖျက်လိုဖျက်ဆီး လုပ်မည့်သူများမှာမူ မနေနိုင်ဘဲ ထွက်လာပြန်သည်။

[ဒီလို ပွဲမျိုးမှာ ဘယ်သူက မကောင်းပြောမှာလဲ။ တကယ်ဆိုရင် သူက ကိုယ့်ရှေ့ရေးပဲ ကြည့်နေတာလေ။ ကားတိုက်တုန်းကပဲ အနားမှာ ခဏ နေပေးတာ၊ နောက်ပိုင်းကျတော့ ဘာမှ လုပ်ပေးတာ မရှိဘူး။ တုသခင်လေးရဲ့ အရှိန်အဝါနဲ့ပဲ နေရာကောင်းတွေ ရနေတာလေ။]

သို့သော် ထိုကဲ့သို့သော စကားများကို ပရိသတ်များက ဂရုမစိုက်တော့ဘဲ ကြည်နူးစရာ မြင်ကွင်းများကိုသာ အာရုံစိုက်ကြတော့သည်။

[ဟားဟား... ထွက်လာပြီ၊ ရှန်ယို့ယောင် မျက်နှာလေး နီနေတာပဲ]

[တုသခင်လေးရဲ့ အကြည့်တွေကို ကြည့်ဦး၊ ခုနက သူတို့နှစ်ယောက် တစ်ခုခု ဖြစ်ခဲ့တာ သေချာတယ်]

[မင်းကလည်း... အားလုံးက မြင်နေရတာပဲကို]

နှစ်ဦးသား အားလုံးကို နှုတ်ဆက်ပြီး အိမ်ပြန်ရန် ကားပေါ်သို့ တက်လိုက်ကြသည်။ ကားပေါ် ရောက်သည်နှင့် တုဇယ်ချန်းသည် ပင်ပန်းနွမ်းလျဟန် ပြသကာ ရှန်ယို့ယောင်၏ ပခုံးပေါ်သို့ မှီချလိုက်သည်။

"ပင်ပန်းသွားပြီလား" ရှန်ယို့ယောင်က တိုးတိုးလေး မေးလိုက်သည်။

တုဇယ်ချန်းက ဝမ်းနည်းဟန်ဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ဘယ်သူမှ ငါ့ကို မယုံကြဘူး"

ရှန်ယို့ယောင်က သူ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ "ရှင် လုပ်နိုင်မှာပါ၊ ကျွန်မ ရှင့်ကို ယုံတယ်"

တုဇယ်ချန်းက မော့ကြည့်ကာ ပြောလိုက်သည်။ "ချစ်လေး..." ရှန်ယို့ယောင်က ငုံ့ကြည့်လိုက်စဉ် သူသည် သူမ၏ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

ရှန်ယို့ယောင်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

[ဒီကောင်မလေးက တကယ်ကို နူးညံ့တာပဲ...]

[ခုနက သရုပ်ဆောင်တဲ့သူနဲ့ တစ်ယောက်တည်းလို့ စဉ်းစားလို့တောင် မရဘူး]

တုဇယ်ချန်းသည် မကြာမီမှာပင် သူမ၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားသည်။ ရှန်ယို့ယောင်သည် တစ်လမ်းလုံး သူ၏ ခေါင်းကို ဖေးမထားပြီး ငုံ့ကြည့်ကာ လိုက်ပါလာခဲ့သည်။

[အကြည့်တွေက တကယ့်ကို အလိုလိုက်နေတာပဲ...]

[ရှန်ယို့ယောင်က တကယ့်ကို ထူးဆန်းတဲ့သူပဲ။ ခုနက ရုပ်ရှင်ထဲမှာတော့ အရမ်းပြတ်သားပြီး ပြင်ပမှာကျတော့ အရမ်း နူးညံ့နေပြန်ရော။ အခုတော့ သခင်လေးကို အလိုလိုက်နေတာ မြင်ရတာ တကယ့်ကို ကြည်နူးစရာပဲ။]

[အာ... ရှန်ယို့ယောင်ကို သဘောကျလာပြီဟေ့]

အိမ်သို့ ရောက်ရှိချိန်တွင် မိုးချုပ်နေပြီ ဖြစ်သည်။ တုဇယ်ချန်းသည် နိုးလာသည်နှင့် ပြုံးပြကာ သူမ၏ ခါးကို ဖက်လျက် ချွဲနွဲ့နေပြန်သည်။

[တကယ်ကို ချိုမြိန်လိုက်တာ၊ ကြည့်ရင်းနဲ့တောင် ပြုံးမိတယ်]

[တုသခင်လေးကတော့ အေးအေးဆေးဆေးပဲ၊ သူ့ ဝန်ထမ်းအသစ်တွေပဲ သနားပါတယ်၊ ညဘက်တောင် အလုပ်လုပ်နေရမှာပဲ]

[ဖန်ခယ်ကို အမြင်ပြောင်းသွားပြီ။ အစကတော့ အပျော်ပဲ လိုက်နေတာ ထင်တာ၊ တကယ်တော့ သူက အမြန်ဆုံး အကြံရတဲ့သူပဲကိုး]

ဖန်ခယ်သည် တုဇယ်ချန်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်ပြီးနောက် ချက်ချင်းပင် အလုပ်စတင်နေပြီ ဖြစ်သည်။ တုဇယ်ချန်းက ရှန်ယို့ယောင်ကို သွားကြိုနေစဉ်အတွင်း သူမသည် ထန်မိသားစု လုပ်ငန်းများ၏ စာရင်းကို ကြည့်ကာ ပရောဂျက်တစ်ခုအတွက် အစီအစဉ်များ ဆွဲနေခဲ့သည်။

[အလုပ်လုပ်နေတဲ့ အမျိုးသမီးက တကယ်ကို လှတာပဲ။ တစ်ညလုံး သူ့ကို ကြည့်နေရတာ မငြီးငွေ့ဘူး]

[ကြည့်ရတာ ဒီမမက နောက်ကွယ်က Boss အကြီးစားကြီး ဖြစ်လာမလား မသိဘူး]

[ထောက်ခံတယ်]

[ထောက်ခံတယ် +၁]

ဖန်ခယ်သည် အလုပ်များ ပြီးစီးသွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာများကို ပိတ်လိုက်တော့သည်။

နံနက်မိုးလင်းချိန်တွင် ပထမဆုံး နိုးလာသူမှာ တုဇယ်ချန်း ဖြစ်သည်။ သူသည် ကင်မရာကို ယူကာ အိပ်ပျော်နေသော ရှန်ယို့ယောင်ကို သွားရောက် ရိုက်ကူးလေသည်။

"မင်းတို့ကို ချစ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု ပြမယ်"

ခုတင်ကြီးပေါ်တွင် စောင်ခြုံကာ အိပ်ပျော်နေသော ရှန်ယို့ယောင်၏ မျက်နှာလေးမှာ နီမြန်းကာ လှပနေသည်။ တုဇယ်ချန်းက တိုးတိုးလေး ရှင်းပြသည်။

"သူ နိုးတော့မယ်။ သူ နိုးလာတဲ့ ပုံစံက တကယ့်ကို အကောင်လေးတွေလိုပဲ။ အရင်ဆုံး မျက်လုံးတစ်ဖက်ပဲ ဖွင့်ကြည့်ပြီး ဘေးကင်းမှ ကျန်တဲ့တစ်ဖက်ကို ဖွင့်တာ”

[ကင်မရာက ပိုင်ရှင်ရဲ့ ခံစားချက်ကို ဖော်ပြနိုင်တယ်ဆိုတာ အခုမှ ယုံတော့တယ်။ တုသခင်လေးရဲ့ ကင်မရာအောက်မှာ ရှန်ယို့ယောင်က တကယ်ကို ချစ်စရာလေးပဲ]

[ဟုတ်ပ... ကြည့်ရင်းနဲ့တောင် အသည်းယားမိတယ်]

တုဇယ်ချန်းက သူမ၏ မျက်တောင်ရှည်များကို ပြသရင်း အသေးစိတ် လိုက်လံ ရိုက်ကူးနေသည်။

"ငါ့ယို့ယောင်ရဲ့ မျက်တောင်တွေကို ကြည့်ဦး၊ တော်တော် ရှည်တာနော်။ ပြီးတော့ နှာခေါင်းလေးကရော... နှုတ်ခမ်းလေးကရော..."

[အမလေး... တုသခင်လေးကတော့ သူ့မိန်းမကို ကြွားလို့ မပြီးတော့ဘူး]

ရှန်ယို့ယောင်သည် မျက်လုံးတစ်ဖက်ကို အရင်ဖွင့်ကာ တုဇယ်ချန်းကို မြင်မှ ကျန်တစ်ဖက်ကို ဖွင့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ "မောနင်း" တုဇယ်ချန်းသည် သူမ၏ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်ပြန်သည်။

[အာ ဘယ်လိုတောင် ချစ်စရာကောင်းတာလဲ]

[တုသခင်လေးက ရှန်ယို့ယောင်ကို တကယ် ချစ်တာပဲ]

"ဒီလောက်ပဲ ပြမယ်၊ ကျန်တဲ့ ပိုပြီး ချစ်စရာကောင်းတဲ့ အပိုင်းတွေကိုတော့ ငါ တစ်ယောက်တည်းပဲ ကြည့်တော့မယ်" ဟု ဆိုကာ တုဇယ်ချန်းသည် ကင်မရာကို ပိတ်လိုက်တော့သည်။

[မနာလိုလွန်းလို့ fan ဘဝကနေ နုတ်ထွက်တော့မယ်]

[ပြရင်လည်း အဆုံးထိ ပြပါလားဗျာ၊ တစ်ဝက်တစ်ပျက်နဲ့ ဘာသဘောလဲ]

…

All Chapters