အခန်း ၇၆
Vol. 6 Ch. 76
အခန်း (၇၆)
လျှို့ဝှက်ချက်များ ပါဝင်နေသဖြင့် ကင်မရာကို တစ်ဖက်သို့ အဝေးမှသာ လှမ်း၍ ရိုက်ကူးနေပြန်ရာ သူတို့ ဘာပြောနေကြသည်ကို မကြားရပေ။ သို့သော် ချန်ရွေ့၏ တည်ငြိမ်လှသော အမူအရာကို ကြည့်ပြီး ပရိသတ်များမှာ မျှော်လင့်ချက်အချို့ မြင်တွေ့လာရသည်။
[ချန်မိသားစု သခင်မလေးကတော့ တုသခင်လေးကို ကူညီနိုင်လိမ့်မယ် ထင်တယ်]
[ကြည့်ရတာ မနက်ဖြန်ကျရင်တော့ အပြောင်းအလဲတစ်ခု ရှိလာတော့မှာပဲ]
[ရှန်ယို့ယောင်က တုသခင်လေးဘေးမှာ ရှိနေပေးနိုင်တယ် ဆိုပေမဲ့ ဒီလိုအချိန်မျိုးမှာတော့ ဘာမှ ကူညီမပေးနိုင်ဘူးပဲ။ အိမ်ပြန်ပြီး ဟင်းချက်ပေးရုံပဲ တတ်နိုင်တာလေ]
[ဟဲဟဲ... တုသခင်လေး စိတ်နည်းနည်း ပြေအောင်ပဲ လုပ်ပေးနိုင်မှာပေါ့]
[တကယ်တော့ ချန်မိသားစု သခင်မလေးနဲ့ တုသခင်လေးက ပိုပြီး လိုက်ဖက်တာပါ။ သူတို့သာ အတူတူ ရှိနေရင် အရာရာက ပိုပြီး ချောမွေ့သွားမှာပဲ]
ယခုတစ်ကြိမ်တွင်မူ ကန့်ကွက်သူ များစွာ မရှိတော့ပေ။ အချို့ကပင် ထောက်ခံနေကြသေးသည်။ အကြောင်းမှာ အခြေအနေမှာ အလွန်ပင် သိသာထင်ရှားနေသောကြောင့် ဖြစ်သည်။
တုဇယ်ချန်း အိမ်ပြန်ရောက်ချိန်တွင် အတော်ပင် နောက်ကျနေပြီ ဖြစ်သည်။ သူသည် ချန်ရွေ့၏ အဓိပ္ပာယ်မရှိသော အတွေ့အကြုံများကို အတင်းအကျပ် နားထောင်ခဲ့ရသည့်အပြင် မနက်ဖြန်တွင် ရှယ်ယာရှင်များနှင့် အမှုဆောင်များ၏ လှည့်ကွက်များကို မည်သို့ ရင်ဆိုင်ရမည်နည်းဟု တွေးတောနေရသဖြင့် စိတ်ထဲတွင် အစီအစဉ် ရှိသော်လည်း ပင်ပန်းနွမ်းလျမှုကိုမူ မရှောင်လွှဲနိုင်ပေ။
"ပြန်လာပြီလား” ရှန်ယို့ယောင်က ဆိုဖာပေါ်တွင် ထိုင်၍ သူ့ကို စောင့်နေသည်။
တုဇယ်ချန်းက သူမထံသို့ လျှောက်သွားကာ ဖက်လိုက်ပြီး သူမ၏ ရင်ခွင်ထဲတွင် မျက်လုံးမှိတ်ကာ ခေတ္တမျှ အနားယူလိုက်သည်။
ရှန်ယို့ယောင်က ပြောလိုက်သည်။ "ရှင် အကြိုက်ဆုံး အရိုးစွပ်ပြုတ် ပြုတ်ထားတယ်လေ”
တုဇယ်ချန်းက ခဏမျှ ထပ်မှီနေပြီးနောက် နှစ်ဦးသား အတူတူ ထမင်းစားခဲ့ကြသည်။
တုဇယ်ချန်းက ထမင်းစားပွဲတွင် စကားစလိုက်သည်။ "ငါ မင်းရဲ့ အကူအညီ လိုအပ်လိမ့်မယ်”
ရှန်ယို့ယောင်က ချက်ချင်းပင် လက်ခံလိုက်ပြီးမှ မေးလိုက်သည်။ "ရတာပေါ့... ကျွန်မ ဘာလုပ်ပေးရမလဲ”
တုဇယ်ချန်းက ပြောလိုက်သည်။ "ဒီကိစ္စက အစီအစဉ်ရဲ့ ပြဿနာ မဟုတ်ဘူး။ သူတို့က ငါ့ကို လုံးဝ မယုံကြည်ကြတာ၊ ငါ့ကို ဝင်ပါခွင့်ကို မပေးကြတာလေ။ ငါ့ကိုယ်ငါ သက်သေပြချင်ရင် ဒီကိစ္စကို ငါ သေချာပေါက် လုပ်ရမယ်”
ရှန်ယို့ယောင်က မေးလိုက်သည်။ "ဒါဆိုရင် ဘာဆက်ဖြစ်မှာလဲ”
တုဇယ်ချန်းက ခေတ္တ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။ "ငါ အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံရနိုင်တယ်။ အဲဒီအချိန်ကျရင် ဒီကိစ္စကို အောင်မြင်အောင် မင်းက ငါနဲ့အတူ ဝိုင်းကူလုပ်ပေးရမယ်။ ဖိအားတွေကတော့ တော်တော် ကြီးလိမ့်မယ်။ ကိုယ်သာ ရှုံးနိမ့်သွားရင် ထန်မိသားစုအတွက် ဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားနိုင်သလို ကိုယ်လည်း ထန်မိသားစုရဲ့ အပြစ်သား ဖြစ်သွားလိမ့်မယ်”
ရှန်ယို့ယောင်သည် ထိုင်နေရာမှ ထကာ သူ၏ ဘေးသို့ သွားပြီး ဖက်ထားလိုက်သည်။
"ပင်ပန်းသွားပြီနော်၊ ကိစ္စမရှိပါဘူး။ ဖန်ခယ်ရဲ့ အစီအစဉ်က တကယ်ကို ကောင်းတယ်။ အကယ်၍ ရှယ်ယာရှင်တွေနဲ့ အမှုဆောင်ကြီးတွေရဲ့ ကန့်ကွက်မှုကြောင့် ဆုံးရှုံးမှု ဖြစ်လာခဲ့ရင်တောင် အဲဒါက ရှင့်တစ်ယောက်တည်းရဲ့ တာဝန် မဟုတ်ဘူး။ ဒါတင် မကသေးဘူး၊ ရှင်က ဒီစစ်ပွဲကို လှလှပပ အောင်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ရှယ်ယာရှင်တွေလည်း ရှင့်ကို လက်ခံလာကြမှာပါ”
"မကြောက်ပါနဲ့၊ ရှင်က အဘိုး သတ်မှတ်ထားတဲ့ ဆက်ခံသူပဲလေ။ အခက်ခဲဆုံး လမ်းတွေကိုတောင် ရှင် ကျော်ဖြတ်လာနိုင်ခဲ့တာပဲ၊ ဒီထက် ခက်တာတွေ ရှိဦးမှာမို့လို့လား။ ကျွန်မ ရှင့်ဘေးမှာ အမြဲ ရှိနေပေးမှာပါ။ တကယ်လို့ အဆိုးဆုံး ဖြစ်လာရင်တောင် အစကနေ ပြန်စကြတာပေါ့”
တုဇယ်ချန်းသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ပြုံးလိုက်သည်။
"မင်းပြောတာ မှန်တာပေါ့”
သူ၏ တစ်နေ့တာ ပင်ပန်းမှုနှင့် စိုးရိမ်စိတ်များမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာတွင် ပြတ်သားသော ယုံကြည်ချက်များသာ ကျန်ရှိတော့သည်။
[ဘယ်လိုလုပ်မလဲ... ငါ စိတ်တွေ ပြန်ယိုင်နေပြီ။ တုသခင်လေး ပြောတာလည်း မှန်တာပဲ၊ ဒါက အစီအစဉ်ရဲ့ ပြဿနာ မဟုတ်ဘူး၊ သူ့အတွက် သင်ယူရမဲ့ အခွင့်အရေးပဲလေ]
[ကြည့်ရတာ သူက ချန်ရွေ့ရဲ့ စကားကို နားထောင်မဲ့ ပုံမပေါ်ဘူး။ ချန်ရွေ့ ပြောတာကော မှန်ရဲ့လား]
[ဖြစ်နိုင်တာပဲ၊ ကုမ္ပဏီတစ်ခုချင်းစီရဲ့ အခြေအနေက မတူဘူးလေ။ ချန်ရွေ့မှာတော့ အဘိုးဖြစ်သူရဲ့ အကာအကွယ် ရှိပေမဲ့ တုသခင်လေးကတော့ ရုတ်တရက် ရောက်လာတာလေ။ အဘိုးထန်က ရှယ်ယာအားလုံးကို သူ့ကို ပေးခဲ့လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး]
[ရှန်ယို့ယောင်ရဲ့ အကြွင်းမဲ့ ယုံကြည်မှုက လူတစ်ယောက်ကို တကယ်ပဲ သတ္တိတွေ ပေးနိုင်တာပဲ]
[ဒါကမှ တကယ့် လင်မယားတွေရဲ့ တန်ဖိုးပေါ့။ ငါ ဘာကူညီနိုင်မလဲ ဆိုတာထက်... ဘာပဲဖြစ်ဖြစ် နင့်ဘေးမှာ ငါ အမြဲ ရှိနေမယ် ဆိုတာမျိုးလေ]
ချန်ရွေ့သည် တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့၏ ကြည်နူးနေမှုကို ကြည့်ရင်း စိတ်ထဲတွင် ပူလောင်လာသည်။ သူမသည် မားကက်တင်း အဖွဲ့ကို ရှန်ယို့ယောင်က တုဇယ်ချန်းကို ဘာမှ မကူညီပေးနိုင်ဟူသော အချက်ကို အဓိက တိုက်ခိုက်ခိုင်းထားသော်လည်း သာမန် ပြည်သူများမှာမူ အကျိုးအမြတ်ထက် စစ်မှန်သော သံယောဇဉ်ကိုသာ ပိုမို အလေးထားနေကြသည် မဟုတ်ပါလား။
တုဇယ်ချန်း ဆိုသည့် ကောင်ကလည်း အရှုံးမပေးတတ်ဘဲ သူမ၏ အကြံပေးချက်များကို လုံးဝ လက်မခံပေ။ ဒါဆိုလျှင် သူမ၏ အရည်အချင်းကို မည်သို့ ပြသနိုင်တော့မည်နည်း။
သူမသည် အွန်လိုင်းမှ တုံ့ပြန်မှုများကို ပြန်လည် စစ်ဆေးလိုက်ရာ မိမိက အလောတကြီး ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ယမန်နေ့က တုဇယ်ချန်း၏ ပြတ်သားသော တုံ့ပြန်မှုများနှင့် ရှန်ယို့ယောင်အပေါ် အလေးအနက် ထားမှုများကြောင့် သူမ၏ ကြားဝင်မှုမှာ ရည်ရွယ်ချက် ရှိနေသည်ဟု လူအများ ထင်မြင်သွားစေခဲ့သည်။
သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်အေးအေးထားရန် မိမိကိုယ်မိမိ သတိပေးလိုက်သည်။ လက်တွေ့ဘဝတွင် ထိုကဲ့သို့သော ယုံကြည်ချက်များမှာ ဟာသတစ်ခုသာ ဖြစ်ပြီး တုဇယ်ချန်းမှာ သူမ၏ အကူအညီကို မဖြစ်မနေ တောင်းခံလာရမည့် အချိန် ရောက်လာလိမ့်မည်ဟု သူမ ယုံကြည်နေသည်။
ထိုသို့ တွေးတောရင်း ထန်မိသားစု ရှယ်ယာရှင် တစ်ဦးထံသို့ ဖုန်းဆက်လိုက်သည်။
"နှမြောစရာပါပဲ... မနေ့က ထန်မိသားစု ရှယ်ယာတွေ တက်သွားပေမဲ့ ဒီနေ့တော့ ပြန်ကျသွားပြီနော်”
ရှယ်ယာရှင်က အေးစက်စွာ လှောင်ပြုံးလိုက်သည်။ "ဒါက ငါတို့ရဲ့ ဥက္ကဋ္ဌလေးတုက အလကားနေရင်း ပြဿနာ ရှာနေလို့ပေါ့”
ချန်ရွေ့က ပြောလိုက်သည်။ "သူက စေတနာနဲ့ လုပ်တာပါ၊ ပြီးတော့ လူငယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တာ သဘာဝပဲလေ”
ရှယ်ယာရှင်က ပြောလိုက်သည်။ "သူကသာ ချန်သခင်မလေးရဲ့ တစ်ဝက်လောက် တည်ငြိမ်ပြီး အမြော်အမြင် ရှိမယ်ဆိုရင် ကောင်းမှာပဲ။ ဒီလောက်ကြီးတဲ့ လုပ်ငန်းကြီးကို စိတ်ကူးယဉ်ရုံနဲ့ အောင်မြင်အောင် လုပ်လို့ ရမှာလား”
ချန်ရွေ့က ပြောလိုက်သည်။ "ဒါပေမဲ့ ထန်မိသားစု ရှယ်ယာတွေကို ဒီအတိုင်း ကျနေအောင် လွှတ်ထားလို့ မဖြစ်ဘူးလေ၊ လူတိုင်းရဲ့ အကျိုးစီးပွားကို ထိခိုက်နေတာပဲ။ ရှင့်ဘက်က ဘာအကြံပေးချင်လဲဟင်... ကျွန်မ တုဇယ်ချန်းကို သွားပြီး နားချပေးပါ့မယ်”
ရှယ်ယာရှင်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ "လောလောဆယ်တော့ မလိုသေးပါဘူး။ သူ့ရဲ့ သဘောထားကို ငါတို့ မြင်ပြီးသားပဲ၊ သူက လုံးဝ အလျှော့ပေးမဲ့ ပုံမရှိဘူး။ အခက်အခဲတွေနဲ့ တကယ် ပက်ပင်းတိုးမှပဲ သူ ရင့်ကျက်လာလိမ့်မယ်”
ချန်ရွေ့က စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။ "အခုလည်း အခက်အခဲတွေနဲ့ တွေ့နေတာ မဟုတ်ဘူးလား”
"ဒါက ဘာမှ မဟုတ်သေးပါဘူး။ စောင့်ကြည့်နေလိုက်စမ်းပါ” ရှယ်ယာရှင်က ရယ်မောလျက် ဆိုသည်။
ဖုန်းချပြီးနောက် ချန်ရွေ့သည် ခေတ္တ စဉ်းစားကာ သူမ၏ သူငယ်ချင်း ကန်းရှီးလန်ဆီသို့ ဖုန်းဆက်လိုက်သည်။ သူမသည် ဟောက်ယွမ်ရွေ့၏ ဇနီးဖြစ်ပြီး မီဒီယာလောက၏ ထိပ်တန်း လုပ်ငန်းစုကြီး ဖြစ်သော ချင်းယွီအုပ်စု၏ သခင်မလေး ဖြစ်သည်။
ကန်းရှီးလန်က ရယ်မောလျက် မေးလိုက်သည်။ "ဘာလဲ... ပြင်ဆင်ပြီးပြီလား။ အချိန်နည်းနည်း ထပ်လိုဦးမယ် ထင်နေတာ၊ အခုပဲ စတော့မှာလား”
ချန်ရွေ့က ပြန်ပြောလိုက်သည်။
"ဟုတ်တယ်... အခုပဲ စလို့ ရပြီ။ တုဇယ်ချန်းက ထန်မိသားစုထဲမှာ ဒီလောက်အထိ အခက်တွေ့နေလိမ့်မယ်လို့ ငါ မထင်ထားဘူး”
ကန်းရှီးလန်က ပြောလိုက်သည်။
"ဒီလောက် ခက်ခဲနေတာကို နင်က ဘာလို့ သူ့နောက်ကို လိုက်နေရတာလဲ။ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါ ကြည့်ပြီးပြီ။ ပရိသတ်တွေက မသိပေမဲ့ ငါတို့ကတော့ သိတာပေါ့။ အဲဒီလူတွေက တုဇယ်ချန်းက လူငယ်ဖြစ်ပြီး ဘာမှမသိတာကို အခွင့်ကောင်းယူပြီးတော့ အသားလုစားချင်နေကြတာလေ။ သူ အာဏာမဲ့သွားဖို့ အခွင့်အရေးက တော်တော် များတယ်။ နင် သူ့ကို လက်ထပ်လိုက်ရင်တောင်၊ နာမည်ပဲရှိပြီး အနှစ်မရှိတဲ့ အခွံကြီးကိုပဲ ရမှာပေါ့။ အဲဒီကျရင် ငါတို့အိမ်က ယွမ်ရွေ့ကိုတောင် မမီတော့ဘူး”
ချန်ရွေ့က ပြန်ပြောလိုက်သည်။ "အဲဒီလောက်အထိတော့ မဖြစ်နိုင်ပါဘူး။ ထန်မိသားစု လုပ်ငန်းက တော်တော် ကြီးတာလေ၊ ပြီးတော့ တုဇယ်ချန်းကလည်း ဝင်ပါချင်နေတာဆိုတော့ ဆုံးရှုံးမှု နည်းနည်းပါးပါးတော့ ရှိမှာပေါ့။ ဒါပေမဲ့ သူ့ကို အပြီးတိုင် ဖယ်ထုတ်ဖို့ကတော့ မလွယ်ပါဘူး။ သူသာ ငါ့စကားကို နားထောင်ရင် ဒီလောက်အထိ အခက်တွေ့မှာ မဟုတ်ဘူး”
ကန်းရှီးလန်က ပြုံး၍ ဆိုသည်။
"ဟုတ်တာပေါ့၊ နင့်မှာ နည်းလမ်းတွေ အများကြီး ရှိသလို ချန်မိသားစုကလည်း ကူညီမှာပဲလေ။ တုဇယ်ချန်း အာဏာပြန်ရဖို့က မခက်ပါဘူး၊ သူက အဓိက ရှယ်ယာရှင်ကြီးပဲလေ” ထိုသို့ ပြောရင်း သူမက အားကျဟန်ဖြင့် ဆက်ပြောသည်။ "တကယ်လို့ အဆင်မပြေရင် အမှုဆောင်တွေကို အကုန်လဲပစ်ပြီး ကိုယ့်လူတွေပဲ ထည့်လိုက်တာပေါ့”
ချန်ရွေ့၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ထွက်ပေါ်လာသည်။ ဒါသည် သူမ၏ အနာဂတ် အစီအစဉ်ပင် ဖြစ်သည်။ သို့သော် လောလောဆယ်တွင် ထိုသို့လုပ်ရန် မလွယ်ကူပေ။ ကုမ္ပဏီတစ်ခုတွင် အမှုဆောင်များကို လဲလှယ်ခြင်းမှာ ကြီးမားသော ကိစ္စဖြစ်ပြီး ထန်မိသားစုကဲ့သို့ လုပ်ငန်းစုကြီးတွင် အမှုဆောင် ရာနဲ့ချီ ရှိနေသည်လေ။ အကယ်၍သာ အမှုဆောင် ဆယ်ဦးလောက် တစ်ပြိုင်နက်တည်း အလုပ်ထွက်သွားပါက ထန်မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သွားပေလိမ့်မည်။
သို့သော် ထိုအရာများမှာ နောင်မှ စဉ်းစားရမည့် ကိစ္စများ ဖြစ်သည်။ ယခု အရေးအကြီးဆုံးမှာ နေရာယူထားသော ရှန်ယို့ယောင်ကို ဖယ်ရှားပစ်ရန်သာ ဖြစ်သည်။
ကန်းရှီးလန်က ရယ်မောလျက် ဆိုသည်။
"ဒါဆိုရင် ငါတို့အားလုံး အကျိုးရှိကြပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့။ မဟုတ်ဘူး... စကားမှားသွားပြီ၊ သုံးဦးလုံး အကျိုးရှိရမှာလေ။ နင်လည်း နိုင်ရမယ်၊ ငါလည်း နိုင်ရမယ်၊ တုသခင်လေးလည်း အမြတ်ထွက်ရမှာပေါ့”
ချန်ရွေ့က ပြုံးလိုက်သည်။ သူမသည် တုဇယ်ချန်းကို မရရအောင် ယူမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သူမ၏ အကြည့်များသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့၏ ကြည်နူးစရာ မြင်ကွင်းပေါ်သို့ ကျရောက်သွားသည်။ သူမသည် ခေတ္တ စဉ်းစားပြီးနောက် ဖုန်းတစ်လုံး ထပ်မံ ဆက်လိုက်ပြန်သည်။ "နင်တို့ လုပ်တာတွေက အရမ်း သိသာလွန်းနေတယ်။ အဲဒါကြောင့် လူတွေက ပြန်ပြီး မကျေမနပ် ဖြစ်ကုန်ကြပြီ၊ ဘာရလဒ်မှ မရှိဘူး”
မားကက်တင်း အဖွဲ့ဘက်မှ လူက မျက်စောင်းထိုးချင်စိတ် ပေါက်သွားသည်။ ဤချန်သခင်မလေးမှာ မိမိကိုယ်မိမိ ထက်မြက်သူအဖြစ် ဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင်မူ လှည့်ကွက်ကလေးများကိုသာ သုံးတတ်သူ ဖြစ်သည်လေ။ သူတို့က နှစ်ပေါင်းများစွာ ဤလုပ်ငန်းကို လုပ်ကိုင်လာသူများ ဖြစ်ရာ သူမ ခိုင်းသည့်အတိုင်း လုပ်လိုက်လျှင် သိသာသွားမည်ကို မသိဘဲ နေပါ့မည်လား။ သို့သော် ငွေပေးသူမှာ သူမဖြစ်သဖြင့် ခိုင်းသည့်အတိုင်း လုပ်ရုံမှတစ်ပါး အခြားမရှိပေ။
ကံကောင်းသည်မှာ သူမသည် အလောတကြီး ဖြစ်နေဟန်ရှိပြီး အပြစ်တင်ရန် စိတ်မကူးပေ။
"ဒီရက်ပိုင်းအတွင်း ငါနဲ့ တုဇယ်ချန်းရဲ့ ကိစ္စတွေကို ဇွတ်ကြီး မပြောနဲ့တော့။ တခြားနည်းလမ်းတစ်ခု ပြောင်းကြစို့..."
သူမသည် အေးအေးဆေးဆေး အနားယူနေသော ဖန်ခယ်၏ ပုံရိပ်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။ တုသခင်လေး၏ လက်တွဲဖော်က အစွမ်းပြနိုင်ပါစေဟု သူမ မျှော်လင့်နေမိသည်။
တုဇယ်ချန်း အဘက်ဘက်မှ အကျပ်ရိုက်နေချိန်တွင် ထိုအရာအားလုံးမှာ ရှန်ယို့ယောင်ကြောင့် ဖြစ်သည်ဟု သူ ယူဆသွားလျှင် သူမအပေါ် ယခုကဲ့သို့ ကောင်းနိုင်ပါဦးမလား ဆိုသည်ကို သူမ သိချင်နေသည်။
တစ်ညတာ အနားယူပြီးနောက် တုဇယ်ချန်း၏ ပင်ပန်းမှုများမှာ ပျောက်ကွယ်သွားပြီး တက်ကြွလန်းဆန်းသော တုသခင်လေးအဖြစ် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
ယနေ့တွင် ရှန်ယို့ယောင်မှာ စောစော ထလာခဲ့သည်။ တုဇယ်ချန်း မျက်နှာသစ်ပြီးချိန်တွင် သူမက အားကစားခန်းမထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကင်မရာသည် တုဇယ်ချန်း၏ အနောက်မှ အခန်းထဲသို့ လိုက်ပါသွားရာ ပရိသတ်များမှာ အားကစားခန်းမ၏ အကျယ်အဝန်းနှင့် ပစ္စည်းကိရိယာများကို မြင်တွေ့ရသဖြင့် အံ့ဩသွားကြသော်လည်း မကြာမီမှာပင် ရှန်ယို့ယောင်ထံသို့ အကြည့်များ ရောက်ရှိသွားကြသည်။
သူမသည် ကိုယ်ကြပ် အားကစားဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်မှာ အထင်အရှား ပေါ်လွင်နေသည်။ အထူးသဖြင့် သူမ၏ ဝမ်းဗိုက်သားနှင့် လှပသော ခါးလိုင်းများမှာ လူတိုင်း၏ အကြည့်ကို ဖမ်းစားထားတော့သည်။
[အား... ခန္ဓာကိုယ်ကတော့ အလန်းပဲ၊ တံတွေးတောင် ထွက်မိတယ်...]
သူမသည် လက်ဝှေ့အိတ်ကို ဝတ်ဆင်ကာ လက်ဝှေ့တိုင်ကို အားပါပါ ထိုးနှက်နေသည်။ သူမ၏ လှုပ်ရှားမှုများမှာ ပြတ်သားပြီး အကြည့်များမှာလည်း အေးစက်ခက်ထန်နေသဖြင့် တကယ့်ကို ထက်မြက်သော ပုံစံ ပေါက်နေသည်။
[ဝိုး... ဒီမမက တကယ့်ကို အဖိုးတန်လေးပဲ၊ တော်တော် လန်းတယ်]
ပရိသတ်များ ပြောဆိုနေစဉ်မှာပင် ရှန်ယို့ယောင်သည် ကင်မရာ ဝင်လာသည်ကို သိရှိသွားပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ထို့နောက် ကင်မရာဘက်သို့ လှည့်ကာ အားနာဟန်ဖြင့် ပြုံးပြလိုက်ရာ သူမ၏ အကြည့်များမှာ ချက်ချင်းပင် နူးညံ့ပြီး လိမ္မာသော ပုံစံသို့ ပြောင်းလဲသွားတော့သည်။
[မမက ကိုယ်တိုင် သက်သေပြလိုက်ပြီ... ချစ်စရာကောင်းတာနဲ့ ထက်မြက်တာက တစ်ပြိုင်နက်တည်း ရှိနေနိုင်တယ် ဆိုတာကိုပေါ့]
[ဘုရားရေ... ဘယ်လိုလုပ် ဒီလောက်အထိ အံ့ဩစရာကောင်းတဲ့ လူမျိုး ရှိနေရတာလဲ]
တုဇယ်ချန်းက သူမ ရှက်နေသည်ကို မြင်သောအခါ ရယ်မောလျက် ပြောလိုက်သည်။
"ကြော်ငြာရိုက်နေတယ်လို့ပဲ သဘောထားလိုက်ပါ”
ရှန်ယို့ယောင်သည် အေးဆေးနေတတ်သူ ဖြစ်သော်လည်း ဤအရာမှာ သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် အကျိုးရှိမှန်း သိထားသည်။ တုဇယ်ချန်းက သူမအတွက် ကြော်ငြာပေးနေခြင်း ဖြစ်ရာ သူမကလည်း လက်ခံလိုက်သည်။ ကြော်ငြာရိုက်နေသည်ဟု စိတ်ကူးလိုက်ချိန်တွင် သူမ၏ အမူအရာမှာ ပိုမို သဘာဝကျသွားတော့သည်။
ပရိသတ်များမှာမူ အကျယ်ကြီး ရယ်မောနေကြတော့သည်။
[တကယ်ကို ရယ်ရတယ်၊ ဘယ်လိုလုပ် ဒီလောက်အထိ ချစ်စရာကောင်းနေရတာလဲ]
[ရှန်ယို့ယောင်ရဲ့ သရုပ်ဆောင်မှုကို ငါ အခုမှ ယုံတော့တယ်။ သူမရဲ့ စရိုက်နဲ့ မတူတဲ့ မြင်ကွင်းတွေကတော့ သရုပ်ဆောင်နေတာ သေချာတယ်]
[တုကတော်ကတော့ ကင်မရာရှေ့မှာ အလုပ်ကို တန်ဖိုးထားတဲ့ စိတ်နဲ့ပဲ ရင်ဆိုင်နေရတာပေါ့]
ရှန်ယို့ယောင်သည် အလုပ်တစ်ခုခုကို လုပ်လျှင် အာရုံစိုက်တတ်သူ ဖြစ်သည်။ သူမသည် အားကစား လုပ်ချိန်တွင်လည်း အတိတ်ဘဝက အကျင့်များကို ထိန်းသိမ်းထားသဖြင့် မကြာမီမှာပင် မိမိ၏ လေ့ကျင့်ခန်းများအတွင်းသို့ အာရုံနစ်မြုပ်သွားတော့သည်။
အစပိုင်းတွင် တုဇယ်ချန်းက စိတ်ဝင်တစား ကြည့်နေသော်လည်း ရှန်ယို့ယောင် ချွေးထွက်လာပြီး သူမ၏ လှပသော အသားအရေပေါ်တွင် ချွေးစက်လေးများ စိုရွှဲလာချိန်တွင်မူ သူသည် ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။ "ကဲ... တော်ပြီ၊ ကြည့်တာ ကြာလှပြီဆိုတော့ ငြီးငွေ့နေကြဦးမယ်။ ငါတို့ တခြားနေရာ သွားရအောင်”
[ဟင့်အင်း... ငါတို့ မငြီးငွေ့ပါဘူး၊ မမက တော်တော် လှတာလေ၊ ပြန်သွားပြပါဦး]
ဓာတ်ပုံဆရာသည်လည်း ပရိသတ်များ၏ စိတ်ကို သိရှိဟန်ဖြင့် နေရာမှ မရွှေ့ဘဲ သုံးစက္ကန့်ခန့် အောင့်ထားသော်လည်း နောက်ဆုံးတွင် တုဇယ်ချန်း၏ အတင်းအကျပ် ဆွဲခေါ်မှုကြောင့် ထွက်ခွာသွားခဲ့ရသည်။
[အား... မရှိတော့ဘူး] ပရိသတ်များမှာ ကင်မရာကြီး ရုတ်တရက် လှည့်ထွက်သွားပြီး နံရံကြီးကိုသာ ရိုက်ကူးနေသည်ကို နှမြောတသစွာ ကြည့်နေကြရသည်။
[ဒါ တုသခင်လေးရဲ့ လက်ချက် သေချာတယ်]
[လူဆိုးကြီး...]
ဒါရိုက်တာသည် ပရိသတ်များ၏ မကျေနပ်မှုကို သိရှိသဖြင့် စကားစလိုက်သည်။ "ရှန်ယို့ယောင် လေ့ကျင့်တာ ပြီးတဲ့အထိ စောင့်ကြည့်လို့ ရပါတယ်၊ ပရိသတ်တွေကလည်း သဘောကျနေကြတာပဲလေ”
တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "ဟင့်အင်း... သူတို့ မကြိုက်ကြပါဘူး” သူသည် ထိုသို့ ပြောလိုက်သော်လည်း မျက်နှာတွင်မူ နောင်တရနေဟန် ပေါ်နေသည်။
[တုသခင်လေးကတော့ တော်တော်လေး စိတ်တိုစရာကောင်းတယ်၊ ငါတို့က ကြည့်ရုံပဲ ကြည့်တာလေ]
[ကြည့်စမ်း... ကြည့်ခိုင်းတာလည်း သူပဲ၊ မကြည့်နဲ့ဆိုတာလည်း သူပဲ။ ဒီလူက တော်တော်လေး စိတ်ပြောင်းလွယ်တာပဲ]
[ဟွန့် နေပါစေဦး... မိန်းကလေး ဖန်ခယ်လည်း လက်ဝှေ့ ထိုးနေတာပဲလေ]
[ဟင် တကယ်လား။]
…