အခန်း ၈၀
Vol. 6 Ch. 80
အခန်း (၈၀)
ချန်ရွေ့ ထွက်ခွာသွားပြီးနောက် တုဇယ်ချန်းသည် အမှုဆောင်ကြီးများ၏ အလုပ်ထွက်စာပေါ်တွင် လက်မှတ်ရေးထိုးကာ ပို့လိုက်လေသည်။ ပရိသတ်များသည် ကင်မရာမှတစ်ဆင့် ထန်မိသားစု လုပ်ငန်းစုကြီးအတွင်း ကျရောက်တော့မည့် မုန်တိုင်းအရှိန်အဝါကို အတိုင်းသား ခံစားနေရသည်။
[ဘုရားရေ... ဘုရားရေ၊ တုသခင်လေး ဘာတွေလုပ်နေတာလဲ။]
[ဟူး... တကယ်ကို ငတုံးပဲဗျာ။ သူ့နေရာမှာသာ ငါဆိုရင် သူ့ထက် အများကြီး ပိုတော်အောင် လုပ်ပြမှာပဲ။]
[ဒေါသထွက်ဖို့ ကောင်းလိုက်တာ၊ တကယ့်လက်တွေ့ဘဝက ဝတ္ထုတွေထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေပါလား။ အမှတ်ပေးလို့ရရင်တော့ ငါ အနှုတ်မှတ်တွေပဲ တရစပ် ပေးပစ်လိုက်ချင်တယ်။]
နောက်ပိုင်းတွင် ပရိသတ်များသည် ထိုစကားကြောင့် အကြံရသွားကြပြီး ဖန်သားပြင်တစ်ခုလုံး၌ တုဇယ်ချန်းအပေါ် စိတ်ပျက်အားလျော့မှု၊ အပြစ်တင်မှုနှင့် ဆဲဆိုမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းမြင်ကွင်းမှာ ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်။
[လွန်ခဲ့တဲ့ ခြောက်လလောက်က ကိစ္စကို ရုတ်တရက် သတိရလိုက်မိတယ်။ အဲဒီတုန်းကလည်း တုသခင်လေး ကားတိုက်မှု ဖြစ်တော့ တစ်ကမ္ဘာလုံးက ဝိုင်းဆဲခဲ့ကြတာလေ...]
[ကြည့်ရတာ တော်တော် ကြောက်စရာကောင်းတယ်။ တကယ်တော့ တုသခင်လေးက ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမှ မဟုတ်တာ။ ကိုယ့်ကုမ္ပဏီကိုယ် ဘယ်လိုပဲ လုပ်လုပ် သူ့ကိစ္စပဲလေ။ ဒီလောက်အထိ ဆဲနေကြတာတော့ နည်းနည်း လွန်သွားပြီ ထင်တယ်။]
[တုသခင်လေး ကားတိုက်တုန်းက မဟုတ်မတရား စွပ်စွဲခံရတာကို ငါ မှတ်မိသေးတယ်။ ပရိသတ်တွေကလည်း သူ့ကို စွန့်ခွာကုန်ကြတာလေ။ အဲဒီတုန်းက ငါပြောခဲ့ဖူးတယ်... ဘာပဲဖြစ်ဖြစ် သူ့ဘက်က ရပ်တည်ပေးမယ်လို့လေ။ သူသာ လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်သရွေ့ ငါ ကတိတည်ပါ့မယ်။]
[ငါလည်း ပါမယ်။ လူကုံထံတွေရဲ့ ကိစ္စဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ဘူးလေ။ ငါတို့ မြင်နေရတာတွေက အဖြစ်မှန် မဟုတ်ရင်ကော။]
[ဒါလည်း ဟုတ်တာပဲ။ ကိုယ့်ကုမ္ပဏီကိုယ် လုပ်တာပဲလေ၊ အမှားရှိရင်လည်း လူငယ်မို့လို့ ဘာမှမသိဘဲ မှားတာပဲ ဖြစ်မှာပါ။ ဒီလောက်အထိ အဆဲခံနေရတာတော့ သနားမိသား။ အခြေအနေကို ဆက်စောင့်ကြည့်တာ ပိုကောင်းမယ် ထင်တယ်။]
ဤကဲ့သို့သော အားပေးသံလေးများမှာမူ အင်အားကြီးမားလှသော ဖျက်လိုဖျက်ဆီး အဖွဲ့များ၏ ဆူညံသံကြားတွင် ပျောက်ကွယ်သွားရရှာသည်။
သို့သော် တုဇယ်ချန်းမှာမူ အရင်ကကဲ့သို့ စိတ်ဓာတ်ကျခြင်း သို့မဟုတ် မျှော်လင့်ချက် ကင်းမဲ့ခြင်းမျိုး မရှိပေ။ ရှန်ယို့ယောင်ကသာ သူ့အတွက် စိတ်မကောင်းဖြစ်လျက် ပြောလိုက်သည်။ "လူတွေအားလုံး ရှင့်ကို ဝိုင်းဆဲနေကြတော့မှာပဲ”
တုဇယ်ချန်းက ပြုံးလျက် ပြောလိုက်သည်။ "လူတွေဆိုတာ အမြဲတမ်း တောက်ပနေတာကိုပဲ ကြိုက်ကြတာလေ။ တစ်ခါလောက် ဖရိုဖရဲဖြစ်သွားတာနဲ့ ဘယ်သူမှ ထပ်ပြီး သဘောကျမှာ မဟုတ်တော့ဘူး”
ရှန်ယို့ယောင်က သူ၏မျက်နှာကို အသာအယာပွတ်သပ်ရင်း ပြောလိုက်သည်။ "အရိုက်ခံရပြီးမှ တကယ့် အလှတရားက ထွက်ပေါ်လာတာပါ။ ရှင် လုပ်နိုင်မှာပါလို့ ကျွန်မ ယုံကြည်ပါတယ်”
သူသည် ရှန်ယို့ယောင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "တကယ်လို့ ချန်ရွေ့ ပြောသလို ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ကိုယ် အရာရာ ဆုံးရှုံးသွားပြီး အဘိုးရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုတွေကိုပါ ဖျက်ဆီးပစ်မိသလို ဖြစ်သွားရင်ကော”
[ဟင် တုသခင်လေးက သူ ဘာလုပ်နေလဲဆိုတာ သေချာ သိနေတာပဲ။]
[ဒါကတော့ နောက်ကွယ်မှာ တစ်ခုခု ရှိနေတာ သေချာပြီ။]
ရှန်ယို့ယောင်က ပြုံးလျက် ငုံ့ကြည့်ကာ ပြောလိုက်သည်။ "ဒီတစ်ခါ ရိုက်ကူးရေးကနေ ကျွန်မ သိန်းငါးရာ ရခဲ့တယ်လေ။ ကျွန်မတို့မှာ မြို့လယ်က အိမ်တွေရှိတယ်၊ ထန်အိမ်တော်ဟောင်း ရှိတယ်၊ အဘိုးချန်ထားခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ ရှိတယ်... အရင်က ကျွန်မရဲ့ အိပ်မက်က အခန်းသုံးခန်းပါတဲ့ အိမ်လေးတစ်လုံးရှိဖို့ပဲလေ။ အဲဒီထဲမှာ မိသားစုနဲ့ အတူတူ နေရရင်ပဲ ပြည့်စုံလှပါပြီ..."
တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။ "ကိုယ် ဘာလို့ ချန်ရွေ့ကို မြင်ရင် စိတ်တိုနေရလဲဆိုတာ အခုမှ သိတော့တယ်။ သူက ကိုယ်ရမဲ့အရာတွေနဲ့ ဆုံးရှုံးရမဲ့အရာတွေကိုပဲ အမြဲ စောင့်ကြည့်နေတာလေ။ သူပေးတဲ့ အမြင်အရဆိုရင် အရာရာကို မရရှိတာကပဲ အပြစ်တစ်ခုလို ဖြစ်နေတာ။ မင်းပြောမှပဲ ကိုယ့်မှာ ပိုင်ဆိုင်ထားတာတွေ အများကြီး ရှိနေသေးမှန်း သိတော့တယ်။ ကိုယ်တို့ရဲ့ အခြေအနေက အရာရာကို ပုံအောပြီး လောင်းကြေးထပ်ရမဲ့ အခြေအနေမျိုးတောင် မဟုတ်ဘူးပဲ”
ချန်ရွေ့က ရှန်ယို့ယောင်နှင့် နှိုင်းယှဉ်ခံချင်နေသည် မဟုတ်ပါလား။ ဒါဆိုလျှင်လည်း သူမ အဘယ်ကြောင့် ဤမျှအထိ စက်ဆုပ်စရာ ကောင်းနေရသနည်းဆိုသည်ကို သူမ ကိုယ်တိုင် သိအောင် ပြရပေလိမ့်မည်။
[အစကတော့ သူ့ကို သနားမလို့ပဲ၊ အခုမှ ငါတို့မှာ သူ့ကို သနားဖို့ အရည်အချင်း မရှိမှန်း သိလိုက်ရတယ်။ သူ့ရဲ့ ဆုံးရှုံးမှုဆိုတာတောင် ငါတို့ရဲ့ အိပ်မက်တွေထက် ပိုပြီး ချမ်းသာနေတာပဲ။]
[ဟုတ်တယ်၊ သူ ရှုံးနိမ့်သွားရင်တောင် အစကနေ ပြန်စဖို့ ပစ္စည်းတွေ အများကြီး ရှိသေးတာပဲ။ တုသခင်လေးက အသက် ၂၅ နှစ်ပဲ ရှိသေးတာလေ။]
[တုသခင်လေးရဲ့ သဘောထားကို ကြည့်ရင် တစ်ခုခုတော့ ရှိမှာပါ။ လုပ်ငန်းစုကြီးတွေမှာ အကျိုးစီးပွားတွေ အများကြီး ပတ်သက်နေတာလေ။ တုသခင်လေး အာဏာရဖို့ဆိုတာ အခက်အခဲတွေ အများကြီး ရှိမှာပဲ။ ငါတို့ မြင်နေရတာက အပေါ်ယံတင် ဖြစ်မှာပါ။]
[အခုကစပြီး ပါးစပ်ပိတ်ပြီးတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ကြရအောင်။]
ဝမ်ကျန့်ဟွေးနှင့် အမှုဆောင်ကြီးများသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်မှာ မှန်သော်လည်း တုဇယ်ချန်း၏ အစီအစဉ်ဆိုသည်ကိုမူ ဂရုမစိုက်ကြပေ။ ဤရက်ပိုင်းအတွင်း ဆက်ဆံခဲ့ရသမျှ သူ၏ အစွမ်းအစကို သူတို့ သိရှိထားကြသည်လေ။ သူတို့ အမြင်တွင်မူ ဤသည်မှာ နံရံနှင့် မတိုက်မချင်း နောက်မဆုတ်တမ်း ဇွတ်လုပ်နေသော လူငယ်တစ်ဦး၏ ခေါင်းမာမှုသာ ဖြစ်သည်။ ထို့ပြင် သူ မည်မျှပင် အစွမ်းရှိပါစေ၊ သူတို့အားလုံး စုပေါင်း၍ ဆန့်ကျင်နေသည်ကိုမူ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ဟု ယူဆထားကြသည်။
သူ့ကို ဆုံးမလို့ မရဘူးလို့များ ထင်နေကြသလား။
နောက်တစ်နေ့တွင် မန်နေဂျာကျန့် အလုပ်ထွက်လိုက်ခြင်း၏ နောက်ဆက်တွဲ ဂယက်များမှာ ချက်ချင်းပင် ထင်ရှားလာတော့သည်။ သူ၏အောက်ခြေအဖွဲ့ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အမှုဆောင်ကြီးများသည် ဥက္ကဋ္ဌရုံးခန်းသို့ စုပေါင်း ရောက်ရှိလာကြပြီး အလုပ်ထွက်မည်ဟု အသီးသီး ပြောဆိုကြတော့သည်။
တုဇယ်ချန်းက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ "ဒါက အင်အားပြဖို့ ကြိုးစားတာလား”
"ဇယ်ချန်း” တုဟုန်ရိသည် လူအများ၏ တောင်းဆိုမှုအရ တုဇယ်ချန်း၏ ရှေ့မှောက်သို့ ပေါ်ပေါက်လာသည်။ သူ၏ အနောက်တွင်လည်း ရှယ်ယာရှင် အချို့ ပါဝင်လာကြရာ ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
သူသည် ဝင်လာသည်နှင့် အခြားသူများကို နှစ်သိမ့်ဟန်ဖြင့် ပြောလိုက်သည်။ "စိတ်မလောကြပါနဲ့၊ ဇယ်ချန်းက လူငယ်မို့လို့ စိတ်လိုက်မာန်ပါ ဖြစ်နေရုံပါ..."
တုဇယ်ချန်းသည် တုဟုန်ရိမှာ လူအများ၏ စိတ်ကို စည်းရုံးရာတွင် အလွန် ကျွမ်းကျင်သူမှန်း သိထားသည်။ သူ့အား စကားပြောခွင့် ပေးလိုက်ပါက မိမိကိုယ်မိမိ မည်မျှအထိ သန့်ရှင်းအောင် လုပ်ပြဦးမည် မသိပေ။ ထို့ကြောင့် တုဇယ်ချန်းက တိုက်ရိုက်ပင် စကားဖြတ်ပြောလိုက်သည်။
"ခင်ဗျား ဘာလာလုပ်တာလဲ။ ဒီနေရာက ခင်ဗျားကို မကြိုဆိုဘူး”
တုဟုန်ရိမှာ ခေတ္တ ကြောင်သွားရသည်။ သူသည် ဝမ်းနည်းဟန် ပြသကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် တုဇယ်ချန်းက လက်ဦးမှုယူကာ ထပ်မံ ပြောလိုက်သည်။ "ဘာလဲ... ကျုပ် အားကိုးရာမဲ့နေတုန်း အာဏာသိမ်းချင်လို့လား။ ငါ့နေရာကို ယူပြီး ထန်မိသားစု လုပ်ငန်းတွေကို ခင်ဗျားရဲ့ တရားမဝင်သားဆီ လွှဲပေးချင်လို့လား”
တုဟုန်ရိ၏ မျက်နှာမှာ တောင့်တင်းသွားတော့သည်။ တုဇယ်ချန်းသည် တရားမဝင်သား ကိစ္စကို ထုတ်ပြောလိမ့်မည်ဟု သူ တွက်ဆထားပြီးသား ဖြစ်သဖြင့် ပရိသတ်များက ထိုကိစ္စကို မေ့လျော့သွားပြီး ထန်မိသားစု၏ အသက်ဆက်ရေးကိုသာ အာရုံစိုက်လာစေရန် စကားလုံးများ ပြင်ဆင်ထားခဲ့သည်။
သို့သော် တုဇယ်ချန်းက ဝင်ဝင်ချင်းမှာပင် ဤကိစ္စကို ဗြောင်ကျကျ ဖွင့်ချလိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အမှုဆောင်ကြီးများ အားလုံး စုပေါင်း အလုပ်ထွက်ကြမည့် အခြေအနေတွင် သူသည် ထိတ်လန့်တုန်လှုပ်ကာ မိမိ၏ အကာအကွယ်ကို အသည်းအသန် တောင်းခံလာရမည် မဟုတ်ပါလား။
တုဇယ်ချန်းသည် ရောက်ရှိနေသော အမှုဆောင်ကြီးများနှင့် ရှယ်ယာရှင်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆိုးသွမ်းသော ကလေးတစ်ဦးပမာ ပြုမူလိုက်သည်။
"ခင်ဗျားတို့တွေ ဒီနေ့ သူ့ကို ဒီကို ခေါ်မလာခဲ့ရင်တော့ ဆွေးနွေးစရာ ရှိဦးမှာပေါ့။ အခုတော့ သူ့ကို ခေါ်လာမှတော့ ဘာမှ ပြောနေစရာ မလိုတော့ဘူး။ အလုပ်ထွက်ချင်ကြတယ် ဟုတ်လား။ ကောင်းပြီလေ... အားလုံးပဲ အလုပ်ထွက်စာတွေ တင်လိုက်ကြတော့။ ဒီနေရာမှာ တစ်ယောက်မှ ကျန်မနေစေနဲ့”
"ဇယ်ချန်း” တုဟုန်ရိက အလောတကြီး ပြောလိုက်သည်။ "စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ မင်း ဒီလိုလုပ်ရင် ထန်မိသားစု လုပ်ငန်းတွေကို ဖျက်ဆီးပစ်သလို ဖြစ်သွားလိမ့်မယ်”
တုဇယ်ချန်းက ဒေါသတကြီး ပြောလိုက်သည်။ "ဖျက်ဆီးပစ်ရင်တောင်မှ အဘိုးရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုတွေကိုတော့... သူ့ကို သေအောင် လုပ်ခဲ့တဲ့ လူသတ်သမားရဲ့ လက်ထဲကိုတော့ ငါ လုံးဝ အပ်မှာ မဟုတ်ဘူး”
တုဟုန်ရိ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။ "ဇယ်ချန်း။ မင်း ဘာတွေ လျှောက်ပြောနေလဲဆိုတာ သိရဲ့လား”
"သိတာပေါ့” တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "ဒီ ရှယ်ယာရှင်တွေနဲ့ အမှုဆောင်ကြီးတွေက ခင်ဗျားရဲ့စကားကိုပဲ နားထောင်ကြတယ်ဆိုတာလည်း ငါ သိတာပေါ့။ ဘာလဲ... ငါ့အဘိုးကို သေအောင် လုပ်ခဲ့ပြီးတော့ သူက ထန်မိသားစု လုပ်ငန်းအားလုံးကို ငါ့ကိုပဲ ပေးခဲ့လို့ အခု အာဏာလုဖို့ လာတာလား။ ငါတို့ သားအမိကို အဝေးကို မောင်းထုတ်ပြီး ယန်ရှောင်ယွမ်တို့ သားအမိကို နေရာပေးချင်လို့ပေါ့ ဟုတ်လား။ ငါ ပြောလိုက်မယ်... ခင်ဗျားရဲ့ အိပ်မက်တွေကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”
"တုဇယ်ချန်း” တုဟုန်ရိသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ တုဇယ်ချန်းသည် ဤအချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်ကြောင်း သူ ရိပ်မိလိုက်ပြီဖြစ်သည်။ သူသည် တစ်နိုင်ငံလုံးရှေ့တွင် မိမိ၏ အပြစ်များကို ဖွင့်ချပြီး မိမိအား ပြန်လည် နာလန်မထူနိုင်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ "အဲဒါတွေ အကုန်လုံးက မတော်တဆတွေပါ။ မင်း စိတ်တိုနေတာကို ငါ သိပါတယ်၊ ဒါပေမဲ့ ငါ့ကို ဒီလိုမျိုး မဟုတ်မတရား စွပ်စွဲလို့တော့ မရဘူးလေ”
တုဇယ်ချန်းက လှောင်ရယ်လိုက်သည်။
"မဟုတ်မတရား စွပ်စွဲတာ ဟုတ်လား။ ယန်ရှောင်ယွမ်က ငါ့အဘိုးကို သေအောင် လုပ်ခဲ့တဲ့ သက်သေတွေ အခုထိ ရှိနေတုန်းပဲ။ ခင်ဗျားကရော... ကျုပ် ကားတိုက်တုန်းကဆိုရင် တစ်ချက်ကလေးတောင် လာမကြည့်တဲ့အပြင် ဆရာဝန် ခေါ်တာကိုတောင် တားခဲ့တာလေ။ ငါနဲ့ ငါ့အမေကို နိုင်ငံခြားကို ပို့ပစ်ဖို့ပဲ ကြံစည်ခဲ့တာ မဟုတ်လား။ အရင်ကတော့ ငါက ရိုးအခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အခုတော့ ခင်ဗျား ကိုယ်တိုင်ပဲ ငါ့ကို မျက်စိဖွင့်ပြီး ကမ္ဘာကြီးကို ကြည့်တတ်အောင် သင်ပေးခဲ့ပြီလေ”
[ဝေါ့... ဝေါ့... ဝေါ့။ တကယ့် လက်တွေ့ဘဝက လူကုံထံ အရှုပ်တော်ပုံကြီးပါလား။]
[ဒါဆိုရင် လွန်ခဲ့တဲ့ ရက်ပိုင်းက သတင်းတွေက ကောလာဟလ မဟုတ်ဘူးပေါ့။ တုသခင်လေး ကားတိုက်တာက တကယ်ပဲ တုဟုန်ရိရဲ့ တရားမဝင်သားကြောင့်ပေါ့ ဟုတ်လား။]
[သခင်လေးက ထန်မိသားစုကို ဆက်ခံခွင့် မရှိဘူးလို့ သတင်းတွေ ထွက်နေတာကို ငါ အံ့ဩနေတာ။ သားအရင်း တစ်ယောက်တည်း ရှိတာကို၊ ခြေထောက် မသန်ရုံနဲ့ ဘာလို့ အမွေ မပေးရမှာလဲလို့လေ။ တကယ်တော့ တရားမဝင်သားအတွက် လမ်းခင်းပေးနေတာကိုး။]
[အဲဒီတုန်းက တုသခင်လေးခမျာ တော်တော်လေး ဒုက္ခရောက်ခဲ့မှာပဲ။ အခုမှ ပြန်ပြီး အနိုင်ယူနိုင်တာပေါ့။]
[ဒါပေမဲ့ အခုလည်း အကျပ်အတည်းတစ်ခုနဲ့ ထပ်တွေ့နေပြန်ပြီ မဟုတ်လား။ ဒါကြောင့်လည်း တုသခင်လေးက စီးပွားရေး မကြိုက်ဘဲနဲ့ ထန်မိသားစုကို ကိုယ်တိုင် ဆက်ခံခဲ့တာ ဖြစ်မှာပေါ့။ တုဟုန်ရိကိုလည်း တစ်ခါမှ မတွေ့ရတာ အခုမှ အဖြေပေါ်တော့တယ်။]
[ငါ့အမေက ခုနက ငါ့ကို လာမေးတယ်... ဒါ ဘာဇာတ်ကားလဲတဲ့...]
[အပေါ်ကလူရေ... နင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ငါလည်း ဒါကို Reality Show မဟုတ်ဘဲ ဇာတ်လမ်းတွဲ ကြည့်နေရသလို ခံစားနေရတာပါ။]
[အဘိုးထန်ကို သေအောင် လုပ်ခဲ့တဲ့ အဲဒီ မယားငယ်ကော ထောင်ကျသွားပြီလား သိချင်လိုက်တာ။]
တုဟုန်ရိသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ယနေ့ သူ၏ အစီအစဉ်မှာ ရှေ့ဆက်၍ မရတော့မှန်း သူ သိလိုက်ပြီ။ တုဇယ်ချန်းထံမှ ပို၍ ဆိုးရွားသော စကားများ ထွက်မလာစေရန်အတွက် သူသည် အလျှော့ပေးလိုက်ရတော့သည်။
"မင်း အခု စိတ်မတည်ငြိမ်ဖြစ်နေတာကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းထက် ငါ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်ဆိုတာ မင်း သိသင့်တယ်။ သူတို့ ကိစ္စအတွက် အဖေက မင်း ကျေနပ်အောင် သေချာ ရှင်းပေးပါ့မယ်။ ဒါပေမဲ့ ဒီနေ့တော့ အဖေ့စကားကို နားထောင်ပါ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
"အဖေက အခုလောလောဆယ် အမှုဆောင်ကြီးတွေနဲ့ ရှယ်ယာရှင်တွေကို စိတ်အေးအောင် လုပ်ပေးထားမယ်။ မင်း သေချာ ပြန်စဉ်းစားပါဦး။ သူတို့မှာလည်း ကိုယ့်မိသားစု၊ ကိုယ့်တာဝန်နဲ့ ကိုယ် ရှိကြတာလေ။ မိဘတွေလိုမျိုး မင်းရဲ့ အလိုကို အမြဲ လိုက်လျောနေမှာ မဟုတ်ဘူး” သူသည် နောက်ဆုံးအချိန်အထိ မိမိကိုယ်မိမိ အပြစ်ကင်းစင်သူအဖြစ်နှင့် တုဇယ်ချန်းကို စိုးရိမ်ပေးနေသူအဖြစ် ဟန်ဆောင်နေဆဲ ဖြစ်သည်။
တုဇယ်ချန်းကမူ အေးစက်စွာ ပြောလိုက်သည်။ "မလိုဘူး”
တုဟုန်ရိ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက်၊ သူသည် လှည့်ထွက်သွားလေတော့သည်။ သူသည် တုဇယ်ချန်း မိမိထံသို့ လာရောက် အကူအညီ တောင်းမည့် အချိန်ကို စောင့်ကြည့်နေဦးမည် မဟုတ်ပါလား။
…