အခန်း ၈၁
Vol. 6 Ch. 81
အခန်း (၈၁)
တုဟုန်ရိ ထွက်ခွာသွားပြီးနောက် တုဇယ်ချန်းသည် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ထိုင်ခုံပေါ်သို့ မှီချလိုက်သည်။
ရှန်ယို့ယောင်သည် ရှေ့သို့ တိုးသွားကာ သူ့အား ဖက်ထားရင်း နူးညံ့စွာ ပြောလိုက်သည်။ "အရာအားလုံး ပြီးဆုံးသွားမှာပါ”
တုဇယ်ချန်းသည် ကလေးငယ်တစ်ဦးပမာ သူမ၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ထားရင်း မေးလိုက်သည်။
"တကယ်လို့ သူတို့တွေ အလုပ်ထွက်သွားကြရင် ဘယ်လိုလုပ်မလဲ”
ရှန်ယို့ယောင်က ပြန်ပြောလိုက်သည်။ "မဖြစ်နိုင်ပါဘူး၊ ထန်မိသားစုက သူတို့ကို မတရား မလုပ်ခဲ့သလို ရှင်ကလည်း သူတို့ကို မနှိပ်စက်ခဲ့ဘူးလေ။ ရှင်က အလုပ်တစ်ခု လုပ်ချင်ရုံလေးနဲ့ သူတို့က ဒီလိုမျိုး တုံ့ပြန်ကြဖို့ အကြောင်းမရှိပါဘူး..."
[ဟုတ်သားပဲ၊ မားကက်တင်း အစီအစဉ်လေး တစ်ခု ပြင်တာကို၊ ဘာလို့ အမှုဆောင်ကြီးတွေ အားလုံး စုပေါင်း အလုပ်ထွက်ကြတဲ့အထိ ကြီးကျယ်သွားရတာလဲ]
[တုသခင်လေး ဥက္ကဋ္ဌ ဖြစ်တာမှ ဘယ်လောက်မှ မရှိသေးတာ။ သူတို့တွေ ဝိုင်းပြီး ပိတ်ဆို့နေကြတာကို ကြည့်ရင် တုသခင်လေး ဘာမှ လုပ်လို့မရအောင် တမင် လုပ်နေကြတာပဲ။ သူ ဥက္ကဋ္ဌ လုပ်လိုက်တာနဲ့ ထန်မိသားစုကြီး ပျက်စီးသွားတော့မဲ့အတိုင်းပဲ။]
[ကိစ္စတွေက ဒီကိုရောက်လာမှတော့ အဖြေက ရှင်းနေပါပြီ။ ငါတို့ မြင်ခဲ့ရတဲ့ တုသခင်လေးရဲ့ အစွမ်းအစ မရှိမှုတွေ၊ အကြောင်းမဲ့ ပြဿနာရှာမှုတွေဆိုတာ အမှန်တော့ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ အကွက်ချ စီစဉ်ထားတာ ဖြစ်ရမယ်...]
[ဒါဆို ငါတို့အားလုံးက သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး အထင်လွဲခဲ့ကြပြန်တာပေါ့]
[တုသခင်လေးက သနားစရာပဲ... အဖေအရင်းက အာဏာလုဖို့အတွက် လူအားလုံးကို စည်းရုံးပြီး သူ့သားကို မောင်းထုတ်ဖို့ ကြိုးစားနေတာလေ...]
[သခင်လေးရေ... ကြိုးစားပါ။ ငါတို့ ရှင့်ဘက်က ရှိနေပေးမယ်။]
[ဒီကိစ္စက အားပေးရုံနဲ့တင် မပြီးနိုင်ဘူး ထင်တယ်။ တကယ်လို့ အဲဒီလူတွေသာ အလုပ်ထွက်သွားရင် တုသခင်လေးဘက်က အလျှော့ပေးရတော့မှာ။ စကားကတော့ နားဝင်မချိုပေမဲ့... အကျိုးစီးပွားနဲ့ ကိုယ်ကျင့်တရားဆိုတာ တိုက်ရိုက် မပတ်သက်ဘူးလေ။ သခင်လေးအတွက်တော့ တကယ် အန္တရာယ် များနေပြီ။]
ရှန်ယို့ယောင်က နာရီကို ကြည့်ကာ ပြောလိုက်သည်။
"မစဉ်းစားပါနဲ့တော့၊ ဒီနေ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း သွားလုပ်ရမဲ့ အချိန်တန်ပြီ” သူမက တုဇယ်ချန်း၏ ခေါင်းကို အသာအယာ ပွတ်သပ်ရင်း ဆက်ပြောသည်။ "အဆိုးဆုံး ဖြစ်လာရင်လည်း ကျွန်မ ရှင့်ကို တင်ကျွေးထားမှာပေါ့”
တုဇယ်ချန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။
"ဒါလည်း ဟုတ်တာပဲ၊ အဆိုးဆုံး ဖြစ်ရင်တော့ အနုပညာလောကထဲပဲ ပြန်ဝင်ရမှာပေါ့။ ကိုယ်တို့တွေ အိမ်ကြီးအိမ်ကောင်းနဲ့ နေနိုင်သေးတာပဲ၊ ကားကောင်းကောင်းလည်း စီးနိုင်ပါသေးတယ်”
[စကားပြောတာကတော့ အရိုက်ခံချင်စရာပဲ၊ ဒါပေမဲ့ သူ့ကို သနားမိတာတော့ အမှန်ပဲဗျာ။]
[သခင်လေး... ပြန်မလာပါနဲ့ဦး၊ ထန်မိသားစုကိုပဲ သေချာ စောင့်ရှောက်ပါ၊ လုပ်နိုင်မှာပါ။]
[တုသခင်လေးက အခုထိ လေ့ကျင့်ခန်း လုပ်နေရတုန်းလား]
[သဘာဝကျတာပဲ၊ အဲဒီတုန်းက ကားတိုက်မှုက တော်တော် ပြင်းထန်တာလေ။ ဒုက္ခိတ ဘဝကနေ ဒီလောက် မြန်မြန် လမ်းလျှောက်နိုင်တာတင် အံ့ဖွယ်ပဲ။ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းက အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက်တော့ ကြာမှာပေါ့။]
ဆေးရုံသို့ သွားသည့် လမ်းတစ်လျှောက်တွင် ရှန်ယို့ယောင်၏ ဖျောင်းဖျမှုကြောင့် တုဇယ်ချန်း၏ စိတ်အခြေအနေမှာ များစွာ ကောင်းမွန်လာခဲ့သည်။
သို့သော် ကုထုံးပညာရှင်က သူ့အား ထောက်ပံ့ကိရိယာများ တပ်ဆင်ပေးချိန်တွင် သူ၏ မျက်နှာ၌ မလိုလားအပ်သော အမူအရာများ အလိုလို ပေါ်ပေါက်လာသည်။ ရှန်ယို့ယောင်က သူ့အား ဖက်ထားရင်း နူးညံ့စွာ ချော့မြူလိုက်သည်။ "ကြိုးစားပါဦး၊ အရာအားလုံး အဆင်ပြေသွားမှာပါ”
အစပိုင်းတွင် ပရိသတ်များမှာ ဘာဖြစ်သနည်းဟု မသိကြသော်လည်း တုဇယ်ချန်းသည် ကိရိယာများကို အားပြုလျက် နာကျင်စွာဖြင့် မတ်တတ်ရပ်လိုက်ချိန်တွင်မှ အရာရာကို သိမြင်သွားကြတော့သည်။ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း ဆိုသည်မှာ ဤမျှအထိ နာကျင်စရာ ကောင်းလှသည်ကို အခုမှ သိကြခြင်း ဖြစ်သည်။ ဆယ်မိနစ်ခန့်အတွင်းမှာပင် တုဇယ်ချန်း၏ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်သွားတော့သည်။
[သနားလိုက်တာ... သခင်လေးက ချွေးထွက်ခဲတဲ့ သူမျိုးလေ။ အခု ဒီလောက်အထိ ဖြစ်နေတာဆိုရင် တော်တော်လေး နာကျင်နေမှာ သေချာတယ်။]
ရှန်ယို့ယောင်သည် ကင်မရာဘက်သို့ လှည့်ကာ ပထမဆုံးအကြိမ် စကားစလိုက်သည်။
"ပြန်လည်ထူထောင်ရေး စလုပ်တုန်းကဆိုရင် အခုထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုပြီး ခက်ခဲခဲ့တာပါ။ သူ တဖြည်းဖြည်းချင်း မတ်တတ်ရပ်နိုင်အောင် ကြိုးစားခဲ့တာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရတာလေ။ အခု ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ဖို့အတွက် သူ အများကြီး ပေးဆပ်ခဲ့ရတာပါ”
ထန်ရွှမ်က သူမအား သင်ကြားပေးထားခဲ့သည်။ ဝမ်းနည်းစရာ ရှိလာလျှင် ဖွင့်ပြောရမည်၊ လူသားဆိုသည်မှာ ခံစားချက်ရှိသော သတ္တဝါများ ဖြစ်ကြရာ၊ ဒုက္ခကို မြင်တွေ့ရလျှင် သနားစိတ် ဝင်လာတတ်ပြီး အလိုလို ခွင့်လွှတ်တတ်ကြသည် ဟူ၍ ဖြစ်သည်။ အစကတော့ သူမသည် ဤနည်းလမ်းကို အသုံးမချချင်သော်လည်း ယခုအခါတွင်မူ တုဇယ်ချန်းအတွက်ကြောင့် အလိုလို ပြောမိသွားခြင်း ဖြစ်သည်။ တစ်ကမ္ဘာလုံးက သူ့အပေါ် နူးညံ့စွာ ဆက်ဆံပေးကြရန် သူမ အမှန်တကယ် မျှော်လင့်နေမိသည်။
ကုထုံးပညာရှင်၏ လက်ထောက် မိန်းကလေးမှာလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေပုံ ရသည်။ သူမသည် ဗီဒီယိုအချို့ကို ယူဆောင်လာပြီး ပြောလိုက်သည်။
"ဒါက တုဇယ်ချန်းရဲ့ လေ့ကျင့်ခန်း လုပ်စဉ်က မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေပါ။ သူ ဒီလောက်အထိ မြန်မြန် လမ်းလျှောက်နိုင်တာဟာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စပဲ”
ဒါရိုက်တာက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ထိုမှတ်တမ်းများမှ အချို့ကို ပြသလိုက်သည်။ အစပိုင်းတွင် လုံးဝ မလှုပ်ရှားနိုင်ဘဲ ရပ်တောင် မရပ်နိုင်သည့် အခြေအနေမှသည် နောက်ပိုင်းတွင် ရေထဲမှ ဆွဲတင်ထားသည့်အလား ချွေးများဖြင့် ခက်ခဲစွာ လမ်းလျှောက်နေရသည့် အထိ... အခန်းတိုင်း ခြေလှမ်းတိုင်းတွင် မည်သူမှ မသိနိုင်သော ကြိုးစားအားထုတ်မှုများ ကိန်းအောင်းနေတော့သည်။
[မျက်ရည်တွေ တားမရတော့ဘူး... သခင်လေးရေ တောင်းပန်ပါတယ်၊ ရှင် အခက်ခဲဆုံး ဖြစ်နေချိန်မှာ ကျွန်မတို့ ရှင့်ဘက်က ရှိမနေပေးခဲ့ဘူး။]
[တောင်းပန်ပါတယ်... ငါ့ရဲ့ အသိဉာဏ် မရှိမှုအတွက် ငါ တောင်းပန်ပါတယ်။ အခုကစပြီး အွန်လိုင်းမှာ ဘယ်သူ့ကိုမှ အကြောင်းမဲ့ ဆဲတော့မှာ မဟုတ်ဘူးလို့ ငါ ကျိန်ဆိုပါတယ်။]
[တောင်းပန်ပါတယ်... ငါ ငိုလို့ကို မဆုံးနိုင်တော့ဘူး။ သူက အလိုလိုက်ခံရပြီး ကြီးပြင်းလာတာလို့ပဲ ငါ အမြဲ ထင်ခဲ့တာ၊ ဒီလောက်အထိ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ရမယ်လို့ မထင်ထားဘူး။ အဲဒီအချိန်တုန်းက လူတွေက သူ့ကို ဝိုင်းဆဲနေကြတာကို ပြန်တွေးမိတိုင်း တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။]
[အဲဒီအချိန်က ငါ့ကိုယ်ငါ ပြန်ပြီး ရိုက်သတ်ချင်လိုက်တာ။ ဘာလို့ သူများပြောတိုင်း လိုက်ယုံနေမိတာလဲ၊ ငါ တကယ်ကို လူအပဲ။]
[အားလုံး သတိထားမိလား... ရှန်ယို့ယောင် ရှိနေတဲ့ အချိန်ဆိုရင် တုသခင်လေးက နာကျင်နေရင်တောင် ပြုံးနေတာလေ။ ရှန်ယို့ယောင် မရှိတဲ့ အချိန်ကျမှ သူက တကယ် နာကျင်နေတဲ့ ပုံပေါက်တာ။]
[တုသခင်လေးက ရှန်ယို့ယောင်ကို ဘာလို့ အဲဒီလောက်အထိ ချစ်လဲဆိုတာ အခုမှ သိတော့တယ်။ လူတိုင်းက သူ့ကို စွန့်ခွာသွားချိန်မှာ သူမ တစ်ယောက်တည်းကသာ သူ့ဘေးမှာ ရှိနေပေးပြီး အစွမ်းကုန် အားပေးကူညီရင်း ရှေ့ကို ဆက်လျှောက်နိုင်အောင် ဖေးမပေးခဲ့တာကိုး။]
[ချန်ရွေ့ နဲ့ ယှဉ်ကြည့်လိုက်ပြီး သခင်လေးရဲ့ စကားကို ငါ အခုမှ နားလည်တော့တယ်။ သူက သခင်လေးရဲ့ အလုပ်နဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်မှပဲ တက်တက်ကြွကြွ ပေါ်လာတာလေ။ တကယ်သာ သူငယ်ချင်းအဖြစ် စိတ်ပူပေးတယ်ဆိုရင် အခုလို အချိန်မျိုးကမှ အားပေးစကား ပြောရမဲ့ အချိန် မဟုတ်ဘူးလား၊ ဘာလို့ ပေါ်မလာရတာလဲ]
[ဟဲဟဲ... ဘယ်သူက ရှန်ယို့ယောင်ကို စည်းစိမ်ရှိတဲ့ အချိန်ပဲ အတူနေနိုင်တယ်လို့ ပြောတာလဲ။ သူက အတတ်ပညာပိုင်းမှာ မကူညီနိုင်တာ မှန်ပေမဲ့၊ သခင်လေးအတွက် နောက်ဆုတ်စရာ လမ်းကြောင်းကို ကြိုပြင်ပေးထားတာလေ။ ရှုံးနိမ့်သွားရင်တောင် တစ်ယောက်ကိုတစ်ယောက် ဖေးမပြီး ဆက်လျှောက်သွားဖို့ သူက အဆင်သင့်ပဲ။ ဒီလို လူမျိုးကမှ ဘဝကို ပုံအပ်သင့်တာပေါ့။]
တုဇယ်ချန်းသည် လေ့ကျင့်ခန်း လုပ်ပြီးနောက် ခုတင်ပေါ်တွင် အသက်ကို ပြင်းပြင်းရှူရင်း လှဲလျောင်းနေသည်။ တုဟုန်ရိကို တွေ့ခဲ့ရသဖြင့် စိတ်ညစ်ညူးမှုများနှင့် အမှုဆောင်ကြီးများ၏ အကျပ်ကိုင်မှုများကြောင့် ဖြစ်ပေါ်နေသော ဒေါသများမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက ရှန်ယို့ယောင်အား ပြုံး၍ ပြောလိုက်သည်။
"မင်းပြောတာ မှန်တယ်၊ အရာအားလုံး ပြီးဆုံးသွားမှာပါ”
ရှန်ယို့ယောင်က သူ့အား ဖက်ထားလိုက်သည်။
"ယို့ယောင်” တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "ကိုယ် ဒီရက်ပိုင်းအတွင်း ထန်မိသားစု ကုမ္ပဏီက ကိစ္စတွေကို အာရုံစိုက်ရမယ်၊ အမှုဆောင်ကြီးတွေနဲ့ ရှယ်ယာရှင်တွေကို ဘယ်လို စည်းရုံးရမလဲဆိုတာ စဉ်းစားရမယ်လေ။ လန်ဟွေ့နဲ့ ရှန့်လန်ဝမ်ဘက်ကိုတော့ ကိုယ် သိပ်ပြီး မကြည့်နိုင်တော့ဘူး၊ အဲဒါကြောင့် မင်းပဲ ကိုယ့်ကိုယ်စား ကူပြီး ကြည့်ပေးပါဦး” သူသည် ပြောပြီးနောက် ရှန်ယို့ယောင်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး တစ်စုံတစ်ခုကို မှာကြားလိုက်သည်။
ရှန်ယို့ယောင်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။ "ရှင် ဒီဘက်က အလုပ်တွေကိုပဲ အေးအေးဆေးဆေး လုပ်ပါ၊ ဟိုဘက်ကိုတော့ ကျွန်မ သေချာ စောင့်ရှောက်ပေးထားပါ့မယ်”
တုဟုန်ရိတို့ အဖွဲ့မှာမူ အွန်လိုင်းမှ အခြေအနေများကို ကြည့်ပြီး မျက်နှာများ ညိုမှောင်နေကြသည်။
ဝမ်ကျန့်ဟွေးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဒါက ဘယ်လိုလုပ်ကြမလဲ။ ဇယ်ချန်းက တော်တော်လေးကို ပါးနပ်တာပဲ။ သူက ဒီလိုမျိုး အားနည်းချက်ကို ပြလိုက်တော့... ငါတို့ကပဲ လူဆိုးတွေ ဖြစ်ကုန်ပြီ မဟုတ်လား”
တုဟုန်ရိက ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။ "ငွေပေးပြီး အတင်းအကျပ် ပြောင်းလဲထားတဲ့ အခြေအနေက ဘာလုပ်နိုင်မှာလဲ။ သူက ထင်ရာစိုင်းနေတာလေ၊ အွန်လိုင်းက လူတွေကို သုံးပြီး သူ့ကိုယ်သူ သန့်ရှင်းအောင် လုပ်ပြနေရုံနဲ့ ငါတို့က သူ့အလိုအတိုင်း လိုက်လျောပေးရမှာလား”
"ဥက္ကဋ္ဌဝမ်... ခင်ဗျား အနေနဲ့လည်း သိပ်ပြီး စိုးရိမ်မနေပါနဲ့” တုဟုန်ရိက ဆက်လက်၍ ပြောလိုက်သည်။
"ကျွန်တော် အနုပညာလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာဆိုတော့ သေချာ သိတာပေါ့။ အွန်လိုင်း အသုံးပြုသူတွေဆိုတာ ပါးစပ်ထဲ ရှိတာကို လျှောက်ပြောနေကြတာလေ၊ အခုတော့ တောင်ကြီး ပြိုကျတော့မလို ဖြစ်နေပေမဲ့ တကယ်တမ်းတော့ ရက်အနည်းငယ် ကြာရင် အရာအားလုံးကို အကုန်မေ့ကုန်ကြမှာပါ”
"ပြီးတော့ အားလုံးက အနုပညာလောကက လူတွေမှ မဟုတ်တာ။ သူတို့က လူချင်းတောင် သိတာ မဟုတ်ဘူး၊ ထန်မိသားစု အမှုဆောင်ကြီးတွေနဲ့ ရှယ်ယာရှင်တွေ ဆိုတဲ့ နာမည်တစ်ခုတည်းနဲ့တင် ပြီးသွားတာပဲလေ၊ ဘာဖြစ်လာနိုင်မှာလဲ။ ဒါပေမဲ့ ဇယ်ချန်းကတော့ နာမည်ကြီးသူ ဖြစ်နေသလို၊ ကိစ္စကိုလည်း ဒီလောက်အထိ ကြီးကျယ်အောင် လုပ်ထားတာလေ။ သူသာ ဒီလိုမျိုး အခွင့်အရေးကို မြည်းစမ်းသွားမိရင် နောက်ပိုင်းမှာလည်း ဒီနည်းလမ်းကို သုံးပြီး ထင်ရာစိုင်းနေရင် ဘယ်လိုလုပ်မလဲ”
တစ်ဦးက ဝင်ပြောလိုက်သည်။ "သူကတော့ ငါတို့ အလုပ်ထွက်မှာကို ကြောက်တယ်လို့ ဗြောင်ပြောထားပြီပဲလေ။ ကြည့်ရတာ သူ တကယ်ပဲ နည်းလမ်းမရှိတော့လို့၊ အွန်လိုင်းက အသံတွေကို သုံးပြီး ငါတို့ကို ခြိမ်းခြောက်နေတာ ဖြစ်မှာပါ”
အားလုံးက ထိုစကားကို ထောက်ခံကြသည်။ ဒါသည် သူတို့အတွက် ရခဲလှသော အခွင့်အရေး မဟုတ်ပါလား။ အကယ်၍သာ လက်လွှတ်လိုက်ပါက နှမြောစရာ ကောင်းလှပေလိမ့်မည်။ အွန်လိုင်းမှ အသံများဆိုသည်မှာ အောင်နိုင်သူဘက်တွင်သာ အမြဲ ရှိနေတတ်သည်လေ။ ယခု အရေးအကြီးဆုံးမှာ လက်တွေ့ကျသော အကျိုးအမြတ်ကို ရယူရန်သာ ဖြစ်သည်။ ထို့ပြင် လူအများ စုပေါင်းလုပ်ဆောင်ခြင်း ဖြစ်ရာ၊ ပရိသတ်များက ဆဲဆိုချင်လျှင်ပင် ဘယ်သူ့ကို ဆဲရမှန်း သိကြမည် မဟုတ်ပေ။
"ထန်မိသားစု အမှုဆောင်ကြီးများ"၊ "ထန်မိသားစု ရှယ်ယာရှင်များ" ဟူသော စကားလုံးများမှာ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် သက်ရောက်မှု မရှိနိုင်သည်မှာ သေချာသည်။
ဝမ်ကျန့်ဟွေးက ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလျက် ပြောလိုက်သည်။ "ဒီနေ့ ဇယ်ချန်းရဲ့ ပုံစံကို ကြည့်ရတာတော့... နံရံနဲ့ မတိုက်မချင်း နောက်ဆုတ်မဲ့ ပုံမရှိဘူး။ လူငယ်ဆိုတော့လည်း အခက်အခဲတွေနဲ့ တကယ် ပက်ပင်းတိုးကြည့်မှပဲ သိတော့မှာပေါ့”
အွန်လိုင်းမှ အခြေအနေများကြောင့် စိတ်တိုနေရသူမှာ အဖွဲ့တစ်ဖွဲ့တည်း မဟုတ်ပေ။ တုဟုန်ရိတို့မှာ အတွေ့အကြုံ များသူများ ဖြစ်သဖြင့် တည်ငြိမ်နိုင်ကြသော်လည်း ချန်ရွေ့မှာမူ ထမင်းပင် စား၍ မဝင်နိုင်လောက်အောင် ဒေါသထွက်နေရသည်။
သူမသည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာများကို စောစော ပိတ်လိုက်ပြီးနောက် အွန်လိုင်းတွင် သူမအား ဆဲဆိုနေကြသော မှတ်ချက်များကို ကြည့်ကာ အံကြိတ်နေတော့သည်။
"တုဇယ်ချန်း... နင် နောင်တ ရစေရမယ်” သူမသည် အရင်းရှင်များ၏ စရိုက်ကို အသိဆုံး ဖြစ်သည်။ အကျိုးအမြတ်အတွက် ဤမျှအထိ အကျပ်ကိုင်နေကြသူများမှာ အွန်လိုင်းမှ အသံလေး အနည်းငယ်ကြောင့်နှင့် လက်လျှော့သွားလိမ့်မည် မဟုတ်သည်မှာ သေချာသည်။
ကြည့်ရတာ ဒုတိယ အစီအစဉ်ကို ပြင်ဆင်ရတော့မည် ဖြစ်သည်။ တုဇယ်ချန်း၏ မိုက်မဲမှုကတော့ ကယ်တင်လို့ ရတော့မည် မဟုတ်ပေ။
ရှန်ယို့ယောင်၏ ရင်ခွင်ထဲတွင် တုဇယ်ချန်း မှီနေသည်ကို ကြည့်ရင်း သူမ စိတ်ထဲတွင် များစွာ နာကျည်းနေမိသည်။ သူမက ကူညီချင်တယ် ဟုတ်လား။ အဲဒါက ဖန်ခယ်က သဘောတူမှ ဖြစ်မှာလေ။ အဲဒီအချိန်ကျရင်တော့ ဟာသတစ်ခု ဖြစ်သွားစေရမယ်။
ပရိသတ်များမှာလည်း ဖန်ခယ်၏ ကိစ္စကို သတိရလာကြသည်။
[ရုတ်တရက် ကြောက်လာပြီ။ တုသခင်လေးနဲ့ ဖန်ခယ်က လက်တွဲဖော်တွေလေ၊ ဒါပေမဲ့ ဖန်ခယ်က ရှန်ယို့ယောင်ရဲ့ ကိုယ်ပွားလေး ဖြစ်နေတာလား]
[ဒီလောက်ရက်တွေ ကြာလာပြီဆိုတော့၊ ဖန်ခယ်လည်း ဒီကိစ္စကို သိလောက်ပြီပေါ့နော်]
[သိလောက်ပါပြီ။ မဟုတ်ရင်လည်း ဒီလောက်ရက်တွေအတွင်းမှာ လက်တွဲဖော် တစ်ယောက်အနေနဲ့ တုသခင်လေးကို လာပြီး အားပေးစကား ပြောသင့်တာပေါ့။ အခုတော့ တစ်ခါမှ ပေါ်မလာဘူး။ ပြိုင်ဘက် ဖြစ်တဲ့ ချန်ရွေ့ကသာ နေ့တိုင်း လာနေတာလေ။]
[တုသခင်လေးကတော့ ငယ်စဉ်ကတည်းက ကံကောင်းမှုတွေ အကုန် သုံးပစ်ခဲ့လို့ ထင်တယ်၊ အခုတော့ သူ့ဘေးမှာ ကောင်းတဲ့အရာ တစ်ခုမှ မရှိတော့ဘူး။]
[မိန်းကလေး ဖန်ခယ်ကတော့ အားပေးမှာပါ၊ ကိုယ်ပွားလို့ သတ်မှတ်ခံရတာက သူတို့ နှစ်ယောက်ရဲ့ အမှားမှ မဟုတ်တာ။]
[ငါကတော့ ယုံကြည်တယ်၊ ဖန်ခယ်က သဘောထားကြီးတဲ့သူဆိုတော့ သူတို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး။]
[အပေါ်ကလူတွေကတော့ အရမ်း စိတ်ကူးယဉ်လွန်းနေပြီ။ ဖန်ခယ်က အဲဒီလောက်အထိ အနိုင်ကျင့်ခံမဲ့သူ မဟုတ်ဘူးနော်။]
[ဘာဖြစ်လို့လဲ။ ရှင်းပြပေးပါဦး။]
[ဝိုး... ဒါကတော့... တုသခင်လေးတို့အတွက် စိုးရိမ်မိသား။]
ပရိသတ်များမှာ ဖန်ခယ်၏ အကြောင်းများကို လိုက်လံ ရှာဖွေခဲ့ကြရာ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များစွာ ထွက်ပေါ်လာခဲ့သည်။
ဖန်မိသားစု၏ သခင်မလေး ဖြစ်သူ ဖန်ခယ်သည် စရိုက်ခက်ထန်ပြီး ဒေါသကြီးသူ တစ်ဦး ဖြစ်သည်။ သူမ၏ မိခင်မှာ သူမကို မွေးဖွားစဉ်မှာပင် ဆုံးပါးသွားခဲ့ရသည်။ သူမသည် ဖခင်ဖြစ်သူ၏ နောက်အိမ်ထောင်ပြုမှုကို လုံးဝ လက်မခံနိုင်သလို သူမထက် နှစ်နှစ်ငယ်သော မောင်ဖြစ်သူကိုလည်း အလွန် မုန်းတီးသူ ဖြစ်သည်။ သူမ အိမ်မှာ ရှိနေသရွေ့ ဖန်အိမ်တော်မှာ အေးချမ်းသည်ဟူ၍ မရှိပေ။
အစပိုင်းတွင် အဘိုးနှင့် အဘွားမှာ သူမအား သနားပြီး အလိုလိုက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူမ၏ လုပ်ရပ်များကြောင့် လုံးဝ စိတ်ပျက်သွားခဲ့ကြရသည်။
သူမ၏ စရိုက်မှာ အလွန်ပင် ဆိုးသွမ်းလှသည်။ သူမအား မနှောင့်ယှက်လျှင် အေးဆေးနေသော်လည်း တစ်စုံတစ်ရာ ထိပါးမိပါက သူမ၏ လက်စားချေမှုမှာ အလွန်ပင် ပြင်းထန်လှသည်။ ရှီးမြို့ တွင် ရှိစဉ်က သူမ ကြိုက်နေသော ယောကျ်ားလေး တစ်ဦးက သူမအား ငြင်းပယ်ခဲ့သဖြင့် ထိုလူကို ဒဏ်ရာအပြင်းအထန် ရသည်အထိ ရိုက်နှက်ခဲ့ဖူးကြောင်း သတင်းများ ရှိနေသည်။
[ကြည့်ရတာတော့ ဒီမမက စိတ်ထား ကောင်းမဲ့ ပုံပဲနော်]
[အစီအစဉ် ရိုက်နေတုန်းမှာ ကိုယ့်ရဲ့ ဆိုးကွက်တွေကို ဘယ်သူက ပြပါ့မလဲ။]
[ဒါပေမဲ့ မိထွေးနဲ့ မောင်အကြောင်းဆိုရင်တော့ ငါ ဘာမှ မပြောလိုပါဘူး။ လူကုံထံ အသိုင်းအဝိုင်းက ကိစ္စတွေ ဆိုတော့... ဘယ်သူက အမှန်လဲဆိုတာ ဘယ်သူ သိမှာလဲ။]
[ဟုတ်ပါပေ့၊ တုသခင်လေးကိုပဲ ကြည့်လေ။]
[တကယ်လို့သာ အားလုံးက သူမအလိုအတိုင်း ဖြစ်နေတယ်ဆိုရင် သူ ဘာလို့ ကုမ္ပဏီမှာ ရာထူး မယူထားရတာလဲ။ သူ စီးပွားရေး မကြိုက်တာလည်း မဟုတ်ဘူး၊ အစီအစဉ်တွေ ဆွဲတာလည်း တော်တော်လေး တော်တာပဲလေ...]
[အားလုံးပဲ မင်္ဂလာပါ။ ဒီအစီအစဉ်ရဲ့ နာမည်ကို လူကုံထံတို့၏ အရှုပ်တော်ပုံ လို့ ပြောင်းပေးလိုက်ကြရအောင်။]
[ငါကတော့ မနက်ဖြန် ရှန်ယို့ယောင်က ဖန်ခယ်နဲ့ သွားတွေ့တဲ့အခါ အဆင်ပြေပါ့မလား ဆိုတာပဲ စိတ်ပူမိတယ်။]
[ဖြစ်နိုင်ခြေ များတယ်နော်... စိုးရိမ်မိသား...]
အွန်လိုင်းတွင် ဖန်ခယ်၏ မကောင်းသတင်းများမှာ အချိန်ကိုက်ပင် ပျံ့နှံ့လာတော့သည်။ ရန်ဖြစ်ခြင်း အာဏာပြခြင်း စသည့် အပျော်အပါးမက်သော သခင်မလေး တစ်ဦးပမာ ပုံဖော်နေကြခြင်း ဖြစ်သည်။
တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့သည် ခုတင်ပေါ်တွင် လှဲလျောင်းရင်း ဖန်ခယ်နှင့် ပတ်သက်သော သတင်းများကို ကြည့်နေကြသည်။
ရှန်ယို့ယောင်က နားမလည်စွာဖြင့် မေးလိုက်သည်။ "ဒါက ဘယ်သူ့လက်ချက်လဲဟင်။ ဖန်ခယ်ကို ဘာလို့ ဒီလိုမျိုး သတင်းဆိုးတွေ ဖြန့်နေရတာလဲ”
မှန်ပေသည်။ အကွက်မြင်သူ တစ်ဦးအနေဖြင့် ကြည့်ရုံနှင့်တင် ဤသည်မှာ တမင် သွေးထိုးနေခြင်း ဖြစ်ကြောင်း သိသာလှသည်။ သို့သော် ဖန်ခယ်က ဘယ်သူ့ကို သွားပြီး ထိပါးမိသနည်း ဆိုသည်မှာ စဉ်းစားစရာပင်။
တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "ဖန်မိသားစုရဲ့ လက်ရှိ သခင်မ ဖြစ်ရမှာပေါ့”
ရှန်ယို့ယောင်က မေးလိုက်သည်။ "သူ့ မိထွေးလား”
…