← Chapters

အခန်း ၈၃

Vol. 6 Ch. 83

အခန်း ၈၃

Vol. 6 Ch. 83

အခန်း (၈၃)

ရုံးခန်းအတွင်း၌ လူများဖြင့် ပြည့်နှက်နေသည်ကို ကြည့်ကာ တုဇယ်ချန်းက မေးလိုက်သည်။

"ခင်ဗျားတို့က ဘာသဘောလဲ”

ဝမ်ကျန့်ဟွေးက ပြောလိုက်သည်။ "ဥက္ကဋ္ဌလေးတု၊ မန်နေဂျာလီကို ရာထူးပြန်ပေးဖို့ တောင်းဆိုပါတယ်။ သူကလည်း ထန်မိသားစုရဲ့ လူဟောင်းတစ်ယောက်ပဲလေ။ မန်နေဂျာကျန့်ကတော့ သူ့သဘောနဲ့သူ ထွက်သွားတာဆိုတော့ ကျုပ်တို့ ဘာမှမပြောတော့ပါဘူး၊ ဒါပေမဲ့ မန်နေဂျာလီကိုတော့ ခင်ဗျား ကိုယ်တိုင် အလုပ်ထုတ်ခဲ့တာ မဟုတ်လား”

အမှုဆောင်အရာရှိတစ်ဦးက မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ ဘာသဘောလဲလို့ မေးနေတာလား၊ ကျုပ်တို့ကလည်း ခင်ဗျားကို ပြန်မေးချင်နေတာ။ ဘာလို့ မန်နေဂျာလီကို အလုပ်ထုတ်တာလဲ။ မန်နေဂျာလီ ထွက်သွားပြီးရင် နောက်တစ်ယောက်က ကျုပ်တို့ ဖြစ်လာတော့မှာလား”

တုဇယ်ချန်းသည် ထိုလူ၏ မေးခွန်းကြောင့် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

"ဒါဆို ခင်ဗျားတို့ ဆိုလိုတာက... ခင်ဗျားတို့လည်း သူတို့လိုပဲ ကျွန်တော့်ကို ကုမ္ပဏီအလုပ်တွေမှာ လုံးဝ ဝင်မစွက်ဖက်စေချင်တာလား”

ဝမ်ကျန့်ဟွေးက ပြောလိုက်သည်။ "မင်းက အရမ်း စိတ်လောနေတာပဲ။ ကုမ္ပဏီ ရောက်တာမှ ဘယ်လောက်ရှိသေးလို့လဲ။ ထန်မိသားစုရဲ့ လုပ်ငန်းတွေဆိုတာ မင်းတို့ အနုပညာလောကက ကိစ္စတွေ၊ ဒါမှမဟုတ် ပရောဂျက် သေးသေးလေးတွေလို မဟုတ်ဘူးလေ။ အမှားတစ်ခု လုပ်မိရင် ပြန်ပြင်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး”

"ဆုံးဖြတ်ချက် တစ်ခု မှားလိုက်တာနဲ့ လုပ်ငန်းတစ်ခုလုံးကို အမြစ်ပြတ် ဖျက်ဆီးပစ်နိုင်သလို ဆုံးရှုံးမှုကလည်း မခန့်မှန်းနိုင်လောက်အောင် ကြီးမားလိမ့်မယ်”

တုဇယ်ချန်းက ပြန်ပြောလိုက်သည်။

"ကျွန်တော်လည်း ကျွန်တော့်အဖေနဲ့ ကျွန်တော့်အဘိုးတို့ရဲ့ လက်ပေါ်မှာ ကြီးပြင်းလာတာပဲလေ၊ ဒီလောက် အခြေခံ အချက်တွေကို ကျွန်တော် မသိဘူးလို့ ထင်နေတာလား။ ကျွန်တော်က ဆုံးဖြတ်ချက်တွေမှာ ပါဝင်မယ်လို့လည်း တစ်ခါမှ မပြောခဲ့ဘူး မဟုတ်လား။ ကျွန်တော့်ကိုယ်ပိုင် ကုမ္ပဏီရဲ့ လုပ်ငန်းတွေအကြောင်း ကျွန်တော် လေ့လာချင်တာကော မှားနေလို့လား။ ကျွန်တော့်ကို ဘာကများ ဒီလောက်အထိ ငတုံးလို့ ထင်စေတာလဲ”

ဝမ်ကျန့်ဟွေးသည် စကားပြော၍ မရသော အမူအရာမျိုး ဖမ်းကာ သက်ပြင်းချလျက် ပြောလိုက်သည်။

"သခင်လေးတုရာ... မင်းကတော့ အတွေးလွန်နေပြီ။ လူတိုင်းကို မင်းရဲ့ ရန်သူတွေလို့ သတ်မှတ်နေတာပဲ”

တုဇယ်ချန်းက လှောင်ရယ်လိုက်သည်။

"ခင်ဗျားတို့က မဟုတ်ဘူးလို့ ပြောချင်တာလား”

ခုနက စကားပြောခဲ့သော အမှုဆောင်အရာရှိက ပြောလိုက်သည်။ "ကျုပ်တို့ကို ခင်ဗျားရဲ့ လူတွေ မဟုတ်ဘူးလို့ ထင်လို့ အကုန်လဲပစ်ချင်နေတာ မဟုတ်လား။ အလဲခံရမဲ့ အတူတူတော့ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ထွက်သွားပါ့မယ်”

တုဇယ်ချန်းက ဒေါသထွက်နေသော်လည်း ရယ်မောလျက် ပြောလိုက်သည်။ "လူအင်အား များတာကို အားကိုးပြီးတော့ အခု ကျွန်တော့်ကို ပြန်ပြီး အပြစ်တင်နေကြတာပေါ့လေ။ ဒါဆို ခင်ဗျားတို့က ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား”

ဝမ်ကျန့်ဟွေးက ပြောလိုက်သည်။ "မင်းကသာ သူတို့ကို အကျပ်ကိုင်နေတာပါ”

တုဇယ်ချန်းသည် ထိုင်ခုံတစ်ခုကို ဆွဲယူကာ ထိုင်လိုက်ပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ထိုင်ခုံကို မှီလျက် ရောက်ရှိနေသူများကို တစ်ဦးချင်းစီ သေချာ စိုက်ကြည့်လိုက်သည်။ လူအတော်များများမှာ မလုံမလဲ ဖြစ်ကာ အကြည့်များကို လွှဲလိုက်ကြသည်။

"ကျွန်တော် ခင်ဗျားတို့ကို မတရား လုပ်ခဲ့တာ မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ခင်ဗျားတို့ရဲ့ လစာတွေ၊ အကျိုးခံစားခွင့်တွေက ကျွန်တော့်အဘိုး လက်ထက်ကအတိုင်းပဲ၊ ဘာမှ မပြောင်းလဲဘူး။ ကျွန်တော့်အပေါ် မကျေနပ်ဘူး ဆိုရအောင်လည်း... ကျွန်တော် ခင်ဗျားတို့ လူစုံအောင်တောင် မတွေ့ဖူးသေးဘူး၊ အလုပ်မှာ ထိတွေ့ရတာလည်း တကယ့်ကို နည်းလွန်းပါတယ်။ အဲဒီတော့ ခင်ဗျားတို့ ကျွန်တော့်ကို အထင်သေးနေတာ မဟုတ်ဘူး ဆိုရင်တော့၊ တစ်ခုပဲ ရှိတော့တယ်။ ပိုပြီးတော့ အကျိုးအမြတ်တွေ ရချင်နေကြလို့ပဲ မဟုတ်လား”

ဝမ်ကျန့်ဟွေးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဥက္ကဋ္ဌလေးတု... ဒါကတော့ ခင်ဗျား စကားကို လိုသလို ပြောင်းပြောနေတာပဲ။ ကျုပ်တို့က မန်နေဂျာလီ ကိစ္စမှာ ခင်ဗျား လုပ်တာက မတရားဘူးလို့ပဲ ထင်တာပါ”

တုဇယ်ချန်းက သူ့ကို ဆက်လက် အဖက်မလုပ်တော့ဘဲ သက်ပြင်းချလျက် ပြောလိုက်သည်။

"လောဘကြီးတာကတော့ ဘာမှ ကောင်းမှာ မဟုတ်ဘူးနော်” ထိုသို့ ပြောပြီးနောက် သူက ရုတ်တရက် ပြုံးလိုက်ပြီး ဆက်ပြောသည်။

"အလုပ်ထွက်နိုင်ပါတယ်... ကျုပ် အလျှော့ပေးမလား ဆိုတာကိုတော့ ခင်ဗျားတို့ စမ်းကြည့်လိုက်ကြပေါ့”

သူတို့ ထင်ထားသကဲ့သို့ တားဆီးခြင်း သို့မဟုတ် အသနားခံခြင်းမျိုး မဟုတ်ဘဲ ပြတ်သားလှသော တုဇယ်ချန်း၏ အပြုအမူကြောင့် အားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တွေဝေကုန်ကြတော့သည်။

ဝမ်ကျန့်ဟွေးက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။

"ဥက္ကဋ္ဌလေးတု... မင်းက တကယ်ကို ငယ်ပါသေးတယ်။ အခုမှ ကမန်းကတန်း ရာထူးတိုးပေးလိုက်တဲ့ လူသစ်တွေက ဒီရက်ပိုင်းအတွင်းမှာတင် နှစ်ပေါင်းများစွာ လုပ်လာတဲ့ လူဟောင်းတွေကို အစားထိုးနိုင်မယ်လို့ မင်း ထင်နေတာလား”

တုဇယ်ချန်းက မျက်ခုံးပင့်လျက် သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "မစမ်းကြည့်ဘဲ ဘယ်သိမလဲ”

"ဒါနဲ့... ခင်ဗျားတို့ အခုလို ထွက်သွားတာလည်း ကုမ္ပဏီအတွက် ကောင်းပါတယ်၊ နစ်နာကြေးတွေ အများကြီး သက်သာသွားတာပေါ့။ ဒါကို ခင်ဗျားတို့ ကုမ္ပဏီအတွက် နောက်ဆုံး လုပ်ဆောင်ပေးခဲ့တဲ့ ကျေးဇူးလို့ပဲ မှတ်ယူလိုက်ပါ့မယ်”

သူ၏ စကားက လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ "ဥက္ကဋ္ဌလေးတု... ခင်ဗျား တော်တော် လွန်နေပြီ။"

ဒေါသများ ပေါက်ကွဲနေကြစဉ်မှာပင် လူတိုင်းက အလုပ်ထွက်မည်ဟု ပြတ်ပြတ်သားသား ပြောဆိုကြတော့သည်။ တုဇယ်ချန်းသည် အရှိန်အဝါ ပြနေရုံသာ ဖြစ်သည်ဟု သူတို့က ယူဆထားကြသည်။

တုဇယ်ချန်းကလည်း ခိုင်မာသော သဘောထားဖြင့် ဝန်ထမ်းရေးရာ ဌာနကို ချက်ချင်း အကြောင်းကြားကာ အလုပ်ထွက်စာများကို အမြန်ဆုံး လုပ်ဆောင်ပေးရန် အမိန့်ပေးလိုက်သည်။ နောက်ဆုံးတွင် သူက လူအများကို ကြည့်ကာ ပြောလိုက်သည်။

"နောင်တ မရကြဖို့ မျှော်လင့်ပါတယ်နော်”

ထိုစကားကြောင့် မည်သူမှ နောက်မဆုတ်နိုင်တော့ပေ။ နှစ်ရက်အတွင်းမှာပင် အလတ်တန်းနှင့် အထက်တန်း အရာရှိ ၄၀ ကျော် စုပေါင်း၍ အလုပ်ထွက်သွားကြတော့သည်။

ဤသည်မှာ ထန်မိသားစု လုပ်ငန်းစုအတွက် အမှန်တကယ်ပင် ကြီးမားသော အခက်အခဲ ဖြစ်စေခဲ့သည်။ တုဇယ်ချန်းမှာမူ အရာရာ အကျပ်ရိုက်ကာ ပရောဂျက်များကြားတွင် အသည်းအသန် ပြေးလွှားနေရတော့သည်။ ကင်မရာများသည် သူ၏ နေ့စဉ်ဘဝကို အနီးကပ် မှတ်တမ်းတင်နေခဲ့သည်။

လျှို့ဝှက်ချက်များ ပါဝင်နေသဖြင့် အဝေးမှသာ ရိုက်ကူးနေရသော်လည်း တုဇယ်ချန်းမှာ တစ်နေကုန် နားချိန်မရှိဘဲ အလုပ်များနေသည်ကို လူတိုင်း မြင်တွေ့နေရသည်။

တစ်နေ့တာလုံးတွင် ညဘက်၌ ရှန်ယို့ယောင်နှင့် တွေ့ဆုံရချိန်မှသာ သူသည် စိတ်အေးချမ်းရရှာသည်။ သူ ပြောခဲ့သလိုပင် ရှန်ယို့ယောင်သည် သူ၏ အားအင်များကို ပြန်လည် ဖြည့်တင်းပေးရာ နေရာလေး ဖြစ်နေတော့သည်။ သူမနှင့် တစ်ညတာ အတူရှိပြီးနောက် နောက်တစ်နေ့တွင် သူသည် တက်ကြွလန်းဆန်းသော တုသခင်လေးအဖြစ် ပြန်လည် ပေါ်ပေါက်လာမြဲ ဖြစ်သည်။

ရှယ်ယာရှင်များနှင့် အမှုဆောင်အရာရှိများက တုဇယ်ချန်း တစ်ပတ်ထက် ပိုမခံနိုင်ဟု ထင်မှတ်နေကြစဉ်မှာပင် လစ်လပ်သွားသော နေရာများတွင် လူသစ်များ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ထိုသို့ မြန်ဆန်လွန်းလှခြင်းမှာ လူတိုင်းကို အံ့ဩစေခဲ့ပြီး သူတို့ အလုပ်ထွက်မည့် ကိစ္စကို တုဇယ်ချန်းက ကြိုတင် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

ကိစ္စများမှာ သူတို့ ထင်ထားသည်နှင့် လုံးဝ လွဲချော်နေသဖြင့် အားလုံး၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ ဝင်လာကြတော့သည်။

အခြေအနေများကို အမြဲ စောင့်ကြည့်နေသော တုဟုန်ရိသည်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဝမ်ကျန့်ဟွေးကမူ မိမိတို့ တွက်ကိန်း လွဲသွားရသည့် အပေါ် ဆင်ခြေပေးကာ ပြောလိုက်သည်။

"ဇယ်ချန်းကလည်း ဉာဏ်တော့ မနည်းဘူးပဲ။ အခြေအနေ မဟန်မှန်း သိကတည်းက ကျွန်တော်တို့ကို လျှို့ဝှက်ပြီး ပြင်ဆင်ထားတာ ဖြစ်မယ်။ အဲဒါကြောင့်လည်း လူတွေကို ဒီလောက် မြန်မြန် အစားထိုးနိုင်တာပေါ့”

တုဟုန်ရိ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသော်လည်း ပြောလိုက်သည်။

"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူက ငယ်သေးတယ်လေ၊ အမှုဆောင်အရာရှိတွေရဲ့ နေရာကို အစားထိုးဖို့ဆိုတာ အဲဒီလောက် မလွယ်ပါဘူး”

အမှုဆောင်အရာရှိတစ်ဦးကလည်း ပြောလိုက်သည်။ "နောက်တစ်ပတ်နေရင် ထန်မိသားစု လုပ်ငန်းတွေ အကုန် ပရမ်းပတာ ဖြစ်ကုန်မှာ သေချာတယ်”

မိမိကိုယ်မိမိ ယုံကြည်မှု ရှိစေရန်အတွက် လူအများက တစ်ဦးပြီးတစ်ဦး ဝင်ပြောကြတော့သည်။

"ဟုတ်ပါပေ့ဗျာ၊ သူက တစ်လလောက် ကြိုပြီး လေ့ကျင့်ပေးထားရင်တောင်မှ ကျုပ်တို့လို ဆယ်နှစ်ကျော် လုပ်လာတဲ့သူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

"ဟုတ်တယ်၊ အခု တက်လာတဲ့ ကောင်တွေက ကုမ္ပဏီမှာ လုပ်တာ ခြောက်လပဲ ရှိသေးတာ၊ ဘာသိမှာလဲ”

"ကျုပ်နေရာကို ယူတဲ့သူကလည်း ခြောက်လပဲ ရှိသေးတယ်..."

အမှုဆောင်အရာရှိတစ်ဦး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။

"ကျွန်တော့်နေရာကို ယူတဲ့သူကလည်း ခြောက်လလောက်ပဲ ရှိသေးတယ်..."

အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်ထဲတွင် မသေချာ မရေရာမှုများ ဝင်လာကြတော့သည်။ တစ်ဦးက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်လဆိုရင် အဘိုးထန် မသေခင်ကပေါ့။ အဲဒီအချိန်တုန်းက ဇယ်ချန်းက အပျော်အပါးပဲ မက်နေတဲ့ သခင်လေးပဲ မဟုတ်လား”

သို့သော် အမှုဆောင်အရာရှိ အဆင့်ထိ ရောက်ထားသော သူများမှာ ငတုံးများ မဟုတ်ကြပေ။ ဤသည်မှာ တိုက်ဆိုင်မှုဟု သူတို့ လုံးဝ မယုံကြည်ကြပေ။

ပို၍ ဖြစ်နိုင်သည်မှာ အဘိုးထန်က ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ရမည်။ သူက ထန်မိသားစု လုပ်ငန်း အားလုံးကို မြေးဖြစ်သူအား လွှဲပေးခဲ့မှတော့ မြေးအတွက် လမ်းခင်းပေးခဲ့ခြင်းမှာလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

ထိုသို့ တွေးတောရင်း စိုးရိမ်နေသူ အချို့က ဝန်ထမ်းရေးရာ ညွှန်ကြားရေးမှူးထံသို့ ဖုန်းဆက်လိုက်ရာ ထိုဘက်မှ အလုပ်ထွက်ခြင်း ကိစ္စရပ်များ အားလုံး ချောမွေ့စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း အကြောင်းပြန်လာခဲ့သည်။

လူတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။ "ဝန်ထမ်းရေးရာ ညွှန်ကြားရေးမှူးကလည်း လွန်ခဲ့တဲ့ ခြောက်လကမှ အလုပ်ဝင်ခဲ့တာပဲ..."

လူတိုင်းမှာ ထိတ်လန့်သွားကြပြီး ဝမ်ကျန့်ဟွေးနှင့် တုဟုန်ရိတို့ကို လှမ်းကြည့်လိုက်ကြသည်။

ဝမ်ကျန့်ဟွေး၏ ရင်ထဲတွင်လည်း စိုးရိမ်စိတ်များ တိုးလာသည်။ အခြေအနေမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့လေပြီ။

"သူ့ကို အာရုံလွှဲဖို့ တစ်ခုခု လုပ်ရမယ်” တစ်ဦးက အကြံပေးလိုက်သည်။ အခုလို အရေးကြီးတဲ့ အချိန်မှာ တုဇယ်ချန်းအနေနဲ့ အလုပ်ကို အာရုံမစိုက်နိုင်အောင် တစ်ခုခု ဖြစ်သွားရင်တော့...။

ဝမ်ကျန့်ဟွေးသည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်မိသည်။ တိုက်ရိုက်ထုတ်လွှင့်မှုသာ မရှိလျှင် သူတို့သည် ကြမ်းတမ်းသော နည်းလမ်းများကို သုံးနိုင်သော်လည်း ယခုအခါ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ တကယ်လို့ တုဇယ်ချန်း တစ်ခုခု ဖြစ်သွားပါက သူတို့အားလုံးမှာ ပထမဆုံး သံသယ တရားခံများ ဖြစ်သွားပေလိမ့်မည်။

တုဇယ်ချန်းသည် ဤအစီအစဉ်ကို ရိုက်ကူးရန် ရွေးချယ်ခဲ့ခြင်းမှာ ဤသို့ ဖြစ်လာမည်ကို ကြိုသိနေသောကြောင့်လားဟု သူ သံသယ ဝင်လာမိသည်။ အရာရာကို လူအများရှေ့တွင် ချပြထားသဖြင့် သူတို့မှာ ဘာမှ လုပ်၍ မရအောင် အကျပ်ရိုက်နေရသည် မဟုတ်ပါလား။

"တကယ်လို့ ဥက္ကဋ္ဌက အလျှော့မပေးရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ” လူအချို့က အဆိုးဆုံး ရလဒ်ကို စဉ်းစားမိနေကြပြီ ဖြစ်သည်။

ပရိသတ်တွေက သူတို့ကို မသိပေမဲ့ ဤသို့သော အခြေအနေမျိုးတွင် ထန်မိသားစုမှ အလုပ်ထွက်လာသူများကို အခြားသော လုပ်ငန်းကြီးများကလည်း လက်ခံလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ အစွမ်းရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ မည်သည့် သူဌေးကမှ မိမိ၏ နောက်ကျောကို ဓားနှင့် ထိုးမည့် ဝန်ထမ်းမျိုးကို မလိုချင်ကြပေ။

ဝမ်ကျန့်ဟွေးသည် ခေတ္တ စဉ်းစားပြီးနောက် တုဟုန်ရိအား ကြည့်ကာ မေးလိုက်သည်။ "သူ အလေးအနက် ထားရတဲ့သူ ကျန်သေးတယ် မဟုတ်လား”

တုဟုန်ရိ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေသည်။ ဝမ်ကျန့်ဟွေး၏ မေးခွန်းကို သူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော် ထန်ရွှမ်ကို ရှာမတွေ့ဘူး” သူသည်လည်း ဤကိစ္စကို ကြိုတင် စဉ်းစားထားပုံ ရသည်။

ဝမ်ကျန့်ဟွေးက သူ့ကို အံ့ဩစွာ ကြည့်လိုက်ပြီး သူ၏ ရက်စက်မှုကို ပိုမို သိရှိသွားခဲ့သည်။ ဝမ်ကျန့်ဟွေး ဆိုလိုသည်မှာ ရှန်ယို့ယောင် ဖြစ်သော်လည်း၊ တုဟုန်ရိ စဉ်းစားသည်မှာ ထန်ရွှမ် ဖြစ်နေသောကြောင့် ဖြစ်သည်။

မှန်ပေသည်။ ရှန်ယို့ယောင်ထက် ထန်ရွှမ်က တုဇယ်ချန်းကို ပိုပြီး ခြိမ်းခြောက်နိုင်သည်မှာ သေချာသည်။ သို့သော် ဤအခြေအနေတွင် သုံးမည့် နည်းလမ်းများမှာ နူးညံ့လိမ့်မည် မဟုတ်ပေ။ ထန်ရွှမ်၏ ကျန်းမာရေးမှာလည်း မကောင်းလှရာ၊ အကယ်၍ တစ်ခုခု ဖြစ်သွားခဲ့လျှင်...။

မဟုတ်သေးဘူး၊ ထန်ရွှမ် တစ်ခုခု ဖြစ်သွားခဲ့ရင် တုဟုန်ရိ အတွက် အကျိုးရှိသွားနိုင်တာပဲ။

သို့သော် သူတို့သည် အကျိုးအမြတ် အချို့ကိုသာ လိုချင်နေကြခြင်း ဖြစ်ပြီး ထန်မိသားစု ပိုင်ဆိုင်မှုများကို ရယူနိုင်စွမ်း မရှိကြပေ။ ဝမ်ကျန့်ဟွေး အနေဖြင့် ဤမျှအထိ စွန့်စားရန် စိတ်ကူးမရှိပေ။ ထန်ရွှမ်ကို ထိခိုက်စေသည့် ပြစ်မှုကို သူတို့ ခံနိုင်ရည် ရှိမှာ မဟုတ်ပေ။

ထို့ပြင် တုဇယ်ချန်းသည် ဤမျှအထိ ပြင်ဆင်ထားမှတော့ ဤကဲ့သို့သော အရာများကို တွေးမိမှာ သေချာသည်။ မဟုတ်ရင်လည်း အခုလို အရေးကြီးတဲ့ အချိန်မှာ ထန်ရွှမ် ဘာလို့ မရှိနေရတာလဲ။

အမှုဆောင်အရာရှိတစ်ဦးသည်လည်း တုဟုန်ရိ၏ ဆိုလိုရင်းကို ရိပ်မိသွားပြီး ဝမ်ကျန့်ဟွေး ကဲ့သို့ပင် တွေးတောမိသဖြင့် လိမ္မာပါးနပ်စွာ ငြင်းဆိုလိုက်သည်။

"တုကတော်က အစကတည်းက ပေါ်မလာဘူးဆိုတော့ ကျွန်တော်တို့ကို ကြိုပြီး ကာကွယ်ထားတာ ဖြစ်မှာပေါ့။ ဒါက အန္တရာယ် အရမ်း များပါတယ်”

တုဟုန်ရိ သည် မိမိ စကားမှားသွားမှန်း သိလိုက်သဖြင့် အံ့ဩဟန် ပြုမူလိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျားတို့ကလည်း လွဲကုန်ပြီ။ ကျွန်တော်က ထန်ရွှမ်နဲ့ ဒီကိစ္စကို အေးအေးဆေးဆေး စကားပြောကြည့်ချင်လို့ပါ..."

ဝမ်ကျန့်ဟွေးက ပြောလိုက်သည်။ "ထန်ရွှမ် မရှိရင်လည်း တုသခင်မလေး ရှိနေတာပဲလေ”

သူတို့ ရှာဖွေနေသော ထန်ရွှမ်မှာမူ ကနေဒါနိုင်ငံရှိ မြို့လေးတစ်မြို့တွင် အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။ သူမသည် အကျိုးအမြတ်အတွက်ဆိုလျှင် ဤလူများမှာ မည်သည့် နည်းလမ်းမျိုးမဆို သုံးလိမ့်မည်ဟု ကြိုသိထားသဖြင့် တုဇယ်ချန်းအတွက် အားနည်းချက် မဖြစ်စေရန် ဤနေရာသို့ လျှို့ဝှက်စွာ ရောက်ရှိနေခြင်း ဖြစ်သည်။

သို့သော် မိမိကို ရှာမတွေ့ပါက ရှန်ယို့ယောင် အခက်တွေ့နိုင်သည်ကို သူမ စိုးရိမ်နေမိသည်။ လူအင်အား ထပ်တိုးပေးရမလားဟု စဉ်းစားနေစဉ်မှာပင် ဘေးခန်းရှိ လင်မယား နှစ်ဦး ထပ်မံ၍ ရန်ဖြစ်သံကို ကြားလိုက်ရပြန်သည်။

သူမသည် စိတ်ပျက်ဟန်ဖြင့် ပြုံးလိုက်မိသည်။ ထိုနှစ်ဦး၏ သံယောဇဉ်မှာ ကောင်းသလား၊ မကောင်းသလား ဆိုသည်ကို သူမ ဝေခွဲမရ ဖြစ်နေရသည်။ ကောင်းသည်ဟု ပြောရအောင်လည်း တွေ့လိုက်တိုင်း ရန်ဖြစ်နေကြပြီး ရန်သူတွေလို ဖြစ်နေကြသည်။ မကောင်းဘူး ပြောရအောင်လည်း ထိုမင်းသမီးကြီးမှာ အလုပ်ပြီးသည်နှင့် ဤနေရာသို့ ပြန်လာတတ်သလို ရှန်တာ့ဟန်ကလည်း အမြဲတမ်း စောင့်ဆိုင်းနေတတ်ပြန်သည်။

ရန်ဖြစ်ကြသည့် ပုံစံမှာလည်း သာမန် လင်မယားများကဲ့သို့ပင် ဖြစ်ပြီး ထိပ်တန်း သူဌေးကြီးများ ဖြစ်ကြောင်း လုံးဝ မသိသာပေ။

လှပသော မင်းသမီးကြီးသည် ထပ်မံ၍ မျက်လုံးများ နီရဲလျက် အပြင်သို့ ပြေးထွက်လာရာ ထန်ရွှမ်က လှမ်းကြည့်လိုက်မိသည်။ ယခုတစ်ကြိမ်တွင်မူ တစ်ဖက်လူက ထွက်မသွားဘဲ ခြံစည်းရိုးမှတစ်ဆင့် ထန်ရွှမ်ကို မြင်တွေ့သွားသဖြင့် ခေတ္တ ကြောင်သွားပြီးမှ မျက်ရည်များကို သုတ်ကာ မေးလိုက်သည်။

"ရှင့်ဆီမှာ ခဏလောက် လာထိုင်လို့ ရမလားဟင်”

"ရတာပေါ့ရှင်၊ လာခဲ့ပါ” ထန်ရွှမ်က အမြန် ဖိတ်ခေါ်လိုက်ပြီး အစေခံအား လက်ဖက်ရည် ပြန်ပြင်ခိုင်းလိုက်သည်။

ခင်ပွန်းဖြစ်သူက အနောက်မှ လိုက်လာပြီး ဇနီးဖြစ်သူ ထန်ရွှမ်၏ ခြံထဲသို့ ရောက်သွားသည်ကို မြင်မှ သက်ပြင်းချကာ ဘာမှ မပြောဘဲ တံခါးဝမှာပင် ရပ်ကြည့်နေတော့သည်။

ဇနီးဖြစ်သူက မျက်စောင်းထိုးလျက် သူ့ကို လျစ်လျူရှုကာ ထန်ရွှမ်အား လက်ကမ်းပေးလိုက်သည်။

"ယွဲ့ယာနင်ပါ”

ထန်ရွှမ်က လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။

"သိတာပေါ့ရှင်၊ မင်းသမီးကြီး ယွဲ့ယာနင် မဟုတ်လား။ ရှင့်ရဲ့ ရုပ်ရှင်တွေကို ကျွန်မ တော်တော် သဘောကျတာပါ။ ကျွန်မကတော့ ထန်ရွှမ်ပါ”

ယွဲ့ယာနင်က ပြောလိုက်သည်။ "မင်္ဂလာပါရှင်၊ ကျေးဇူးတင်ပါတယ်... ဒီနေ့ အနှောင့်အယှက် ပေးမိသလို ဖြစ်သွားပြီ”

ထန်ရွှမ်က ပြောလိုက်သည်။ "ရပါတယ်ရှင်”

သူမသည် တစ်ဖက်ခြံမှ အရပ်ရှည်ရှည်နှင့် အမျိုးသားကြီးက ခြေဖျားထောက်ကာ လှမ်းကြည့်နေသည်ကို မြင်ရသဖြင့် ပြုံးလိုက်မိသည်။ ယွဲ့ယာနင် ထိုင်လိုက်သဖြင့် သူ မမြင်ရတော့သောကြောင့် ဖြစ်ပေလိမ့်မည်။

ယွဲ့ယာနင်က ထန်ရွှမ်၏ အကြည့်အတိုင်း လှည့်ကြည့်လိုက်ပြီးနောက် စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။

"သူ့ကို ဂရုမစိုက်ပါနဲ့”

ထန်ရွှမ်က ရယ်မောလျက် ပြောလိုက်သည်။ "ကြည့်ရတာ သူ ရှင့်ကို တော်တော် စိတ်ပူနေပုံရတယ်နော်”

ယွဲ့ယာနင်က နာကျည်းဟန်ဖြင့် ပြောလိုက်သည်။

"သူ စိတ်ပူတာကို မလိုချင်ပါဘူး။ တကယ့်ကို ထုံအတဲ့သူပဲ၊ ကျွန်မသမီးလေးကို သူပဲ ဒုက္ခပေးခဲ့တာ..."

ထိုသို့ ပြောရင်း သူမ၏ မျက်ဝန်းများမှာ ထပ်မံ၍ နီရဲလာပြန်သည်။

သိမ်းဆည်းထားရသည်မှာ ကြာပြီဖြစ်သဖြင့် ထန်ရွှမ်ကဲ့သို့ ယဉ်ကျေးပြီး လူစိမ်းတစ်ဦး ဖြစ်သူထံတွင် သူမသည် ရင်ဖွင့်တိုင်ပင်ချင်စိတ် ပေါ်လာခဲ့သည်။

"ကျွန်မသမီးလေးက... တကယ့်ကို လိမ္မာပြီး နူးညံ့တဲ့သူလေးပါ။ စရိုက်က အေးဆေးပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေး ခိုင်မာတာ။ ငယ်ငယ်တုန်းက သူ့အဖေက လျှောက်လုပ်သမျှတွေကိုလည်း တစ်ခါမှ မညည်းတွားဘဲ လူတိုင်းအပေါ် စိတ်ထားကောင်းခဲ့တာလေ။ ကျွန်မက သူ ကျွန်မတို့ကြားမှာ အနေရခက်မှာ စိုးလို့ သူ့ရဲ့ ဘဝထဲကို သိပ်ပြီး ဝင်မစွက်ဖက်ခဲ့ဘူး... ဒါပေမဲ့ သူ့အဖေက ဒီလောက်အထိ ပေါ့ဆလိမ့်မယ်လို့ မထင်ခဲ့ဘူး...ကလေးက အပြင်မှာ သီးသန့် နေနေတာကိုတောင် မကြာခဏ သွားမကြည့်တဲ့အပြင် ဖုန်းတောင်မှ ပုံမှန် မဆက်ခဲ့ဘူးလေ”

သူမ ဖုန်းဆက်၍ မရတော့သည့် ရက်အနည်းငယ် ကြာမှသာ တစ်ခုခု ဖြစ်နေပြီမှန်း သိခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် တစ်ကမ္ဘာလုံးကို လိုက်ရှာသော်လည်း သူမ၏ ယောင်ယောင်လေးကို ရှာမတွေ့တော့ပေ။

ယခုမူ သူတို့သည် အကြောင်းမဲ့နှင့် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်ရာ သမီးဖြစ်သူကို ထပ်မံ ရှာဖွေနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။ ယွဲ့ယာနင်သည် ထိုအရာကို တွေးမိတိုင်း မျက်ရည်များ စီးကျလာတော့သည်။

ထန်ရွှမ်သည်လည်း မိခင်တစ်ဦး ဖြစ်သဖြင့် သူမ၏ ခံစားချက်ကို ကောင်းစွာ နားလည်သည်။

"ကလေးက ဘာဖြစ်သွားတာလဲဟင်။ ကျွန်မ ကူညီနိုင်တာများ ရှိမလား..."

ယွဲ့ယာနင်က ခေါင်းခါပြလိုက်သည်။ ကလေးက ဒီကမ္ဘာမှာ ရှိမနေမှတော့ ဘယ်လို ရှာရမှာလဲ။

သို့သော် ထန်ရွှမ်၏ စိုးရိမ်ပေးမှုကို သူမ အားနာသွားကာ မျက်ရည်များကို သုတ်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဘာတွေ ကြည့်နေတာလဲဟင်”

ထန်ရွှမ်သည် သူမရှေ့တွင်ကလေးအကြောင်း ဆက်မပြောလိုသဖြင့် အစီအစဉ်အကြောင်း ပြောင်းလဲကြည့်ရန် ပြင်လိုက်စဉ်သူဌေးကြီးတို့၏ ဂုဏ်သိက္ခာ အစီအစဉ်မှာ နာမည်ကြီးနေသဖြင့် ဖန်သားပြင်ပေါ်တွင် ဖြတ်ညှပ်ထားသော ဗီဒီယိုများစွာ တက်လာခဲ့သည်။ သူမသည် အမှတ်မထင်ဘဲ တုသခင်လေး၏ ချစ်ခြင်းလက်ဆောင် ဟူသော ဗီဒီယိုတစ်ခုကို နှိပ်မိသွားသည်။ သူမ ပြန်ပိတ်ရန် ပြင်လိုက်စဉ်မှာပင် ယွဲ့ယာနင်က ပြောလိုက်သည်။

"ခဏလေး"

…

All Chapters