← Chapters

အခန်း ၈၇

Vol. 6 Ch. 87

အခန်း ၈၇

Vol. 6 Ch. 87

အခန်း (၈၇)

လမ်းတစ်လျှောက်လုံးတွင် ရှန်ယို့ယောင်သည် ယွဲ့ယာနင်နှင့် ရှန်ယုံနင်တို့၏ အလယ်တွင် ထိုင်လိုက်ပါလာခဲ့သည်။ မိသားစု သုံးဦးမှာ အဆက်မပြတ် စကားပြောနေကြပြီး အဓိကအားဖြင့် ယွဲ့ယာနင်ကသာ ပြောဆိုနေခြင်း ဖြစ်သည်။ ရှန်ယို့ယောင်နှင့် ရှန်ယုံနင်တို့မှာ စရိုက်ချင်းတူသဖြင့် အေးအေးဆေးဆေး နေတတ်သူများ ဖြစ်ကြသော်လည်း ဤမိသားစု သုံးဦး၏ မြင်ကွင်းမှာမူ အလွန်ပင် စည်ကားနွေးထွေးလှသည်။

တုဇယ်ချန်းသည် ရှန်ယို့ယောင်၏ ပျော်ရွှင်နေသော အပြုံးများကို ကြည့်ကာ သူမအတွက် စိတ်ရင်းဖြင့် ဝမ်းသာမိနေတော့သည်။ သူမ ဤမျှအထိ စိတ်လှုပ်ရှားပြီး ကြည်နူးနေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အိမ်သို့ ရောက်ရှိချိန်တွင် တစ်ချိန်လုံး ပျောက်ချက်သား ကောင်းနေသော ထန်ရွှမ်သည် ရုတ်တရက် ပေါ်လာပြီး လူအားလုံးကို လှမ်းမြင်သည်နှင့် အပြေးအလွှား ကြိုဆိုလေတော့သည်။

"ခမည်းခမက်တို့ ရောက်လာကြပြီပဲ”

ထန်ရွှမ်သည် ဧည့်သည်တော်များကို အမြင့်ဆုံးသော အဆင့်အတန်းဖြင့် ကြိုဆိုဧည့်ခံခဲ့ပြီး မိသားစု သုံးဦးကို ဧည့်သည်အိပ်ခန်းထဲသို့ ပို့ဆောင်ပေးပြီးမှသာ သက်ပြင်းချနိုင်တော့သည်။

တစ်နေကုန်နီးပါး ကြောင်အမ်းနေခဲ့သော တုဇယ်ချန်းသည် အခုမှပင် မိခင်ဖြစ်သူအား အကျိုးအကြောင်း မေးမြန်းရန် အခွင့်အရေး ရတော့သည်။

ထန်ရွှမ်က ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်ရာ တုဇယ်ချန်းမှာ အံ့ဩလွန်းသဖြင့် မေးလိုက်သည်။ "ဒါဆို ယို့ယောင်က သူတို့ဆီကနေ ပျောက်သွားတာပေါ့ ဟုတ်လား။ အရွယ်ရောက်မှ ပျောက်သွားတာလား”

ထန်ရွှမ်သည်လည်း နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ "အမေလည်း သေချာတော့ မမေးဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတာလည်း မှန်းလို့မရဘူး။ နောက်မှ ယို့ယောင်ကိုပဲ မင်း မေးကြည့်လိုက်တော့”

တုဇယ်ချန်းက စိတ်မကြည်ဟန်ဖြင့် ပြောလိုက်သည်။ "ဒါနဲ့ မေမေက အစကတည်းက သိနေတာကို၊ ဘာလို့ ကျွန်တော့်ကို ကြိုမပြောတာလဲ။ ဒီနေ့ ကျွန်တော် ဘယ်လောက်တောင် လန့်သွားလဲ သိရဲ့လား”

ထန်ရွှမ်က ပြန်ပြောလိုက်သည်။ "ရှန်သခင်ကြီးက မင်းကို မပြောဖို့ တားထားတာလေ။ မင်းကို ရုတ်တရက် လာပြီး စစ်ဆေးချင်တဲ့ ပုံစံမျိုးပေါ့။ မင်းရဲ့ ယောက္ခမက ရုပ်ရှင်ထူးချွန်ဆုရှင်ကြီးလေ၊ အမေသာ မင်းကို ကြိုပြောလိုက်လို့ မင်း သရုပ်ဆောင်တာကို သူ ရိပ်မိသွားရင်... ကိစ္စတွေက ပိုပြီး ရှုပ်ကုန်မှာပေါ့”

"ပြီးတော့ အမေက မင်းကို ယုံကြည်တယ်လေ” ကလေးနှစ်ယောက်၏ သံယောဇဉ်မှာ သူမအတွက် အကြီးမားဆုံးသော ယုံကြည်ချက်ပင် ဖြစ်သည်။

ထန်ရွှမ်က ဆက်ပြောလိုက်သည်။ "သူတို့ မိသားစု ပြန်ဆုံကြတာဆိုတော့ ပြောစရာတွေ အများကြီး ရှိမှာပဲ၊ ဒီရက်ပိုင်းတော့ မင်းကို သိပ်ပြီး ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ မင်းဘက်က အလုပ်တွေကို အမြန်ဆုံး ပြီးအောင် ရှင်းထားလိုက်။ လူတိုင်းက တက်ကြွပြီး တည်ငြိမ်တဲ့ ကလေးကိုပဲ သဘောကျကြတာလေ။ ကိုယ့်အိမ်က အရှုပ်အထွေးတွေကို သူတို့ အထင်မသေးစေနဲ့ဦး”

ထိုသို့ ပြောမှ တုဇယ်ချန်းတစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်သည်။ "မေမေ... အခုလို ပြန်လာတာ ပြဿနာ မရှိဘူးလား။ ကင်မရာတွေက အမေ့ကို ရိုက်လို့ မရဘူး ဆိုပေမဲ့ တကယ်လို့ တုဟုန်ရိက ဒီကို လိုက်လာရင်..."

ထန်ရွှမ်က ပြောလိုက်သည်။ "စိတ်ချပါ... အခုချိန်မှာ သူက ငါ့ကို ဘာမှ မလုပ်ရဲတော့ပါဘူး။ သူတင် မကဘူး၊ ဝမ်ကျန့်ဟွေးတို့ အဖွဲ့လည်း ဘာမှ လုပ်ရဲတော့မှာ မဟုတ်ဘူး။ သူတို့က ယို့ယောင်အတွက် ကျောထောက်နောက်ခံ ပေးရုံတင် မဟုတ်ဘဲ ငါတို့အတွက်လည်း အများကြီး ကူညီပေးလိုက်တာပဲ။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကိုတော့ မင်းဘက်က အလဟဿ အဖြစ်မခံနဲ့ပေါ့”

တုဇယ်ချန်းက ရုတ်တရက် ပြောလိုက်သည်။ "မေမေ... ကျွန်တော် အတိတ်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့လို့လား မသိဘူး၊ ဘာလို့ ဒီလောက်အထိ ကံကောင်းနေရတာလဲ”

ထန်ရွှမ် ပြောသည့်အတိုင်းပင်။ ရှန်မိသားစု ဇနီးမောင်နှံ ရောက်ရှိလာခြင်းက တုဟုန်ရိနှင့် ဝမ်ကျန့်ဟွေးတို့ကို ဘာမှမလုပ်ရဲအောင် တားဆီးထားသကဲ့သို့ ဖြစ်သွားသည်။ ဟာသပဲလေ၊ အဘိုးထန် သက်ရှိထင်ရှား ရှိစဉ်ကတည်းက ရှန်မိသားစုကို ထိပ်တိုက် မတွေ့ရဲခဲ့တာ၊ သူတို့လို ရှယ်ယာရှင်လေးတွေက ဘာတတ်နိုင်မှာလဲ။

တုဇယ်ချန်းသည် ယောက္ခမများကို ဧည့်ခံရန်အတွက် ကုမ္ပဏီသို့ တစ်ရက် မသွားနိုင်ခဲ့သော်လည်း ထန်မိသားစု လုပ်ငန်းစုကြီး၏ လည်ပတ်မှုမှာမူ အလွန်ပင် ကောင်းမွန်နေခဲ့သည်။

ထန်မိသားစုအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ပြီး သုံးပတ်ခန့် အကြာတွင် မီဒီယာများနှင့် ပြိုင်ဘက်များ မျှော်လင့်ထားသကဲ့သို့ ထန်မိသားစု လုပ်ငန်းစုကြီး ပြိုလဲမသွားဘဲ အကြီးအကျယ် ကျဆင်းနေသော စတော့ရှယ်ယာ စျေးနှုန်းများမှာလည်း ထိုးတက်လာခဲ့သည်။ ဤတွင် တုဇယ်ချန်းသည် ထန်မိသားစု၏ အာဏာကို မိမိလက်ဝယ်သို့ အမှန်တကယ် ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။

အာဏာရရှိပြီးနောက် သူသည် ကင်မရာရှေ့တွင် အရင်နှင့် လုံးဝ ခြားနားသွားခဲ့သည်။ အရင်က အရာရှိကြီးများ ရှိစဉ်ကကဲ့သို့ အေးအေးဆေးဆေး လျှောက်သွားနေခြင်း သို့မဟုတ် လက်မှတ်ထိုးရုံသက်သက် လုပ်ဆောင်ခြင်းမျိုး မရှိတော့ပေ။

ယခုအခါ သူသည် နံနက် အလုပ်တက်သည်နှင့် ကုမ္ပဏီ၏ လုပ်ငန်းများအတွင်းသို့ အာရုံစိုက် နစ်မြုပ်နေတော့သည်။ ရာထူးတိုးလာသော အရာရှိသစ်များကို ခေါ်ဆောင်၍ ကုမ္ပဏီတွင် ကျန်ရစ်ခဲ့သော လူဟောင်းများထံမှ အရာရာကို သေသေချာချာ သင်ယူနေတော့သည်။ အရင်ကကဲ့သို့ မောက်မာမှု သို့မဟုတ် ပြတ်သားမှုများ မပြတော့ဘဲ နှိမ့်ချစွာဖြင့် လေ့လာနေသူ တစ်ဦးပမာ ပြုမူနေသည်။

ယခုအချိန်တွင် သူသည် အာဏာပြခြင်း မရှိတော့သော်လည်း အထက်လူကြီး တစ်ဦး၏ ခန့်ညားထည်ဝါသော အရှိန်အဝါများမှာ အလိုလို ထွက်ပေါ်လာတော့သည်။

အလုပ်ထွက်သွားကြသော အရာရှိကြီးများမှာမူ သူတို့၏ လောဘအတွက် ပြန်လည် ပေးဆပ်နေကြရပြီ ဖြစ်သည်။ သူတို့သည် နာကျည်းစွာဖြင့် ခေါင်းဆောင်ဖြစ်သူ တုဟုန်ရိနှင့် ဝမ်ကျန့်ဟွေးတို့ကို လိုက်လံ ပြဿနာရှာနေကြတော့သည်။ အစက လူမည်မျှအထိ သွေးထိုးခဲ့သနည်း။ ယခုအခါ ထိုဘေးဒုက္ခများက သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြန်လည် ကျရောက်လာခဲ့ပြီ ဖြစ်သည်။

ထန်မိသားစု၏ အာဏာအကူးအပြောင်း ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် တုဇယ်ချန်းသည် စစ်မှန်သော ဥက္ကဋ္ဌ တစ်ဦး၏ ဘဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ အစီအစဉ်သည်လည်း ပြိုင်ပွဲကိစ္စများဘက်သို့ အာရုံ ပြန်လည် လွှဲပြောင်းလိုက်တော့သည်။

[ဟင် ဒီအစီအစဉ်မှာ ပြိုင်ပွဲ ရှိသေးတာလား။]

[ဟင် ဒါက Reality Show အစီအစဉ် တစ်ခုလား။]

[ဟင် ဒီဇာတ်လမ်းတွဲက ပြီးသွားပြီလား။]

[ဟားဟားဟား... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် တုသခင်လေးရဲ့ ဒီတိုက်ပွဲက ဇာတ်လမ်းတွဲတွေထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ပြိုင်ပွဲက အရေးမကြီးတော့ပါဘူး၊ ဒီဘေးဒုက္ခကို ကျော်ဖြတ်နိုင်တာတင် တော်တော်လေး တော်နေပါပြီ။]

ပရိသတ်များ ဤသို့ ပြောရခြင်းမှာလည်း မဆန်းပေ။ ပြိုင်ပွဲကာလ ကုန်ဆုံးတော့မည် ဖြစ်သော်လည်း တုသခင်လေးသည် ဤတစ်လလုံးတွင် ထန်မိသားစုကို ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့ရသည်။ တစ်ဖက်တွင်မူ ဟောက်ယွမ်ရွေ့တို့မှာ ပုံမှန်အတိုင်း ရှေ့သို့ တိုးတက်နေခဲ့သည်။

သူတို့ ရွေးချယ်ထားသည်မှာ ရိတင်း လက်အောက်ရှိ ရှရှီ၏ အကျော်ကြားဆုံးသော ကစားကွင်း ဖြစ်သည်။ ယခုအခါ ထိုကစားကွင်းမှာ ရှရှီ၏ အထင်ကရ နေရာတစ်ခု ဖြစ်နေပြီး ခရီးသွားများစွာဖြင့် စည်ကားနေသည်။ သူတို့ ပစ်မှတ်ထားသည်မှာ ခရီးသွားများ၏ သယ်ယူပို့ဆောင်ရေး နယ်ပယ်ပင် ဖြစ်သည်။

လျှို့ဝှက်ချက်များကြောင့် အစီအစဉ်ကို တိုက်ရိုက် မပြသသော်လည်း ကစားကွင်းအတွင်း၌ လူ ၁၀ ဦးစီး လွန်းပျံယာဉ်များကို အမြောက်အမြား ဝယ်ယူထားပြီး ခရီးသွားများကို ရှရှီရှိ မည်သည့် လည်ပတ်စရာ နေရာသို့မဆို တိုက်ရိုက် ပို့ဆောင်ပေးနေသည်ကို သိရှိရသည်။

ထိုလွန်းပျံယာဉ်များမှာ နေ့စဉ်နေ့တိုင်း လူများဖြင့် ပြည့်နှက်နေတော့သည်။

[သေချာတော့ နားမလည်ပေမဲ့ တော်တော်လေးတော့ အစွမ်းထက်ပုံရတယ်။]

[ကျွန်တော် ရှရှီ အနားမှာ ရှိနေလို့ သွားမေးကြည့်တာ၊ တစ်ယောက်ကို ၂၅ ယွမ်ပဲ ပေးရတာတဲ့။ တော်တော်လေး တန်တယ်ဗျ။]

[အဲဒီဘက်မှာ ဘတ်စ်ကားစီးဖို့ ခက်တယ်လေ၊ တက္ကစီ ငှားရင်လည်း ဘယ်နေရာ သွားသွား အနည်းဆုံး ၁၀၀ လောက် ပေးရတာဆိုတော့ အခုလိုမျိုးက တကယ့်ကို အဆင်ပြေတာပေါ့။ ဒါပေမဲ့ ကျွန်တော် သိချင်တာက... အစက ငွေသိန်းဂဏန်းပဲ ရှိတာ မဟုတ်လား။ ဟောက်ယွမ်ရွေ့က ငွေ ၁၀ ဆလောက် ပွားနိုင်ခဲ့တယ် ဆိုရင်တောင် ဒီလောက် ကားအစီး ၃၀-၄၀ ကို ဘယ်လို ဝယ်နိုင်တာလဲ။ ကားတစ်စီးကို သိန်းကျော် တန်တာလေ၊ ချန်သခင်မလေးကများ လိမ်ထားတာလား။]

[ငါတော့ ဘယ်လိုဖြစ်လဲဆိုတာ မှန်းမိသလိုပဲ။ ချန်ရွေ့က စိတ်ထား မကောင်းဘူး ဆိုပေမဲ့ အကွက်မြင်တဲ့ နေရာမှာတော့ ထိပ်တန်းပဲ။ စီးပွားရေးလုပ်ဖို့ ပါရမီ ပါတဲ့သူပဲလေ။ ဒီအကြံက တကယ်ကို ကောင်းတယ်၊ တုသခင်လေး နိုင်ဖို့တော့ ခက်သွားပြီ။]

[မသေချာသေးပါဘူး၊ မိန်းကလေး ဖန်ခယ် ကလည်း ယုံကြည်မှု ရှိနေတာပဲလေ။]

[ဟုတ်တယ်၊ သူက ယုံကြည်မှု ရှိနေတာ။ ဒီအစီအစဉ်ထဲမှာတော့ သူကမှ ကျွန်မ စိတ်ကူးထဲက တကယ့် လူချမ်းသာ ပုံစံမျိုးပဲ။]

[ထောက်ခံပါတယ်ဗျို့။ လူချမ်းသာတွေက တုသခင်လေးလို ဆိုရင်တော့ ကျွန်မက သာမန်လူပဲ လုပ်ပါတော့မယ်။ မိန်းကလေး ဖန်ခယ်လို ဆိုရင်တော့ ကျွန်မလည်း ကြိုးစားကြည့်ချင်သေးတယ်။]

[နင် ကြိုးစားရင် အောင်မြင်မဲ့အတိုင်း ပြောနေတာပဲ။]

...

ပရိသတ်များ ဤသို့ ပြောဆိုကြခြင်းမှာလည်း အကြောင်းရှိသည်။ ဖန်ခယ်သည် တုဇယ်ချန်းထံမှ ရှန့်လန်ဝမ် ပရောဂျက်ကို လွှဲပြောင်းယူပြီးနောက် အစပိုင်း ရက်အနည်းငယ်သာ မားကက်တင်း ဌာနတွင် အချိန်ကုန်ခဲ့ပြီး နောက်ပိုင်းတွင်မူ လုံးဝ ဝင်မစွက်ဖက်တော့ပေ။ နေ့စဉ် လုပ်ငန်း တိုးတက်မှုကိုသာ မေးမြန်းပြီး ကျန်သည့် အချိန်များတွင် ပျော်ပျော်ပါးပါး လျှောက်သွားနေခဲ့သည်။ အများအားဖြင့် သူမ၏ ချစ်သူဆီသို့ သွားနေတတ်သဖြင့် ရှကျွင်းချီသည်လည်း မကြာခဏ ကင်မရာထဲတွင် ပါဝင်လာခဲ့သည်။

အရင်က တုသခင်လေးကိုသာ အာရုံစိုက်နေကြသော်လည်း ပြိုင်ပွဲ ပြီးဆုံးခါနီးမှသာ ပရိသတ်များက သူမ၏ လုပ်ဆောင်ချက်များကို သတိထားမိကြတော့သည်။ အခြေအနေကို စောင့်ကြည့်နေသော ပရိသတ်အချို့ကလည်း ရှင်းပြကြသည်။

[ရှန့်လန်ဝမ်ရဲ့ ဒီအစီအစဉ်က တကယ့်ကို အလန်းပဲဗျ။]

[ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ နေ့တိုင်း ကြည့်နေတာတောင် ဘာလှုပ်ရှားမှုမှ မတွေ့ရပါဘူး။]

[ရှန့်လန်ဝမ်ရဲ့ WeChat Public Account မှာ သွားရှာကြည့်လိုက်လေ၊ အဲဒီကျရင် သိလိမ့်မယ်!]

ပရိသတ်များသည် ရှန့်လန်ဝမ်၏ အကောင့်ကို အပြေးအလွှား သွားရောက် ရှာဖွေကြရာ၊ အထဲတွင် နောက်ဆုံးထွက် အစီအစဉ်တစ်ခုကို တွေ့လိုက်ရသည် (၂၀ ယွမ်ပေးရုံဖြင့် အန်းမြို့ ရှိ ယွမ် နှစ်သန်း တန်သော အခန်းတစ်ခန်းကို ပိုင်ဆိုင်ခွင့် ရရှိမည်) ဟူ၍ ဖြစ်သည်။

ရှန့်လန်ဝမ်သည် ထန်မိသားစု လက်အောက်ရှိ အိမ်ခြံမြေ လုပ်ငန်းတစ်ခု ဖြစ်ပြီး မြို့အများအပြားတွင် တိုက်ခန်းများ တည်ဆောက်ထားသည်။ အန်းမြို့သည် ယခင်က ဒုတိယတန်းစား မြို့တစ်မြို့သာ ဖြစ်သော်လည်း ယခုအခါ နိုင်ငံတော်၏ ပံ့ပိုးမှုများကြောင့် လျင်မြန်စွာ တိုးတက်နေပြီး မြို့ကြီးများမှ ပြောင်းရွှေ့လာသူများကြောင့် အိမ်စျေးနှုန်းများမှာလည်း ထိုးတက်နေခဲ့သည်။

ဤအစီအစဉ်၏ စည်းကမ်းမှာ ၂၀ ယွမ် ပေးရုံဖြင့် ယွမ် နှစ်သန်း တန်သော အိမ်တစ်လုံး ကံစမ်းမဲတွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ ကံစမ်းသူ အရေအတွက် နှစ်သိန်း ပြည့်သည်နှင့် မဲဖောက်ပေးမည် ဖြစ်ပြီး ကံထူးသူ တစ်ဦးသည် နှစ်သန်း တန်သော အိမ်ကို ရရှိမည်ဖြစ်သည်။ ကျန်ရှိသော ကံစမ်းသူများမှာမူ ယွမ် နှစ်သိန်းတန် အိမ်ဝယ်ယူခွင့် လျှော့စျေးကတ်များကို ရရှိကြမည် ဖြစ်ပြီး ၎င်းတို့ကို မည်သည့် မြို့ရှိ ရှန့်လန်ဝမ် တိုက်ခန်းများတွင်မဆို အသုံးပြုနိုင်မည် ဖြစ်သည်။

လက်တွေ့တွင်မူ ၂၀ ယွမ် ပေးကာ နှစ်သန်း ပေါက်နိုင်သည့် ထီတစ်စောင် ဝယ်ယူလိုက်ခြင်းပင် ဖြစ်သည်။

[တစ်ယောက်ကို ၂၀ ယွမ်၊ လူနှစ်သိန်း ဆိုတော့... စုစုပေါင်း သိန်းလေးသောင်း ရတာပေါ့။ အိမ်ရဲ့ တန်ဖိုးက နှစ်သန်း ဆိုတော့၊ သူက နှစ်သန်း အလကား မြတ်သွားတာပေါ့...]

[အပေါ်ကလူ မမေ့နဲ့ဦး... ဒါက အစပဲ ရှိသေးတာ။ လျှော့စျေးကတ် ရတဲ့သူတွေက အဲဒီတိုက်ခန်းတွေကိုပဲ အရင် စဉ်းစားကြမှာလေ၊ နောက်ပိုင်း ရောင်းရမဲ့ အရေအတွက်က ပိုပြီးတော့ တန်ဖိုးကြီးတာပေါ့။]

[ယုတ်မာလိုက်တာ၊ လူတွေရဲ့ ပိုက်ဆံကို ယူပြီး သူ့အတွက် အကျိုးရှိအောင် လုပ်နေတာပဲ။ ငတုံးတွေပဲ ပါမှာပါ။]

[တောင်းပန်ပါတယ်... ကျွန်တော်က အဲဒီ ငတုံးပဲ။ နှစ်သန်း ဆိုတော့ စမ်းကြည့်ရတာ တန်ပါတယ်ဗျ။]

[ဟားဟားဟား... တောင်းပန်ပါတယ်၊ ကျွန်တော်လည်း ဝယ်လိုက်ပြီ။ အိမ်ဝယ်ဖို့ စဉ်းစားနေတာဆိုတော့၊ ၂၀ ယွမ်နဲ့ လျှော့စျေးကတ် ယူထားတာပေါ့။ တကယ်လို့ ကံကောင်းသွားရင်ကော]

[ကြည့်ရတာ မိန်းကလေး ဖန်ခယ်ကတော့ ပွင့်လင်းတဲ့သူပဲ။ ဒါက တကယ့်ကို ပရိယာယ် မပါတဲ့ အကြံအစည်ပဲ။]

[ဝိုး... အခု လူတစ်သိန်းငါးသောင်း ပြည့်နေပြီ၊ သူငယ်ချင်းတွေကို အမြန် သတင်းသွားပေးဦးမယ်။]

သတင်းများ ပျံ့နှံ့သွားသည်နှင့် ကံစမ်းသူ အရေအတွက်မှာ ထိုးတက်သွားခဲ့ပြီး နောက်တစ်နေ့မှာပင် လူနှစ်သိန်း ပြည့်သွားခဲ့သဖြင့် မဲနှိုက်ခြင်း အစီအစဉ်ကို စတင်လိုက်တော့သည်။

[ဟဲဟဲ... ဒီလို ကံစမ်းမဲတွေက ကိုယ့်လူတွေကိုပဲ ပေးတာ များပါတယ်။ ငတုံးတွေပဲ ယုံကြတာ။]

[အား... အား... အား...!!]

[ဟို အပေါ်ကလူ ဘာတွေ အော်နေတာလဲ၊ စာမျက်နှာကို မနှောင့်ယှက်နဲ့လေ။]

[ကျွန်တော် ပေါက်ပြီ! ကျွန်တော် ပေါက်ပြီ!!!]

[!!!!!]

[တကယ်လား!]

[မပြောတော့ဘူး... ကုမ္ပဏီက ကျွန်တော့်ကို ဖုန်းဆက်နေပြီ။ ကျေးဇူးတင်ပါတယ် တုသခင်လေး။ ကျေးဇူးတင်ပါတယ် ရှန့်လန်ဝမ်။ ကျေးဇူးတင်ပါတယ် မိန်းကလေး ဖန်ခယ်။ ကျေးဇူးတင်ပါတယ် ထန်မိသားစု။ အလုပ်ထွက်သွားတဲ့ အရာရှိကြီးတွေ မအောင်မြင်ခဲ့တာ တကယ်ပဲ ဝမ်းသာပါတယ်။ တုသခင်လေး အာဏာကို ထိန်းထားနိုင်လို့ တကယ် ကျေးဇူးတင်ပါတယ်]

ကံထူးသူမှာ ရင်ခုန်လွန်းသဖြင့် စကားလုံးများပင် မှားယွင်းနေတော့သည်။

[မနာလိုစိတ်တွေက ငါ့မျက်နှာကို ဖျက်ဆီးနေပြီ...]

[ငါလည်း ငတုံး လုပ်ခဲ့တာပဲ၊ ဘာလို့ ငါ မပေါက်တာလဲ...]

ကံထူးသူမှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ထွက်ပေါ်လာသဖြင့် သံသယများ အားလုံး ပျောက်ကွယ်သွားပြီး တစ်နိုင်ငံလုံးရှိ ရှန့်လန်ဝမ် တိုက်ခန်းများမှာ ရောင်းအား အလွန် ကောင်းမွန်သွားခဲ့သည်။ ဤသည်မှာ တုဇယ်ချန်းအာဏာရပြီးနောက် ပထမဆုံးသော အောင်မြင်မှုပင် ဖြစ်သည်။ ဖန်ခယ်က လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သော်လည်း အကျိုးအမြတ်မှာ ထန်မိသားစုအတွက်ပင် ဖြစ်သည်။

အစီအစဉ် ပြီးဆုံးသွားသည့် နောက်တစ်နေ့သည် 《သူဌေးကြီးတို့၏ ဂုဏ်သိက္ခာ》 ရိုက်ကူးရေး၏ နောက်ဆုံးနေ့ ဖြစ်သည်။ ထိုအချိန်တွင် ဟောက်ယွမ်ရွေ့တို့၏ ပရောဂျက်မှာလည်း တစ်ပတ်တိတိ လည်ပတ်ပြီး ဖြစ်သည်။

ပါဝင်သူ လေးဦးလုံးသည် ယန်မြို့ ဆင်ခြေဖုံးရှိ တောင်ပေါ် အပန်းဖြေစခန်းတစ်ခုသို့ စုပေါင်း ရောက်ရှိလာကြသည်။

တစ်လ ကုန်ဆုံးသွားချိန်တွင် လေးဦးလုံးမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ တုဇယ်ချန်းအကြောင်း ပြောစရာ မလိုတော့ပေ။ ဘာမှမသိသော လူငယ်လေးဘဝမှ မြေခွေးအိုကြီးများကို နှိမ်နင်းကာ အာဏာကို သိမ်းပိုက်နိုင်ခဲ့သဖြင့် တကယ့် ဥက္ကဋ္ဌ တစ်ဦး၏ အရှိန်အဝါများ ပြည့်နှက်နေပြီ ဖြစ်သည်။

ဖန်ခယ်မှာမူ လှပသော အစီအစဉ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့်အပြင် အချစ်ရေးမှာလည်း အဆင်ပြေနေသဖြင့် ထက်မြက်မှုကြားတွင် နူးညံ့မှုများ ပါဝင်လာကာ ပို၍ပင် ဆွဲဆောင်မှု ရှိလာခဲ့သည်။

ဟောက်ယွမ်ရွေ့သည် ပြိုင်ပွဲတွင် ပုံမှန်အတိုင်း ပြုမူခဲ့သော်လည်း ကြားထဲတွင် ဖြစ်ပွားခဲ့သော ယွမ်ရှန်း၏ ပြဿနာ ဖြေရှင်းမှုကြောင့် သူ၏ လုပ်ငန်းမှာ သိသိသာသာ တိုးတက်လာခဲ့သဖြင့် သူသည်လည်း အလွန်ပင် တက်ကြွနေသည်။

ချန်ရွေ့ တစ်ယောက်သာလျှင် လောင်ဟွေ့မှ နှင်ထုတ်ခံရကတည်းက မည်သည့် လှုပ်ရှားမှုမှ မရှိတော့ပေ။ သူမ ချန်မိသားစုသို့ ပြန်ရောက်ချိန်တွင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို လူအများ မသိကြသော်လည်း သူမမှာ စိတ်ဓာတ်ကျဆင်းနေပြီး အိမ်မှပင် ထွက်ခွာခဲ့ရကြောင်း၊ နေ့စဉ် ရှရှီရှိ ကစားကွင်းတွင်သာ ပရောဂျက် အခြေအနေကို စောင့်ကြည့်နေရကြောင်း သိရှိရသည်။

သူမသည် မိမိကိုယ်မိမိ တက်ကြွဟန်ဆောင်နေသော်လည်း အချည်းနှီးပင် ဖြစ်သည်။ စိတ်ဓာတ် အခြေအနေကို ထားလိုက်လျှင်တောင် လူအများက သူမအပေါ် ထားရှိသော သဘောထားမှာပင် သူမအတွက် အလွန် အနေရခက်စေသည်။

တုဇယ်ချန်းကမူ သူမကို မြင်သည်နှင့် အဝေးမှ ရှောင်သွားသလို ဖန်ခယ်သည်လည်း တုဇယ်ချန်း၏ အနောက်မှသာ လိုက်ပါနေသည်။ အစပိုင်းတွင် သူမနှင့် ရင်းနှီးခဲ့သော ဟောက်ယွမ်ရွေ့ပင်လျှင် သူမနှင့် ခပ်စိမ်းစိမ်းသာ နေတော့သည်။

ချန်ရွေ့သည်လည်း ထပ်မံ၍ လှည့်ကွက်များ မသုံးရဲတော့ပေ။ ယခုအခါ သူမသည် မိသားစု၏ ဖိနှိပ်မှုကို ခံနေရရုံတင်မကဘဲ အွန်လိုင်းမှ ပြင်းထန်သော ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည် မဟုတ်ပါလား။

နောက်ပိုင်းတွင် သူမ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ကြည့်သည့် အခါမှသာ သူမသည် တုဇယ်ချန်း၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ရမှန်း သိလိုက်ရသည်။ သူသည် သူမ၏ လှည့်ကွက်များကို လူအားလုံး မြင်အောင် ဖွင့်ချခဲ့သဖြင့် သူမမှာ ငတုံးတစ်ဦးပမာ ဖြစ်သွားခဲ့ရသည်။ ယခုအခါ အွန်လိုင်းမှာတင် မကဘဲ အပြင်ထွက်လျှင်ပင် လူအများ၏ ဆဲဆိုခြင်းကို ခံနေရတော့သည်။

ထိုသို့သော ထိုးနှက်ချက်များကြောင့် သူမမှာ ကြောက်လန့်တုန်ရီနေဟန် ပေါက်နေသည်။

ဒါရိုက်တာက စတင် ပြောဆိုလိုက်သည်။ "တစ်လ ကုန်ဆုံးသွားပါပြီ။ မနေ့က ခင်ဗျားတို့ရဲ့ အစီအစဉ်တွေအရ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ကျုပ်တို့ တွက်ချက်ပြီးပါပြီ”

တုဇယ်ချန်းနှင့် ဖန်ခယ်တို့အကြောင်း ပြောစရာ မလိုတော့ပေ။ သူတို့၏ ပွင့်လင်းလှသော အစီအစဉ်ကြောင့် ကျွမ်းကျင်သူ ပရိသတ်များက တွက်ချက်ပေးထားပြီးသား ဖြစ်သည်။

(အသားတင် အမြတ်ငွေ နှစ်သန်း)။

သို့သော် အညီအမျှ ခွဲဝေပြီးနောက် တုဇယ်ချန်း၏ အစောပိုင်း ရင်းနှီးငွေ တစ်သိန်းမှာ အကုန် သုံးစွဲခဲ့ပြီးဖြစ်ရာ သူသည် တစ်သန်း မြတ်ခဲ့သည်။

ဖန်ခယ်မှာမူ တစ်သန်း မြတ်ရုံတင် မကဘဲ တုဇယ်ချန်းထံမှ ငှားရမ်းခ ရှစ်သောင်းကိုပါ ရရှိခဲ့သည်။ သူမ၏ ကိုယ်ပိုင်ရင်းနှီးငွေ တစ်ပြားမှ မကုန်ခဲ့သလို ကံစမ်းမဲစနစ်အတွက် ကုန်ကျသော နှစ်သောင်းမှာလည်း တုဇယ်ချန်း၏ ငွေပင် ဖြစ်သည်။ ထို့ကြောင့် သူမသည် တစ်ပြားမှ မစိုက်ရဘဲ တစ်ဆယ့်တစ်သိန်း ရှစ်သောင်း မြတ်စွန်းခဲ့ခြင်း ဖြစ်သည်။

ရလဒ် ထွက်လာချိန်တွင် တုဇယ်ချန်းက သူမကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားက တော်တော်လေး ကောက်ကျစ်တာပဲ။ ခင်ဗျား ဟူရှင်း နည်းပညာ ကုမ္ပဏီကို အလုပ်မဝင်ခဲ့တာ တကယ်ကို ကံကောင်းတာပဲ! မဟုတ်ရင် ကုမ္ပဏီတွေ အများကြီး ခင်ဗျားလက်ချက်နဲ့ ပြုတ်ကုန်တော့မှာပေါ့”

သူသည် ထိုသို့ နောက်ပြောင်ပြောဆိုနေသော်လည်း တကယ်တမ်းတွင်မူ ဖန်ခယ်အတွက် မကျေနပ်ချက်များကို ဖြေဖျောက်ပေးနေခြင်း ဖြစ်သည်။ ထင်သည့်အတိုင်းပင် ပရိသတ်များက ဖန်ခယ်နှင့် ပတ်သက်သော အတိတ်က သတင်းဆိုးများကို စတင် သံသယ ဝင်လာကြသည်။

[ဒီလောက်အထိ တော်တဲ့ မမက ဘာလို့ ကုမ္ပဏီမှာ ရာထူး မရတာလဲ။]

[ဟုတ်ပါပေ့၊ ဉာဏ်လည်း ကောင်းသလို အလုပ်လည်း လုပ်နိုင်တာပဲ။ ဒီပြိုင်ပွဲမှာ သူက အအေးဆေးဆုံးနဲ့ အမြတ်အများဆုံး ရခဲ့တာလေ။]

[ဒီအစီအစဉ်က ရိုးရှင်းပေမဲ့ လူတိုင်းရဲ့ အကျိုးစီးပွားကို ထည့်တွက်ပေးနိုင်တဲ့သူဟာ ဒေါသကြီးတဲ့သူ ဖြစ်မှာ မဟုတ်ဘူး။]

[သူ့နောက်ကို တစ်လလုံး လိုက်ကြည့်လာတာ၊ သူ့ရဲ့ စရိုက်က မကောင်းဘူးလို့ ကျွန်မ တစ်ခါမှ မခံစားရပါဘူး။ ဖန်မိသားစုရဲ့ အခြေအနေကသာ သံသယ ဖြစ်စရာကြီးပါ။]

[ဟုတ်တယ်၊ အရည်အချင်း ရှိပါလျက်နဲ့ ကုမ္ပဏီထဲ ဝင်ခွင့်မပေးတာနော်။ ရှသခင်လေးကို ကူညီပေးနေတဲ့ ပုံစံအရလည်း စီးပွားရေး မကြိုက်တာ မဟုတ်မှန်း သိသာပါတယ်။]

[စိတ်မဝင်စားရင် ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ အကြံတွေ ထွက်လာမှာလဲ။ ဒါတွေက အတွေ့အကြုံ ရှိမှ ရတာလေ၊ နောက်ကွယ်မှာ တစ်ခုခု ရှိနေတာ သေချာတယ်။]

[ဘာပဲဖြစ်ဖြစ် တုသခင်လေးနောက်ကို လိုက်ကြည့်ပြီးတဲ့နောက်မှာတော့... အွန်လိုင်းက သတင်းတွေကို သက်သေမရှိဘဲ လုံးဝ မယုံတော့ဖို့ ဆုံးဖြတ်လိုက်ပြီ။]

…

All Chapters