← Chapters

အခန်း ၈၈

Vol. 6 Ch. 88

အခန်း ၈၈

Vol. 6 Ch. 88

အခန်း (၈၈)

တုဇယ်ချန်းတို့၏ အမြတ်ငွေကို ကြေညာပြီးနောက် ဒါရိုက်တာသည် ချန်ရွေ့နှင့် ဟောက်ယွမ်ရွေ့ဘက်သို့ လှည့်လိုက်သည်။ တုဇယ်ချန်းတို့ကဲ့သို့ အရာရာကို ဗြောင်ကျကျ ချမပြဘဲ သူတို့၏ အစီအစဉ်မှာ လွန်းပျံယာဉ် ကိစ္စသာ သိရသဖြင့် အမြတ်ငွေကို တွက်ချက်ရန် ခက်ခဲနေသည်။ ပရိသတ်အချို့ကမူ ဤသို့ သုံးသပ်ကြသည်။

[သူတို့က ခရီးသွားနေရာတွေမှာ ကားဂိတ်တွေ ဆောက်ထားတာလေ၊ တစ်ယောက်ကို ၂၅ ယွမ်၊ ကားအစီး ၅၀ က တစ်နေ့ကို ၄ ခေါက်စီ သွားရင်... တစ်နေ့ကို တစ်သန်းလောက် ဝင်မှာပေါ့။ အခု အလုပ်လုပ်တာ ၁၀ ရက် ရှိပြီဆိုတော့ အမြတ်က တစ်သန်းပေါ့... နောက်ရက်နည်းနည်း ထပ်ရရင်တော့ တုဇယ်ချန်းကို ကျော်နိုင်ပေမဲ့ အခုတော့ ထက်ဝက်လောက် လိုသေးတယ်ဗျ။]

[ဒါပေမဲ့ သူတို့ လိမ်ထားတာ မဟုတ်လား။ အစက ငွေတစ်သိန်းကို တစ်သန်း ဖြစ်အောင် လုပ်နိုင်တယ် ဆိုရင်တောင် နှစ်ပတ်အတွင်းမှာ ကားအစီး ၅၀ ကို ဘယ်လို ဝယ်နိုင်မှာလဲ။ ကားတစ်စီးကို တစ်သိန်းခွဲဆိုတော့ အစီး ၅၀ ဆိုရင် ၇သန်းခွဲ တန်တာလေ။]

[ချန်ရွေ့ ပါနေမှတော့ တရားမျှတမှုဆိုတာ ရှိပါ့မလား။]

ချန်ရွေ့၏ စရိုက် ပေါ်ပေါက်သွားကတည်းက သူမ ရောက်လေရာတွင် ဆဲဆိုသံများနှင့် သံသယများသာ ရှိတော့သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့က ချန်ရွေ့ကို အထင်လွဲခဲ့ခြင်း ဖြစ်သည်။ သူမတွင် ကိုယ်ကျင့်တရား ပြဿနာ ရှိသော်လည်း လူအများရှေ့တွင်မူ သူမ၏ ထက်မြက်မှုကို ပြသချင်နေသဖြင့် လိမ်လည်ခြင်း မပြုခဲ့ပေ။

ဟောက်ယွမ်ရွေ့သည် ချန်ရွေ့ကို တစ်ချက် ကြည့်လိုက်ရာ သူမက စကားပြောမည့် ပုံမရှိသဖြင့် သူကိုယ်တိုင်ပင် ရှင်းပြလိုက်သည်။

"ကျုပ်တို့ အရင်ဆုံး လွီစီ လျှပ်စစ်ကား ကုမ္ပဏီနဲ့ သွားပြီး ညှိနှိုင်းခဲ့တာပါ။ လူ ၁၀ ဦးစီး လွန်းပျံယာဉ် အစီး ၅၀ ဝယ်ဖို့ စီစဉ်ခဲ့တာပေါ့။ အရေအတွက် များတဲ့အတွက် တစ်စီးကို တစ်သိန်းလေးသောင်းတန်တဲ့ ကားကို တစ်သိန်းတစ်သောင်းနဲ့ ရအောင် ဝယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျုပ်တို့ဆီမှာ ယွမ် ၈သိန်းပဲ ရှိသေးပေမဲ့ အဲဒါက ကနဦး ပေးချေဖို့အတွက် လုံလောက်ခဲ့ပါတယ်။ ကျန်တဲ့ ငွေတွေကိုတော့ တစ်လအတွင်း အပြတ်ပေးမယ်လို့ ကတိပေးခဲ့တာပေါ့”

"ကားကိစ္စ ပြေလည်သွားတော့ ကစားကွင်းဘက်ကလည်း အမြတ်ရမဲ့ လုပ်ငန်းမို့လို့ မငြင်းပါဘူး။ ကျုပ်တို့ ကားတွေ ရလာတဲ့ အခါမှာ၊ တစ်စီးကို တစ်သိန်းသုံးသောင်းနဲ့ ယာဉ်မောင်းတွေကို ပြန်ရောင်းလိုက်ပါတယ်။ အဲဒီတော့မှ ကုမ္ပဏီကို ပေးရမဲ့ ကျန်ငွေတွေကို ချက်ချင်း ပေးချေနိုင်ခဲ့တာပေါ့။ ယာဉ်မောင်း တစ်ယောက်စီဆီကနေ လုပ်ငန်းလည်ပတ်ခ နှစ်သောင်းစီ ယူပြီးတော့၊ သူတို့ကို ကစားကွင်းထဲမှာ ကားဆွဲခွင့် ပေးခဲ့ပါတယ်။ လက်မှတ်စျေးနှုန်းကို တစ်ယောက် ၂၅ ယွမ် သတ်မှတ်ပြီး မြို့ထဲက ဘယ်နေရာကိုမဆို ပို့ပေးရမယ်၊ လူပြည့်ရင် ထွက်ရမယ်ပေါ့။ ခရီးသည် တစ်ယောက်စီဆီကနေ ကျုပ်တို့ကို ၅ ယွမ်စီ ပြန်ပေးရပြီး ကျန်တာကတော့ သူတို့အပိုင်ပေါ့”

[သူများပိုက်ဆံကို ယူပြီး ကိုယ့်အတွက် ငွေရှာတာပေါ့၊ ဒီနည်းလမ်းက တကယ့်ကို မဆိုးဘူးပဲ။]

[ဒါပေမဲ့ နည်းနည်းတော့ ကောက်ကျစ်သလိုပဲနော်။ ချန်ရွေ့ရဲ့ အကြံ ဖြစ်ရမယ်။]

ယခုအခါ ချန်ရွေ့နှင့် ပတ်သက်သမျှ အရာအားလုံးမှာ လူအများအတွက် စက်ဆုပ်စရာ ဖြစ်နေတော့သည်။ ဟောက်ယွမ်ရွေ့သည်လည်း ထိုအချက်ကို သိရှိသဖြင့် ပြုံး၍ ဆက်ပြောလိုက်သည်။

"တကယ်တော့ ကျုပ်တို့ လုပ်ငန်း လုပ်တဲ့နေရာမှာ အားလုံး အကျိုးရှိဖို့ကိုပဲ ကြည့်တာပါ။ ဥပမာ ခရီးသွားတွေက ငွေသက်သာသလို စိတ်ချမ်းသာရတယ်၊ ယာဉ်မောင်းတွေကလည်း စျေးကွက်ပေါက်စျေးထက် တစ်သောင်း သက်သာပြီး ကားပိုင်သွားသလို လုပ်ပိုင်ခွင့်လည်း ရကြတယ်လေ။ အခု ခရီးသွား အရေအတွက်နဲ့ဆိုရင် တစ်နေ့ကို အနည်းဆုံး ၄ ခေါက် သွားရတော့ ခရီးသည် ၈၀ ဆီကနေ တစ်ယောက်ကို ၂၀ ယွမ် မြတ်ရင် ၁၆၀၀ ယွမ် ရတာပေါ့။ သူတို့ရဲ့ ရင်းနှီးငွေကို သုံးလအတွင်း ပြန်ရနိုင်လို့ ကားတွေကို လုပြီး ဝယ်ခဲ့ကြတာလေ။ ကားတွေ ရောင်းရတော့ စက်ရုံကိုလည်း ငွေအမြန် ပြန်ပေးနိုင်ခဲ့သလို ကစားကွင်းကလည်း နေရာလေး တစ်ခု ပေးရုံနဲ့တင် တစ်နေ့ကို အနည်းဆုံး နှစ်သောင်းလောက် ဝင်နေတာလေ..."

ဒါရိုက်တာဘက်မှ ရလဒ်များ တွက်ချက်ပြီး ဖြစ်သည်။

"ချန်ရွေ့နဲ့ ဟောက်ယွမ်ရွေ့တို့ဟာ ကားရောင်းရငွေ တစ်သန်း၊ လည်ပတ်ခ တစ်သန်း၊ ကစားကွင်းရဲ့ ၁၀ ရက်စာ ဝင်ငွေ နှစ်သိန်း၊ စုစုပေါင်း ၂၂ သိန်း မြတ်စွန်းခဲ့ပါတယ်။ အညီအမျှ ခွဲဝေပြီးနောက် တစ်ယောက်ကို ၁၁ သိန်းစီ ရရှိကြပါတယ်”

[ချန်ရွေ့ကတော့ စီးပွားရေးလုပ်ဖို့ ပါရမီ ပါတာ အမှန်ပဲ၊ ဒါပေမဲ့ စရိုက်ကတော့ တော်တော် ညံ့တယ်။]

[ဒါပေမဲ့ ဖန်ခယ်ကိုတော့ မမီပါဘူး။ ဖန်ခယ်က တစ်ပြားမှ မစိုက်ရတဲ့အပြင် ပင်လည်း မပင်ပန်းခဲ့ဘူးလေ။ တစ်ပွဲလုံးမှာ သူက အေးဆေးဆုံးပဲ။]

[ဟားဟား... သူကမှ ငါ့စိတ်ကူးထဲက လူချမ်းသာ ပုံစံပဲ၊ တုသခင်လေးတောင် မမီဘူး။]

[အမှန်အတိုင်း ပြောရရင် တုသခင်လေးက ဒီကိစ္စမှာ ပိုပြီးတော့တောင် အေးဆေးသေးတယ်။ လူမှန်အောင် ငှားလိုက်ရုံနဲ့တင် အရာရာ အဆင်ပြေသွားတာလေ၊ အကျိုးအမြတ်လည်း ရတာပဲ။]

[တုသခင်လေး ပြောခဲ့ဖူးသားပဲ... လူမှန်ကို ယုံကြည်ပြီး အသုံးချတတ်တာကလည်း လူကုံထံတို့ရဲ့ အရည်အချင်း တစ်ခုပဲတဲ့။]

သို့သော် စရိုက်ကောင်းရုံနှင့် အမြတ်အများဆုံး ရလိမ့်မည်ဟု မဆိုလိုပေ။ ရလဒ်များ ထွက်လာချိန်တွင် အဆင့်သတ်မှတ်ချက်မှာ ထင်ရှားလှသည်။ အမြတ်ငွေမှာ များစွာ မကွာခြားသော်လည်း ခြုံငုံသုံးသပ်ကြည့်ပါက ရင်းနှီးငွေ လုံးဝ မသုံးခဲ့သော ဖန်ခယ်မှာ ပထမ၊ ချန်ရွေ့နှင့် ဟောက်ယွမ်ရွေ့တို့က ဒုတိယ၊ တုဇယ်ချန်းက နောက်ဆုံး ဖြစ်သွားခဲ့သည်။

[တစ်လအတွင်း ရင်းနှီးငွေကို ဆယ်ဆလောက် ပွားနိုင်တာကမှ ငါ အလိုချင်ဆုံးသော လူကုံထံတို့ရဲ့ အရည်အချင်းပဲ။]

[ချန်ရွေ့ကတော့ ထားလိုက်ပါတော့။ သူ ငွေဘယ်လောက် ရှာနိုင်ရှာနိုင် ငါတော့ သူ့ကို သဘောမကျနိုင်ဘူး။]

ကိုယ်ကျင့်တရား ပျက်ပြားသွားပြီဆိုပါက လူတစ်ယောက်၏ အောင်မြင်မှုအားလုံးမှာ အချည်းနှီး ဖြစ်သွားရမြဲ ဖြစ်သည်။ ချန်ရွေ့သည် နောက်ဆုံးအထိ လူအများ၏ အမြင်ကို ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေ။

အစက ကတိပေးထားသည့်အတိုင်း ဒါရိုက်တာသည် အဆင့်အလိုက် သဲလွန်စ ဖော်ပြသည့် ကတ်ပြား များကို ဝေငှပေးလိုက်သည်။ ပထမရသော ဖန်ခယ်က နှစ်ကတ်၊ ဒုတိယရသော ဟောက်ယွမ်ရွေ့နှင့် ချန်ရွေ့တို့က တစ်ကတ်စီ ရရှိကြပြီး နောက်ဆုံးဖြစ်သော တုဇယ်ချန်းကတော့ မရရှိခဲ့ပေ။

"မလောပါနဲ့ဦး၊ နောက်ထပ် တစ်ခု ကျန်သေးတယ်၊ အဲဒါကတော့ ဩဇာအာဏာ အဆင့်သတ်မှတ်ချက် ပဲ” ဒါရိုက်တာက ပြောလိုက်သည်။

"ဒီအချက်အလက်က ခုနလေးတင် ပိတ်လိုက်တာပါ။ ကျုပ်တို့ရဲ့ ပါဝင်သူတွေရဲ့ ဩဇာအာဏာကို ကြည့်လိုက်ရအောင်”

တုဇယ်ချန်းသည် လူအများ၏ မျှော်လင့်ချက်အတိုင်း ပထမ ရရှိခဲ့သည်။ မဲအရေအတွက် တစ်သန်းကျော် ရရှိခဲ့ပြီး လူအများအပေါ် လွှမ်းမိုးနိုင်ခဲ့သည့် အချက်များမှာ ကြံ့ခိုင်မှု၊ တည်ငြိမ်မှုနှင့် အလေးအနက်ထားမှုတို့ ဖြစ်သည်။

တုဇယ်ချန်းက အနည်းငယ် အံ့ဩသွားကာ ပြောလိုက်သည်။

"တစ်နေ့မှာ ကျွန်တော့်ဆီမှာ ဒီလို အရည်အချင်းတွေ ရှိလာပြီး လူတွေကို အကျိုးပြုနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါတွေ အားလုံးက ကျွန်တော့်ဇနီး ရှန်ယို့ယောင်ကြောင့်ပါ။ သူကပဲ ကျွန်တော့်ကို ဒါတွေ အားလုံး သင်ပေးခဲ့တာလေ”

[ဒါကိုတော့ ငါ ယုံတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က မောက်မာပြီး ထင်ရာစိုင်းခဲ့တဲ့ တုသခင်လေးဟာ အခုလို လူမျိုး ဖြစ်လာလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။]

[လူတစ်ယောက်ရဲ့ တိုးတက်မှုကို ကိုယ်တိုင် မြင်တွေ့ရတာက တကယ့်ကို ဂုဏ်ယူစရာပဲ။]

[အရာရာက ပြောင်းလဲလို့ ရတာပဲလေ၊ ဘယ်အချိန် ဖြစ်ဖြစ် နောက်မကျပါဘူး။]

[ဒါကတော့ လူပေါ် မူတည်တာပေါ့။ တုသခင်လေးက နှစ်ပေါင်းများစွာ မပြောင်းလဲခဲ့ဘဲ ရှန်ယို့ယောင်နဲ့ တွေ့မှ ပြောင်းလဲသွားတာလေ။]

ထူးခြားသည်မှာ ဖန်ခယ် ဖြစ်သည်။ သူမ၏ မဲအရေအတွက်မှာ တုဇယ်ချန်းထက် များစွာ မလျော့ဘဲ ကိုးသိန်းအထိ ရရှိခဲ့သည်။ သူမ ရရှိခဲ့သည့် အသိအမှတ်ပြုချက်မှာ အကွက်မြင်ခြင်းနှင့် ပြတ်သားခြင်းတို့ ဖြစ်သည်။

ဟောက်ယွမ်ရွေ့မှာမူ အစကတည်းက ဥက္ကဋ္ဌ တစ်ဦးပမာ ပြုမူခဲ့ပြီး ကြားထဲတွင် ပြဿနာကို လှလှပပ ဖြေရှင်းနိုင်ခဲ့သော်လည်း တုဇယ်ချန်းနှင့် ယှဉ်လိုက်ပါက အားနည်းသွားခဲ့ရသည်။ အကြောင်းမှာ တုဇယ်ချန်းရင်ဆိုင်ခဲ့ရသော ရန်သူများမှာ ပိုမို အင်အားကြီးမားသောကြောင့် ဖြစ်သည်။

ချန်ရွေ့မှာတော့ သေချာပေါက် နောက်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ မဲအရေအတွက် သုံးသိန်း ရှိသော်လည်း အများစုမှာ သူမအား ဆဲဆိုရန်အတွက်သာ မဲပေးခဲ့ကြခြင်း ဖြစ်သည်။ သူမအတွက် ထွက်ပေါ်လာသော အဓိပ္ပာယ်များမှာ အရှက်မရှိခြင်းနှင့် ကောက်ကျစ်ခြင်း တို့သာ ဖြစ်နေတော့သည်။

ဩဇာအာဏာအတွက် ပေးသော သဲလွန်စ ကတ်ပြားများမှာ ပြိုင်ပွဲကထက် ပိုများသည်။ ပထမရသော တုဇယ်ချန်းက လေးကတ်၊ ဖန်ခယ်က သုံးကတ်၊ ဟောက်ယွမ်ရွေ့က နှစ်ကတ်နှင့် ချန်ရွေ့က တစ်ကတ်စီ ရရှိကြသည်။

ထိုကတ်ပြားများမှာ ရိုးရှင်းလှပြီး မြေပုံအညွှန်းများသာ ဖြစ်သည်။ ကတ်ပြား များများရလေ၊ ရတနာရှိသည့် နေရာကို ပို၍ တိကျစွာ သိရှိနိုင်လေ ဖြစ်သည်။

ဒါရိုက်တာက ပြင်ဆင်ထားသော ရတနာမှာ ဤလောကတွင် အားကျစရာ အကောင်းဆုံးအရာ ဟု ပြောထားခဲ့သဖြင့် လူတိုင်းက စူးစမ်းချင်စိတ်များ ပြင်းပြနေကြသည်။ ၎င်းမှာ ဘယ်အရာ ဖြစ်မည်နည်း။

လူတိုင်းက မိမိတို့ ရရှိထားသော လမ်းစများအတိုင်း ရတနာကို လိုက်လံ ရှာဖွေနေကြစဉ်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ပင်မဖန်သားပြင်ပေါ်တွင် မြင်ကွင်းတစ်ခု ပြောင်းလဲသွားခဲ့သည်။ ဝတ်စုံအပြည့်နှင့် ခမ်းနားစွာ ပြင်ဆင်ထားသော ရှန်ယို့ယောင်သည် ကင်မရာရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ သူမသည် မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော ကြီးမားလှသည့် လက်ဆောင်ဘူးကြီး တစ်ခု၏ ဘေးတွင် ရပ်နေသည်။ ထိုဘူးကြီးမှာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အလွယ်တကူ ထည့်ထားနိုင်လောက်အောင် ကြီးမားလှရာ ဆိုလိုရင်းမှာ အထင်အရှားပင်။

[ဘုရားရေ... ဘုရားရေ၊ အစီအစဉ်အဖွဲ့ကတော့ တကယ်ကို ကစားတတ်တာပဲ။]

[တုသခင်လေး ရှာရမဲ့ နောက်ဆုံး ရတနာက ရှန်ယို့ယောင်ဖြစ်နေတာပေါ့ ဟုတ်လား]

[အား... တကယ်ကို ရိုမန့်တစ် ဆန်လိုက်တာ!]

ဒါရိုက်တာက ရှန်ယို့ယောင်အား မေးလိုက်သည်။ "ကျုပ်တို့ စီစဉ်ထားတဲ့ ဒီလက်ဆောင်ကို ဘယ်လို ထင်လဲဟင်”

ရှန်ယို့ယောင်၏ မျက်ဝန်းများမှာ ကြည်လင်တောက်ပနေပြီး ဤသည်မှာ အလွန် စိတ်ဝင်စားဖို့ ကောင်းသည်ဟု သူမ ယူဆကြောင်း သိသာလှသည်။ သို့သော် သူမသည် ရှက်ရွံ့နေသဖြင့် စကားလုံးအလှများဖြင့် ပြန်မပြောဘဲ ခေါင်းညိတ်ပြလျက်သာ သဘောတူကြောင်း အချက်ပြလိုက်သည်။

ဒါရိုက်တာက သူမအား မအောင့်နိုင်ဘဲ စနောက်လိုက်သည်။ "တုဇယ်ချန်းအတွက်တော့ ယို့ယောင်ကို ရလိုက်တာဟာ... ဒီလောကမှာ အားကျစရာ အကောင်းဆုံး ကိစ္စလို့ မထင်ဘူးလား”

ရှန်ယို့ယောင်သည် ဒါရိုက်တာကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ အားနာဟန်ဖြင့် မျက်နှာကို အုပ်လျက် ပြောလိုက်သည်။

"ဒီလိုမျိုးကြီး ဘယ်လိုလုပ် မေးနိုင်ရတာလဲရှင် ဒါက ကိုယ့်ကိုယ်ကိုယ် ကြွားလွန်းရာ ကျနေမှာပေါ့”

ပရိသတ်များအားလုံး ရယ်မောကြသည်။ ဒါရိုက်တာက ဆက်လက်၍ မေးမြန်းပြန်သည်။

"ယို့ယောင်အနေနဲ့ တုဇယ်ချန်းကို ပြောချင်တဲ့ စကားများ ရှိမလားဟင်”

ရှန်ယို့ယောင်သည် မသိစိတ်ဖြင့် အောက်နှုတ်ခမ်းလေးကို ကိုက်ထားမိသည်။ သူမ၏ ပါးပြင်လေးများမှာ တဖြည်းဖြည်း နီမြန်းလာသည်ကို အားလုံးက မြင်တွေ့နေရသည်။ တစ်စုံတစ်ခု ပြောလိမ့်မည်ဟု လူတိုင်းက ထင်မှတ်နေစဉ်မှာပင် သူမသည် ရုတ်တရက် မျက်မှောင်ကြုတ်လျက် အခက်တွေ့ဟန်ဖြင့် မျက်နှာကို အုပ်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။ "ပြောလို့ မထွက်ဘူးရှင်”

ကြည့်ရသည်မှာ အလွန်ပင် နုနယ်ပြီး ချစ်စဖွယ် ကောင်းလှသဖြင့် မည်သူမျှ စိတ်အနှောင့်အယှက် မပေးချင်တော့ပေ။

[ဟားဟား... အတင်းအကျပ် အမေးခံရလို့ အခက်တွေ့နေတဲ့ အမူအရာလေးက တကယ့်ကို ချစ်စရာလေး။]

[ဒီကောင်မလေးကတော့ တကယ့်ကို အသဲယားစရာပဲ။]

[ဘယ်လိုလုပ် ဒီလောက်အထိ ချစ်ဖို့ကောင်းနေရတာလဲ။ သူ့ကို လွှတ်ပေးချင်ပေမဲ့လည်း ထပ်ပြီးတော့ စချင်သေးတယ်ဗျာ။]

ဒါရိုက်တာသည် တုဇယ်ချန်းထံမှ နည်းလမ်းတစ်ခုကို သင်ယူထားသဖြင့် သူမအား ပြောလိုက်သည်။

"ဒီလို လုပ်ပါလား... ဒါကို ရုပ်ရှင်ရိုက်နေတယ်လို့ပဲ သဘောထားလိုက်ပါ။ ဒီဘဝခရီးလမ်းက မင်းတို့ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့၊ သူကတော့ မင်းရဲ့ ဇာတ်လိုက်မင်းသားပေါ့။ အခုကတော့ မင်းဘက်က သူ့ကို ချစ်ကြောင်း ဖွင့်ပြောရမဲ့ အခန်း ရောက်ပြီဆိုရင်... ဘာများ ပြောမလဲ”

[ဟားဟား... ဒါရိုက်တာကြီးကတော့ တကယ့်ကို ပါးနပ်တာပဲ၊ မြန်မြန်ဆန်ဆန် သင်ယူတတ်သားပဲ။ ဒါက တုသခင်လေး တစ်ယောက်တည်းပဲ တတ်တဲ့ ပညာမှတ်နေတာ။]

[ငါတို့ရဲ့ ယောင်ယောင်လေးတော့ အလုပ်လုပ်ရပြန်ပြီ။]

ရှန်ယို့ယောင်သည် ဒါရိုက်တာ၏ စကားကို ကြားသောအခါ မျက်နှာထားကို ပြန်လည် ပြင်လိုက်သည်။ သူမသည် ခေတ္တ စဉ်းစားပြီးနောက် ကင်မရာကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ကြည်လင်သန့်စင်နေတော့သည်။ ထိုသို့ စိုက်ကြည့်နေသော အကြည့်ကြောင့် ကြည့်ရှုသူများမှာ အလွန်အမင်း အချစ်ခံနေရသည်ဟု ခံစားလိုက်ရသည်။ သူမသည် ရှက်ရွံ့နေသော်လည်း ပွင့်လင်းစွာဖြင့် ပြောလိုက်သည်။

"ရှင့်ကို ဆုံတွေ့ခွင့်ရတာ ကျွန်မရဲ့ ကံကောင်းခြင်းတစ်ခုပါ၊ ရှင်ဟာ ကံကြမ္မာက ကျွန်မဆီကို ပေးသနားလိုက်တဲ့ ရတနာတစ်ပါးပါပဲ”

ပြောပြီးသည်နှင့် သူမသည် မျက်နှာကို အုပ်ကာ အနောက်ဘက်သို့ အပြေးအလွှား ပြေးထွက်သွားတော့သည်။

[အား... အား... အား နှလုံးသားကို တိုက်ရိုက် ထိမှန်သွားပြီ။ သေပြီဗျာ]

[ငါ့တစ်သက်မှာ မြင်ဖူးသမျှ မျက်လုံးတွေထဲမှာ အလှဆုံးပဲ၊ ငါတော့ ရူးတော့မှာပဲ။]

[ငါ ကြိုသိနေတယ်... သူက လူသတ်သမားပဲ ဖြစ်ရမယ်။ အဟွတ်... ငါ့ရဲ့ သွေးပေါင်ချိန်တွေ တက်ကုန်ပြီ...]

[ရှန်ယို့ယောင်နင်က အိမ်ထောင်သည် ဖြစ်နေပြီနော်၊ ငြိမ်ငြိမ်နေစမ်းပါ။ ငါ့ကို လာပြီး မမြှူပါနဲ့၊ ငါ့ရဲ့ စိတ်ထိန်းနိုင်စွမ်းက ငါထင်ထားသလောက် မကောင်းဘူးဟ။]

[ဟားဟား... အပေါ်ကလူက ဥက္ကဋ္ဌ ပုံစံဖမ်းနေတာလား၊ တုသခင်လေး လာရိုက်တာ ခံရမယ်နော်။]

[တုသခင်လေးသာ ရတနာကို ရှာမတွေ့ရင် ဘယ်လောက် ကောင်းမလဲလို့ ရုတ်တရက် တွေးမိတယ်၊ ဘာဖြစ်လို့လဲ မသိဘူး။]

[ဟုတ်တယ်... ငါတို့အားလုံး ဒီအစီအစဉ်ကို ဆန့်ကျင်ကြရအောင် ဒီလောက် လှပတဲ့သူဟာ လူတိုင်းရဲ့ အပိုင် ဖြစ်သင့်တာလေ။]

နှမြောစရာ ကောင်းသည်မှာ ထိုဆန္ဒများ မပြည့်ဝခဲ့ခြင်းပင်။ တုဇယ်ချန်းသည် သဲလွန်စ ကတ်ပြားများကို အများဆုံး ရရှိထားသဖြင့် သူ၏ ရှာဖွေမှုမှာ အလွန်ပင် ချောမွေ့နေခဲ့သည်။ သူသည် ပထမဆုံး ရတနာသေတ္တာကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ သေတ္တာကို ဖွင့်လိုက်ချိန်တွင် ကင်မရာက အနီးကပ် ရိုက်ကူးလိုက်ရာ ထူးခြားသော ပုံစံရှိသည့် စိန်လက်စွပ် တစ်ကွင်း ဖြစ်နေသည်ကို တွေ့ရသည်။

တုဇယ်ချန်းက ရုတ်တရက် ပြုံးလိုက်ပြီး ကင်မရာဘက်သို့ "တိုးတိုးနေကြ" ဟူသော အဓိပ္ပာယ်ဖြင့် လက်ဟန်ပြလိုက်သည်။

သူ၏ အံ့ဩဟန် မရှိသော ပုံစံကို ကြည့်ခြင်းအားဖြင့် မိမိ ရရှိမည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သူ ကြိုတင် သိရှိထားပုံ ရသည်။ ရှန်ယို့ယောင်၏ ခမ်းနားလှသော ပြင်ဆင်မှုများကို ပြန်လည် တွေးတောမိသောအခါ၊ ပရိသတ်များမှာ အတွေးတစ်ခု ဝင်လာကြတော့သည်။

[ဒါဆို ရှန်ယို့ယောင်က တုဇယ်ချန်းကို အံ့ဩအောင် လုပ်မှာ မဟုတ်ဘဲ တုသခင်လေးက ရှန်ယို့ယောင်ကို အံ့ဩအောင် လုပ်မှာပေါ့ ဟုတ်လား?]

[ငါ လောင်းရဲတယ်... ဒီအစီအစဉ်ကို တုသခင်လေး ကိုယ်တိုင် အကွက်ချထားတာ သေချာတယ်။ သူက ရင်းနှီးမြှုပ်နှံသူဘက်ကလေ!]

[လူချမ်းသာတွေရဲ့ ရိုမန့်တစ်ဆန်မှု ဆိုတာ ဒါမျိုးလား... အမလေးဗျာ!]

[ငါ ထင်နေတဲ့အတိုင်းများ ဖြစ်လာမလား။ အား... ရင်တွေ ခုန်လိုက်တာ!]

[ငါ အခု စိတ်ပြန်ယိုင်နေပြီ၊ သူ့ကို မတားချင်တော့ဘူး။ ဒီလောက် ချစ်စရာကောင်းတဲ့ နှစ်ယောက်ကတော့ အတူတူ ရှိသင့်တာပေါ့။]

[ဒါကတော့ နှလုံးသားကို တိုက်ရိုက် ထိုးနှက်တာပဲ!]

[ဒီအစီအစဉ်က လူချမ်းသာတွေရဲ့ ရိုမန့်တစ်ဆန်မှုနဲ့ လက်ထပ်ခွင့် တောင်းတာကို ပြသနေတာလား။ ဖန်ခယ် ဘက်မှာလည်း ပြင်ဆင်နေကြပုံပဲ။]

တုဇယ်ချန်းက ရတနာသေတ္တာများကို လိုက်ရှာနေစဉ်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ပင်မဖန်သားပြင်မှာ ကြီးမားလှသော အခြား လက်ဆောင်ဘူးကြီး တစ်ခု၏ ဘေးသို့ ပြောင်းလဲသွားခဲ့သည်။ ထိုနေရာတွင် ခံ့ညားစွာ ပြင်ဆင်ထားသော ရှကျွင်းချီသည် ပန်းစည်းကြီး တစ်ခုကို ပိုက်၍ ရပ်နေသည်။ တုဇယ်ချန်း၏ အပြုအမူများနှင့် ပေါင်းစပ်ကြည့်လိုက်ပါက၊ သူ ဘာလုပ်ရန် ပြင်ဆင်နေသည်ကို အားလုံးက ခန့်မှန်းနိုင်ကြပြီ ဖြစ်သည်။

ဒါရိုက်တာက သူ့အား အင်တာဗျူးလိုက်သည်။ "ဖန်ခယ်ကို ဘာများ ပြောချင်လဲဟင်”

ရှကျွင်းချီက ပြုံးလျက် ပြောလိုက်သည်။ "ခဏနေရင် သူ့ကို ကိုယ်တိုင်ပဲ ပြောပါ့မယ်”

[ဒါဆိုရင် ဒီဘက်က အဖြစ်မှန်ကို သိတဲ့သူက ရှကျွင်းချီပေါ့လေ]

"သူက ရှင့်ရဲ့ လက်ဆောင်ကို သဘောကျပါ့မလား ဆိုတာ သိချင်လား” ဒါရိုက်တာက ပြောရင်း ကင်မရာကို ဖန်ခယ် ရှိရာဘက်သို့ လွှဲလိုက်သည်။

ဖန်ခယ်သည် အဆင်တန်ဆာ ဝတ်စုံတစ်ခုကို အချိန်ကိုက် ရှာတွေ့သွားပြီး ဖွင့်ကြည့်လိုက်ချိန်တွင် ပြုံးလျက် ပြောလိုက်သည်။

"အစီအစဉ် အဖွဲ့ကတော့ တကယ်ကို စေတနာ ပါတာပဲ၊ ငါ့ရဲ့ အကြိုက်ကို တော်တော် သိနေတာပဲနော်”

ရှကျွင်းချီသည် အလိုအလျောက် ပြုံးလိုက်မိပြီး သူ၏ အကြည့်များတွင် မြတ်နိုးမှုများ ပြည့်နှက်နေတော့သည်။

[ဒါဆိုရင် မိန်းကလေး ဖန်ခယ် ရှာတွေ့ခဲ့သမျှ အရာအားလုံးက ရှသခင်လေး ပြင်ဆင်ပေးထားတဲ့ လက်ဆောင်တွေပေါ့ ဟုတ်လား?!]

[တောက်... လူချမ်းသာတွေရဲ့ ရိုမန့်တစ်ဆန်မှုကတော့ လူကို ချိုလွန်းလို့ သေစေနိုင်တယ်။]

[တစ်လလုံးလုံး စိတ်ပူနေခဲ့ရတာ... နောက်ဆုံးတော့ ဒီလိုမျိုး ကြည်နူးစရာတွေ ဖြစ်လာမယ်လို့ မထင်ထားဘူး။]

အဖြစ်မှန်ကို သိထားသူပီပီ တုဇယ်ချန်း၏ ရှာဖွေမှု အရှိန်မှာ ဖန်ခယ်ထက် များစွာ မြန်ဆန်လှသည်။ လက်စွပ်၊ ပန်းစည်းနှင့် ရီမုဒ်တို့ကို ရရှိပြီးနောက်၊ နောက်ဆုံးတွင် ခမ်းနားလှသော ဝတ်စုံတစ်ခုကို ရရှိခဲ့သည်။

မိတ်ကပ်အဖွဲ့မှာလည်း အသင့်စောင့်နေကြပြီး သူ့အား အမြန်ဆုံး ပြင်ဆင်ပေးလိုက်ကြသည်။

သူသည် ပန်းစည်းကို ပိုက်၍ ဗီလာအတွင်းမှ ထွက်လာချိန်တွင် လူတိုင်းမှာ အသက်ရှူပင် ရပ်တန့်သွားကြရသည်။ သူ၏ အမူအရာမှာ အလွန်ပင် တည်ငြိမ် လေးနက်လှသဖြင့် သူ ပြုလုပ်တော့မည့် အရာမှာ မြင့်မြတ်လှသော ကိစ္စတစ်ခု ဖြစ်ကြောင်း အားလုံးက ခံစားလိုက်ရသည်။

တုဇယ်ချန်းသည် အမှန်တကယ်ပင် ရင်ခုန်နေပုံ ရသည်။ သူသည် အသက်ကို ပြင်းပြင်း နှစ်ခါခန့် ရှူလိုက်ပြီး သူ၏ အဝတ်အစားများကို ပြန်လည် စစ်ဆေးကာ အရာရာ ပြည့်စုံပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ ခြံဝင်းအနောက်ဘက်ရှိ ပန်းခြံဆီသို့ အားပါပါ လျှောက်လှမ်းခဲ့တော့သည်။

…

All Chapters