အခန်း ၉၀
Vol. 6 Ch. 90
အခန်း (၉၀)
တုဇယ်ချန်းသည် ရှန်ယို့ယောင်၏ လက်ကို ဆွဲကာ ရှေ့သို့ လျှောက်လှမ်းခဲ့သည်။ ရှကျွင်းချီ ရွေးချယ်ထားသည့် နေရာမှာ အရှေ့ဘက်ရှိ ပန်းခြံငယ်လေးဖြစ်ပြီး ယခင်နေရာနှင့် အပြင်အဆင်ချင်း ဆင်တူလှသည်။ တုဇယ်ချန်းက လမ်းလျှောက်ရင်း ညည်းတွားလိုက်သည်။
"ဒီနေ့ ငါတစ်ယောက်တည်း လက်ထပ်ခွင့်တောင်းမှာကို သူက ကူညီပေးမယ်ပြောပြီးမှ... လွန်ခဲ့တဲ့ ရက်ပိုင်းကမှ စိတ်ပြောင်းပြီး လာရှုပ်နေတာ၊ တကယ်ပဲ စိတ်တိုဖို့ကောင်းလိုက်တာ”
ရှန်ယို့ယောင်က ရယ်မောလျက် ပြောလိုက်သည်။ "ဘ၀မှာ ဒီလိုသူငယ်ချင်းမျိုးရှိပြီး ကိုယ်နဲ့တစ်ရက်တည်း လက်ထပ်ခွင့်တောင်းတာကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ မဟုတ်လား”
သူမ နေရာသို့ ရောက်ရှိချိန်တွင်မှ သူမ အတွင်းထဲရှိနေစဉ်က လူအများအပြား အပြင်ဘက်၌ ပုန်းနေခဲ့ကြမှန်း သိလိုက်ရသည်။ ဖန်ခယ်သည် ဝတ်စုံလဲပြီး ပြင်ဆင်ချိန်မှာ တုဇယ်ချန်းထက် ပိုကြာသဖြင့် သူတို့နှင့် အချိန်ချင်း လွဲသွားခြင်း ဖြစ်သည်။
လူတိုင်းသည် အထူးပြင်ဆင်ထားသော အလှပြဘုတ်များနောက်တွင် ပုန်းကွယ်နေကြသဖြင့် ဖန်ခယ်မှာ လုံးဝ မရိပ်မိပေ။
ဒါရိုက်တာက အချက်ပြလိုက်ရာ အားလုံးက အသံတိတ်ကာ ပုန်းလိုက်ကြသည်။ ဖန်ခယ်သည် ခရင်မ်ရောင် ဝတ်စုံကို ဝတ်ဆင်၍ ထွက်လာခဲ့သည်။ သူမ၏ ထက်မြက်ပြတ်သားသော အရှိန်အဝါများက သူမ၏ ဆွဲဆောင်မှုကို ပိုမို ပေါ်လွင်စေသည်။
သူမသည် ဤကဲ့သို့သော ရိုက်ကူးမှုပုံစံနှင့် အသားကျနေဟန်ရှိပြီး ကင်မရာကိုကြည့်ကာ ချီးကျူးစကား ဆိုလိုက်သည်။
"ဒီအစီအစဉ်အဖွဲ့က တကယ်ကို တော်တာပဲ။ ဒီရတနာတွေအားလုံးက ငါ့အကြိုက်တွေချည်းပဲ။ နောက်ဆုံးမှာ ဒီလို လှပတဲ့ အသွင်အပြင်မျိုးကိုလည်း ပြင်ဆင်ပေးသေးတယ်။ ငါက နောက်ဆုံးရတနာကို အရင်ဆုံး ရှာတွေ့လို့ ဖြစ်မှာပေါ့။ အဲဒီတော့ ဒီရတနာကို လေးလေးစားစားနဲ့ ပိုင်ဆိုင်ရမှာပေါ့”
ရှန်ယို့ယောင်သည် tablet မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရင်း တိုးတိုးလေး ရယ်မောကာ ပြောလိုက်သည်။ "ဒါကတော့ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင် မှန်သွားတာပဲ”
မှန်သည့်အတိုင်းပင် အွန်လိုင်းမှ ပရိသတ်များမှာလည်း အကျယ်ကြီး ရယ်မောနေကြတော့သည်။
[ဟားဟား... ဒီမမကတော့ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။]
[သူ့ရဲ့ရတနာကိုတော့ တကယ်ပဲ လေးလေးစားစားနဲ့ ပိုင်ဆိုင်ရမှာပေါ့၊ အဲဒါကြောင့်လည်း အခုလို ခမ်းခမ်းနားနား ပြင်ဆင်ပြီး လာယူတာနေမှာ။]
ဖန်ခယ် အခန်းထဲသို့ ဝင်သွားပြီးနောက် ရှန်ယို့ယောင်နှင့် တုဇယ်ချန်းတို့သည် အခြားသော သူငယ်ချင်းများနှင့်အတူ တိတ်တဆိတ် အနားသို့ တိုးသွားကြပြီး အိမ်ကလေး၏ ပတ်လည်တွင် ရပ်နေလိုက်ကြသည်။
Tablet မှတစ်ဆင့် အထဲတွင် ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေကြသည်။
ဖန်ခယ်သည် အထဲသို့ ရောက်သည်နှင့် ကြီးမားလှသော သေတ္တာကြီးကို မြင်ကာ အံ့ဩသွားပြီး ပြောလိုက်သည်။ "ဝတ်စုံသေတ္တာက အကြီးကြီး ထင်နေတာ၊ ဒါက ပိုတောင် ကြီးသေးတယ်။ ဘာတွေ ထည့်ထားတာလဲဟင်”
ဒါရိုက်တာက ပြောလိုက်သည်။ "အရင်က ရှာတွေ့ထားတဲ့ အဝေးထိန်းကိရိယာကို နှိပ်လိုက်ရင် နောက်ဆုံးရတနာကို ရပါလိမ့်မယ်”
ဖန်ခယ်က တစ်စုံတစ်ခုကို ရိပ်မိဟန်ဖြင့် ဒါရိုက်တာကို ကြည့်ကာ မေးလိုက်သည်။ "အထဲမှာ လူရှိနေတာလား”
ဒါရိုက်တာက ပြုံးရုံသာ ပြုံးပြလိုက်ရာ ဖန်ခယ်သည် မစောင့်နိုင်တော့ဘဲ အဝေးထိန်းခလုတ်ကို နှိပ်လိုက်တော့သည်။
သူမက လက်ဆောင်ဘူး ပွင့်လာရုံသာ ထင်မှတ်ထားသော်လည်း အိမ်ကလေး တစ်ခုလုံးကပါ မြည်သံများနှင့်အတူ ပွင့်အာသွားသည်။
သူမ အံ့ဩတကြီး မော့ကြည့်လိုက်ချိန်တွင် လက်ဆောင်ဘူးအတွင်းမှ အမျိုးသားသည် သူမရှေ့၌ ပထမဆုံး ပေါ်လာခဲ့သည်။ ရှကျွင်းချီသည် ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး နှင်းဆီပန်းစည်းကြီးကို ပိုက်လျက် သူမအား ပြုံး၍ စိုက်ကြည့်နေသည်။
ရှန်ယို့ယောင်သည်လည်း လူအများနှင့်အတူ အော်ဟစ်အားပေးလိုက်သည်။ ပျော်ရွှင်မှုဆိုသည်မှာ ကူးစက်တတ်သော အရာဖြစ်သဖြင့် သူမလည်း အလွန်ပင် ပျော်ရွှင်နေမိသည်။
တုဇယ်ချန်းက သူမ၏ ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ကာ သူမအား ဖက်ထားရင်း ရှကျွင်းချီတို့ဘက်သို့ လှမ်း၍ လေချွန်လိုက်သည်။
ဖန်ခယ်မှာ မယုံနိုင်လောက်အောင် ဖြစ်နေစဉ် ရှကျွင်းချီက သူမရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်သည်။ သူက တုဇယ်ချန်းထက် ပိုမို တည်ငြိမ်ပြီး စကားလုံးမှာလည်း ရိုးရှင်းလှသည်။
"လိုက်ရတဲ့ကိစ္စမှာတော့ မင်းက အရင်ဦးသွားတာပေါ့၊ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းတဲ့နေရာမှာတော့ ငါကပဲ အရင် လုပ်ပါရစေ။ မင်းကို တရားဝင် စောင့်ရှောက်နိုင်မဲ့ အခွင့်အရေးကို ငါ လိုချင်ပါတယ်။ ဖန်ခယ်... ငါ့ကို လက်ထပ်နိုင်မလားဟင်”
အမြဲတမ်း တက်ကြွလှသော ဖန်ခယ်မှာ ယခုအခါတွင်မူ ငိုင်ကျသွားရသည်။ ချီကောင်းရိနှင့် ဖန်ရှောင်ဖုန်းတို့က "လက်ထပ်လိုက်ပါ" ဟု ဝိုင်းဝန်း အော်ဟစ်ကြသည်။
ထိုစဉ် ဖန်ခယ်က မမျှော်လင့်ဘဲ မိမိ၏ လက်မောင်းကို အားပါပါ ဆွဲညှစ်လိုက်တော့သည်။
"ဟေး" ရှကျွင်းချီက အလောတကြီး တားဆီးကာ ရယ်မောလျက် မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ”
ဖန်ခယ်က ပြန်ပြောလိုက်သည်။ "အိပ်မက် မက်နေတာလားလို့ စမ်းကြည့်တာ”
အားလုံးက ခေတ္တမျှ ကြောင်သွားပြီးမှ အကျယ်ကြီး ရယ်မောလိုက်ကြတော့သည်။
ရှကျွင်းချီက သူမ ဆွဲညှစ်ထားသော နေရာကို အသာအယာ ပွတ်သပ်ပေးရင်း သူမ၏ လက်ကို ဆွဲယူကာ ထပ်မံ မေးမြန်းလိုက်သည်။
"ရမလားဟင်”
ဖန်ခယ်က အလောတကြီး ခေါင်းညိတ်လိုက်သည်။
ရှကျွင်းချီက သူမ၏ လက်တွင် လက်စွပ် စွပ်ပေးလိုက်သည်။
ဖန်ခယ်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာကာ ပြောလိုက်သည်။ "ငါက အမြဲတမ်း ကောင်းတဲ့အရာတွေကို ပိုင်ဆိုင်ခွင့် မရှိတဲ့သူပါ၊ ဒါ အိပ်မက် မဟုတ်တာ သေချာရဲ့လား”
ထိုစကားက သူမ၏ ရင်ထဲမှ ဝမ်းနည်းမှုများကို ဖော်ပြနေခဲ့သည်။ ဖန်မိသားစုတွင် သူမ မည်မျှအထိ အထီးကျန်ခဲ့ရသနည်း ဆိုသည်ကို သိရှိနိုင်သည်လေ။ ရှကျွင်းချီက စိတ်မကောင်းဖြစ်သွားကာ သူမ၏ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်သည်။
လူတိုင်းကလည်း လက်ခုပ်တီးကာ အားပေးကြတော့သည်။
ပရိသတ်များကလည်း ဤထက်မြက်လှသော မိန်းကလေးအပေါ် ပထမဆုံးအကြိမ်အဖြစ် သနားစိတ်များ ဝင်လာကြသည်။
[အမေမရှိတဲ့ ကလေးဟာ မြက်ပင်လေးလိုပါပဲ၊ လူကုံထံ အသိုင်းအဝိုင်းမှာလည်း ဒီလိုပဲပေါ့။]
[လူကုံထံတွေက ပိုပြီး အန္တရာယ်များတာပေါ့၊ လွန်ခဲ့တဲ့ ရက်ပိုင်းက သတင်းဆိုးတွေကို မိသားစုကလွဲရင် ဘယ်သူက ဖြန့်မှာလဲ]
[မမကတော့ နောက်ဆုံးတော့ ကံကောင်းသွားပြီ၊ ရှသခင်လေးက တကယ်ကို တော်ပါတယ်။]
ရှကျွင်းချီက ဖန်ခယ်ကို လွှတ်ပေးလိုက်ပြီး အသက်ရှူသံ ခပ်ပြင်းပြင်းဖြင့် မေးလိုက်သည်။
"အခုရော... သေချာသွားပြီလား”
ဖန်ခယ်က ရှကျွင်းချီ၏ လည်ပင်းကို ဆွဲဖက်ကာ ပြန်လည် နမ်းရှိုက်လိုက်တော့သည်။
အကယ်၍ အတိတ်က ကံဆိုးမှုများအားလုံးသည် ဤအခိုက်အတန့်ကို ပိုင်ဆိုင်ရန်အတွက် ပေးဆပ်ခဲ့ရခြင်းဆိုလျှင် သူမအနေဖြင့် ကံကြမ္မာကို အပြစ်မတင်တော့ဘဲ ကျေးဇူးသာ တင်မိတော့မည် ဖြစ်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ! ငါတို့ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ အစီအစဉ်ကြီး အောင်မြင်သွားပါပြီ၊ အောင်ပွဲခံပွဲကို အခုပဲ စလိုက်ကြရအောင်" ချီကောင်းရိက စိတ်လှုပ်ရှားစွာဖြင့် အားလုံးကို ခန်းမဆောင်ဆီသို့ ခေါ်ဆောင်သွားသည်။
ဖန်ခယ်သည် လူအုပ်ကြားမှ ရှန်ယို့ယောင်ကို မြင်လိုက်ရသဖြင့် သူမ၏ လက်သူကြွယ်မှ လက်စွပ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ငါ မိတ်ကပ်ပြင်နေတုန်းက အပြင်မှာ ဆူညံနေလို့ ဘာဖြစ်တာလဲလို့ မေးမိသေးတယ်။ တစ်ယောက်ယောက်က ရတနာရှာတွေ့တာ ရယ်ရတယ်လို့ ပြောကြတာလေ”
"ငါက အပြင်ကို ထွက်ကြည့်မလို့ လုပ်တာကို သူတို့က မရမက တားထားကြတာ”
ရှန်ယို့ယောင်က ပြုံး၍ ပြောလိုက်သည်။ "တားမှာပေါ့၊ မဟုတ်ရင် အံ့ဩစရာ ဖြစ်ပါ့မလား”
ဖန်ခယ်သည် ရှကျွင်းချီကို ကြည့်ကာ ပါးစပ်ပင် မပိတ်နိုင်အောင် ပြုံးနေပြီး ရုတ်တရက် သူ့အပေါ်သို့ ခုန်တက်ကာ ဖက်တွယ်လိုက်တော့သည်။
ရှကျွင်းချီက အလိုအလျောက် ပွေ့ဖက်ထားလိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။
"ဂါဝန်ကြီးနဲ့လေ... ဘာပုံစံ ဖြစ်နေတာလဲ”
ဖန်ခယ်သည်လည်း မိမိ စိတ်လှုပ်ရှားလွန်းသွားမှန်း သိလိုက်သဖြင့် အားနာဟန်ဖြင့် သူ၏ ကိုယ်ပေါ်မှ ပြန်ဆင်းလိုက်သည်။
ရှကျွင်းချီကမူ ရုတ်တရက် ငုံ့ကာ သူမအား ပွေ့ချီလိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ မင်းသမီးလေးပဲ၊ ဒီလိုပဲ ပွေ့ရမယ်”
ဖန်ခယ်မှာ အပျော်ကြီး ပျော်နေပြီး ရှကျွင်းချီ၏ လည်ပင်းကို ဖက်ကာ အော်ဟစ်လိုက်တော့သည်။
တုဇယ်ချန်းက ဘေးမှနေ၍ ပြောလိုက်သည်။ "တောင်ပေါ်က မျောက်မင်းသမီးလေးလား”
ဖန်ခယ်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "နင့်ရဲ့ ယောင်ယောင်ကတော့ လူကုံထံ မင်းသမီးလေးပဲလေ၊ နင်လည်း သူ့ကို ပွေ့ကြည့်ပါလား”
တုဇယ်ချန်းမှာမူ စကားမဆိုနိုင်တော့ပေ။ သူသည် ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်နေဆဲ ဖြစ်သဖြင့် ရှန်ယို့ယောင်အား ပွေ့ချီရန်မှာ အနည်းငယ် ခက်ခဲနေသေးသည်။
ဖန်ခယ်က တုဇယ်ချန်း၏ အားနည်းချက်ကို ပြောလိုက်သဖြင့် ရှန်ယို့ယောင်က မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်သည်။ "အစွမ်းရှိရင်တော့ ရှကျွင်းချီကို တစ်လမ်းလုံး ခန်းမဆောင်အထိ ပွေ့ခိုင်းလိုက်လေ”
ဖန်ခယ်သည် ရှကျွင်းချီ၏ ကိုယ်ပေါ်မှ ဆင်းလိုက်ပြီး ရှန်ယို့ယောင်အား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ "အမယ်လေး... ကာကွယ်ပေးနေတာကိုး”
ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ လက်မောင်းကို ချိတ်ကာ ဘာမှ မပြောသော်လည်း သူမ၏ ဆိုလိုရင်းမှာ အထင်အရှားပင်။ ဒါသည် သူမ၏ ခင်ပွန်း ဖြစ်သဖြင့် သူမ သေချာပေါက် ကာကွယ်ရပေမည်။
တုဇယ်ချန်းသည် ချက်ချင်းပင် ပျော်ရွှင်သွားပြီး သူမ၏ ပခုံးကို ဖက်လျက် ပြောလိုက်သည်။
"သွားကြစို့... အောင်ပွဲခံပွဲ စပြီ”
တုဇယ်ချန်းသည် အိမ်ရှင်တစ်ဦးပမာ ဧည့်သည်တော်များကို ကျေးဇူးတင်စကား ပြောရန် ရှန်ယို့ယောင်၏ လက်ကို ဆွဲကာ စင်ပေါ်သို့ လျှောက်လှမ်းခဲ့သည်။ လမ်းတွင် ရှန်ပိန်ပုလင်း တစ်ပုဒ်စီ ယူခဲ့ကြသည်။ စကားပြောပြီးသည်နှင့် ရှန်ပိန်ဖောက်၍ အောင်ပွဲခံရန် ဖြစ်သည်။
ရှန်ယို့ယောင်မှာ စိတ်လှုပ်ရှားနေဆဲ ဖြစ်သဖြင့် မသိစိတ်ဖြင့် ရှန်ပိန်ပုလင်း အဖုံးကို ဖွင့်မိသွားတော့သည်။
တုဇယ်ချန်းက သတိပြုမိလိုက်ပြီး "စောသေးတယ်" ဟု ပြောရန် ပြင်လိုက်စဉ်မှာပင် ရှန်ယို့ယောင်က အလောတကြီးဖြင့် အဖုံးကို အမြန်ဆုံး ပြန်၍ ဖိပိတ်လိုက်သည်ကို တွေ့လိုက်ရသည်။
တုဇယ်ချန်း: . . .
သူမ၏ အားမှာ သာမန် မဟုတ်ပေ၊ စိတ်လှုပ်ရှားနေချိန်တွင် ပို၍ပင် အားပါသွားသဖြင့် ရှန်ပိန်အဖုံးမှာ အတွင်းသို့ တော်တော်လေး ကျွံဝင်သွားပြီး ထိပ်ကလေးသာ ကျန်တော့သည်။
တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။ "ခဏနေရင် ဖွင့်လို့ ရတော့မှာ မဟုတ်ဘူး”
ရှန်ယို့ယောင်လည်း ကြောင်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ နည်းနည်း စိတ်လှုပ်ရှားသွားလို့... ဖွင့်လို့ မရရင် ဘယ်လိုလုပ်မလဲ”
သူမ၏ မျက်လုံးလေးများ လှုပ်ရှားသွားပြီး ရှကျွင်းချီ အနားမှ ဖြတ်သွားချိန်တွင် ထိုရှန်ပိန်ပုလင်းကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်တော့သည်။
တုဇယ်ချန်းက သူမအား အံ့ဩစွာ ကြည့်လိုက်ပြီးနောက် မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောကာ ရှန်ယို့ယောင်၏ ပခုံးကို ပုတ်လျက် ပြောလိုက်သည်။
"တော်တယ်... တကယ့်ကို တော်တယ်” သူ့ကို အစွမ်းပြခိုင်းလိုက်တာပေါ့။
ရှန်ယို့ယောင်ကလည်း ပြုံးစိစိဖြင့် ရှိနေတော့သည်။
《သူဌေးကြီးတို့၏ ဂုဏ်သိက္ခာ》 အစီအစဉ်သည် တရားဝင် ပြီးဆုံးသွားပြီ ဖြစ်သော်လည်း တုဇယ်ချန်း၏ လက်ထပ်ခွင့်တောင်းသည့် ပွဲတွင် ပါဝင်ခဲ့ကြသည့် အဖွဲ့သားများမှာ ယခု အောင်ပွဲခံ စားပွဲသို့ ဖိတ်ကြားခြင်း ခံခဲ့ရသည်။ တစ်ဆက်တည်းမှာပင် စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်လေးများကို အပိုဆောင်း အစီအစဉ်အဖြစ် ရိုက်ကူးနေကြဆဲ ဖြစ်သည်။
ယခင်က ရှန်ယို့ယောင်ကို တာဝန်ယူခဲ့သည့် ကင်မရာမန်းမှာ ယခုအခါ သူမ၏ ပရိသတ် အမာခံ တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ သူမ၏ သေးငယ်သော အမူအရာလေးများကို အမြဲ စောင့်ကြည့်နေခဲ့ပြီး ဤမြင်ကွင်းကို ရိုက်ကူးထားနိုင်ခဲ့သည်။
[ဟားဟားဟား... ရှန်ယို့ယောင်လေးက တကယ့်ကို ချစ်စရာလေးပဲ။]
[သူမ ဒီလောက်အထိ နောက်ပြောင်တတ်မယ်လို့ မထင်ထားဘူး၊ တုသခင်လေးကပဲ သူမကို လမ်းမှားခေါ်လိုက်တာ နေမှာ]
ကင်မရာမန်းက လူတိုင်းအား ရှင်းပြလိုက်သည်။ "ခုနလေးတင် ဖန်ခယ်က တုသခင်လေးကို အနိုင်ကျင့်သွားလို့လေ"
[ဒါဆို ရှန်ယို့ယောင်က တုသခင်လေးအတွက် လက်စားချေပေးတာပေါ့ ဟုတ်လား?]
[အမှန်အတိုင်း ပြောရရင် အခုတော့ ငါ တုသခင်လေးကို တကယ်ကို မနာလိုဖြစ်မိပြီ...]
[ခဏနေရင် ရှသခင်လေးရဲ့ မျက်နှာကို ကြည့်ချင်လိုက်တာ၊ တကယ်ကို ရယ်ရမှာပဲ။]
[ရှသခင်လေးရေ... ဇနီးသည်ကိုပဲ ကြည့်မနေပါနဲ့ဦး၊ လက်ထဲက ရှန်ပိန်ပုလင်းကိုလည်း သတိထားပါဦး။]
[ရှန်ပိန်ပုလင်း : ကျွန်တော် ဘာအပြစ်လုပ်မိလို့လဲဗျာ]
ရှကျွင်းချီသည် ဘာဖြစ်သွားမှန်း လုံးဝ ရိပ်မမိခဲ့ပေ။ ရှန်ယို့ယောင်မှာ ပုံမှန်အားဖြင့် အလွန် ရိုးအသူ တစ်ဦး ဖြစ်သဖြင့် သူမ နောက်ပြောင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။ သူက သူမ စေတနာနှင့် လာပေးသည့် ရှန်ပိန်ပုလင်းဟုသာ ထင်မှတ်ခဲ့သည်။
တုဇယ်ချန်းက လူတိုင်းကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ခွက်ချင်းတိုက်၍ အောင်ပွဲခံရန် ဖိတ်ခေါ်လိုက်ချိန်တွင် အားလုံး၏ လက်ထဲမှ ရှန်ပိန်ပုလင်းများမှာ ဖောက်ခနဲ မြည်သံများနှင့်အတူ ပွင့်သွားကြသော်လည်း သူ၏ ပုလင်းမှာမူ မည်မျှပင် လှုပ်ယမ်းပါစေ မလှုပ်မယှက် ရှိနေတော့သည်။ ထိုအခါမှသာ ဖော့ဆို့မှာ အထဲသို့ လုံးဝ ကျွံဝင်နေသည်ကို သူ သတိထားမိလိုက်တော့သည်။
သူသည် အံ့ဩတကြီးဖြင့် ရှန်ယို့ယောင်ကို မော့ကြည့်လိုက်ရာ တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့မှာ သူ့ကို ကြည့်ကာ အကျယ်ကြီး ရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့မှာ ဘေးမှနေ၍ ဟာသလုပ်နေကြသည့် ပုံစံမျိုး ဖြစ်နေတော့သည်။
[ဟားဟားဟား... ရှသခင်လေးတော့ ဘဝကို နောင်တရနေပြီ၊ ငါ့ရဲ့ ရှန်ပိန်ပုလင်းက ဘာဖြစ်သွားတာလဲတဲ့]
[ရှသခင်လေးက တွေးနေမှာပေါ့... အလို ရှန်ယို့ယောင်လေး ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ဆိုးသွားရတာလဲ!]
[ဟားဟား... တကယ်ကို ရယ်ရတယ်ဗျာ။]
ပရိသတ်များမှာလည်း ပျော်ရွှင်နေကြပြီး ရှကျွင်းချီမှာမူ ရယ်ရခက် ငိုရခက် အမူအရာမျိုး ဖြစ်နေတော့သည်။
ဖန်ခယ်က သူတို့ နှစ်ဦးကို ကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
"မောင်ရေ... စောင့်နေလိုက်၊ အခုပဲ မောင့်အတွက် လက်စားချေပေးမယ်"
ရှကျွင်းချီက သူမအား ငုံ့ကြည့်ကာ တစ်စုံတစ်ခု နောက်ပြောင်မည့် အကြံရှိသည်ဟု ထင်မှတ်လျက် ပြုံး၍ မေးလိုက်သည်။ "ဘာလုပ်မလို့လဲဟင်”
သို့သော် ဖန်ခယ်မှာမူ ဝတ်စုံပေါ်ရှိ ပခုံးစလွယ်လေးကို ချွတ်ပစ်လိုက်ပြီး ရှန်ယို့ယောင်အား ပြောလိုက်သည်။
"ကဲ... ငါတို့တွေ လက်ရည်တစ်ချက်လောက် စမ်းကြည့်ရအောင်"
ရှကျွင်းချီက ရယ်မောလျက် တားဆီးရန် ပြင်လိုက်သော်လည်း ရှန်ယို့ယောင်က တောက်ပစွာ ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပြီလေ"
တုဇယ်ချန်းသည်လည်း အနည်းငယ် အံ့ဩသွားရသည်။ ယနေ့တွင် ရှန်ယို့ယောင်မှာ ထူးထူးခြားခြား တက်ကြွလန်းဆန်းနေသည် မဟုတ်ပါလား။
ဖန်ခယ် တစ်ဦးတည်းသာလျှင် ဤခံစားချက်ကို နားလည်နိုင်ပါသည်။ ပျော်ရွှင်မှုများ အတိုင်းထက်အလွန် ပြည့်လျှံနေသည့် အခိုက်အတန့်မျိုးတွင် တစ်ကိုယ်လုံးမှာ တက်ကြွနေတတ်ပြီး တစ်ခုခုကို အားပါပါ လုပ်ဆောင်၍ ထိုစွမ်းအင်များကို ထုတ်လွှတ်ပစ်ချင်နေတတ်သည်လေ။
ဘေးမှ ဝိုင်းကြည့်နေသူများမှာလည်း ကိစ္စကြီးလေ သဘောကျလေ ဖြစ်ကြရာ အားပေးသံများဖြင့် သူတို့အတွက် နေရာဖယ်ပေးလိုက်ကြတော့သည်။
ရှန်ယို့ယောင်သည် အနက်ရောင် ပခုံးစောင်း ဝတ်စုံကို ဆင်ယင်ထားပြီး ဂါဝန်အနားသတ်မှာ ပေါင်အထိ ခွဲထားသည်။ သူမသည် ငုံ့ကာ ဂါဝန်အနားသတ်ကို မတင်လိုက်ပြီး လှုပ်ရှားရ လွယ်ကူစေရန် ပေါင်ဘေးတွင် အထုံးလေး ထုံးလိုက်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အားပေးဟစ်အော်သံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
ပရိသတ်များမှာလည်း ရူးသွပ်မတတ် ဖြစ်သွားကြရသည် -
[ဒီလိုမျိုး လုပ်လို့ရတာလား?]
[ဝတ်စုံအပြည့်နဲ့ လက်ဝှေ့ထိုးမယ်? ဒါပေမဲ့... တကယ်ကို လန်းတယ်ဗျာ!]
နှစ်ဦးသား နေရာအလယ်တွင် အနေအထား ပြင်လိုက်ကြသည်။ ဖန်ခယ်က စကားများများ မပြောဘဲ စတင် တိုက်ခိုက်လိုက်သည်။ သူမ၏ အခြေခံမှာ အမှန်တကယ်ပင် ကောင်းမွန်လှကြောင်း သိသာသည်၊ ကန်ချက်မှာ ပြတ်သားပြီး အရှိန်အဟုန် ပြင်းလှသည်။
ရှန်ယို့ယောင်၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှသည်။ သူမသည် ခေါင်းကို အသာအယာ တိမ်းလိုက်ပြီး လက်တစ်ဖက်ဖြင့် ထိုကန်ချက်ကို ဖမ်းကာ အသာအယာ ဆွဲယူလိုက်သည်။
ဖန်ခယ်သည် ခြေထောက်ကို ပြန်ဆွဲ၍ မရသဖြင့် ထိုအရှိန်ကိုပင် အသုံးချကာ အခြားတစ်ဖက်သော ခြေထောက်ဖြင့် ခုန်၍ ကန်လိုက်ပြန်သည်။
ရှန်ယို့ယောင်သည် အနောက်သို့ ဆုတ်လိုက်ရပြီး ဖန်ခယ်က အဆက်မပြတ် တိုက်ခိုက်လာသည်။ ထိုစဉ် ရှန်ယို့ယောင်၏ ၈ စင်တီမီတာ မြင့်သော ဒေါက်ဖိနပ်မှာ ရုတ်တရက် ချော်သွားခဲ့သည်။ လူတိုင်းက သူမ လဲကျတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် သူမသည် လက်ကို မြေပြင်တွင် ထောက်ကာ ဘေးတိုက် တစ်ပတ် လှိမ့်ချလိုက်ပြီး ဖိနပ်ကို ချွတ်ပစ်လိုက်ရာ ထိုဖိနပ်မှာ တုဇယ်ချန်းရှိရာဘက်သို့ လွင့်စဉ်သွားခဲ့သည်။ တုဇယ်ချန်းကလည်း အမြန်ပင် လှမ်းကောက်ပေးလိုက်ရသည်။
ဤဘက်တွင်မူ ရှန်ယို့ယောင်သည် ဖန်ခယ်၏ တိုက်စစ်ကို ရှောင်တိမ်းပြီးနောက်၊ သူမ၏ အနားသို့ တိုးကပ်သွားတော့သည်...
[တကယ်ကို လန်းလိုက်တာ၊ ဒါက ရုပ်ရှင်ထဲကလို အကွက်ချထားတာလည်း မဟုတ်ဘူးနော်။]
[ကိုယ်ခံပညာအပေါ် ငါ့ရဲ့ မြတ်နိုးမှုတွေ ပြန်ပြီး နိုးကြားလာပြီ။]
[ဘယ်သူ နိုင်မလဲဆိုတာ ခန့်မှန်းကြည့်ရအောင်]
[ဖန်ခယ် ထင်တယ်၊ သူမရဲ့ တိုက်စစ်က တော်တော်လေး ပြင်းတာပဲ။]
[ငါကတော့ ရှန်ယို့ယောင်လို့ ထင်တယ်၊ သူက လက်ဝှေ့ချန်ပီယံရဲ့ သမီးလေ။]
[ကျွမ်းကျင်သူတွေရဲ့ အမြင်အရဆိုရင်တော့ ရှန်ယို့ယောင်က ဖန်ခယ်ထက် ပိုတော်တယ်။ ဒါပေမဲ့ သူမရဲ့ ဝတ်စုံက ဖန်ခယ်လောက် အဆင်မပြေတော့ အနည်းငယ် အကျပ်ရိုက်နေတာပေါ့။ ဖန်ခယ်ကလည်း အဲဒီအချက်ကို သိလို့ စစချင်းမှာတင် အစွမ်းကုန် တိုက်ခိုက်နေတာလေ၊ အချိန်ဆွဲလေ သူမအတွက် ပိုပြီး နစ်နာလေပဲ မဟုတ်လား။]
ထင်သည့်အတိုင်းပင် ရှန်ယို့ယောင်ဘက်မှ တိုက်စစ် စတင်လိုက်ချိန်တွင် ဖန်ခယ်မှာ အခြေအနေ မဟန်တော့ပေ။ သို့သော် သူမ၏ အရည်အချင်းမှာလည်း မသေးလှသဖြင့် နှစ်ဦးသားမှာ သူငယ်ချင်းအချင်းချင်း အပြိုင်အဆိုင် လက်ရည်စမ်းကြသည် ဖြစ်ရာ ရှန်ယို့ယောင်က အနည်းငယ် လျှော့ပေးလိုက်သဖြင့် မြင်ကွင်းမှာ အလွန်ပင် လှပနေတော့သည်။
လူအများ၏ ချီးကျူးသံများကြားတွင် နောက်ဆုံး၌ နှစ်ဦးသား ထိပ်တိုက် ရင်ဆိုင်ပြီးနောက် တစ်ပြိုင်နက်တည်း အနောက်သို့ ဆုတ်လိုက်ကြသည်။ ရှန်ယို့ယောင်မတ်တတ်ရပ်လိုက်ချိန်တွင် သူမ ထုံးထားသော ဂါဝန်အနားသတ်မှာ အလိုအလျောက် ပြေကျသွားပြီး လှပသော ခြေတံရှည်ကြီးများကို ပြန်လည် ဖုံးလွှမ်းသွားတော့သည်။
[ဒီဂါဝန်ကတော့ တကယ့်ကို ဇာတ်ပို့ကောင်းတာပဲ။ ဒါပေမဲ့ တကယ်ကို လှတယ်လို့ ပြောရမှာပဲ]
[ဂါဝန်ကအစ ဒီလောက်အထိ ခန့်ညားနေတာကတော့ လွန်လွန်းတယ်နော်။]
[အား... တကယ့်ကို အလန်းစားကြီးပါပဲ]
[ကိုကိုယောင်ကတော့ နာမည်နဲ့ လိုက်အောင် တော်တာပဲ။ သူမရဲ့ ဇာတ်ကားသစ်ကို တကယ်ပဲ မျှော်လင့်မိတယ်၊ အဲဒီထဲမှာလည်း တိုက်ခိုက်တဲ့ အခန်းတွေ အများကြီး ပါတယ်လို့ ကြားတယ်။]
ထိုညမှာပင် #ရှန်ယို့ယောင်ဝတ်စုံအပြည့်ဖြင့်လက်ရည်စမ်းခြင်း# ဟူသော ခေါင်းစဉ်မှာ ရေပန်းစားလာခဲ့ပြီး သူမနှင့် ဖန်ခယ်တို့၏ ဗီဒီယိုများနှင့် ပုံရိပ်များမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
အဖြစ်အမှန်ကို သိရှိသွားကြပြီးနောက် ရှကျွင်းချီကို သူမ နောက်ပြောင်ခဲ့သည့် မြင်ကွင်းကိုပါ မြင်တွေ့လိုက်ရသောအခါ ပုံမှန်အားဖြင့် နူးညံ့ပြီး ခင်ပွန်းကို ကာကွယ်ရာတွင် အလွန်ပြတ်သားလှသော ဤမိန်းကလေးအပေါ် လူတိုင်းက ပိုမို သဘောကျသွားကြတော့သည်။
…