အခန်း ၉၄
Vol. 7 Ch. 94
အခန်း (၉၄)
ယန်ရှောင်ယွမ်သည် အလွန်ပင် မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။ နောက်တစ်နေ့ နံနက်မှာပင် သူမသည် ထန်အိမ်တော်ဟောင်း၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူမ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေသည်ကို မြင်တွေ့ရသည်။ တုဟုန်ရိသည် ယခုကဲ့သို့ အခြေအနေ ရောက်ရှိသွားရခြင်းမှာ ယန်ရှောင်ယွမ်၏ စိတ်လောမှုနှင့် မိုက်မဲသော လုပ်ရပ်များကြောင့်ဟု အပြစ်ပုံချထားခဲ့ခြင်း ဖြစ်သည်။ အစီအစဉ်များ ပျက်စီးပြီးနောက် သူသည် ပိုမို သတိကြီးလာကာ သူမအား လုံးဝ မတွေ့တော့ပေ။ တွေ့ဆုံရချိန်များတွင်လည်း ဒေါသဖြင့် ရိုက်နှက်တတ်ပြန်သည်။ ယန်ရှောင်ယွမ်၏ လက်ထဲတွင် တုဟုန်ရိ၏ အားနည်းချက်များ မရှိပါက သူမ၏ အခြေအနေမှာ ယခုထက် ပိုမို ဆိုးရွားနေပေလိမ့်မည်။
သို့သော် ထိုသို့ ရှိနေလျှင်ပင် သူမသည် နေ့စဉ်နှင့်အမျှ ထိတ်လန့်နေရသည်။ တုဟုန်ရိသည် သူ၏ အကျိုးစီးပွားအတွက် သူမတို့ သားအမိကို မည်သည့်အချိန်တွင် အပြတ်ရှင်းမည်နည်းဟု သူမ စိုးရိမ်နေရခြင်း ဖြစ်သည်။
ထိုသို့သော စိတ်ဒဏ်ရာများကြောင့် နှစ်ပေါင်း ၂၀ ကျော် စည်းစိမ်ကြားတွင် တည်ဆောက်ခဲ့သော သူမ၏ ယဉ်ကျေးမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီး အားငယ်မှုနှင့် အမှောင်ရိပ်များသာ ဖုံးလွှမ်းနေတော့သည်။
ထန်ရွှမ်သည် သူမအား အိမ်ထဲသို့ ဝင်ခွင့်ပေးလိုက်ပြီးနောက် စကားများများ မပြောဘဲ တုဟုန်ရိ ပေးအပ်ထားသော စာရွက်စာတမ်းများကို သူမရှေ့သို့ ပစ်ချပေးလိုက်သည်။
ဒီလိုနေ့မျိုး ရောက်လာမယ်လို့ နင် ကြိုသိထားပြီးသား ဖြစ်မှာပါ”
ယန်ရှောင်ယွမ်သည် ထိုသို့ ဖြစ်လာမည်ကို သိရှိထားသော်လည်း ကံကောင်းလိမ့်မည်ဟု မျှော်လင့်ချက်လေး ထားခဲ့ခြင်း ဖြစ်သည်။ ယခု အဖြစ်မှန်ကို မြင်တွေ့လိုက်ရချိန်တွင်မူ သူမသည် သက်ပြင်းချနိုင်သွားသလို မျက်ဝန်းထဲတွင်လည်း ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
သူမသည် ထိုအချက်အလက်များကို သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း သူမ လုပ်ဆောင်ခဲ့သမျှ ကိစ္စများမှာ အစုံအလင် ပါဝင်နေတော့သည်။ ထန်ရွှမ် စိတ်ကျေနပ်အောင် တုဟုန်ရိက အသေးစိတ် ပြင်ဆင်ပေးထားခြင်း ဖြစ်ရမည်။ ဒါတွေ ရှိနေရင် ထန်ရွှမ်သည် သူမအား စိတ်ကြိုက် နှိပ်စက်နိုင်သည် မဟုတ်ပါလား။
သူမက လူတစ်ယောက်ကို မဟုတ်မတရား စွပ်စွဲ၍ ထောင်ချခဲ့သော သက်သေကို မြင်လိုက်ရချိန်တွင် ယန်ရှောင်ယွမ်သည် မအောင့်နိုင်တော့ဘဲ အေးစက်စွာ လှောင်ရယ်လိုက်သည်။
"သူကတော့ တော်တော်လေး အကွက်စေ့တာပဲ။ နင့်လက်ကို သုံးပြီး ငါ့ကို အပြတ်ရှင်းမယ်၊ အဲဒီတော့မှ သူ့အတွက် အန္တရာယ် ကင်းသွားမှာကိုး။ ပြီးတော့ နင့်အပေါ်မှာလည်း သူ့ရဲ့ စေတနာကို ပြလို့ ရတာပေါ့..."
ထိုသို့ ပြောရင်း သူမသည် ဘာမှမဖြစ်သလို ထိုင်နေသော ထန်ရွှမ်ကို ကြည့်ကာ သရော်လိုက်သည်။
"နှမြောစရာပဲ... နင်က သူ့ရဲ့ စေတနာတွေကို လုံးဝ အဖက်မလုပ်ဘူးဆိုတာကို သူ မသိရှာဘူး”
ထန်ရွှမ်က လက်ဖက်ရည်ကို အေးဆေးစွာ တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်သည်။
"ငါက သူ့ကို မယှဉ်ချင်သလို နင်တို့လို စိတ်ရော လက်ပါ ညစ်ပတ်နေတဲ့သူတွေနဲ့လည်း မပြိုင်ချင်ဘူး။ အခု နင့်ရဲ့ အခြေအနေက ငါ့မျက်စိရှေ့မှာပဲ ရှိနေတာလေ၊ ငါက ငတုံးမှ မဟုတ်တာ။ အဲဒီတော့ သူ့ကို ငါက တစ်စက်ကလေးမှ အခွင့်အရေး ပေးမှာ မဟုတ်ဘူး”
ယန်ရှောင်ယွမ်သည် ခေတ္တ ကြောင်သွားပြီးမှ တုဟုန်ရိ၏ အစီအစဉ်များ ပျက်စီးသွားမည်ကို တွေးမိကာ ဝမ်းသာသွားပြန်သည်။ "ငါ့ကို ဘာလုပ်စေချင်တာလဲ”
ထန်ရွှမ်က ပြန်ပြောလိုက်သည်။ "ဒီကိစ္စက ငါနဲ့ မဆိုင်ပါဘူး။ ဒါတွေက နင့်ရဲ့ အချက်အလက်တွေမို့လို့ နင့်လက်ထဲကို ငါ ပြန်ပေးလိုက်တာပဲ ရှိတာ။ နင် ဘာလုပ်မယ် ဆိုတာကတော့ နင့်ကိစ္စပဲလေ”
"ဒါမှမဟုတ် နင် သူ့ကို ဆက်ပြီး ယုံကြည်နေလို့လည်း ရတာပဲ။ စိတ်ချ... ဒီသက်သေတွေကို ငါ လုံးဝ သုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့... သူက ငါ့ကို ဒါတွေ ပေးလို့ မအောင်မြင်ဘူး ဆိုရင်တော့ သူ ကိုယ်တိုင် နင့်ကို အပြတ်ရှင်းမလား ဆိုတာကိုတော့ ငါ အာမခံချက် မပေးနိုင်ဘူးနော်”
ယန်ရှောင်ယွမ်၏ မျက်နှာမှာ ညိုမှောင်သွားတော့သည်။ ထန်ရွှမ်က အာမခံချက် မပေးနိုင်သော်လည်း သူမကိုယ်တိုင်ကမူ သေချာပေါက် သိရှိထားသည်။ တုဟုန်ရိသည် ထန်မိသားစုသို့ ပြန်လည် ဝင်ရောက်နိုင်ရန်အတွက် မိမိကဲ့သို့သော အတားအဆီးကို သေချာပေါက် ဖယ်ရှားပစ်လိမ့်မည် ဖြစ်သည်။ ထန်ရွှမ်က မလုပ်လျှင် သူ ကိုယ်တိုင် လုပ်ဆောင်လိမ့်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။
ယန်ရှောင်ယွမ်က ရုတ်တရက် ပြောလိုက်သည်။ "သူ့ကို ငါ ရှင်းပေးမယ်... ဒါပေမဲ့ နင် ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကိုတော့ သဘောတူရမယ်”
ထန်ရွှမ်က လှောင်ရယ်လိုက်သည်။
"နင် နောက်နေတာလား။ ငါ့ကို တောင်းဆိုချက် လာထုတ်နေသေးတာလား”
ယန်ရှောင်ယွမ်မှာ ကြောင်သွားရသည်။
"နင် နားတောင် မထောင်ကြည့်ဘူးလား။ ငါက နင့်အတွက် အကြီးမားဆုံး ပြဿနာကို ရှင်းပေးမှာလေ”
ထန်ရွှမ်က သူမအား စိုက်ကြည့်ကာ ပြောလိုက်သည်။ "နင် တစ်ခုတော့ မှားနေပြီ။ ငါက နင်တို့လို စက်ဆုပ်စရာကောင်းတဲ့ လူတွေနဲ့ မပတ်သက်ချင်တာပဲ ရှိတာ။ အခု ဇယ်ချန်းက ထန်မိသားစုမှာ ခြေကုပ်ရသွားပြီ၊ ရှန်မိသားစုနဲ့လည်း ခမည်းခမက်တွေ ဖြစ်နေပြီလေ။ တုဟုန်ရိက ဘယ်လောက်ပဲ ထင်ရာစိုင်းပါစေ၊ ငါတို့အတွက်တော့ ယင်ကောင်တစ်ကောင်လို နှောင့်ယှက်ရုံလောက်ပဲ တတ်နိုင်တော့တာ။ ငါတို့ကို ဘာမှ ဒုက္ခမပေးနိုင်တော့ဘူး။ နင်သာ နင့်ဘက်က နစ်နာတယ်လို့ ထင်ရင်တော့ ဂရုမစိုက်ဘဲ နေလိုက်လို့ ရတာပဲ၊ ဒီနေ့ ဒီကို လာခဲ့တာကိုလည်း ငါ မေ့ပေးလိုက်မယ်”
"ကဲ... အခုတော့ ပစ္စည်းတွေကိုလည်း နင် ရသွားပြီပဲ၊ ဘာလုပ်မလဲ ဆိုတာကတော့ နင့်သဘောပဲ”
ယန်ရှောင်ယွမ်သည် ခေတ္တ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ "ငါတို့ အားလုံးက နင့်ကို တော်တော် အထင်သေးခဲ့မိတာပဲ”
ထန်ရွှမ်က ပြုံးလျက် လက်ဖက်ရည်ခွက်ကိုသာ မြှောက်လိုက်တော့သည်။
တုဟုန်ရိ ဒေါသထွက်ချိန်တွင် ယန်ရှောင်ယွမ်သည် သူ့အား ရင်ဆိုင်နိုင်စွမ်း အနည်းငယ် ရှိသော်လည်း ယခုအချိန်တွင်မူ ထန်ရွှမ်အား သူမ အမှန်တကယ်ပင် ကြောက်ရွံ့စပြုလာခဲ့ပြီ ဖြစ်သည်။
ယန်ရှောင်ယွမ် ထွက်ခွာသွားပြီးနောက် ထန်ရွှမ်သည် သူမအား ဆက်လက်၍ အာရုံမစိုက်တော့ပေ။ တုဟုန်ရိ ဒေါသပေါက်ကွဲလာမည်ကို ကာကွယ်ရန်အတွက် သူ၏ ဖုန်းကိုသာ တစ်ခါတစ်ရံ ပြန်ဖြေပေးနေခဲ့သည်။
တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့သည်လည်း သူတို့ဘာသာ အလုပ်များနေကြပြီ ဖြစ်သည်။ ထန်မိသားစု လုပ်ငန်းများမှာ လမ်းမှန်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်သလို ရှန်ယို့ယောင်ဘက်တွင်လည်း ကြော်ငြာများ စတင် လက်ခံရရှိလာခဲ့သည်။
သူမ၏ ဇာတ်ကားများ မပြသရသေးသော်လည်း 《သူဌေးကြီးတို့၏ ဂုဏ်သိက္ခာ》 အစီအစဉ်ကြောင့် သူမသည် တော်တော်လေး နာမည်ကြီးနေခဲ့သည်။ ထို့ပြင် ရှန်မိသားစု၏ သခင်မလေး ဖြစ်ကြောင်း သတင်းများကြောင့်လည်း ထိပ်တန်း အမှတ်တံဆိပ်များက သူမအား စတင် ဆက်သွယ်လာကြသည်။ မန်နေဂျာ ကျူးယန်လင်းသည် ဇာတ်ကား ပြသပြီးမှသာ ထိုကိစ္စများကို စဉ်းစားရန် စီစဉ်ထားသော်လည်း နိုင်ငံတကာ ထိပ်တန်း လက်ဝတ်ရတနာ အမှတ်တံဆိပ် ဖြစ်သော TDO ထံမှ ကမ်းလှမ်းချက် ရောက်ရှိလာချိန်တွင်မူ သူ တွေဝေသွားရတော့သည်။
"TDO" သည် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးများကိုသာ ကြော်ငြာရှင်အဖြစ် ခန့်အပ်လေ့ရှိရာ ယခုကဲ့သို့ အခွင့်အရေးမှာ အလွန်ပင် ရခဲလှသည်။ သူတို့က ရှန်ယို့ယောင်အား ရှာဖွေရခြင်းမှာလည်း သူမ၏ ရှန်မိသားစု သခင်မလေးဟူသော ဂုဏ်ပုဒ်ကြောင့် ဖြစ်သည်။
ထိပ်တန်း အဆင့်အတန်းနှင့် ထိပ်တန်း ရတနာများမှာ တကယ့်ကို လိုက်ဖက်သည် မဟုတ်ပါလား။
"မင်းရဲ့ မိသားစု အရှိန်အဝါကို အသုံးချဖို့ရော စိတ်ထဲမှာ တစ်မျိုး ဖြစ်နေမလား”
ကျူးယန်လင်းက သူမ၏ ဆန္ဒကို မေးမြန်းလိုက်သည်။ "တကယ်လို့ အဆင်ပြေတယ် ဆိုရင်တော့ ဒါဟာ တကယ့်ကို ကောင်းတဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ မင်းက မလိုချင်ဘူး ဆိုရင်တော့ တို့တွေ တဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့”
ရှန်ယို့ယောင်သည် မိမိကိုယ်မိမိ ရှန်မိသားစု၏ သခင်မလေးဟု တစ်ခါမှ မသတ်မှတ်ခဲ့ပေ။ သူမသည် ဖေဖေနှင့် မေမေတို့၏ သမီးလေးသာ ဖြစ်သည်လေ။ ထို့ပြင်... မိဘများ အမေရိကန်သို့ သွားရောက်ကာ ဆွေမျိုးတော်စပ်နေရသည့် ကိစ္စကို တွေးမိသောအခါ ဖြတ်လမ်းကို အသုံးမချလိုတော့ပေ။
"ကျွန်မကတော့ ပုံမှန်အတိုင်းပဲ သွားချင်တယ်။ ကျွန်မက သရုပ်ဆောင်တစ်ယောက်ပဲ လုပ်ချင်တာပါ။ နာမည်ကြီးတာဆိုတာက သရုပ်ဆောင်တစ်ယောက်အတွက် အပိုဆောင်းရလာတဲ့ အရာတစ်ခုပဲလေ။ တခြားလူတွေနဲ့ ယှဉ်ရင် ကျွန်မက တော်တော်လေးကို အဆင်ပြေနေပါပြီ။ တကယ်လို့ သူတို့က ကျွန်မကို ရှန်မိသားစု သခင်မလေးမို့လို့ပဲ ကြည့်တာဆိုရင်တော့ အဲဒီကမ်းလှမ်းချက်ကို ငြင်းလိုက်ပါတော့”
ကျူးယန်လင်းသည် စိတ်အေးအေးထားကာ စဉ်းစားကြည့်လိုက်ရာ ရှန်ယို့ယောင် ပြောသည်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။ သူသည် အကျိုးအမြတ်ကြီးမားလွန်းသဖြင့် ခေတ္တမျှ ဝေဝါးသွားခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် သူသည် ရှန်ယို့ယောင်ကို အလွန်ပင် လေးစားသွားခဲ့ရသည်။ သူမသည် အပြင်ပန်း ဆွဲဆောင်မှုများကြောင့် လမ်းမပျောက်ဘဲ မိမိ၏ ရည်မှန်းချက်ကို အမြဲတမ်း ရှင်းလင်းစွာ သိရှိနေသူ ဖြစ်သည်လေ။
ကြော်ငြာကိစ္စများ ပြောပြီးနောက် ကျူးယန်လင်းက အဓိက ကိစ္စကို ပြောပြလိုက်သည်။
"《ချူမင်းဆက်》အတွက် ပြင်ဆင်မှုတွေ ပြီးသွားပြီ။ အဓိက ဇာတ်ကောင်တွေကိုလည်း ရွေးပြီးပြီဆိုတော့၊ အနောက်ကျဆုံး သန်ဘက်ခါကျရင်တော့ မင်း ရိုက်ကွင်းကို သွားရတော့မယ်”
ရုပ်ရှင်ရိုက်ရမည့် ကိစ္စကို ကြားရချိန်တွင် ရှန်ယို့ယောင်မှာ အနည်းငယ် ပို၍ တက်ကြွလာပြီး ပြောလိုက်သည်။
"တကယ်လား။ ဒီတစ်ခါ ဇာတ်ကောင် အတော်များများက ရင်းနှီးတဲ့သူတွေလို့ ကြားတယ်နော်”
ကျူးယန်လင်းက ရယ်မောလျက် ပြောလိုက်သည်။
"ဟုတ်တယ်လေ၊ မော့ယွဲ့၊ စုန်ယီစန်း၊ ယန်ချီမင် တို့ အကုန်ပါတာပေါ့။ တုဇယ်ချန်းက မင်း လူသစ်တွေနဲ့ဆိုရင် အနေခက်မှာ စိုးလို့၊ 《ရှယွမ်ကျွမ်း》 ရိုက်ကွင်းက သရုပ်ဆောင် ကောင်းတဲ့သူတွေကိုပဲ ဦးစားပေး ရွေးခိုင်းထားတာလေ”
ရှန်ယို့ယောင်၏ ရင်ထဲတွင် ချိုမြိန်သွားရသည်။ သူမသည် ဖုန်းချလိုက်ပြီးနောက် ခေတ္တ စဉ်းစားကာ ကိုယ်တိုင် ဟင်းချက်၍ တုဇယ်ချန်းဆီသို့ ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း တုဇယ်ချန်း၏ လက်ထပ်ခွင့်တောင်းပွဲကြောင့် ထန်မိသားစုအတွင်းရှိ လူတိုင်းမှာ ရှန်ယို့ယောင်ကို သိရှိထားကြသည်။ သူမသည် မည်သည့် အတားအဆီးမှ မရှိဘဲ ချန်ရှီး အဆောက်အဦ၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိလာခဲ့သည်။
ဓာတ်လှေကား တံခါး ပွင့်သွားချိန်တွင် တုဇယ်ချန်းသည် အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့ပြီး သူ၏ အနောက်တွင် အရာရှိကြီးများစွာ လိုက်ပါလာကြသည်။ သူသည် ရှန်ယို့ယောင်ကို မြင်သည်နှင့် မျက်ဝန်းများ တောက်ပသွားကာ ပြောလိုက်သည်။
"ယို့ယောင်... ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ”
ရှန်ယို့ယောင်က လက်ထဲမှ ဟင်းချိုင့်ကို မြှောက်ပြကာ ပြောလိုက်သည်။ "ရှင့်အတွက် နေ့လယ်စာ လာပို့တာလေ။ ရှင် အပြင်သွားမလို့လား”
ရှောင်းမင်ကျန့်က ပြောလိုက်သည်။
"ဟုတ်တယ်... ဥက္ကဋ္ဌတုက ဒီနေ့ နေ့လယ်စာ ကျုပ်တို့ကို ကျွေးမလို့လေ”
ရှန်ယို့ယောင် တစ်စုံတစ်ခု မပြောမီမှာပင် တုဇယ်ချန်းက ကတ်တစ်ကတ်ကို ထုတ်ယူကာ ရှောင်းမင်ကျန့်အား ကမ်းပေးလိုက်သည်။
"ကဲ... သွားကြတော့ဗျာ၊ အားလုံးကို ကောင်းကောင်းလေး ကျွေးလိုက်ပါ။ သနားစရာလေးတွေ... အခုထိ ထမင်းပူပူလေးတောင် မစားရကြသေးဘူး”
ရှောင်းမင်ကျန့် . . .
"ဥက္ကဋ္ဌတု... ဆိုင်မှာလည်း အခုမှ ချက်ထားတဲ့ ဟင်းတွေပဲ ရှိတာပါ" ရှောင်းမင်ကျန့်က မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။
တုဇယ်ချန်းမှာ စိတ်အခြေအနေ ကောင်းနေသဖြင့် သူ့အား အပြစ်မဆိုဘဲ ပြုံး၍ ပြောလိုက်သည်။
"အင်း... အင်း... အခုမှ ချက်တာပေါ့၊ မြန်မြန် သွားကြတော့” ထိုသို့ ပြောရင်း သူက ရှန်ယို့ယောင်ထံမှ ဟင်းချိုင့်ကို လှမ်းယူကာ ပြုံးလျက် မေးလိုက်သည်။ "ချစ်လေး... ကိုယ့်အတွက် ဘာတွေ ချက်လာတာလဲဟင်”
ရှောင်းမင်ကျန့် : . . . တကယ်ကို ကြည့်ရဆိုးလိုက်တာ။
တစ်ဦးက ရယ်မောလျက် ပြောလိုက်သည်။ "အတွင်းရေးမှူးရှောင်းက သခင်လေးနဲ့ အတူနေလာတာ ဒီလောက်ကြာပြီကို အကျင့်မဖြစ်သေးဘူးလား”
ရှောင်းမင်ကျန့်က မျက်နှာသေဖြင့် မေးလိုက်သည်။ "ခင်ဗျားတို့ရော အကျင့်ဖြစ်ပြီလား”
ထိုလူက ရယ်မောလျက် ပြောလိုက်သည်။ "ကျုပ်တို့က အခုမှ ထိတွေ့ရတာဆိုတော့... အချိန်နည်းနည်းတော့ ထပ်လိုဦးမှာပါ”
ရှောင်းမင်ကျန့်က အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။
"စိတ်ချပါ... သူက ခင်ဗျားတို့ရဲ့ သည်းခံနိုင်စွမ်းကို အမြဲတမ်း စမ်းသပ်နေဦးမှာပါ” ထိုသို့ ပြောရင်း သူက လက်ထဲမှ ကတ်ကို လှုပ်ယမ်းပြကာ ဆက်ပြောသည်။ "သွားကြစို့... ဒီနေ့တော့ ပင်လယ်စာ အဝစားကြရအောင်"
တုဇယ်ချန်းမှာမူ ရှောင်းမင်ကျန့်က မိမိအပေါ် အငြိုးထားနေသည်ကို မသိရှိဘဲ ရှန်ယို့ယောင်နှင့်အတူ ရုံးခန်းအတွင်း၌ သူမ၏ မေတ္တာပါသော နေ့လယ်စာကို အားပါးတရ စားသုံးနေတော့သည်။ အားလုံးမှာ သူ အကြိုက်ဆုံးသော ဟင်းလျာများသာ ဖြစ်သည်။
"ဒီနေ့ ဘာဖြစ်လို့ ကိုယ့်ဆီ လာလည်ဖို့ စိတ်ကူးရတာလဲဟင်”
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လက်ထပ်ခွင့်တောင်းပြီးကတည်းက ရှန်ယို့ယောင်မှာလည်း နာမည်ကြီးသွားခဲ့ရာ သူမ သွားလေရာတိုင်းတွင် အားကျသော အကြည့်များကို ရရှိခဲ့သည်။ ထန်မိသားစု၏ ကတော်အဖြစ် လူအများ၏ အာရုံစိုက်မှုကို သူမ များစွာ မနှစ်သက်သဖြင့် တစ်ခါ လာပြီးကတည်းက ထပ်မံ မလာလိုတော့ပေ။
ရှန်ယို့ယောင်က ခေတ္တ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။ "ကျွန်မ သန်ဘက်ခါကျရင် သွားရတော့မယ်လေ”
တုဇယ်ချန်းက မေးလိုက်သည်။ "ဘယ်ကိုလဲဟင်”
"《ချူမင်းဆက်》 စပြီး ရိုက်တော့မယ်လေ၊ သန်ဘက်ခါကျရင် ကျင်းပြည်နယ်က ရုပ်ရှင်ရိုက်ကွင်းကို သွားရတော့မယ်” ရှန်ယို့ယောင်က ဆက်ပြောသည်။ "ဒီ ဒါရိုက်တာကောင်းကလည်း တော်တော် ထူးဆန်းတယ်နော်။ ဒါက ဇာတ်လိုက်မင်းသားကို အဓိကထားတဲ့ ဇာတ်ကားလေ၊ အခုထိ မင်းသားကို အတည်မပြုရသေးဘဲနဲ့ ရိုက်ကူးရေး စနေပြီ”
တုဇယ်ချန်းက ပြောလိုက်သည်။ "ဒါရိုက်တာကောင်းက နာမည်ကြီး မဟုတ်ပေမဲ့ ကိုယ် စုံစမ်းကြည့်ပြီးပြီ၊ သူက တကယ်ကို တော်တဲ့သူပါ။ သူ အခုလို လုပ်တာကလည်း သူ့ရဲ့ အစီအစဉ် ရှိလို့ နေမှာပါ”
ရှန်ယို့ယောင်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။ "ကျွန်မကတော့ ဘယ်မင်းသားနဲ့ ရိုက်ရမလဲ ဆိုတာကိုပဲ သိချင်နေတာ၊ တော်တော်လေးကို လျှို့ဝှက်လွန်းတယ်” သူမသည် ပြောဆိုရင်း ဟင်းချိုင့်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။
တုဇယ်ချန်း၏ မျက်လုံးလေးများ လှုပ်ရှားသွားပြီး သူမ၏ လက်ကို ဆွဲကာ ပြောလိုက်သည်။ "ဒါဆို မင်းက မကြာခင်မှာ သွားရတော့မှာပေါ့ ဟုတ်လား”
ထိုအကြောင်းကို ပြောမိသောအခါ ရှန်ယို့ယောင်လည်း အနည်းငယ် ခွဲခွာရမည်ကို စိုးရိမ်စိတ် ပေါ်လာခဲ့သည်။
"အင်း... အိမ်မှာ နှစ်ရက်ပဲ ကျန်တော့တယ်လေ”
"ဒီနေ့ နေ့လယ်တော့ အိမ်ပြန်မသွားနဲ့ဦး၊ ဒီမှာပဲ ကိုယ့်အနားမှာ နေပေးပါဦး”
ရှန်ယို့ယောင်က တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ အချိန်သိပ်မကျန်တော့သဖြင့် သူမလည်း သူနှင့်အတူ အချိန်များများ ကုန်ဆုံးချင်နေသည်လေ။
နှစ်ဦးသား အမြန်ပင် ပလုတ်ကျင်းပြီးနောက် တုဇယ်ချန်းက သူမအား အနားယူရန် ခေါ်ဆောင်သွားခဲ့သည်။ ဥက္ကဋ္ဌ ရုံးခန်းအတွင်း၌ အနားယူနိုင်သော အခန်းငယ်လေးတစ်ခု ရှိပြီး ခုတင်တစ်လုံးကို အသင့် ပြင်ထားခဲ့သည်။
လူနှစ်ယောက် နေရန်မှာ အနည်းငယ် ကျဉ်းသော်လည်း အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးအတွက်မူ... တကယ့်ကို သင့်တော်လှသည်။
လတ်တလောတွင် တုဇယ်ချန်းသည် အခွင့်အရေး ရသည်နှင့် ဝံပုလွေတစ်ကောင်ပမာ ပြုမူတတ်သူ ဖြစ်ရာ ရှန်ယို့ယောင်မှာမူ သူသည် နေ့ခင်းကြောင်တောင် ရုံးခန်းထဲတွင်ပင် ဤမျှအထိ စိတ်လှုပ်ရှားဖွယ် လုပ်ဆောင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှန်ယို့ယောင်က အသည်းအသန် ငြင်းဆိုတော့သည်။
"ရှင် နေ့လယ်ကျရင် အလုပ်လုပ်ရဦးမှာလေ၊ အေးအေးဆေးဆေး အနားယူလိုက်ပါဦး”
တုဇယ်ချန်းသည် ယခုအချိန်တွင် အကျိုးအကြောင်း မသိသော လူဆိုးကြီးတစ်ဦးပမာ ပြုမူလျက် သူ၏ လက်များကို သူမ၏ အဝတ်အစားများအတွင်းသို့ ကျွမ်းကျင်စွာ နှိုက်သွင်းလိုက်တော့သည်။
"ချစ်လေးရယ်... ဒါက အနားယူနေတာပဲ မဟုတ်လား။ အကယ်၍ ကိုယ်တို့ အနားမယူရင် အပြင်မှာ လူတွေ အမြဲ ရှိနေတတ်တာလေ၊ ကိုယ့်ရဲ့ စားပွဲရှေ့မှာတင် ရပ်နေကြတာ။ သူတို့ မော့ကြည့်လိုက်တာနဲ့ ဒီတံခါးကို မြင်နေရတာလေ။ ဒီအခန်းက အသံလည်း သိပ်မလုံဘူးနော်၊ အဲဒါကြောင့် အသံကို တိုးတိုးလေး ထွက်ရမယ်... တကယ်လို့ တစ်ယောက်ယောက် ဝင်လာခဲ့ရင်..."
သူ၏ ဖော်ပြချက်များမှာ အလွန်ပင် အသေးစိတ်လှသဖြင့် ရှန်ယို့ယောင်၏ ဦးနှောက်အတွင်း၌ အပြင်ဘက်တွင် လူများ ရပ်နေသည့် မြင်ကွင်းမှာ အလိုလို ပေါ်ပေါက်လာခဲ့သည်။ သူမ၏ နှလုံးခုန်သံမှာ အပြင်သို့ ထွက်လာတော့မည့်အလား တုန်လှုပ်နေရပြီး တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။
"ဇယ်ချန်း... မလုပ်ပါနဲ့... ကျွန်မ ကြောက်တယ်..."
"မကြောက်ပါနဲ့" တုဇယ်ချန်းက အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ "ချစ်လေး... ကိုယ့်ကို သနားပါဦး။ မင်း ရိုက်ကွင်းကို သွားလိုက်ရင် နောက်တစ်ခါ ဘယ်တော့ ပြန်ဆုံမလဲဆိုတာ မသိရဘူးလေ”
သူ၏ မြတ်နိုးလှသော မျက်ဝန်းများကို ကြည့်ရင်း၊ သူ မိမိအတွက် လုပ်ဆောင်ပေးခဲ့သမျှကို ပြန်လည် တွေးတောမိသောအခါ ရှန်ယို့ယောင်၏ စိတ်တို့မှာ ပြော့ပြောင်းသွားခဲ့ရသည်။ ထို့နောက်တွင်မူ...
တုဇယ်ချန်းသည် ပျော့ခွေနေပြီး သတိပြန်မဝင်သေးသော ရှန်ယို့ယောင်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလျက် သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို သုတ်ပေးရင်း ပြုံး၍ ပြောလိုက်သည်။
"ချစ်လေး... ဒီနေ့ကတော့ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲနော်”
ရှန်ယို့ယောင်သည် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေရသည်။ သူသည် သူမ ကြောက်နေမှန်း သိရက်နှင့် တမင် သွေးထိုးခဲ့သည်ကို တွေးမိကာ နာကျည်းစွာဖြင့် သူ၏ ပခုံးကို အားပါပါ ခဲလိုက်တော့သည်။
တုဇယ်ချန်းက အားခနဲ မြည်သံနှင့်အတူ ပြောလိုက်သည်။ "ချစ်လေး... ကိုယ် နောက်ဆို မလုပ်ရဲတော့ပါဘူးဗျာ”
ရှန်ယို့ယောင်က သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "နောက်တစ်ခါ ရှိသေးတယ် ဟုတ်လား”
တုဇယ်ချန်းက ထိတ်လန့်ဟန်ဖြင့် ပြန်မေးလိုက်သည်။ "နောက်တစ်ခါ မရှိတော့ဘူးလား။ ဒါက လင်မယားတွေရဲ့ တာဝန်လေ"
ရှန်ယို့ယောင်သည် သူ့အား စကားမနိုင်တော့သဖြင့် စိတ်တိုကာ ရိုက်နှက်ချင်စိတ် ပေါက်သွားရသည်။ တုဇယ်ချန်းက အခြေအနေ မဟန်မှန်း သိသဖြင့် သူမ၏ နှုတ်ခမ်းကို အမြန် နမ်းလိုက်ပြီး အလုပ်လုပ်ရန် အပြေးအလွှား ထွက်ခွာသွားတော့သည်။
ရှန်ယို့ယောင်သည် ထိုအခန်းငယ်လေးအတွင်း၌ ညနေစောင်းအထိ အောင်းနေခဲ့ရတော့သည်။
…