အခန်း ၁၀၀
Vol. 7 Ch. 100
အခန်း (၁၀၀)
စုန့်မိသားစုသည် ဟဲပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေထိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦး နေအိမ်သို့ ရောက်ရှိချိန်တွင် မှောင်စပြုနေပြီ ဖြစ်သဖြင့် အနီးအနားသို့ မေးမြန်းကြည့်ရာ စုန့်မိသားစုမှာ လွန်ခဲ့သော နှစ်နှစ်ကတည်းက ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ထိုမိသားစု အကြောင်းကို ပြောမိသည်နှင့် အိမ်နီးနားချင်းများမှာ အထင်သေးသော အမူအရာများ ပြသကြတော့သည်။ ရှန်ယို့ယောင်နှင့် တုဇယ်ချန်းတို့သည် ထိုနေရာ၌ပင် တစ်ည အိပ်စက်ခဲ့ကြပြီး နောက်တစ်နေ့တွင် စုန့်မိသားစု၏ အကြောင်းများကို စုံစမ်းကြည့်ရာ အလွယ်တကူပင် သိရှိလိုက်ရသည်။ အဓိကမှာ စုန့်မိသားစု တစ်ခုလုံးသည် ထူးဆန်းသော လူများ ဖြစ်ကြသောကြောင့်ပင် ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က စုန့်မိသားစု ဇနီးမောင်နှံ၏ လူမှုစီးပွားအခြေအနေမှာ မဆိုးလှသော်လည်း တစ်ခုတည်းသော အားနည်းချက်မှာ သားသမီး မထွန်းကားခြင်းပင် ဖြစ်သည်။ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားသော်လည်း မအောင်မြင်သည့်အဆုံးတွင် တစ်စုံတစ်ယောက်က သူတို့ကို သားဦးဆောင်တစ်ဦး မွေးစားကြည့်ရန် အကြံပေးခဲ့သည်။
သားဦးဆောင် ဆိုသည်မှာ သားသမီးမရနိုင်သော မိသားစုများက ကလေးတစ်ဦးကို အရင်မွေးစားထားခြင်းကို ဆိုလိုသည်။ မိန်းကလေးဆိုလျှင် ပို၍ပင် သင့်တော်ပြီး ထိုကလေးက မိမိတို့၏ သားအရင်းကို ခေါ်ဆောင်လာပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် စုန့်မိသားစု ဇနီးမောင်နှံသည် အစကတည်းက ကလေးကို စေတနာအမှန်ဖြင့် ကျွေးမွေးလို၍ မဟုတ်ဘဲ မိဘမဲ့ဂေဟာမှ အရွယ်ရောက်ပြီးသား ကလေးတစ်ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုပါက ပြုစုရသည့်ဒုက္ခလည်း မရှိသလို အိမ်မှုကိစ္စများလည်း ခိုင်း၍ရနိုင်သည်။ နောင်တစ်ချိန် သားလေးရလာလျှင်လည်း ကူညီစောင့်ရှောက်ပေးနိုင်မည်ဟု တွက်ဆခဲ့ကြသည်။
စုန့်ယီရှန်းသည် မွေးစားခြင်းခံရပြီးနောက် အိမ်နီးနားချင်းများက သူမအပေါ် နှမြောတသဖြစ်ရကြောင်း၊ ထိုကလေးမှာ လိမ္မာပြီး စာလည်းတော်သော်လည်း စုန့်ဇနီးမောင်နှံက သူမအပေါ်တွင် ငွေတစ်ပြားမှ မသုံးချင်ကြကြောင်း ပြောဆိုတတ်ကြသည်။ အထူးသဖြင့် တတိယမြောက်နှစ်တွင် သားလေးကို မွေးဖွားပြီးနောက် စုန့်ယီရှန်းအပေါ် ဆက်ဆံမှုမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။
အကယ်၍သာ သူမကိုယ်တိုင် စိတ်ဓာတ်မမာခဲ့လျှင် ကျောင်းပြင်ပအချိန်၌ အမှိုက်ကောက်၍ ငွေစုခြင်း၊ ကျောင်းလခအတွက် ချမ်းသာသော ကျောင်းနေဖက်သူငယ်ချင်းများ၏ အကူအညီကို ရယူခြင်းတို့ မရှိခဲ့ပါက သူမသည် ကျောင်းမှ စောစောစီးစီး ထွက်ခဲ့ရပေလိမ့်မည်။ သို့တိုင်အောင် သူမ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက်တွင် စုန့်မိသားစုက သူမကို တက္ကသိုလ်တက်ခွင့် မပြုခဲ့ပေ။ ထို့ပြင် သားဖြစ်သူအတွက် အိမ်ဝယ်ရန် တောင်းရမ်းခငွေ ရယူလိုသဖြင့် သူမကို အသက် ၃၀ ကျော်အရွယ် မုဆိုးဖိုတစ်ဦးထံ ရောင်းစားရန်ပင် ကြံစည်ခဲ့ကြသည်။
စုန့်ယီရှန်းသည် နောက်ဆုံးတွင် သူငယ်ချင်းများ၏ အကူအညီဖြင့် ကျောင်းသို့ ထွက်ပြေးခဲ့သည်။ ထိုသို့ရှိနေစဉ်မှာပင် စုန့်ဇနီးမောင်နှံမှာ သူမ၏ ကျောင်းအထိ လိုက်လံဆူပူခဲ့သဖြင့် သူမ၏ ပညာရေးမှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင်မူ သူမသည် ဒါရိုက်တာတစ်ဦး၏ သတိပြုမိခြင်းကို ခံရကာ သရုပ်ဆောင် စတင်လုပ်ကိုင်ခဲ့သည်။ ထိုအခါမှသာ စုန့်ဇနီးမောင်နှံမှာ ဆူပူခြင်းကို ရပ်တန့်ခဲ့ကြတော့သည်။ အကြောင်းမှာ သူမသည် အစပိုင်းတွင် သူတို့ကို ငွေနှစ်သိန်း တစ်ခါတည်း ပေးခဲ့သလို နောက်ပိုင်းတွင်လည်း လစဉ် အသုံးစရိတ် နှစ်သောင်း၊ သုံးသောင်းခန့် ထောက်ပံ့နေသောကြောင့် ဖြစ်သည်။ စုန့်ဇနီးမောင်နှံသည် ထိုငွေများကြောင့် အရသာတွေ့သွားခဲ့ကြပြီး သူမကို ကုန်ပစ္စည်းတစ်ခုကဲ့သို့ တစ်ခါတည်း ရောင်းစားမည့်အစား ငွေတွင်း တစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြတော့သည်။ သူမ အလုပ်လုပ်သည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း စုန့်မိသားစုတစ်ခုလုံးမှာ မြို့ငယ်လေးမှ ထွက်ခွာကာ မြို့ကြီးသို့ ပြောင်းရွှေ့သွားခဲ့ကြပြီ ဖြစ်သည်။
အခြေအနေများမှာ ယခုတော့ ရှင်းလင်းသွားခဲ့ပြီဖြစ်ရာ ရှန်ယို့ယောင်က ပြောလိုက်သည်။
"ဒါကြောင့်လည်း သူက အထက်ကိုတက်ဖို့ ဒီလောက်အသည်းအသန် ဖြစ်နေတာကိုး။ အမြင့်ကိုရောက်မှသာ ဒီသွေးစုပ်ဖုတ်ကောင် မိသားစုလက်ကနေ လွတ်နိုင်မှာလေ”
တုဇယ်ချန်းကမူ အခြားတစ်ချက်ကို တွေးမိသွားကာ ပြောလိုက်သည်။
"မင်း တစ်ခုခု သတိထားမိလား။ လူတိုင်းက သူ့ ဘဝဇာတ်ကြောင်းကို သနားစရာလို့ ပြောနေကြပေမဲ့ အရေးကြီးတဲ့ အချိန်တိုင်းမှာ သူက ဒီပြဿနာတွေကို ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာပဲ..."
ရှန်ယို့ယောင်က အံ့ဩတကြီးဖြင့် သူ့ကို ကြည့်ကာ မေးလိုက်သည်။ "ရှင် ဆိုလိုတာက..."
သူက ဆက်ပြောလိုက်သည်။
"မင်း မမေ့နဲ့ဦးလေ၊ သူက မွေးစားခံရမဲ့ အခွင့်အရေးကို လုယူဖို့အတွက် အသက် ၁၂ တည်းက အရင်းနှီးဆုံး သူငယ်ချင်းကို ဂိုဒေါင်ထဲမှာ ကြိုးတုပ်ပိတ်လှောင်ထားရဲတဲ့သူ။ ပြီးတော့ သူက အောင်မြင်ခဲ့တယ်လေ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် တစ်ခါ အောင်မြင်ခဲ့ဖူးတဲ့သူဟာ ဒုက္ခတစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ဘယ်တော့မှ တွန့်ဆုတ်မှာ မဟုတ်ဘူး။ မဟုတ်ရင် အခုမှ စလုပ်တဲ့ လူသစ်တစ်ယောက်က ငွေနှစ်သိန်းကို ဘယ်ကနေ ရမှာလဲ”
သူက ဆက်ပြောလိုက်သည်။
"အဲဒါကြောင့် မင်းကို တွေ့တဲ့အချိန်မှာ သူက ချက်ချင်းပဲ အကြံထုတ်တော့တာပေါ့”
ရှန်ယို့ယောင်က သက်ပြင်းချလျက် ပြောလိုက်သည်။ "နှမြောစရာပဲ... သူကတော့ စိတ်ပျက်ရမှာ သေချာသွားပြီ”
တုဇယ်ချန်းက အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။
"စိတ်ပျက်ရုံတင် ဘယ်ကမလဲ။ သူသာ သူ့ကိုယ်သူ မထိန်းနိုင်ရင်တော့ ရိုက်ကွင်းမှာ သူ ထင်တိုင်းကြဲခွင့် ရမှာ မဟုတ်ဘူး”
ရှန်ယို့ယောင်ကလည်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မေမေက ပြောတယ်၊ TDO ကြော်ငြာကိစ္စက ပြဿနာတက်လိမ့်မယ်တဲ့။ အဲဒါက ရိုက်ကူးရေးအဖွဲ့ကိုပါ ထိခိုက်နိုင်မလားဟင်”
သူက ပြောလိုက်သည်။
"ကိုယ် တခြားသရုပ်ဆောင်တွေကို အမြန်ဆုံး ဆက်သွယ်ခိုင်းထားမယ်။ တစ်ဆက်တည်းမှာပဲ သူ့ အတိတ်က ကိစ္စတွေကိုလည်း စုံစမ်းခိုင်းထားလိုက်မယ်” တုဇယ်ချန်းက ဖုန်းဆက်၍ အစီအစဉ်များ ပြုလုပ်ပြီးနောက် နှစ်ဦးသား ရိုက်ကူးရေးကွင်းသို့ တိုက်ရိုက်ပြန်ကာ အလုပ်ဆက်လုပ်ခဲ့ကြသည်။
ယခုအခါ သူတို့ ရိုက်ကူးရေးမှ ထွက်ခွာသွားသည်မှာ တစ်ပတ်ကျော် ရှိနေပြီဖြစ်ရာ ဇာတ်ဝင်ခန်းများစွာ ပုံနေခဲ့သည်။ ဒါရိုက်တာကောင်းက သူတို့နှစ်ဦး၏ အခန်းများကိုသာ ဦးစားပေး ရိုက်ကူးနေသဖြင့် အခြားသော သရုပ်ဆောင်များမှာ ခေတ္တ အနားရနေကြသည်။
စုန့်ယီရှန်းသည် TDO ကြော်ငြာကိစ္စအတွက် အဆက်မပြတ် သွားရောက် ဆွေးနွေးနေခဲ့သည်။ ထိုဘက်မှလည်း အသည်းအသန် ဖြစ်နေဟန်ရှိပြီး ရှန်ယို့ယောင်က ပြတ်ပြတ်သားသား ငြင်းဆိုပြီးနောက်တွင် စုန့်ယီရှန်းမှာ ရှန်ယို့ယောင်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ကြောင်း အကြိမ်ကြိမ် အတည်ပြုကာ စာချုပ်ချုပ်ဆိုလိုက်တော့သည်။ မကြာမီမှာပင် တရားဝင် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းမှာ အနုပညာလောကအတွင်း ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။ ဒုတိယတန်းစား သရုပ်ဆောင်လေး တစ်ဦးဖြစ်သော စုန့်ယီရှန်းက ဤကဲ့သို့သော ကြော်ငြာမျိုးကို ရရှိသွားလိမ့်မည်ဟု မမည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ လူတိုင်းက နားမလည်နိုင် ဖြစ်နေကြသလို သူမ၏ ကံကောင်းမှုကိုလည်း အားကျနေကြသည်။ ဤကြော်ငြာပြီးနောက် သူမ၏ တန်ဖိုးမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့မည် မဟုတ်ပါလား။
မော့ယွဲ့က ကြော်ငြာရိုက်ကူးပြီး ပြန်လာချိန်တွင် ထိုသတင်းကို ကြားသဖြင့် မှင်တက်သွားရသည်။ သူမသည် အနုပညာလောကတွင် အဆက်အသွယ်နှင့် အခွင့်အရေး ပိုမိုများပြားသူ ဖြစ်သည်။ TDO က ရှန်ယို့ယောင်အား ရှာဖွေခဲ့သည်ကို စုန့်ယီရှန်း သိသကဲ့သို့ သူမလည်း သိရှိထားသည်လေ။ ထို့ကြောင့် ကြော်ငြာမှာ စုန့်ယီရှန်းထံသို့ ရောက်သွားသည့်အကြောင်းကို အံ့ဩတကြီး မေးလိုက်သည်။
"နင် ဒါကို ဘယ်လိုလုပ် ရသွားတာလဲ”
စုန့်ယီရှန်း၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေပြီး ရှန်ယို့ယောင်ကို တစ်ချက် ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ "ဒါပေါ့... ယို့ယောင်က ငါ့ကို ကူညီပေးလို့ပေါ့”
မော့ယွဲ့က ပြောလိုက်သည်။
"နင်တို့က ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားကြတာလဲ”
ဒါက ကူညီရုံသက်သက် မဟုတ်ဘဲ မိမိရရှိထားသော အရာကို ပေးကမ်းလိုက်ခြင်းပင် ဖြစ်သည်။ ရှန်ယို့ယောင်အတွက်ပင်လျှင် ဤသည်မှာ အလွန် တန်ဖိုးကြီးလှသည် မဟုတ်ပါလား။ သူမသည် ရှန်ယို့ယောင်ကို သံသယများစွာဖြင့် စိုက်ကြည့်နေမိပြီး ၎င်းတို့နှစ်ဦးကြားတွင် တစ်ခုခု ရှိနေလိမ့်မည်ဟု ခံစားလိုက်ရသည်။
စုန့်ယီရှန်းက မော့ယွဲ့၏ အမူအရာကို သဘောကျနေဟန်ဖြင့် ပြောလိုက်သည်။
"ယို့ယောင်က ပြောတယ်... သူက သရုပ်ဆောင်တာကိုပဲ ဝါသနာပါတာတဲ့၊ ပြသစရာ လက်ရာလည်း မရှိသေးတော့ အခုလို ကြော်ငြာယူဖို့က စောလွန်းသေးတယ်လို့ ယူဆလို့ ငါ့ကိုပဲ လွှဲပေးလိုက်တာ”
မော့ယွဲ့က မျက်မှောင်ကြုတ်လိုက်မိသည်။ ရှန်ယို့ယောင်အတွက် စောသေးသည်ဆိုပါက စုန့်ယီရှန်းအတွက်လည်း အချိန်မတန်သေးသည်မှာ အမှန်ပင် ဖြစ်သည်။ အခုတော့ တန်ဖိုးတက်လာသလို ရှိသော်လည်း ၎င်းမှာ အောက်ခြေမခိုင်သော အဆောက်အဦတစ်ခုပမာ ဖြစ်နေသည်။ သရုပ်ဆောင်ကောင်း တစ်ဦး ဖြစ်ချင်လျှင်မူ ဤသည်မှာ သတင်းကောင်း မဟုတ်နိုင်ပေ။ သို့သော် စုန့်ယီရှန်း၏ ပုံစံအရ ပြောပြလျှင်လည်း နားထောင်မည့်သူ မဟုတ်သည်မှာ သေချာလှသဖြင့် သူမက ဂုဏ်ပြုစကားသာ ဆိုလိုက်တော့သည်။
နေ့လယ်စာ အတူစားနေစဉ်တွင် မော့ယွဲ့က တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ပြောလိုက်သည်။
"ဒါနဲ့... ယီရှန်း၊ နင် ပြီးခဲ့တဲ့အပတ်က ဒါရိုက်တာကျန်းစစ်ရဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ အခု သူက ကန္တာရတောင်ကို ရိုက်ဖို့ ပြင်နေပြီလေ။ ငါ သူ့ကို ပြောပေးထားတယ်၊ နင် သွားပြီး လူတွေ့ဖြေကြည့်ပါလား။ ဇာတ်ပို့မင်းသမီးနေရာက တော်တော်လေး ပေါ်လွင်တယ်နော်”
စုန့်ယီရှန်းက ထိုစကားကို အဖက်မလုပ်ဘဲ မော့ယွဲ့၏ အလုပ်များအကြောင်းကိုသာ ပြန်မေးလိုက်သည်။
"နင် ဒါရိုက်တာဟူယန်ရဲ့ အပြိုင်ကမ္ဘာမှာ ဇာတ်လိုက်မင်းသမီးအဖြစ် ရိုက်ရမယ်လို့ ကြားတယ်နော်”
မော့ယွဲ့က ပြုံး၍ ပြောလိုက်သည်။
"မသေချာသေးပါဘူး၊ ဒါရိုက်တာဟူက ဒီဇာတ်ကားနဲ့ ဆုယူဖို့ ရည်မှန်းထားတာဆိုတော့ စည်းကမ်းက တော်တော် တင်းကျပ်တယ်။ အခု ဆွေးနွေးနေတုန်းပဲ ရှိသေးတာပါ” မော့ယွဲ့သည် ကြွားဝါတတ်သူ မဟုတ်သဖြင့် သူမ ဤသို့ ပြောဆိုနေခြင်းမှာ အောင်မြင်ရန် သေချာသလောက် ရှိနေခြင်းပင် ဖြစ်သည်။
စုန့်ယီရှန်းမှာ ဘာမှ မပြောတော့ပေ။ မော့ယွဲ့နှင့် တုဇယ်ချန်းတို့ ရိုက်ကူးရေးသွားချိန်တွင် သူမက ရှန်ယို့ယောင်၏ အနားသို့ တိုးသွားကာ သူမက ပြောလိုက်သည်။
"ငါ အပြိုင်ကမ္ဘာရဲ့ ဇာတ်လိုက်မင်းသမီး နေရာကို လိုချင်တယ်”
ရှန်ယို့ယောင်က သူမကို အံ့ဩတကြီး ကြည့်ကာ ပြောလိုက်သည်။
"နင် မကြားလိုက်ဘူးလား။ မော့ယွဲ့က အဲဒီနေရာအတွက် အတည်ပြုလုနီးပါး ဖြစ်နေပြီလေ။ ဒါရိုက်တာကျန်းစစ်ကလည်း နာမည်ကြီး ဒါရိုက်တာပဲ၊ နင့်မှာ လက်ရာ သိပ်မရှိသေးဘဲနဲ့ သူ့ရုပ်ရှင်မှာ ဇာတ်ပို့နေရာ ရတာတင် တော်တော်လေး ကံကောင်းနေပြီ မဟုတ်လား”
စုန့်ယီရှန်းက လှောင်ပြောင်သည့် လေသံဖြင့် သူမက ပြောလိုက်သည်။
"မော့ယွဲ့က မေ့နေပုံရတယ်... ငါက TDO ရဲ့ ကြော်ငြာသံတမန် ဖြစ်သွားပြီလေ။ ငါ့ရဲ့ အဆင့်အတန်းက သူ့ထက် အများကြီး မြင့်သွားပြီ။ ဇာတ်ပို့နေရာ ဟုတ်လား" သူမက အထင်သေးစွာဖြင့် ဆက်ပြောသည်။
"ပြီးတော့ သူကိုယ်တိုင်လည်း မသေချာသေးဘူးလို့ ပြောနေတာပဲ မဟုတ်လား”
ရှန်ယို့ယောင်သည် တုဇယ်ချန်း ပြောခဲ့သော စကားကို ယခုမှပင် နားလည်သွားခဲ့ရသည်။ တစ်ကြိမ် အောင်မြင်ခဲ့ဖူးသောသူသည် ဒုတိယအကြိမ် ထပ်မံ ကျူးလွန်ရန် မည်သို့မျှ ထိန်းမရတော့ပေ။ သူမက ပြောလိုက်သည်။
"မော့ယွဲ့က နင့်အပေါ်မှာ ဒီလောက် ကောင်းခဲ့တာလေ။ နင် ရှယွမ်ကျွမ်းမှာ ပါဝင်ခဲ့ရတာကော အခုချူမင်ဟောင်မှာ ပါဝင်ရတာကော သူမရဲ့ ကျေးဇူးတွေ မကင်းဘူး မဟုတ်လား။ နင် အခုလို လုပ်တာက ကျေးဇူးကန်းလွန်းရာ ကျနေပြီ”
စုန့်ယီရှန်းက ရယ်မောလျက် ပြောလိုက်သည်။ "အဲဒါကြောင့်လည်း နင့်ကို ခိုင်းနေတာပေါ့။ ငါက ကျေးဇူးကန်းတဲ့သူ မဟုတ်ပါဘူး၊ မော့ယွဲ့ရဲ့ ကျေးဇူးတွေကို ငါ မှတ်မိနေတုန်းပါ”
ရှန်ယို့ယောင်က မျက်နှာသေဖြင့် ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး၊ ငါ မလုပ်ပေးနိုင်ဘူး။ မော့ယွဲ့က ငါ့သူငယ်ချင်းပဲ၊ ငါ သူ့ကို ဘယ်တော့မှ နစ်နာအောင် မလုပ်ဘူး။ ပြီးတော့ ဒါရိုက်တာဟူနဲ့လည်း ငါက မသိဘူးလေ”
စုန့်ယီရှန်းက အေးအေးလူလူဖြင့် သူမက ပြောလိုက်သည်။ "နင်နဲ့ မသိပေမဲ့ တုမိသားစုနဲ့ သိတာပဲ၊ ရှန်မိသားစုနဲ့လည်း သိမှာပဲလေ။ မော့ယွဲ့ ကိစ္စကတော့ နင် နည်းနည်းလောက် အကြံထုတ်လိုက်ရင် သူက နင့်ကို ဘယ်လိုလုပ် အပြစ်ပြောရဲမှာလဲ”
ရှန်ယို့ယောင်က သူမကို လုံးဝ အဖက်မလုပ်တော့ပေ။ စုန့်ယီရှန်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"ဒါဆိုရင်... တုသခင်လေးက နင် သူ့ကို လိမ်ထားတဲ့ ကိစ္စကို သိသွားရင်လည်း နင်က ဂရုမစိုက်ဘူးပေါ့ ဟုတ်လား”
ရှန်ယို့ယောင်က အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။
"နင် ပြောချင်ရင် ပြောကြည့်လေ။ တုဇယ်ချန်းနဲ့ ငါနဲ့သာ ပြဿနာ တစ်ခုခု တက်ကြည့်လိုက်... TDO ဘက်က စာချုပ်ကို ချက်ချင်း ပြန်ရုပ်သိမ်းအောင် ငါ လုပ်နိုင်တယ်၊ နင် ယုံမလား”
စုန့်ယီရှန်း၏ မျက်နှာမှာ တောင့်တင်းသွားပြီး အံကြိတ်လျက် ပြောလိုက်သည်။ "နင် နောင်တ မရစေနဲ့"
စုန့်ယီရှန်းသည် သူမ၏ ရည်မှန်းချက် မအောင်မြင်သဖြင့် အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။ သူမသည် ရှန်ယို့ယောင်ကို သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်လိုက်တော့သည်။ တုဇယ်ချန်းနှင့်အတူ ဇာတ်ဝင်ခန်း ရိုက်ကူးချိန်တွင် သူမသည် နည်းလမ်းဟောင်းကို ထပ်မံ အသုံးပြုခဲ့ပြန်သည်။ ယခုအခါ သူမသည် သတိထားဟန်ပြရန်ပင် မလိုတော့ပေ။ အကြောင်းမှာ တုဇယ်ချန်းသည် သူမ မည်သည့် ရည်ရွယ်ချက်မှ မရှိဟု ယုံကြည်ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။
တိုက်ခိုက်သည့် အခန်းတစ်ခုတွင် သူမသည် ဂါဝန်ကို နင်းမိသလို ဟန်ဆောင်ကာ တုဇယ်ချန်း၏ ရင်ခွင်ထဲသို့ လဲကျရန် ကြိုးစားခဲ့သည်။ သို့သော် တုဇယ်ချန်းကမူ လျင်မြန်စွာဖြင့် ဘေးသို့ ရှောင်တိမ်းလိုက်သဖြင့် သူမသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ရသည်။ ဒါရိုက်တာက ချက်ချင်းပင် ရိုက်ကူးရေးကို ရပ်လိုက်ပြီး လူတိုင်းက စိုးရိမ်တကြီး ဝိုင်းအုံကာ မေးမြန်းကြသည်။
"ဘာဖြစ်သွားလဲဟင်”
စုန့်ယီရှန်းသည် ပွန်းပဲ့သွားသော ဒူးကို ပွတ်သပ်ရင်း တုဇယ်ချန်းကို လှမ်းကြည့်လိုက်သည်။ တုဇယ်ချန်းက လက်ယမ်းပြလျက် ပြောလိုက်သည်။
"တောင်းပန်ပါတယ်ဗျာ၊ ကျုပ်မိန်းမက အခု စိတ်ကောက်နေလို့လေ။ အဲဒါကြောင့် ဒီရက်ပိုင်းအတွင်း တခြားမိန်းကလေးတွေနဲ့ အကွာအဝေးတစ်ခု ထားရမယ်၊ လုံးဝ ထိလို့ မရဘူး”
စုန့်ယီရှန်းက အားတင်း၍ ပြုံးလျက် ပြောလိုက်သည်။ "ယို့ယောင်က ဒီလောက်အထိ သဝန်တိုတတ်မယ်လို့ မထင်ထားဘူး၊ ဆရာ့အနေနဲ့ တော်တော်လေး သည်းခံရမှာပဲနော်”
တုဇယ်ချန်းကမူ ကျေနပ်အားရစွာ ပြောလိုက်သည်။
"သည်းခံစရာ မလိုပါဘူးဗျာ၊ ဒါက သူ ကျုပ်ကို ချစ်တယ်ဆိုတဲ့ ပြယုဂ်ပဲ မဟုတ်လား..." စုန့်ယီရှန်းမှာမူ စကားမဆိုနိုင်တော့ဘဲ ဒေါသကြောင့် သွေးဆောင့်တက်သွားတော့သည်။
ရိုက်ကူးရေးပြီး၍ ထမင်းစားချိန်တွင် စုန့်ယီရှန်းသည် မော့ယွဲ့ကိုပါ ခေါ်ဆောင်၍ ရှန်ယို့ယောင်၏ အနားသို့ တိုးသွားခဲ့သည်။ သူမက နံနက်ပိုင်းက ဖြစ်ရပ်ကို အကြောင်းပြုကာ ရှန်ယို့ယောင်ကို စနောက်လိုက်သည်။
"နင်ကတော့ တုသခင်လေးရဲ့ ဘေးနားက ခြင်မတွေကိုတောင် အဝေးကို မောင်းထုတ်နေရတာပေါ့လေ”
မော့ယွဲ့က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။ စုန့်ယီရှန်းသည် TDO ကြော်ငြာကို ရရှိပြီးနောက်တွင် တော်တော်လေး မောက်မာလာခဲ့သည်။ အရင်က သူငယ်ချင်းအဖြစ် ယဉ်ကျေးပျူငှာခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ရှန်ယို့ယောင်အပေါ်တွင်မူ အလွန်ပင် မချေမငံ ပြုမူလာခဲ့သည်။ TDO ကြော်ငြာတစ်ခုတည်းက သူမအား ဤမျှအထိ ယုံကြည်မှုများ ပေးစွမ်းနိုင်သည်မှာ တစ်ခုခု ထူးဆန်းနေသကဲ့သို့ပင်။
ရှန်ယို့ယောင်ကမူ စုန့်ယီရှန်း၏ စိတ်ဓာတ်ကို ကောင်းစွာ သိရှိထားသည်။ တုဇယ်ချန်း စုံစမ်းပေးထားသော အချက်အလက်များအရ စုန့်ယီရှန်းသည် အဆင့်အတန်းရှိသူများနှင့်သာ ပေါင်းသင်းလေ့ရှိပြီး ပိုမို အင်အားကြီးမားသူများကို ရှာဖွေတတ်သူ ဖြစ်သည်။ ထိုသို့သော ဆက်ဆံရေးများအတွင်း သူမသည် အမြဲတမ်း နှိမ့်ချကာ ဖော်လန်ဖား လုပ်ခဲ့ရသည်လေ။ ယခုမူ သူမသည် ရှန်ယို့ယောင်၏ အားနည်းချက်ကို သိရှိထားသည်ဟု ယူဆနေသဖြင့် တုမိသားစုနှင့် ရှန်မိသားစုကိုပါ မိမိ၏ ကျောထောက်နောက်ခံအဖြစ် အသုံးချနိုင်ပြီဟု ထင်မှတ်နေခြင်း ဖြစ်သည်။ TDO ကြော်ငြာကို အလွယ်တကူ ရရှိခဲ့ခြင်းက သူမအား ပိုမို ယုံကြည်ချက် ရှိစေခဲ့သည်။ မကြာမီတွင် သူမသည် အောင်မြင်မှုများ ရရှိတော့မည်ဖြစ်ရာ သူတို့၏ မျက်နှာကို ကြည့်နေစရာ မလိုတော့ဟု သူမ ယူဆနေပုံရသည်။
"ဒါနဲ့... တုသခင်လေးကတော့ အခုချိန်မှာ နင့်အပေါ် ကောင်းပေးဖို့ကလွဲလို့ တခြားနည်းလမ်း မရှိဘူး မဟုတ်လား” စုန့်ယီရှန်းက ရှန်ယို့ယောင်ကို ကြည့်ကာ အဓိပ္ပာယ်ပါပါ သူမက ပြောလိုက်သည်။
"လက်ဝှေ့ချန်ပီယံ အဖေနဲ့ ရုပ်ရှင်ထူးချွန်ဆုရှင် အမေက ကျောထောက်နောက်ခံ ပေးထားမှတော့ တုသခင်လေးလည်း အလျှော့ပေးရမှာပေါ့” ထို့နောက် သူမက တုဇယ်ချန်းကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"ကြားတာတော့ သူတို့က ယို့ယောင်နဲ့ ငယ်ငယ်တုန်းက ကွဲသွားတာဆိုပဲ၊ ဘယ်လိုဖြစ်ပြီး ကွဲသွားတာလဲဟင်။ ဒီလောက်နှစ်တွေအကြာကြီးမှ ပြန်ရှာတွေ့တာကတော့ တကယ်ကို ကံကောင်းတာပဲနော်”
ရှန်ယို့ယောင်သည် တည်ငြိမ်စွာဖြင့် ထမင်းကိုသာ ဆက်စားနေပြီး သူမကို တစ်ချက်ပင် လှည့်မကြည့်ပေ။ သူမ ဖော်ထုတ်မည်ကို အနည်းငယ်မျှ စိုးရိမ်ဟန် မပြပေ။ တုဇယ်ချန်းကမူ ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။
"သခင်မလေး ဖြစ်မဲ့ ကံပါလာရင်တော့ သခင်မလေး ဖြစ်ရမှာပဲလေ။ သူ့မိဘတွေကို ရှာမတွေ့ရင်တောင်မှ သူက ကျုပ်ရဲ့ မင်းသမီးလေး ဖြစ်နေဦးမှာပါပဲ..."
ရှန်ယို့ယောင်က သူ့အား ပြုံး၍ တစ်ချက် ကြည့်လိုက်ရာ စုန့်ယီရှန်းမှာမူ ဒေါသကြောင့် ရင်ကျပ်မတတ် ဖြစ်သွားရတော့သည်။ တုဇယ်ချန်း ရိုက်ကူးရေးကွင်းသို့ ပြန်သွားချိန်တွင် စုန့်ယီရှန်းက အံကြိတ်လျက် ပြောလိုက်သည်။ "နင် ငါ အဖြစ်မှန်ကို မပြောဘူးလို့ တကယ်ပဲ ယုံကြည်နေတာလား”
ရှန်ယို့ယောင်က အေးစက်စွာ ပြောလိုက်သည်။
"ပြောလေ... နင် ပြောလိုက်တာနဲ့ နင့်မှာ ငါဆိုတဲ့ ကျောထောက်နောက်ခံ မရှိတော့ဘူးလို့သာ မှတ်လိုက်တော့”
"နင်" စုန့်ယီရှန်းက အော်ဟစ်လိုက်သည်။ သူမသည် အလွန်အမင်း ဒေါသထွက်သွားရာမှ ရုတ်တရက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်လည်း တို့တွေ စောင့်ကြည့်ကြတာပေါ့”
…