အခန်း ၁၀၇
Vol. 7 Ch. 107
အခန်း (၁၀၇)
မိတ်ဆက်ပွဲ ပြီးဆုံးပြီးနောက် တတိယမြောက်နေ့တွင် ယွဲ့ယာနင်နှင့် ရှန်ယုံနင်တို့သည် သခင်ကြီးရှန်၏ အရေးပေါ် ခေါ်ယူမှုကြောင့် အမေရိကန်သို့ ပြန်သွားခဲ့ကြသည်။ ထိုသို့ ပြန်သွားရခြင်းမှာ ထိုဘက်မှ အရှုပ်အထွေးများအတွက် အဖြေတစ်ခု ပေးရန် ရှိနေသောကြောင့် ဖြစ်သည်။
ထိုနောက် တစ်ပတ်ခန့် အကြာတွင် ရှန်မိသားစု ဇနီးမောင်နှံက ရှန်ယို့ယောင်နှင့် ဗီဒီယိုဖုန်း ပြောဆိုချိန်၌ သခင်ကြီးရှန်သည်လည်း ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ သူသည် ရှန်ယို့ယောင်ကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ အဘိုးတို့မှာ မြေးများအပေါ် အမြဲတမ်း သံယောဇဉ်ကြီးတတ်ကြသည် မဟုတ်ပါလား။ အထူးသဖြင့် ဆုံးရှုံးသွားရာမှ ပြန်လည် ရရှိလာသော ဤမြေးမလေးအပေါ်တွင် ပို၍ပင် တွယ်တာနေမိသည်။
သခင်ကြီးရှန်က အနည်းငယ် အားနာသည့်လေသံဖြင့် ပြောလိုက်သည်။ "မအားဘူးဆိုရင်တောင်... အဘိုးကို လာကြည့်ပါဦးကွယ်။ အဘိုးက သမီးအတွက် လက်ဆောင်တွေ ပြင်ထားပါတယ်”
ရှန်ယို့ယောင်မှာ ရင်ထဲ၌ အနည်းငယ် ဆို့နင့်သွားရကာ ပြောလိုက်သည်။ "ဒီဇာတ်ကား ရိုက်ကူးရေး ပြီးတာနဲ့ လာခဲ့ပါမယ်” ထို့နောက် ခေတ္တမျှ ရပ်နားလိုက်ပြီး ရှန်ယို့ယောင်က ထပ်မံ ခေါ်လိုက်သည်။ "အဘိုး”
"အေး... အေး... လိမ္မာလိုက်တဲ့ ကလေးလေး” သခင်ကြီးရှန်မှာ အလွန်ပင် ဝမ်းသာသွားကာ ပြောလိုက်သည်။ "ဒါဆို အဘိုး စောင့်နေမယ်နော်”
ထိုနောက်ပိုင်းတွင် ရှန်ယို့ယောင်နှင့် တုဇယ်ချန်းတို့သည် ရိုက်ကူးရေးလုပ်ငန်းများ၌သာ အာရုံစိုက်နေကြတော့သည်။ ထိုအတောအတွင်း 《ရှယွမ်ကျွမ်း》 ဇာတ်လမ်းတွဲကို စတင် ပြသခဲ့ရာ ရှန်ယို့ယောင်နှင့် မော့ယွဲ့တို့၏ နာမည်ကျော်ကြားမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ အထူးသဖြင့် ရှန်ယို့ယောင်၏ ဇာတ်ကောင် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားပြီးနောက်တွင် အပြင်ပန်း၌ ရက်စက်သော်လည်း အတွင်းစိတ် နူးညံ့လှသော ရှယောင်ကို ပရိသတ်များက ပို၍ပင် နှစ်သက်သွားကြတော့သည်။
#ရှန်ယို့ယောင်_ရှယောင်# ဟူသော ခေါင်းစဉ်မှာလည်း မျှော်လင့်ထားသည့်အတိုင်း ရေပန်းစားစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ အစစ်အမှန် လက်ရာတစ်ခု ရှိလာသောအခါ ပရိသတ်များ၏ ချစ်ခင်မှုမှာလည်း ပိုမို ခိုင်မာလာခဲ့သည်။ ယခုအခါ သူတို့သည် သူမကို တုကတော်၊ ရှန်မိသားစု သခင်မလေး စသည့် ဂုဏ်ပုဒ်များကြောင့် နှစ်သက်ခြင်း မဟုတ်တော့ဘဲ သူမ၏ သရုပ်ဆောင်မှု၊ သူမ၏ ရိုးသားကြိုးစားမှုနှင့် အာရုံစိုက်မှုတို့ကို အမှန်တကယ် ချစ်မြတ်နိုးလာကြခြင်း ဖြစ်သည်။
ရှန်ယို့ယောင်သည် အနေအေးသူ ဖြစ်သော်လည်း ဤကဲ့သို့ အသိအမှတ်ပြု ခံရသည့်အတွက် အလွန်ပင် ဝမ်းသာနေခဲ့သည်။ အထင်ရှားဆုံး သက်သေမှာ သူမ သရုပ်ဆောင်ချိန်တွင် ပိုမို အာရုံစိုက်လာနိုင်သလို၊ ရိုက်ကူးရေး အရှိန်မှာလည်း များစွာ မြန်ဆန်လာခဲ့ခြင်းပင် ဖြစ်သည်။
တုဇယ်ချန်းသည်လည်း လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ သရုပ်ဆောင်မှုများတွင် အလွန် ပီပြင်လာခဲ့သည်။ ဥပမာအားဖြင့် အဆိပ်သင့်၍ နာကျင်ရသည့် အခန်းများတွင် မိမိ၏ ခြေထောက်နှစ်ဖက်ကို ဆုံးရှုံးရတော့မည်ဟု ထင်မှတ်ခဲ့ရသော အချိန်က ခံစားချက်ကို ပြန်လည် မြင်ယောင်ခဲ့သည်။ ထို့အတူ ဧကရာဇ်တစ်ပါးအနေဖြင့် မိမိ၏ စစ်သူကြီးအပေါ် ချစ်မြတ်နိုးသော်လည်း ဖွင့်မပြောရဲသည့် အခန်းများတွင်မူ ရှန်ယို့ယောင်ကို ချစ်မိသွားသော်လည်း ဖွင့်မပြောရဲခဲ့သော အချိန်က ချိုမြိန်ခြင်းနှင့် ကြိတ်မှိတ်သည်းခံရခြင်းများကို ပေါင်းစပ် ဖော်ပြနိုင်ခဲ့ရာ ရိုက်ကူးရေးအဖွဲ့သားများပင် ရင်ခုန်သွားရလောက်အောင် ပီပြင်လွန်းလှသည်။
မော့ယွဲ့က သည်းမခံနိုင်တော့သည့်အလား အော်ဟစ်လိုက်သည်။ "ရင်တွေကွဲထွက်တော့မယ်။ သူတို့နှစ်ယောက်ကို အခုချက်ချင်း လက်ထပ်ခိုင်းလိုက်ချင်တယ်”
ဘေးမှ လူတစ်ဦးက ရယ်မောလျက် ပြောလိုက်သည်။ "ဒါပေမဲ့ သူတို့က လက်ထပ်ပြီးသား ဇနီးမောင်နှံတွေလေ”
"အဲဒါက အပြင်မှာလေ၊ ဇာတ်လမ်းထဲမှာမှ မဟုတ်တာ” မော့ယွဲ့သည် ဇာတ်လမ်းတွဲထဲမှ ၎င်းတို့နှစ်ဦး၏ အဆုံးသတ်ကို တွေးမိကာ သက်ပြင်းချလျက် ပြောလိုက်သည်။
"ငြိမ်းချမ်းတဲ့ ခေတ်ကြီးမှာ လူဖြစ်ရတာ တကယ်ကို ကံကောင်းတာပဲလို့ ရုတ်တရက် ခံစားလိုက်ရတယ်”
ရှေ့ဆောင် လမ်းပြခဲ့သူများ၏ အကြောင်းကို သမိုင်းစာအုပ်များတွင် စာကြောင်းတစ်ကြောင်း၊ အကောင်းအဆိုး သုံးသပ်ချက် တစ်ခွန်းဖြင့်သာ ဖော်ပြထားသော်လည်း တကယ်တမ်း လေ့လာကြည့်ပြီး ကိုယ်တိုင် ဝင်ရောက် သရုပ်ဆောင်ကြည့်ချိန်မှသာ သူတို့၏ ခက်ခဲကြမ်းတမ်းမှုများကို သိရှိလာရသည်။ ပျက်စီးယိုယွင်းနေသော နိုင်ငံတော်ကြီးကို ပြန်လည် ထိန်းသိမ်းရန်နှင့် ပြည်သူအားလုံး အဆင်ပြေပြေ ဖြစ်စေရန်အတွက် သူတို့သည် မည်သူမျှ မထင်မှတ်ထားနိုင်သော စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ခဲ့ကြရသည် မဟုတ်ပါလား။
ရိုက်ကူးရေး ပြီးဆုံးသွားသည့်နေ့တွင် ဒါရိုက်တာကောင်းသည် ဝမ်းသာလွန်းသဖြင့် မူးအောင် သောက်တော့သည်။ သူက အားလုံးကို ခွက်မြှောက်၍ ပြောလိုက်သည်။
"ဒီကားက သေချာပေါက် ဆုရမှာပဲလို့ ငါ ယုံကြည်တယ်။ တုဇယ်ချန်း၊ ရှန်ယို့ယောင်... မင်းတို့ မင်္ဂလာပွဲ ကျင်းပမယ်ဆိုရင်လည်း မြန်မြန် လုပ်ကြ၊ ငါတို့ရဲ့ ဆုပေးပွဲ ရက်နဲ့ သွားမတိုက်စေနဲ့ဦးနော်”
လူတိုင်းက အကျယ်ကြီး ရယ်မောလိုက်ကြသည်။ ဒါရိုက်တာကောင်းသည် လက်တွေ့ကျသော ဒါရိုက်တာတစ်ဦး ဖြစ်ရာ သူ ဤသို့ ပြောထွက်လာခြင်းမှာ အရက်မူးနေ၍ ဖြစ်သော်လည်း တကယ့်ကို ဝမ်းသာနေ၍ ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။
သူ၏ စကားက တုဇယ်ချန်းကို တစ်ခုခု သတိရသွားစေသဖြင့် ရှန်ယို့ယောင်ဘက် လှည့်၍ ပြောလိုက်သည်။ "ကိုယ်တို့ရဲ့ မင်္ဂလာရက်ကိုလည်း သတ်မှတ်သင့်ပြီနော်”
ရှန်ယို့ယောင်က ရှက်သွေးဖြာကာ ခေါင်းညိတ်ပြလိုက်သည်။ အစကတော့ လက်ထပ်ခွင့် တောင်းပြီးသည်နှင့် ရက်သတ်မှတ်ရန် စီစဉ်ထားခဲ့သော်လည်း အသေးစိတ် မတိုင်ပင်ရသေးမီမှာပင် သမီးအတု အစစ် ပြဿနာများ ပေါ်လာသဖြင့် ယနေ့အထိ အချိန်ကြန့်ကြာခဲ့ရသည်။ ယခုအခါ ရှန်ယို့ယောင်၏ အစစ်အမှန် ဘဝဇာတ်ကြောင်းကို အတည်ပြုနိုင်ပြီ ဖြစ်သော်လည်း ထိုအဆင့်အတန်းကြောင့်ပင် ကိစ္စများက အနည်းငယ် ပိုမို ရှုပ်ထွေးလာခဲ့သည်။ အခြားအရာများကို ထားလိုက်နိုင်သော်ငြား ရှန်ယို့ယောင် လက်ထပ်မည့် ကိစ္စကို သခင်ကြီးရှန်က လျစ်လျူရှုထားမည် မဟုတ်သည်မှာ သေချာလှသည်။
တုဇယ်ချန်းက ရုတ်တရက် ပြောလိုက်သည်။ "မင်းတို့ ရှန်မိသားစုရဲ့ စီးပွားရေးက အဲဒီလောက် ကြီးကျယ်တာဆိုတော့... သခင်ကြီးရှန်က ကိုယ့်ကို အထင်သေးနေမလား မသိဘူးနော်”
သူ ဤသို့ ပြောရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ သခင်ကြီးရှန်နှင့် ဗီဒီယိုဖုန်း ခေါ်ဆိုချိန်တိုင်းတွင် အဘိုးကြီးသည် သူ့အပေါ် အလွန်အကျွံ ယဉ်ကျေးနေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။
ရှန်ယို့ယောင်က ရယ်မောလျက် ပြောလိုက်သည်။ "ကျွန်မက ရှင့်ကို အထင်မသေးရင် ပြီးတာပဲပေါ့”
တုဇယ်ချန်းက သူမ၏ နဖူးကို အားပါပါ နမ်းလိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုရင် ရှန်မိသားစု အိမ်တော်ကို ရောက်ရင် ကိုယ်က မင်းကိုပဲ အားကိုးရတော့မှာပေါ့”
ရှန်ယို့ယောင်က သူ၏ ပခုံးကို မှီကာ ပြုံးလျက် ပြောလိုက်သည်။ "စိတ်ချထားလိုက်ပါ”
သခင်ကြီးရှန်ကို သွားရောက် တွေ့ဆုံရန် ကတိပေးထားသဖြင့် ၎င်းတို့နှစ်ဦးမှာ အချိန်မဆွဲတော့ဘဲ ခရီးစဉ်ကို စတင်ခဲ့ကြသည်။ အထူးသဖြင့် သခင်ကြီးရှန်၏ အသက်အရွယ်မှာ အဘိုးတု ဆုံးပါးသွားချိန်က အသက်အရွယ်နှင့် အတူတူပင် ဖြစ်နေသဖြင့် တုဇယ်ချန်းသည် သက်ကြီးရွယ်အိုများ၏ အချိန်များကို အလွန် တန်ဖိုးထားတတ်နေပြီ ဖြစ်သည်။
ယွဲ့ယာနင်နှင့် ရှန်ယုံနင်တို့က လေဆိပ်တွင် လာရောက် ကြိုဆိုကြသည်။ ယွဲ့ယာနင်သည် ရှန်ယို့ယောင်ကို တွေ့သည်နှင့် ပြောလိုက်သည်။
"စတုတ္ထဦးလေးနဲ့ ရှန်ချီဖန်ကို အဘိုးကြီးက အပြစ်ပေးလိုက်ပြီ” သူမသည် သခင်ကြီးရှန်၏ ဆုံးဖြတ်ချက်ကို လေးစားမိသွားည်။ စတုတ္ထအိမ်တော်ခွဲ၏ အကြံအစည်ကို သိရှိပြီးနောက် အဘိုးကြီးသည် ဒေါသတကြီးဖြင့် စတုတ္ထသားဖြစ်သူကို အာဖရိကတောင်ပိုင်းရှိ ရုံးခွဲသို့ နောင်တရစေရန် ပို့ပစ်လိုက်သည်။ ထို့ပြင် ရှန်ချီဖန်အား ပေးရန် ရည်ရွယ်ထားသော ရှယ်ယာပမာဏအတိုင်း စတုတ္ထသား၏ ရှယ်ယာများထဲမှ ပြန်လည် သိမ်းယူလိုက်တော့သည်။
ဤလုပ်ရပ်မှာ ကြက်ကိုသတ်၍ မျောက်ကို ခြောက်ခြင်း ပင် ဖြစ်ရာ အခြားသူများမှာ မည်သည့် အကြံအစည်မျှ မတွေးရဲကြတော့ပေ။ များများ လုလေ၊ ကျရှုံးချိန်တွင် များများ ဆုံးရှုံးရလေ ဖြစ်မည်။
ယွဲ့ယာနင်က ဆက်ပြောလိုက်သည်။ "အခုဆို သမီးက အဘိုးကြီးရဲ့ ရတနာလေး ဖြစ်နေပြီဆိုတော့၊ အားလုံးက သမီးအပေါ် ကောင်းကြမှာပါ။ အဲဒါကြောင့် သိပ်ပြီး စိုးရိမ်မနေနဲ့နော်။ ဒါပေမဲ့..." သူမသည် စကားကို ရပ်လိုက်ပြီး တုဇယ်ချန်းဘက်သို့ လှည့်ကြည့်လိုက်ရာ တုဇယ်ချန်းမှာ ချက်ချင်းပင် စိုးရိမ်သွားကာ မေးလိုက်သည်။ "မေမေ... ဘာဖြစ်လို့လဲဟင်”
ယွဲ့ယာနင်၏ လေသံမှာ အနည်းငယ် မကျေမနပ်ဖြစ်ဟန် ပါဝင်နေပြီး မေးလိုက်သည်။
"မင်းက ဒုတိယအကြိမ် လက်ထပ်တာလား”
ရှန်ယုံနင်ကလည်း သူ့ကို စူးစိုက်ကြည့်လိုက်သည်။
တုဇယ်ချန်းမှာ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားကာ [သိ... သိသွားကြပြီပေါ့...] အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ မိမိ သမီးလေးကို တစ်စုံတစ်ယောက်က အတင်းအကျပ် လက်ထပ်စာချုပ် ချုပ်ခိုင်းခဲ့သည်ဆိုသော အချက်မှာ မိဘများအတွက် လုံးဝ ကျေနပ်စရာ မကောင်းသော ကိစ္စ ဖြစ်ပေသည်။
ရှန်ယို့ယောင်က နားမလည်စွာဖြင့် မေးလိုက်သည်။
"မေမေတို့က ဒါကို ဘယ်လိုလုပ် သိတာလဲ” သူမ၏ မိဘများမှာ ဤမျှအထိ အသေးစိတ် လိုက်လံ စုံစမ်းတတ်သူများ မဟုတ်သလို သူမအပေါ် တုဇယ်ချန်း၏ ကောင်းမွန်မှုများကိုလည်း ကိုယ်တိုင် မြင်တွေ့ထားပြီး ဖြစ်ရာ ယခုအချိန်မှ ထိုကိစ္စကို အပြစ်ရှာနေစရာ အကြောင်း မရှိပေ။
ယွဲ့ယာနင်က ပြောလိုက်သည်။
"အဘိုးကြီး စုံစမ်းထားတာလေ” မြေးမလေး၏ အတိတ်ကို သူ မပါဝင်ခဲ့ရသော်လည်း တတ်နိုင်သမျှ လေ့လာကာ သူမ၏ ဘဝအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးချင်သော အဘိုးကြီး၏ ဆန္ဒကြောင့်ပင် တုဇယ်ချန်းက ရှန်ယို့ယောင်ကို လက်ထပ်ခဲ့ရသည့် အကြောင်းရင်းများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အမှန်တော့ ဤကိစ္စကို စုံစမ်းရန် မခက်ခဲလှပေ။ တုဇယ်ချန်းနှင့် ဖန်ရွှယ်ယင်းတို့ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့သည့် ကိစ္စကို တမင် ကြေညာခဲ့ခြင်း မရှိသော်လည်း ဖုံးကွယ်ထားခဲ့ခြင်းလည်း မရှိပေ။ ယန်မြို့ အထက်တန်းလွှာ အသိုင်းအဝိုင်းနှင့် အနုပညာလောကတွင် ဤကိစ္စကို သိရှိသူ အချို့ ရှိကြသည်။ သို့သော် ထိုအသိုင်းအဝိုင်း နှစ်ခုလုံး၏ ထူးခြားချက်မှာ ပါးစပ်စောင့်တတ်ခြင်းပင် ဖြစ်သည်။ အချိန်များ ကြာလာသည်နှင့်အမျှ ဖန်ရွှယ်ယင်းကသာ အရင် အမှားလုပ်ခဲ့ကြောင်း လူတိုင်း သိလာကြသလို တုဇယ်ချန်းကလည်း ရှန်ယို့ယောင်အပေါ် အလွန် အလိုလိုက်ထားသည်ကို မြင်တွေ့ရသောအခါ အားလုံးက မသိချင်ယောင် ဆောင်ပေးထားကြခြင်း ဖြစ်သည်။
ရှန်ယို့ယောင်က ယွဲ့ယာနင်၏ လက်မောင်းကို အလောတကြီး ဆွဲကိုင်ကာ ပြောလိုက်သည်။ "မေမေ... ကျွန်မ အဲဒီကို စရောက်ကတည်းက သူက ကျွန်မကို အရမ်း ဂရုစိုက်ခဲ့တာပါ။ ကျွန်မအပေါ် မကောင်းတာ တစ်ခုမှ မလုပ်ခဲ့ပါဘူး”
ယွဲ့ယာနင်က မေးလိုက်သည်။ "တကယ်လား”
တုဇယ်ချန်းက ချက်ချင်းပင် ဝင်ရောက် အတည်ပြုလိုက်သည်။ "တကယ်ပါဗျာ။ ကျွန်တော်က ယို့ယောင် ဖြစ်နေလို့ကို ချစ်မိသွားတာပါ။ ကျွန်တော် လက်ထပ်ချင်တဲ့သူ၊ တစ်သက်လုံး အတူနေသွားချင်တဲ့သူကလည်း သူ တစ်ယောက်တည်းပါ”
ရှန်ယို့ယောင် အဖြစ်မှန်ကို ဖွင့်ပြောပြီးကတည်းက သူသည် သူမထံမှ အတိတ်ဘဝက အဆုံးသတ်ကို မေးမြန်းခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဖန်ရွှယ်ယင်းက သူ့ကို အသည်းအသန် ကွာရှင်းချင်ခဲ့ရသည့် အကြောင်းအရင်းကို သူ သိရှိခဲ့သည်။ ထို့ပြင် အတိတ်ဘဝက မူလပိုင်ရှင် ရှန်ယို့ယောင်သည်လည်း အစပိုင်းတွင် သူနှင့် တကယ့် လင်မယား ဖြစ်ချင်ခဲ့သော်လည်း သူ ဒုက္ခရောက်သွားချိန်တွင်မူ တဖြည်းဖြည်း အေးစက်သွားခဲ့ကြောင်းကိုလည်း သိရှိခဲ့ရသည်။ မူလပိုင်ရှင်မှာ ယခု ရှန်ယို့ယောင်ကဲ့သို့ စိတ်ထားမျိုး မရှိဘဲ ကွာလည်း မကွာရှင်းချင်၊ လူကုံထံ ကတော်ဆိုသည့် အဆင့်အတန်းကိုလည်း မက်မောနေခဲ့သည်။ တုဇယ်ချန်း ဒုက္ခရောက်သွားလျှင်ပင် တုဟုန်ရိက ငွေကြေးပိုင်းတွင် မချို့တဲ့စေခဲ့သဖြင့် သူမသည်လည်း လွန်ခဲ့သော ဘဝက ဖန်ရွှယ်ယင်းကဲ့သို့ပင် အိမ်တွင် ခင်ပွန်းနှင့် စိမ်းကားစွာ နေထိုင်ကာ အပြင်တွင်မူ တုမိသားစု၏ ငွေများဖြင့် ထင်တိုင်းကြဲနေခဲ့ခြင်း ဖြစ်သည်။
ထိုအချက်များကို တွေးမိကာ တုဇယ်ချန်းက အလေးအနက် ပြောလိုက်သည်။ "ကျွန်တော် ရွေးချယ်ထားတဲ့သူက ယို့ယောင် တစ်ယောက်တည်းပါ”
ယွဲ့ယာနင်သည် အတိတ်က အဖြစ်အပျက်များမှာ ဇာတ်လမ်း၏ မူလလမ်းကြောင်းအတိုင်း ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်သဖြင့် များစွာ ပြောဆိုနိုင်မည် မဟုတ်မှန်း သိရှိထားသည်။ တုဇယ်ချန်း၏ ရှန်ယို့ယောင်အပေါ် ကောင်းမွန်မှုများကိုလည်း သူမ ကိုယ်တိုင် မြင်တွေ့ထားပြီး ဖြစ်သည်။ ထိုသတင်းကို စကြားရချိန်တွင် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့သော်လည်း သမက်အဖြစ် အသိအမှတ်မပြုရန်မူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ယွဲ့ယာနင်က ပြောလိုက်သည်။
"အဘိုးကြီးကိုတော့ သတိထား၊ သူက ဒီလို ကိစ္စတွေကို သိပ်ပြီး နားလည်ပေးနိုင်မှာ မဟုတ်ဘူး”
တုဇယ်ချန်းမှာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"သူက ကျွန်တော်တို့ကို နှောင့်ယှက်မှာလားဟင်”
ယွဲ့ယာနင်သည် မျက်မှောင်ကြုတ်ကာ ဘာမှ ပြန်မပြောပေ။
ရှန်ယို့ယောင်သည် သူ၏ စိုးရိမ်နေမှုကို ရိပ်မိသဖြင့် သူ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့”
ယွဲ့ယာနင်၏ သဘောထားက တုဇယ်ချန်း၏ တိုက်ပွဲဝင်လိုစိတ်ကို ပိုမို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူသည် ရှန်ယို့ယောင်၏ လက်ကို ပြန်လည် ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"စိတ်ချပါ... ဘာပဲဖြစ်ဖြစ် ကိုယ် မင်းကို ဘယ်တော့မှ အဆုံးရှုံးမခံပါဘူး” ဒီဘဝမှာ ကိုယ် ရွေးချယ်ထားတာ မင်း တစ်ယောက်တည်းပါ။
တုဇယ်ချန်းသည် ရှန်မိသားစု၏ ပင်မအိမ်တော်သို့ ရောက်ရှိလာချိန်အထိ အသက်ကို ပြင်းပြင်းရှူကာ မိမိကိုယ်မိမိ ပြင်ဆင်နေခဲ့ရသည်။ သခင်ကြီးရှန်က ဦးဆောင်ကာ ဦးလေး သုံးယောက်၊ ဒေါ်လေး နှစ်ယောက်နှင့် ညီအစ်ကိုမောင်နှမ ဝမ်းကွဲများ အားလုံး ထွက်လာကြိုဆိုကြသဖြင့် ရှန်ယို့ယောင် ပြန်လည် ရောက်ရှိလာမှုအပေါ် မည်မျှအထိ အလေးထားကြောင်း သိသာလှသည်။
ရှန်ယို့ယောင်၏ အကြည့်များသည် အရှေ့ဆုံးမှ ရပ်နေသော အဘိုးအိုထံသို့ ရောက်ရှိသွားကာ ခေါ်လိုက်သည်။ "အဘိုး”
"အေး... အေး..." သခင်ကြီးရှန်မှာ တကယ်ကို ဝမ်းသာနေခဲ့ပြီး အကြိမ်ကြိမ် ပြောလိုက်သည်။
"ပြန်လာတာ ကောင်းတယ်... ပြန်လာတာ ကောင်းပါတယ်”
ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ လက်ကို ဆွဲကာ ရှက်သွေးဖြာစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
"အဘိုး... ဒါက သမီးရဲ့ အမျိုးသား၊ တုဇယ်ချန်း ပါ”
တုဇယ်ချန်းက အလောတကြီး ပြောလိုက်သည်။ "မင်္ဂလာပါ အဘိုး”
သခင်ကြီးရှန်က ပြုံးလျက် ပြန်ပြောလိုက်သည်။ "မင်္ဂလာပါ ရှောင်တု”
အဘိုးကြီး၏ အမူအရာမှာ သူ့အပေါ် မည်သည့် အမြင်မကြည်မှုမျှ မရှိသည့်ပုံ ပေါက်နေသော်လည်း ဧည့်ခန်းအတွင်း ရောက်ရှိချိန်၌ သခင်ကြီးရှန်က ရှန်ယို့ယောင်ကို ဆွဲခေါ်ကာ ဆွေမျိုးများနှင့် မိတ်ဆက်ပေးနေစဉ်မှာပင် တုဇယ်ချန်းသည် သူတို့၏ အေးစက်သော သဘောထားကို ခံစားလိုက်ရသည်။ ရှန်မိသားစုကဲ့သို့သော ထိပ်တန်း အသိုင်းအဝိုင်းများ၏ ယဉ်ကျေးမှုအရ သူတို့သည် မကျေမနပ်လျှင်ပင် တစ်ဖက်လူကို အနေရခက်အောင် လုပ်မည်မဟုတ်ပေ။ သို့သော် သူတို့ လက်မခံချင်သော အရာကိုမူ ၎င်းတို့၏ အရှိန်အဝါဖြင့် ငြင်းပယ်လေ့ ရှိကြသည်။
ရှန်ယို့ယောင်က စကားပြောတိုင်း သူ့ကို ထည့်သွင်းပြောဆိုကာ သူတို့ နှစ်ယောက်ကို ခွဲမရအောင် ကြိုးစားသော်လည်း သူတို့ကမူ တုဇယ်ချန်းကို ရှန်ယို့ယောင်၏ သာမန် သူငယ်ချင်း တစ်ယောက်လိုသာ အလွယ်တကူ သဘောထား ပြုမူနေကြသည်။ အချုပ်အားဖြင့်ဆိုသော် သူ၏ ခင်ပွန်း ဆိုသည့် အဆင့်အတန်းကို အသိအမှတ် မပြုကြခြင်းပင်။
ရှန်ယို့ယောင်အား လက်ဆောင်များ ပေးအပ်ချိန်တွင်လည်း စုံတွဲသုံး လက်ဆောင်မျိုး တစ်ခုမျှ မပါဝင်ဘဲ သူမ အရွယ် မိန်းကလေးများ နှစ်သက်မည့် အရာများကိုသာ သီးသန့် ပေးအပ်ခဲ့ကြသည်။ ညပိုင်း အိပ်ချိန်ရောက်သောအခါတွင်မူ တုဇယ်ချန်းကို ဧည့်ခန်း တစ်ခုကိုသာ သီးသန့် စီစဉ်ပေးလိုက်တော့သည်။
တုဇယ်ချန်းက ပြောလိုက်သည်။ "..."
ရှန်ယို့ယောင်က တစ်ခုခု ပြောရန် ပြင်စဉ်မှာပင် အိမ်တော်ထိန်းက သိမ်မွေ့စွာဖြင့် ရှင်းပြလာခဲ့သည်။
"သခင်ကြီးက ရှေးရိုးစွဲ အမြင် ရှိသူပါခင်ဗျာ။ စာရွက်စာတမ်းတွေထက် အခမ်းအနားကိုပဲ ပိုအလေးထားတတ်လို့ပါ။ သခင်မလေးနဲ့ သခင်လေးတုတို့ နားလည်ပေးပါဖို့ တောင်းပန်ပါတယ်”
၎င်းတို့ နှစ်ဦးလုံးမှာ ဘာမှ ဆက်မပြောနိုင်တော့ပေ။ ဤသို့သော အတွေးအခေါ်မျိုးမှာ လူကြီးများစွာတွင် ရှိတတ်ကြရာ သခင်ကြီးရှန်က သက်သက် ပြဿနာရှာနေခြင်း မဟုတ်ကြောင်း သိသာလှသည်။
တုဇယ်ချန်းက ပြောလိုက်သည်။ "ကျွန်တော် အခု လာရတာကလည်း အဘိုးနဲ့ မင်္ဂလာရက် ကိစ္စကို တိုင်ပင်ချင်လို့ပါ”
အိမ်တော်ထိန်းက ပြုံးပြလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ အင်အားကြီးမားသော ရန်သူများနှင့် ရင်ဆိုင်ရသဖြင့် တုဇယ်ချန်းသည်လည်း အပြည့်အဝ သတိထားနေရပြီး အနည်းငယ်မျှပင် အရမ်းကာရော မလုပ်ရဲတော့ပေ။ ည ၁၀ နာရီထိုး၍ လူတိုင်း အခန်းအသီးသီးသို့ ပြန်သွားချိန်တွင်ပင် ရှန်ယို့ယောင်၏ အခန်းထဲ၌ အကြာကြီး မနေရဲဘဲ မိမိ၏ ဧည့်ခန်းသို့ ပြန်ကာ သူမနှင့် ဗီဒီယိုကောသာ ပြောရတော့သည်။
ဤသို့သော နေထိုင်မှုပုံစံမှာ နောင်တွင် အမြဲ ဖြစ်လာတော့မည်ဟု မည်သူ ထင်မည်နည်း။ အကြောင်းမှာ ဒုတိယနေ့မှစ၍ ရှန်ယို့ယောင်မှာ အလွန်ပင် အလုပ်များလာခဲ့သောကြောင့် ဖြစ်သည်။ သခင်ကြီးရှန်သည် ရှန်ယို့ယောင်အတွက် ကြိုဆိုပွဲ အခမ်းအနားတစ်ခု ကျင်းပပေးရန် စီစဉ်ထားသည်။ ထိုကြိုဆိုပွဲမှာ သာမန် ကြိုဆိုပွဲမျိုး မဟုတ်ဘဲ ရှန်ယို့ယောင် ပြန်လည် ရောက်ရှိလာကြောင်းကို အထက်တန်းလွှာ အသိုင်းအဝိုင်း တစ်ခုလုံးအား ကြေညာမည့်ပွဲ ဖြစ်ရာ ထိုအသိုင်းအဝိုင်းမှ လူတိုင်းနီးပါးကို ဖိတ်ကြားမည် ဖြစ်သည်။
ရှန်မိသားစု၏ အဆင့်အတန်းအရ ထိုဧည့်သည်များမှာ တုဇယ်ချန်းပင် မော့ကြည့်ရမည့် သူဌေးကြီးများ ဖြစ်နေပေလိမ့်မည်။ ရှန်ယို့ယောင်က အနည်းငယ် တွန့်ဆုတ်နေသော်လည်း သခင်ကြီးရှန်က ပြုံးလျက် ပြောလိုက်သည်။ "ရှောင်တုကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးမားတဲ့ ထန်မိသားစု လုပ်ငန်းစုကြီးကို အုပ်ချုပ်နေရတာဆိုတော့ ဒီက လူတွေနဲ့ စကားပြောကြည့်ရင် အတွေ့အကြုံသစ်တွေ အများကြီး ရမှာပါ”
ရှန်ယို့ယောင်သည် တုဇယ်ချန်းကို ကြည့်လိုက်သည်။ တုဇယ်ချန်းသည် ထန်မိသားစုကို အုပ်ချုပ်ရာတွင် မည်မျှ ခက်ခဲကြောင်းကို သူမ သိရှိထားသည်။ အဘိုးတု ရှိစဉ်က သူ မသင်ယူခဲ့သလို တုဟုန်ရိကလည်း သူ့ကို တစ်ခါမျှ မသင်ကြားပေးခဲ့ပေ။ သူမသည်လည်း လက်ဝှေ့ထိုးခြင်းနှင့် သရုပ်ဆောင်ခြင်းကိုသာ အဓိက သိရှိထားသူ ဖြစ်သည်။ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်များကို သင်ယူခဲ့သော်လည်း သီအိုရီနှင့် လက်တွေ့မှာ တစ်ခါတရံ များစွာ ကွာခြားလှသည် မဟုတ်ပါလား။
သခင်ကြီးရှန်က တုဇယ်ချန်းဘက်သို့ လှည့်ကာ ထပ်မံ ပြောလိုက်သည်။ "မင်းက ထန်မိသားစုမှာ ကြီးပြင်းလာခဲ့တာဆိုတော့ အရင်က လူငယ်သဘာဝ ဆိုးသွမ်းခဲ့တယ် ဆိုပေမဲ့ မင်းရဲ့ အဘိုးနဲ့ အမေကတော့ မင်းကို ယဉ်ကျေးမှုပိုင်းမှာ သေချာ သင်ပေးခဲ့ပုံရပါတယ်။ ကောင်းမွန်တဲ့မိသားစုမှာ အဲဒီနဲ့ ထိုက်တန်တဲ့ ယဉ်ကျေးမှု ရှိရမယ် ဆိုတာကို မင်း လက်ခံတယ် မဟုတ်လား။ မဟုတ်ရင် သူက ရှန်မိသားစုရဲ့ သခင်မလေး တစ်ယောက်အနေနဲ့ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင် အဲဒီအရှက်ကွဲမှုက ဖုန်းနဲ့ ကွန်ပျူတာ မကြည့်ရုံနဲ့ ဖြေရှင်းလို့ ရမဲ့ ကိစ္စမျိုး မဟုတ်တော့ဘူးလေ”
အရှင်းဆုံး ပြောရလျှင် အွန်လိုင်းမှ ပရိသတ်များ၏ လှောင်ပြောင်မှုဆိုသည်မှာ ပါးစပ်သရမ်းရုံမျှသာ ဖြစ်ပြီး မြင်ကွင်းကျယ်လှသဖြင့် ကြောက်စရာ ကောင်းသယောင် ထင်ရသော်လည်း ကာယကံရှင်က ဂရုမစိုက်လျှင် ဘာမှ မဖြစ်နိုင်ပေ။ သို့သော် အထက်တန်းလွှာ အသိုင်းအဝိုင်းအတွင်းမှ လူများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရပါက တကယ့်ကို ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်ပေသည်။ လူကြီးများ၏ စကားမှာ တကယ့်ကို အကွက်စေ့လှသည်ဟု ဆိုရမည်။ ၎င်းတို့ နှစ်ဦးလုံးမှာ တစ်ဖက်လူအတွက် ငဲ့ညှာကာ ဤအဆိုပြုချက်ကို လက်ခံလိုက်ရတော့သည်။
ထို့ကြောင့် ရှန်ယို့ယောင်သည် သူမ ရှန်မိသားစုနှင့် ကင်းကွာနေစဉ် လွတ်ဟင်းသွားခဲ့သော ပညာရပ်များကို အသည်းအသန် ပြန်လည် သင်ယူရတော့သည်။ တစ်နေ့လျှင် ၄၊ ၅ ချိန်ခန့် ဆက်တိုက် သင်ယူရသဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန်ကထက်ပင် ပိုမို ပင်ပန်းနေခဲ့သည်။ တစ်ခါတရံ ညဘက် အခန်းသို့ ပြန်ရောက်ချိန်တွင် တုဇယ်ချန်းနှင့် ဗီဒီယိုဖုန်း ပြောရင်း စကားပင် ကောင်းကောင်း မပြောနိုင်ဘဲ အိပ်ပျော်သွားတတ်သည်။ တုဇယ်ချန်းမှာမူ သူမကို ကြည့်ရင်း အလွန်ပင် သနားနေမိသည်။ သူမထံ သွားကြည့်ချင်သော်လည်း အိမ်တော်ထိန်းက အမြဲတမ်း စောင့်ကြည့်နေသလို ရှန်မိသားစုကလည်း သူ့အပေါ် အမြင်မကြည်သဖြင့် အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်စေရန် အလွန် သတိထားနေရသည်။
ရှန်ယို့ယောင်သည် စာသင်ရသည်ကို မငြင်းဆန်သော်လည်း သူမ ငြင်းဆန်ချင်သည်မှာ တုဇယ်ချန်းနှင့် မတွေ့ရခြင်းပင် ဖြစ်သည်။ တစ်အိမ်တည်း အတူရှိနေပါလျက် နေရာဝေးတွင် ရောက်နေသကဲ့သို့ ခံစားရပြီး၊ ညဘက်မှသာ ဗီဒီယိုဖုန်းဖြင့် ခေတ္တမျှ စကားပြောခွင့် ရသည်လေ။
နှစ်ရက်ခန့် ကြာပြီးနောက် သူမ မခံစားနိုင်တော့သဖြင့် အနားယူချိန်တွင် တုဇယ်ချန်းကို သွားရှာရန် ပြင်လိုက်စဉ် ဒုတိယအိမ်တော်မှ ဝမ်းကွဲအစ်မဖြစ်သူ ရှန်ယို့ဖောက လာတားလိုက်သည်။
"ယို့ယောင်... လေ့ကျင့်လို့ ပြီးပြီလား။ မြန်မြန် နားလိုက်ဦး၊ မဟုတ်ရင် မနက်ဖြန် ခြေထောက်တွေ နာနေလိမ့်မယ်” ထိုသို့ ပြောရင်း အကြောဖြေပေးမည့်သူကို ခေါ်ကာ ရှန်ယို့ယောင်အား နှိပ်နယ်ပေးရန် စီစဉ်ပေးလိုက်သည်။
သူမသည် ရှန်ယို့ယောင်၏ ပင်ပန်းနေသော ပုံစံကို ကြည့်ကာ သနားဟန်ဖြင့် ပြောလိုက်သည်။
"ပင်ပန်းတယ် မဟုတ်လား။ အစ်မတို့လည်း ငယ်ငယ်ကတည်းက ဒီလိုပဲ ဖြတ်သန်းလာခဲ့ရတာပါ။ ဒါပေမဲ့ အစ်မတို့က အချိန်ယူပြီး ဖြည်းဖြည်းချင်း သင်ခဲ့ရတာဆိုတော့ တော်သေးတယ်၊ ညီမလေးကတော့ နည်းနည်း ပိုပင်ပန်းမှာပေါ့။ လူတွေက အစ်မတို့ကို ကြည့်ပြီး လှပတယ်၊ ကျက်သရေရှိတယ်လို့ ထင်ကြပေမဲ့ တို့တွေ နောက်ကွယ်မှာ ဘယ်လောက်အထိ ပေးဆပ်ခဲ့ရလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ငယ်ငယ်တုန်းကဆိုရင် ကျောင်းပြေးချင်စိတ်တွေ ခဏခဏ ဖြစ်ခဲ့ရတာ။ ဒါပေမဲ့ အခုလို အကျင့်ဖြစ်သွားတော့လည်း အဆင်ပြေသွားတာပါပဲ။ အဘိုးက အစ်မတို့ကို ဒီလောက်အထိ တင်းတင်းကျပ်ကျပ် သင်ပေးခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ”
ရှန်ယို့ဖောက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ အဘိုးက နင့်ကို ဒီလောက် အလောတကြီး သင်ခိုင်းနေတာကလည်း နင့်အပေါ် အရမ်း အလေးထားလို့ပါ။ အဘိုးက အမြဲတမ်း အဲဒီလိုပဲ၊ သူ ချစ်တဲ့သူကိုပဲ အမြဲတမ်း ဆုံးမတတ်တာ။ အရင်တုန်းက ရှန်ချီဖန်ကို ဆိုရင် ဒီလိုမျိုး ဂရုမစိုက်ခဲ့ဘူးလေ။ အဲဒီတုန်းက လူတွေက အဘိုးဟာ သူမကို ပျက်စီးအောင် အလိုလိုက်ထားပြီးမှ အကျင့်ကို ပြန်ပြင်ပေးမလို့ပဲလို့တောင် ထင်ခဲ့ကြတာ”
ရှန်ယို့ယောင်သည် မိမိကိုယ်မိမိ ဂုဏ်ယူစရာဟု အနည်းငယ်မျှ မခံစားရပေ။ သူမသည် တုဇယ်ချန်းကိုသာ တွေ့ချင်နေခဲ့သည်။ ရှန်ယို့ယောင်က ပြောလိုက်သည်။ "တုဇယ်ချန်းကော ဘယ်မှာလဲဟင်”
ရှန်ယို့ဖောက ပြောလိုက်သည်။
"သူက နင့်ကို မပြောပြဘူးလား။ အစ်မ ခုနက ဝင်လာတုန်းက ကြားလိုက်တာ... အဘိုးက အစ်ကို့ကို ခိုင်းပြီး သူ့ကို သူငယ်ချင်းတွေနဲ့ သွားမိတ်ဆက်ခိုင်းလိုက်တယ်တဲ့။ သူက အဝေးကြီးကနေ လာရတာဆိုတော့ လက်ဗလာနဲ့တော့ အပြန်မလွှတ်နိုင်ဘူးလေ”
ရှန်ယို့ယောင်သည် ဖုန်းကို ထုတ်ကြည့်လိုက်ရာ တုဇယ်ချန်းထံမှ မက်ဆေ့ချ် ရောက်နေသည်ကို တွေ့လိုက်ရသည်။ [ဝမ်းကွဲအစ်ကိုက ကိုယ့်ကို အပြင်ခဏ ခေါ်သွားလို့၊ စိတ်မပူနဲ့နော်။]
ရှန်ယို့ယောင်သည် သခင်ကြီးရှန်က သူမကို လေ့ကျင့်ပေးသလို တုဇယ်ချန်းကိုလည်း လေ့ကျင့်ပေးနေသည်ဟု ထင်မှတ်ကာ ဝမ်းသာသွားခဲ့ပြီး ရှန်ယို့ဖော စကားအတွင်းမှ အခြားသော ဆိုလိုရင်းများကို သတိမထားမိခဲ့ပေ။
သို့သော် နောက်တစ်နေ့တွင်မူ သူမ ရင်ထဲ၌ အနည်းငယ် စိုးရိမ်လာခဲ့သည်။ လူမှုရေးအက သင်တန်းတွင် တုဇယ်ချန်းကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ သူသည် တံခါးဝတွင် မှီကာ သူမ ကနေသည်ကို ကြည့်နေခဲ့သည်။ ရှန်ယို့ယောင်သည် ဝမ်းသာအားရ ပြုံးလိုက်ရာ သူမ၏ ခြေလှမ်းများပင် ပိုမို ပေါ့ပါးလာခဲ့ပြီး တုဇယ်ချန်းသည်လည်း သူမ၏ အပြုံးကြောင့် အလိုလို ပြုံးမိသွားတော့သည်။
ရှန်ယို့ယောင်သည် အတန်းပြီးချိန်တွင် သူနှင့် စကားသွားပြောရန် ကြံရွယ်နေစဉ်မှာပင် အိမ်တော်ထိန်း ရောက်လာကာ တုဇယ်ချန်းကို တစ်ခုခု ပြောပြီး ခေါ်ဆောင်သွားခဲ့သည်။ သူ ထွက်သွားချိန်တွင် သူမအား နှစ်သိမ့်သော အပြုံးလေး ပြုံးပြသွားသော်လည်း ရှန်ယို့ယောင်သည် သူ၏ မျက်နှာပေါ်မှ လေးလံမှုများကို ခံစားလိုက်ရသည်။ သူမ၏ ဘဝတွင် ဤမျှအထိ စိတ်အနှောင့်အယှက် ဖြစ်ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ထိုနေ့ တစ်နေ့လုံး သူမသည် စိတ်မပါဘဲ ဖြစ်နေခဲ့သည်။ နေ့လယ်စာ စားချိန်တွင် ရှန်ယို့ဖောက ပြောလိုက်သည်။
"အဘိုး... ယို့ယောင်က ဒီရက်ပိုင်း အရမ်း ပင်ပန်းနေပြီ။ နေ့လယ်ဘက် အတန်း နားလိုက်ရအောင်လား။ သမီးတို့ သူမကို အပြင်ခေါ်သွားပြီး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလိုက်မယ်လေ၊ လူမှုဆက်ဆံရေး သင်တန်း သဘောမျိုးပေါ့”
သခင်ကြီးရှန်က စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ကောင်းပြီလေ။ ယို့ယောင်...သမီးရဲ့ ဝမ်းကွဲအစ်မတွေနဲ့ လိုက်သွားလိုက်။ ဘာဖိအားမှ မထားနဲ့၊ အေးအေးဆေးဆေး နားထောင်၊ ကြည့်လာခဲ့ပေါ့။ ယို့ဖော... နင့်ညီမကို သေချာ ဂရုစိုက်နော်”
ရှန်ယို့ဖောကလည်း ဝမ်းသာအားရ လက်ခံလိုက်သည်။ ထို့ကြောင့် နေ့လယ်စာစားပြီး ခေတ္တ အနားယူပြီးနောက် ရှန်ယို့ယောင်သည် ရှန်ယို့ဖောတို့နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ အဓိကမှာ တုဇယ်ချန်း မရှိသဖြင့် သူမအတွက် ဘယ်နေရာသွားသွား အတူတူပင် ဖြစ်နေခဲ့သည်။
၎င်းမှာ အသေးစား လူမှုရေး ဆုံဆည်းပွဲ တစ်ခု ဖြစ်သည်။ ရှန်ယို့ဖောသည် ရှန်ယို့ယောင်အား အမှန်တကယ်ပင် ဂရုစိုက်ပေးခဲ့သည်။ သူမ စကားမပြောလိုလျှင် အတင်း မပြောခိုင်းဘဲ စကားဝိုင်းများတွင် သူမကို သဘာဝကျကျ ထည့်သွင်းပြောဆိုပေးခဲ့သည်။ ထို့ကြောင့် သူမအား အထီးကျန်သလို မခံစားရစေသလို ဖိအားလည်း မဖြစ်စေခဲ့ပေ။ သူမ နားမလည်သော အကြောင်းအရာများကိုလည်း ရှောင်ရှားကာ သူမ သိရှိသော၊ သို့မဟုတ် နားလည်လွယ်သော အကြောင်းအရာများကိုသာ ရွေးချယ် ပြောဆိုကြသဖြင့် စကားဝိုင်းမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ ရှန်ယို့ယောင်သည် အချိန်ကုန်သွားမှန်းပင် မသိလိုက်ပေ။
အနားယူချိန်တွင် ရှန်ယို့ယောင်သည် သန့်စင်ခန်းသို့ သွားခဲ့သည်။ သန့်စင်ခန်းမှ အထွက်တွင်မူ ဘေးခန်းမှ ထွက်လာသော တုဇယ်ချန်းနှင့် တိုက်မိမတတ် ဖြစ်သွားခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံးမှာ အံ့ဩသွားကြပြီးနောက် ချက်ချင်း ဝမ်းသာသွားကြသည်။ ရှန်ယို့ယောင်က တစ်ခုခု ပြောရန် ပြင်စဉ် တုဇယ်ချန်းက တိုးတိုးနေရန် လက်ဟန်ပြလိုက်ပြီး ဘယ်ညာကို အကဲခတ်ကာ လူမရှိတာ သေချာမှ ရှန်ယို့ယောင်၏ လက်ကို ဆွဲ၍ အပြေးအလွှား ထွက်လာခဲ့သည်။ ၎င်းတို့သည် မှောင်မိုက်နေသော လှေကားထစ်များဆီသို့ ရောက်မှသာ ရပ်လိုက်ကြသည်။
ရှန်ယို့ယောင်က မေးခွန်းပင် မမေးနိုင်မီ တုဇယ်ချန်းက သူမကို နံရံသို့ တွန်းကပ်ကာ ပူပြင်းလှသော အနမ်းများကို ပေးစွမ်းလိုက်တော့သည်။ ရှန်ယို့ယောင်သည်လည်း မေးချင်နေသည်များကို မေ့လျော့သွားကာ အစွမ်းကုန် ပြန်လည် တုံ့ပြန်လိုက်တော့သည်။ အချိန် မည်မျှ ကြာသွားသည် မသိ၊ ၎င်းတို့ နှစ်ဦးသား မောဟိုက်စွာဖြင့် ခွာလိုက်ချိန်တွင် တုဇယ်ချန်းက သူမကို ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဆွဲသွင်းထားပြီး အမောတကောဖြင့် ရယ်မောလျက် ပြောလိုက်သည်။
"အိမ်တစ်အိမ်တည်း အတူနေနေရက်နဲ့ လွမ်းဆွတ်ရတဲ့ ဒုက္ခကို ခံစားနေရမယ်လို့ မထင်ထားခဲ့ဘူး၊ တွေ့ရတာတောင် ခိုးကြောင်ခိုးဝှက်နဲ့”
ရှန်ယို့ယောင်က သူ၏ ရင်ခွင်ထဲသို့ ဝင်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
"သူတို့က တမင် လုပ်နေကြတာ။ သူတို့ ရှင့်ကို ဒုက္ခပေးကြသေးလား။ ရှင် ဒီကို ဘာလာလုပ်တာလဲ”
တုဇယ်ချန်းက ခေတ္တ ငြိမ်သက်သွားပြီးမှ ပြောလိုက်သည်။
"ဒုက္ခတော့ မပေးပါဘူး။ ဝမ်းကွဲအစ်ကိုတို့က ကိုယ့်ကို သူငယ်ချင်းတွေနဲ့ လာမိတ်ဆက်ပေးတာလေ။ မင်းကကော” တကယ်တော့ သူတို့က ကိုယ့်ကို ကိုယ့်အခြေအနေကိုယ် သိအောင် လုပ်ပြနေရုံပါ။
ရှန်ယို့ယောင်က ပြောလိုက်သည်။ "ဝမ်းကွဲအစ်မကလည်း ကျွန်မကို သူငယ်ချင်းတွေနဲ့ လာမိတ်ဆက်ပေးတာပဲ”
တုဇယ်ချန်းက သူမ၏ မျက်နှာကို သေသေချာချာ အကဲခတ်ကာ မေးလိုက်သည်။
"ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား”
ရှန်ယို့ယောင်က ပြောလိုက်သည်။ "မဆိုးပါဘူး၊ ဝမ်းကွဲအစ်မက ကျွန်မကို အရမ်း ဂရုစိုက်ပါတယ်”
တုဇယ်ချန်းမှာ စိတ်အေးသွားရသည်။ လက်ရှိ အခြေအနေအရ ကြည့်လျှင် ထိုလူများမှာ ရှန်ယို့ယောင်အပေါ် စေတနာ အမှန် ရှိကြပုံရသည်။ ရှန်ယို့ယောင်သည်လည်း အခြေအနေကို ကောင်းစွာ သဘောပေါက်သူ ဖြစ်ရာ ပြောလိုက်သည်။ "သူတို့ ရှင့်ကို အခက်တွေ့အောင် လုပ်နေတာ သေချာတယ်”
တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။
"ဒါကလည်း ပုံမှန်ပါပဲကွာ။ အခုမှ ပြန်တွေ့တဲ့ မြေးမလေးကို လူဆိုးကောင်က ခိုးသွားတယ်ဆိုတော့ ဘယ်သူက ကျေနပ်မှာလဲ။ ယောက္ခမအိမ်က မိသားစုတွေရဲ့ စမ်းသပ်မှုကို ခံရတာ ယောကျ်ားတိုင်း ကြုံတွေ့ရတဲ့ အရာပဲလေ”
ရှန်ယို့ယောင်က သူ့အား ဖက်ထားလျက် ပြောလိုက်သည်။
"သမီးအရင်း မဖြစ်တာကမှ ပိုကောင်းဦးမယ်။ ရှန်မိသားစုရဲ့ သခင်မလေး မဖြစ်ချင်တော့ဘူး”
တုဇယ်ချန်းက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ။ မပူပါနဲ့၊ ကိုယ် အကုန် ဖြေရှင်းနိုင်ပါတယ်” တုဇယ်ချန်းက သူမ၏ နှုတ်ခမ်းကို ထပ်မံ နမ်းရှိုက်လိုက်ပြီးမှ ပြောလိုက်သည်။
"ကဲ... မင်းဆီက စွမ်းအင်တွေ ရပြီဆိုတော့ မင်္ဂလာရက် သတ်မှတ်ဖို့ အဘိုးကို သေချာပေါက် သဘောတူအောင် လုပ်နိုင်ပြီ”
"မင်္ဂလာရက်ကို ဖေဖေနဲ့ မေမေ သဘောတူရင် ရပါပြီ” ရှန်ယို့ယောင်က ပြတ်သားစွာ ပြောလိုက်သည်။
"ကြိုဆိုပွဲ ပြီးတာနဲ့ တို့တွေ ချက်ချင်း ပြန်ကြမယ်”
တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။
"မင်း သဘောပါပဲဗျာ”
၎င်းတို့ နှစ်ဦးမှာ အချိန်အတော်ကြာ စကားပြောပြီးမှ မခွဲချင် ခွဲချင်ဖြင့် လမ်းခွဲခဲ့ကြသည်။ တုဇယ်ချန်းမှာ အပေါ်ထပ်ရှိ အခန်းတွင် ရှိနေပြီး ထိုနေရာ၌ လူများနေသဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း ရှန်ယို့ယောင် သိလိုက်ရသည်။ ဤကဲ့သို့သော အဆင့်မြင့် ကလပ်မျိုးတွင် လူများလွန်း၍ သန့်စင်ခန်း အားလုံး ပြည့်နေရန်မှာ မဖြစ်နိုင်ပေ။ တစ်ခုတည်းသော အကြောင်းပြချက်မှာ... ထိုသန့်စင်ခန်းအတွင်း၌ တုဇယ်ချန်း တွေ့ချင်မည်မဟုတ်သော လူများ ရှိနေ၍သာ ဖြစ်ရမည်။
ရှန်ယို့ယောင်၏ စိတ်ထဲတွင် အတွေးများစွာ ဝင်ရောက်လာခဲ့ပြီး ဒုတိယပိုင်း အစီအစဉ်တွင်မူ သူမ လုံးဝ အာရုံမစိုက်နိုင်တော့ပေ။ ရှန်ယို့ဖောက မေးလိုက်သည်။
"ယို့ယောင်... ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား”
ရှန်ယို့ယောင်က မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "အင်း... နည်းနည်း။ အစ်မကြီး... ညီမ သန့်စင်ခန်း ခဏ သွားလိုက်ဦးမယ်”
ရှန်ယို့ဖောသည် သူမ ဗိုက်နာနေသည်ဟုသာ ထင်မှတ်ကာ သိပ်ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"သွားလေ... နေမကောင်းသေးရင် တို့တွေ အိမ်ပြန်ကြတာပေါ့”
…