အခန်း ၁၀၉
Vol. 7 Ch. 109
အခန်း (၁၀၉)
တုဇယ်ချန်းသည် မင်းသမီးလေး တစ်ပါးကဲ့သို့ အလိုက်သင့် ပြုမူကာ ပြောလိုက်သည်။
"ဧည့်ခန်းထဲက အထုပ်အပိုးတွေ သွားယူလိုက်ဦးမယ်”
ရှန်ယို့ယောင်သည် ခေတ္တ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ရှင်နဲ့အတူ လိုက်ခဲ့မယ်”
သို့သော် တံခါးဖွင့်လိုက်သည်နှင့် သတင်းကြား၍ အပြေးအလွှား ရောက်လာသော ယွဲ့ယာနင်နှင့် ရှန်ယုံနင်တို့ကို တွေ့လိုက်ရသည်။ ရှန်ယို့ယောင်သည် ချက်ချင်းပင် ဝမ်းနည်းလာကာ ပြောလိုက်သည်။
"သူတို့ တုဇယ်ချန်းကို အနိုင်ကျင့်ကြတယ်”
တုဇယ်ချန်းက ရယ်ရခက် ငိုရခက်ဟန်ဖြင့် ပြောလိုက်သည်။ "မဟုတ်ပါဘူး။ ယောက်ဖတွေက ထုံးစံအတိုင်း စမ်းသပ်တာပါပဲ”
ရှန်ယုံနင်သည် ဘာမှ ပြန်မပြောဘဲ သူတို့ နှစ်ဦးကို အခန်းထဲသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ ရှန်ယို့ယောင်ပြောပြသော ယနေ့ နေ့လယ်ပိုင်းက ဖြစ်ရပ်များကို ပြောပြပြီး ရက်အနည်းငယ်အတွင်း သည်းခံခဲ့ရမှုများကိုပါ ထုတ်ပြောမိကာ ပို၍ စိတ်ပျက်လာခဲ့သည်။ ရှန်ယို့ယောင်က ပြောလိုက်သည်။
"ဖေဖေ... သမီး ရှန်မိသားစုရဲ့ သခင်မလေး မလုပ်ချင်တော့ဘူး”
မိဘနှစ်ပါးမှာ ယို့ယောင်၏ ပုံစံကို ကြည့်ကာ များစွာ စိတ်မကောင်း ဖြစ်သွားရသည်။ ရှန်ယို့ယောင်၏ စရိုက်မှာ အလွန်ပင် နူးညံ့ပြီး စိတ်သဘောထားကြီးသူ ဖြစ်သည်။ သာမန် ကိစ္စလေးများကို စိတ်ထဲ ထားလေ့မရှိသော သူမက ယခုကဲ့သို့ ညည်းတွားလာသည်ဆိုပါက သူမ၏ စိတ်ထဲတွင် မည်မျှအထိ နာကျင်နေရမည်ကို ခန့်မှန်းနိုင်သည်။
ယွဲ့ယာနင်သည်လည်း ဘာပြောရမှန်း မသိသဖြင့် နူးညံ့စွာဖြင့် ပြောလိုက်သည်။
"နောက်ထပ် နှစ်ပတ်ပဲ လိုတော့တာပါ။ ကြိုဆိုပွဲ ပြီးတာနဲ့ တို့တွေ တရုတ်နိုင်ငံကို ပြန်ကြမယ်လေ”
ရှန်ယို့ယောင်က စိုးရိမ်စိတ်များကို ထုတ်ဖော်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ သူတို့က သမီးကို အမြဲတမ်း အမိန့်ပေး ချုပ်ကိုင်နေဦးမှာလားဟင်”
ရှန်ယုံနင်က ရုတ်တရက် မေးလိုက်သည်။ "သမီး ဒါကို တကယ်ပဲ မကြိုက်တာလား”
ရှန်ယို့ယောင်မှာ ခေတ္တ တွေဝေသွားခဲ့သည်။ အမှန်တော့ သူမသည် လူမှုဆက်ဆံရေးတွင် အေးတိအေးစက် နိုင်သော်လည်း ရင်းနှီးသော ဆွေမျိုးသားချင်းများ ရှိလာခြင်းအပေါ်တွင်မူ ဝမ်းသာမိသည်။ အမှန်တကယ်တွင်လည်း အဘိုးရှန် အပါအဝင် လူကြီးများနှင့် ဝမ်းကွဲမောင်နှမများ အားလုံးမှာ သူမအပေါ် စိတ်ရင်းဖြင့် ကောင်းမွန်ကြသူများ ဖြစ်သည်။ သူမကို မိသားစုဝင်အဖြစ် ပြန်လည် အသိအမှတ်ပြုနိုင်ခြင်းအပေါ် ၎င်းတို့ မည်မျှအထိ ဝမ်းသာနေကြသည်မှာ သိသာလှသည်။
သို့သော် ငယ်စဉ်က ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင် မတူညီသဖြင့် အတွေးအခေါ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုများမှာမူ ရှောင်လွှဲ၍ မရနိုင်ပေ။ ဥပမာအားဖြင့် သူမသည် သာမန် လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး မိမိ ချစ်မြတ်နိုးသူနှင့်အတူ မိမိ ဝါသနာပါရာကို လုပ်ဆောင်ရင်း ကိုယ့်ဘဝနှင့်ကိုယ် ကျေနပ်နေသူ ဖြစ်သည်။ သို့သော် သူတို့ကမူ မိမိတို့၏ အပြုအမူတိုင်းသည် မိသားစု၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်ဟု ယူဆကြပြီး ဘာမဆို ရှန်မိသားစုဝင် တစ်ဦးနှင့် ထိုက်တန်သော အဆင့်အတန်းရှိရန် လိုအပ်သည်ဟု လက်ခံထားကြသည်။ ထို့ကြောင့် အရာရာကို အကောင်းဆုံး ဖြစ်စေချင်ကြသလို သူမအတွက်လည်း အကောင်းဆုံးများကိုသာ ပေးအပ်လိုကြသည်။ ထို့ကြောင့်ပင် သူတို့၏ အမြင်တွင် အပြစ်အနာအဆာ ရှိနေသော တုဇယ်ချန်းအား အခြားတစ်ဦးနှင့် အစားထိုးပေးရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
ရှန်ယို့ယောင်သည် ထိုအချက်များကို နားလည်သော်လည်း များစွာ ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ ရှန်ယို့ယောင်က တဖြည်းဖြည်းချင်း ပြောလိုက်သည်။
"သမီး နည်းနည်း ကြောက်တယ် ဖေဖေ။ တကယ်လို့ သမီး ကောင်းကောင်း မလုပ်နိုင်ရင် ရှန်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မလား။ အဘိုးလည်း အရှက်ရမလား၊ အစ်ကိုကြီးနဲ့ အစ်မကြီးတို့လည်း စိတ်ပျက်သွားကြမလားလို့ စိုးရိမ်မိတယ်..."
"မဖြစ်စေရပါဘူး” ရှန်ယုံနင်သည် စကားအပြောအဆို မကျွမ်းကျင်သော်လည်း ခက်ခက်ခဲခဲပင် လက်ကို မြှောက်ကာ သမီးဖြစ်သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလျက် ပြောလိုက်သည်။
"မကြောက်နဲ့နော်။ ဘာမှ မဖြစ်စေရဘူး၊ အရာအားလုံးကို အဖေ တာဝန်ယူတယ်။ အခုကစပြီး သမီး လုပ်ချင်တာကိုပဲ လုပ်တော့၊ အဖေ အဘိုးကို သွားပြောလိုက်မယ်”
ရှန်ယို့ယောင်၏ မျက်ဝန်းများမှာ ဝမ်းသာမှုကြောင့် တောက်ပသွားသော်လည်း မကြာမီမှာပင် ပြန်လည် တွေဝေသွားကာ ပြောလိုက်သည်။ "တကယ်လားဟင်။ ဒါပေမဲ့... အဘိုး စိတ်မကောင်း ဖြစ်သွားမလား”
ရှန်ယုံနင်မှာမူ ဆုံးဖြတ်ချက် ခိုင်မာနေပုံရသည်။ ရှန်ယုံနင်က ပြောလိုက်သည်။
"စိတ်ချ။ ဘာမှ မဖြစ်စေရဘူး”
ရှန်ယုံနင်သည် တစ်ခါတရံ ပေါ့ဆတတ်သော်လည်း သူ ပြောလိုက်သည့် စကားမှာမူ တောင်စွယ်ကို ကျောက်စာတိုင် စိုက်သကဲ့သို့ ခိုင်မာလှသည်။ သူက ဘာမှ မဖြစ်စေရဟု ပြောလိုက်တိုင်း ရှန်ယို့ယောင်သည် အမြဲတမ်း စိတ်အေးသွားရစမြဲ ဖြစ်သည်။
ရှန်ယို့ယောင်၏ အခန်းမှ ထွက်လာပြီးနောက် ရှန်ယုံနင်သည် အဘိုးကြီး၏ စာကြည့်ခန်းရှိရာဘက်သို့ ထွက်လာသည်။ ယခုအချိန်မှာ အဘိုးကြီး စာကြည့်ခန်းထဲတွင် ရှိနေတတ်သော အချိန် ဖြစ်သည်။
ယွဲ့ယာနင်က သူ့ကို ဆွဲထားလျက် မေးလိုက်သည်။
"ရှင် ဘာလုပ်မလို့လဲ”
ရှန်ယုံနင်က ရုတ်တရက် မေးလိုက်သည်။
"မင်းလည်း တော်တော် ပင်ပန်းနေပြီ မဟုတ်လား”
ယွဲ့ယာနင်မှာ ခေတ္တ ကြောင်သွားရသည်။ ရှန်ယုံနင်က ဆက်ပြောလိုက်၏။
"အရင်တုန်းက မင်းလည်း အိမ်ကြီးအိမ်ကောင်းတွေမှာ နေခဲ့ရပေမဲ့ ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိခဲ့တာလေ။ ဒီမှာက လူတွေက ငါတို့အပေါ် ကောင်းကြပေမဲ့ စည်းကမ်းတွေက များလွန်းတယ်..."
ယွဲ့ယာနင်က တွေဝေစွာဖြင့် ပြောလိုက်သည်။ "ရှင်က..."
ရှန်ယုံနင်က ပြောလိုက်သည်။ "ကိုယ်တို့တွေ ရှန်မိသားစုကနေ ထွက်ကြရအောင်။ ဘာပဲဖြစ်ဖြစ် ဒါက အလကားရတဲ့ အခွင့်အရေးတွေပဲလေ။ ကိုယ်တို့မိသားစု သုံးယောက် ခက်ခက်ခဲခဲ ပြန်ဆုံခွင့် ရထားတာကို ဘာလို့ စိတ်မချမ်းမသာနဲ့ နေရမှာလဲ”
သူက လေးလံသော အသံဖြင့် ဆက်ပြောလိုက်သည်။
"ယောင်ယောင်လေးကို ပြန်တွေ့တုန်းက ငါ ကတိပေးခဲ့တယ်၊ မင်းတို့ သားအမိ နှစ်ယောက်လုံးကို ပျော်ပျော်ရွှင်ရွှင် ထားပါ့မယ်လို့”
ယွဲ့ယာနင်သည် အနုပညာလောကတွင် ဘဝအနိမ့်အမြင့်များစွာကို ဖြတ်သန်းခဲ့သူ ဖြစ်သဖြင့် သမီးဖြစ်သူမှလွဲ၍ အခြား မည်သည့်အရာကမျှ သူမ၏ စိတ်နှလုံးကို လှုပ်ခတ်နိုင်စွမ်း မရှိတော့ဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူမ၏ ရင်ခုန်သံများမှာ အရှိန်အဟုန်ဖြင့် မြန်ဆန်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စကားနည်းလှသော ထိုအမျိုးသားသည် သူမအတွက်နှင့် မိသားစုကို စွန့်ခွာခဲ့ပြီးနောက် သူမ၏ ရှေ့တွင် ရှက်ရွံ့စွာဖြင့် အလေးအနက် ပြောခဲ့ဖူးသည်ကို သူမ ပြန်လည် မြင်ယောင်လာခဲ့သည်။ မင်းကို ပျော်ပျော်ရွှင်ရွှင် ရှိစေချင်တယ်။
ပြန်စဉ်းစားကြည့်လျှင် သူသည် အမှန်တကယ်ပင် ဘယ်သောအခါမှ ပြောင်းလဲမသွားခဲ့ပေ။ သမီး၏ ပညာရေးနှင့် ပတ်သက်၍ အမြင်ကွဲလွဲမှု အချို့မှလွဲလျှင် ကျန်ရှိသော အချိန်များတွင် သူသည် သူမကို အမြဲတမ်း အလျှော့ပေးခဲ့သူ ဖြစ်သည်။ သူမကိုယ်တိုင်ကသာ အနုပညာလောက၏ ဟန်ဆောင်မှုများကြားတွင် လမ်းပျောက်ခဲ့ပြီး မိမိကိုယ်မိမိ ကြီးကျယ်လှပြီ၊ ဘုရင်မတစ်ပါး၊ မင်းသမီးတစ်ပါး ဖြစ်နေပြီဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ နာမည်မကြီးမီ ကတည်းက ဤအမျိုးသားသည် သူမအား ရင်ခွင်ထဲ၌ အမြဲ ထွေးပွေ့ကာ ဘုရင်မတစ်ပါးပမာ၊ မင်းသမီးလေးတစ်ပါးပမာ တန်ဖိုးထားခဲ့သည်ကို သူမ မေ့လျော့နေခဲ့ခြင်းပင် ဖြစ်သည်။
သူမ မေ့နေခဲ့သည်မှာ သူသည် အမှန်တကယ်ပင် တာဝန်ယူလိုစိတ် ရှိသော အမျိုးသားတစ်ဦး ဖြစ်ပြီး အရေးကြီးသော ကိစ္စများတွင် ၎င်းတို့ သားအမိကို ဘယ်သောအခါမှ နစ်နာစေခဲ့သူ မဟုတ်ကြောင်းပင် ဖြစ်သည်။
ရှန်ယုံနင်သည် သခင်ကြီးရှန်ထံသို့ သွားခဲ့ပြီး စာကြည့်ခန်းအတွင်း တစ်နာရီကျော်ခန့် စကားပြောဆိုခဲ့ကြသည်။
ညစာ စားချိန်နီးလာသောအခါ ရှန်ယို့ယောင်၏ ဒေါသများမှာလည်း ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် မိမိ လုပ်ဆောင်ခဲ့မိသည်များကို ပြန်လည် တွေးမိကာ အခန်းပြင်သို့ မထွက်ရဲဘဲ ဖြစ်နေခဲ့သည်။ ရှန်ယို့ယောင်က နောင်တရဟန်ဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီးနဲ့ အစ်မကြီးတို့ ကျွန်မကို စိတ်ဆိုးနေကြမလား မသိဘူး”
တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။ "မဖြစ်နိုင်ပါဘူး။ မင်း စိတ်ဆိုးသွားတာကို သူတို့ကတောင် ကြောက်နေကြမှာပါ”
ရှန်ယို့ယောင်သည် မျက်နှာကို လက်ဖြင့်အုပ်ကာ ညည်းတွားလိုက်သည်။ "သွားပါပြီ”
တုဇယ်ချန်းက ပြောလိုက်သည်။
"နောင်တရနေပြီလား။ မင်း အခုလို စိတ်လိုက်မာန်ပါ လုပ်တာမျိုးက တွေ့ရခဲတယ်လေ” သို့သော် သူမသည် သူ့အတွက်ကြောင့်သာ ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်မှန်း သူ သိရှိထားသည်။ မဟုတ်ပါက ရှန်မိသားစု၏ ဤကိစ္စလေးများကို သူမ သည်းခံနိုင်စွမ်း ရှိသည်မဟုတ်ပါလား။
ရှန်ယို့ယောင်က ပြောလိုက်သည်။ "နောင်တ မရပါဘူး”
တုဇယ်ချန်းမှာ ခေတ္တ ကြောင်သွားပြီး သူမကို ကြည့်လိုက်ရာ ရှန်ယို့ယောင်က ထပ်မံ အတည်ပြုလိုက်သည်။ "နောင်တ မရပါဘူး။ ရှင့်ကို ကာကွယ်ပေးမယ်လို့ ပြောထားတာပဲလေ”
တုဇယ်ချန်းသည် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်မိသည်။ အတူနေချိန် ကြာလာသည်နှင့်အမျှ သူ၏ ရင်ထဲမှ အုံကြွလှသော ခံစားချက်များကို ဖော်ပြရန်အတွက် စကားလုံးများမှာ မလုံလောက်တော့ကြောင်း သူ ပိုမို သိရှိလာခဲ့သည်။
အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာသဖြင့် ၎င်းတို့နှစ်ဦးမှာ အနေအထားကို ပြင်ဆင်လိုက်ကြသည်။
"ဝင်ခဲ့ပါ”
တံခါးဖွင့်၍ ဝင်လာသူမှာ ရှန်ယို့ဖော ဖြစ်သည်။ ရှန်ယို့ယောင်သည် သူမကို မြင်သည်နှင့် ရှက်သွေးဖြာကာ ခေါ်လိုက်သည်။ "အစ်မကြီး”
ရှန်ယို့ဖောသည်လည်း အစပိုင်းတွင် အားနာနေဟန် ရှိသော်လည်း ရှန်ယို့ယောင်၏ ပုံစံလေးကို ကြည့်ကာ ရယ်မောလျက် ပြောလိုက်သည်။ "အဘိုးက ထမင်းစားဖို့ လာခေါ်ခိုင်းလို့။ ဆင်းခဲ့ကြတော့လေ”
တံခါး ပြန်ပိတ်သွားချိန်တွင် ရှန်ယို့ယောင်က ပြောလိုက်သည်။ "သူ စိတ်မဆိုးနေပုံပဲနော်”
တုဇယ်ချန်းကမူ ထူးခြားမှုကို ရိပ်မိလိုက်သည်။ ယခုတစ်ခေါက်တွင် ထိုဝမ်းကွဲအစ်မသည် သူတို့နှစ်ဦးကို ခွဲခြားခြင်း မပြုတော့ပေ။ သူသည် ရှန်ယို့ယောင်၏ လက်ကို ဆွဲကာ ပြောလိုက်သည်။
"သွားကြစို့။ အစ်မကြီး ကိုယ်တိုင် လာခေါ်တာဆိုတော့ အားလုံးကို အကြာကြီး မစောင့်ခိုင်းသင့်ဘူးလေ”
တုဇယ်ချန်းသည် ရှန်ယို့ယောင်ကို ဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မျိုးဆက်သစ် မောင်နှမများမှာ ထမင်းစားပွဲတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ရှန်ယို့ယောင်သည် ရှန်ယွီခွင်း ရှေ့သို့ သွားကာ တောင်းပန်ရန် တွန့်ဆုတ်နေစဉ် တစ်ဖက်လူက ဦးစွာ စကားစလိုက်သည်။
"နေ့လယ်က ကိစ္စက ငါ့အမှားပါ။ ငါ တောင်းပန်ပါတယ်”
ရှန်ယို့ယောင်မှာ ခေတ္တ ကြောင်သွားပြီးမှ မျက်နှာလေး နီမြန်းလာကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်မလည်း မှားပါတယ် အစ်ကိုကြီး။ တောင်းပန်ပါတယ်”
ရှန်ယွီခွင်းသည် ရယ်မောလိုက်ကာ၊ ဤမျှ လိမ္မာ နူးညံ့လှသော ညီမလေးကို အသာအယာ ပွတ်သပ်ပေးချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။
ရှန်ယို့ယောင်သည် ပို၍ပင် အားနာကာ နှုတ်ခမ်းလေးကို စူထားလိုက်ရာ အခြားသူများမှာလည်း ရယ်မောမိကြတော့သည်။ တတိယအိမ်တော်မှ ဝမ်းကွဲညီမလေးက တက်ကြွစွာ ပြောလိုက်သည်။
"မမယောင်က အစ်ကိုကြီးကို ဆူလိုက်တယ်လို့ ကြားတယ်နော်။ တကယ့်ကို တော်တာပဲ။ ညီမတို့တွေထဲမှာ ဘယ်သူမှ သူ့ကို အဲဒီလို မပြောရဲဘူးလေ”
ရှန်ယို့ယောင်၏ မျက်နှာ တစ်ပြင်လုံးမှာ နီမြန်းနေခဲ့ပြီ ဖြစ်သည်။ ရှန်ယို့ဖောက ညီမငယ်ကို ပြောလိုက်သည်။
"နင့်ရဲ့ မမယောင်က ရှက်တတ်တယ်လေ၊ ထပ်ပြီး မစပါနဲ့တော့”
ညီမငယ်လေးက လျှာလေးထုတ်ကာ ရှန်ယို့ယောင်ကို လက်မထောင်ပြလိုက်ရာ ရှန်ယို့ယောင်သည်လည်း မနေနိုင်ဘဲ ရယ်မောမိတော့သည်။
သူမ၏ ထိုင်ခုံဘေးတွင် ခုံတစ်လုံး ထပ်မံ တိုးထားသည်ကို တွေ့ရသည်။ မည်သူ့အတွက် ဆိုသည်မှာ ပြောနေစရာပင် မလိုတော့သဖြင့် ရှန်ယို့ယောင်၏ ရင်ထဲတွင် နွေးထွေးသွားရသည်။
တုဇယ်ချန်း ထိုင်ပြီးနောက်တွင် လူကြီးများလည်း ရောက်ရှိလာကြသည်။ သူတို့သည် ရှန်ယို့ယောင်နှင့် တုဇယ်ချန်းကို တမင်တကာ သတိထား ကြည့်ရှုရင်း ချစ်ခင်စွာ ရယ်နေကြသဖြင့် ရှန်ယို့ယောင်မှာ ရှက်လွန်း၍ စားပွဲအောက်သို့ပင် ဝင်ချင်စိတ် ပေါ်နေခဲ့သည်။
နောက်ဆုံးတွင် ရှန်ယုံနင်သည် အဘိုးအိုကို တွဲလျက် ဆင်းလာခဲ့သည်။ အဘိုးအိုသည် အဓိက နေရာတွင် ထိုင်လိုက်ပြီးနောက် လူတိုင်းမှာ ငြိမ်သက်သွားကြသည်။
ဟင်းလျာများ မရောက်မီမှာပင် သခင်ကြီးရှန်က စကားစလိုက်သည်။
"ဒီနေ့ ပြောစရာ ကိစ္စ နှစ်ခု ရှိတယ်။ ပထမအချက်က... ယို့ယောင် ရဲ့ ကြိုဆိုပွဲကို နောက်ထပ် နှစ်ပတ်အကြာမှာ ကျင်းပမယ်၊ အကြီးအကျယ် လုပ်နေစရာ မလိုပါဘူး၊ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုပဲ ဖိတ်လိုက်ကြတာပေါ့”
သူသည် ရှန်ယို့ယောင်ကို ကြည့်ကာ နူးညံ့သော လေသံဖြင့် ဆက်ပြောသည်။
"အဘိုး စိတ်လောသွားမိတာပါ။ ယဉ်ကျေးမှု ကိစ္စတွေကိုလည်း စိတ်မလောပါနဲ့၊ ဖြည်းဖြည်းချင်း သင်တာပေါ့။ အားလုံးက မိသားစုတွေပဲဆိုတော့ သမီး စိတ်မပူပါနဲ့”
ကြည့်ရတာ ရှန်ယုံနင်က သူမတွင် ဖိအားများ ရှိနေကြောင်း သွားရောက် ပြောဆိုခဲ့ပုံရသည်။ လူကြီးများ၏ ခွင့်လွှတ်မှုကို ရရှိသောအခါ ရှန်ယို့ယောင်သည် ပို၍ပင် အားနာမိသော်လည်း ရင်ထဲ၌ များစွာ နွေးထွေးသွားရသည်။
သခင်ကြီးရှန်က ဆက်ပြောလိုက်သည်။
"ဒုတိယအချက်ကတော့... ကြိုဆိုပွဲမှာ တစ်ခါတည်း ယို့ယောင် ရဲ့ မင်္ဂလာရက်ကိုပါ ကြေညာလိုက်မယ်”
ရှန်ယို့ယောင်နှင့် တုဇယ်ချန်းတို့ နှစ်ဦးသားမှာ တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြသည်။ သခင်ကြီးရှန်သည် တုဇယ်ချန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းရဲ့ အမေနဲ့ သေသေချာချာ တိုင်ပင်ပါ။ မင်္ဂလာရက်ကို အမြန်ဆုံး သတ်မှတ်လိုက်ကြရအောင်။ ငါတို့ ရှန်မိသားစုရဲ့ သမီးပျိုလေး မင်္ဂလာဆောင်တာကိုတော့ ပေါ့ပေါ့ဆဆ လုပ်လို့ မဖြစ်ဘူးလေ”
တုဇယ်ချန်း၏ ရင်ထဲတွင် အင်မတန်ဝမ်းသာသွားပြီး အသည်းအသန် ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။ ကျွန်တော် အခုပဲ အမေ့ဆီ ဖုန်းဆက်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ် အဘိုး"
သခင်ကြီးရှန်မှာမူ အမူအရာ ပြောင်းကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
"အခုထိ အဘိုးလို့ ခေါ်ဖို့ စောပါသေးတယ်။ မင်းကို ပေးဖို့ လက်ဆောင်တွေ အဆင်သင့် မဖြစ်သေးဘူး”
ရှန်ယို့ယောင်၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ဝိုင်းလာကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဘိုး”
သခင်ကြီးရှန်သည် သူမကို ကြည့်ရင်း သက်ပြင်းချလျက် ပြောလိုက်သည်။ "အဘိုး အရင်က အတွေးလွဲသွားမိတာပါ။ အဘိုးကို စိတ်မဆိုးပါနဲ့နော်။ ဒါပေမဲ့... သင်သင့်တာတွေကိုတော့ ဆက်သင်ရမယ်၊ သိလား”
ရှန်ယို့ယောင်က ခေါင်းညိတ်ပြလိုက်သည်။ ဤကဲ့သို့သော မိသားစုမျိုး ရှိရသည်မှာ တကယ်ကို ကောင်းမွန်လှသည်ဟု သူမ စတင် ခံစားလာရသည်။
သခင်ကြီးရှန်သည် ရှန်ယုံနင်ဘက်သို့ ပြောလိုက်သည်။
"မင်းလည်း အတူတူပဲ။ အဖေ တစ်ယောက် ဖြစ်ပြီးတော့မှ၊ ဘာလို့ ဒီလောက်အထိ စိတ်မြန်လက်မြန် လုပ်ရတာလဲ။ မင်းအတွက်ပဲ စဉ်းစားတာလား။ စီးပွားရေး မလုပ်ဘဲ လက်ဝှေ့ထိုးမယ်ဆိုတုန်းက ငါ တားခဲ့ဖူးလို့လား။ အကြံရှိရင် ကြိုမပြောဘဲနဲ့၊ ငါ့ကို လာပြီး ပေါက်ကွဲနေရတာလား"
ရှန်ယုံနင်မှာမူ နေ့လယ်က အဘိုးကြီးထံ သွားစဉ်က အရှိန်အဝါများ ပျောက်ကွယ်သွားကာ ခေါင်းငုံ့၍သာ ခေါင်းညိတ်နေတော့သည်။ ဘေးမှ လူများမှာမူ ပါးစပ်ပိတ်၍ တိတ်တဆိတ် ရယ်မောနေကြတော့သည်။
ထမင်းစားပြီးနောက် ရှန်ယို့ယောင်နှင့် တုဇယ်ချန်းတို့ ထွက်ခွာရန် ပြင်စဉ် သခင်ကြီးရှန်က လှမ်းခေါ်လိုက်ပြန်သည်။ သခင်ကြီးရှန်က ပြောလိုက်သည်။
"အခုခေတ်မှာ ဒါတွေကို သိပ်ဂရုမစိုက်ကြဘူး ဆိုပေမဲ့... မင်္ဂလာမဆောင်ခင်မှာ ဇနီးမောင်နှံတွေ အတူနေတာက ကံကောင်းခြင်းတွေကို ထိခိုက်စေတတ်တယ်နော်”
ရှန်ယို့ယောင်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ အဘိုးကြီးသည် သူမက တုဇယ်ချန်းကို အခန်းပြောင်းခိုင်းသည့် ကိစ္စကို သိရှိသွားပြီဖြစ်ကြောင်း သိသာလှသည်။
တုဇယ်ချန်းကမူ တွေးနေမိသည်။
အဘိုးက တကယ်ပဲ စာရွက်စာတမ်းတွေကို အသိအမှတ်မပြုဘဲ၊ အခမ်းအနားကိုပဲ ကြည့်တာကိုး...]
သူတို့နှစ်ဦးမှာ အနေခက်ခက်ဖြင့် အခန်းသို့ ပြန်လာခဲ့ကြပြီး တုဇယ်ချန်း ခုနကမှ သယ်လာသော အထုပ်အပိုးများကို မိမိ၏ ဧည့်ခန်းသို့ ပြန်လည် သယ်ဆောင်သွားခဲ့ရသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ သူတို့၏ ရင်ထဲတွင် အတိုင်းမသိ ပျော်ရွှင်နေကြသည်။
နောက်တစ်နေ့မှစ၍ တုဇယ်ချန်းသည် ရှန်ယွီခွင်း၏ လက်အောက်တွင် စီးပွားရေး ပညာရပ်များကို စတင် သင်ယူရသလို ရှန်ယို့ယောင်သည်လည်း သူမ၏ အတန်းများကို ပြန်လည် စတင်ခဲ့ရသည်။ သို့သော် အလုပ်များကြားမှပင် အချိန်လုကာ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံ စကားပြောဆိုခွင့် ရရှိကြသဖြင့် ထိုသို့သော ဘဝလေးမှာလည်း အလွန်ပင် ပျော်ရွှင်စရာ ကောင်းနေတော့သည်။
…