← Chapters

အခန်း ၁၁၀

Vol. 7 Ch. 110

အခန်း ၁၁၀

Vol. 7 Ch. 110

အခန်း (၁၁၀) ဇာတ်သိမ်း

သုံးလခန့် ကြာပြီးနောက် ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်တွင် အလွန်ပင် စည်ကားသိုက်မြိုက်နေလေသည်။

ချီကောင်းယိသည် ဗီလာအဆောက်အအုံ၏ ဒုတိယထပ်တွင် ရပ်လျက် အောက်ထပ်၌ သွားလာနေကြသော နိုင်ငံပေါင်းစုံမှ အထက်တန်းလွှာ လူကုံထံများကို ကြည့်ကာ ဖန်ရှောင်းဖုန်းအား ပြောလိုက်သည်။ "နိုင်ငံတကာ ညီလာခံ ကျင်းပနေတာနဲ့တောင် တူနေပြီ”

ရှန်မိသားစုသည် ရှန်ယို့ယောင်၏ မင်္ဂလာပွဲအပေါ် အပြည့်အဝ အလေးထားကြောင်း ပြသခဲ့သည်။ လွန်ခဲ့သော နှစ်လကျော်က ကြိုဆိုပွဲတွင် မင်္ဂလာရက်ကို ကြေညာပြီးကတည်းက ဖိတ်စာများ ပေးပို့ခဲ့ကြသည်။ ဤလအနည်းငယ်အတွင်း မိသားစုနှစ်ခု ပူးပေါင်းကာ ရှန်ယို့ယောင်၏ ဆန္ဒအရ ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများကိုသာ ဖိတ်ကြား၍ ဤကဲ့သို့သော ရိုးရှင်းလှပသည့် မင်္ဂလာပွဲကြီးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဖန်ရှောင်းဖုန်းက ရယ်ရခက် ငိုရခက်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းရဲ့ စိတ်ကူးယဉ်မှုတွေကို လျှော့ပါဦးကွာ”

ချီကောင်းယိက ပြောလိုက်သည်။ "ဘယ်မှာ စိတ်ကူးယဉ်လို့လဲ။ ဇယ်ချန်းကတော့ တကယ့်ကို ကံထူးရှင်ပဲလို့ တွေးမိလို့ပါ။ ချမ်းသာပြီး လှပတဲ့ သခင်မလေးကို လက်ထပ်ပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်တော့မှာဆိုတော့... တကယ်ကို အားကျစရာကြီး”

ဖန်ရှောင်းဖုန်းက ပြောလိုက်သည်။ "ဒါတော့ ဟုတ်တယ်။ ပြီးခဲ့တဲ့တစ်ခေါက် ဇယ်ချန်းနဲ့ တွေ့တုန်းကဆိုရင် ငါတောင် မမှတ်မိတော့ဘူး။ ရှန်မိသားစုကတော့ တကယ့်ကို မျိုးရိုးကြီး မိသားစုပဲ၊ ဇယ်ချန်းလို ဆိုးသွမ်းတဲ့ လူငယ်လေးကိုတောင် ထက်မြက်တဲ့ လူရည်မွန်တစ်ယောက် ဖြစ်အောင် ပြုပြင်ပေးနိုင်တာပဲ”

ရှကျွင်းချီက ဘယ်ညာကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။ "ဒါနဲ့... ဇယ်ချန်းကော ဘယ်မှာလဲ”

ဖန်ရှောင်းဖုန်းက ပြောလိုက်သည်။ "အနားယူခန်းထဲမှာ မရှိဘူးလား”

ချီကောင်းယိက တဟဲဟဲရယ်လျက် ပြောလိုက်သည်။

"သန့်စင်ခန်းကို ထပ်သွားပြန်ပြီ ထင်တာပဲ။ ဒီနေ့တော့ တကယ်ကို ထူးဆန်းတယ်၊ တုသခင်လေး တစ်ယောက် ဘဝမှာ ပထမဆုံးအကြိမ် ရင်ခုန်လွန်းလို့ ဆီးခဏခဏ သွားနေရတယ်လေ”

ဖန်ရှောင်းဖုန်းက ရယ်မောလျက် ပြောလိုက်သည်။ "သူကြားသွားရင်တော့ မင်းကို ပြန်ပြီး နှိပ်စက်နေဦးမယ်၊ သတိထားဦး”

ချီကောင်းယိက အော်ဟစ်လိုက်သည်။ "အမှန်အတိုင်း ပြောတာကိုတောင် ခွင့်မပြုတော့ဘူးလား။ မယုံရင် သွားကြည့်လိုက်လေ၊ သူ သန့်စင်ခန်းထဲမှာ ရှိနေမှာ သေချာတယ်”

တုဇယ်ချန်းသည် အမှန်တကယ်ပင် သန့်စင်ခန်းအတွင်း ရောက်ရှိနေခဲ့သည်။ လက်မှတ်ထိုးပြီးသား ဖြစ်သော်လည်း ဤမျှ ခမ်းနားသော အခမ်းအနားနှင့် လူအများ၏ သက်သေပြုမှုများကြားတွင် ယနေ့မှသာ ရှန်ယို့ယောင်ကို အမှန်တကယ် လက်ထပ်ယူနိုင်တော့မည်ဟူသော ခံစားချက်က သူ့အား လွှမ်းမိုးနေခဲ့သည်။

သူသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ထိန်းချုပ်ပြီး အချိန်တန်ပြီဟု ယူဆကာ သန့်စင်ခန်းထဲမှ ထွက်လာခဲ့သည်။ တံခါးဝသို့ ရောက်ရှိချိန်တွင် ဘေးဘက်မှ အရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် သူသည် ချက်ချင်းပင် လှည့်၍ ပြေးတော့သည်။

ရှန်ယို့ယောင်နှင့်အတူ လိုက်ပါလာသော မော့ယွဲ့နှင့် ဖန်ခယ်တို့မှာ ထိုအခြင်းအရာကို မြင်သဖြင့် ကြောင်သွားကြပြီးမှ ထိုသူမှာ မည်သူမှန်း သိရှိသွားကြကာ အကျယ်ကြီး ရယ်မောလိုက်ကြတော့သည်။ ဖန်ခယ်က တုဇယ်ချန်း၏ အနောက်ကျောကို ကြည့်ကာ စနောက်လိုက်သည်။

"တုသခင်လေး... ရှင့်ရဲ့ သတို့သမီးက ကျားမကြီးမို့လို့ ဒီလောက်အထိ ထိတ်လန့်နေရတာလား”

တုဇယ်ချန်းသည် ဆက်မပြေးတော့သော်လည်း နောက်သို့ လှည့်မကြည့်ပေ။ သူက ရယ်မောလျက် ပြန်ပြောလိုက်သည်။

"ရှကတော်ရေ... လူဆိုတာ နောင်ရေးအတွက် မျက်နှာသာ ချန်ထားရတယ်နော်။ မင်းတို့ရဲ့ မင်္ဂလာရက်ကလည်း သတ်မှတ်ပြီးပြီ မဟုတ်လား၊ အဲဒီကျရင် ကျွန်တော်က ခင်ဗျားကို ရှကျွင်းချီရဲ့ ရှေ့ကို ခေါ်သွားရင် သူက ကျွန်တော့်ထက်တောင် ပိုမြန်အောင် ပြေးမှာ သေချာတယ်”

ဖန်ခယ်က ထပ်မံ၍ တစ်ခုခု ပြောရန် ပြင်စဉ် ဘေးမှ မော့ယွဲ့မှာ ရယ်လွန်းသဖြင့် ခါးပင် မဆန့်နိုင်အောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူမ၏ ဘေးရှိ ရှန်ယို့ယောင်သည်လည်း မည်သည့်အချိန်ကတည်းက ကျောခိုင်းထားမှန်း မသိရဘဲ ရှိနေသည်ကို သတိပြုမိလိုက်တော့သည်။

မော့ယွဲ့က မောဟိုက်စွာဖြင့် ပြောလိုက်သည်။ "ရှင်တို့ နှစ်ယောက်ကတော့ တကယ်ကို လွန်လွန်းပါတယ်။ အစတုန်းက တုသခင်လေးကပဲ ရှေးရိုးစွဲ အယူအဆတွေကို မယုံဘူးလို့ ပြောခဲ့တာ မဟုတ်လား၊ အခုကျတော့ ဘယ်သူ့ထက်မဆို ပိုပြီး ယုံနေကြတာပဲ”

ယန်မြို့၏ ဓလေ့ထုံးတမ်းအရ မင်္ဂလာပွဲ မစတင်မီ သုံးရက်အလိုမှစ၍ သတို့သားနှင့် သတို့သမီးသည် လူချင်း မတွေ့ရပေ။ သို့မှသာ အိမ်ထောင်ရေး သာယာမည်ဟု ယူဆကြခြင်း ဖြစ်သည်။ သို့သော် ယခုခေတ် လူငယ်များမှာမူ ဤဓလေ့ကို လိုက်နာသူ နည်းပါးလှသည်။

ထိုစဉ်က တုဇယ်ချန်းသည် သုံးရက်တိတိ လူချင်း မတွေ့ရမည်ကို ကြားသိချိန်တွင် အလွန်ပင် စိတ်ပျက်ခဲ့ပြီး ၎င်းမှာ အဓိပ္ပာယ် မရှိသော ဓလေ့သာ ဖြစ်ကြောင်း၊ သိပ္ပံနည်းကျ အထောက်အထား မရှိကြောင်း တတွတ်တွတ် ညည်းတွားနေခဲ့သူ ဖြစ်သည်။

သို့သော် မင်္ဂလာပွဲ မတိုင်မီ သုံးရက်အလိုတွင်မူ သူသည် ပြင်ဆင်စရာ ရှိသည်ဟု အကြောင်းပြကာ ဤကျွန်းသို့ ကြိုတင် ရောက်ရှိလာခဲ့သည်။ မနေ့က ရှန်ယို့ယောင် ရောက်ရှိလာချိန်တွင် သတို့သားအရန်အဖွဲ့က ထွက်ကြိုသော်လည်း တုဇယ်ချန်းမှာမူ အခန်းထဲတွင် ပုန်းနေကာ ထွက်မလာရဲသဖြင့် ချီကောင်းယိတို့က အသည်းအသန် လှောင်ပြောင်ခဲ့ကြသေးသည်။

မော့ယွဲ့သည် မနေ့ကလည်း တစ်ခါ ရယ်မောခဲ့ပြီး ဖြစ်သော်လည်း ယခု ထပ်မံ မြင်တွေ့ရချိန်တွင်လည်း ဟာသဖြစ်နေဆဲ ဖြစ်သည်။ ဖန်ခယ်က ဗိုက်ကို နှိပ်ကာ ပြောလိုက်သည်။ "ရှင်တို့ နှစ်ယောက်ကတော့ တကယ့်ကို ရတနာလေးတွေပဲ”

ရှန်ယို့ယောင်သည်လည်း သူတို့၏ လုပ်ရပ်မှာ ရယ်စရာ ကောင်းနေမှန်း သိရှိသဖြင့် ဖန်ခယ်ကို နှာခေါင်းရှုံ့ပြကာ ပြောလိုက်သည်။ "နင် မင်္ဂလာဆောင်တဲ့အခါကျရင်လည်း ငါက ရှကျွင်းချီကို နင့်ရှေ့ကို ခေါ်လာပေးမယ်၊ အဲဒီကျရင် သူ ပြေး၊ မပြေး ကြည့်ရတာပေါ့”

ဖန်ခယ်က သူ မပြေးပါဘူးဟု ပြန်ပြောရန် ပြင်သော်လည်း ပါးစပ်မှ ထွက်လာသည်မှာ "ကဲပါ... အရှုံးပေးပါတယ်။ ရှင်တို့ နှစ်ယောက်ဆီကနေ အတုယူပါ့မယ်”

မော့ယွဲ့သည်လည်း ရယ်မောခြင်းကို ထိန်းချုပ်လိုက်သည်။ သူမသည် ရယ်နေသော်ငြား ရင်ထဲ၌မူ အားကျနေမိသည်။ ဤသည်မှာ အလွန်အမင်း ချစ်မြတ်နိုးကြသောကြောင့်သာ ဖြစ်သည်လေ။ တစ်ဖက်လူအတွက် လှပသော အနာဂတ်တစ်ခု ပေးစွမ်းနိုင်ရန်အတွက် မိမိ၏ အလိုဆန္ဒများကို ချိုးနှိမ်ကာ ဤကဲ့သို့သော ဟာသဆန်သည့် ကိစ္စများကိုပင် သည်းခံနေကြခြင်း မဟုတ်ပါလား။

သူမသည်လည်း ချစ်သူတစ်ဦး ရချင်စိတ်များ ပေါ်လာခဲ့သည်။ တစ်ခါတလေကျရင် ဉာဏ်နည်းသွားတာကလည်း လှပတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။

မော့ယွဲ့က ပြောလိုက်သည်။ "ယို့ယောင်။ ခဏနေရင် မင်္ဂလာပန်းစည်းကို ငါ့ဆီကိုပဲ ပစ်ပေးနော်”

ဖန်ခယ်က ပြောလိုက်သည်။ "နင့်ဆီ ဘာလို့ ပစ်ပေးရမှာလဲ။ ငါနဲ့ ရှကျွင်းချီက မင်္ဂလာရက် သတ်မှတ်ပြီးပြီလေ၊ ငါ့ဆီပဲ ပစ်ပေးရမှာပေါ့”

မော့ယွဲ့က ပြောလိုက်သည်။ "နင်က ရက်တောင် သတ်မှတ်ပြီးပြီပဲ၊ ပန်းစည်းက ဘာလုပ်ဖို့လဲ။ ဒီဆုတောင်းက ငါနဲ့ပဲ ဆိုင်တာပေါ့”

ဖန်ခယ်က ပြောလိုက်သည်။ "ရက်သတ်မှတ်ပြီးမှ ပိုပြီး အဆင်ပြေအောင် ဒီဆုတောင်းကို ယူရမှာပေါ့။ နင့်မှာက ရည်းစားတောင် မရှိတာ၊ ပန်းစည်း ရသွားလည်း ဘယ်သူနဲ့ လက်ထပ်မှာလဲ”

ရှန်ယို့ယောင်သည် ထိုနှစ်ဦးကြားတွင် ရယ်ရခက် ငိုရခက် ဖြစ်နေကာ ပြောလိုက်သည်။

"ငါ ဘက်မလိုက်ပါဘူး။ ပန်းစည်းကို ပုံမှန်အတိုင်းပဲ ပစ်ပေးမယ်၊ ဘယ်သူ ရမလဲဆိုတာပဲ စောင့်ကြည့်ကြတာပေါ့”

မော့ယွဲ့က ပြောလိုက်သည်။ "ဖန်သခင်မလေးကို ဘယ်သူက လုနိုင်မှာလဲ၊ သူက ဒီလောက်အထိ ကြမ်းတာကို”

ဖန်ခယ်က အခွင့်အရေး ရသွားသည့်အလား ပြောလိုက်သည်။

"ဒါဆို ငါ မလုတော့ဘူး၊ ငါ့ရဲ့ ရှကျွင်းချီကိုပဲ လုခိုင်းလိုက်မယ်။ မျှတအောင်လို့ နင့်ဘက်ကလည်း နင့်ရဲ့ တစ်ဖက်လူကို လွှတ်လိုက်လေ..."

အပျိုကြီး မော့ယွဲ့ : ... ဒီလောက်အထိတော့ လူကို မနှိပ်စက်သင့်ဘူးလေ။

မိတ်ကပ်ပြင်ခန်းသို့ ပြန်ရောက်ချိန်တွင် အခမ်းအနား စတင်တော့မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှန်ယို့ဖောနှင့် ဝမ်းကွဲညီမလေးများက ရှန်ယို့ယောင်ကို မင်္ဂလာဝတ်စုံ ဝတ်ဆင်ပေးကာ မိတ်ကပ်များ ပြန်လည် ပြင်ဆင်ပေးကြသည်။

ရှန်ယို့ဖောသည် ရှန်ယို့ယောင်၏ ပုံစံကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတွေက တကယ်ကို အလှဆုံးပဲနော်”

ရှန်ယို့ယောင်က သူမကို ဖက်လိုက်ကာ ပြောလိုက်သည်။ "အစ်မကြီးလည်း အရမ်း လှပါတယ်”

ပြောဆိုနေစဉ်မှာပင် ရှန်ယုံနင်နှင့် ယွဲ့ယာနင်တို့ ဝင်လာခဲ့ကြသည်။ မင်္ဂလာဝတ်စုံနှင့် သမီးဖြစ်သူကို မြင်သောအခါ စကားနည်းလှသော ရှန်ယုံနင်ပင်လျှင် မျက်ဝန်းများ နီမြန်းလာခဲ့ရသလို ယွဲ့ယာနင်မှာလည်း မျက်ရည်များကို သုတ်ကာ ပြုံးလျက် ပြောလိုက်သည်။

"တို့ရဲ့ ဒီလောက် လှတဲ့ သမီးလေးကို၊ ဟိုကောင်စုတ်လေးက အလကား ရသွားတာပဲ”

ရှန်ယို့ယောင်မှာလည်း ရင်ထဲ၌ ဆို့နင့်လာကာ ပြောလိုက်သည်။ "ဖေဖေ... မေမေ”

ရှန်ယို့ဖောသည် အလိုက်သိစွာဖြင့် ကျန်ရှိသော လူများကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်သွားခဲ့ပြီး မိသားစု သုံးဦးသားအတွက် အချိန်အနည်းငယ် ပေးလိုက်တော့သည်။

ယွဲ့ယာနင်သည် သမီးဖြစ်သူ၏ ဇာခြုံလွှာကို ပြင်ဆင်ပေးကာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး သမီးမှာ အဆင့်အတန်း အသစ်တစ်ခု ရှိလာပြီ။ ဒါပေမဲ့ မကြောက်နဲ့နော်၊ တကယ်လို့ သူ သမီးအပေါ် မကောင်းရင် အမေတို့ကို အမြဲတမ်း ပြန်ပြော၊ သိလား”

ရှန်ယို့ယောင်က ချွဲနွဲ့လျက် ပြောလိုက်သည်။ "မဖြစ်စေရပါဘူး၊ သမီးတို့တွေ အဆင်ပြေသွားမှာပါ”

"ဟုတ်ပါရဲ့၊ မေမေ စကားမှားသွားတယ်” ယွဲ့ယာနင်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းနေခဲ့သည်။

"အမေ့သမီးလေးက ဒီလောက် ကောင်းတာ၊ တစ်သက်လုံး ပျော်ရွှင်ရမှာပေါ့”

အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာကာ အခမ်းအနား တင်ဆက်သူက အချိန်တန်ပြီဖြစ်ကြောင်း လာရောက် အကြောင်းကြားခဲ့သည်။

ရှန်ယုံနင်သည် အသက်ကို ပြင်းပြင်းရှူကာ သမီးဖြစ်သူကို လက်မောင်းကမ်းပေးလျက် ပြောလိုက်သည်။ "သွားကြစို့” သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။

ရှန်ယို့ယောင်က သူ၏ လက်မောင်းကို ချိတ်ကာ သူ၏ ပခုံးပေါ်သို့ အသာအယာ မှီလိုက်ပြီး ပြောလိုက်သည်။ "ဖေဖေ... စိတ်မပူပါနဲ့၊ သမီး တကယ် အဆင်ပြေမှာပါ”

ရှန်ယုံနင်မှာ သူမအား တည့်တည့် မကြည့်ရဲဘဲ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "အဖေ သမီးကို ယုံပါတယ်။ သမီးက အဖေ့ကို တစ်ခါမှ စိတ်မပူစေခဲ့ပါဘူး”

အခမ်းအနားကို အပြင်ဘက် ပန်းခြံအတွင်း ကျင်းပခြင်း ဖြစ်သည်။ ဗီလာ၏ တံခါးမကြီး ပွင့်သွားချိန်တွင် မင်္ဂလာတေးသံ ထွက်ပေါ်လာခဲ့ပြီး ရှန်ယို့ယောင်သည် ကော်ဇောနီ၏ အဆုံးတွင် ရှိနေသော တုဇယ်ချန်းကို မြင်လိုက်ရသည်။ သုံးရက်မျှ မတွေ့ခဲ့ရသော်လည်း ရာစုနှစ်တစ်ခုစာခန့် ကြာမြင့်ခဲ့သကဲ့သို့ ခံစားရကာ နှစ်ဦးသား၏ အကြည့်များမှာ တစ်ဦးပေါ်တစ်ဦးစွဲထင်နေတော့သည်။

ရှန်ယုံနင်သည် ရှန်ယို့ယောင်၏ လက်ကို တုဇယ်ချန်း၏ လက်ထဲသို့ အပ်နှံလိုက်ချိန်တွင် နောက်ဆုံး၌ စိတ်မထိန်းနိုင်ဘဲ ငိုရှိုက်သံဖြင့် ပြောလိုက်သည်။ "ငါ့သမီးကို မင်းလက်ထဲ အပ်လိုက်ပြီ။ သူ့အပေါ် ကောင်းကောင်း ဆက်ဆံပါ၊ သိလား”

တုဇယ်ချန်းသည် ရှန်ယို့ယောင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။

"စိတ်ချပါ ဖေဖေ” သူသည် ယို့ယောင်ကို လှည့်ကြည့်ကာ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဆက်ပြောလိုက်သည်။ "ကျွန်တော် သူ့အပေါ် တစ်သက်လုံး ကောင်းကောင်း ဆက်ဆံသွားပါ့မယ်”

သူမ ဖြစ်ချင်သည့်အတိုင်း ကျွမ်းကတော် ဖြစ်လာခဲ့သော ဖန်ရွှယ်ယင်းသည် ကျွမ်းဇီစုကြောင့် ဤမင်္ဂလာပွဲ၏ သက်သေများကြားတွင် နေရာတစ်ခု ရရှိခဲ့သည်။ သူမသည် အရင်ကနှင့် မတူဘဲ လုံးဝ ပြောင်းလဲသွားသော ထိုအမျိုးသားကို ကြည့်ရင်း အတိတ်ဘဝဆိုသည်မှာ မိမိ၏ စိတ်ကူးယဉ် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်လေမလားဟု သံသယ ဝင်လာခဲ့သည်။ ဤမျှ ထူးချွန်သော လူတစ်ယောက်သည် အဘယ်ကြောင့် အသုံးမကျသောသူ တစ်ဦး ဖြစ်ခဲ့ရသနည်း။

အကယ်၍... အကယ်၍သာ ထိုစဉ်က သူမသည် သူ့အား စွန့်ခွာရန် မရွေးချယ်ဘဲ တုဟုန်ရိ၏ လုပ်ကြံမှုများမှ ကာကွယ်ပေးခဲ့လျှင်... ယခု ထိုနေရာတွင် ရပ်နေပြီး ပျော်ရွှင်နေရမည့်သူမှာ သူမ ဖြစ်နေမည် မဟုတ်ပါလား။

"ဘာလဲ... နောင်တရနေတာလား၊ ဒါမှမဟုတ် အားကျနေတာလား” ဘေးမှ ထွက်လာသော အသံမှာ ရိုင်းစိုင်းခြင်း မရှိဘဲ နူးညံ့လှသော်လည်း ဖန်ရွှယ်ယင်းမှာမူ မသိစိတ်က တုန်လှုပ်သွားကာ အလိုလိုပင် နူးညံ့သော အပြုံးတစ်ခု ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ရှင်နဲ့ လက်ထပ်ရတာက ကျွန်မအတွက် အကြီးဆုံးသော ပျော်ရွှင်မှုပါ၊ ဘာကို အားကျနေရမှာလဲ”

"ဟုတ်လား” ကျွမ်းဇီစုသည် သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ငါက မင်းကို ဒီလောက်အထိ ခမ်းနားပြီး ရိုမန့်တစ်ဆန်တဲ့ မင်္ဂလာပွဲမျိုး မပေးခဲ့ရဘူးလေ”

ဖန်ရွှယ်ယင်း၏ ရင်ထဲမှ ခါးသီးမှုများမှာ ထိတ်လန့်မှုများအောက်တွင် ပျောက်ကွယ်သွားရကာ သူမသည် ပျော်ရွှင်နေသည့်အလား ဟန်ဆောင်ပြုံးလျက် ပြောလိုက်သည်။

"ရှင်နဲ့ အတူရှိနေရတာတင် တကယ့်ကို ကံကောင်းလှပါပြီ၊ ကျွန်မ ဘာမှ ထပ်ပြီး မတောင်းဆိုပါဘူး”

သရုပ်ဆောင် အလုပ်ကို လက်လွှတ်ခဲ့ရပြီးနောက် သူမ၏ သရုပ်ဆောင်မှုမှာ လက်တွေ့ဘဝတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

သူမ ဖြစ်ချင်သည့်အတိုင်း ဖြစ်လာခဲ့သော်လည်း တစ်ရက်မျှပင် စိတ်ချမ်းသာခဲ့ရခြင်း မရှိပေ။

သူမတွင် ရလဒ်များကို ခံစားရန် အချိန်မရှိပေ။ ဤသည်မှာ သူမ နည်းလမ်းမျိုးစုံဖြင့် ရယူခဲ့သော ရလဒ် ဖြစ်သည်။ မုသားများဖြင့် တည်ဆောက်ထားသော မိမိသည် တစ်သက်လုံး မုသားများဖြင့်ပင် ဆက်လက် ကာကွယ်သွားရပေလိမ့်မည်။ သူမသည် ကျွမ်းဇီစု နှစ်သက်သော နူးညံ့သိမ်မွေ့ပြီး လောကီနှင့်ကင်းကွာသော အမျိုးသမီးတစ်ဦးအဖြစ် ဟန်ဆောင်နေရသည်။

ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ မည်သည့်အချိန်ကတည်းက စတင်ခဲ့မှန်း မသိသော်လည်း သူမဘက်မှ လက်မလွှတ်နိုင်တော့ခြင်း မဟုတ်ဘဲ လက်မလွှတ်ရဲတော့တာ ဖြစ်သည်။ အကယ်၍ သူမသာ မုသားများကို ရပ်တန့်လိုက်ပါက ကြုံတွေ့ရမည့် အကျိုးဆက်များကို သူမ ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ ကျွမ်းဇီစုကဲ့သို့ အေးစက်သော လူတစ်ယောက်သည် သူမ၏ ချဉ်းကပ်မှုမှာ အစကတည်းက လှည့်ဖြားမှုတစ်ခု ဖြစ်မှန်း သိသွားပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲများမှာ တွေးဝံ့စရာပင် မရှိပေ။

သူမ၏ ကျန်ရှိသော ဘဝတွင် ပျော်ရွှင်မှုဆိုသည်မှာ ဝေးကွာသွားခဲ့ချေပြီ။

သို့သော် သူမ တစ်ခါမျှ မစဉ်းစားမိခဲ့သည်မှာ ပျော်ရွှင်မှုဆိုသည်မှာ စစ်မှန်သော နှလုံးသားနှင့်အတူ လိုက်ပါလာတတ်သည်ဟူသော အချက်ပင်။ လူကို ဆွဲဆောင်နိုင်သည်မှာလည်း စစ်မှန်သော နှလုံးသားသာ ဖြစ်သည်။ စင်မြင့်ပေါ်မှ လိုက်ဖက်လှသော ထိုဇနီးမောင်နှံ ကဲ့သို့ပင်။

ကျွမ်းဇီစုသည် တစ်ဦးကိုတစ်ဦး လက်စွပ် စွပ်ပေးပြီးနောက် တောက်ပစွာ ပြုံးနေသော ရှန်ယို့ယောင်ကို ကြည့်ရင်း အဘယ်ကြောင့်မှန်း မသိဘဲ သူ၏ နှုတ်ခမ်းထောင့်များလည်း အလိုလို မြင့်တက်သွားခဲ့သည်။ မိမိ၏ စိတ်ခံစားချက်ကို သတိပြုမိချိန်တွင် သူသည် အံ့ဩသွားရကာ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် တူညီသော အပြုံးများကို မြင်တွေ့လိုက်ရသည်။

မှန်ပေသည်။ ဘေးမှ ဇနီးဖြစ်သူမှလွှဲ၍ ဖြစ်သည်။ သူမသည် မသိရှိခဲ့သည်မှာ သူမ ပြုံးလိုက်တိုင်း သူမ၏ နှုတ်ခမ်းထောင့်များမှာ ပေတံဖြင့် တိုင်းထားသည့်အလား တိကျလွန်းနေခဲ့ခြင်းပင်။

ကျွမ်းဇီစုသည် ဂရုမစိုက်ဟန်ဖြင့် တွေးနေမိသည်။

[ဒီမိန်းမကတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ ငါက လိမ်တာကို အမုန်းဆုံးမှန်း သိရက်နဲ့ အချိန်တိုင်း လိမ်နေရတာကိုကော မမောဘူးလား။ ဒါဆိုရင်လည်း တစ်သက်လုံး ကိုယ့်ပုံစံ အစစ်အမှန်နဲ့ မနေသွားပါနဲ့တော့...]

လက်စွပ်ကို ရှန်ယို့ယောင်၏ လက်တွင် စွပ်ပေးလိုက်ချိန်တွင် တုဇယ်ချန်းသည် ရင်ထဲမှ အပူရှိန်တစ်ခု တက်လာကာ ရင်ဘတ်အတွင်း ပြည့်နှက်သွားပြီး မျက်ဝန်းများဆီသို့ အတားအဆီး မရှိ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ရှန်ယို့ယောင်သည် သူ၏ နီမြန်းနေသော မျက်ဝန်းများကို မြင်သောအခါ မနေနိုင်ဘဲ ပြုံးမိသွားသော်လည်း သူမဘက်မှ သူ့အား လက်စွပ် စွပ်ပေးချိန်တွင်မူ သူမသည်လည်း ထပ်တူ ခံစားလိုက်ရသည်။

ယနေ့မှစ၍ သူတို့ ခရီးစဉ်သစ်တစ်ခုကို စတင်ခဲ့ပြီ ဖြစ်သည်။

ဒီခရီးမှာ လူဟောင်းတွေ၊ လူသစ်တွေ အများကြီး ပေါ်လာလိမ့်မယ်၊ တချို့က ခေတ္တမျှ ဆုံတွေ့သူတွေ ဖြစ်နိုင်သလို၊ တချို့ကလည်း ဘဝရဲ့ အရေးကြီးတဲ့ အပိုင်းတွေမှာ အတူရှိနေကြလိမ့်မယ်။ ဒါပေမဲ့ ဘယ်တော့မှ မပြောင်းလဲမှာကတော့ သူတို့နှစ်ယောက်ပဲ။ တစ်ယောက်ကိုတစ်ယောက် တရားဝင် အလိုလိုက်ခွင့် ဂရုစိုက်ခွင့် ရသွားကြပြီ၊ လက်တွဲပြီး ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို အတူ ဖြတ်သန်းသွားကြရအောင်။

စင်အောက်မှ လက်ခုပ်သံများ ဟိန်းထွက်လာခဲ့သည်။ မော့ယွဲ့၏ မျက်ဝန်းများတွင် အားကျမှုများ ပြည့်နှက်နေခဲ့သည်။ "တကယ်ကို လက်ထပ်ချင်လာပြီ”

ဘေးမှ ဖန်ခယ်၏ တုံ့ပြန်မှုကို မကြားရသဖြင့် သူမ လှည့်ကြည့်လိုက်ရာ သူမ၏ ဘေးမှ သတို့သမီးအရန် ဖန်ခယ်မှာ မျက်နှာချင်းဆိုင်ရှိ သတို့သားအရန် တစ်ဦးကို ကြည့်ကာ ချိုမြိန်စွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

မော့ယွဲ့သည် ဤအကြင်နာ ကင်းမဲ့လှသော ကမ္ဘာကြီးအပေါ် စိတ်ပျက်သွားရတော့သည်။

မင်္ဂလာအခမ်းအနား ပြီးဆုံး၍ ပျော်ရွှင်စွာ စနောက်ပြီးနောက် နောက်ဆုံးတွင် ရှန်ယို့ယောင် ပန်းစည်းပစ်မည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။

မော့ယွဲ့က ဖန်ခယ်ကို ကြည့်ကာ ပြောလိုက်သည်။

"တို့တွေ သူငယ်ချင်းတွေ မဟုတ်လား။ ပန်းစည်းကို ငါ့ကို ပေးလိုက်စမ်းပါ”

ဖန်ခယ်က လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ကိုယ့်အရည်အချင်းနဲ့ကိုယ် လုကြတာပေါ့"

နောက်ပြောင်နေခြင်း မဟုတ်ပေ။ ဤဇနီးမောင်နှံ ပေးအပ်မည့် ပျော်ရွှင်မှုဆိုသည်မှာ သေချာပေါက် ထူးခြားမည် ဖြစ်သဖြင့် လူတိုင်းက လိုချင်နေကြခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးတည်း မဟုတ်ဘဲ အခြားသူများမှာလည်း ထိုသို့ပင် တွေးနေကြပုံရသည်။ ရှန်ယို့ယောင်သည် သူမ၏ အနောက်တွင် ဝမ်းကွဲအစ်ကို၊ အစ်မများနှင့် မစ်မီစစ် အပါအဝင် လူပေါင်း ဒါဇင်နှင့်ချီ၍ စောင့်ဆိုင်းနေသည်ကို မြင်သောအခါ မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။

ဖန်ခယ်သည် နေရာယူလိုက်ပြီး ရှကျွင်းချီကို လှမ်းပြောလိုက်သည်။ "ကျွင်းချီ... ကြည့်ထားနော်၊ ဒါက တို့အတွက်ပဲ ဖြစ်ရမယ်"

မစ္စမီစစ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ "စကားကို အစောကြီး မပြောပါနဲ့ဦး၊ ကျွန်မက ဂျူဒို ဒဿမအဆင့် အောင်ထားတာနော်”

ချီကောင်းယိက ပြောလိုက်သည်။ "ရန်ဖြစ်တာ တော်ရုံနဲ့ မရဘူး၊ ဒါက ခုန်နိုင်စွမ်းကို စမ်းသပ်တာ။ ကျွန်တော် တက္ကသိုလ်တုန်းက ကျောင်းရဲ့ ဘော်လီဘော အသင်းမှာ အဓိကကစားသမားလေ၊ ခုန်နိုင်စွမ်းကတော့ ရှယ်ပဲ"

ရှန်ယို့ဖောကမူ စင်မြင့်ရှိရာသို့ တိုက်ရိုက် အော်ပြောလိုက်သည်။

"ယို့ယောင်... တို့တွေက ညီအစ်မ အရင်းတွေနော်၊ ဒီဘက်ကို ပစ်လိုက်" ထို့နောက် အခြားသူများကို ကြည့်ကာ ကျေနပ်ဟန်ဖြင့် ဆက်ပြောသည်။ "အားသန်ရုံနဲ့ မရပါဘူး၊ ဒါက နည်းစနစ်နဲ့ သံယောဇဉ်ကို ကြည့်ရမှာလေ”

ခွန်အားလည်း မရှိ၊ ခုန်လည်း မခုန်နိုင်၊ သံယောဇဉ်ပိုင်းမှာလည်း မမီသော မော့ယွဲ့ “…”

ဤကမ္ဘာကြီး၏ မကောင်းမှုကို သူမ အပြည့်အဝ ခံစားလိုက်ရပြီ ဖြစ်သည်။

တုဇယ်ချန်းသည် ရှန်ယို့ယောင် အနေရခက်နေသည်ကို မကြည့်ရက်သဖြင့် သူမ၏ အနောက်ကို လှည့်ပေးလိုက်ပြီး စောင့်ဆိုင်းနေသူများကို ပြောလိုက်သည်။

"မျှမျှတတ လုပ်ကြစမ်းပါဗျာ၊ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ လုကြပေါ့။ ကဲ... ယို့ယောင်၊ ကိုယ်ပြောတဲ့အတိုင်း လုပ်နော်၊ ၁ ၂ ၃"

ရှန်ယို့ယောင်သည် ပန်းစည်းကို အမြင့်သို့ မြှောက်၍ ပစ်လိုက်သည်။ မျောက်တစ်ကောင်ပမာ လျင်မြန်လှသော ချီကောင်းယိသည် အခွင့်အရေးကို ကြည့်ကာ ခုန်လိုက်ရာ ပန်းစည်းကို ပထမဆုံး ထိတွေ့သူ ဖြစ်သွားခဲ့သည်။ သို့သော် သူသည် ထုံးစံအတိုင်း ပေါ့ဆသူ ဖြစ်သဖြင့် ပန်းစည်းကို ထိလိုက်သည်နှင့် မသိစိတ်ဖြင့် ဘော်လီဘော ရိုက်သကဲ့သို့ ရှေ့သို့ ပုတ်ထုတ်လိုက်မိတော့သည်။ ထို့နောက် သူက အော်ဟစ်လိုက်သည်။

"အားးး ဘော်လီဘော မှတ်ပြီး ရိုက်မိသွားပြီ"

"အခွင့်အရေးပဲ" မစ္စမီစစ်သည် ပန်းစည်းရှိရာသို့ ပြေးဝင်လာသလို အခြားသူများမှာလည်း အရှုံးမပေးဘဲ လိုက်ပါလာကြသည်။

ဘေးမှ ကြည့်နေသော တုဇယ်ချန်းသည် လူအုပ်ကြီး မိမိရှိရာဘက်သို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ အရှေ့ဆုံးမှ ပြေးလာသော မစ္စမီစစ်နှင့် ဖန်ခယ်တို့မှာ အရှိန်မထိန်းနိုင်တော့သဖြင့် သူက အော်ဟစ်လိုက်သည်။ "ဖယ်ကြဦး... သတိထား"

သို့သော် အချိန်မမီတော့ပေ။ ထိုနှစ်ဦးလုံးမှာ အားကစား ဝါသနာပါသူများ ဖြစ်သဖြင့် အရှိန်မှာ အလွန် မြန်လှသည်။ တုဇယ်ချန်းသည် မသိစိတ်ဖြင့် မျက်စိမှိတ်လိုက်ကာ မိမိသည် သတို့သမီးအရန်များ၏ နင်းခြေခြင်းကို ခံရမည့် ပထမဆုံးသော သတို့သား ဖြစ်တော့မည်လားဟု တွေးမိလိုက်သည်။ သို့သော် သူ၏ ခါးကို တစ်စုံတစ်ယောက်က တင်းကျပ်စွာ ဆွဲဖက်လိုက်ပြီး ခြေထောက်များမှာ မြေပြင်မှ ကြွတက်သွားကာ လေထဲ၌ ရွေ့လျားသွားသဖြင့် ထိတ်လန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်သည်။

မလှမ်းမကမ်းရှိ လူကြီးများမှာ တက်ကြွလှသော လူငယ်များကို ကြည့်ကာ အကျယ်ကြီး ရယ်မောနေကြတော့သည်။ ဓာတ်ပုံဆရာကလည်း ထိုအခိုက်အတန့်ကို အချိန်ကိုက် မှတ်တမ်းတင်နိုင်ခဲ့သည်။

တောက်ပသော နေရောင်အောက်တွင် သတို့သမီးက လက်တစ်ဖက်တည်းဖြင့် ပွေ့ချီထားခြင်း ခံရသဖြင့် မှင်တက်နေသော သတို့သား။ သူတို့၏ ဘေးတွင်မူ မီဒီယာများရှေ့၌ အမြဲတမ်း ကျက်သရေရှိပြီး ယဉ်ကျေးလှသော လူကုံထံ လူငယ်များမှာ ထိတ်လန့်တကြား တိုးဝှေ့နေကြသည်။ အစွန်ဆုံးတွင် ရပ်နေသော မိန်းကလေးငယ် တစ်ဦးမှာမူ သူမ၏ ရင်ခွင်ထဲသို့ ကျရောက်လာသော ပန်းစည်းကို ကြည့်ရင်း မယုံနိုင်အောင် ဖြစ်နေတော့သည်။

ဤသည်မှာ အမှန်တကယ်ပင် ပျော်ရွှင်မှုများကို လက်ဆင့်ကမ်းပေးနိုင်သော ဓာတ်ပုံတစ်ပုံ ဖြစ်ခဲ့လေတော့သည်။

…

All Chapters