အခန်း ၁၁၂
Vol. 7 Ch. 112
အခန်း (၁၁၂) အချပ်ပို ၂
ရှစ်နာရီခန့် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လေယာဉ် မြေပြင်သို့ ဆင်းသက်ချိန်တွင် ၎င်းတို့ နှစ်ဦးသား နိုးလာခဲ့ကြရာ အနောက်ဘက်မှ ထိုကြွားဝါတတ်သော အမျိုးသား၏ အသံကြီးကို ထပ်မံ ကြားလိုက်ရပြန်သည်။ သူ၏ ထိုင်ခုံမှာ ရှေ့တန်းတွင် ရှိနေပုံရပြီး အသံမှာလည်း မနိမ့်လှသဖြင့် တုဇယ်ချန်းတို့မှာ အကုန်လုံးကို ကြားနေရသည်။ သူသည် အင်မတန်ဆိုးသွမ်းနေသော်ငြား ရှင်သန်နေရသေးသည့်ကြောင်းမှာ သူ၏ ပြောပြချက်အရ သူ၏ ဦးလေးမှာ အာဏာရှိသော အရာရှိတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ထိုအချက်အပြင် သူ ဂုဏ်ယူနေသော အချက်များမှာ သူ၏ ပညာအရည်အချင်းနှင့် အလုပ်အကိုင် ဖြစ်သည်။ ယန်တက္ကသိုလ်မှ ဘွဲ့လွန်ရထားသူဖြစ်ပြီး အာကာသ သိပ္ပံ သုတေသနဌာနတွင် အလုပ်လုပ်နေသူ ဖြစ်သည်။
သူသည် ကျောင်းတွင်ရော၊ လုပ်ငန်းခွင်တွင်ပါ ရုပ်ချော၍ အရည်အချင်းရှိသလို၊ အရှိန်အဝါလည်း ရှိသဖြင့် လူချစ်လူခင် များကြောင်း ပြောဆိုနေသည်။ သူ၏ စကားများအရ သူ၏ ဇနီးဖြစ်သူမှာ နယ်မြို့လေးမှ အလယ်တန်း ဆရာမလေး တစ်ဦးသာ ဖြစ်ပြီး သူ့အား လက်ထပ်ခွင့် ရခြင်းမှာ သူမ၏ ဘိုးဘွားများက ကုသိုလ်ထူးခဲ့၍သာ ဖြစ်ကြောင်း၊ သူမအား ပျားရည်ဆမ်းခရီး ခေါ်လာပေးခြင်းမှာလည်း သူမအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်းနှင့် ဤလောကတွင် သူမကဲ့သို့ ကံကောင်းသော အမျိုးသမီး မရှိတော့ကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။
လူတစ်ဦးက မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။ "ဟုတ်ပါရဲ့ဗျာ။ တကယ့်ကို ကံကောင်းလွန်းလို့ပါ။ အမှန်ဆိုရင် ခင်ဗျား သူ့ကို ခေါ်မလာခဲ့ရင်တောင် ရပါတယ်နော်”
ထိုအမျိုးသားက ပြောလိုက်သည်။ "လက်ထပ်ပြီး ပျားရည်ဆမ်းခရီး မသွားရင် လူတွေက လှောင်ကြမှာပေါ့”
လူတိုင်း စကားမဆိုနိုင်ဘဲ ရှိနေကြသော်လည်း အဖြစ်မှန်ကို သိမြင်သွားကြသည်။ ဤကဲ့သို့သော အမျိုးသားမျိုးမှာ အချစ်စိတ် မရှိသလို ဇနီးအပေါ်တွင်လည်း ဂရုစိုက်မှု မရှိပေ။ မျက်နှာပွင့်လို၍သာ ပျားရည်ဆမ်းခရီး လာခြင်း ဖြစ်သည် မဟုတ်ပါလား။
လမ်းတစ်လျှောက်လုံးတွင် သူသည် လူအများ၏ ဒေါသကို ဆွပေးခဲ့ပုံရသည်။ တစ်ဦးက သူ၏ လှောင်ပြောင်မှုကို နားမလည်သော ထိုအမျိုးသားအား တိုက်ရိုက်ပင် စိန်ခေါ်လိုက်သည်။
"ခင်ဗျားက ဒီလောက်အထိ ချောပြီး အရည်အချင်း ရှိတာကို၊ ဘာလို့ မိန်းမချောချော မယူခဲ့တာလဲ။ ဟိုဘက်က ပထမတန်းမှာ ထိုင်တဲ့သူကို ကြည့်ဦး၊ မိန်းမက လှသလို ကိုယ်ဟန်လည်း ရှယ်ပဲ။ ခင်ဗျားမိန်းမထက်စာရင် အများကြီး ပိုပြီး ထူးချွန်တဲ့ ပုံစံပဲဗျ၊ သူတို့နဲ့ ယှဉ်ရင်တော့ ခင်ဗျားက အဝေးကြီးမှာ ကျန်ခဲ့တာပေါ့”
ထိုအမျိုးသားမှာ အနာကို အထိုးခံလိုက်ရသည့်အလား လေသံမှာ စူးရှလာခဲ့သည်။ ထိုအမျိုးသားက ပြောလိုက်သည်။
"ဟိုက လူကြည့်မခံရဲလို့ ဖုံးကွယ်ထားတဲ့ သူကို ရုပ်ချောတယ်လို့ ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ။ အကုန်လုံး ဖုံးအုပ်ထားတာဆိုတော့ တကယ်တမ်းကျရင် ရုပ်ဆိုးလွန်းလို့ ဖုံးထားတာလည်း ဖြစ်နိုင်တာပဲလေ”
တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြသည်။ "ဒီလို ခရီးမျိုးကို ခဏခဏ စီစဉ်သင့်တယ်။ မင်း သရုပ်ဆောင်တဲ့အခါကျရင် အချက်အလက်တွေ အများကြီး ရတာပေါ့”
ကားငှားရန်အတွက် အချိန်အနည်းငယ် ယူခဲ့ရသည်။ ရှုခင်းများကို ကောင်းကောင်း မြင်တွေ့နိုင်ရန် တုဇယ်ချန်းက အမိုးဖွင့်ကား တစ်စီးကို ငှားရမ်းလိုက်သည်။
၎င်းတို့ ကားမောင်း၍ ထွက်လာချိန်တွင် လေဆိပ်အထွက်၌ ပျားရည်ဆမ်းခရီးသွားအဖွဲ့ကို ထပ်မံ တွေ့လိုက်ရပြန်သည်။ သူတို့မှာ ဘတ်စ်ကားကို စောင့်နေကြပုံရသည်။
ထိုအမျိုးသားသည် တစ်ဦးတည်း တတွတ်တွတ် ပြောဆိုနေဆဲ ဖြစ်သော်လည်း လူတိုင်းက သူ့အား အဖက်မလုပ်ချင်ကြပေ။ သို့သော် သူသည် တစ်ဖက်လူ၏ မျက်နှာရိပ် မျက်နှာကဲကို နားမလည်ဘဲ ရှိနေဆဲ ဖြစ်သည်။
ကားလေးသည် အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာချိန်တွင် သူ ပြောဆိုနေသော စကားများကို တုဇယ်ချန်းတို့ ကြားလိုက်ရသည်။
"အခုခေတ် လူတွေက တကယ့်ကို အပေါ်ယံပဲ၊ ရုပ်ကိုပဲ ကြည့်ကြတာ။ တချို့က ချောလား၊ လှလားတောင် မသိရဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အကုန် ဖုံးအုပ်ထားကြတာလေ။ လူတွေကလည်း ကိုယ်ဟန်လေး ကောင်းတာနဲ့တင် စွဲလမ်းနေကြတာ၊ အဲဒီလောက်အထိ ကာမဂုဏ်ကို မက်မောနေရင်တော့ နောက်ပိုင်းကျရင် သေချာပေါက် ဖောက်ပြန်ကြမှာပဲ..."
သူ၏ စကားကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ၏ အကြည့်များမှာ သူ့အား ထိုးကြိတ်ချင်နေသည့် ပုံစံပင် ဖြစ်သည်။
တုဇယ်ချန်းသည် သူ၏ ရှေ့တွင် ကားကို ရပ်လိုက်ပြီး ပြောလိုက်သည်။ "ဟိုင်း... ထပ်တွေ့ကြပြန်ပြီနော်"
ယခုအချိန်တွင် ၎င်းတို့မှာ အကာအကွယ်များ အားလုံးကို ချွတ်ထားခဲ့ပြီ ဖြစ်သည်။ ရိုးရှင်းလှသော အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီတို့မှာ သူတို့၏ တောက်ပမှုကို မဖုံးကွယ်နိုင်တော့ဘဲ နှစ်ဦးသား အတူရှိနေချိန်တွင် ဆွဲဆောင်မှုမှာ အဆပေါင်းများစွာ တိုးပွားနေခဲ့သည်။
လူတိုင်း၏ အကြည့်များမှာ သူတို့ နှစ်ဦးအပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုအမျိုးသားမှာမူ လည်ပင်း ညှစ်ခံထားရသော ဘဲတစ်ကောင်ပမာ ဖြစ်သွားကာ မျက်လုံးများမှာ ရှန်ယို့ယောင်ထံသို့ စိုက်ကြည့်နေမိတော့သည်။
ရှန်ယို့ယောင်က မျက်မှောင်ကြုတ်လိုက်ရာ တုဇယ်ချန်းက သူမ၏ ရှေ့တွင် ဝင်ကာ သူ၏ အကြည့်များကို ပိတ်ဆို့လိုက်ပြီး အေးစက်စွာ လှောင်ရယ်လျက် ပြောလိုက်သည်။
"အပေါ်ယံ ရုပ်ရည်ကို မကြည့်ဘူး ဟုတ်လား”
သူက ဆက်ပြောလိုက်သည်။
"ခင်ဗျား ပြောတာကိုတော့ ကျွန်တော် မထောက်ခံဘူး။ ကျွန်တော့်လို ချောလည်းချော၊ ချမ်းလည်း ချမ်းသာတဲ့သူရှိနေတော့ ကျွန်တော့်မိန်းမက တခြားလူကို ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ။ ကျွန်တော့်မိန်းမကလည်း လှလည်းလှ၊ အလုပ်လည်း တော်တော့ ကျွန်တော်လည်း တခြားမိန်းကလေးတွေကို စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ ဖောက်ပြန်မှာ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ ဘယ်သူမှ ခင်ဗျားကို စိတ်ဝင်စားမှာ မဟုတ်လို့လေ”
ပြောဆိုပြီးနောက် ထိုအမျိုးသား ဘာမှ ပြန်မပြောနိုင်သေးမီမှာပင် ကားကို ချက်ချင်း မောင်းထွက်ခဲ့တော့သည်။ နှမြောစရာ ကောင်းသည်မှာ ကားမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကားကောင်းတစ်စီး ဖြစ်နေသဖြင့် သူ၏ မျက်နှာပေါ်သို့ အိတ်ဇောငွေ့များ မှုတ်ထုတ်မပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုအမျိုးသားမှာ အစော်ကား ခံလိုက်ရမှန်း နောက်မှ သိရှိသွားကာ တစ်စုံတစ်ခု ပြောရန် ပြင်စဉ် ဘေးမှ အမျိုးသမီးများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။
"အားးး တကယ့်ကို တုသခင်လေးနဲ့ ရှန်ယို့ယောင် ပဲ"
"အပြင်မှာက တီဗွီထဲမှာထက်တောင် ပိုပြီး ချောတာပဲဟယ်"
"ငါတို့က တုသခင်လေးတို့ ဇနီးမောင်နှံနဲ့ လေယာဉ်တစ်စီးတည်း အတူစီးလာရတာလား၊ ဒီတစ်ခေါက် ပျားရည်ဆမ်းခရီးကတော့ တကယ့်ကို တန်ဖိုးရှိသွားပြီ"
ထိုအမျိုးသားသည် မျက်နှာရိပ် မျက်နှာကဲ နားမလည်သော်လည်း ဉာဏ်ရည်မှာမူ ပုံမှန် ရှိသေးသည်။ ဤမျှ လူအများအပြား သိရှိထားသော လူများဆိုပါက အရှိန်အဝါ သေးမည် မဟုတ်မှန်း သိရှိသဖြင့် သူ ထပ်မံ၍ မပြောရဲတော့ပေ။
နောက်ပိုင်းတွင်လည်း သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့ ပေါ်ထွက်လာခြင်းမှာ လူတိုင်းအတွက် သူ့အား ပြန်လည် တုံ့ပြန်ရန် အခိုင်အလုံဆုံးသော အကြောင်းပြချက် ဖြစ်လာခဲ့သည်လေ။
သူ ဘာပဲ ပြောချင်ချင် လူတိုင်းက သူ့အား ပါးစပ်ပိတ်အောင် လုပ်နိုင်ကြသည်။
သူ ဘယ်လောက်ပဲ ချောချော တုဇယ်ချန်းကို မီလို့လား။ ဘယ်လောက်ပဲ ချမ်းသာပါစေ တုဇယ်ချန်းကို မီလို့လား။ သူ့ဇနီးက ဘယ်လောက်ပဲ ထူးချွန် ထူးချွန် ရှန်ယို့ယောင်ကို မီနိုင်ပါ့မလား။
ဤပျားရည်ဆမ်းခရီးသွားအဖွဲ့သည် နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ချေပြီ။
သို့သော် ထိုအကြောင်းကို ရှန်ယို့ယောင်တို့မှာ မသိကြပေ။ သူတို့ ဟိုတယ်သို့ ရောက်ရှိချိန်တွင် ည ၁၀ နာရီခန့် ရှိနေပြီ ဖြစ်သည်။ သို့သော် လမ်းတစ်လျှောက် လေယာဉ်ပေါ်တွင် အိပ်စက်လာခဲ့ကြသဖြင့် နှစ်ဦးသားလုံးမှာ များစွာ အိပ်ချင်စိတ် မရှိကြသေးပေ။
အိတ်များကို ချထား၍ ခေတ္တ အနားယူပြီးနောက် ရှန်ယို့ယောင်သည် စပ်စုလိုစိတ်ဖြင့် အခန်းအနှံ့ လျှောက်ကြည့်နေမိသည်။ ၎င်းမှာ ဗီလာပုံစံ ဟိုတယ်တစ်ခု ဖြစ်ပြီး ပထမထပ်တစ်ပြင်လုံးကို မှန်နံရံများဖြင့် ဖွဲ့စည်းထားသည်။ ဘေးဘက်ရှိ မှန်တံခါးကို တွန်းဖွင့်လိုက်လျှင် လှေကားထစ်လေးများ၏ အောက်တွင် ရေကစားကန် ရှိနေသလို အရှေ့ဘက်တွင်မူ အပူပိုင်းဒေသ အငွေ့အသက်များ ပြည့်နှက်နေသော ဥယျာဉ်လေး ရှိနေသည်။ အခန်းအတွင်း ရပ်နေရသည်မှာ သဘာဝတရားကြီး၏ ရင်ခွင်ထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားရသည်မှာ အလွန်ပင် ထူးခြားလှသည်။
သူမ၏ အနောက်ဘက်တွင် နွေးထွေးသော ကိုယ်ခန္ဓာတစ်ခုကပ်ပါလာသဖြင့် ရှန်ယို့ယောင်သည် သူ၏ ရင်ခွင်အတွင်းသို့ ပစ်ဝင်ကာ မှီတွယ်လိုက်မိသည်။ လေပြေအေးလေးများကြားတွင် လှိုင်းပုတ်သံသဲ့သဲ့မှာ ရောယှက်နေပြီး သက်သောင့်သက်သာ ရှိလှသဖြင့် တစ်ကိုယ်လုံးရှိ ချွေးပေါက်များပင် ပွင့်အာသွားသကဲ့သို့ ခံစားရသည်။ လည်ပင်းပေါ်သို့ ပူနွေးသော အသက်ရှူသံများ ကျရောက်လာကာ နားသီးလေးကို ငုံခဲခြင်း ခံလိုက်ရသဖြင့် ရှန်ယို့ယောင်သည် တွန့်ခနဲ ဖြစ်သွားကာ မျက်လုံးဖွင့်လိုက်မိသည်။ ရှန်ယို့ယောင်က ပြောလိုက်သည်။
"ဘာလုပ်မလို့လဲ"
တုဇယ်ချန်းက ကောက်ကျစ်စွာ ပြုံးလျက် ပြောလိုက်သည်။
"တစ်နေ့လုံး အားမွေးထားတာဆိုတော့... ဘာလုပ်မလဲဆိုတာ မင်းပဲ စဉ်းစားကြည့်တော့လေ”
ပြောပြောဆိုဆိုနှင့်ပင် သူမ၏ နှုတ်ခမ်းများကို အတင်းအကျပ် နမ်းရှိုက်လိုက်ကာ လက်များကလည်း အငြိမ်မနေဘဲ အဝတ်အစားများအတွင်းသို့ တိုးဝင်လာတော့သည်။ တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "ဒါက ပျားရည်ဆမ်းခရီးလေ"
ပတ်ဝန်းကျင် တစ်ခုလုံးမှာ မှန်ပြတင်းပေါက်များ ဖြစ်နေသဖြင့် အပြင်ဘက်သို့ ရောက်နေသကဲ့သို့ ခံစားနေရသောကြောင့် ရှန်ယို့ယောင်သည် အလွန်ပင် ရင်ခုန်ထိတ်လန့်နေခဲ့သည်။ ရှန်ယို့ယောင်က ငြင်းဆန်ကာ ပြောလိုက်သည်။ "အိပ်ခန်းထဲ သွားကြရအောင်လေ။ ဟုတ်ပြီလား”
တုဇယ်ချန်းက လေးနက်သော ပုံစံဖြင့် ပြောလိုက်သည်။ "သရုပ်ဆောင် တစ်ယောက်အနေနဲ့ အတွေ့အကြုံသစ်တွေကို လေ့လာဖို့ လိုအပ်တယ်လေ..." သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ဧည့်ခန်းရှိ ဆိုဖာ၊ အပြင်ဘက်မှ ရေကန်နှင့် ဥယျာဉ်ထဲရှိ ကျောက်တုံးများအပေါ်သို့ အကြည့်များ ရောက်ရှိသွားသည်။ သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည် မဟုတ်ပါလား။ သူက သူမ၏ နားနားသို့ လေမှုတ်ကာ ပြောလိုက်သည်။ "ကိုယ် မင်းကို သေသေချာချာ ကူညီပေးမှာပါ”
ရှန်ယို့ယောင်သည် ဆက်လက် ငြင်းဆန်ရန် ကြိုးစားရင်း အလောတကြီး ပြောလိုက်သည်။ "ရှင်က ကျွန်မကို အချစ်ကြမ်းတဲ့ ဇာတ်ကားမျိုး ရိုက်ခိုင်းချင်နေတာလား”
သူမ၏ ရည်ရွယ်ချက်မှာ တုဇယ်ချန်းအား အရှက်ရစေပြီး မိမိကို လွှတ်ပေးရန် ဖြစ်သော်လည်း တုဇယ်ချန်း၏ အရှက်မရှိမှုကို သူမ အထင်သေးမိသွားခဲ့သည်။ တုဇယ်ချန်းက ပြောလိုက်သည်။ "ကောင်းတာပေါ့။ ဇာတ်ကားအမည်ကို အချစ်နှင့် အရှိန်အဟုန် လို့ ပေးရအောင်။ ကိုယ်က ဇာတ်လိုက်မင်းသား၊ မင်းက ဇာတ်လိုက်မင်းသမီးပေါ့။ ကဲ... ကိုယ်တို့တွေ အရင်ဆုံး ဇာတ်တိုက်ကြရအောင်..."
ထိုညက ဇာတ်တိုက်ခြင်းမှာ ညဉ့်နက်သည်အထိ ကြာမြင့်ခဲ့သည်။ နေရာရွေးချယ်မှုမှာ အမျိုးမျိုး ရှိခဲ့သလို အကြောင်းအရာများမှာလည်း ကြွယ်ဝလှပြီး အလွန်ပင် ရင်ခုန်လှုပ်ရှားဖွယ် ကောင်းလှသဖြင့် အချစ်နှင့် အရှိန်အဟုန် ဆိုသော အမည်နှင့် တကယ်ကို လိုက်ဖက်လှပေသည်။
ထို့ကြောင့် နောက်တစ်နေ့ နိုးလာချိန်တွင် နေပင် မွန်းတည့်နေချေပြီ။ အငြိုးအတေး မထားတတ်သော ရှန်ယို့ယောင်သည် မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ ခြေထောက်ဖြင့် တုဇယ်ချန်းအား ခုတင်အောက်သို့ကန်ချလိုက်ခြင်းပင် ဖြစ်သည်။ တုဇယ်ချန်းသည် မျက်လုံးကို ပွတ်သပ်ကာ ဖြည်းဖြည်းချင်း ထလာပြီး မေးစေ့ကို ခုတင်စွန်းတွင် တင်လျက် ရှန်ယို့ယောင်ကို ကြည့်ကာ ပြုံးလိုက်သည်။
တုဇယ်ချန်းက ပြောလိုက်သည်။ "မောနင်းနော် မိန်းမ”
ပျင်းရိဟန်ဆောင်နေသော အမူအရာ၊ ဆွဲဆောင်မှုရှိသော အပြုံးနှင့် အက်ရှရှ အသံတို့မှာ အလွန်ပင် ရင်ခုန်စရာ ကောင်းနေတော့သည်။ ရှန်ယို့ယောင်က စိတ်တိုဟန်ဖြင့် အော်လိုက်သည်။ "မြှူဆွယ်ဖို့ မကြိုးစားနဲ့"
တုဇယ်ချန်းက အကျယ်ကြီး ရယ်မောကာ သူမအား အုပ်မိုးလိုက်ပြန်သဖြင့် နှစ်ဦးသား ထပ်မံ၍ လုံးထွေးနေကြပြန်ကာ အချိန်အတော်ကြာမှသာ ခုတင်ပေါ်မှ ဆင်းနိုင်ခဲ့ကြသည်။
နှစ်ဦးသား ပြင်ဆင်ပြီးနောက် ဗိုက်အနည်းငယ် ဖြည့်လိုက်ကြပြီး နေရှိန် လျော့သွားချိန်မှသာ လက်တွဲ၍ ကမ်းခြေရှိရာဘက်သို့ ထွက်လာခဲ့ကြသည်။ ဟိုတယ်တွင် စားစရာ မရှိ၍ မဟုတ်ဘဲ ရှန်ယို့ယောင်က ဤနေရာ၌ ညနေပိုင်းတွင် မီချင်းကျွန်း၏ နာမည်ကြီးကမ်းခြေ BBQ ရှိသည်ဟု ကြားထားသဖြင့် ဗိုက်ကို တမင် ချန်ထားခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤမိန်းကလေးမှာ အစားအသောက် အလွန် မက်သူဖြစ်မှန်း သိလာရသည်။ အတိတ်ဘဝတွင် အားကစားသမား ဖြစ်သဖြင့် အစားရှောင်ခဲ့ရသလို ယခုဘဝတွင်လည်း သရုပ်ဆောင် ဖြစ်နေသဖြင့် များစွာ မထူးလှချေ။ တွေးကြည့်လျှင် သူမအတွက် တကယ်ကို သနားစရာပင်။
ဟိုတယ်နှင့် ကမ်းခြေက မဝေးလှသဖြင့် နှစ်ဦးသား စနောက်ရင်း လျှောက်လာခဲ့ရာ မိနစ် ၃၀ ခန့်တွင် ရောက်ရှိသွားသည်။ ကမ်းခြေ၏ ထောင့်တစ်နေရာတွင်ကင်သည့်စင်များနှင့် စားပွဲများကို ခင်းကျင်းထားပြီး စားစရာများကို မိမိဘာသာ ဝယ်ယူရုံသာ ဖြစ်သည်။ ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ လက်ကို ဆွဲကာ ခြေလှမ်းများကို မြှင့်လိုက်သည်။ လူအများအပြားမှာကင်သည့်စင်များတွင် အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။ မည်သည့် အမွှေးအကြိုင်များ ထည့်ထားသည် မသိသော်လည်း ပင်လယ်စာများ၏ မွှေးရနံ့မှာ ပျံ့လွင့်နေပြီး တကယ့်ကို အားရစရာပင်။
၎င်းတို့နှစ်ဦး ရှေ့သို့ တိုးသွားစဉ် သူတို့၏ အမည်များကို ကြားလိုက်ရသဖြင့် တစ်စုံတစ်ယောက်က မိမိတို့ကို မှတ်မိသွားသည်ဟု ထင်မှတ်ခဲ့သော်လည်း သေသေချာချာ နားထောင်ကြည့်သောအခါ လူအချို့က သူတို့အကြောင်းကို ဆွေးနွေးနေကြခြင်းသာ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လာစဉ်က ဆုံတွေ့ခဲ့သော ပျားရည်ဆမ်းခရီးသွားအဖွဲ့ ဖြစ်နေတော့သည်။
ယဲ့ယို့မေက စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"တုသခင်လေးနဲ့ ရှန်ယို့ယောင် တို့က တကယ်ကို ချစ်ကြတာလို့ ငါ ပြောသားပဲ။ ငါ့ယောကျ်ားကတော့ သူတို့က သရုပ်ဆောင်နေတာပါလို့ ဇွတ်ပြောနေတာ။ သူက တခြား ကိစ္စတွေမှာ ကောင်းပေမဲ့ တုသခင်လေး ကိစ္စကျမှ ငါ့ကိုကန့်လန့်တိုက်နေတာ၊ စိတ်တိုစရာကြီး သူတို့လို အဆင့်အတန်းမျိုးက ဘာလို့ သရုပ်ဆောင်နေဖို့ လိုမှာလဲ”
သူမ၏ အမျိုးသားက ပြောလိုက်သည်။ "အဆင့်အတန်း မြင့်လေလေ ပုံရိပ်ကို ပိုထိန်းရလေပဲ။ မင်းက ဘာသိလို့လဲ”
ယဲ့ယို့မေက ပြောလိုက်သည်။ "အဆင့်မြင့်ရင် အချစ်မရှိရတော့ဘူးလား။ သူတို့တွေ ဒီအဆင့်ထိ ရောက်လာဖို့ ဘယ်လောက်အထိ ခက်ခဲခဲ့ရလဲဆိုတာ ရှင် သိရဲ့လား”
"ဟုတ်တယ်... ဟုတ်တယ်” စွန်းထင်းထင်းကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။ "သူတို့က တကယ့် အချစ်စစ်တွေပါ”
ယဲ့ယို့မေ၏ ခင်ပွန်းက မကျေမနပ်ဖြစ်ကာ တစ်ခုခု ထပ်ပြောရန် ပြင်စဉ် ဘေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟင်း... ကံကောင်းလို့ လူဖြစ်လာရတာတင် ပါ။ အကျိုးအမြတ်အတွက်ဆိုရင်တော့ ချစ်ဟန်ဆောင်ပြရတာပေါ့။ ငါ့ဦးလေး ပေါင်းသင်းနေတဲ့သူတွေ အကုန်လုံးက ချမ်းသာတဲ့သူတွေချည်းပဲ၊ ငါ အသိဆုံးပါ။ ချမ်းသာတဲ့သူတွေမှာ သံယောဇဉ် မရှိပါဘူး၊ ပိုက်ဆံအတွက်ပဲ ရှိတာ”
ထိုအသံကို ကြားသည်နှင့် လူတိုင်းမှာ စိတ်ညစ်သွားကြရသည်။ လမ်းတစ်လျှောက်လုံး ငြိမ်နေခဲ့သော ထိုကြွားဝါတတ်သည့် အမျိုးသားသည် တုဇယ်ချန်း၏ အားနည်းချက်ကို ထပ်မံ ရှာတွေ့သွားပြန်ပြီ ဖြစ်သည်။ ယဲ့ယို့မေ၏ ခင်ပွန်းမှာမူ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ ပါးစပ်ပိတ်သွားတော့သည်။ ယဲ့ယို့မေက သူ့အား ကြည့်ကာ အေးစက်စွာ လှောင်ရယ်လျက် ပြောလိုက်သည်။
"ကျွဲနွားချင်း တူရာစုတာပဲ။ ရှင်က ဘယ်လိုလူလဲဆိုတာ ရှင် ပေါင်းတဲ့သူကို ကြည့်ရင် သိနိုင်တာပဲ။ နားလည်လား”
ယဲ့ယို့မေ၏ ခင်ပွန်းက သူမအား စိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်းက ငါ့ကို သဘောကျလို့ ယူခဲ့တာ မဟုတ်ဘူးလား”
ယဲ့ယို့မေက ပြောလိုက်သည်။ "အင်း... အရင်က ငါ မျက်စိမှားခဲ့တာ၊ နောက်ဆိုရင်တော့ ပြင်ပါ့မယ်”
တုဇယ်ချန်းသည် သူတို့၏ အငြင်းအခုန်ကို နားထောင်ရင်း တိတ်တဆိတ် ရယ်မောနေမိသည်။
[အပြစ်ရှိနေပြီ၊ သူများ အသစ်စက်စက် ဇနီးမောင်နှံတွေကို ရန်ဖြစ်အောင် လုပ်မိသလို ဖြစ်နေပြီ။]
သူသည် ရှန်ယို့ယောင်အား ဆွဲကာ တခြားတစ်နေရာသို့ သွားရန် ပြင်လိုက်သော်လည်း ရှန်ယို့ယောင်မှာမူ နေရာမှ မရွေ့ဘဲ ရပ်နေခဲ့သည်။
၎င်းတို့နှစ်ဦး၏ ရုပ်ရည်နှင့် အရှိန်အဝါမှာ အစကတည်းက လူအများ၏ အာရုံကို ဆွဲဆောင်နေခြင်း ဖြစ်သည်။ လူအများအပြားမှာလည်း မသိစိတ်ဖြင့် လှမ်းကြည့်နေကြရာ များမကြာမီမှာပင် ထိုဘက်မှ လူအချို့မှာ သူတို့အား သတိပြုမိသွားကြသည်။
စွန်းထင်းထင်းက မသိစိတ်ဖြင့် လှမ်းအော်လိုက်သည်။ "တုသခင်လေး"
ရှန်ယို့ယောင်သည် ထိုအခါမှသာ သူတို့အား ယခုမှ မြင်သည့်အလား ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးလျက် တုဇယ်ချန်း၏ လက်ကို ဆွဲကာ သူတို့ဆီသို့ လျှောက်သွားခဲ့သည်။ ရှန်ယို့ယောင်က ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ”
တုဇယ်ချန်းသည် သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သဖြင့် အနည်းငယ် အံ့ဩသွားသလို ရင်ထဲ၌လည်း နွေးထွေးသွားရသည်။ ဤမိန်းကလေးမှာ သူ့အား အနည်းငယ်မျှပင် အထိခိုက်မခံနိုင်သည် မဟုတ်ပါလား။
စွန်းထင်းထင်းမှာမူ မသိစိတ်ဖြင့် လှမ်းခေါ်မိခြင်း ဖြစ်သော်လည်း အမှန်တကယ် လူချင်း ဆုံတွေ့ရချိန်တွင်မူ ရင်ခုန်လွန်း၍ မူးလဲတော့မတတ် ဖြစ်နေခဲ့သည်။
ရှန်ယို့ယောင်က ပြောလိုက်သည်။ "ဒါက တော်တော် စိတ်ဝင်စားစရာ ကောင်းပုံပဲ။ အတူတူ ဆင်နွှဲဖို့ ခွင့်ပြုနိုင်မလားဟင်”
စွန်းထင်းထင်း စကားမပြောနိုင်မီမှာပင် သူမထက် ပို၍ စိတ်လှုပ်ရှားနေသော ယဲ့ယို့မေက သတိပြန်ဝင်လာကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "မရပါဘူး... မရပါဘူး အားမနာပါနဲ့... အာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မ ဆိုလိုတာက... ရပါတယ်ရှင် ရပါတယ် ရှင်တို့တွေ တကယ်ပဲ ကျွန်မတို့နဲ့အတူ ဆင်နွှဲမှာလားဟင်”
တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့မှာ တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြပြီး ရှန်ယို့ယောင်က ပြောလိုက်သည်။
"နင်က တကယ်ကို ချစ်စရာကောင်းတာပဲ”
ယဲ့ယို့မေသည် မိမိကိုယ်မိမိ လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရလေသည်။ ယဲ့ယို့မေက ပြောလိုက်သည်။
"အား... တုကတော်က ငါ့ကို ချစ်စရာကောင်းတယ်လို့ ချီးကျူးလိုက်တယ်"
ရှန်ယို့ယောင်သည် အသံထွက်၍ ရယ်မောမိသွားသည်။ စွန်းထင်းထင်းက သူမအား ဘေးနားရှိ ထိုင်ခုံသို့ အမြန်ပင် ဖိတ်ခေါ်လိုက်ရာ ယဲ့ယို့မေသည်လည်း ပင်လယ်စာပန်းကန်ကို ကိုင်ကာ ရှန်ယို့ယောင်၏ ဘေးသို့ အပြေးအလွှား ပြောင်းထိုင်လိုက်တော့သည်။ သူမသည် ရှန်ယို့ယောင်၏ အနားမှ မခွာချင်တော့ဘဲ ခင်ပွန်းဖြစ်သူကို လှမ်းခေါ်လိုက်သည်။ ယဲ့ယို့မေက ပြောလိုက်သည်။
"ဒီမှာပဲကင်ကြရအောင်၊ ပစ္စည်းတွေ ဒီဘက်ကို ရွှေ့ခဲ့လိုက်တော့”
ရှန်ယို့ယောင်သည် ခေါင်းမော့၍ တစ်ချက် ကြည့်လိုက်သည်။ သူမတို့အပေါ် အမြင်မကြည်လင်ခဲ့သော ထိုလူငယ်မှာ နေလောင်ထားသော အသားအရေနှင့် တက်ကြွလန်းဆန်းသော ပုံစံရှိလေသည်။ သူသည် ရှန်ယို့ယောင် လှမ်းကြည့်သည်ကို မြင်သောအခါ အားနာဟန်ဖြင့် ခေါင်းကို ကုတ်လိုက်ပြီး ဇနီးသည်၏ အမိန့်အတိုင်း ပစ္စည်းများကို စတင် သယ်ယူတော့သည်။
တုဇယ်ချန်းက ပြောလိုက်သည်။ "သူက စကားနည်းတတ်လို့၊ ခင်ဗျားတို့ပဲ နည်းနည်းလောက် ဂရုစိုက်ပေးလိုက်ကြပါဦး။ ကျွန်တော် ပစ္စည်းသွားယူလိုက်ဦးမယ်”
စွန်းထင်းထင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "စိတ်ချပါ တုသခင်လေး၊ ကျွန်မတို့ သူ့ကို သေသေချာချာ ဂရုစိုက်ပေးပါ့မယ်”
ထိုသို့ ပြောလိုက်သော်လည်း တုဇယ်ချန်း ထွက်သွားချိန်တွင်မူ သူမသည် အနည်းငယ် စိုးရိမ်လာခဲ့သည်။ မည်သို့ စကားစတင်ပြောဆိုရမည်ကို မသိဘဲ ဝေခွဲမရ ဖြစ်နေပုံရသည်။
ရှန်ယို့ယောင်သည် အခြေအနေကို မြင်သောအခါ ဦးစွာ စကားစလိုက်သည်။ ရှန်ယို့ယောင်က ပြောလိုက်သည်။
"ရှင်တို့ ဘာတွေကင်နေကြတာလဲဟင်”
စွန်းထင်းထင်းက တက်ကြွစွာဖြင့် ပြောလိုက်သည်။ "မီးနဂါး ကျောက်ပုစွန်လေ၊ ဒီဒေသမှာပဲ ထွက်တဲ့ အမျိုးအစားလို့ ပြောတယ်၊ အရမ်းစားကောင်းတယ်တဲ့။ နင်ရော မြည်းကြည့်ချင်လား”
ပြောပြောဆိုဆိုနှင့်ပင် သူမ၏ ခင်ပွန်းကင်ပြီးကာစဖြစ်သော ကျောက်ပုစွန်ကို ရှန်ယို့ယောင်အား ပေးရန် ပြင်လေသည်။
ရှန်ယို့ယောင်သည် အလောတကြီး ငြင်းဆန်လိုက်သည်။ ရှန်ယို့ယောင်က ပြောလိုက်သည်။ "ရှင်တို့ပဲ အရင် စားကြပါ၊ ခဏနေရင် တုဇယ်ချန်း ယူလာပါလိမ့်မယ်” သူမသည် ပင်လယ်စာပုံကြီးထဲတွင် ဤအကောင်အကြီးဆုံး ကျောက်ပုစွန်မှာ တစ်ကောင်တည်းသာ ရှိသည်ကို သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ ဤပုစွန်သည် သူတို့အတွက် ဈေးကြီးလှသဖြင့် မြည်းစမ်းကြည့်ရန်သာ ဝယ်ယူထားခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် စွန်းထင်းထင်းမှာမူ အားနာနေခြင်း မရှိဘဲ ထိုပုစွန်ကို ရှန်ယို့ယောင်၏ ပန်းကန်ထဲသို့ အကုန် ထည့်ပေးလိုက်တော့သည်။ ရှန်ယို့ယောင်သည် ဘေးတွင် တိတ်ဆိတ်စွာ ပုစွန်ကင်နေသော ကျန့်ရှင်းရုံကို လှမ်းကြည့်လိုက်ရာ သူသည် စွန်းထင်းထင်းကို အားမလိုအားမရ ကြည့်နေသော်လည်း မကျေမနပ်ဖြစ်ဟန် မပြသည်ကို တွေ့ရသည်။ စွန်းထင်းထင်းသည်လည်း ရှန်ယို့ယောင် အားနာနေမည်ကို စိုးရိမ်သဖြင့် ပြုံးလျက် ပြောလိုက်သည်။ စွန်းထင်းထင်းက ပြောလိုက်သည်။ "အရင် စားလိုက်ပါဟာ၊ တုသခင်လေး ပြန်လာရင် ကျွန်မတို့တွေ နောက်တစ်ကောင် ထပ်ကင်လိုက်ရင် ရတာပဲဥစ္စာ”
ရှန်ယို့ယောင်သည် ဤကဲ့သို့ ပွင့်လင်းရိုးသားသော မိန်းကလေးကို သဘောကျသွားသဖြင့် ထပ်မံ ငြင်းဆန်မနေတော့ဘဲ ဘေးရှိ လက်အိတ်ကို ယူစွပ်ကာ ပြောလိုက်သည်။ "တို့တွေ အတူတူ စားကြရအောင်လေ”
စွန်းထင်းထင်းက ပြောလိုက်သည်။
"ကောင်းတာပေါ့” သူမသည်လည်း လက်အိတ်ကို စွပ်ကာ ပုစွန်လက်မတစ်ခုကို ချိုး၍ စားလိုက်တော့သည်။
ယဲ့ယို့မေသည်လည်း အရှုံးမပေးဘဲ သူမဘက်မှကင်ထားသောကမာကောင်ကို ရှန်ယို့ယောင်အား ကမ်းပေးလိုက်သည်။ ယဲ့ယို့မေက ပြောလိုက်သည်။ "ငါ့ဘက်က ကမာလည်း ကျက်ပြီဟေ့။ မြည်းကြည့်ပါဦး”
တုဇယ်ချန်း ပြန်ရောက်လာချိန်တွင် အမျိုးသမီး နှစ်ဦးမှာ ရှန်ယို့ယောင်ကို ကြည့်ရင်း ကြည်နူးနေကြသည်ကို တွေ့လိုက်ရသည်။ ရှန်ယို့ယောင်မှာမူ ဘာတွေ စားနေသည် မသိသော်လည်း မျက်လုံးလေးများကို မှိတ်ကာ ပါးဖောင်းဖောင်းလေးများ လှုပ်ယမ်းနေသည်မှာ မိမိကိုယ်မိမိ အစားကျွေးခံနေရမှန်းပင် သတိမထားမိသည့်အလား ဖြစ်နေသည်။
တုဇယ်ချန်းသည် ရှေ့သို့တိုးကာ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ တုဇယ်ချန်းက ပြောလိုက်သည်။ "စားလို့ ကောင်းလား”
ရှန်ယို့ယောင်က ကျေနပ်အားရစွာ ခေါင်းညိတ်ပြပြီးနောက်၊ သူ၏ အနောက်သို့ လှမ်းကြည့်လိုက်သည်။ ရှန်ယို့ယောင်က ပြောလိုက်သည်။ "ဘာတွေ ဝယ်လာတာလဲ။ မီးနဂါး ကျောက်ပုစွန်က တကယ် စားကောင်းတယ်နော်”
တုဇယ်ချန်းသည် သူမ၏ နှုတ်ခမ်းထောင့်မှ ဆော့စ်များကို သဘာဝကျကျ သုတ်ပေးလိုက်သည်။ တုဇယ်ချန်းက ပြောလိုက်သည်။ "သိပါတယ်၊ အများကြီး ဝယ်လာတယ်၊ ဗိုက်ကားအောင် စားလို့ ရတယ်”
ရှန်ယို့ယောင်၏ မျက်ဝန်းလေးများမှာ လခြမ်းကွေးလေးများအလား ပြုံးယောင်သန်းသွားပြီး မတ်တတ်ရပ်ကာ သူမ၏ကင်စင်ကို စတင် ပြင်ဆင်တော့သည်။
တုဇယ်ချန်းသည် စွန်းထင်းထင်းနှင့် ယဲ့ယို့မေတို့အား တိုးတိုးလေး မေးမြန်းလိုက်သည်။ တုဇယ်ချန်းက ပြောလိုက်သည်။ "သူက တကယ်ကို ချစ်စရာ မကောင်းဘူးလား”
နှစ်ဦးသားမှာ အသည်းအသန် ခေါင်းညိတ်ပြကြသည်။ အနီးကပ် ဆုံတွေ့ရချိန်တွင် ရှန်ယို့ယောင်၏ ထူးခြားသော ဆွဲဆောင်မှုကို သူတို့ သိမြင်လိုက်ရသည်။ သူမသည် စိတ်ထားနူးညံ့ပြီး မွေးရာပါ ချစ်စဖွယ် အပြုအမူများ ရှိသူ ဖြစ်သည်။ စွန်းထင်းထင်းသည် သူတို့မှာ အရှိန်အဝါ မပြဘဲ ရိုးသားကြသည်ကို မြင်သောအခါ သတ္တိဝင်လာခဲ့သည်။ စွန်းထင်းထင်းက ပြောလိုက်သည်။ "ရှင်တို့ နှစ်ယောက်လုံးက ပိုပြီး ချစ်စရာကောင်းပါတယ်”
တုဇယ်ချန်းက ပြုံးလျက် မျက်တောင်တစ်ဖက် ခတ်ပြကာ တုဇယ်ချန်းက ပြောလိုက်သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”
စွန်းထင်းထင်းမှာ ရင်ထဲ၌ စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်လိုက်ချင်စိတ်ပင် ပေါ်ပေါက်လာခဲ့သည်။
မကြာမီမှာပင် အဖွဲ့ထဲရှိ အခြားသူများမှာလည်း စူးစမ်းလိုစိတ်ဖြင့် အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ၎င်းတို့မှာ စွန်းထင်းထင်းတို့ကဲ့သို့ ပရိသတ်များ မဟုတ်ကြသော်လည်း နာမည်ကြီး သရုပ်ဆောင်နှင့် သူဌေးကြီးများကို တွေ့ရသဖြင့် ရင်းနှီးအောင် ကြိုးစားချင်ကြသည်လေ။ ကံကောင်းသည်မှာ ထိုကြွားဝါတတ်သော အမျိုးသားမှလွဲ၍ ကျန်သူများမှာ အဆင့်အတန်း ရှိကြသူများ ဖြစ်ကြသည်။ ထိုအမျိုးသားမှာမူ တုဇယ်ချန်း၏ အရှက်ခွဲမှုကို ခံထားရသဖြင့် အဝေး၌သာ ရှောင်နေခဲ့တော့သည်။
တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့သည် သာမန် ချစ်သူများပမာ လူအုပ်ကြားထဲတွင် ပျော်ရွှင်စွာ ပေါင်းသင်းနေခဲ့ကြသည်။ အသစ်စက်စက် ဇနီးမောင်နှံများနှင့် အတွေ့အကြုံ ဖလှယ်ရသည်မှာ တုဇယ်ချန်းအတွက် အလွန် စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။
တုဇယ်ချန်းက ကျန့်ရှင်းရုံအား မေးလိုက်သည်။ "ဒါဆို ခင်ဗျား ဟင်းချက် တော်နေတာက အတင်းအကျပ် ခိုင်းခံရလို့ပေါ့ ဟုတ်လား”
ကျန့်ရှင်းရုံက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။ "သူက ဟင်းချက်တဲ့နေရာမှာ ပါရမီ လုံးဝ မပါဘူးဗျ”
တုဇယ်ချန်းက ပြောလိုက်သည်။
"ခင်ဗျား လုပ်တာ မှန်တယ်ဗျ” သူက ပြောရင်းဖြင့် မိမိ မြည်းစမ်းကြည့်ထားသော အရသာရှိလှသည့် အသားတစ်ဖက်ကို ရှန်ယို့ယောင်အား ခွံ့ကျွေးလိုက်သည်။
ရှန်ယို့ယောင်သည်လည်း အသားကင်နေသဖြင့် လက် မအားရာ အသားကို စားပြီးနောက် မျက်ဝန်းများ တောက်ပသွားကာ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ တုဇယ်ချန်းက ထပ်မံ၍ တစ်ဖက် ယူရန် ပြင်စဉ် ကျန့်ရှင်းရုံက ထိုပန်းကန်ကို စွန်းထင်းထင်း၏ ရှေ့သို့ အမြန် ဆွဲယူသွားသည်ကို တွေ့လိုက်ရသည်။
တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။ "ဒီလောက်အထိတော့ကပ်စေးမနည်းပါနဲ့ဗျာ”
ကျန့်ရှင်းရုံက စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။ "ခင်ဗျားမိန်းမကော ဟင်းချက် တော်လား”
တုဇယ်ချန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချက်ချင်းပင် ပြန်ပြောလိုက်သည်။ "ပြောစရာတောင် မလိုဘူး၊ တကယ့်ကို စားကောင်းတာ။ ဒါက ပါရမီလို့ပဲ ပြောရမယ်၊ ဘယ်လို ဟင်းမျိုးပဲဖြစ်ဖြစ် သူမက တစ်ခါကြည့်ရုံနဲ့တင် တတ်သွားတာလေ။ ခင်ဗျား စောင့်ကြည့်နေလိုက်၊ ခင်ဗျားကင်ထားတာထက် ပိုကောင်းတာကို သူမ ခဏနေရင် ကင်ပြလိမ့်မယ်”
ယဲ့ယို့မေ၏ ခင်ပွန်းသည် တုဇယ်ချန်း၏ ပုံစံကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။ ယဲ့ယို့မေ၏ ခင်ပွန်းက ပြောလိုက်သည်။ "တုသခင်လေးကော ဟင်းချက်တတ်လားဟင်”
တုဇယ်ချန်းက ပုစွန်အခွံနွှာပေးရင်း ပြောလိုက်သည်။ "မတတ်ပါဘူး။ သင်တော့ သင်ဖူးတယ်၊ ဒါပေမဲ့ ကြည့်မကောင်းတဲ့ ရလဒ်တွေပဲ ထွက်လာတာလေ” သူသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ကျန့်ရှင်းရုံအား ဆက်ပြောသည်။
"ခင်ဗျားမိန်းမလည်း သင်ဖူးမှာပေါ့၊ လောကမှာရှိတဲ့ မီးဖိုချောင် ဖျက်ဆီးသူတွေရဲ့ အဆုံးသတ်ကတော့ အတူတူပါပဲဗျာ”
အသားကင်နေသော ရှန်ယို့ယောင်သည်လည်း ထိုစကားကို ကြားသောအခါ အတိတ်မှ ကိစ္စများကို သတိရသွားကာ ပြုံးမိသွားတော့သည်။ တုဇယ်ချန်းက နွှာပြီးသား ပုစွန်ကို သူမ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်ရင်း ပြုံးရွှင်စွာဖြင့် စိုက်ကြည့်နေမိသည်။ တုဇယ်ချန်းက ပြောလိုက်သည်။
"ဒါကြောင့် ကျွန်တော်ကတော့ ဘေးနားကနေ ကူပေးရုံလောက်ပဲ တတ်နိုင်တာပါ”
ယဲ့ယို့မေ၏ ခင်ပွန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း မိမိ ယခင်က သူတို့အပေါ် အထင်မှားခဲ့မိကြောင်း သိမြင်သွားခဲ့သည်။ အမှန်တကယ် ချစ်မြတ်နိုးကြသူများ၏ ပုံစံကိုမူ မည်သို့မျှ ဖုံးကွယ်၍ မရနိုင်သည် မဟုတ်ပါလား။
တုဇယ်ချန်းသည် ရှန်ယို့ယောင်၏ ဆံနွယ်များက ရှေ့သို့ ကျနေသည်ကို မြင်သောအခါ၊ လက်အိတ်ကို ချွတ်၍ သူမ၏ အနောက်သို့ လျှောက်သွားခဲ့သည်။ သူသည် ဘောင်းဘီအိတ်ထဲမှ ဆံပင်စည်းကွင်းလေး တစ်ခုကို ထုတ်ယူကာ လက်ချောင်းများကို ဘီးသဖွယ် အသုံးပြု၍ သူမ၏ ဆံနွယ်ရှည်များကို သေသေချာချာ စုစည်းကာ အနောက်တွင် စည်းပေးလိုက်တော့သည်။
သူ၏ လုပ်ရပ်မှာ အလွန်ပင် သဘာဝကျပြီး ကျွမ်းကျင်လှသဖြင့် ဤသို့ လုပ်ဆောင်ပေးနေကျ ဖြစ်မှန်း သိသာလှသည်။ ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း အားကျတကြီးဖြင့် အော်ဟစ် အားပေးလိုက်ကြသည်။
ယဲ့ယို့မေက ခင်ပွန်းဖြစ်သူအား အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။ "တုသခင်လေးက ဆံပင်တောင် စည်းပေးတတ်တယ်နော်။ ရှင်ကော ကျွန်မအတွက် ဘာလုပ်ပေးနိုင်လဲ”
စွန်းထင်းထင်းက ရုတ်တရက် အကြံပြုလိုက်သည်။ "တို့တွေ တစ်ယောက်ကိုတစ်ယောက် လုပ်ပေးခဲ့ဖူးတဲ့ အမှတ်တရဆုံး ကိစ္စလေးတွေကို ပြောပြကြရအောင်လေ။ ငါ အရင် စပြောမယ်”
သူမသည် ကျန့်ရှင်းရုံကို ကြည့်ကာ ပြောလိုက်သည်။ "ငါ ပထမဆုံးအကြိမ် မီးဖိုချောင်ကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့ပြီးတဲ့ နောက်တစ်နေ့မှာပဲ၊ သူက ဟင်းချက် စသင်တော့တာပဲလေ။ တစ်လအတွင်းမှာပဲ ငါကြိုက်တဲ့ ဟင်းတွေ အကုန်လုံးကို သူ ချက်တတ်သွားခဲ့တာ”
"တကယ့်ကို တော်တာပဲ" လူတိုင်းက လက်ခုပ်တီး၍ ကျန့်ရှင်းရုံကို လှမ်းကြည့်လိုက်ကြသည်။
ကျန့်ရှင်းရုံက စွန်းထင်းထင်းကို ကြင်နာစွာ ကြည့်ရင်း ပြောလိုက်သည်။ "ကျွန်တော် ဘဝရဲ့ အနိမ့်ဆုံးအချိန်ကို ရောက်နေတုန်းက သူမက အသည်းအသန် ဖျားနေတာတောင်မှ ရထားကို တစ်နေ့လုံး စီးပြီး ကျွန်တော့်ဆီ လာခဲ့တာလေ။ ကျွန်တော့်ကို အားပေးခဲ့သလို... တူးနေတဲ့ ထမင်းတစ်နပ်ကိုလည်း ချက်ကျွေးခဲ့သေးတယ်ဗျ”
စွန်းထင်းထင်းသည် ရယ်မောလျက် ကျန့်ရှင်းရုံကို ဖက်ထားလိုက်ရာ ကြည့်ရသည်မှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။ ထိုနှစ်ဦး၏ လွှမ်းမိုးမှုကြောင့် အခြားသူများမှာလည်း မိမိတို့၏ အမှတ်တရများကို စတင် ပြောဆိုလာကြတော့သည်။
ယဲ့ယို့မေသည် ခေတ္တ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဘယ်လောက်ပဲ နောက်ကျပါစေ၊ ရာသီဥတု ဘယ်လောက်ပဲ ဆိုးပါစေ... သူက ကျွန်မ အလုပ်ဆင်းချိန်တိုင်းမှာ တစ်ရက်မှ မပျက်ကွက်ဘဲ လာကြိုပေးခဲ့တာပါ”
ယဲ့ယို့မေ၏ ခင်ပွန်းက ပြောလိုက်သည်။
"နှစ်တိုင်း မွေးနေ့ရောက်ရင် ဆုတောင်းစာတွေ ရေးထားတဲ့ စက္ကူငန်းလေး ၃၆၅ ကောင်ကို သူမဆီက ရခဲ့တာပါ။ စက္ကူငန်းလေး တစ်ကောင်ချင်းစီမှာ အချစ်စကားလုံးတွေ ပါဝင်ပြီး အခုဆိုရင် စုစုပေါင်း ၁၃၄၅ ကောင် ရှိနေပြီလေ..." ထိုသို့ ပြောရင်း သူက ဇနီးဖြစ်သူအား လှည့်ကြည့်ကာ ပြောလိုက်သည်။
"မိန်းမရေ... တောင်းပန်ပါတယ်၊ နောက်ဆိုရင် မင်းကိုကန့်လန့် မတိုက်တော့ပါဘူး”
ယဲ့ယို့မေသည် ညတိုင်း အိပ်ရာမဝင်မီ ပြုလုပ်လေ့ရှိသော ထိုစက္ကူငန်းလေးများကို တွေးမိကာ ခင်ပွန်းဖြစ်သူကို ဖက်ထားလျက် ယဲ့ယို့မေက ပြောလိုက်သည်။ "မောင်... ချစ်တယ်နော်”
လူတိုင်းက သူတို့အတွက် ဂုဏ်ပြုလက်ခုပ်သံများ ပေးအပ်လိုက်ကြသည်။
ရှန်ယို့ယောင်သည် ချစ်ခြင်းမေတ္တာ၏ ရှေ့မှောက်တွင် လူတိုင်းမှာ တန်းတူညီမျှ ရှိကြကြောင်း သိမြင်လိုက်ရသည်။ သာမန်လူများတွင်လည်း သာမန်လူတို့၏ ချစ်ခြင်းမေတ္တာများ ရှိကြပြီး ပုံစံချင်း မတူညီကြသော်လည်း ချိုမြိန်မှုမှာမူ အတူတူပင် ဖြစ်သည်လေ။
နောက်ဆုံးတွင် တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။ လူတိုင်း၏ အကြည့်များမှာ ၎င်းတို့ နှစ်ဦးအပေါ်သို့ ကျရောက်သွားခဲ့သည်။ ဤကဏ္ဍတွင်မူ လူတိုင်း တန်းတူညီမျှ ဖြစ်ကြသည်မှာ အမှန်ပင်။ စည်းစိမ်ဥစ္စာနှင့် အာဏာ မည်မျှပင် ရှိစေကာမူ ချစ်ခြင်းမေတ္တာက ပေးစွမ်းနိုင်သော ပျော်ရွှင်မှုနှင့် ချိုမြိန်မှုကိုမူ မည်သည့်အရာနှင့်မျှ အစားထိုး၍ မရနိုင်ပေ။
တုဇယ်ချန်းက ရှန်ယို့ယောင်ကို ကြည့်ရင်း ပြောလိုက်သည်။ "အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော့်ကို အမြင့်ဆုံး ဆွဲဆောင်နိုင်ခဲ့တာကတော့... သူမဟာ ကျွန်တော့်ရဲ့ ဘဝထဲကို ရောက်ရှိလာခဲ့တာပါပဲ”
စွန်းထင်းထင်းက ပြောလိုက်သည်။ "အဲဒီလိုတော့ မလုပ်နဲ့လေ၊ တုသခင်လေးက တကယ့်ကို ပါးနပ်တာပဲ။ အမှတ်တရကို ပြောခိုင်းတာကို ဘာလို့ အချစ်စကားတွေ လာပြောနေတာလဲ”
တုဇယ်ချန်းက ပြုံးလျက် ပြောလိုက်သည်။ "ကျွန်တော်က အတည်ပြောနေတာပါ။ သူမ မရှိရင် အခုလို တုဇယ်ချန်း ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူးလေ”
ယဲ့ယို့မေက ရှန်ယို့ယောင်အား မစောင့်နိုင်တော့သည့်အလား မေးလိုက်သည်။ "နင့်အတွက်ကော တုသခင်လေး လုပ်ပေးခဲ့တဲ့ အမှတ်တရဆုံး ကိစ္စက ဘာလဲဟင်”
ရှန်ယို့ယောင်သည် တုဇယ်ချန်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ကျွန်မအတွက်နဲ့ သူ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရသလို၊ ချွေးတွေလည်း အများကြီး ထွက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ သူက အခုလို ထူးချွန်တဲ့ တုဇယ်ချန်း တစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ပြောင်းလဲလာခဲ့တာပါပဲ”
သူမ၏ စကားကို စွန်းထင်းထင်းနှင့် ယဲ့ယို့မေတို့မှာ အတိုင်းအတာတစ်ခုအထိ နားလည်ကြသည်။ သူတို့ နှစ်ဦး ဖြတ်သန်းလာခဲ့ရသော အခက်အခဲများကို အွန်လိုင်းတွင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
စွန်းထင်းထင်းက ဝမ်းနည်းပက်လက်ဖြင့် အော်ဟစ်လိုက်သည်။
"အားးး ရှင်တို့ နှစ်ယောက်ကတော့ လူကို တကယ့်ကို သတ်နေတာပဲ တို့တွေတော့ အချစ်တွေနဲ့တင် ဗိုက်ဝကုန်တော့မယ်"
ရှန်ယို့ယောင်သည် မျက်ဝန်းများ တောက်ပလျက် ရယ်မောကာ ပြောလိုက်သည်။
" အတူတူပါပဲဟာ”
တုဇယ်ချန်းသည် သူမ၏ အနောက်မှ ဖက်ထားလိုက်ကာ ပါးပြင်ကို အသာအယာ နမ်းရှိုက်လိုက်လေသည်။
…