အခန်း ၁၁၄
Vol. 7 Ch. 114
အခန်း (၁၁၄) အချပ်ပို ၄
ရှန်ယို့ယောင်သည် မျက်ဝန်းများ နီမြန်းလျက် သူ့ကို ဖက်လိုက်သည်။ တုဇယ်ချန်းသည် သူမ၏ မျက်ရည်များကို အသာအယာ သုတ်ပေးပြီးမှ စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားခဲ့သည်။
အစီအစဉ်တင်ဆက်သူက ပြုံး၍ မေးလိုက်သည်။
"ဒီဇာတ်ကားမှာ တုသခင်လေးရဲ့ သရုပ်ဆောင်မှုက အရှိန်အဟုန်နဲ့ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ထူးခြားတဲ့ လျှို့ဝှက်ချက်များ ရှိလို့လား”
တုဇယ်ချန်းသည် အနုပညာလောကထဲတွင် နှစ်နှစ်ခန့် ကျင်လည်ခဲ့ရာ များသောအားဖြင့် လူငယ်အချစ်ကားများကိုသာ ရိုက်ကူးခဲ့သဖြင့် ဆုများနှင့် အလှမ်းဝေးနေခဲ့သူ ဖြစ်သည်။
တုဇယ်ချန်းက ပြုံးလျက် ပြောလိုက်သည်။
"အဲဒီတုန်းက ကျွန်တော် ဒီဇာတ်ညွှန်းကို အရမ်းသဘောကျပေမဲ့ ကျွန်တော့်မန်နေဂျာက လက်မခံခိုင်းပါဘူး။ သူက ပြောတယ်... 'ဒါက ဒုက္ခအိုးထဲမှာ စိမ်ထားတဲ့ ဧကရာဇ်တစ်ပါးရဲ့ အကြောင်းပဲ၊ မင်းလို စည်းစိမ်ထဲမှာ ကြီးပြင်းလာတဲ့ သခင်လေးက နားလည်နိုင်မှာ မဟုတ်ဘူး၊ သူများရဲ့ ဇာတ်ညွှန်းကောင်းကို သွားပြီး မဖျက်ဆီးပါနဲ့' တဲ့”
လူတိုင်းက ဝိုင်းရယ်ကြသလို တစ်ဖက်တွင်လည်း သူ၏ ဆိုလိုရင်းကို နားလည်သွားကြသည်။ အရင်က စည်းစိမ်ကြားတွင် ကြီးပြင်းလာသော သခင်လေးမှာ ဤဇာတ်ကောင်ကို မသရုပ်ဆောင်နိုင်ခဲ့သော်လည်း တစ်နှစ်အကြာတွင်မူ ဒုက္ခအိုးထဲမှ ဧကရာဇ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီ မဟုတ်ပါလား။
တုဇယ်ချန်းက ဆက်ပြောလိုက်သည်။
"သရုပ်ဆောင်မှု တိုးတက်လာတယ်ဆိုတာထက် ကိုယ်တိုင် ခံစားရတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်”
သူသည် ရှန်ယို့ယောင်ကို ကြည့်ကာ ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်တော်က ချူလီရွှမ် ထက် ပိုပြီး ကံကောင်းတယ်၊ ငြိမ်းချမ်းတဲ့ ခေတ်မှာ မွေးဖွားခဲ့သလို၊ ကျွန်တော့်ဘေးက လူကလည်း ကျွန်တော့်အနားမှာ အမြဲရှိနေနိုင်လို့ပါ”
"ဒီဇာတ်ကားက ကျွန်တော့်ရဲ့ သရုပ်ဆောင်မှု အကောင်းဆုံး အဆင့် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”
အစီအစဉ်တင်ဆက်သူသည် သူ၏ စကားထဲမှ ဆိုလိုရင်းကို ရိပ်မိလိုက်သဖြင့် အံ့ဩဟန် မပြဘဲ ဆက်မေးလိုက်သည်။
"ဒါဆို တုသခင်လေးက ရုပ်ရှင်ထူးချွန်ဆု ဆက်ပြီး မယူတော့ဘူးလားဟင်”
တုဇယ်ချန်းက ခေါင်းခါလျက် ပြောလိုက်သည်။
"အရင်က ကျွန်တော်က ကိုယ့်စိတ်ကြိုက်ပဲ နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်နေပြီဆိုတော့ အနာဂတ်အတွက် သေသေချာချာ ပြင်ဆင်ရတော့မှာပေါ့”
လွန်ခဲ့သော တစ်နှစ်အတွင်း တုဇယ်ချန်း ကြုံတွေ့ခဲ့ရသည်များကို ပြန်တွေးကြည့်လျှင် ဤဆုံးဖြတ်ချက်မှာ မဆန်းပေ။ သရုပ်ဆောင်ခြင်း ဆိုသည်မှာ သူ ဘဝကို အတွေ့အကြုံ ယူလိုသည့် ဝါသနာတစ်ခုသာ ဖြစ်ပြီး ယခုအခါ လုပ်ငန်းစုကြီးတစ်ခု၏ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်ရာ အနုပညာလောကမှ ထွက်ခွာရန်မှာ အချိန်စောသည်နှင့် နောက်ကျသည်သာ ကွာခြားပေလိမ့်မည်။
အစီအစဉ်တင်ဆက်သူက ပြုံး၍ မေးလိုက်သည်။
"ဒါဆိုရင် တုသခင်လေးရဲ့ အနာဂတ် အစီအစဉ်က ဘာဖြစ်မလဲဆိုတာ ကျွန်မတို့ကို နည်းနည်းလောက် ပြောပြလို့ ရမလားဟင်”
တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။
"အချိန်ပြည့် အာဏာရှင် သူဌေးကြီး လုပ်မှာပေါ့ဗျာ။ ဒါမှ ကျွန်တော့်ရဲ့ တုကတော်က ဘာမှ စိတ်ပူစရာ မလိုဘဲ သရုပ်ဆောင်ခြင်းမှာပဲ အာရုံစိုက်နိုင်မှာလေ”
ကင်မရာမှာ ရှန်ယို့ယောင်ထံသို့ လှည့်သွားခဲ့ရာ သူမသည် တုဇယ်ချန်းကို ကြည့်ကာ ပြုံးနေသည်ကို တွေ့ရသည်။ နှစ်ဦးသား၏ အကြည့်များ ဆုံစည်းချိန်တွင်မူ မျက်ဝန်းအတွင်းမှ အချစ်လှိုင်းများကို လူတိုင်း မြင်တွေ့နိုင်သည်။
【 မြန်မြန် သိမ်းဆည်းထားကြဦး။ တုသခင်လေးက အနုပညာလောကက ထွက်တော့မှာဆိုတော့ နောက်ဆိုရင် ဒီလို အချိုလေးတွေကိုပဲ ကြည့်ပြီး အသက်ဆက်ရတော့မှာ။ 】
【 ဟားဟား... အချိန်ပြည့် အာဏာရှင် သူဌေးကြီးတဲ့၊ ငါလည်း အဲဒီလို ဖြစ်ချင်လိုက်တာ။ 】
【 ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီးတိုင်းရဲ့ အနောက်မှာတော့ အချိန်ပြည့် ထောက်ပံ့ပေးနေတဲ့ အာဏာရှင် သူဌေးကြီးတစ်ယောက် ရှိတာပဲလေ။ 】
တုသခင်လေး တစ်ယောက် အနုပညာလောကမှ ထွက်ခွာမည့် သတင်းကြောင့် သတင်းမီဒီယာများ အသည်းအသန် သတင်းတင်နေကြစဉ်မှာပင် အမျိုးသား သရုပ်ဆောင်ဆုများမှာ ပေးအပ်ပြီးသွားပြီ ဖြစ်ရာ အမျိုးသမီး သရုပ်ဆောင်ဆုများ အလှည့်ရောက်ရှိလာခဲ့သည်။
ရှန်ယို့ယောင် ရိုက်ကူးခဲ့သော ရှယွမ်ကျွမ်းနှင့် ချူမင်ဟောင် ဇာတ်ကား နှစ်ကားလုံးမှာ ဆန်ကာတင် စာရင်းတွင် ပါဝင်ခဲ့သည်။ သူမ အနုပညာလောကထဲ ရောက်ရှိလာသည့် တစ်နှစ်ကျော် ကာလအတွင်း ဤမျှ အရည်အသွေး ကောင်းမွန်သော လက်ရာများကို မြန်ဆန်စွာ ဖော်ဆောင်နိုင်ခြင်းမှာ ချီးကျူးစရာပင် ဖြစ်သည်။
ရှယွမ်ကျွမ်းထဲတွင် တက်ကြွလန်းဆန်းသော ရှယွမ် ဘဝမှ ရက်စက်သော ရှယောင် ဘဝသို့ ပြောင်းလဲသွားပုံ၊ ချူမင်ဟောင်တွင် အပြင်ပန်း အေးစက်သော်လည်း အတွင်းစိတ် နူးညံ့သော ဝေ့မင်ရှူး ပုံစံတို့မှာ သူမ၏ အရည်အချင်းကို သက်သေပြခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ ယခုအခါ ပရိသတ်များမှာ သူမအား တုကတော် သို့မဟုတ် ရှန်သခင်မလေး ဖြစ်နေ၍ ချစ်မြတ်နိုးကြခြင်း မဟုတ်တော့ဘဲ ဇာတ်ကောင်တိုင်းကို မိမိ၏ နားလည်မှုဖြင့် ပီပြင်အောင် သရုပ်ဆောင်နိုင်သော ရှန်ယို့ယောင်ကိုသာ ပို၍ ချစ်လာကြခြင်း ဖြစ်သည်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုမှာလည်း မျှော်လင့်ထားသည့်အတိုင်း ချူမင်ဟောင် ဇာတ်ကားဖြင့် ရှန်ယို့ယောင်က ဆွတ်ခူးသွားခဲ့သည်။ ယခုတစ်ခေါက် ပြသလိုက်သည်မှာ ရှန်ယို့ယောင်၏ ပြကွက်များ ဖြစ်သည်။
ဧကရာဇ်လေးသည် သူ၏ ချစ်ခြင်းမေတ္တာကို ထိန်းချုပ်ကာ မည်သည့် ခံစားချက်မျှ မရှိသယောင်ဖြင့် ဝေ့စစ်သူကြီး၏ နားအနားတွင် ပန်းလေးတစ်ပွင့်ကို အမှတ်မထင် ပန်ပေးလိုက်ပုံ။
မည်သည့် ခံစားချက်မျှ မရှိသည့်အလား စစ်သူကြီးမှာ မျက်လွှာချလျက် ငြိမ်သက်နေခဲ့သော်လည်း ကင်မရာကို အပေါ်မှ စီး၍ ရိုက်ပြလိုက်ချိန်တွင်မူ တစ်ဝက်ခန့် မှိတ်ထားသော မျက်လွှာအတွင်း၌ ပြင်းပြလှသော ခံစားချက်များမှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ပေါ်လွင်နေခဲ့သည်။
ထိုသို့သော ချုပ်တည်းထားရမှုက ပရိသတ်များ၏ ရင်ကို ပိုမို လှုပ်ခတ်စေခဲ့ပြီး သူမ၏ မျက်ခွံကို ဆွဲဖွင့်ကာ သူမ ချစ်ရသူအား "သူက ရှင့်ကို ချစ်နေတာပါ" ဟု အော်ပြောလိုက်ချင်စိတ်များ ပေါ်ပေါက်စေခဲ့သည်။ သို့သော် ထိုခေတ်ကာလတွင်မူ သူတို့၏ အချစ်မှာ ခိုနားရာမဲ့ ဖြစ်နေခဲ့ရသည်။
ဧကရာဇ်လေးသည် သက်ပြင်းတစ်ချက်ချကာ ဦးစွာ ထွက်ခွာသွားချိန်တွင်မှ အေးစက်လှသော စစ်သူကြီးသည် မျက်လုံးဖွင့်၍ သူ၏ ကျောပြင်ကို လှမ်းကြည့်လိုက်တော့သည်။ သူမသည် နားသီးဘေးမှ ပန်းလေးကို အသာအယာ ပွတ်သပ်ရင်း၊ နှုတ်ခမ်းထောင့်တွင် ချိုမြိန်လှသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
၎င်းမှာ ဇာတ်လမ်းတွဲ တစ်ခုလုံးတွင် ၎င်းတို့ နှစ်ဦး၏ တစ်ခုတည်းသော ချိုမြိန်သော အခန်းဖြစ်သော်လည်း ကြယ်တံခွန်သဖွယ် ခေတ္တမျှသာ ဖြစ်သဖြင့် ပို၍ပင် တန်ဖိုးရှိနေခဲ့သည်။
【 အား... ဒီအခန်းကို ငါ ဘယ်နှစ်ခေါက် ပြန်ကြည့်မိလဲ မသိဘူး။ ဘာထိတွေ့မှုမှ မရှိဘူး၊ စကားတွေလည်း အများကြီး မပြောဘူး၊ ဒါပေမဲ့ ငါ့ရင်ထဲမှာတော့ တကယ်ကို ချိုမြိန်လွန်းတယ်။ 】
【 ဟင်း... အခုဆိုရင် ဒီအခန်းကို ငါ မကြည့်ရဲတော့ဘူး။ ဇာတ်သိမ်းကို သိထားတော့ ဒါကို ပြန်ကြည့်ရင် တကယ်ကို ဝမ်းနည်းစရာကြီး။ 】
ပထမဆုံးအကြိမ် စစ်ပွဲအောင်နိုင်၍ ပြန်လာချိန်တွင် ဝေ့မင်ရှူးသည် ဧကရာဇ်က "ထကြလော့" ဟု အမိန့်ပေးချိန်၌ သူမ ရင်ထဲတွင် မြှုပ်နှံထားသော ထိုလူကို လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။ သူ၏ အပြုံးကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းများအတွင်း၌ နွေးထွေးမှုများ ဖြတ်ပြေးသွားခဲ့သည်။ သူမ လုပ်နိုင်ခဲ့ပြီ၊ သူ ဖြစ်စေချင်သော ဆန္ဒကို သူမ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ မဟုတ်ပါလား။
နောက်ဆုံးစစ်ပွဲတွင်မူ သူမ၏ ခန္ဓာကိုယ်၌ မြားချက်များစွာ မှန်ထားသလို တစ်ကိုယ်လုံး သွေးချင်းချင်းနီနေခဲ့သော်လည်း နာကျင်မှုကို မခံစားရသည့်အလား ရန်သူ့စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရန်သူ့ခေါင်းဆောင်ကို ကွပ်မျက်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ သူမသည် အင်အားကုန်ခမ်းကာ လဲကျသွားခဲ့ရတော့သည်။
ထိုအခိုက်အတန့်တွင် သူမ၏ မျက်ဝန်းများ၌ သေခြင်းတရားအပေါ် ထိတ်လန့်မှု မရှိပေ။ သူမသည် မိမိဆီသို့ ပြေးဝင်လာသော ရန်သူစစ်သည်များကို ကြည့်လိုက်ကာ မြေပြင်ပေါ်တွင် လဲကျနေသော ရဲဘော်ရဲဘက်များကိုလည်း တစ်ချက်ကြည့်ရင်း မျက်ဝန်းများတွင် လွတ်မြောက်ခြင်း အရိပ်အယောင်များ ရှိနေခဲ့သည်။ သို့သော် လဲကျသွားသည့် ခဏ၌ သူမသည် မင်းနေပြည်တော်ရှိရာဘက်သို့ အစွမ်းကုန် မော့ကြည့်လိုက်ရင်း နောက်ဆုံး၌ ပြင်းပြလှသော တွယ်တာမှုများ ပေါ်ထွက်လာခဲ့သည်။ [ရှင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရင် နောင်တမရှိဘဲ သေနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုလို အချိန်ရောက်တော့မှပဲ... ဒီအချစ်ကို ဘယ်တော့မှ ဖွင့်ပြောခွင့် မရတော့ရင်တောင်မှ ဒီကမ္ဘာပေါ်မှာ ရှင်ရှိနေတာကို ကြည့်ရင်း ရှင့်အကြောင်းကို တွေးနေရတာကမှ ပိုကောင်းဦးမယ်လို့ ခံစားမိတယ်...]
ပြကွက်များ ပြသပြီးနောက် အစီအစဉ်တင်ဆက်သူက ရှန်ယို့ယောင်ကို မေးမြန်းလိုက်သည်။
"အမှန်တော့ ဒီဇာတ်ကားမှာ အခက်ဆုံးက အချစ်အခန်းတွေပါပဲ။ အခန်းနည်းပေမဲ့ လိုအပ်ချက်က တော်တော် မြင့်တာလေ။ ရိုက်ကူးရေးမှာ အခက်အခဲတွေ ရှိခဲ့လား”
ရှန်ယို့ယောင်က ခေါင်းခါလျက် ပြောလိုက်သည်။ "တစ်ခါတည်းနဲ့တင် အိုကေခဲ့တာချည်းပါပဲ”
အစီအစဉ်တင်ဆက်သူက နားလည်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"နားလည်ပါပြီ... နားလည်ပါပြီ။ ကိုယ်အချစ်ဆုံးလူက မျက်စိရှေ့မှာ ရှိနေတာဆိုတော့ ဒီအခန်းတွေကမှ သရုပ်ဆောင်ရတာ အလွယ်ဆုံး ဖြစ်မှာပေါ့”
ရှန်ယို့ယောင်သည် သူ၏ စနောက်မှုကို နားမလည်ဘဲ လေးနက်စွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "အင်း”
ထိုစကားကြောင့် လူတိုင်းက ဝိုင်းရယ်ကြတော့သည်။ ရှန်ယို့ယောင်မှာမူ လူတိုင်း ဘာလို့ ရယ်နေကြမှန်း မသိသဖြင့် တုဇယ်ချန်းကို ချက်ချင်း လှမ်းကြည့်လိုက်ရာ တုဇယ်ချန်းက ဘာမှမဖြစ်ပါဘူးဟူသော ပုံစံဖြင့် လက်ယမ်းပြကာ နှစ်သိမ့်ပေးလိုက်သည်။
ရှန်ယို့ယောင်သည် မသိမသာ သက်ပြင်းချလိုက်ပြန်ရာ လူတိုင်းက ထပ်မံ၍ ပါးစပ်ပိတ်ကာ ရယ်မောမိကြပြန်သည်။
အစီအစဉ်တင်ဆက်သူက သူမကို မစဘဲ မနေနိုင်တော့ပေ။ "တကယ်လို့ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မျိုးမှာဆိုရင်... မင်း ပြုံးပြလိုက်ရင်တောင် လူတိုင်းက မင်းကို ခွင့်လွှတ်ကြမှာပါ”
ရှန်ယို့ယောင်သည် ချက်ချင်းပင် နှုတ်ခမ်းလေးကို စိကာ မျက်ဝန်းလေးများ လခြမ်းကွေးသဏ္ဌာန် ဖြစ်အောင် ပြုံးပြလိုက်သည်။ ရှည်လျားလှသော မျက်တောင်လေးများမှာလည်း တဖျပ်ဖျပ် လှုပ်ခတ်နေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များတွင် အော်ဟစ်သံများ ပြည့်နှက်သွားတော့သည်။
【 ချစ်စရာလေးနဲ့တင် အကုန်ကျော်ဖြတ်သွားပြီ။ 】
【 အား... ဒီနည်းလမ်းကို သူမ ခဏခဏ သုံးတော့မယ် ထင်တယ်။ 】
【 သူမက ဘယ်လိုလုပ်ပြီး လူတွေကို ရင်ခုန်အောင် လုပ်နိုင်ရတာလဲ။ ငါလည်း ငါ့အမေကို အဲဒီလို သွားလုပ်ပြတာ၊ ပါးရိုက်ခံလိုက်ရတယ်။ 】
အစီအစဉ်တင်ဆက်သူမှာလည်း ရင်ဘတ်ကို ဖိကာ မခံနိုင်တော့သည့်အလား ပြောလိုက်သည်။ "ကဲ... လွှတ်ပေးပါပြီ၊ လွှတ်ပေးပါပြီ”
"တုသခင်လေး အနုပညာလောကက ထွက်မဲ့ ဆုံးဖြတ်ချက်အပေါ်မှာကော မင်း ဘယ်လို ထင်မြင်ချက် ရှိလဲ" အစီအစဉ်တင်ဆက်သူက ဆက်မေးလိုက်သည်။
ရှန်ယို့ယောင်က ပြောလိုက်သည်။ "သူ ကျွန်မနဲ့ ဒီကိစ္စကို တိုင်ပင်ပြီးသားပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ကျွန်မ လေးစားပါတယ်။ ကျွန်မလည်း သရုပ်ဆောင်တာကို ဆက်ပြီး ကြိုးစားသွားမှာပါ၊ ကျွန်မအပေါ် သူ ပေးဆပ်ခဲ့တာတွေကို အလဟဿ မဖြစ်စေရပါဘူး”
အစီအစဉ်တင်ဆက်သူက သက်ပြင်းချလျက် ပြောလိုက်သည်။ "ဒီဇနီးမောင်နှံကတော့ ဘယ်သွားသွား အချစ်တွေပဲ လိုက်ကျွေးနေတော့တာပဲ”
ဆုပေးပွဲ အခမ်းအနား ပြီးဆုံးပြီးနောက် ၎င်းတို့ နှစ်ဦးမှာ စင်နောက်ဘက်သို့ ပြောင်းရွှေ့ကာ ရှောင်းယောင် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း၏ အင်တာဗျူးကို လက်ခံခဲ့ကြသည်။
မိမိ၏ သူဌေးနှင့် သူဌေးကတော်ကို တိုက်ရိုက် ရင်ဆိုင်ရသဖြင့် အစီအစဉ်တင်ဆက်သူမှာ အလွန်ပင် စိတ်လှုပ်ရှားနေသော်လည်း အတွေ့အကြုံရှိသူပီပီ ဣန္ဒြေမပျက် ဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။
"ချူမင်ဟောင် ရိုက်ကူးနေချိန်မှာ တုသခင်လေးက ထန်မိသားစု လုပ်ငန်းတွေကို လွှဲပြောင်းယူကာစဆိုတော့ တော်တော်လေး အလုပ်များနေမှာပါ။ ဘာလို့ ဒီဇာတ်ကားကို ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ”
တုဇယ်ချန်းက ပြောလိုက်သည်။
"တကယ်တော့ ကိုယ်ကျိုးလေး နည်းနည်း ပါပါတယ်ဗျာ။ မိသားစု လုပ်ငန်းကို ပြန်ပြီး ဦးဆောင်ရတော့မှာ သေချာနေသလို၊ ရှန်ယို့ယောင်ကလည်း ဒီဇာတ်ညွှန်းကို အရမ်း သဘောကျနေတာနဲ့... အမှတ်တရအနေနဲ့ နှစ်ယောက်တူတူ ဇာတ်ကားတစ်ကား ရိုက်ချင်လို့ပါ”
【 ဒါက ချမ်းသာတဲ့သူတွေရဲ့ ရိုမန့်တစ် ဆန်မှုပဲ။ 】
【 ကြိုသိထားပေမဲ့လည်း တကယ်ကို နှမြောမိပါတယ်။ 】
အမှန်တော့ တုဇယ်ချန်းသည် ကားမတော်တဆ ဖြစ်ပြီးကတည်းက အနုပညာ လှုပ်ရှားမှုများမှာ သိသိသာသာ နည်းပါးသွားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ထန်မိသားစုကို ဦးဆောင်ချိန်မှစ၍ ပရိသတ်များမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြပြီး ဖြစ်သဖြင့် များစွာ ထိတ်လန့်ခြင်း မရှိကြပေ။ ပြီးတော့...
"ကျွန်တော့်ဇနီးက အနုပညာလောကထဲမှာ ရှိနေဦးမှာဆိုတော့ ခင်ဗျားတို့ ကျွန်တော့်ကို မကြာခဏ မြင်တွေ့နေရဦးမှာပါ" တုဇယ်ချန်းက ဆိုလိုက်သည်။
အစီအစဉ်တင်ဆက်သူက ပြောလိုက်သည်။
"လူတိုင်းက ပြောကြတယ်... တုသခင်လေးက စကားပြောရင် ရှန်ယို့ယောင် အကြောင်း မပါရင် မပြီးဘူး၊ ဘယ်သွားသွား အချစ်တွေပဲ လိုက်ကျွေးနေတယ်တဲ့။ အဲဒါကြောင့် ကျွန်တော် မေးမဲ့ မေးခွန်းကိုတော့ သေချာပေါက် ဖြေပေးရမယ်နော်”
တုဇယ်ချန်းက ပြောလိုက်သည်။ "ဘာများလဲဗျ”
အစီအစဉ်တင်ဆက်သူက ကောက်ကျစ်စွာ ပြုံးလျက် မေးလိုက်သည်။
"ရှန်ယို့ယောင်ရဲ့ အားနည်းချက် တစ်ခုလောက် ပြောပြပါဦး။ မရှိဘူးလို့တော့ မပြောနဲ့ဦးနော်၊ ဒါမှမဟုတ် အရမ်း ချစ်စရာကောင်းလွန်းတာ ဆိုတာမျိုးတွေလည်း မပြောနဲ့၊ အဲဒါတွေက အားနည်းချက် မဟုတ်ဘူးလေ”
တုဇယ်ချန်းက စဉ်းစားကြည့်ပြီးမှ ပြောလိုက်သည်။ "တကယ်တော့ ရှိပါတယ်”
အစီအစဉ်တင်ဆက်သူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ဘာများလဲ”
ပရိသတ်များကလည်း မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
【 တုသခင်လေး မျက်စိထဲမှာတော့ ရှန်ယို့ယောင်က အပြစ်အနာအဆာ မရှိတဲ့သူ ဖြစ်မှာပါ။ 】
【 ငါ လောင်းရဲတယ်၊ တုသခင်လေးက ထပ်ပြီးတော့ အချစ်တွေ ကြွားဦးမှာ သေချာတယ်။ 】
【 ငါလည်း လောင်းတယ်။ 】
【 ငါကတော့ အချစ်စကား ပြောနည်း လာသင်တာပါ၊ စာအုပ်ထဲမှာ မှတ်ထားပြီး နောက်မှ မိန်းကလေး လိုက်တဲ့အခါ သုံးမယ်။ 】
ကင်မရာရှေ့တွင် တုဇယ်ချန်းက မျှော်လင့်ထားသည့်အတိုင်း ပြောလိုက်သည်။
"memory နေရာယူလွန်းလို့လေ၊ အဲဒါကြောင့် ကျွန်တော့်ရဲ့ ဖုန်းရော ကွန်ပျူတာပါ အသစ်လဲလိုက်ရတယ်ဗျာ”
သူမ၏ ဓာတ်ပုံနှင့် ဗီဒီယိုများ များလွန်းသဖြင့် ဖုန်းmemory ပြည့်သွားသည်ကို ဆိုလိုခြင်း ဖြစ်သည်။
အစီအစဉ်တင်ဆက်သူ ...
ပရိသတ်များ ...
"ဒီအတိုင်းပဲ ဖြစ်ရမယ်" ဟုသာ လူတိုင်း တွေးမိကြတော့သည်။
အစီအစဉ်တင်ဆက်သူသည် တုဇယ်ချန်းကို လက်လျှော့လိုက်ပြီး ရှက်တတ်သော ရှန်ယို့ယောင်ဘက်လှည့်ကာ မေးမြန်းလိုက်သည်။ "မင်းဆီကလည်း အချစ်စကားတွေ ထပ်ကြားရရင် မခံနိုင်တော့မှာ စိုးလို့၊ သရုပ်ဆောင်တာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးပဲ မေးပါ့မယ်”
ရှန်ယို့ယောင်က ခေါင်းညိတ်ပြရာ အစီအစဉ်တင်ဆက်သူက ပြောလိုက်သည်။
"မင်းရဲ့ သရုပ်ဆောင်မှုကတော့ ဇာတ်ကား နှစ်ကားလုံးမှာ သက်သေပြပြီးသား ဖြစ်သွားပါပြီ။ ငါ မေးချင်တာက... မင်းအတွက် သရုပ်ဆောင်ရတာ အခက်ဆုံး ဇာတ်လမ်းက ဘာဖြစ်မလဲ”
ရှန်ယို့ယောင်က စဉ်းစားကြည့်ပြီးနောက် ရုတ်တရက် နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်သည်။ လိမ္မာလှသော သူမ၏ မျက်ဝန်းများကြားမှကလေးဆန်သော အမူအရာလေး ပေါ်ထွက်လာကာ ပြောလိုက်သည်။
"ဝမ်းနည်းစရာ ကောင်းတဲ့ အခန်းတွေပါ”
အစီအစဉ်တင်ဆက်သူမှာ ချက်ချင်းပင် နားမလည်နိုင်ပေ။ "ဟင်"
တုဇယ်ချန်းက ဝင်ရောက် ဖြည့်စွက်ပေးလိုက်သည်။ "ဘာလို့လဲဆိုတော့ သူက အရမ်း ပျော်ရွှင်နေရလို့လေ။ ဝမ်းနည်းတဲ့ အရသာကို မေ့နေတော့ ဇာတ်ကောင်ထဲ ဝင်ဖို့ ခက်နေတာပေါ့၊ အထူးသဖြင့် ကျွန်တော် သူ့ ဘေးမှာ ရှိနေတဲ့ အချိန်မျိုးမှာပေါ့ဗျာ”
အစီအစဉ်တင်ဆက်သူ ...
အစီအစဉ်တင်ဆက်သူသည် မျှော်လင့်ချက်မဲ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ကဲ... အရှုံးပေးပါပြီဗျာ၊ လက်လျှော့လိုက်ပါပြီ။ ခင်ဗျားတို့ နှစ်ယောက်ပဲ ဆက်ပြီး အချစ်တွေ ကြွားကြပါတော့”
၎င်းတို့ နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးမိကြပြီး တုဇယ်ချန်းက ရှန်ယို့ယောင်၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
အစီအစဉ်တင်ဆက်သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့က အချစ်တွေ ကြွားချင်နေမှတော့လည်း ကျွန်တော်က ဖြည့်ဆည်းပေးရမှာပေါ့။ တုသခင်လေး... တုကတော်အပေါ် ထားတဲ့ အချစ်ကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြပေးပါ။ စက္ကန့် ၂၀ အချိန်ပေးမယ်၊ လူတွေကို ရင်မခုန်စေနိုင်ရင်တော့ သွားခွင့် မပေးဘူးနော်"
"ဒါက ဘာခက်လို့လဲ” တုဇယ်ချန်းက သာယာစွာ ပြုံးလျက် ပြောလိုက်သည်။ "မနေ့ကထက် ပိုချစ်ပြီး မနက်ဖြန်ထက်တော့ လျော့နည်းတဲ့ အချစ်မျိုးနဲ့... ပိုပိုပြီးတော့ပဲ ချစ်နေမှာပါ”
အစီအစဉ်တင်ဆက်သူ ထပ်မံ၍ ကျရှုံးသွားပြန်သည်။
သူ သေချာပေါက် အာမခံနိုင်သည်မှာ... အချစ်တွေ ကြွားဝါသည့် နေရာတွင်မူ ဤဇာတ်လိုက်မင်းသားနှင့် မင်းသမီးကို ယှဉ်နိုင်သူ ရှိမည်မဟုတ်ပေ။
…