အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃)
အက်ဘီ၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေပြီး အက်ဒီလင်း၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မေးလိုက်၏။
“အစ်မ၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
အက်ဒီလင်းက တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်သည်။
“ဒါက အပြင်ဘက်က လေတိုက်လို့ သစ်ရွက်တွေ လှုပ်ခတ်သွားတဲ့ အသံလည်း ဖြစ်နိုင်တာပဲ”
အန်နီက ဒန်နီရယ်ဘက်သို့ လှည့်ကာ အကြံပြုလိုက်သည်
“ဒန်နီရယ်၊ နင် ဂူပေါက်ဝကို သွားပြီး ဘာဖြစ်နေတာလဲဆိုတာ သွားကြည့်ပါလား၊”
အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်အားလျော်စွာ ဒန်နီရယ်သည် အခြားသူများထက် များစွာပို၍ သတ္တိရှိပေသည်။
သူသည် ပြင်ပစူးစမ်းလေ့လာရေးခရီးစဉ်ပေါင်း ငါးဆယ်ထက်မက ဦးဆောင်စီစဉ်ခဲ့ဖူးသူဖြစ်ရာ မိမိကိုယ်မိမိ ပြင်ပစူးစမ်းလေ့လာရေးလုပ်ငန်းများတွင် အတွေ့အကြုံကြွယ်ဝသူတစ်ဦးအဖြစ် ယုံကြည်ထားသူဖြစ်သည်။
ဒန်နီရယ်က ဆုံးဖြတ်ချက်ချလိုက်၏။
“ငါ ဂူပေါက်ဝကို သွားကြည့်လိုက်မယ်၊ နင်တို့က ဒဏ်ရာရထားတဲ့သူတွေကို ဂရုစိုက်ပေးထားကြ”
အခြားအမျိုးသားနှစ်ဦးမှာမူ စကားတစ်ခွန်းမျှ ဝင်မပြောနိုင်ရှာပေ။ စကားမပြောလို၍ မဟုတ်ဘဲ ပြင်းထန်သောဒဏ်ရာများကြောင့် သတိလစ်မေ့မြောနေကြသောကြောင့် ဖြစ်သည်။
အန်နီသည် အဖျားတက်ကာ သတိလစ်နေသော ဒဏ်ရာရအမျိုးသားကို ကြည့်ရင်း ဘုရားသခင်ထံမှ ကယ်တင်ရှင်တစ်ဦး အမြန်ဆုံး ပေါ်ပေါက်လာစေရန် စိတ်ထဲမှ ကြိတ်၍ ဆုတောင်းနေမိတော့သည်။
အက်ဒီလင်းနှင့် အက်ဘီတို့ မောင်နှမနှစ်ဦးသည်လည်း အပြင်ဘက်တွင် ဘာတွေဖြစ်ပျက်နေသနည်းဟူသည်ကို သိချင်သဖြင့် ဒန်နီရယ်၏ နောက်မှနေ၍ သတိကြီးစွာဖြင့် တဖြည်းဖြည်း လိုက်ပါသွားကြလေသည်။
သို့သော် အပြင်ဘက်သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်သည်နှင့် ဂူပေါက်ဝတွင် ရပ်နေသော ဧရာမ အရိပ်မည်းကြီးတစ်ခုကို ရုတ်တရက် တွေ့လိုက်ကြရသည်။
အက်ဒီလင်းမှာ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။
“ဝက်ဝံကြီးပါလား၊ အဲဒါ ဝက်ဝံနက်ကြီးပဲ”
ဘေးနားရှိ အက်ဘီက အစ်မဖြစ်သူ၏ ပါးစပ်ကို အလျင်အမြန် လှမ်းပိတ်လိုက်သည်။
“စကားမပြောနဲ့လေ”
ကံမကောင်းစွာဖြင့် အချိန်နှောင်းသွားခဲ့လေပြီ။ ထိုအချိန်တွင် ဝက်ဝံနက်ကြီးသည် သူ့အိမ်အတွင်းသို့ သူစိမ်းများ ကျူးကျော်ဝင်ရောက်နေကြောင်းကို သတိပြုမိသွားခဲ့ပြီ ဖြစ်သည်။
သူစိမ်းများ၏ အနံ့အသက်ကို ကြာမြင့်စွာကတည်းက ရရှိနေခဲ့သဖြင့် ဂူအတွင်းသို့ ချက်ချင်းမဝင်ဘဲ ပေါက်ဝတွင် အချိန်အတော်ကြာ ရပ်တန့်ကာ အကဲခတ်နေခဲ့ခြင်းဖြစ်သည်။
မိမိ၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ထိုလူသားများကို မြင်လိုက်ရသောအခါ ဝက်ဝံနက်ကြီးသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်လေတော့သည်။
ထိုကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးကြောင့် ဒန်နီရယ်၊ အက်ဒီလင်းနှင့် အက်ဘီတို့ သုံးဦးမှာ ကြက်သီးမွေးညင်းများ ထသွားသည်အထိ ထိတ်လန့်သွားကြပြီး ဂူအတွင်းဘက်သို့ နောက်ဆုတ်ကာ အလျင်အမြန် ပြေးဝင်သွားကြသည်။
သူတို့က ကြောက်လန့်တကြား ရေရွတ်လိုက်ကြ၏။
“အပြင်ဘက်မှာ ဝက်ဝံနက်ကြီးတစ်ကောင် ရောက်နေတယ်၊ ငါတို့ ဘာလုပ်ကြမလဲ၊ အခုတော့ ဂူထဲမှာ ပိတ်မိသွားပြီ ထွက်ပေါက်လည်း မရှိတော့ဘူး”
အပြင်ဘက်သို့ ထွက်မည့်လမ်းကိုလည်း ဝက်ဝံနက်ကြီးက ပိတ်ဆို့ထားလေသည်။ ထို့အပြင် သူတို့အဖွဲ့တွင် ဒဏ်ရာရလူနာ နှစ်ဦးပင် ရှိနေသေးရာ ဝက်ဝံနက်ကြီး၏ မျက်စိအောက်မှနေ၍ ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်ရန်ဆိုသည်မှာ လုံး၀မဖြစ်နိုင်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။
ဧရာမ အရိပ်မည်းကြီးက တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သတိရနေသေးသော လူလေးဦးစလုံး၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်း ဟူသော ခံစားချက်က ကြီးစိုးလာတော့သည်။
အန်နီက မျက်ရည်များ စီးကျလာကာ ငိုယိုလိုက်၏။
“ငါ ဒီနေရာမှာ အသေမခံနိုင်ဘူး”
အက်ဒီလင်းက သူမ၏မောင်လေးကို တင်းကျပ်စွာဖက်ထားရင်း နာကျင်စွာ ပြောလိုက်သည်။
“ဘယ်သူက သေချင်ပါ့မလဲ၊ အခုချက်ချင်း တစ်ယောက်ယောက် ရောက်လာပြီး ဒီဝက်ဝံနက်ကြီးကို မောင်းထုတ်ပေးနိုင်မှသာ ငါတို့ အသက်ရှင်နိုင်မှာ၊ မဟုတ်ရင်တော့ ငါတို့အတွက် သေလမ်းကလွဲပြီး တခြားထွက်ပေါက် မရှိတော့ဘူး”
သို့သော် ဤသည်မှာ လုံးဝမဖြစ်နိုင်ကြောင်းကို လူတိုင်း သိထားကြသည်။
ဤမျှ လူသူကင်းမဲ့ပြီး ခေါင်ဖျားလှသော တောနက်ကြီးထဲတွင် တစ်စုံတစ်ယောက်က ရုတ်တရက် မည်သို့မည်ပုံ ပေါ်လာနိုင်မည်နည်း။
ယခုအချိန်တွင်တော့ သူတို့အားလုံးမှာ အလွန်အမင်း နောင်တရနေကြလေပြီ။ လောင်တောင်တန်းသို့ စူးစမ်းလေ့လာရေးလာရန် ဆုံးဖြတ်ခဲ့စဉ်က တစ်စုံတစ်ယောက်က သူတို့ကို ကြိုတင်သတိပေးခဲ့ဖူးသည်။
တရုတ်ပြည်မှ ထိုသူများက ဤနေရာသည် အလွန်ထူးဆန်းပြီး အန္တရာယ်များကြောင်း ပြောပြကာ မလာရန်တားမြစ်ခဲ့ကြသည်။ သို့သော် သူတို့ကမူ ထိုတရုတ်လူမျိုးများသည် မွေးရာပါ ကြောက်တတ်သူများဖြစ်သည်ဟုသာ အထင်အမြင်သေးခဲ့ကြ၏။
‘ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့ တောင်တန်းတစ်ခုသာသာပဲ မဟုတ်လား။ ဘာကို ကြောက်စရာလိုနေလို့လဲ’ ဟုသာ တွေးထင်ခဲ့ကြသည်။
အခုတော့မှ အပြင်ဘက်တွင် ပျံ့နှံ့နေသော ကောလာဟလ ပုံပြင်များက ကြောက်စရာကောင်းနေခြင်းမဟုတ်ဘဲ လောင်တောင်တန်းအတွင်းရှိ ကြမ်းကြုတ်လှသော သားရဲတိရစ္ဆာန်များကသာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းနေကြောင်းကို သူတို့ နက်နက်နဲနဲ သဘောပေါက်သွားခဲ့ကြလေပြီ။
ဒန်နီရယ်က အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်
“ကျစ်... ငါတို့ ဒီမှာထိုင်ပြီး သေမယ့်အချိန်ကို စောင့်မနေသင့်ဘူးလို့ ငါထင်တယ်၊ ငါတို့ အသက်ကိုရင်းပြီး တစ်ခါလောက် စွန့်စားကြည့်ကြရင် မကောင်းဘူးလား၊
ဘယ်လိုပဲဖြစ်ဖြစ် သေရမှာချင်းအတူတူ စွန့်စားကြည့်တော့ ဘာဖြစ်သွားမှာမို့လို့လဲ”
အက်ဒီလင်းက သူ့ကို လူမိုက်တစ်ဦးအား ကြည့်သည့်အကြည့်မျိုးဖြင့် ကြည့်ကာ ပြန်လည်ချေပလိုက်၏။
“ဒီလိုအချိန်မျိုးမှာ ဒီဝက်ဝံနက်ကြီးကို သွားစဖို့ လိုလို့လား၊ နင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သူ့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”
ထို့နောက် သူမက မောင်ဖြစ်သူဘက်သို့ လှည့်ကာ တီးတိုးမှာကြားလိုက်သည်။
“ခဏနေရင် ငါက ဝက်ဝံနက်ကြီးရဲ့ အာရုံစိုက်မှုကို ရအောင်လုပ်လိုက်မယ်၊ နင်က အခွင့်အရေးကို အသုံးချပြီး အပြင်ကို ထွက်ပြေးနိုင်မလားဆိုတာ စမ်းကြည့်”
သူမသည် အစ်မအကြီးတစ်ယောက်ဖြစ်သည့်အားလျော်စွာ မိမိ၏ မောင်ငယ်လေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူရမည်သာ ဖြစ်ပေသည်။
အက်ဘီမှာ နောင်တရလွန်းသဖြင့် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာကာ ငြင်းဆန်လိုက်၏။
“ဟင့်အင်း... ကျွန်တော် လက်မခံနိုင်ဘူး၊ သေရမယ်ဆိုရင်တောင် သေသင့်တာက ကျွန်တော်ပါ၊ အစ်မကို ဒီနေရာအထိ လာပြီး စူးစမ်းလေ့လာဖို့ အတင်းအကြပ် ခေါ်လာခဲ့တဲ့သူက ကျွန်တော်လေ၊
အက်ဒီလင်း၊ ချစ်လှစွာသော အစ်မ၊ ကျွန်တော်တောင်းပန်ပါတယ်”
အက်ဒီလင်းက ကြင်နာစွာဖြင့် ပြန်ပြောလာသည်။
“အရူးလေး၊ အဲဒီလိုစကားမျိုး မပြောပါနဲ့၊ ငါတို့က မောင်နှမအရင်းတွေပဲဟာကို”
ထိုသို့ပြောပြီးသည်နှင့် အက်ဒီလင်းသည် မြေပြင်ပေါ်မှ ကျောက်ခဲအကျိုးအပဲ့တစ်ခုကို ကောက်ယူကာ ဝက်ဝံနက်ကြီးဆီသို့ အားကုန်ပစ်ပေါက်လိုက်ပြီးနောက် မောင်ဖြစ်သူကို အော်ဟစ်သတိပေးလိုက်သည်။
“အက်ဘီ၊ ပြေးတော့”
သူစိမ်းတစ်စု၏ အပြုအမူကြောင့် ဝက်ဝံနက်ကြီးမှာ လုံးဝ ဒေါသထွက်သွားခဲ့လေပြီ။ ကြီးမားလှသော ဟိန်းဟောက်သံကြီးနှင့်အတူ သူတို့ဆီသို့ အဟုန်ပြင်းစွာ ပြေးဝင်လာတော့သည်။
ဂူနံရံနှင့် ကပ်ကာ ရပ်နေသော အက်ဘီသည် ထိုအခွင့်အရေးကို အရယူကာ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သော်လည်း သူ၏ မျက်ဝန်းအိမ်မှ မျက်ရည်များကမူ ထိန်းမရသိမ်းမရ စီးကျလျက်ရှိနေသည်။
အက်ဒီလင်းက အသံကုန်ဟစ်အော်လိုက်၏။
“အက်ဘီ၊ နောက်ကို လှည့်မကြည့်နဲ့”
သူမက မိမိကိုယ်မိမိ ဝက်ဝံနက်ကြီး၏ ပစ်မှတ်ဖြစ်သွားပြီဟု တွေးထင်ထားကာ သူမ၏မောင်လေးမှာတော့ သေချာပေါက် လွတ်မြောက်သွားနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် မထင်မှတ်ထားစွာပင် ဝက်ဝံနက်ကြီးသည် လူသားများ၏ စကားကို နားလည်နေသည့်အလား ရုတ်တရက် နောက်ကြောင်းလှည့်ကာ အပြင်ဘက်သို့ ပြေးထွက်သွားသော အက်ဘီ၏ နောက်သို့ အပူတပြင်း လိုက်ပါသွားလေတော့သည်။
အက်ဒီလင်းမှာ ရင်ကွဲမတတ် အော်ဟစ်လိုက်၏။
“ဟင့်အင်း၊ မလုပ်နဲ့”
အန်နီနှင့် ဒန်နီရယ်တို့မှာလည်း ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယို မြင်ကွင်းကြီးကို ဆက်လက်ကြည့်ရှုရန် စိတ်အားမဝံ့တော့လောက်အောင် ထိတ်လန့်နေကြသည်။
သို့သော် လူတိုင်း စိတ်ကူးထဲတွင် ကြောက်မက်ဖွယ် တွေးထင်ထားခဲ့သော အသံဆိုးကြီး အပြင်ဘက်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။
အက်ဒီလင်းသည် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် အပြင်ဘက်သို့ အလျင်စလို ပြေးထွက်လာခဲ့သည်။
ထိုအခါမှ ဝက်ဝံနက်ကြီး၏ ဂူပေါက်ဝတွင် မရင်းနှီးသော လူစိမ်းသုံးဦး ရောက်ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ မည်သည့်အချိန်ကတည်းက ရောက်ရှိနေကြမှန်းကို သူမ မသိလိုက်ပေ။
အက်ဒီလင်းက တရုတ်စကားဖြင့် မပီကလာပီကလာ မေးမြန်းလိုက်သည်။
“ရှင်တို့က တရုတ်ရဲတွေလား”
လင်းယန်သည် သူတို့၏ စုတ်ပြတ်သတ်နေသော အသွင်အပြင်ကို မြင်လိုက်ရသည်နှင့် ထိုပျောက်ဆုံးနေသော စူးစမ်းလေ့လာရေးအဖွဲ့ကို သူတို့ ရှာတွေ့သွားခဲ့ပြီဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။
လွန်ခဲ့သော အချိန်ခဏလေးက သူတို့အဖွဲ့ အနီးအနားတွင် အနားယူနေစဉ် လင်းယန်သည် ဝက်ဝံနက်၏ချေးများကို အမှတ်မထင် တွေ့ရှိခဲ့ပြီးနောက် ဒေါသတကြီး ဟိန်းဟောက်နေသော ဝက်ဝံနက်ကြီး၏အသံကို ကြားလိုက်ရခြင်း ဖြစ်သည်။
ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း သူ ချက်ချင်း ခန့်မှန်းမိခဲ့သည်။
သူတို့ အပြေးအလွှား ရောက်ရှိလာချိန်တွင် မထင်မှတ်ဘဲ ဝက်ဝံနက်ကြီးက အက်ဘီ၏နောက်သို့ လိုက်နေသည့် မြင်ကွင်းနှင့် အချိန်ကိုက် လာဆုံနေခဲ့ခြင်းပင်။
အက်ဘီမှာ မြေကြီးပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ကျနေပြီး အကြောက်လွန်ကာ သတိလစ်မတတ်ဖြစ်နေလေပြီ။
အကယ်၍ ဤတရုတ်လူမျိုးများသာ အချိန်မီ ရောက်မလာခဲ့ပါက သူသည် ဝက်ဝံနက်ကြီး၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် သေမလောက် ဒဏ်ရာရသွားနိုင်ပေသည်။
ရဲမှူးလီက သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းပြလိုက်ပြီး သူတို့ရှေ့ရှိ လူများ၏ အထောက်အထားကိုလည်း အတည်ပြုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အက်ဒီလင်းမှာ ဝမ်းသာလွန်းသဖြင့် ခုန်ပေါက်သွားကာ ဝမ်းသာမျက်ရည်များ ကျဆင်းလာခဲ့၏။
“အရမ်းကောင်းတာပဲ၊ နောက်ဆုံးတော့ ရှင်တို့ ရောက်လာခဲ့ကြပြီ၊ ရှင်တို့သာ နည်းနည်းလေး နောက်ကျပြီး ရောက်လာခဲ့မယ်ဆိုရင် ကျွန်မတို့အားလုံး ဒီဝက်ဝံနက်ကြီးရဲ့ အစားအစာ ဖြစ်သွားလောက်ပြီ”
လင်းယန်က သူတို့၏နောက်ကျောဘက်ရှိ လိုဏ်ဂူကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း မေးလိုက်သည်။
“ခင်ဗျားတို့က ဝက်ဝံနက်ကြီးရဲ့ ဂူထဲကို ပြေးဝင်ပြီး ဘာသွားလုပ်နေကြတာလဲ၊ ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား”
ဒန်နီရယ်က ခါးသီးစွာ ပြုံးလိုက်သည်။
“ကျွန်တော်တို့ကို ဝံပုလွေအုပ်ကြီးက နောက်ကလိုက်လာလို့ ဒီအထိ ပြေးလာခဲ့ရတာပါ၊ ဒီလိုဏ်ဂူက ဝက်ဝံနက်ကြီးရဲ့ နယ်မြေဖြစ်နေမှန်း ကျွန်တော်တို့ ကြိုမသိခဲ့ဘူး”
အကယ်၍သာ သူတို့ ကြိုတင်သိရှိထားခဲ့ပါက မည်သည့်အကြောင်းကြောင့်မျှ ဤလိုဏ်ဂူထဲတွင် နေနေမည်မဟုတ်ပေ။
ဝက်ဝံနက်ကြီးမှာမူ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေကာ လင်းယန်ကို နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်နေလေသည်။
ဒန်နီရယ်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။
“ခင်ဗျားတို့ ခုနက ဝက်ဝံနက်ကြီးကို ပစ်သွင်းလိုက်တဲ့ မေ့ဆေးက မလောက်သေးဘူးထင်တယ်၊ မြန်မြန် နောက်တစ်လုံး ထပ်ပစ်သွင်းလိုက်ပါဦး”
ရဲမှူးကျန်းက မျက်မှောင်ကြုတ်လိုက်ကာ ပြန်ဖြေသည်။
“ငါတို့ ဝက်ဝံနက်ကြီးကို မေ့ဆေး မပေးထားပါဘူး”
ထိုစကားတစ်ခွန်းက သူတို့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ ဝက်ဝံနက်ကြီးက ရုတ်တရက် ပြန်လည်တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် သူတို့အားလုံး အဝေးသို့ အလျင်အမြန် ဆုတ်ခွာပုန်းအောင်းလိုက်ကြသည်။
တကယ်တော့ သူတို့သုံးဦး ရောက်ရှိလာချိန်တွင် ဝက်ဝံနက်ကြီးက အက်ဘီ၏နောက်သို့ ပြေးလိုက်နေခဲ့ခြင်း ဖြစ်ပြီး သူတို့သုံးဦးကို မြင်လိုက်ရမှသာ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ခြင်းဖြစ်သည်။
ပို၍ တိတိကျကျ ပြောရလျှင် လင်းယန်ကို မြင်သွားသည့်အတွက် ရပ်တန့်သွားခြင်းပင်။
လင်းယန်က ဝက်ဝံနက်ကြီး၏ခြေသည်းများကို တစ်ချက်ကြည့်လိုက်သည်။
‘ဘုရားရေ’
ဤအကောင်သည် သေချာပေါက် သူနှင့် ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေဟောင်းတစ်ဦး ဖြစ်နေလေသည်။
လင်းယန်က မေးလိုက်သည်။
“မင်းအိမ်က ဒီမှာလား၊ ဒါဆို ဘာလို့ ဟိုးအဝေးကြီးအထိ လျှောက်သွားနေရတာလဲ”
ဝက်ဝံနက်ကြီးက မတရားအစွပ်စွဲခံရသည့်အမူအရာဖြင့် လင်းယန်ကို ကြည့်ကာ ညည်းတွားလိုက်၏။
“ဝေါင်း”
(အစာရှာထွက်တာလေ)
လင်းယန်မှာ မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်ရပြီး ပျားရည်ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။
“ဒီနေ့ ကံကောင်းလို့ ပျားရည်တစ်ပုလင်း ပါလာတယ်၊ ရော့၊ ဒါလေးစားလိုက်ဦး”
သူက ဂရုတစိုက်ဖြင့် ပုလင်းအဖုံးကိုပါ ဖွင့်ပေးလိုက်သေး၏။
ဝက်ဝံနက်ကြီးသည် ပျားရည်ပုလင်းကို လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားကာ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်၍ ပျားရည်ထဲသို့ နှစ်ကာ လျက်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပျားရည်ပုလင်းငယ်လေးမှာ ပြောင်စင်သွားတော့သည်။
နိုင်ငံခြားသားတစ်စုမှာမူ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြလေသည်။
အက်ဒီလင်းက မယုံကြည်နိုင်ဖြစ်ကာ မေးလိုက်မိ၏။
“ဒီဝက်ဝံနက်ကြီးက ရှင့်ကို တကယ်ပဲ ရန်မမူဘူးလား၊ သူက ရှင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးများလား”
ရဲမှူးကျန်းနှင့် ရဲမှူးလီတို့နှစ်ဦးလုံးက ခေါင်းခါယမ်းလိုက်ကြသည်
“ဝက်ဝံနက်တွေက နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားရတဲ့ တိရစ္ဆာန်တွေပါ၊ ငါတို့နိုင်ငံမှာ တိရစ္ဆာန်ကာကွယ်ရေးဥပဒေတွေ ရှိတယ်၊
နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခွင့်မရှိဘူး”
ဒန်နီရယ်က တံတွေးမျိုချလိုက်ပြီး ချီးကျူးလိုက်သည်။
“ဘယ်လောက်တောင် မိုက်တဲ့ စွမ်းရည်လဲ၊ ဝက်ဝံနက်ကြီးနဲ့ တိုက်ရိုက် ဆက်သွယ်ပြောဆိုနိုင်တယ်ဆိုတော့လေ၊ အခုတော့ ဒီကောင်ကြီးက အိမ်မွေးတိရစ္ဆာန်လေးလို ဖြစ်နေပြီ၊
ခုနကလို ကြမ်းတမ်းတဲ့ အမူအရာမျိုး ဘယ်ရောက်သွားပြီလဲ၊ ငါလည်း ဝက်ဝံနက်တစ်ကောင်လောက် မွေးထားချင်လိုက်တာ”
အန်နီက ဘေးမှနေ၍ သရော်လိုက်သည်။
“ခုနတုန်းက ဝက်ဝံနက်ကြီးကို ကြောက်ပြီး သေးထွက်မတတ် ဖြစ်သွားတာကို နင် မေ့သွားပြီလား”
ဒန်နီရယ်က ရှက်ရမ်းရမ်းကာ အန်နီကို စူးရဲစွာ ကြည့်လိုက်၏။
“ခုနကဟာက မတော်တဆဖြစ်သွားတာပါ၊ ငါက နေရာပေါင်းစုံကို ရောက်ဖူးတယ်၊ လက်ဆယ်ချောင်းနဲ့တောင် ရေတွက်လို့မကုန်နိုင်တဲ့ သားရဲတိရစ္ဆာန်တွေနဲ့လည်း ကြုံဖူးတယ်၊
ဝက်ဝံနက်တစ်ကောင်လောက်ကတော့ ဘာလုပ်ရမှာလဲ”
သူတို့၏ အပြန်အလှန် စကားပြောဆိုမှုများကို ကြားလိုက်ရသောအခါ လင်းယန်က ပြုံးလိုက်ပြီး ဝက်ဝံနက်ကြီး၏ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ ခြေသည်းများရှိ ဒဏ်ရာများမှာ လုံးဝကျက်နေပြီ ဖြစ်၏။
လင်းယန်က အားရကျေနပ်စွာဖြင့် ပြောလိုက်သည်။
“မင်းရဲ့ဒဏ်ရာတွေ တော်တော်လေးသက်သာသွားပြီပဲ”
ဝက်ဝံနက်ကြီးသည် ပျားရည်ကို လျက်ရင်း လင်းယန်ကို ပျော်ရွှင်စွာ မော့ကြည့်နေလေသည်။
ရဲမှူးလီကပင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသဖြင့် မေးမြန်းလိုက်သည်။
“လင်းယန်၊ မင်း ဒီဝက်ဝံကြီးနဲ့ အရင်က တွေ့ဖူးတာလား၊ မင်းတို့နှစ်ယောက်က ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ”
လင်းယန်က ခေါင်းညိတ်ပြလိုက်၏။
“အရင်တစ်ခေါက် ကျွန်တော် တောင်ပေါ်တက်ပြီး ပျားရည်လာရှာတုန်းက ဒီဝက်ဝံကြီးနဲ့ တစ်ခါဆုံဖူးတယ်၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့ရဲ့ခြေသည်းနှစ်ဖက်လုံး ဒဏ်ရာရနေတော့ အစာမရှာနိုင်ဘူးလေ၊ ကျွန်တော်က သူ့ဒဏ်ရာတွေကို ကုသပေးပြီး ပျားရည်နှစ်ပုလင်း ကျွေးခဲ့တာ...”
ထိုနိုင်ငံခြားသား လေးဦးလုံးမှာ တရုတ်စကားကို နားလည်နိုင်စွမ်း ရှိကြသည်။မဟုတ်ပါက ဤနေရာအထိ လာရောက်၍ စူးစမ်းလေ့လာရဲကြမည် မဟုတ်ပေ။
ထို့ကြောင့် ဤစကားများကို ကြားလိုက်ရသောအခါ သူတို့အားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
သူတို့ အထင်သေးခဲ့ကြသော ဤတရုတ်လူမျိုးများက တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်သည့် အစွမ်းအစများ အမှန်တကယ် ရှိနေကြသည်လော။
အထူးသဖြင့် လင်းယန်အပေါ်ထားရှိသော ဝက်ဝံနက်ကြီး၏ အလွန်ချစ်ခင်ယုယသည့် အပြုအမူများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်တွင်တော့ သူတို့အတွက် ကမ္ဘာသစ်တစ်ခုသို့သွားရာ တံခါးပေါက်တစ်ခု ပွင့်သွားသကဲ့သို့ပင် ခံစားလိုက်ကြရလေတော့သည်။