← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅)

အိမ်တံခါးဝသို့ ရောက်ရှိသောအခါ လင်းယန်သည် ထိုလူအနည်းငယ်ဘက်သို့ လှည့်၍ မှာကြားလိုက်သည်။

“ခင်ဗျားတို့ ဒီမှာ ရက်အနည်းငယ်လောက် တည်းခိုသွားလို့ ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒါက ယာတောအိမ်လေးတစ်လုံးပဲလေ၊ ဒါပေမဲ့ ကြိုတင်ပြီး ပြောထားရမယ့် ကိစ္စအချို့တော့ ရှိတယ်၊

ကျွန်တော်က တိရစ္ဆာန်လေးတွေ အများကြီး မွေးထားတာမို့ ခင်ဗျားတို့ ကြည့်လို့တော့ ရတယ်၊ ဒါပေမဲ့ သူတို့ကို လျှောက်ပြီး သွားမစကြပါနဲ့”

ထိုကောင်လေးများသည် ရန်ပြုခဲလှသည်ဆိုသော်ငြားလည်း မည်သူမျှ ဒဏ်ရာအနာတရမဖြစ်စေရန် အကွာအဝေးတစ်ခုမှနေ၍ စောင့်ကြည့်ခြင်းက ပို၍ကောင်းမွန်ပေသည်။

ဒန်နီရယ်ကမူ လင်းယန်၏ စကားကို ရင်ထဲသို့လုံးဝထည့်မထားပေ။

“လင်းယန်၊ မင်း အတွေးလွန်နေပါပြီ၊ ငါတို့က တိရစ္ဆာန်လေးတွေကို စိတ်မဝင်စားပါဘူး”

အန်နီကလည်း ခေါင်းညိတ်ထောက်ခံသည်။

“အဲဒီအတွက်တော့ စိတ်မပူပါနဲ့”

သူတို့ လင်းယန်၏နောက်သို့ တကောက်ကောက် လိုက်လာရသည့် အဓိကအကြောင်းရင်းမှာ သူ့ထံမှ တိရစ္ဆာန်များကို ယဉ်ပါးအောင် ဆုံးမသည့်ပညာကို သင်ယူချင်သောကြောင့်သာ ဖြစ်သည်။

အကယ်၍ နှစ်မီတာခန့် မြင့်မားသော ဝက်ဝံနက်ကြီးတစ်ကောင်ကို ခွေးတစ်ကောင်ကဲ့သို့ လိမ္မာအောင် လုပ်နိုင်မည်ဆိုပါက ထိုအရာက အလွန်မိုက်လွန်းလှသည်မဟုတ်ပါလား။

လင်းယန်တွင် ဤကဲ့သို့သော စွမ်းရည်မျိုး သေချာပေါက် ရှိနေမည်ဖြစ်ပြီး လောလောဆယ်တွင် သူတို့ကို မသင်ပေးချင်သေးခြင်းသာဖြစ်သည်ဟု သူတို့ အခိုင်အမာ ယုံကြည်ထားကြသည်။

ယင်းကိစ္စက အရေးမကြီးပေ။ အရင်ဆုံး ဤနေရာတွင် ခေတ္တမျှ တည်းခိုနေထိုင်ရင်းမှ ပညာစတင်သင်ယူနိုင်မည့် အခြားသောနည်းလမ်းများကို ဆက်လက်ကြံဆရုံသာ ရှိတော့သည်။

“ကောင်းပြီ၊ ကျွန်တော့်ဆီမှာ အခန်းအများကြီး မရှိဘူး၊ သုံးခန်းပဲ ရှိတာဆိုတော့ ခင်ဗျားတို့ဘာသာ အဆင်ပြေအောင် ခွဲဝေပြီး စီစဉ်လိုက်ကြလေ”

လင်းယန်က ခြံဝင်း၏ တံခါးမကြီးကို တွန်းဖွင့်လိုက်သည်။

ဝင်းထဲမှ အသံကို ကြားလိုက်ရသည်နှင့် ဟွမ်မောင်သည် သူ့ထံသို့ ချက်ချင်းပင် ပြေးဝင်လာခဲ့သည်။

“ဝေါင်း”

သို့သော် လင်းယန်၏ကိုယ်ပေါ်မှ အနံ့ကို နမ်းကြည့်ပြီးနောက်တွင်တော့ ဟွမ်မောင်သည် မျက်မှောင်ကြုတ်လျက် နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားလေသည်

“ဝေါင်း”

(ဘာလို့ ဒီလောက်တောင် ပြင်းထန်တဲ့ အငွေ့အသက်ကြီး ရှိနေရတာလဲ၊ အမေကြီးရဲ့ အငွေ့အသက်မျိုးနဲ့ အတူတူပဲ)

(သခင်၊ ခင်ဗျား ဘာတွေသွားလုပ်နေခဲ့တာလဲ)

“ငါ တောင်ပေါ်မှာ ဝက်ဝံနက်ကြီးတစ်ကောင်နဲ့ ဆုံခဲ့လို့ပါ၊ မင်းက အဲဒါကိုတောင် အနံ့ရနေတာလား၊ မင်းနှာခေါင်းက ခွေးနှာခေါင်းကျနေတာပဲ”

ဟွမ်မောင်က မကျေမနပ်ဖြင့် လင်းယန်၏ ဘောင်းဘီစကို လှမ်းဆွဲလိုက်သည်။

“ဝေါင်း”

(ကျွန်တော် သခင့်ကို မတွေ့ရတာ တစ်နေ့နီးပါး ရှိနေပြီ၊ အရမ်းလွမ်းနေတာ)

(ဒီည သခင်နဲ့အတူတူ အိပ်လို့ရမလား)

လင်းယန်က ဟွမ်မောင်ကို တွန်းဖယ်လိုက်၏။

“အိမ်မက်မက်မနေနဲ့”

ဟွမ်မောင်သည် အိပ်ပျော်သွားလျှင် သွားရည်ကျတတ်သည့် အလေ့အထရှိသည်။ တစ်ခါက သူ၏ ကုတင်တစ်ခုလုံး သွားရည်များဖြင့် ပေပွအောင် လုပ်ခဲ့ဖူးသဖြင့် ထိုအချိန်မှစ၍ လင်းယန်သည် အိပ်ခါနီးတိုင်း တံခါးကို သေချာပေါက် ပိတ်ထားလေ့ရှိ၏။

ထိုကောင်လေး ခိုးဝင်လာမည်ကို သူ အလွန်စိုးရိမ်မိ၏။

ထိုအချိန်တွင် လင်းယန်၏ နောက်၌ ရပ်နေသော လူလေးဦးမှာမူ ဆွံ့အလျက် ကြောင်အမ်းအမ်းကြီး ဖြစ်နေကြချေပြီ။

အက်ဘီက မယုံကြည်နိုင်သေးသဖြင့် အစ်မဖြစ်သူ အက်ဒီလင်းကို လှမ်းဆွဲလိမ်လိုက်သည်

“နာလား အစ်မ”

အက်ဒီလင်းက သူ့လက်ကို ပုတ်ထုတ်လိုက်သည်။

“နင်က ကိုယ့်ကိုယ်ကိုယ် မဆွဲဘဲ ငါ့ကို ဘာလို့ လာဆွဲတာလဲ၊ နာလွန်းလို့ သေတော့မယ်”

“နာတယ်ဆိုတော့ ဒါက အိပ်မက်မဟုတ်ဘူးပေါ့၊ အဲဒါ ကျားကြီးမဟုတ်ဘူးလား၊ ဘာလို့ အိမ်ထဲမှာ ရောက်နေရတာလဲ”

“တရုတ်နိုင်ငံရဲ့ ဥပဒေက လူတွေကို ကျားတွေကို သီးသန့်မွေးမြူခွင့် ပြုထားပြီလား”

ဒန်နီရယ်ကလည်း ခြံဝင်းအတွင်းရှိ အခြားတစ်ကောင်ကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားခဲ့သည်။

“မြန်မြန်ကြည့်ဦး၊ သူက အိမ်မှာ ကျားနှစ်ကောင်တောင် မွေးထားတာပဲ”

အန်နီက အံ့ဩတကြီး ရေရွတ်လိုက်၏။

“အို ဘုရားသခင်၊ ကျွန်မကို ဒါက အမှန်တရားပါလို့ တစ်ယောက်ယောက် ပြောပေးကြပါဦး”

လင်းယန်ကမူ သူတို့၏ တီးတိုးရေရွတ်သံများကို မကြားလိုက်ရပေ။ သူတို့ လိုက်မလာသည်ကို မြင်သောအခါ လှည့်၍ မေးမြန်းလိုက်သည်။

“ခင်ဗျားတို့က တံခါးဝမှာပဲ ရပ်နေပြီး အထဲကို ဝင်မလာကြတော့ဘူးလား”

“လင်းယန်၊ ဒီကျားနှစ်ကောင်က ခင်ဗျားပြောတဲ့ တိရစ္ဆာန်လေးတွေလား”

လင်းယန်က ခေါင်းညိတ်ပြသည်။

“ဒီလိုပါပဲ၊ ဒါတင်မကသေးဘူး တခြားအကောင်တွေလည်း ရှိသေးတယ်”

ထိုအခါမှ ဒန်နီရယ် အပါအဝင် လေးဦးလုံးသည် ထိုစကား၏အဓိပ္ပာယ်ကို သဘောပေါက်သွားကြတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ခြံဝင်းအတွင်း၌ ဝံပုလွေများ၊ မျောက်များ၊ မြွေများနှင့် မြေခွေးများကိုပါ ထပ်မံတွေ့မြင်လိုက်ရသောကြောင့်ဖြစ်သည်။

အက်ဘီက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရှိလှသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

“ဘော့စ်လင်း၊ ခင်ဗျားအိမ်က တိရစ္ဆာန်ရုံလား”

သို့သော် မည်သည့် တိရစ္ဆာန်ရုံကများ ဤကဲ့သို့ လူသိနည်းလှသော တောင်ပေါ်ရွာလေးတစ်ရွာတွင် လာရောက်ဖွင့်လှစ်ထားမည်နည်း။

တရုတ်နိုင်ငံက အမြဲတမ်း နောက်ကျကျန်နေခဲ့သည်ဟု သူတို့ ပြောဖူးကြသည်မဟုတ်ပါလား။ အရာရာတိုင်းက သူတို့နိုင်ငံ၏ နောက်တွင်သာ ရှိနေခဲ့သည်ဟု ထင်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင်မူ ထိုအရာက မှန်ကန်ချင်မှ မှန်ကန်လိမ့်မည်ဟု သူတို့ ခံစားလိုက်ရသည်။

ဤကဲ့သို့သောဤကဲ့သို့သော တိရစ္ဆာန်ရုံအဆင့်ရှိသည့် နေရာမျိုးကို တောင်ပေါ်ရွာလေးတစ်ရွာတွင် ဖွင့်လှစ်ထားနိုင်သည်ဆိုလျှင် ၎င်းကို မည်သို့လုပ်၍ နောက်ကျကျန်နေခဲ့သည်ဟု ဆိုနိုင်ပါမည်နည်း။

လင်းယန်က မတတ်သာသည့်ဟန်ဖြင့် ရှင်းပြလိုက်ရသည်။

“ကျွန်တော်က ယာတောအိမ်လေး ဖွင့်ထားတာပါ၊ ခင်ဗျားတို့အနေနဲ့ ဒါကို ကျေးလက်စားသောက်ဆိုင်၊ စားသောက်စရာနဲ့ အပန်းဖြေစရာတွေပေါင်းစပ်ထားတဲ့ နေရာတစ်ခုလို့ နားလည်ထားလို့ရပါတယ်”

“အဓိကကတော့ လူတိုင်းကို ကျေးလက်လူနေမှုဘဝကို လာရောက်ခံစားစေချင်လို့ပါ၊”

အက်ဘီက လင်းယန်၏စကားကို မနည်းနားလည်အောင် ကြိုးစားလိုက်ရသည်။

“ဒီလိုနေရာမျိုးမှာ တိရစ္ဆာန်တွေကို သီးသန့်မွေးမြူခွင့် ပြုထားတာလား၊ ခင်ဗျားတို့ တရုတ်နိုင်ငံရဲ့ ဥပဒေက အရမ်းကို ပွင့်လင်းလွန်းတာပဲ၊

ကျွန်တော်တို့ နိုင်ငံလည်း တစ်နေ့ကျရင် ဒီလိုမျိုး ဖြစ်လာပါစေလို့ မျှော်လင့်မိတယ်”

လင်းယန်သည် သူတို့ကို မည်သို့ ဆက်လက်ရှင်းပြရမည်မှန်းပင် မသိတော့ပေ။ ဤလူအနည်းငယ်က တစ်စုံတစ်ခုကို အကြီးအကျယ် နားလည်မှုလွဲနေကြပုံရသည်။

“ဒီသုံးခန်းက ခင်ဗျားတို့ တည်းရမယ့် အခန်းတွေပဲ၊ ရေအတွက်ကတော့ ခြံထဲမှာ ရေတွင်းရှိတယ်၊

အကယ်လို့ ရေမခပ်တတ်ဘူးဆိုရင်လည်း ဘေးနားမှာ ရေကန်ရှိတယ်၊ ရေကန်ထဲကနေ တိုက်ရိုက်ခပ်ယူပြီး သုံးလို့ရတယ်”

“စိတ်ကြိုက် လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်၊ ကျွန်တော်တော့ ဆက်ပြီးတောင့်မခံနိုင်တော့လို့ အရင်ဆုံး ရေချိုးပြီးအိပ်တော့မယ်”

ထိုလေးဦးလုံးမှာမူ လင်းယန် အိပ်သည်ဖြစ်စေ၊ မအိပ်သည်ဖြစ်စေ အလေးမထားနိုင်ကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မျက်ဝန်းများက ခြံဝင်းအတွင်းရှိ တိရစ္ဆာန်များထံတွင်သာ ဝေဝါးစွာ စူးစိုက်နေကြသောကြောင့် ဖြစ်သည်။

အက်ဘီက ပြောလိုက်လေ၏။

“အိမ်မှာ ဒီလို တိရစ္ဆာန်မျိုးတွေ မွေးထားနိုင်ရင် ဘယ်သူကများ စူးစမ်းလေ့လာရေး ထွက်နေတော့မှာလဲ၊ စူးစမ်းလေ့လာရတာက ဘာများအဓိပ္ပာယ်ရှိဦးမှာလဲ”

“ဒါနဲ့ ဘာလို့ကျားကြီးတစ်ကောင်မှ မရှိတာပါလိမ့်၊ တကယ်လို့ ကျားကြီးတစ်ကောင်သာ ရှိမယ်ဆိုရင် အရမ်းမိုက်မှာပဲ၊ ကျွန်တော် သူ့ကျောပေါ်တက်ပြီး ဓာတ်ပုံတောင် ရိုက်ဦးမှာ”

အက်ဒီလင်းက မျက်စိစောင်းထိုးကြည့်လိုက်သည်။

“အရူး၊ နင်က အသက်ရှည်ရှည်မနေချင်တော့ဘူး ထင်တယ်”

ကျားပေါက်စလေး နှစ်ကောင်မှာ လင်းယန်၏ပိတ်ဆို့ထားခြင်းကို ခံလိုက်ရသဖြင့် သူတစ်ယောက်တည်း အခန်းထဲသို့ဝင်သွားသည်ကို မျှော်လင့်တကြီးမျက်ဝန်းများဖြင့် ငေးကြည့်နေကြရှာသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဒန်နီရယ်မှာ ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

“ထင်တဲ့အတိုင်းပဲ၊ တရုတ်ယဉ်ကျေးမှုက တကယ့်ကို နက်နဲကျယ်ပြန့်လွန်းတယ်၊ ငါလည်း ဒီလိုစွမ်းရည်မျိုး ရှိချင်လိုက်တာ”

အန်နီကလည်း လုံးဝ ထောက်ခံသည်။

“ဂျင်းတို့သာ ဒီအကြောင်းကိုသိသွားရင် သူတို့ အရမ်းအားကျနေကြမှာ သေချာတယ်”

အက်ဘီသည် ရေကန်ထဲမှ ရေအနည်းငယ်ကို ခပ်ယူကာ တိုက်ရိုက် သောက်လိုက်သည်။ တောင်ပေါ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ခြင်းကြောင့် သူ၏ နှုတ်ခမ်းများမှာ ခြောက်သွေ့အက်ကွဲနေခဲ့ပြီ ဖြစ်၏။

ဤရေတစ်မှုတ်ကို သောက်လိုက်ပြီးနောက်တွင်တော့ သူသည် ရုတ်တရက် လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရ၏။

“ခင်ဗျားတို့လည်း ဒီရေကို မြန်မြန်မြည်းကြည့်ကြစမ်းပါ၊ ဒီလောက်ချိုမြိန်တဲ့ရေမျိုးကို တစ်ခါမှ မသောက်ဖူးဘူး”

“ငါတော့ ဒီနေရာကို အသေအလဲ သဘောကျသွားပြီ၊ ဒီမှာပဲ တစ်သက်လုံး နေသွားချင်တော့တယ်”

အက်ဒီလင်းက ရေကို တစ်ငုံခန့် မြည်းစမ်းကြည့်လိုက်ရာ သူမ၏မျက်ဝန်းများ ချက်ချင်းတောက်ပသွားခဲ့ပြီး ရေကန်ထဲမှရေများကို အငမ်းမရ သောက်ချလိုက်တော့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ အန်နီကလည်း ဝင်ပြောလာလေ၏။

“မြန်မြန်... ငါ့ကိုလည်း မြည်းခွင့်ပေးပါဦး”

ထို့ကြောင့် သူတို့လေးဦးလုံးသည် ရေကန်ဘေးတွင် ဝိုင်းအုံကာ ရေများကို အချိန်အတော်ကြာအောင် သောက်နေခဲ့ကြလေသည်။

ရေချိုးပြီးခါစ လင်းယန်သည် အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် ထွက်လာခဲ့ရာ ရေကန်ထဲရှိ ရေများမှာ ထက်ဝက်ကျော်ခန့် ကုန်ဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။

“ခင်ဗျားတို့ ရေအေးနဲ့ ရေချိုးလိုက်ကြတာလား”

အက်ဘီ၏မျက်နှာပေါ်တွင် အားရကျေနပ်မှုများ ပြည့်နှက်နေသည်။

“‌ဘော့စ်လင်း၊ ခင်ဗျားရဲ့ ရေတွင်းရေက ဘာလို့ ဒီလောက်တောင် အရသာရှိရတာလဲ”

လင်းယန်သည် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီးမှ အခြေအနေကို ရိပ်မိသွားခဲ့သည်။

“ခင်ဗျားတို့ ဒီရေတွေကို အကုန်သောက်လိုက်တာလား”

‘မဖြစ်နိုင်တာ။ ဒီလူတွေက ရေကျွဲများများ ဖြစ်နေကြလို့လား'

ရေကန်ထဲရှိ ရေများမှာ သူကြိုတင်၍ စမ်းရေတွင်းရေအနည်းငယ် ရောစပ်ထားသော ရေများဖြစ်သောကြောင့်သာ သူတို့ သောက်၍ အရသာရှိနေခြင်းဖြစ်သည်။

သို့သော် ထိုသို့ပြောရလျှင်ပင် ဤမျှအထိ သောက်ပစ်ကြသည်မှာ အနည်းငယ်တော့ လွန်ဦးမည်ထင်သည်။

“ခင်ဗျားတို့ ဗိုက်ဆာနေကြပြီလား”

အက်ဘီက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြသည်။

“ကျွန်တော်တို့ နည်းနည်းတော့ ဗိုက်ဆာနေပြီ၊ တောင်ပေါ်မှာ စားစရာ ဘာမှမရှိတော့ဘူးလေ၊ ကျွန်တော်က အစားအစာတွေ ပိုယူလာရမယ်လို့ ပြောသားပဲ၊

ဒါပေမဲ့ဒါပေမဲ့ သူတို့က နှစ်ရက်အတွင်း ပြန်ထွက်လာနိုင်မှာပါဆိုပြီး ဇွတ်ပြောတာနဲ့ တစ်ရက်စာပဲ ပြင်လာခဲ့ကြတာ”

လင်းယန်သည် သူတို့ပြောနေသော စကားများကို ကောင်းကောင်း နားမလည်နိုင်တော့ပေ။

‘ထားလိုက်ပါတော့’

‘ဘာပဲဖြစ်ဖြစ် သူတို့က ပိုက်ဆံပေးမယ့် ဖောက်သည်တွေပဲ မဟုတ်လား'

သူသည် အိပ်ချင်စိတ်ကို အောင့်အီးကာ ဤလူလေးဦးအတွက် ဟင်းသုံးပွဲကို အလျင်အမြန် ကြော်လှော်ပေးလိုက်သည်။

နောက်ဆုံးတွင် အက်ဘီသည် ဟင်းပန်းကန်ကိုပင် လျက်နေတော့သည်။

“တရုတ်အစားအစာတွေက တကယ်ကို ဒီလောက်တောင် အရသာရှိတာလား”

“ဒါက ကြယ်ငါးပွင့်စားဖိုမှူးတွေ ချက်တဲ့ ဟင်းတွေထက်တောင် ပိုပြီး ကောင်းသေးတယ်”

လင်းယန်က သမ်းဝေလိုက်ရင်း မှာကြားလိုက်သည်။

“ကျွန်တော် သွားအိပ်တော့မယ်၊ မနက်ဖြန် မနက်စောစော အလုပ်လုပ်ရမှာမို့လို့ ခင်ဗျားတို့လည်း စောစောနားကြပါ၊

အခန်းထဲက ကုတင်တွေကို သေသေချာချာ ပြင်ဆင်ပေးထားပြီးသားပါ”

ထိုလေးဦးလုံးမှာမူ အိပ်ချင်စိတ် လုံးဝမရှိကြဘဲ ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်လေးများကိုသာ စူးစိုက်ကြည့်နေကြသည်။

“မင်းနာမည်က ဟွမ်မောင်မလား၊ ဒီကိုလာခဲ့စမ်းပါ၊ ငါ မင်းကို အမွေးလေးသပ်ပေးမယ်”

အက်ဘီသည် ဟွမ်မောင်နှင့် သုံးလှမ်းခန့်အကွာတွင် ရပ်နေကာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခဲ့သည်။

ဟွမ်မောင်ကမူ အက်ဘီကို လူမိုက်တစ်ဦးအား ကြည့်သည့်အကြည့်မျိုးဖြင့် ကြည့်လိုက်၏။ သူသည် အမြီးကို တစ်ချက်ခါယမ်းကာ မာနကြီးသော ကြောင်ကြီးတစ်ကောင်အလား သူ့အသိုက်ထဲသို့ ဝင်၍ အိပ်စက်သွားတော့သည်။

အန်နီက ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။

“မြင်တယ်မလား၊ ကျားကတောင် နင့်ကိုအဖက်မလုပ်ချင်ဘူး”

အက်ဘီက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

“နင် တတ်နိုင်ရင်လည်း သွားလုပ်ကြည့်ပါလား”

ထိုအချိန်တွင် ဒန်နီရယ်က သူ့ဖုန်းကို ဆွဲထုတ်လိုက်သည်။

“ငါ ဒီတိရစ္ဆာန်လေးတွေအားလုံးကို ဗီဒီယိုရိုက်ပြီး ငါတို့ ဘေးကင်းလုံခြုံနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အကြောင်းကြားလိုက်ဦးမယ်”

ယခုအချိန်တွင် သူတို့နိုင်ငံ၌ နေ့ခင်းဘက် ဖြစ်နေလေသည်။

မကြာမီမှာပင် ဒန်နီရယ် ပေးပို့လိုက်သော ဗီဒီယိုဖိုင်သည် နိုင်ငံခြားဝက်ဘ်ဆိုက်များပေါ်သို့ ရောက်ရှိသွားခဲ့သည်

ဗီဒီယိုထဲတွင်် ဒန်နီရယ်သည် အလွန်ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူ၏ အပြုံးများကမူ ထူးထူးခြားခြား တောက်ပနေခဲ့၏။

“မင်္ဂလာပါ ပရိသတ်ကြီးနဲ့ မိတ်ဆွေတို့ရေ၊ ကျွန်တော်တို့ စူးစမ်းလေ့လာရေးအဖွဲ့ဟာ အခုဆိုရင် ဘေးကင်းလုံခြုံတဲ့ နေရာကို ရောက်ရှိနေပါပြီ၊

လောလောဆယ်တော့ အနီးနားက နာမည်မသိရသေးတဲ့ ယာတောအိမ်လေးတစ်ခုမှာ ရောက်နေတာပါ”

“ကျွန်တော်တို့အတွက် အံ့ဩစရာကောင်းတာကတော့ ဒီယာတောအိမ်ရဲ့သူဌေးက အရမ်းကိုအစွမ်းထက်တဲ့သူ ဖြစ်နေတာပါပဲ၊

သူက ဝက်ဝံနက်တွေကို ယဉ်ပါးအောင် ဆုံးမနိုင်ရုံတင်မကဘူး၊ သူ့ရဲ့ ခြံဝင်းထဲမှာ ကျားတွေလိုမျိုး တိရစ္ဆာန်တွေကိုပါ မွေးမြူထားပါသေးတယ်”

ကျားများအကြောင်း ပြောဆိုနေစဉ် သူသည် ဟောက်သံပေးကာ အိပ်ပျော်နေသော ဟွမ်မောင်နှင့် ပိုင်မောင်တို့ကိုပါ ဗီဒီယိုရိုက်ပြလိုက်သေးသည်။

“ပြီးတော့ သစ်ပင်ပေါ်က ရွှေရောင်မျောက်ဝံကြီးကိုလည်း ကြည့်ပါဦး၊ ဒီရွှေရောင်မျောက်ဝံက တော်တော်လေး အသက်ကြီးပုံရတယ်၊

သူ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ခန့်မှန်းပေးနိုင်ကြမလား”

“သစ်ပင်မှာ ပတ်ခွေနေတဲ့ မြွေကြီးကိုရော မြင်ကြရဲ့လား၊ ကျွန်တော်တို့ အရင်က တောနက်ထဲမှာ စူးစမ်းလေ့လာတုန်းက ဒီလိုမျိုး အဆိပ်ပြင်းတဲ့ မြွေတွေနဲ့ အများကြီးကြုံခဲ့ရတာ၊

တစ်ချက်ရိုက်ရုံနဲ့တင် စက္ကန့်ပိုင်းအတွင်း အသက်ဆုံးရှုံးသွားနိုင်တာမို့လို့ ခင်ဗျားတို့လည်း ဒီလိုမြွေမျိုးကို မြင်ရင် သတိထားကြပါဦး”

All Chapters