အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆)
နိုင်ငံခြားဝက်ဘ်ဆိုက်များရှိ ဒန်နီရယ်၏ အကောင့်အမည်မှာ ‘စွန့်စားခန်းများကို မြတ်နိုးသူ ဒန်နီရယ်’ ဟူ၍ ဖြစ်လေသည်။
ဤအကောင့်တွင် နိုင်ငံအသီးသီးမှ ပရိသတ်များ အပါအဝင် နောက်လိုက်ချစ်သူ ပရိသတ် သန်းခုနစ်ရာ ရှစ်ရာခန့်အထိ အခိုင်အမာ ရှိနေပေသည်။
ထို့ကြောင့် ဗီဒီယိုဖိုင်လေး တက်လာသည်နှင့် တစ်ပြိုင်နက် လူကြည့်အများဆုံး ရေပန်းစားမှုစာရင်း၏ ထိပ်ဆုံးသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့တော့သည်။
ပရိသတ်တစ်ဦးက မှတ်ချက်ပေးလိုက်သည်
“အို ဘုရားသခင်၊ နောက်ဆုံးတော့လည်း ခင်ဗျား ဗီဒီယိုအသစ် တင်လာပြီပဲ၊ ခင်ဗျား ဘုရားသခင်ဆီ သွားတွေ့ပြီလို့တောင် ထင်နေခဲ့တာ”
အခြားတစ်ဦးကလည်း ဝမ်းသာအားရ ရေးသားခဲ့၏။
“ခင်ဗျား ဘေးကင်းနေတာ တကယ်ကို ကံကောင်းလွန်းတယ်၊ ခင်ဗျား ဘေးကင်းလုံခြုံဖို့အတွက် ကျွန်တော် ဘုရားသခင်ဆီမှာ အမြဲ ဆုတောင်းနေခဲ့တာ”
နောက်ထပ် ပရိသတ်တစ်ဦးက သတိပေးလိုက်သည်။
“ခင်ဗျား ကျန်းကျန်းမာမာ ရှိနေပုံရပါတယ်၊ အခုမှပဲ ကျွန်တော်တို့လည်း စိတ်အေးရတော့တယ်၊ ဒီစူးစမ်းလေ့လာရေးခရီးက အရမ်းအန္တရာယ်များလွန်းတယ်၊
နောက်တစ်ခါ ဒီလောက် အန္တရာယ်များတဲ့ကိစ္စမျိုးတွေ မလုပ်တော့ဖို့ မျှော်လင့်ပါတယ်”
အံ့သြနေသူများလည်း ရှိသည်။
“အို ဘုရားရေ၊ ဘာလို့ တောရိုင်းတိရစ္ဆာန်တွေ ဒီလောက်တောင် များနေရတာလဲ၊ ခင်ဗျား တရုတ်နိုင်ငံမှာ ရောက်နေတာ သေချာရဲ့လား၊ တရုတ်လူမျိုးတွေအားလုံးက ဒီလောက်တောင် သတ္တိကောင်းကြတာလား”
“ဟိုကျားပေါက်လေး နှစ်ကောင်ကရော ဘယ်လိုဖြစ်တာလဲ၊ တရုတ်နိုင်ငံမှာ ကျားပေါက်လေးတွေကို မွေးမြူခွင့် ရှိလို့လား”
“အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်လေးတွေပါလား၊ သူတို့ကိုကြည့်ရင်း တရုတ်နိုင်ငံကို တကယ် သွားချင်စိတ်ပေါက်လာပြီ”
“တကယ်လို့ အသံကိုသာ ပိတ်ထားလိုက်မယ်ဆိုရင် ဒါတွေက ခင်ဗျား တောင်ပေါ်ကနေ ယူလာခဲ့တဲ့ အောင်ပွဲခံ လက်ရာတွေလို့တောင် ထင်မိမှာပဲ”
အက်ဘီသည်လည်း အောက်ဘက်မှတ်ချက်တွင် ဝက်ဝံနက်ကြီးနှင့်အတူ ရိုက်ကူးထားသော သူ၏ ဓာတ်ပုံကို အလျင်အမြန် တင်လိုက်လေသည်။
ဤဓာတ်ပုံက မရေမတွက်နိုင်သော ပရိသတ်များထံမှ အံ့ဩတကြီး ပြောဆိုသံများကို ထွက်ပေါ်လာစေခဲ့သည်။
“ဘုရားရေ၊ ငါ ဘာတွေ မြင်နေရတာလဲ၊ ဒီလောက် ကြမ်းကြုတ်တဲ့ ဝက်ဝံနက်ကြီးနဲ့ တကယ်ကြီး ဓာတ်ပုံတွဲရိုက်ထားတာလား၊
လူသားတွေက တောရိုင်းတိရစ္ဆာန်တွေကို ယဉ်ပါးအောင် ဆုံးမနိုင်တဲ့ နည်းလမ်းတွေကို အပြည့်အဝ ကျွမ်းကျင်သွားကြပြီလား”
“ခင်ဗျား ဒါကို ဘယ်လိုလုပ်လိုက်တာလဲ၊ မြန်မြန် ပြောပြစမ်းပါဦး”
“ဒါက ဘယ်နေရာကြီးလဲ”
တရုတ်ပရိသတ်တစ်ဦးက ရေးသားခဲ့သည်။
“ငါ အကြိုက်ဆုံး ဘလော့ဂါတစ်ယောက် နိုင်ငံခြားဝက်ဘ်ဆိုက်တွေမှာ ဒီလိုပုံစံမျိုးနဲ့ အောင်အောင်မြင်မြင် ရေပန်းစားလာလိမ့်မယ်လို့ ငါ့တစ်သက်မှာ ထင်တောင်မထင်ထားခဲ့ဘူး”
“မင်းလည်း ဒီဘလော့ဂါကို သဘောကျတာလား၊ ငါလည်း သူ့ကို အရမ်းသဘောကျတယ်၊ ဒါပေမဲ့ ငါမှတ်မိသလောက်ဆိုရင် ဒီဘလော့ဂါက ယာတောအိမ်လေးဖွင့်ထားတာ မဟုတ်ဘူးလား”
“ဟုတ်တယ်၊ ယာတောအိမ်လေးပဲလေ၊ အခြေအနေကောင်းပါတယ်၊ ဒီလိုပုံစံမျိုးနဲ့ ရုတ်တရက် နာမည်ကြီးလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဘုရားရေ၊ ငါ အနှစ်သက်ဆုံး စွန့်စားခန်းဘလော့ဂါနဲ့ တရုတ်နိုင်ငံက ငါအကြိုက်ဆုံး ဘလော့ဂါတို့ တကယ်ကြီး ပူးပေါင်းသွားကြပြီလား”
နိုင်ငံခြားသားပရိသတ်တစ်ဦးက မှတ်ချက်ပေးလိုကခသည်။
“ဒါဆို အရင်က ကောလာဟလတွေ အားလုံးက အလကားပေါ့၊ တရုတ်လူမျိုးတွေက နည်းနည်းလေးမှ မပျော့ညံ့ကြဘူးပဲ၊
ဒီလို ကြမ်းကြုတ်တဲ့ တောရိုင်းတိရစ္ဆာန်တွေကို ယဉ်ပါးအောင် ဆုံးမနိုင်ရုံတင်မကဘူး သူတို့ကိုပါ မွေးမြူထားနိုင်ကြတယ်ပေါ့”
“အရင်တုန်းက ငါတို့တွေ တရုတ်လူမျိုးတွေအပေါ် အထင်လွဲခဲ့တာ အရမ်းများ နက်ရှိုင်းလွန်းသွားပြီလား”
“ငါတို့နိုင်ငံလည်း ဒါကို အတုယူ သင်ယူဖို့ ပြင်းပြင်းထန်ထန် မျှော်လင့်မိတယ်”
တရုတ်ပရိသတ်တစ်ဦးက ဝင်ရောက်ရှင်းပြလိုက်သည်။
“ခင်ဗျားတို့ ကျွန်တော်တို့ တရုတ်လူမျိုးတွေအပေါ် တကယ် အထင်လွဲနေကြတာပါ၊ ဒါတွေက နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး သီးသန့်မွေးမြူခွင့် မရှိဘူး၊
သေချာတာကတော့ ဒီစထွင်းမာက ချွင်းချက်ပေါ့လေ၊ စိတ်ဝင်စားရင် သူ့ရဲ့ အကောင့်ကို ဖောလိုးလုပ်ထားလို့ရတယ်”
“ဟုတ်တယ်၊ သူ့အကောင့်မှာ စိတ်ဝင်စားစရာဗီဒီယိုတွေ အများကြီးရှိတယ်”
အိပ်မောကျနေသော လင်းယန်တစ်ယောက် သူ ဤသို့သောနည်းလမ်းဖြင့် တစ်ကျော့ပြန် နာမည်ကြီးလာခဲ့ပြန်ပြီဆိုသည်ကို လုံး၀မသိခဲ့ပေ။
ထို့အပြင် နိုင်ငံခြားသား ပရိသတ်အမြောက်အမြားကိုပါ ထပ်မံရရှိလိုက်သေးသည်။
နောက်တစ်နေ့နံနက် ယန်အာဟူ နိုးထလာချိန်တွင်။
အကောင့်တွင် ဖောလိုးဝါ သုံးသန်းကျော် တိုးလာသည်ကို အံ့ဩဖွယ်တွေ့ရှိလိုက်ရလေသည်။
သူသည် အင်္ကျီပင် မဝတ်နိုင်တော့ဘဲ လင်းယန်၏အခန်းဆီသို့ အပြေးအလွှား သွားကာ တံခါးကို ခပ်သွက်သွက် ခေါက်လိုက်လေသည်။
ယန်အာဟူက အလောတကြီး မေးလိုက်၏။
“ချစ်လှစွာသော သူဌေး၊ ညတုန်းက ဘာတွေများ လုပ်လိုက်တာလဲ၊ တစ်ညတည်းနဲ့ အကောင့်က ဖောလိုးဝါသုံးသန်းကျော်တောင် ဘယ်လိုလုပ် တိုးလာရတာလဲ”
လင်းယန်မှာ မျက်လုံးပေကလပ် ပေကလပ်ဖြင့် ကြောင်အမ်းအမ်း ဖြစ်နေသည်။
“ဘာဖောလိုးဝါသုံးသန်းလဲ၊ ငါမသိပါဘူး”
သူက ဆက်ပြောလာ၏။
“အပြင်က နိုင်ငံခြားသားတွေနဲ့ တစ်ခုခုပတ်သက်နေတာများလား”
ယန်အာဟူက အံ့ဩတကြီး မေးလိုက်၏။
“ဘာနိုင်ငံခြားသားတွေလဲ”
ပြီးခဲ့သည့်ညက ခြံဝင်းအတွင်း၌ တရှပ်ရှပ် မြည်သံအချို့ကို ယန်အာဟူ ကြားခဲ့ရသော်လည်း အိပ်ချင်လွန်းသဖြင့် မထနိုင်ခဲ့ပေ။ ခြံထဲတွင် သားရဲတိရစ္ဆာန် အများအပြား မွေးမြူထားသည်ဖြစ်ရာ ဘာမှအရေးကြီးမည် မဟုတ်ဟုသာ သူ တွေးထင်ထားခဲ့သည်။
ထို့အပြင် လင်းယန်၏ အသံကိုပါ ကြားလိုက်ရသဖြင့် သူ သိပ်ပြီး အာရုံမစိုက်တော့ခြင်းဖြစ်သည်။
အိမ်ထဲတွင် အပြင်လူများ ရောက်ရှိနေမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
လင်းယန်က ရှင်းပြလိုက်သည်။
“တောင်ပေါ်ကနေ ကယ်တင်လာခဲ့တဲ့ စူးစမ်းလေ့လာရေးအဖွဲ့လေ၊ ဒဏ်ရာရထားတဲ့ အဖွဲ့ဝင် နှစ်ယောက်ကလွဲလို့ ကျန်တဲ့ လေးယောက်က ငါတို့ရဲ့ ယာတောအိမ်မှာ တည်းနေကြတာ”
ယန်အာဟူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“သူဌေးက သူတို့ကို ဒီတိုင်းကြီး လက်ခံလိုက်တာလား”
လင်းယန်က အပြစ်ကင်းစင်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။
“သူတို့က ပိုက်ဆံပေးတယ်လေ၊ ငါတို့တွေ ဒီမှာ ယာတောအိမ်လာဖွင့်တာက ပိုက်ဆံရှာဖို့သီးသန့်ပဲ မဟုတ်လား၊ အခုထိ အများပြည်သူကို တရားဝင်မဖွင့်လှစ်သေးတာက အားလုံး မပြီးပြည့်စုံသေးလို့လေ၊
ဒါပေမဲ့ တစ်ယောက်ယောက်က ပိုက်ဆံလာပေးနေမှတော့ ဘာလို့ ငြင်းရမှာလဲ”
ယန်အာဟူ စဉ်းစားကြည့်လိုက်ရာ အတန်ငယ် အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူက မျက်လုံးများကို ကလယ်ကလယ် လုပ်ရင်း မေးလိုက်၏။
“ဒီနိုင်ငံခြားသားတွေက ချမ်းသာတယ်လို့ သူဌေးထင်လား”
လင်းယန်က ခေါင်းညိတ်ပြလိုက်သည်။
“သူတို့ကို ချမ်းသာတယ်လို့ သတ်မှတ်လို့ရပါတယ်၊ တော်တော်လေးလည်း လက်ဖွာကြတယ်”
သူက ဆက်မေးလေ၏။
“မင်းက ဘာလို့ ရုတ်တရက်ကြီး ဒါကို လာမေးနေရတာလဲ”
ယန်အာဟူက တခစ်ခစ် ရယ်မောလိုက်သည်။
“သူတို့က ကျွန်တော်တို့ရဲ့ ဧည့်သည်တွေလေ၊ သူတို့က ယာတောအိမ်လေးဆီ ကျေးလက်လူနေမှုဘဝကို လာခံစားကြတာဆိုတော့ ကျွန်တော်က သူတို့ကို အတွေ့အကြုံကောင်းတွေ ရသွားစေချင်လို့ စဉ်းစားနေတာပါ”
လင်းယန်သည် ဤကောင်လေး တစ်ခုခုကြံစည်နေပြီဟု ခံစားမိနေသည်။
“မင်း ဘာလုပ်ချင်တာလဲဆိုတာကိုသာ တည့်ပြောစမ်းပါ၊ မင်းရဲ့ အကြံဆိုးတွေကို ရင်ထဲမှာပဲ မြိုသိပ်မထားစမ်းပါနဲ့”
ယန်အာဟူက နှုတ်ခမ်းစူကာ ညည်းတွားလိုက်သည်။
“သူဌေးရာ... ခင်ဗျား အဲဒီလိုပြောတာကို ကျွန်တော် မကြိုက်ဘူးနော်၊ ‘အကြံဆိုး’ ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ကျွန်တော်က ကျွန်တော်တို့ရဲ့ ဧည့်သည်တွေအတွက် တကယ့်ကို ရိုးရိုးသားသား စဉ်းစားပေးနေတာပါ”
သူက မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
“ခဏနေရင် သူဌေး သိလာမှာပါ”
လင်းယန်နှင့် ယန်အာဟူတို့ ခြံဝင်းထဲတွင် မျက်နှာသစ်နေကြစဉ် ဒန်နီရယ်နှင့် အခြားသူများလည်း နိုးလာကြလေပြီ။
တကယ်တော့ သူတို့မှာ များများစားစား အိပ်မပျော်ခဲ့ကြပေ။ သူတို့အားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး အခန်းထဲတွင် ထိုင်ကာ မိုးလင်းပေါက် တစ်ညလုံး စကားထိုင်ပြောနေခဲ့ကြပြီးမှ နောက်ဆုံးတွင် အိပ်ပျော်သွားခဲ့ကြခြင်းဖြစ်သည်။
ဤမျှဤမျှ စောစောစီးစီး ထနိုင်ခြင်းကပင် သူတို့၏ ကြံ့ခိုင်လှသော ခန္ဓာကိုယ် စွမ်းရည်ကို ဖော်ပြနေပေသည်။
လင်းယန်က တက်ကြွစွာ မိတ်ဆက်ပေးလိုက်၏။
“မင်္ဂလာနံနက်ခင်းပါ၊ ဒါက ကျွန်တော့်ရဲ့လက်ထောက် ယန်အာဟူပါ”
အက်ဘီက ယန်အာဟူ၏ ပခုံးကို လှမ်းဖက်လိုက်ရင်း နှုတ်ဆက်သည်။
“မင်္ဂလာပါ၊ ကျွန်တော်က အက်ဘီပါ”
ယန်အာဟူမှာ လူများနှင့် ဤမျှရင်းနှီးစွာ နေထိုင်လေ့မရှိပေ၊ အထူးသဖြင့် ယခုမှစတင်သိကျွမ်းသော နိုင်ငံခြားသားတစ်ဦးနှင့်ဖြစ်သည်။ တစ်ဖက်လူမှာ အလွန်ဖော်ရွေပွင့်လင်းလွန်းနေ၏။
ဒန်နီရယ်၊ အန်နီနှင့် အက်ဒီလင်းတို့ကလည်း တစ်ဦးချင်းစီ မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်ကြသည်။
ယင်းတို့ကို ကြားပြီးနောက် ယန်အာဟူက လက်မထောင်ပြကာ ဒန်နီရယ်ကို ပြောလိုက်သည်။
“ခင်ဗျားရဲ့ ဗီဒီယိုတွေကို ကျွန်တော်ကြည့်ဖူးတယ်၊ ခင်ဗျားရဲ့ စွန့်စားခန်း ဗီဒီယိုတိုင်းကို ကြည့်ရတာ ကျွန်တော် တကယ်နှစ်သက်တာ”
သူက ဆက်ပြောလာ၏။
“ဒီလို သတ္တိမျိုးရှိတာကို ကျွန်တော် တကယ် အားကျလေးစားမိပါတယ်”
မည်သည့် ယောက်ျားလေးမှ အိပ်ရာမဝင်ခင် ကြမ်းတမ်းသော စွန့်စားခန်းများကို မက်မောမှုကင်းမည်မဟုတ်ပေ။ အထူးသဖြင့် ဒန်နီရယ်၏ စွန့်စားခန်းများပင်။
ဤလူသည် အန္တရာယ်များသော နေရာများကိုသာ သီးသန့်ရွေးချယ် သွားလာတတ်သူဖြစ်သည်။ အန္တရာယ်ရှိသော နေရာတိုင်းသို့ သူ သွားရောက်လေ့ရှိသည်။ ထိုသို့သာမဟုတ်လျှင် ယခုတစ်ကြိမ်တွင်လည်း လောင်တောင်တန်းဆီသို့ ရောက်လာမည် မဟုတ်ပေ။
ဒန်နီရယ်က ပြုံးရွှင်စွာဖြင့် ယန်အာဟူကို ဖက်လိုက်သည်။
“ဒါဆိုရင် ဒီတစ်ခေါက် ကျွန်တော်တို့ တွေ့ဆုံရတာက တကယ့်ကိုရေစက်ပဲပေါ့”
ယန်အာဟူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ့ဖုန်းကို အလျင်အမြန်ဖွင့်ကာ ဒန်နီရယ်၏ အကောင့်ကို ဝင်ရောက်ကြည့်ရှုလိုက်သည်။ တစ်ဖက်လူသည် ညဉ့်နက်ပိုင်းတွင် ဗီဒီယိုတစ်ခုကို အမှန်တကယ်ပင် တင်ထားခဲ့လေ၏။
ယန်အာဟူက သဘောပေါက်သွားလေသည်။
“ငါတို့ အကောင့်က ဖောလိုးဝါတွေ အရမ်းမြန်မြန်တက်လာတာ မဆန်းတော့ဘူး၊ ဒန်နီရယ်ရဲ့ ပရိသတ်တွေအားလုံးက ဒီကိုပြေးလာကြတာကိုး”
လင်းယန်သည် အခြေအနေကို သဘောပေါက်ကာ မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။
လင်းယန်က မှာကြားလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ရက်က ငါတို့ ထုပ်ထားတဲ့ အမဲသားပေါက်စီတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး ပေါင်းလိုက်၊ ဒီနေ့မနက်စာအတွက် အဲဒါပဲ စားကြတာပေါ့”
သူက ဆက်ပြောလာသည်။
“ငါ အခု ဝက်စာ သွားစပ်ရဦးမယ်၊ လျိုပိုင်လေး ကိုယ်ဝန်ဆောင်ပြီးကတည်းက သူ့ရဲ့ အာဟာရကို ဂရုတစိုက် ဖြည့်တင်းပေးရတယ်၊ ဒါကြောင့် ဝက်စာကို နေ့တိုင်း လတ်လတ်ဆတ်ဆတ် စပ်ပေးနေရတာ၊”
ယန်အာဟူက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ညည်းတွားလိုက်သည်။
“ဝက်တွေတောင် ငါ့ထက် ပိုကောင်းကောင်း စားနေရတာပါလား”
လင်းယန် ဝက်စာပြုတ်ပြီးနောက် ဝက်များကို သွားရောက်ကျွေးမွေးရန် ပြင်ဆင်နေချိန်တွင် ခြံထဲ၌ အလုပ်မရှိဘဲ အားနေကြသော ဒန်နီရယ်နှင့် အခြားသုံးဦးတို့က အနားသို့ ထပ်မံရောက်ရှိလာကြ၏။
“ဘော့စ်လင်း၊ ခင်ဗျားဆီမှာ ဝက်တွေလည်း မွေးထားတာလား”
“ကျွန်တော်တို့ အနောက်ကနေ လိုက်ကြည့်လို့ရမလား၊ယ”
လင်းယန်က သူတို့ကို ထူးဆန်းသလို ကြည့်လိုက်သည်။
“ခင်ဗျားတို့ ကြည့်ချင်ရင်လည်း လိုက်ခဲ့ကြလေ၊ ဝက်ဆိုတာက သိပ်ပြီးရှားပါးတဲ့ အရာမှမဟုတ်တာ”
ဤလူများက အဘယ်ကြောင့်များ အရာရာတိုင်းကို လိုက်ပြီး စပ်စုချင်နေကြသနည်း။
ဒန်နီရယ်နှင့် အခြားသူများသည် ခြံနောက်ဖေးရှိ တောဝက်ဘုရင်ကြီးကို မြင်လိုက်ရသောအခါ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်ကြသည်။
“အဲဒါ တောဝက်ကြီးမဟုတ်လား”
အန်နီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“အို ဘုရားရေ၊ ဒါက အရမ်းမိုက်လွန်းတယ်”
အက်ဘီက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဘော့စ်လင်း၊ ခင်ဗျားက ဘာလို့ တောဝက်ကိုပါ မွေးထားရတာလဲ၊ ဒီတောဝက်ကို ခင်ဗျားကိုယ်တိုင် တောင်ပေါ်ကနေ ဖမ်းလာခဲ့တာလား”
သူက ဆက်မေးလာပြနခသည်။
“သူ့ရဲ့ အရွယ်အစားကို ကြည့်ရတာ တောဝက်ဘုရင်နဲ့တူတယ်”
သူတို့ ပုံမှန် စူးစမ်းလေ့လာရေး ထွက်လေ့ရှိသော အချိန်များတွင် အများဆုံးကြုံတွေ့ရလေ့ရှိသည့် တိရစ္ဆာန်မှာ တောဝက်ပင်။
ထို့ကြောင့် အလွန်အမင်း ကြွက်သားများ ဖွံ့ဖြိုးနေသော ဤတောဝက်ကြီးမှာ တောဝက်ဘုရင်ဖြစ်သင့်ကြောင်းကို သူတို့ တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်စွမ်းရှိကြသည်။
လင်းယန်က ခေါင်းခါယမ်းပြလိုက်၏။
“သူ့ဘာသာသူ ဒီမှာလာနေတာလို့ ပြောရင် ခင်ဗျားတို့ ယုံကြမလား”
ရိုးရိုးသားသား ပြောရလျှင် ဤတောဝက်ဘုရင်ကြီးက အကျိုးပြုထားသောလုပ်ရပ်များ မရှိခဲ့ပါက သူ တကယ်ကို မွေးထားချင်မည်မဟုတ်ပေ။
ဤကောင်ကြီးက သေမလောက်ကို အစားသန်လွန်းသည်မဟုတ်ပါလား။
ဒန်နီရယ်နှင့် အခြားသူများအားလုံးက လင်းယန် နောက်ပြောင်နေသည်ဟုသာ ထင်မှတ်လိုက်ကြသည်။
“ဘော့စ်လင်း၊ ခင်ဗျားက တော်တော်လေး ဟာသဉာဏ်ရွှင်တာပဲ”
လင်းယန် “......”
‘ထားလိုက်ပါတော့လေ၊ ဘာကိစ္စနဲ့ ရှင်းပြနေဖို့ လိုမှာလဲ'
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဒန်နီရယ်က ရုတ်တရက် မေးလိုက်သည်။
“အကယ်လို့ ကျွန်တော်က ဒီတောဝက်ဘုရင်ကြီးနဲ့ တစ်ယောက်ချင်း ချမယ်ဆိုရင် နိုင်မယ်လို့ ခင်ဗျားတို့ထင်လား”
အက်ဘီက သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး မှတ်ချက်ပေးလိုက်လေသည်။
“ဒီတောဝက်ဘုရင်ကြီးက မင်းကို လွင့်စဉ်သွားအောင် တိုက်ထုတ်ပစ်နိုင်လောက်တယ်လို့ ငါထင်တယ်”
သူက ဆက်ပြောလာ၏။
“ငါတို့ ပြီးခဲ့တဲ့ စူးစမ်းလေ့လာရေးတုန်းက ကြုံခဲ့ရတဲ့ တောဝက်ကို မင်းမေ့သွားပြီလား၊ အဲဒီအကောင်ရဲ့ ခန္ဓာကိုယ်အချိုးအစားက ဒီတောဝက်ကြီးလောက်တောင် မကြီးသေးဘူး၊
အဲဒါတောင် ငါတို့ကို အသားတုံးတွေဖြစ်သွားအောင် နင်းချေမတတ်ပဲလေ”
“ဒါကြောင့်မို့လို့ ငါတို့အိမ်မှာ နှစ်ဝက်ကျော်လောက်တောင် အနားယူပြီး ဆေးကုခဲ့ရတာလေ”
သူ၏ အရှက်ရဖွယ် သမိုင်းကြောင်းကို ပြောလာသောအခါ ဒန်နီရယ်၏နဖူးတွင် အမည်းရောင်မျဉ်းကြောင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။
“ကောင်းပြီ၊ ဒါကိုဆက်မပြောကြတော့နဲ့”