← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈)

လင်းယန်က ဟွမ်မောင်၏ ဂုတ်ပိုးကို ဆွဲကိုင်ကာ ဆူပူလိုက်သည်။

“ရေချိုးရမယ်ဆိုရင် မင်းက အဆိုးဆုံးပဲ၊ မင်းတစ်ကိုယ်လုံး ဘယ်လောက်တောင် ညစ်ပတ်နေလဲဆိုတာ ကြည့်စမ်းပါဦး၊

နောက်တစ်ခါ ဒီလောက် ညစ်ပတ်လာဦးမယ်ဆိုရင် မင်းအသိုက်ထဲမှာ လာအိပ်ခွင့် မပေးတော့ဘူး၊ အခုတောင် မင်းအသိုက်ကို ငါ မရှင်းပေးချင်တော့ဘူး”

လင်းယန်၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသော ဟွမ်မောင်သည် သူ၏ လည်ပင်းကို ပုဝင်သွားစေကာ ရေဇလုံထဲတွင် လိမ္မာရေးခြားရှိစွာ လှဲလျောင်းနေပြီး မျက်ရည်ဝိုင်းဝိုင်းလည်နေသော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်လိုက်၏။

“ဝေါင်း”

(အပြင်ဘက်မှာက ပျော်စရာကောင်းတာကိုး၊ ကျွန်တော် အပြင်ထွက်ရတာကို သဘောကျတယ်)

လင်းယန်၏ နဖူးပေါ်တွင် အမည်းရောင်မျဉ်းကြောင်းများ ထင်ဟပ်သွားသည်။

“ဒါနဲ့ စကားမစပ်၊ ဒီနေ့ ငါ ရွာသူကြီးကို ဖြတ်တွေ့တော့ သူက ထပ်ပြီး သတိပေးသေးတယ်၊ မင်းက ရွာထဲမှာ တစ်နေကုန် သူများကြက်တွေကို လိုက်ဖမ်းနေလို့ တစ်ရွာလုံး ကြက်တွေပျံ၊ ခွေးတွေဟောင်နဲ့ ဆူညံပွက်လောရိုက်နေတာပဲတဲ့၊

လာတိုင်တဲ့အိမ်က တစ်အိမ်တည်း မဟုတ်တော့ဘူးနော်၊ မင်း ဆက်ပြီး ဒီလိုလုပ်နေမယ်ဆိုရင် မင်းကို အကျယ်ချုပ်ချပြီး အပြင်ထွက်ကစားခွင့် ပိတ်ပစ်မယ်”

ဟွမ်မောင် အနှစ်သက်ဆုံးအလုပ်မှာ ရွာထဲရှိ ကြက်များကို လိုက်လံခြောက်လှန့်ဖမ်းဆီးခြင်းပင်။

ထို့ကြောင့်ပင် ယခုအခါ ရွာထဲရှိ ကြက်များသည် သူ့ကို မြင်သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေပြီ။

ယင်းကိစ္စက ရွာသူရွာသားတိုင်း၏ မကျေမနပ် ညည်းညူမှုများကို ဖြစ်ပေါ်စေခဲ့သည်။

မည်သို့ပင်ဆိုစေ နေဝင်သွားသည့်တိုင် မိမိတို့မွေးမြူထားသော ကြက်များကို အရိပ်အယောင်မျှပင် မမြင်ရခြင်းကို မည်သူကမျှ လိုလားမည်မဟုတ်ပေ။

ဟွမ်မောင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“ဝေါင်း... ဝေါင်း”

(ကျွန်တော်က သူတို့ကို နောက်ပြောင်ချင်ရုံ သက်သက်ပါ၊ သူတို့က အနောက်မခံနိုင်ဘူးဆိုတာ ဘယ်သူက သိမှာလဲ၊ အဲဒါ သူတို့ ကြောက်တတ်လို့ မဟုတ်ဘူးလား၊

ကျွန်တော့်ကို ဘယ်လိုလုပ် အပြစ်လာတင်လို့ရမှာလဲ)

လင်းယန်က ဟွမ်မောင်၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။

“ဒါဆို မင်းလုပ်တာ မှန်တယ်လို့ ထင်နေတာပေါ့လေ”

လိုက်ဖ်လွှင့်မှုကို ကြည့်ရှုနေကြသော အွန်လိုင်းအသုံးပြုသူများမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ပွဲကျသွားကြလေတော့၏။

“အရှေ့မြောက်ကျားပေါက်လေးတစ်ကောင် ဆူပူကြိမ်းမောင်းခံနေရတဲ့ တန်ဖိုးကြီးဗီဒီယိုလေးပါလား”

“အို ဘုရားရေ၊ ဒီကျားပေါက်လေးက အရမ်းကို လိမ္မာတာပဲ၊ အဆူခံနေရတာတောင် အသံတစ်ချက်မထွက်ဘူး၊ ငါ သူ့ကို တကယ်ပွတ်သပ်ချင်လာပြီ”

“အဲဒါ သူ့ကို ဆူနေတဲ့သူက ဘော့စ်လင်း ဖြစ်နေလို့ပေါ့၊ တခြားလူသာဆိုရင် သူ့ကို ကိုက်မကိုက် စမ်းကြည့်ပါလား”

“တရုတ်နိုင်ငံက လူတွေက ကျားတွေကို ဒီလိုမျိုး ယဉ်ပါးအောင် ဆုံးမကြတာလား၊ တကယ်ကို လေးစားစရာပဲ”

“တရုတ်ယဉ်ကျေးမှုက ကျယ်ပြန့်နက်နဲလွန်းတယ်၊ ဒီမှာ ကျားတစ်ကောင် အဆူခံနေရတာကိုတောင် မြင်တွေ့နိုင်သေးတယ်”

“အဲဒီ မတရားအစွပ်စွဲခံထားရတဲ့ အမူအရာလေးကဘာလဲ၊ ဘာလို့ ဒီကျားက ကြောင်ပေါက်လေးနဲ့ ဒီလောက်တောင်တူနေရတာလဲ”

“ဟုတ်တယ်၊ ငါ ဒီစထွင်းမာရဲ့ အရင်ဗီဒီယိုတွေကို ကြည့်ဖူးတယ်၊ ဒီကျားနှစ်ကောင်က သူ့ရှေ့မှာဆိုရင် ကြောင်ပေါက်လေးတွေနဲ့ အရမ်းတူတယ်၊

ဒါပေမဲ့ တခြားလူတွေရှေ့မှာဆိုရင်တော့ ပြောရခက်တယ်”

“စထွင်းမာက တိရစ္ဆာန်တွေနဲ့ တကယ် ဆက်သွယ်ပြောဆိုနိုင်တာလား၊ သူတို့ ဘာတွေ ပြောနေကြတာလဲ၊ တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်မလား”

“ငါတို့ ကျားပေါက်လေးတွေ ပြောနေတာကို နားမလည်နိုင်ပေမဲ့ သူတို့ရဲ့ မျက်နှာအမူအရာတွေအရတော့ ကန့်ကွက်ဆန္ဒပြနေတယ်ဆိုတာကို ခန့်မှန်းလို့ရတယ်”

“ဟားဟားဟားဟား၊ ဒီချစ်စရာကောင်းတဲ့ အမူအရာလေးကို မြင်တော့ ငါ သူ့ကို ပြေးဖက်ပြီး အနမ်းတွေအများကြီး ပေးချင်စိတ်ပေါက်လာပြီ”

သို့သော် အွန်လိုင်းအသုံးပြုသူများ လုပ်ချင်သော်လည်း မလုပ်နိုင်သောအရာကို တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို လက်တွေ့လုပ်ပြလိုက်လေသည်။

အက်ဒီလင်းသည် ရေဇလုံထဲမှ ကျားပေါက်လေးကို ပွေ့ချီလိုက်ပြီး အားရပါးရ နှစ်ခါသုံးခါခန့် ပွတ်သပ်လိုက်သည်။

“ကလေးလေး၊ နင်က ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ”

“လာပါဦး၊ အစ်မကိုဖက်ပါဦး”

ဟွမ်မောင်က မလိုလားစွာဖြင့်ရုန်းကန်လိုက်၏။

“ဝေါင်း၊”

(ဒီထူးဆန်းတဲ့အမျိုးသမီးကြီး၊ ငါ့ကို မြန်မြန် လွှတ်ပေးစမ်းပါ)

ဟွမ်မောင် ပို၍ ရုန်းကန်လေလေ၊ အက်ဒီလင်းမှာ ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး သူ့ကို တင်းကျပ်စွာဖက်ထားကာ လွှတ်ပေးရန် လုံးဝ ငြင်းဆန်နေလေသည်။

သူ့ကိုယ်ပေါ်တွင် ရွှံ့များပေကျံကာ ညစ်ပတ်နေသည်ကိုပင် သူမ ဂရုမစိုက်နိုင်တော့ပေ။

အက်ဒီလင်းက ချွဲနွဲ့စွာ ပြောလိုက်သည်။

“ငါ့ရဲ့ အသည်းလေး၊ ငါနဲ့အတူ အိမ်လိုက်ခဲ့ပါလား”

“ဘော့စ်လင်း၊ ဒီကောင်လေးကို ကျွန်မကို ပေးလို့ရမလား၊ သူ့ကို တကယ် သဘောကျလို့ပါ၊ ရှင် ကြိုက်တဲ့ဈေး ပြောလို့ရပါတယ်”

လင်းယန်က သူမကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။

‘ဒီမိန်းကလေးက ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောနေတာလဲ၊

ဒါက နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်လေ၊

နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတာက ဥပဒေကို ချိုးဖောက်တာပဲ၊

ထားလိုက်ပါတော့လေ၊ ဒီမိန်းကလေးက နိုင်ငံခြားသူဆိုတော့ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို နားမလည်တာ ပုံမှန်ပါပဲ၊

ဒါပေမဲ့ နိုင်ငံခြားမှာလည်း နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေကို သီးသန့်ရောင်းချတာ လုံးဝတားမြစ်ထားတယ်လို့ ငါထင်တယ်’

“ဟားဟားဟားဟား၊ အက်ဒီလင်းက ဥပဒေကို ဒီလောက်တောင် နားမလည်ဘူးလို့ မထင်ထားခဲ့ဘူး၊ ရယ်ရလွန်းလို့ သေတော့မယ်”

“အို ဘုရားရေ၊ နင် ဘာတွေပြောနေလဲဆိုတာ နင်ကိုယ်တိုင်ရောသိရဲ့လား”

“ငွေကြေးချမ်းသာတဲ့သူတွေ ကျားဖြူတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတာ အများကြီးတွေ့ဖူးတယ်၊ သူတို့က ဓနဥစ္စာတွေကို ယူဆောင်လာပေးတယ်လို့ ဆိုကြတယ်၊

အဲဒီ ခွင့်ပြုချက်တွေကို သူတို့ ဘယ်လိုရခဲ့ကြလဲဆိုတာတော့ မသိဘူး”

“အွန်လိုင်းပေါ်မှာ မြင်ရတာတွေက အမြဲတမ်း အမှန်တရားမဟုတ်ဘူးဆိုတာ နားလည်လား၊ သူတို့က သူများဆီက ငှားလာတဲ့ ကျားဖြူတစ်ကောင်နဲ့ ဗီဒီယိုရိုက်ပြတာမျိုးရော မဖြစ်နိုင်ဘူးလား”

“အပေါ်ကလူကို ငါ ပြောနိုင်တာက မင်းက သူဌေးတွေရဲ့ကမ္ဘာကို နားမလည်သေးဘူးဆိုတာပါပဲ၊ မင်းမှာ ပိုက်ဆံသာရှိရင် ကျားဖြူတင်မကဘူး ဖီးနစ်ငှက်ကိုတောင် ရှာပေးနိုင်တယ်”

“ငါကတော့ ‘ဟီးဟီး’ လို့ပဲ ပြောလိုက်တော့မယ်၊”

“အက်ဒီလင်းက ဒီကျားပေါက်လေးကို တကယ်သဘောကျနေတယ်ဆိုတာ သိသာပါတယ်၊ ဒီတရုတ်လူမျိုးကရော စွန့်လွှတ်ရက်ပါ့မလားဆိုတာပဲသိချင်တာ”

“မဆိုးဘူးပဲ၊ အပေါ်ကလူက ‘စွန့်လွှတ်ရက်တယ်’ ဆိုတဲ့ စကားလုံးကိုတောင် သုံးတတ်နေပြီ”

လင်းယန်က ဝင်ရောက်သတိပေးလိုက်သည်။

“သူ့ကို မြန်မြန် အောက်ချပေးလိုက်ပါ၊ သူ ရေချိုးဖို့ လိုသေးတယ်”

အက်ဒီလင်းက ကျားပေါက်လေးကို ရေဇလုံထဲသို့ မလိုလားစွာဖြင့် ပြန်ချပေးလိုက်သည်။

သူမက မလျှော့သောဇွဲဖြင့် မေးလိုက်၏။

“ရှင် သူ့ကို ကျွန်မဆီ တကယ်မရောင်းနိုင်ဘူးလား၊ သူ့ကို သေသေချာချာ ဂရုစိုက်ပေးပါ့မယ်”

လင်းယန်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ အဲဒီလုပ်ပိုင်ခွင့်မရှိဘူးလို့ထင်တယ်”

“ပြီးတော့ လောလောဆယ် ကျွန်တော် အခန်းနဲ့ ထမင်းစရိတ် အခမဲ့ပေးတဲ့နေရာမျိုးကို မလိုအပ်သေးဘူး”

နိုင်ငံခြားသားများအားလုံး နားမလည်နိုင်စွာဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

သို့သော် တရုတ်လူမျိုးအများစုကတော့ ထိုစကား၏အဓိပ္ပာယ်ကို ကောင်းကောင်းသဘောပေါက်ကြလေသည်။

“ဟားဟားဟားဟား၊ ဒီအစ်မက စထွင်းမာကို အခမဲ့ အခန်းနဲ့ ထမင်းကျွေးတဲ့နေရာ (ထောင်) ဆီ ပို့ချင်နေတာလား”

“ဟုတ်တယ်လေ၊ စထွင်းမာက ခေါင်းညိတ်လိုက်တာနဲ့ တစ်သက်လုံး ထမင်းနဲ့ နေစရာအတွက် ပူစရာမလိုတော့ဘူး”

“တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပရဟိတသမားပါလား၊ ဒီလောက် သဘောကောင်းတဲ့သူကို အခုမှပဲမြင်ဖူးတော့တယ်”

“ဒီတစ်ခုကိုတော့ ဘယ်လိုမှ ငြင်းလို့မရဘူး၊ ဒါက တကယ့်ကို ‌ေကာင်းကင်တံခါးဖွင့်ပေးနေတာပဲ”

အက်ဒီလင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“အခန်းနဲ့ ထမင်းစရိတ် အခမဲ့ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ဘော့စ်လင်း၊ ရှင် ပိုက်ဆံ အရမ်းလိုနေလို့လား”

လင်းယန်သည် ဟွမ်မောင်၏ ကိုယ်ပေါ်သို့ ရေချိုးဆပ်ပြာရည်ကို အဝိုင်းလိုက် ညှစ်ချပေးရင်း ရှင်းပြလိုက်သည်။

“ဒါက စားစရာ၊ ဝတ်စရာ လုံလုံလောက်လောက် ရှိတယ်လို့ ဆိုလိုတာပါ၊ အခုလောလောဆယ်တော့ ကျွန်တော့်မှာ အဲဒါတွေ မလိုအပ်သေးဘူး၊

ဒါပေမဲ့ ခင်ဗျားကိုသာ သဘောတူလိုက်မယ်ဆိုရင် ဒါက ပိုက်ဆံလိုတာ၊ မလိုတာနဲ့ မဆိုင်တော့ဘူးလေ”

ဟွမ်မောင်သည် ရေချိုးချိန်တိုင်း အမြဲတမ်း ပူးပေါင်းဆောင်ရွက်လေ့မရှိဘဲ ရေဇလုံထဲတွင် ရေများကို အဆက်မပြတ် ပက်ဖြန်းနေလေ့ရှိသည်။

ရေများ နေရာအနှံ့ ပက်ဖြန်းလွင့်စင်သွားတော့သည်။

လင်းယန်မှာ ဆက်လက်သည်းမခံနိုင်တော့ဘဲ သူ့ကို တစ်ချက်လှမ်းရိုက်လိုက်၏။

“မင်း လိမိလိမ်မာမာ မနေဘူးဆိုရင် အပြင်ထုတ်ပြီး အိပ်ခိုင်းလိုက်မယ်”

ဟွမ်မောင်သည် ‘ဝေါင်း’ ဟု နှစ်ချက်ခန့် ညည်းတွားလိုက်ပြီးနောက် ငြိမ်ကျသွားတော့သည်။

ယန်အာဟူက ရေခဲချောင်းစားရင်း အထဲသို့ ဝင်လာခဲ့သည်။

“အို... ဟွမ်မောင်ရေချိုးနေတာကို အွန်လိုင်းကနေ ကြည့်နေတဲ့သူတွေ ဒီလောက်တောင် များနေတာလား၊ ဒါက အရမ်းရှက်စရာမကောင်းဘူးလား”

“ကျားပေါက်လေးတွေကော ကိုယ်ပိုင်လွတ်လပ်ခွင့် မလိုအပ်ဘူးလား”

လင်းယန်က သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။

“ပါးစပ်ပိတ်ထားစမ်းပါ၊ ထမင်းဟင်းတွေ မြန်မြန်ထုတ်လာခဲ့၊ တို့တွေ စားတော့မယ်၊ မင်းပြန်လာမှစားဖို့ ငါတို့ စောင့်နေကြတာ”

“အိုးထဲမှာ နွှေးထားတယ်”

လင်းယန်သည် ဟွမ်မောင်ကို ရေချိုးပေးပြီးနောက် ပိုင်မောင်ကိုပါ အလျင်အမြန် ရေချိုးပေးလိုက်သည်။ ကံကောင်းစွာဖြင့် ပိုင်မောင်မှာ ဟွမ်မောင်ကဲ့သို့ အလွန်အမင်း ညစ်ပတ်မနေပေ။

အားမကိုးရသော ညီဖြစ်သူနှင့် ယှဉ်လိုက်လျှင် အစ်ကိုဖြစ်သူက အမြဲတမ်း ပို၍ သန့်ရှင်းသပ်ရပ်လေသည်။

ရေချိုးပြီးနောက် ဟွမ်မောင်သည် ခြံဝင်းအတွင်း လွတ်လပ်ပေါ့ပါးစွာ ခုန်ပေါက်ပြေးလွှားနေတော့သည်။

အကယ်၍ သစ်ပင်သာ မတက်တတ်ခဲ့လျှင် သူသည် သစ်ပင်ထိပ်ဖျားအထိ တက်ကာ ဟိန်းဟောက်နေလောက်မည်ဟု လင်းယန်ခန့်မှန်းမိသည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား သူက အငြိမ်မနေနိုင်ဘဲ ဆော့ကစားနေဆဲပင်။

အထူးသဖြင့် ဟွမ်မောင်သည် မည်သို့မည်ပုံ မျောက်အိုကြီးနှင့် ရင်းနှီးသွားခဲ့သည်ကို လင်းယန် သတိထားမိလိုက်သည်။

မျောက်အိုကြီးသည် ရက်အနည်းငယ်ခြားတစ်ခါ ခြံဝင်းအတွင်း၌ ပေါ်လာတတ်သဖြင့် လင်းယန်က သူ့ကိုလည်း အလွယ်တကူမှတ်မိစေရန် ‘မောင်းမောင်း’ ဟု အမည်ပေးလိုက်လေသည်။

ထိုသို့ဆိုလျှင် ပို၍ မှတ်မိလွယ်သည်မဟုတ်ပါလား။

ဟွမ်မောင်နှင့် မောင်းမောင်း။

ထိုနှစ်ကောင် အနှစ်သက်ဆုံးအလုပ်မှာ ရွာထဲတွင် ပြဿနာလိုက်ရှာခြင်းပင်။

ယင်းကိစ္စကြောင့် လင်းယန်မှာ ခေါင်းခဲရပေါင်းများလှချေပြီ။

“ဂတ်... ဂတ်... ဂါး”

ဘဲငန်းဖြူကြီးသည် လင်းယန်၏ထံသို့ ဘယ်ယိမ်းညာယိမ်းဖြင့် လျှောက်လာခဲ့သည်။

ဒန်နီရယ်က ယင်းကိုမြင်သောအခါ မှတ်ချက်ချလိုက်သည်။

“ဘော့စ်လင်း၊ ခင်ဗျားရဲ့ ဘဲငန်းဖြူကြီးက တော်တော်လေး ပြေးနိုင်တာပဲ၊ သူက အထူးမျိုးစိတ်လား”

ယန်အာဟူက ဟင်းပွဲများကို စားပွဲပေါ်သို့ ချလိုက်ရင်း ဝင်ပြောသည်။

“သူက သံအိုးကြီးနဲ့ပေါင်းတဲ့ ဘဲငန်းမျိုးစိတ်လေ”

အက်ဒီလင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“သံအိုးကြီးနဲ့ပေါင်းတဲ့ ဘဲငန်းမျိုးစိတ်က ဘယ်လိုမျိုးစိတ်မျိုးလဲ၊ ဒီလို မျိုးစိတ်ဝင် ဘဲငန်းဖြူကြီး တကယ်ရှိတာလား၊ ဘာလို့ ငါ တစ်ခါမှ မကြားဖူးရတာလဲ၊

ထင်တဲ့အတိုင်းပဲ တရုတ်နိုင်ငံက ကျယ်ပြန့်ပြီး ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတာပဲ၊ တရုတ်နိုင်ငံက ဒီလောက် စိတ်ဝင်စားဖို့ကောင်းမှန်းသာ သိခဲ့ရင် ငါတို့တွေ အစကတည်းက တရုတ်နိုင်ငံကို လာလည်ပါတယ်”

အက်ဒီလင်းနှင့် သူမ၏ မောင်ဖြစ်သူတို့က ပြင်းပြင်းထန်ထန် သဘောတူထောက်ခံလိုက်ကြသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကာလအတွင်း သူတို့ ဘာတွေများ လက်လွတ်ဆုံးရှုံးခဲ့ရသနည်းဆိုသည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

ကွန်းမန့်ကဏ္ဍတွင်မူ ရယ်ရလွန်းသဖြင့် ဗိုက်နာနေကြလေပြီ။

“ဒီလူတွေက တကယ့်ကို ရိုးအလွန်းတာပဲ”

“ရုတ်တရက် သူတို့ကို နည်းနည်း သနားသွားတယ်၊ သူတို့က သံအိုးကြီးနဲ့ပေါင်းတဲ့ဘဲငန်းကို တစ်ခါမှ မစားဖူးကြဘူးလေ”

“မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ၊ သံအိုးကြီးနဲ့ပေါင်းတဲ့ဘဲငန်းက ကမ္ဘာကျော်ဟင်းပွဲတစ်ပွဲ ဖြစ်သင့်တယ်လို့ ငါထင်တယ်”

“ဟုတ်တယ်၊ သံအိုးကြီးနဲ့ပေါင်းတဲ့ဘဲငန်းဆိုတဲ့ နာမည်က ကမ္ဘာကျော်ဟင်းပွဲတွေရဲ့ မီနူးစာရင်းမှာ မပါမဖြစ် ပါရမယ်လို့ ငါပြောရဲတယ်”

“အထူးသဖြင့် မြောက်ပိုင်းက ဒီလိုဘဲငန်းဖြူကြီးတွေဆိုရင် ပေါင်းလိုက်တဲ့အခါ အရမ်းကို မွှေးပျံ့နေတာပဲ၊”

“စထွင်းမာ၊ သူတို့ကို ခင်ဗျားရဲ့ လက်ရာကို ပြသလိုက်ပါ၊ တကယ့် သံအိုးကြီးနဲ့ပေါင်းတဲ့ဘဲငန်းက ဘာလဲဆိုတာ သူတို့ကို ပြောပြလိုက်စမ်းပါ”

ထိုအချိန်တွင် ဘဲငန်းဖြူကြီးသည် ကွန်းမန့်များထဲ၌ သူ့ကို မည်သို့ပေါင်းစားရမည်ကို ဆွေးနွေးနေကြကြောင်း လုံးဝသိမနေခဲ့ပေ။

သူက အလျင်စလို အော်ပြောလိုက်သည်။

“ဂတ်... ဂတ်... ဂတ်... ဂတ်၊”

(ကျွန်တော့် ညီနဲ့ အိမ်နီးချင်းအသစ်တို့ ရန်ဖြစ်နေကြတယ်၊ အဲဒါကို မြန်မြန်သွားဖြေရှင်းပေးပါဦး)

ယင်းကို ကြားလိုက်ရသောအခါ လင်းယန်၏ခေါင်းကိုက်ရောဂါ ပို၍ ဆိုးရွားလာသလို ခံစားလိုက်ရသည်။

‘အတူတူနေတာ မကြာသေးဘူး၊ ဘယ်လိုလုပ်ပြီး ရန်ဖြစ်ကုန်ကြတာလဲ၊

ရွှေလင်းယုန်ကြီးက သူများရဲ့ ဥကို သွားခွဲပစ်လိုက်လို့များလား'

သို့သော် ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်ဟုလည်း သူ တွေးမိသည်။

လင်းယန်က လှမ်းပြောလိုက်၏။

“ခင်ဗျားတို့ အရင်စားနှင့်ကြ၊ ကျွန်တော် နောက်ဖေးကိုသွားပြီး ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်”

ယန်အာဟူက သိချင်စိတ်ဖြင့် မေးလိုက်သည်

“ဒီဘဲငန်းဖြူကြီးက သူဌေးဆီက ဘာလိုချင်လို့လဲ”

“အနောက်ဘက်က ရွှေလင်းယုန်ကြီးနဲ့ ဂျာဖယ်ကွန်သိမ်းငှက်ဇနီးမောင်နှံတို့ ရန်ဖြစ်နေကြလို့တဲ့”

ယန်အာဟူက လက်ခုပ်တီးလိုက်သည်။

“ဒီလိုကိစ္စမျိုးလည်း ရှိတာလား၊ ကျွန်တော်သွားပြီး ပွဲကြည့်... အဲလေ၊ သူတို့ကို သွားပြီးဖျန်ဖြေပေးလိုက်ဦးမယ်”

လင်းယန်မှာ ပြောစရာစကားပင် မရှိတော့ဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေလိုက်တော့သည်။

All Chapters