← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀)

ဒန်နီရယ်နှင့် အခြားသူများသည် လင်းယန်၏ ယာတောအိမ်လေးတွင် အလွန်ပင် အေးချမ်းပေါ့ပါးစွာဖြင့် နေထိုင်လျက်ရှိပြီး အွန်လိုင်းပေါ်သို့ နေ့စဉ် ဗီဒီယို သုံးလေးခုခန့် တင်လေ့ရှိကြသည်။ သူတို့၏ ပရိသတ်များကပင် သူတို့ အရင်ကထက် ဗီဒီယို ပို၍ တင်လာသည်ဟု ခံစားမိကြသည်။

“တရုတ်နိုင်ငံက လူတွေရဲ့ လူနေမှုအဆင့်အတန်းက ဒီလောက်တောင် မြင့်မားနေလိမ့်မယ်လို့ ငါ မယုံနိုင်အောင် ဖြစ်ရတယ်၊ အရင်က တရုတ်နိုင်ငံဟာ ခေတ်နောက်ကျတဲ့ ဘဝမျိုးနဲ့ နေထိုင်နေကြတာပါလို့ ပြောခဲ့တာ ဘယ်သူလဲ”

“ငါ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်က တရုတ်နိုင်ငံကို သွားခဲ့ဖူးတယ်၊ အဲဒီတုန်းက မြေအောက်ရထားတွေတောင် သိပ်မရှိသေးဘူး၊ သူတို့က တို့နိုင်ငံထက် အများကြီး နောက်ကျနေတယ်လို့ ထင်ခဲ့တာ၊

ဒါပေမဲ့ အခုတော့ သူတို့ရဲ့ နည်းပညာတွေက တော်တော်လေးကို တိုးတက်နေပြီပဲ၊ ပြီးတော့ ဒီလို စွမ်းရည်ထက်မြက်တဲ့ ထူးခြားတဲ့ လူတွေတောင် ရှိနေတာလား”

“ကြမ်းကြုတ်တဲ့ သားရဲတိရစ္ဆာန်တွေကို ယဉ်ပါးအောင် ဆုံးမနိုင်တဲ့ စစ်သည်တော်တွေလား၊ အဲဒါမျိုးက ပုံပြင်တွေထဲမှာပဲ ရှိတာမဟုတ်ဘူးလား”

“ဒန်နီရယ်၊ ခင်ဗျား ဗီဒီယိုတွေ ထပ်ရိုက်ပေးလို့ရမလား၊ ဒါလေးနဲ့တင် ကြည့်ရတာ အားမရသေးဘူး”

“ဒန်နီရယ်တို့အဖွဲ့ ဒီမှာ နှစ်ရက် သုံးရက်လောက် နေပြီးတာနဲ့ လူတွေ နည်းနည်းပိုဝလာကြတယ်ဆိုတာကို သတိမထားမိကြဘူးလား”

အန်နီက သူမ၏ ဖုန်းကိုကိုင်ကာ ဗီဒီယိုရိုက်ကူးနေရင်း အက်ဒီလင်းနှင့် သူမ၏မောင်ဖြစ်သူကို အမြန်လာရန် လှမ်းခေါ်လိုက်၏။

“ဒီက နေထိုင်ရတဲ့ ဘဝလေးက တကယ်ကို သက်တောင့်သက်သာရှိလွန်းတယ်၊ အရင်တုန်းက နိုင်ငံခြားဝက်ဘ်ဆိုက်တွေပေါ်မှာ တရုတ်လူမျိုးတွေက သူတို့နိုင်ငံကနေ မပြောင်းရွှေ့ချင်ကြဘူးလို့ ပြောကြတာ မဆန်းပါဘူးလေ၊

သူတို့ရဲ့ လူနေမှုအဆင့်အတန်းက ဒီလောက်တောင် မြင့်မားနေတာကိုး”

“အဓိကကတော့ တရုတ်အစားအစာတွေက အရမ်းကို အရသာရှိလွန်းတာပဲ၊ အက်ဘီဆိုရင် အလုပ်မရှိရင် မရှိသလို အစားအသောက်တွေကို ခိုးခိုးစားနေလို့ ပိုင်ရှင်က နှစ်ခါသုံးခါလောက်တောင် မိသွားသေးတယ်”

ဗီဒီယိုရိုက်ပြီးနောက် အန်နီက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“ဒီနှစ်ရက်အတွင်းမှာတင် ငါတို့ရဲ့ ဖောလိုးဝါတွေ အများကြီး တက်လာတယ်၊ စူးစမ်းလေ့လာရေး လုပ်ရတာထက်တောင် ပရိသတ်ရဖို့ ပိုလွယ်နေသလိုပဲ”

သို့သော်ငြားလည်း သူတို့ စူးစမ်းလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းမှာ ပရိသတ်များ ရရှိရန်အတွက်လည်းမဟုတ်သလို အွန်လိုင်းပေါ်တွင် နာမည်ကြီးလာစေရန်အတွက်လည်း မဟုတ်ပေ။

အဓိကမှာ ဤကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် လှုပ်ရှားမှုများကို သူတို့ အလွန်အမင်း ဝါသနာပါသောကြောင့်သာ ဖြစ်သည်။

အက်ဒီလင်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

“မြန်မြန်... ရှောင်ရွှေနဲ့အတူ ဓာတ်ပုံနှစ်ပုံလောက် ရိုက်ပေးပါဦး၊ ဒန်နီရယ်က နောက်ထပ် နှစ်ရက်နေရင် ငါတို့ ပြန်ကြတော့မယ်လို့ ပြောတယ်၊ ငါ တကယ်ကို ခွဲမသွားချင်သေးဘူး”

အက်ဘီကလည်း သဘောတူထောက်ခံလိုက်၏။

“ဘော့စ်လင်း ငါတို့နဲ့အတူတူ လိုက်လာခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲ၊”

သူသည် တစ်ဖက်လူ၏ ဟင်းချက်လက်ရာများကို အလွန်ပင် သဘောကျနှစ်ခြိုက်နေခဲ့ပြီ ဖြစ်သည်။

လုပ်ကျွေးသော မုန့်ပဲသရေစာလေးများကအစ အလွန်ပင် အရသာရှိလှသည် မဟုတ်ပါလား။

လူအနည်းငယ်သည် အိမ်အမိုးစွန်းအောက်တွင် ရပ်ကာ စကားစမြည် ပြောဆိုနေကြသည်။

ဒန်နီရယ်ကမူ ယန်အာဟူနှင့်အတူ လယ်ကွင်းထဲသို့ ပိန်းဥသွားတူးနေလေသည်။ အစပိုင်းက သူတို့ထဲမှ အချို့လည်း လိုက်သွားချင်ခဲ့ကြသော်လည်း အက်ဒီလင်းမှာ အိမ်တွင်နေ၍ တိရစ္ဆာန်လေးများကိုသာ ပွတ်သပ်ဆော့ကစားချင်နေခဲ့သည်။

ထို့ကြောင့် ယန်အာဟူက သူတို့ကို အိမ်မှာပဲနေပြီး အိမ်စောင့်ရန် အလွယ်တကူပြောခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှာပင် ရုတ်တရက် မိုးရွာချလာတော့သည်။

မိုးက မထင်မှတ်ဘဲ ရုတ်ခြည်းရွာချလာခြင်းဖြစ်ရာ အိမ်အမိုးစွန်းအောက်သို့ပင် မိုးရေများ စင်လာခဲ့သည်။

အက်ဒီလင်းနှင့် အခြားသူများက မိုးပေါက်လေးများကို လက်ဖြင့် အမှတ်မထင် လှမ်းခံလိုက်ကြ၏။

“ဒီနေရာလေးရဲ့ မိုးရွာတဲ့ မြင်ကွင်းကတောင် ဒီလောက်တောင် လှပနေတယ်လား”

ပိုင်မောင်နှင့် ဟွမ်မောင်တို့ နှစ်ကောင်မှာ ခြံပြင်မှနေ၍ အပြေးအလွှား ဝင်လာကြသည်။ ပိုင်မောင်က အိမ်ထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။ သူသည်

သူသည် သူတို့နှင့်အတူ အိမ်အမိုးစွန်းအောက်တွင် ရပ်ကာ ကိုယ်ပေါ်မှ မိုးရေများကို ခါချလိုက်သည်။

သို့သော် ဟွမ်မောင်ကမူ ကြိုးလွတ်သွားသော မြင်းရိုင်းတစ်ကောင်အလား ခြံဝင်းထဲတွင် သောင်းကျန်းခုန်ပေါက်နေတော့သည်။

လွန်ခဲ့သော နှစ်ရက်ကမှ ရေချိုးပေးထားသည်ကို လုံးဝဂရုမစိုက်ဘဲ မြေကြီးပေါ်တွင် လူးလှိမ့်နေတော့၏။ ကိုယ့်ကိုယ်ကိုယ် ကျားတစ်ကောင်ဖြစ်ကြောင်းကိုပင် လုံးဝမေ့လျော့နေပုံရသည်။

အကယ်၍သာ လင်းယန် ဤမြင်ကွင်းကို မြင်လိုက်ရပါက မည်မျှအထိ ရူးခါသွားမည်ကို မသိနိုင်တော့ပေ။

ဟွမ်မောင်က အော်ဟစ်လိုက်သည်။

“ဝေါင်း... ဝေါင်း”

(လာလေ၊ ရေအိုင်ထဲမှာ လာဆော့ရအောင်)

(အစ်ကိုကြီး၊ ဘာလို့ပုန်းနေတာလဲ)

(ဒီလောက် ပျော်စရာကောင်းတဲ့ ကစားပွဲမှာ အစ်ကိုကြီးမပါဘူးလား)

ပိုင်မောင်သည် သူ၏ညီဖြစ်သူကို အထင်သေးလှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

‘ငါတို့နှစ်ကောင်က အမေတစ်ဦးတည်းက မွေးလာတာကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ၊ တစ်ခါတလေကျရင် ဒီကောင်ကို ကိုယ့်ညီအရင်းပါလို့တောင် ဝန်မခံချင်တော့ဘူး'

အန်နီက ချက်ချင်းပင် ကင်မရာကိုကောက်ကိုင်ကာ ဤတက်ကြွပြီး ချစ်စရာကောင်းသော မြင်ကွင်းလေးကို ရိုက်ကူးလိုက်သည်။

“အို ဘုရားရေ၊ ဒါက အရမ်းကို ချစ်ဖို့ကောင်းလွန်းတယ၊”

“မနှစ်က ငါတို့ ကြုံခဲ့ရတဲ့ လမ်းပျောက်နေတဲ့ ကျားပေါက်လေးကို နင်တို့ မှတ်မိသေးလား”

အက်ဘီသည် ထိုစဉ်က စူးစမ်းလေ့လာရေးခရီးစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူက အခြေအနေကို မသိရှိခဲ့ချေ။

အက်ဒီလင်းက ခေါင်းညိတ်လိုက်သည်။

“အရမ်းကို ကြောက်တတ်တဲ့ ကျားပေါက်လေးကို ပြောတာလား၊

“အဲဒီ ကျားပေါက်လေးက ဒဏ်ရာရထားတာဖြစ်ရမယ်၊ ဒါကြောင့်မို့ လူတွေ အနားကပ်လာမှာကို အရမ်းကြောက်နေခဲ့တာလေ၊

ငါတို့ အနားကို ကပ်သွားတာနဲ့ သူက ချက်ချင်း ထွက်ပြေးဖို့ လုပ်တာပဲ၊ ကံကောင်းလို့ ဒန်နီရယ်က တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သတိထားမိသွားပြီး အဲဒ ကျားပေါက်လေးကို ကျားအုပ်ကြီးရှိတဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာကို ပြန်ပို့ပေးလိုက်နိုင်တာ”

ယခုလို အရွယ်မရောက်တရောက် ကျားပေါက်လေးတစ်ကောင် အုပ်စုနဲ့ ကွဲကွာသွားခြင်းသည် အလွန်အန္တရာယ်များလှပေသည်။ နိုင်ငံများစွာရှိ တိရစ္ဆာန်ကာကွယ်ရေးဥပဒေများသည် တရုတ်နိုင်ငံလောက် ပြည့်စုံမှုမရှိကြပေ။

ရလဒ်အနေဖြင့် တရားမဝင် အမဲလိုက်သူများမှာ အဆုံးအစမရှိ ပေါ်ပေါက်နေကြသည်။

ထိုမုဆိုးများသည် ကျားများကို အနှစ်သက်ဆုံး ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကျားများသည် တန်ဖိုးကြီးမားလှပြီး ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းကို ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်သောကြောင့်ဖြစ်သည်။

အကယ်၍ ထိုကျားပေါက်လေးသာ တရားမဝင်မုဆိုးများ၏ လက်ထဲသို့ ကျရောက်သွားပါက မည်သို့ဖြစ်သွားမည်ကို တွေးပင်မတွေးရဲတော့ပေ။

အန်နီက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ ကမ္ဘာပေါ်က တိရစ္ဆာန်လေးတွေအားလုံးကသာ ဒီမှာရှိတဲ့ တိရစ္ဆာန်လေးတွေလို ပျော်ရွှင်ချမ်းမြေ့နိုင်ကြရင် သိပ်ကောင်းမှာပဲ”

သူတို့သည် ပြင်ပစူးစမ်းလေ့လာရေး လှုပ်ရှားမှုများကို မကြာခဏ ပြုလုပ်လေ့ရှိကြပြီး တောရိုင်းတိရစ္ဆာန်အများစုမှာ လူသားများကို အန္တရာယ်မပြုလိုကြကြောင်းကိုလည်း ကောင်းစွာ သိရှိထားကြသည်။

၎င်းမှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် တန်ပြန်တိုက်ခိုက်ခြင်းမျှသာ။ လူသားများက ဤသားရဲတိရစ္ဆာန်များကို ဦးစွာ အန္တရာယ်မပြုဘဲ သတ်မှတ်ထားသော အကွာအဝေးတစ်ခုတွင် နေထိုင်မည်ဆိုပါက တိရစ္ဆာန်များနှင့် လူသားများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ မနေထိုင်နိုင်ဘူးဟု ဘယ်သူပြောနိုင်မည်နည်း။

သားရဲများ ရမ်းကားတိုက်ခိုက်ခြင်း အများစုမှာ လူသားများက သူတို့ကို အရင်သွားစ၍သာ ဖြစ်သည်။ မှန်ပေသည်၊ အတိတ်ကာလက အားလပ်နေသော လူတချို့သည် တိရစ္ဆာန်များကို ညှဉ်းပန်းနှိပ်စက်ကာ ပျော်ရွှင်မှုရှာလေ့ရှိကြသည်။

ယနေ့ခေတ်တိုင်အောင် ထိုသို့သော လူမျိုးများ ရှိနေဆဲပင်။

အက်ဒီလင်းက အန်နီ၏စကားကို သဘောတူထောက်ခံလိုက်သည်။

“တိရစ္ဆာန်ကာကွယ်ရေး ဥပဒေတွေကို ဒီထက်ပိုပြီး မြှင့်တင်ဖို့ လိုအပ်နေသေးတယ်”

ဟွမ်မောင်သည် ရွှံ့ဗွက်ထဲတွင် ဆက်လက်လူးလှိမ့်နေဆဲဖြစ်ပြီး တစ်ခါတစ်ရံတွင် သူ၏ခြေသည်းများဖြင့် မြေကျင်းတူးလိုက်၊ တစ်ခါတစ်ရံ ရေအိုင်ထဲသို့ ဝင်နင်းလိုက်ဖြင့် ဆော့ကစားနေလေ၏။

လင်းယန်က ရွာသူကြီးအိမ်သို့ ရောက်နေသဖြင့်သာ သူ ဤမျှအထိ လွတ်လပ်ပေါ့ပါးစွာ သောင်းကျန်းနေနိုင်ခြင်းဖြစ်သည်။

ရှောင်ရွှေသည် ထိုမြင်ကွင်းကို ကြည့်ကာ အတော်လေး ရွံရှာသွားပြီး အက်ဒီလင်း၏ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။

မကြာမီမှာပင် ခွေးကြီးသည် အပြင်ဘက်မှနေ၍ အပြေးအလွှား ပြန်ရောက်လာပြီး မိုးရေများ စိုရွှဲနေကာ ပါးစပ်ထဲတွင် သစ်သီးတစ်ခိုင်ကို ကိုက်ချီလာခဲ့သည်။

သူသည် ဤသစ်သီးခိုင်ကို ကျောက်ကျောက်၏ ရှေ့တွင် ချပေးကာ အလိုလိုက် အကြိုက်ဆောင်လိုက်သည်။

“ဝု... ဝု... ဝု”

(အရသာရှိတယ်)

ကျောက်ကျောက်သည် မိုးရေလား၊ သွားရည်လား မသဲကွဲသော ထိုအရာကို အနည်းငယ် ရွံရှာသည့်ဟန်ဖြင့် ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်၏။

ခွေးကြီးမှာ စိတ်ထိခိုက်သွားဟန်ဖြင့် သစ်သီးခိုင်ကို ကျောက်ကျောက်၏ရှေ့သို့ ထပ်မံတွန်းပို့လိုက်ပြန်သည်။

ဤမြင်ကွင်းကို မြင်သောအခါ အန်နီနှင့် အက်ဒီလင်းတို့နှစ်ဦးလုံးမှာ အလွန်ရယ်စရာကောင်းသည်ဟု ခံစားရကာ တခစ်ခစ် ရယ်မောလိုက်ကြသည်။

အန်နီသည် ဤမြင်ကွင်းကို မှတ်တမ်းတင်လိုက်ပြီး သူမ၏ ဆိုရှယ်မီဒီယာအကောင့်တွင် တင်လိုက်သည်။

“တောရိုင်းဝံပုလွေနှစ်ကောင်ရဲ့ ဇာတ်လမ်းလေး”

ဓာတ်ပုံထဲတွင် ကျောက်ကျောက်မှာ ခေါင်းမော့ကာ မာနတခွဲသားဖြင့် ရပ်နေပြီး ခွေးကြီးမှာမူ သူမေအရှေ့တွင် စိတ်ပျက်လက်ပျက်ဖြင့် လက်အောက်ခံအနေအထားမျိုး ထိုင်နေလေသည်။

ဤဓာတ်ပုံသည် နိုင်ငံခြားမှ အွန်လိုင်းအသုံးပြုသူများထံမှ မှတ်ချက်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

“ဒါတွေက အသက်ရှင်နေတဲ့ တောရိုင်းဝံပုလွေတွေလား၊ သူတို့က ချစ်သူတွေ ဖြစ်နေကြတာလား”

“အဲဒီ ဝံပုလွေမလေးက တကယ်ကို လှတာပဲ၊ ဘာလို့ နောက်ဝံပုလွေတစ်ကောင်က နည်းနည်းရုပ်ဆိုးနေရတာလဲ”

“ဟားဟား၊ နင်သာ ဒီဘလော့ဂါကို သိရင် နောက်တစ်ကောင်က ဝံပုလွေ မဟုတ်ဘဲ ဟက်စကီခွေးဆိုတာကို သိသွားလိမ့်မယ်”

“တကယ်ကြီးလား၊ သူက ဟက်စကီနဲ့ သိပ်မတူဘူးနော်”

“ကမ္ဘာကြီးက ပိုပိုပြီးတော့ အံ့ဩစရာကောင်းလာပြီ၊ တရုတ်နိုင်ငံက လူတွေက တောရိုင်းဝံပုလွေတွေကိုတောင် ယဉ်ပါးအောင် ဆုံးမနိုင်နေကြပြီ၊

ငါတို့နိုင်ငံကတော့ အရမ်းကို နောက်ကျကျန်နေသေးတဲ့ပုံပဲ၊ ငါတို့နိုင်ငံမှာလည်း ဒီလိုစွမ်းရည်ရှိတဲ့သူတွေရှိရင် သိပ်ကောင်းမှာပဲ”

“ဒီဓာတ်ပုံကို ကြည့်ရတာ ရုတ်တရက် အေးချမ်းငြိမ်သက်သွားသလို ခံစားရတယ၊”

“အနောက်ကကျားက ဘာလုပ်နေတာလဲ”

ဤပို့စ်ကြောင့် အချို့သော နိုင်ငံခြားစီးပွားရေးလုပ်ငန်းများက လင်းယန်၏အကောင့်သို့ မက်ဆေ့ချ်များ ပေးပို့ကာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိမရှိ လာရောက်မေးမြန်းကြလေသည်။

လင်းယန်သည် ရွာသူကြီးအိမ်မှ ပြန်ရောက်လာချိန်တွင် ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟွမ်မောင်တစ်ကိုယ်လုံး ရွှံ့များဖြင့် ပေကျံနေသည်ကို တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့ခေါင်းထဲတွင် ကော်ရှင်မတ် အမှတ်အသားများဖြင့် ပြည့်နှက်သွားပြီး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။

‘ဒါက ငါမွေးထားတာ ကျားပေါက်လေးရော ဟုတ်ရဲ့လား’

ယခုအချိန်တွင်တော့ အိမ်၌ အဆော့မက်သော ကလေးတစ်ယောက် ရှိနေခြင်းက မည်သို့သောခံစားချက်မျိုးဖြစ်မည်ကို သူ ကောင်းကောင်း နားလည်သွားခဲ့လေပြီ။

လင်းယန်မှာ ထိန်းမရသိမ်းမရ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဟွမ်မောင်၊ မိုးရွာတဲ့နေ့တွေမှာ ရွှံ့ထဲမဆော့ရဘူးလို့ မင်းကို ငါ ဘယ်နှခါပြောဖူးလဲ”

“မိုးရွာတဲ့နေ့တွေ ရွှံ့ထဲဆော့ရင် အအေးမိဖို့ အရမ်းလွယ်တယ်လေ၊ မင်းရဲ့ ကိုယ်ခံအားက အပြည့်အဝမဖွံ့ဖြိုးသေးဘူး၊

တကယ်လို့ မင်း တကယ် အအေးမိသွားရင် ဆရာဝန်ချင် ဒီကိုလာဖို့ အနည်းဆုံး နှစ်နာရီ သုံးနာရီလောက် ကြာလိမ့်မယ်၊ မင်းပဲ ဒုက္ခရောက်လိမ့်မယ်”

တိရစ္ဆာန်များ ဖျားနာခြင်းသည် လူသားများနှင့် မတူပေ။ ရိုးရိုးလေး ပြောရလျှင် တိရစ္ဆာန်များ ဤသို့ဖျားနာခြင်းက ပို၍ပြဿနာပေးတတ်သည်။

ခွေး သို့မဟုတ် ကြောင် မွေးဖူးသူတိုင်း ဤအချက်ကို ကောင်းကောင်း သိကြပေမည်။ သူတို့သည် ပုံမှန်အားဖြင့် ကိုယ်တိုင် အအေးမိ၊ ဖျားနာမည်ကို မကြောက်ကြသော်လည်း အိမ်ရှိ တိရစ္ဆာန်လေးများ ဖျားနာမည်ကို အလွန်ကြောက်ရွံ့တတ်ကြ၏။

နှာတစ်ချက်ချေလိုက်ရုံဖြင့် ယွမ်ထောင်ချီ ကုန်ကျသွားနိုင်သည်မဟုတ်ပါလား။ အရေးအကြီးဆုံးအချက်မှာ ပိုင်ရှင်ဖြစ်သူရော တိရစ္ဆာန်လေးပါ နှစ်ဦးလုံး ဒုက္ခရောက်ရခြင်းပင်။

ဟွမ်မောင်မှာ အဆူခံလိုက်ရသဖြင့် မတရားအစွပ်စွဲခံရသလို ခံစားလိုက်ရပြီး လင်းယန်၏ရင်ခွင်ထဲသို့ ခုန်ဝင်ကာ ချွဲနွဲ့ချင်နေလေသည်။

သို့သော် လင်းယန်က ရွံရှာသည့်ဟန်ပြက။ ခြေထောက်ဖြင့် တွန်းဖယ်လိုက်သည်။

“ကျေးဇူးပြုပြီး အဲဒီ ရွှံ့တွေအများကြီးနဲ့ ငါ့ကိုယ်ပေါ် လာမမှီပါနဲ့၊ ဟုတ်ပြီလား”

ဟွမ်မောင်က လင်းယန်၏ဘောင်းဘီစကို ခြေသည်းဖြင့် ကုတ်ဖဲ့ကာ ပွတ်သီးပွတ်သပ် လုပ်လိုက်သဖြင့် ဘောင်းဘီတစ်ဖက်လုံး ရွှံ့များ ပေကျံသွားတော့၏။

လင်းယန်၏နဖူးပေါ်တွင် အမည်းရောင်မျဉ်းကြောင်းများ ထင်ဟပ်သွားသည်။

“ဒါက ဒီနေ့မှ ငါ အသစ်လဲထားတဲ့ ဘောင်းဘီအသစ်ကွ...”

သို့တိုင် ဟွမ်မောင်ကမူ သူသာလျှင် နစ်နာသူတစ်ဦးအလား သနားစဖွယ်အမူအရာလေးဖြင့် ကြည့်နေလေသည်။

လင်းယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

“လွှတ်စမ်း၊ ငါ မင်းရေချိုးဖို့ ရေသွားနွှေးပေးမယ်”

အက်ဒီလင်းက သူမ၏ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်မိသည်။

“ဘော့စ်လင်း၊ ရှင် မွေးထားတဲ့ တိရစ္ဆာန်တွေက တကယ်ကို ကလေးတွေနဲ့တူတာပဲ”

အန်နီကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

“သူက တိရစ္ဆာန်တွေကို ဒီလောက်အ၊ိ ဂရုစိုက်ပေးနေလို့ပဲ ဒီတိရစ္ဆာန်လေးတွေက ဒီနေရာမှာပဲ နေချင်ကြတာဖြစ်မယ်”

All Chapters