အခန်း ၇၂
Vol. 8 Ch. 72
အခန်း ( ၇၂ ) – အချိန်-နေရာကူးပြောင်းစက်ဝန်းကို တပ်ဆင်ခြင်း
ချင်ယွီချွမ်သည် ကုလားထိုင်တွင် ထိုင်ကာ အနည်းငယ်ကြာ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
ဤအချိန်ကို အသုံးချ၍ သူသည် သူ့ဖုန်းရှိ လုပ်ဆောင်ချက်အသစ်အချို့ကိုလည်း ကြည့်ရှုခဲ့သည်။
မူလက ဤဖုန်းတွင် ဝီချက်နှင့် အသုံးပြုသူလမ်းညွှန်သာ ပါရှိသော်လည်း ယခုအခါ ကင်မရာ၊ ဓာတ်ပုံအယ်ဘမ်၊ ဘရောက်ဆာနှင့် လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင် ကဲ့သို့သော ဆော့ဝဲလ်များ ထပ်တိုးလာခဲ့သည်။
ချင်ယွီချွမ်သည် ၎င်းတို့ကို ပေါ့ပေါ့ပါးပါး ကြည့်ရှုနေစဉ် ရုတ်တရက် ဖုန့်ချင်းယီ၏ ဖုန်းရှိ လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်ကို သတိရသွားသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူ့ဖုန်းရှိ လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်သည် သူမ၏ စတိုးဆိုင်နှင့် တူညီနိုင်သောကြောင့် သူသည် ၎င်းကို နှိပ်ကြည့်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်ကို ဖွင့်လိုက်သောအခါ အတွင်း၌ အချိန်-နေရာကူးပြောင်းစက်ဝန်းဟုခေါ်သော အရာတစ်ခုသာ တွေ့ရှိခဲ့သည်။
ချင်ယွီချွမ်သည် ဤအရာ၏ အသေးစိတ်ဖော်ပြချက်ကို နှိပ်လိုက်သောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။
ဤအရာနှင့်ဆိုလျှင် သူမနှင့် တွေ့ဆုံခြင်းသည် လွယ်ကူသော ကိစ္စ တစ်ခု ဖြစ်လိမ့်မည်။
အချိန်-နေရာကူးပြောင်းစက်ဝန်းသည် အချိန်နှင့်တကွ နေရာဒေသကိုပါ ဖြတ်သန်း၍ သယ်ဆောင်နိုင်ပြီး အသုံးပြုမှု အကန့်အသတ် မရှိပေ။
သို့သော် ၎င်းတွင် သုံးရက်တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းနှင့် အခြားကမ္ဘာတွင် သုံးစွဲသော အချိန်သည် သုံးနာရီထက် မကျော်လွန်နိုင်ခြင်း ကဲ့သို့သော အချို့ကန့်သတ်ချက်များလည်း ရှိသည်။
သို့သော် အချိန်နေရာကူးပြောင်းစက်ဝန်း၏ လုပ်ဆောင်ချက်များသည် ၎င်း၏ အဆင့် တိုးလာသည်နှင့်အမျှ တိုးတက်လာမည်ဟု အတိအလင်း ဖော်ပြထားသည်။
ချင်ယွီချွမ်သည် ဤအချိန်နေရာကူးပြောင်းစက်ဝန်းကို ဝယ်ယူရန် အလွန်စိတ်အားထက်သန်သော်လည်း ၎င်း၏ စျေးနှုန်းမှာ အလွန်မြင့်မားသည်။
ဝယ်ယူရန် အမှတ် ( ၂၀၀၀၀ ) လိုအပ်ပြီး သူ၏ လက်ရှိ လက်ကျန်အမှတ်မှာ ( ၅၇၂၀ ) ဖြစ်သည်။
ဤ ( ၅၇၂၀ ) အမှတ် မည်သို့ ရရှိလာသည်နှင့် အမှတ်များ ပိုမိုရရှိရန် မည်သို့ လုပ်ဆောင်ရမည်ကို ချင်ယွီချွမ် သေချာမသိသော်လည်း ၎င်းသည် ဖုန့်ချင်းယီနှင့် ပတ်သက်နေရမည်ဟု သူ ခန့်မှန်းမိသည်။
သွားရန် လမ်းကြောင်းရှည်လျားသေးသော်လည်း ယခု သူ့ထံ၌ ကြိုးစားရန် ပန်းတိုင်တစ်ခု ရှိနေပြီဖြစ်သည်။ သူမကို နောက်တစ်ကြိမ် မြင်တွေ့ရခြင်းသည် အချိန်တစ်ခုအတွင်း ဖြစ်လာမည့် ကိစ္စသာ ဖြစ်သည်။
သို့သော် သူမ၏ ပုံမှန်အိပ်ချိန်သို့ ရောက်နေပုံရသော်လည်း သူမသည် သူ၏ မက်ဆေ့ချ်ကို ပြန်ကြားခြင်း မရှိသေးပေ။
ဗီလာ၏ တတိယထပ်ရှိ အနုပညာခန်းတွင် ဖုန့်ချင်းယီသည် ပန်းချီဆွဲရာတွင် စိတ်နှစ်မြှုပ်ထားသည်။
သူမသည် ချင်ယွီချွမ်အား ပေးရန် ရည်ရွယ်ထားသော ပန်းချီကားကို ဆွဲနေသည်။ သူမသည် ၎င်းကို ပေးအပ်ရန် အခွင့်အရေး ရရှိမည်လား မသေချာသော်လည်း သူမသည် မည်သို့ပင်ဖြစ်စေ အပြီးသတ်ရန် ဆုံးဖြတ်ခဲ့သည်။
ဤအချိန်အတွင်း သူ ဘာတွေလုပ်နေလဲ သူမ တွေးနေခဲ့သည်။
တစ်လခွဲကြာ ပန်းချီဆွဲပြီးနောက် ပန်းချီကားသည် နောက်ဆုံးတွင် ရေးဆွဲပြီးစီးသွားခဲ့ပြီဖြစ်သည်။ ဖုန့်ချင်းယီသည် ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်သည်။ ညည့်နက်နေပြီဖြစ်ကာ အောက်ရှိ လမ်းမီးများသာ မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
သူမသည် များသောအားဖြင့် ညဉ့်နက်သည်အထိ မနေဘဲ ပုံမှန်အားဖြင့် ဆယ်နာရီတိတိတွင် အိပ်လေ့ ရှိသည်။
သို့သော် မကြာသေးမီက သူမသည် အနည်းငယ် စိတ်မငြိမ်မသက်ဖြစ်ပြီး နောက်ကျမှ အိပ်ခဲ့သည်။
စတူဒီယိုရှိ ဆေးများနှင့် ပန်းချီကားတင်စင်ကို သန့်ရှင်းပြီးနောက် ဖုန့်ချင်းယီသည် သူမ၏ အိပ်ခန်းသို့ ပြန်လာခဲ့သည်။
သူမ၏ အိပ်ရာဘေး စားပွဲပေါ်မှ ဖုန်းကို ကောက်ယူလိုက်သောအခါ ချင်ယွီချွမ်၏ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။
ဖုန်း အဆင့်မြှင့်တင်မှုက တကယ် ဒီလောက်ကြာတာလား။ သူ သူမကို လိမ်ညာမှာတော့ မဟုတ်လောက်ဘူးမလား။
[ချင်းယီ : ကျွန်မ အဆင်ပြေပါတယ်]
ဖုန့်ချင်းယီက သူမ၏ မက်ဆေ့ချ်ကို ပို့လိုက်သည်နှင့် တစ်ဖက်မှ ဗီဒီယိုဖုန်းခေါ်ဆိုမှု ဝင်လာခဲ့သည်။
ဗီဒီယိုဖုန်းခေါ်ဆိုမှုကို လက်ခံပြီးနောက် ရက်ပေါင်းများစွာ မတွေ့ရသော ချင်ယွီချွမ်ကို သူမ တွေ့လိုက်ရသည်။ သူသည် ၎င်းတို့ ပထမဆုံး တွေ့ဆုံခဲ့သည့်အချိန်ကကဲ့သို့ မပြောင်းလဲဘဲ တူညီနေပုံရသည်။
"ဒီအချိန်တွေမှာ မင်း ဘာတွေလုပ်နေတာလဲ။"
ရက်ပေါင်းများစွာ မတွေ့ရသော မိန်းကလေးကို ကြည့်ရင်း ချင်ယွီချွမ်သည် သူမကို ပွေ့ဖက်လိုစိတ် ပြင်းပြလာသော်လည်း ကံမကောင်းစွာဖြင့် သူသည် ယခု သူမကို မထိတွေ့နိုင်ပါ။
"တောင်းပန်ပါတယ်၊ မင်းကို အဆက်အသွယ် မလုပ်မိတာကို ရည်ရွယ်တာ မဟုတ်ဘူး။ ဒီရက်ပိုင်း ကိုယ် မင်းကို အရမ်းလွမ်းတယ်"
ဖုန့်ချင်းယီသည် စိတ်မချမ်းသာပါ။ "ကျွန်မ အလွယ်တကူ လှည့်စားခံရမယ်လို့ ရှင် ထင်နေတာလား။ ဘယ်သူ့ဖုန်းက အဆင့်မြှင့်တင်တာ ဆယ်ရက် ကြာမှာလဲ။"
"ချင်းယီ၊ ငါ မင်းကို ဘယ်တုန်းက လိမ်ညာဖူးလို့လဲ။"
"ဒီအချိန်တွေမှာ ကျွန်မ ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရလဲဆိုတာကို ရှင် သိရဲ့လား။ ကျွန်မ ရှင့်ကို နောက်တစ်ခါ ဘယ်တော့မှ ထပ်မြင်ရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။"
ဖုန့်ချင်းယီသည် သူမ၏ မကျေနပ်ချက်များကိုသာ ပြောလိုခဲ့သော်လည်း တစ်နည်းတစ်ဖုံ
ငိုကြွေးမိသွားသည်။
ရက်ပေါင်းများစွာ စုပုံလာသော ခံစားချက်များသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မကြာမီ သူမ၏ မျက်နှာတွင် မျက်ရည်များအဖြစ် စီးကျသွားခဲ့လေသည်။
ချင်ယွီချွမ်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူမကို အလျင်အမြန် ချော့မြှူလိုက်သည်။
"ချင်းယီ၊ တောင်းပန်ပါတယ်၊ ဒါ ငါ့အမှားတွေပါ။ မင်းကို ကတိပေးတယ်၊ နောက်ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး"
"ငိုတာ ရပ်လိုက်ပါတော့နော်။ အဲဒီ မျက်ရည်တွေနဲ့ မင်းက ကြောင်ကလေးလို ဖြစ်နေပြီ..."
ချင်ယွီချွမ်၏ အသံသည် အထူးနူးညံ့ပြီး သူ၏ နူးညံ့သော စကားများအောက်တွင် ဖုန့်ချင်းယီသည် တဖြည်းဖြည်း ငိုကြွေးခြင်းကို ရပ်တန့်လိုက်သည်။
ခုနတုန်းက သူမ မည်မျှ ဂုဏ်သိက္ခာမဲ့ပုံပေါက်ခဲ့သည်ကို သတိရသောအခါ ဖုန့်ချင်းယီသည် ရှက်ရွံ့စွာ သူမ၏ မျက်နှာကို ဖုံးကွယ်လိုက်သည်။
သူမ ဘာကြောင့် ရုတ်တရက် ငိုကြွေးခဲ့မိတာလဲ၊ ဒါဟာ လုံးဝ ရှက်စရာကောင်းတယ်။
ဖုန့်ချင်းယီ ငိုတာ ရပ်သွားတာကို မြင်တော့ ချင်ယွီချွမ်က ဖြည်းညင်းစွာ ပြောသည်။
"ချင်းယီ၊ မင်း ငါ့ကို စိုးရိမ်နေတာလား။"
"ကျွန်မ... ကျွန်မ လုံးဝ မစိုးရိမ်ပါဘူး" ဖုန့်ချင်းယီ၏ အကြည့်သည် ချင်ယွီချွမ်၏ အကြည့်များကို ရှောင်ရှားရင်း လွင့်မျောနေသည်။
သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ချင်ယွီချွမ်၏ နှလုံးသားသည် တုန်လှုပ်သွားသည်။
သူမသည် သူ့ကိုလည်း ခံစားချက်များ ဖြစ်ပေါ်လာသည်ကို သူ ခံစားနိုင်သည်။
သို့သော် ဤခံစားချက်များသည် နက်ရှိုင်းခြင်း မရှိ၊ ထင်ရှားခြင်းလည်း မရှိ။ သူမကိုယ်တိုင်ပင် သတိမထားမိသေးပါ။
"မင်း မစိုးရိမ်ဘူးဆိုရင် ဘာလို့ အခုလေးတင် ငိုခဲ့တာလဲ။"
ဖုန့်ချင်းယီ တိတ်ဆိတ်သွားသည်။ သူ ဘာလို့ အဲဒါကို ထုတ်ပြောရတာလဲ။
ချွင်ယွီချွမ် : "ငါ့ကြောင့်လား။"
ဖုန့်ချင်းယီက ခေါင်းကို အားပါးတရ ခါယမ်းလိုက်သည်။ "ရှင့်ကြောင့် လုံးဝ မဟုတ်ပါဘူး။ ကျွန်မ မကြာသေးခင်က စိတ်မကောင်းဖြစ်နေရုံပါပဲ။ နောက်ထပ် မမေးပါနဲ့တော့"
"ကောင်းပါပြီ။ ငါ မမေးတော့ဘူး။ ဒါပေမဲ့ အစောပိုင်းက မင်း ဘာလုပ်နေလဲ ပြောပြလို့ ရမလား။"
"စတူဒီယိုမှာ ပန်းချီဆွဲနေတာ။ ဖုန်း မပါသွားဘူး။ ဘာဖြစ်လို့လဲ။" ဖုန့်ချင်းယီက ပြောသည်။
ချင်ယွီချွမ်သည် သူ့ဖုန်းပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ "ပန်းချီဆွဲဖို့က ဆယ့်တစ်နာရီအထိ ဆွဲဖို့ လိုသလား။"
ဖုန့်ချင်းယီက "အဲဒီပန်းချီကားက ပြီးလုနီးပါးဖြစ်နေလို့ အချိန် နည်းနည်း ကြာသွားတာ" ဟု ရှင်းပြသည်။
"ပြီးတော့ အချိန်ကို မေ့သွားပြီး ဆယ့်တစ်နာရီ ဖြစ်သွားတယ်။ ပြီးတော့ ဒီအချိန်မှာ ရှင် ကျွန်မကို ဖုန်းခေါ်တယ်..."
ချင်ယွီချွမ်ပြုံးလိုက်သည်။ "ဒါဆို ငါ့အမှားပေါ့။"
"ဟုတ်တာပေါ့၊ ရှင့်အမှားတွေချည်းပဲ" ဖုန့်ချင်းယီက အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
"ဟုတ်ပါပြီ၊ ငါ့အမှားပါ။ ဒါပေမဲ့ အခုတော့ မင်း အိပ်သင့်ပြီ"
သူမသည် ဤအချိန်များစွာတွင် လုံလောက်သော အိပ်စက်မှုကို လျစ်လျူရှုထားခဲ့သလားဟု သူ တွေးနေမိသည်။
ဖုန့်ချင်းယီက နှုတ်ခမ်းဆူလိုက်သည်။ "သိပါတယ်၊ ကောင်းသောညပါ။ မနက်ဖြန် မနက် အချိန်မှန် နှိုးဖို့ မမေ့နဲ့နော်"
"ကောင်းပါပြီ၊ ကောင်းသောညပါ။"
ချင်ယွီချွမ် အဆင်ပြေကြောင်း သိပြီးနောက် ဖုန့်ချင်းယီသည် လုံးဝ စိတ်အေးသွားသည်။ သူမ ရေချိုးပြီးနောက် စိတ်အေးချမ်းစွာ အိပ်ရာဝင်ခဲ့သည်။
တစ်ဖက်တွင် ချင်ယွီချွမ်သည် သူ့ဖုန်းရှိ လက်ကျန်အမှတ်ကို ကြည့်နေသည်။ ယခုလေးတင် အမှတ် ( ၅၇၂၀ ) ဖြစ်သော်လည်း ယခု ( ၅၈၃၀ ) ဖြစ်သွားပြီ။ သူ၏ အမှတ်ရရှိသည့် နည်းလမ်းသည် သူမ၏ နည်းလမ်းနှင့် တူညီပုံရသည်။
သို့သော် သူသည် လိုအပ်သော အမှတ် ( ၂၀၀၀၀ ) မှ အမှတ် ( ၁၄၁၇၀ ) ကွာနေသေးသည်။
တစ်ရက်ကိုအမှတ် ( ၁၆၀ ) နှုန်းဖြင့် တွက်ချက်ပါက သုံးလနီးပါး ကြာလိမ့်မည်။
ဤအချိန်ကာလသည် ရှည်လွန်းပုံရသည်။ အမှတ်များ ရရှိရန် အခြားနည်းလမ်းများ ရှိသေးသလား သူ တွေးနေသည်။
သူမ၏ မွေးနေ့တွင် သူ သူမကို တွေ့လိုသည်။
ချင်ယွီချွမ်နှင့် အဆက်အသွယ်ပြန်ရပြီးနောက် ဖုန့်ချင်းယီ၏ ဘဝသည် အရင်လိုမျိုး ပြန်ဖြစ်သွားသည်။
သို့သော် မကြာသေးမီက ဖုန့်ချင်းယီသည် ချင်ယွီချွမ်၏ သူမအပေါ် ထားရှိသော သဘောထားသည် သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိခဲ့သည်။
သူသည် သူမ၏ ကျန်းမာရေးအကြောင်း နေ့စဉ်မေးမြန်းပြီး ကောင်းစွာ စားသောက်ရန်နှင့် ကောင်းစွာ အိပ်စက်ရန် သတိပေးကာ အလွန်အကျွံ ဂရုစိုက်သည်အထိ ဖြစ်လာသည်။
သူမသည် နေ့တိုင်း ဗီဒီယိုဖုန်းခေါ်ဆိုမှုများမှတစ်ဆင့် သူ့ကို မမြင်ရ၊ သူ့အသံကို မကြားရလျှင် သူမသည် သူ့ကို အစားထိုးခံလိုက်ရသည်ဟု ထင်ကောင်းထင်လိမ့်မည်။
နောက်ဆုံးတွင် ဖုန့်ချင်းယီသည် မထိန်းနိုင်တော့ဘဲ သူ့ကို တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်သည်။
[ချင်းယီ : အခုတလော ရှင် အရမ်းအားနေပုံရတယ်နော်။]
[ယွီချွမ် : ဘာဖြစ်လို့လဲ။]
[ချင်းယီ : အခုတလော ရှင်နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရတယ်။ ရှင် နည်းနည်း... ပိုပြီး စိတ်ပူပန်နေသလိုပဲ]
[ယွီချွမ် : ...]
ပူပန်နေတာလား။ စာအုပ်တွေထဲမှာ လုပ်ခိုင်းထားတာ အဲဒါ မဟုတ်ဘူးလား။ သူမအပေါ် အလုပ်မဖြစ်တာများလား။
[ယွီချွမ် : ငါ အဲ့လိုဖြစ်နေတာလား။]
[ချင်းယီ : ဟုတ်တယ်။ ကျွန်မကိုယ်ကျွန်မ ဂရုစိုက်နိုင်ပါတယ်]
[ချင်းယီ : ရှင် နေ့တိုင်း ကျွန်မကို ဂရုစိုက်နေစရာ မလိုပါဘူး။ ကျွန်မ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ ကလေး မဟုတ်ဘူး။ ရာသီဥတု အေးရင် နွေးနွေးထွေးထွေး ဝတ်ဆင်ရမယ်၊ စနစ်တကျ စားသောက်ရမယ်ဆိုတာ ကျွန်မ မသိဘူးလို့ ရှင် ထင်နေတာလား။]
***