← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ( ၈၅ ) – မိသားစုညစာ

သို့သော် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့ စစ်သူကြီးက တကယ့်ကို မျက်စိနှောက်စရာပဲ။

ရွှမ်းယွမ်ရှန့်သည် သူ့ကို အားကိုးရန် လိုအပ်ကြောင်း သိပုံရသောကြောင့် သူ့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။

သူက တကယ့်ကို ကံကောင်းတယ်။ လူအများကြီး စေလွှတ်ခဲ့ပေမယ့် တစ်ယောက်မှ သူ့ကို ဖယ်ရှားနိုင်ခြင်း မရှိခဲ့ဘူး။

ချင်ယွီချွမ်သည် မုရုံယန်၏ အကြည့်ကို ခံစားလိုက်ရပြီး သတိဝီရိယ တိုးလာခဲ့သည်။

သူသည် ဤအမျိုးသမီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သော်လည်း သူမ၏ အလှသည် တိုင်းပြည်များကိုပင် လဲလှယ်နိုင်လောက်သည်။ သူမ၏ အပြုံးနှင့် အမူအရာတိုင်းသည် အပြစ်ကင်းစင်သော မိန်းကလေးငယ်တစ်ဦးနှင့် တူသည်။

သို့သော် သူသည် သူမ၏ တောက်ပသော အပြုံးနောက်ကွယ်တွင် တစ်ခုခု ဝှက်ထားသည်ဟု အမြဲ ခံစားခဲ့ရပြီး၊ ထိုခံစားချက်က သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

ရှည်လျားသော ဘိသိက်မြှောက်အခမ်းအနားအပြီးတွင် နန်းတွင်းအရာရှိများ ပြန်လည်ထွက်ခွာသွားကြသည်။ ချင်ယွီချွမ်နှင့် နာမူချီတို့သည် နန်းတော်တံခါးများမှ အတူတကွ ထွက်လာခဲ့ကြသည်။

"စစ်သူကြီး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ။" နာမူချီက မေးသည်။

ချင်ယွီချွမ်၏ မျက်နှာသည် မည်သည့်အမူအရာမှ မပြောင်းလဲဘဲ တည်ငြိမ်နေသည်။ "ငါ ဘာမှ မထင်ဘူး"

နာမူချီက ဆက်ပြောသည် "သူက ရှင်းကျန်းတောင်ပိုင်းကဆိုတာ ကျွန်တော်တို့ သိရပြီ၊ ပြီးတော့ ဒါကို အရှင်မင်းကြီးကို တင်ပြပြီးပြီ။ ဒါပေမဲ့ အရှင်မင်းကြီးက သူ့ကို ဘာသံသယမှရှိပုံမပေါ်ဘူး"

"အရင်က စစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သူတွေနဲ့ သူ့မှာ ဆက်စပ်မှုရှိမလားလို့ ကျွန်တော် တွေးမိတယ်။ အဲဒီလိုဆိုရင် သူ့မှာ တခြား ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်"

"သူက ရှင်းကျန်းတောင်ပိုင်းကဆိုတာ ကျွန်တော်တို့ သိထားပေမယ့် သူ့ရဲ့ အဲဒီက အဆင့်အတန်းနဲ့ သူ ထျန်းချီကို ဘယ်လိုရောက်လာတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး"

"အရှင်မင်းကြီးက သူ့ကို လုံးဝ ယုံကြည်နေတယ်။ ကျွန်တော်တို့မှာ သက်သေမရှိရင် သူ့ကို သံသယဝင်လို့ ကျွန်တော်တို့ကို အပြစ်ပေးမှာ စိုးရိမ်မိတယ်။"

ချင်ယွီချွမ်က တိတ်ဆိတ်နေသည်။ ရွှမ်းယွမ်ရှန့်သည် သူမကို ဧကရီအဖြစ် တင်မြှောက်ရန်အတွက် အတားအဆီးအားလုံးကို ကျော်လွှားဖို့ဆန္ဒရှိသည့်အတွက် သူမသည် မြင်ရသလောက် အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းသူ မဖြစ်နိုင်ပေ။

သူမသည် ရှင်းကျန်းတောင်ပိုင်းမှ ထိုလူများနှင့် ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ သတိမလျော့ထားသင့်ပေ။

သူ ယခုလုပ်နိုင်သမျှမှာ သတိဝီရိယရှိရှိ စုံစမ်းစစ်ဆေးနေစဉ်တွင် သူ၏ ကိုယ်ပိုင်လုံခြုံရေးကို သေချာစေရန်သာ ဖြစ်သည်။

ချင်ယွီချွမ်က တုံ့ပြန်ခြင်း မရှိသည်ကို မြင်သော နာမူချီက "စစ်သူကြီး၊ ခင်ဗျား ဘယ်လိုထင်လဲ။" ဟု မေးသည်။

"ရှိပါစေတော့" ချင်ယွီချွမ်က ပြန်ဖြေသည်။ ရန်သူက အမှောင်ထဲမှာ ရှိနေပြီး ငါတို့က အလင်းထဲမှာ ရှိနေတာ မဟုတ်လား။

"စစ်သူကြီး၊ ဒါက ခင်ဗျားနဲ့ မတူဘူး" ဟု နာမူချီက မှတ်ချက်ချသည်။

နာမူချီ၏ မှတ်ဉာဏ်ထဲတွင် ချင်ယွီချွမ်သည် အမြဲတမ်း ယုံကြည်မှုရှိပြီး ပြင်ဆင်ထားသူ ဖြစ်သည်။

သူသည် များသောအားဖြင့် လူသည် မိမိ၏ ကံကြမ္မာကို ဖန်တီးနိုင်သည်ဟု ယုံကြည်သည်။ သူ့ထံမှ "ရှိပါစေတော့" ဟူသော စကားများကို ကြားရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ချင်ယွီချွမ်၏ တည်ငြိမ်သော ထွက်ခွာသွားပုံကို ကြည့်ရင်း နာမူချီသည် သူ ဘာကို တွေးနေမှန်း ကောင်းစွာ နားမလည်နိုင်ခဲ့ပေ။

ကျောင်းပိတ်ရက်ဖြစ်သဖြင့် ဖုန့်ချင်းယီသည် အိပ်ရာဘေး စားပွဲပေါ်မှ အသံမြည်နေသောဖုန်းကို ရွှင်မြူးစွာ ကောက်ကိုင်လိုက်သည်။

"ဒီနေ့က တနင်္ဂနွေလေ။ ဒီလောက် စောစော ကျွန်မကို မနှိုးနဲ့လို့ မပြောခဲ့ဘူးလား။" သူမ တိုးတိုးလေး ပြောသည်။

နန်ယဉ်က ဖုန့်ချင်းယီ၏ အသံကိုကြားတော့ "ချင်းယီ၊ နိုးပြီလား" ဟု မေးသည်။

ချင်ယွီချွမ် မဟုတ်ကြောင်း သိလိုက်သော ဖုန့်ချင်းယီသည် သူမ၏ မျက်လုံးကို အမြန်ဖွင့်ပြီး ခေါ်ဆိုသူ IDကို စစ်ဆေးလိုက်သည်။

"အမေ၊ သမီးကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ဖုန်းခေါ်တာလဲ။"

နန်ယဉ်က ပြန်ဖြေသည်၊ "မင်းအဖေနဲ့ ငါ အခု မြို့တော်မှာ ရောက်နေတယ်။ မင်းအစ်ကိုကို ဖုန်းခေါ်ပြီး ဒီည အတူတူ ညစာစားကြရအောင်"

"ချင်းယီ၊ မင်း တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာလား။" သူမက စစ်ဆေးသည်။

ဖုန့်ချင်းယီက ငြင်းဆိုသည်၊ "မဟုတ်ဘူး၊ ဘယ်သူနဲ့မှ မချိန်းတွေ့ဘူး။ ဟိုဟိုဒီဒီ လျှောက်တွေးမနေနဲ့။"

"ဒါဆို ရိုးရိုးသားသား ပြော၊ ခုနက ကျွန်မကို မနှိုးနဲ့လို့ ပြောတာ အမေ့ကို ဘယ်သူလို့ ထင်တာလဲ။" နန်ယဉ်က မေးသည်။

ဖုန့်ချင်းယီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်၊ "သူငယ်ချင်းကောင်း တစ်ယောက်ပါ"

နန်ယဉ်က ဆက်ပြောသည်၊ "မင်းရဲ့ သူငယ်ချင်းကောင်း... မင်းရဲ့ အခန်းဖော်တွေထဲက တစ်ယောက်လား ဒါမှမဟုတ် ရှောင်းရှောင်းလား။"

"သူတို့အပြင် တခြားသူငယ်ချင်းတွေလည်း ရှိတယ်။ သမီး အခု အိပ်ရာထပြီး မျက်နှာသစ်တော့မယ်" ဖုန့်ချင်းယီက ပြောသည်။

"ခဏနေကျရင် သမီး အစ်ကို့ကို ဖုန်းဆက်လိုက်မယ်။ အမေ လိပ်စာ ပို့ထားပေးပါ၊ ပြီးရင် သမီးတို့ အချိန်မီရောက်အောင် လာခဲ့မယ်" ဖုန့်ချင်းယီက အမြန်ဖုန်းချလိုက်သည်။

သူမမိခင်ဖြစ်သူ၏ အမြင်သည် အလွန်ထက်မြက်သည်။ သို့သော် သူမ ဘာကြောင့် အပြစ်ရှိသလို ခံစားနေရသနည်း။ သူမသည် တကယ်တော့ ဘယ်သူနဲ့မှ မချိန်းတွေ့ပါ။

နန်ယဉ်၏ ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာသော ဖုန့်ချင်းယီသည် အိပ်ချင်စိတ် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ မျက်နှာသစ်ပြီး အဝတ်အစားလဲပြီးနောက် သူမသည် နံနက်စာ ဝယ်ရန် ထွက်သွားခဲ့သည်။

သူမ နံနက်စာဝယ်ပြီးပြန်လာသည်နှင့် ချင်ယွီချွမ်က ဖုန်းခေါ်လာသည်။

"နိုးပြီလား။" သူက မေးသည်။

သူမ ဝယ်လာသော ခေါက်ဆွဲကို စားနေသော ဖုန့်ချင်းယီက "ဟုတ်၊ ကျွန်မ နံနက်စာတောင် စားနေပြီ" ဟု ပြန်ဖြေသည်။

"ဒီနေ့ ဘာဖြစ်လို့ ဒီလောက် အစောကြီး နိုးနေတာလဲ။"

မကြာသေးမီက ချင်ယွီချွမ်သည် ဖုန့်ချင်းယီသည် အိပ်ရာမှ လူးလဲထနိုင်ရန် အမြဲတမ်း နောက်ထပ် ( ၁၅ )မိနစ်ခန့် အိပ်ရာထဲတွင် နှပ်နေလေ့ရှိကြောင်း သတိပြုမိခဲ့သည်။

စနေ၊ တနင်္ဂနွေများတွင် သူမသည် အိပ်ရာမှ လုံးဝ မထချင်ပေ။ ယနေ့ သူသည် သူမကို အိပ်ရာမှ ချော့မော့ခေါ်ထုတ်ရန် ပြင်ဆင်ထားခဲ့သည်။

သူ့ကို အံ့အားသင့်သွားစေသည်မှာ သူမသည် သူ့ဘာသာသူ အိပ်ရာစောစောထလာခြင်း ဖြစ်ပြီး သူ ဒါကို မမျှော်လင့်ထားပေ။

"တကယ်တော့ ကျွန်မလည်း ဒီလောက် စောစော မထချင်ပါဘူး။ အမေ ဖုန်းခေါ်ပြီး နှိုးလိုက်လို့လေ။ ကျွန်မက ရှင်လို့‌ ထင်နေသေးတာ။ အိပ်ရာနိုးပြီးတော့ ပြန်အိပ်လို့ မရတော့ဘူး၊ ဒါကြောင့် အိပ်ရာထလိုက်တာ" ဟု သူမက ရှင်းပြသည်။

ချင်ယွီချွမ်သည် ဖုန့်ချင်းယီ၏ မိသားစုအကြောင်း ပြောသည်ကို ရှားရှားပါးပါး ကြားဖူးသောကြောင့် သူတို့အကြောင်း များများ မသိပါ။

သို့သော် သူမ၏ နေ့စဉ်အပြုအမူနှင့် စကားများမှ သူမ၏ မိသားစုသည် ပျော်ရွှင်ဖွယ်ကောင်းမည်ဟု သူ ခံစားနိုင်သည်။

"ဆောင်းတွင်းရောက်တော့မယ်ဆိုပေမဲ့ အိပ်ရာထဲမှာ အကြာကြီးနေတာက အကျင့်ကောင်း မဟုတ်ဘူး" ဟု သူက အကြံပေးသည်။

ဖုန့်ချင်းယီသည် ရေနွေးတစ်ငုံ သောက်လိုက်သည်။ "ဒါပေမဲ့ မနက်ခင်းက အရမ်းအေးတယ်။"

"အိပ်ရာထဲမှာ အကြာကြီး မနေနဲ့" ချင်ယွီချွမ်က နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်။ အဆိုးဆုံးဆိုမှ သူမကို နည်းနည်း ပိုချော့မော့ရုံသာ ရှိပေသည်။

ဤကာလအတွင်း သူ အသားကျသွားပုံရသည်။

ဖုန့်ချင်းယီက ရယ်လိုက်ပြီး "ကျေးဇူးပါပဲ။ ဒါနဲ့ စကားမစပ် ကျွန်မ အပြင်မှာ ကန်စွန်းဥကင် ရောင်းနေတာ တွေ့လိုက်လို့ ဝယ်လာတယ်။ ရှင် စားချင်လား။"

"မစားတော့ပါဘူး။" ဟု သူက ငြင်းဆိုသည်။ သူမသည် သူ့အား အစားအစာ အမျိုးမျိုး၊ အထူးသဖြင့် ချိုသော အရာများကို မျှဝေရန် အလွန် စိတ်အားထက်သန်ပုံရသည်။

"သကြားနဲ့ လှော်ထားတဲ့ သစ်ချသီးလည်း ရှိတယ်။ အဝေးကနေတောင် အနံ့ရတယ်။ ရှင် တကယ် မစားချင်ဘူးလား။" ဖုန့်ချင်းယီက သူ့ကို ဆွဲဆောင်ရန် ကြိုးစားသည်။

ချွင်ယွီချွမ် : "မစားချင်ဘူး"

သူ မလှုပ်မရှားဖြစ်နေသည်ကို မြင်သော ဖုန့်ချင်းယီက လက်လျှော့လိုက်သည်။

"ကောင်းပြီ။ ဒါဆို ကျွန်မ တစ်ယောက်တည်းပဲ စားလိုက်မယ်"

"ဒါ့အပြင် ဒီည ညစာအတွက် ရှင်‌ ပြင်ပေးစရာ မလိုတော့ဘူး။ အမေက သူတို့နဲ့အတူ ညစာစားဖို့ ခေါ်ထားတယ်"

ချင်ယွီချွမ်က "ကောင်းပြီ" ဟု ပြန်ဖြေသည်။

...

နန်ယဉ်၏ အလုပ်အကိုင်ကြောင့် မိသားစု အတူ ညစာစားတိုင်း သီးသန့်ကောင်းမွန်သော အဆင့်မြင့် စားသောက်ဆိုင်များကို ရွေးချယ်လေ့ရှိသည်။

ဖုန့်ချင်းယီ ရောက်သောအခါ နန်ယဉ်နှင့် ဖန်ဇီရှင်းတို့သည် တစ်ခုခုကို အတူတကွ ကြည့်ရှုနေကြသည်။

"အဖေ၊ အမေ၊ ဘာလို့ မြို့တော်ကို ရောက်လာတာလဲ။" ဖုန့်ချင်းယီက မေးသည်။

ဖန်ဇီရှင်းက ပြန်ဖြေသည်၊ "မင်းအမေ ဒီမှာ အလုပ်နည်းနည်းရှိလို့ ငါ လိုက်လာတာ။ မင်းကိုလည်း တွေ့ဖို့ အခွင့်အရေးကောင်းလို့ ထင်တယ်"

"မင်း မွေးနေ့လည်း ရောက်ဖို့ မကြာတော့ဘူး။ မင်း လိုချင်တာရှိရင် ပြောလိုက်ပါ"

ဖုန့်ချင်းယီက ဝင်ထိုင်လိုက်သည်။ "သမီးမွေးနေ့က နောက်လမှပါ။ ဘာမှ အထူးတလည် လိုချင်တာမှ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်"

"ချင်းယီ၊ မင်း တကယ်ပဲ ဘယ်သူနဲ့မှ မချိန်းတွေ့နေဘူးလား။" နန်ယဉ်က မေးသည်။

ဖုန့်ချင်းယီက တည်ကြည်စွာ ခေါင်းညိတ်ပြသည်၊ "တကယ် မချိန်းတွေ့နေဘူး၊ ဒါပေမဲ့ သမီးရဲ့ အစ်ကိုကတော့ ချိန်းတွေ့နေတာ ဖြစ်နိုင်တယ်လို့ ထင်တယ်"

"သူ သူမကို အရပိုးပမ်းနိုင်ခဲ့ပြီလား" ဖုန့်ချင်းယီထံမှ ဖုန့်ချင်းစီ အကြောင်းကို အရင်က ကြားထားဖူးသော နန်ယဉ်က စူးစမ်းလိုစိတ်ဖြင့် မေးသည်။

ဖုန့်ချင်းယီက ခေါင်းခါပြီး ပြောသည်၊ "သေချာတော့ မသိဘူး၊ ဒါပေမဲ့ သူတို့ မကြာသေးခင်က တော်တော်လေး အဆင်ပြေပုံရတယ်"

"အမေတို့ သူ့ကို ချိန်းတွေ့ဖို့ ငွေကြေးအရ အကူအညီပေးသင့်တယ်လို့ သမီး ထင်တယ်။ သူက အမြဲတမ်း မိန်းကလေးရဲ့ ပိုက်ဆံကို သုံးနေတာ တော်တော်လေး မသင့်တော်ဘူး"

နန်ယဉ်နှင့် ဖန်ဇီရှင်းတို့သည် အံ့အားသင့်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"မင်းတို့အစ်ကိုက မိန်းကလေးတစ်ယောက်ကို လိုက်နေပြီး သူမရဲ့ ပိုက်ဆံကို သုံးနေတာတဲ့လား" နန်ယဉ်က မယုံနိုင်စွာဖြင့် အော်လိုက်သည်။

ဖန်ဇီရှင်း: "ဒါဆို သူ ပိုးပန်းနိုင်မယ့် အခွင့်အရေး နည်းလိမ့်မယ်လို့ ပြောရမယ်"

သူတို့ သုံးယောက်သား ဖုန့်ချင်းစီ၏ အခြေအနေကို ဆွေးနွေးရန် ပြင်နေစဉ် စားသောက်ဆိုင်တံခါး ပွင့်သွားသည်။

ရှပ်အင်္ကျီအဖြူလက်ရှည်ကို ဝတ်ဆင်ထားသော ဖုန့်ချင်းစီက ဝင်လာခဲ့သည်။

နန်ယဉ်သည် ထိုအင်္ကျီလက်ရှည်ကို နောက်ထပ် စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီး သူမ အရင်က ကြော်ငြာပေးခဲ့ဖူးသော အမှတ်တံဆိပ်မှ အမျိုးသားဝတ်စတိုင်နှင့် တူပြီး အတော်လေး ဈေးကြီးလိမ့်မည်ဟု တွေးနေမိသည်။

"အမေတို့ အခု ဘာအကြောင်း ပြောနေကြတာလဲ။" ဖုန့်ချင်းစီက မေးသည်။

ဖုန့်ချင်းယီက ပြန်ဖြေသည်၊ "ဘာမှ မဟုတ်ပါဘူး။ ထိုင်ပါဦး၊ မကြာခင် အစားအသောက်တွေ ရောက်လာတော့မယ်"

"ချင်းစီ၊ အရင်က မင်း အဲဒီအင်္ကျီ ဝတ်တာ ငါ မမြင်ဖူးဘူးထင်တယ်၊ ဟုတ်တယ်မလား။" နန်ယဉ်က စုံစမ်းသည်။

***

All Chapters