← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ( ၈၉ ) - ငါ့ကို မင်းရည်းစားဖြစ်ခွင့်ပေးပါ

"သူ ပိုက်ဆံ ထပ်ကုန်သွားပြန်ပြီလား။" မကြာသေးခင်ကမှ ပိုက်ဆံပေးထားတာ မဟုတ်ဘူးလား။ သူ အဲဒါတွေကို ဘာတွေအတွက် သုံးလိုက်တာလဲ။

စစ်ရွမ်က အချိန်ကိုက် ဝင်ပြောသည်။

"မင်းအစ်ကိုက ဒီစားသောက်ဆိုင်ကို ငှားဖို့ သူ့ရဲ့ စုဆောင်းငွေ အကုန် သုံးလိုက်တယ်လို့ ပြောတယ်"

ဖုန့်ချင်းယီသည် စားသောက်ဆိုင်ကို ပတ်ကြည့်လိုက်သည်။ တည်နေရာသည် အလွန်ကောင်းမွန်ပြီး နေရာသည် ခမ်းနားထည်ဝါသည်။ ငှားရမ်းခသည် အတော်လေး ဈေးကြီးနိုင်ပေမည်။

"...ဒါဆိုရင် မင်းတို့အားလုံး အလုပ်ကို ရပ်လိုက်လို့ရပြီ။ နေရာကို အလှဆင်ဖို့ ကျွမ်းကျင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ငါ ရှာလိုက်မယ်"

စစ်ရွမ်က တီးတိုး ပြောသည်။

"တကယ့်ကို ချမ်းသာတဲ့ မိသားစုက လာတဲ့ အမျိုးသမီးငယ် တစ်ဦးဆိုတဲ့အတိုင်းပဲ"

ဖုန့်ချင်းယီသည် အွန်လိုင်းမှ ကျွမ်းကျင်သောအဖွဲ့တစ်ဖွဲ့ကို ရှာတွေ့ခဲ့သည်။ အဲဒါနဲ့ အားလုံး ပြီးသွားတော့ ဘာလုပ်စရာမှ မကျန်တော့တာနဲ့ အတူတူ ထိုင်ပြီး စကားပြောနေကြသည်။

ရှန်ဟန်ယွဲ့က "ချင်းယီ၊ မင်းအစ်ကိုက တကယ် အားကုန်ထုတ်နေတာပဲနော်။" ဟု ပြောသည်။

"ဒါ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပြင်ဆင်မှု ဘယ်လောက် ခမ်းနားသလဲဆိုတာနဲ့ သိပ်မဆိုင်ဘူး" ဟု ဖုန့်ချင်းယီက ပြန်ဖြေသည်။

ချွီကျင်းချီက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ မင်းအစ်ကိုက ပစ္စည်းတွေ ပြင်ဆင်ဖို့ သွားပြီ၊ သူ မီးဖိုချောင်ထဲမှာ ရှိလောက်တယ်။ ငါတို့ သူ့ကို သွားကူညီရမလား" ဟု ပြောလိုက်သည်။

"ချက်ပြုတ်တာက သူ့ရဲ့ အားသာချက်ပဲ။ အဲဒါကို ငါတို့ ကူညီဖို့ မလိုဘူး။"

နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ ချက်ပြုတ်တဲ့ အတတ်ပညာတွေဟာ အခုမှ အသုံးဝင်လာတာပဲ။

ရှန်ဟန်ယွဲ့က အနားက ယောက်ျားလေး အတန်းဖော် သုံးယောက်ကို လှမ်းကြည့်ပြီး "သူတို့က အံ့အားသင့်စရာ တစ်ခုခု စီစဉ်ထားသလား သိကြလား" ဟု မေးလိုက်သည်။

ဘူဟွမ် က "သူ နေ့တိုင်း အဆောင်မှာ တယောတီးတာကလွဲလို့ တခြား ဘာမှ မသေချာဘူး" ဟု ပြန်ဖြေသည်။

"တယော ဟုတ်လား။" ဖုန့်ချင်းယီက သူမ ကြားတာ မှန်ရဲ့လားဟု တွေးလိုက်မိသည်။

ဖုန့်ချင်းယီရဲ့ မယုံကြည်တဲ့ မျက်လုံးကို မြင်တော့ စစ်ရွမ်က "အစ်ကိုစီက တယောတီးတာမှာ ပြဿနာ ရှိလို့လား" ဟု မေးလိုက်သည်။

ဖုန့်ချင်းယီက ဖုန့်ချင်းစီရဲ့ အခန်းဖော် သုံးယောက်ကို သနားတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

"ရှင်တို့ ဒီရက်ပိုင်း တော်တော် ဒုက္ခရောက်ခဲ့မှာပဲ။ သူ့ရဲ့ တယောအတီးနဲ့ သူကိုယ်တိုင် ရှက်စရာဖြစ်အောင် လုပ်ရဲတယ်ဆိုတာ မယုံနိုင်ဘူး။ ဘယ်သူက သူ့ကို အဲဒီလို ယုံကြည်မှု ပေးလိုက်တာလဲလို့ ငါ အံ့သြမိတယ်။"

စစ်ရွမ်က "ငါ သူ့ကို အရင်က စိတ်ပြောင်းဖို့ တိုက်တွန်းကြည့်သေးတယ်၊ ဒါပေမဲ့ သူက အရမ်း ခေါင်းမာတယ်။ ငါတို့ ဘာမှ မတတ်နိုင်ဘူး" ဟု ပြောသည်။

"ချင်းယီ၊ မင်းအစ်ကိုက တီးရဲတယ်ဆိုထဲကိုက သိပ်မဆိုးလောက်ဘူး မဟုတ်လား။"

ရှန်ဟန်ယွဲ့က သူမရဲ့ ဆံပင်ကို သပ်လိုက်တယ်။

ဖုန့်ချင်းယီက သက်ပြင်းချသည်။ သူ ဒီလို ဝန်ခံတဲ့ အကြံဉာဏ်ကို အွန်လိုင်းမှာ တွေ့ပြီး တယောကို ထည့်လိုက်မှ ပိုထူးခြားမယ်လို့ ထင်နေမှာကို သူမ စိုးရိမ်မိသည်။

"ငါ စန္ဒယားသင်တုန်းက သူလည်း သင်ချင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ရက်ပဲ ကြာတော့ သူ တယောကို ပြောင်းသွားတယ်။"

"သူ့တယောဆရာက နေမကောင်းလို့ဆိုပြီး အလုပ်ထွက်သွားတဲ့အထိ သူ တစ်လလောက် လေ့လာခဲ့တယ်။"

"ငါတို့မိဘတွေက သူ့ရဲ့ ငယ်ရွယ်တဲ့ ခံစားချက်ကို ထိခိုက်မှာ စိုးရိမ်ပြီး တယော မတီးဖို့ ဖြေးဖြေးချင်း ဖြောင်းဖြခဲ့တယ်။"

"ဒါပေမဲ့ သူက သူ့ကိုယ်သူ တော်တော်ကောင်းတယ်လို့ ထင်ပြီး အိမ်နီးချင်းက ကလေးတွေကို လိုက်ပြခဲ့ပုံရတယ်။"

"အဲဒီအချိန်တုန်းက တယောတီးတဲ့သူ သိပ်မရှိတော့ သူ့ရဲ့ ယုံကြည်မှုက သူတို့ကို အထင်ကြီးစေခဲ့တယ်။"

"ဒါပေမဲ့ သူ ခဏလေးပဲ တီးခဲ့တယ်။ နောက်တော့ သူ့တယောကို သိုလှောင်ခန်းထဲ ထည့်ထားလိုက်ပြီး အဲဒီနောက်ပိုင်း နှစ်တွေမှာ သူ ထုတ်တာကို ငါ မမြင်ခဲ့ဖူးဘူး။"

"ဒီလိုဖွင့်ပြောတာ အရေးကြီးတဲ့ဟာကို သူ့မှာ ကိုယ့်ကိုယ်ကိုယ် သိတဲ့ ဉာဏ်နည်းနည်းလေးမှ ဘယ်လိုလုပ် မရှိရတာလဲ။"

ဖုန့်ချင်းယီရဲ့ ရှင်းပြချက်ကို ကြားတော့ ချွီကျင်းချီက အလျင်အမြန် ပြောလိုက်သည်။ "ချင်းယီ၊ မင်းသွားပြီး သူ့ကို တယောအကြောင်း စိတ်ပြောင်းအောင် တိုက်တွန်းသင့်တယ်။ လော့ရှီက ဖျော်ဖြေပွဲတွေကို မကြာခဏ သွားတတ်တော့ သူ့ရဲ့ အတတ်ပညာ ဘယ်လောက်အထိ ကောင်းလဲဆိုတာ ချက်ချင်း သိသွားလောက်တယ်။"

“သူ့ကို တိုက်တွန်းဖို့ မလိုဘူး။ ဘာပဲပြောပြော သူ နားထောင်မှာ မဟုတ်ဘူး။ စစ်ရွမ်တို့ ကြိုးစားပြီးပြီလို့ နင်တို့ မကြားဘူးလား။ သူတို့တောင် သူ့ကို စိတ်ပြောင်းအောင် မလုပ်နိုင်ရင် ငါ ဘယ်လိုလုပ်နိုင်မှာလဲ။”

“ဖုန့်ချင်းစီက တခါတလေ အရမ်း ခေါင်းမာတတ်တယ်။ သူ နံရံကို တိုက်မိမှ စိတ်ပြောင်းလိမ့်မယ်။ ဘယ်သူမှ သူ့ကို တားဆီးလို့ မရဘူး၊ ဒါကြောင့် ငါ ကြိုးစားကြည့်လည်း အဓိပ္ပာယ်မရှိဘူး။”

အဖွဲ့သားတွေဟာ စားသောက်ဆိုင်က ကုလားထိုင်တွေမှာ ခဏလောက် ထိုင်နေပြီးမှ ဖုန့်ချင်းစီတစ်ယောက် မီးဖိုချောင်ထဲက ထွက်လာခဲ့သည်။

ဖုန့်ချင်းယီက ထရပ်လိုက်ပြီး "ငါ အွန်လိုင်းမှာ ပရော်ဖက်ရှင်နယ် အဖွဲ့တစ်ဖွဲ့ကို တွေ့ထားတယ်။ သူတို့ မကြာခင် ရောက်လာလိမ့်မယ်" ဟု ပြောသည်။

"အခု ငါတို့ ကူညီစရာ ဘာမှ မရှိတော့ဘူး၊ ဒါကြောင့် ငါတို့ သွားတော့မယ်။ ကံကောင်းပါစေ။"

ဖုန့်ချင်းယီက ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ဖုန့်ချင်းစီရဲ့ အသံကို ကြားလိုက်ရသည်။ "မင်း သူတို့ကို ပိုက်ဆံပေးပြီးပြီလား။"

ဖုန့်ချင်းယီက ရှန်ဟန်ယွဲ့နဲ့ ချွီကျင်းချီတို့ရဲ့ လက်ကို ချိတ်ပြီး နောက်ကို လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

...

ညနေ ၆ နာရီမှာ ကောင်းကင်ဟာ တော်တော် မှောင်သွားပြီ။

ဇိမ်ခံ အနောက်တိုင်း စားသောက်ဆိုင်ဟာ အဓိကအားဖြင့် တော်ဝင်ပြာနဲ့ ရွှေရောင်တွေနဲ့ အလှဆင်ထားတဲ့ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်နဲ့ ပန်းခင်းတွေရဲ့ အိပ်မက်ဆန်တဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

အလယ်၌ စားပွဲရှည်တစ်ခုနှင့် ကုလားထိုင်နှစ်လုံးမှလွဲ၍ ကျန်သော နေရာတွင် ပန်းများ၊ ပူဖောင်းတို့နှင့်တကွ တခြားအလှဆင်ပစ္စည်းများ ပြည့်နှက်၍ များပြားနေသော်ငြား ရှုပ်ပွမနေ‌ပေ။

စားသောက်ဆိုင်၏ နွေးထွေးသော အလင်းရောင်သည် လေထုကို ရိုမန်တစ်ဆန်ပြီး သက်တောင့်သက်သာဖြစ်စေသည်။

ပုံမှန်အားဖြင့် ဝတ်စုံပြည့်ဖြင့် မြင်ရခဲသော ဖုန့်ချင်းစီသည် ဆံပင်ကို သေသေသပ်သပ် ပြင်ဆင်ထားပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူ စားသောက်ဆိုင်ထဲမှာ စိုးရိမ်တကြီးနဲ့ ဟိုဟိုဒီဒီ လျှောက်နေသည်။

ညနေ ၆ နာရီခွဲမှာ လော့ရှီဟာ စားသောက်ဆိုင်ကို အချိန်မှန် ရောက်လာသည်။ သူမက အဓိကတံခါးကို တွန်းဖွင့်ပြီး သူမရှေ့က မြင်ကွင်းကို မြင်လိုက်တဲ့အခါ ခဏတာ ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့သည်။

သူမကို မြင်တော့ ဖုန့်ချင်းစီဟာ အဝင်ဝဆီ အလျင်အမြန် သွားလိုက်သည်။ "ရှီရှီ၊ မင်းရောက်လာပြီပဲ။"

"ဒါတွေ အားလုံး ဘာတွေလဲ။" လော့ရှီဟာ ခဏလောက် အံ့အားသင့်သွားပေမယ့် သူမ အလျင်အမြန် ပြန်လည် တည်ငြိမ်လိုက်နိုင်သည်။

သူ ဘာလုပ်ဖို့ စီစဉ်နေတယ်ဆိုတာ သူမ ကောင်းကောင်း ခန့်မှန်းနိုင်၏။

ဖုန့်ချင်းစီသည် သူ၏နောက်ကွယ်မှ တောက်ပသော နှင်းဆီပန်းစည်းကို ထုတ်ယူပြီး လော့ရှီအား ပေးလိုက်သည်။ "ဒါတွေ မင်းအတွက်ပဲ။"

လော့ရှီသည် သူမရှေ့မှ သပ်ရပ်စွာ ဝတ်စားထားသော အမျိုးသားကို ကြည့်လိုက်သည်။ သူမသည် သူ့ကို သိကျွမ်းခဲ့သည့် ကာလတစ်လျှောက်လုံးတွင် သူ၏ ဝတ်စုံပြည့် ဝတ်ဆင်ထားပုံအား ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

သူ၏ အရပ်ရှည်ပြီး သွယ်လျသော ကိုယ်လုံး၊ သိမ်မွေ့သော မျက်နှာသွင်ပြင်နှင့် စိတ်အားထက်သန်သော မျက်လုံးတစ်စုံသည် ယခုတွင် စိုးရိမ်ပူပန်မှုများ ရောယှက်နေသည်။

သူမသည် လက်ကိုဆန့်တန်းကာ သူ၏ လက်ထဲမှ နှင်းဆီပန်းများကို လက်ခံလိုက်သည်။ "နောက်ထပ် ပြောစရာများ ရှိသေးလား"

"ဗိုက်ဆာနေလောက်ပြီ။ သွားစားကြရအောင်။" ဖုန့်ချင်းစီ၏ မျက်လုံးများသည် လော့ရှီ၏ မျက်လုံးများကို တိုက်ရိုက်မကြည့်နိုင်ဟန်ဖြင့် ဟိုဟိုဒီဒီ လှည့်ပတ်နေသည်။

နှင်းဆီပန်းစည်းကို ကိုင်ထားသော လော့ရှီသည် ကုလားထိုင်တွင် ထိုင်လိုက်သည်။

စားပွဲပေါ်တွင် သူမအကြိုက်ဆုံးဟင်းလျာများ အားလုံးကို မြင်သောအခါ သူမသည် ခပ်ရေးရေး ပြုံးလိုက်မိသည်။

"ရှီရှီ၊ များများစားပါ။"

သူပြင်ဆင်ထားသော စကားများသည် ဤအရေးကြီးသောအချိန်တွင်မှ သူ့ကို စွန့်ခွာသွားပုံရသည်။

လော့ရှီသည် ဖုန့်ချင်းစီ၏ တုံ့ဆိုင်းနေမှုကို သတိပြုမိသော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ ဘာမှမပြောခဲ့ပေ။ သူမသည် အစားအစာကိုသာ ဖြည်းဖြည်းချင်း စားနေခဲ့သည်။

သူမသည် အနောက်တိုင်း စားသောက်ဆိုင်တွင် တရုတ်အစားအစာကို ပထမဆုံးအကြိမ် စားသုံးခြင်းဖြစ်ပြီး သူမအတွက် အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်ခဲ့သည်။

ပုံမှန်အားဖြင့် သူတို့သည် စားနေစဉ်တွင် များများစားစား စကားမပြောကြသော်လည်း ယနေ့တွင် တိတ်ဆိတ်မှုသည် အထူးပင် နက်ရှိုင်းနေပုံရသည်။

"ရှီရှီ၊ ဆက်စားနှင့်ဦး။ ငါ မီးဖိုချောင်ထဲမှာ တစ်ခုခု သွားကြည့်လိုက်ဦးမယ်။"

ဖုန့်ချင်းစီ၏ အလျင်စလို ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ရှီသည် ရုတ်တရက် ဘာဖြစ်လာမလဲဟု အနည်းငယ် မျှော်လင့်နေမိသည်။

မကြာမီတွင် တယောသံသည် ရုတ်တရက် လေထုထဲသို့ ပျံ့နှံ့လာပြီး လော့ရှီကို လန့်သွားစေသည်။

သူမသည် ဖျော်ဖြေပွဲများစွာ တက်ရောက်ခဲ့ဖူးသော်လည်း သူ တီးခတ်နေသော သီချင်းကို လုံးဝ မမှတ်မိနိုင်ပေ။

သို့သော် ဖုန့်ချင်းစီ၏ ပြင်းထန်သော အာရုံစူးစိုက်မှုကို မြင်သောအခါ လော့ရှီသည် သူ့ကို တားဆီးရန် သူမ၏ မူလဆန္ဒကို တဖြည်းဖြည်း စွန့်လွှတ်လိုက်သည်။

တေးသွားသည် အမှန်ပင် မှတ်မိနိုင်စရာ မရှိသော်လည်း သူသည် လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်ဆောင်နေရုံသက်သက် မဟုတ်ကြောင်း သူမ မြင်နိုင်သည်။

သီချင်းဆုံးသွားသောအခါ ဖုန့်ချင်းစီသည် သူ၏ တယောကို နှိမ့်ချလိုက်ပြီး လော့ရှီသည်လည်း သက်ပြင်းချလိုက်မိသည်။

နောက်တစ်ခါ သူ ဒီလိုနေရာမျိုးမှာ တယောမတီးရင် ကောင်းမယ်။ ဒါက အခြေအနေကို နည်းနည်း ပျက်စီးစေတယ်။

"ရှီရှီ၊ ငါ... ငါ မင်းကို ပထမဆုံး မြင်ကတည်းက သဘောကျခဲ့တာ" ဟု သူ ဝန်ခံခဲ့သည်။

"မင်းနဲ့အတူရှိတဲ့ အခိုက်အတန့်တိုင်းက ငါ့ကို ပျော်ရွှင်မှုတွေနဲ့ ပြည့်စေတယ်။"

"မင်းငါ့ကို မင်းရဲ့ချစ်သူဖြစ်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။"

ဖုန့်ချင်းစီသည် ချိုသာသော စကားပြောဆိုရာတွင် အထူးကျွမ်းကျင်သူ မဟုတ်ပေ။ ဤတိုတောင်းသော စာကြောင်းအနည်းငယ်သည် သူ၏ သတ္တိအားလုံးကို ကုန်ဆုံးစေခဲ့ပြီးဖြစ်သည်။

***

All Chapters