အခန်း ၉၄
Vol. 10 Ch. 94
အခန်း ( ၉၄ ) - မွေးနေ့မှာ ပျော်ရွှင်ပါစေ
သူမရဲ့ မွေးနေ့ နီးလာသည်နှင့်အမျှ ဖုန့်ချင်းယီသည် သူငယ်ချင်းအချို့ဆီမှ လက်ဆောင်များ ရရှိခဲ့ပေသည်။
သူတို့သည် မြို့တစ်မြို့တည်းတွင် မနေကြပေရာ လက်ဆောင်များကို စာတိုက်ကနေပဲ ပို့ပေးလို့ရပြီး သူမဟာ ပစ္စည်းတွေ သွားယူဖို့ အကြိမ်ပေါင်းများစွာ သွားခဲ့ရသည်။
ဇန်နဝါရီလ ၁ ရက်နေ့ မနက်စောစော၌ ဖုန့်ချင်းယီသည် ချင်ယွီချွမ်ဆီက ပုံမှန် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
"ချင်းယီ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ။"
အိပ်ခန်းသည် မှောင်နေသဖြင့် ဖုန့်ချင်းယီသည် မီးဖွင့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
"ဒီနေ့ မင်းရဲ့ မွေးနေ့ပဲ၊ တစ်ရက်လောက် အားလပ်ရက်ယူသင့်တယ်။"
ဖုန့်ချင်းယီက ပြုံးပြီး "ငါလည်း အဲဒီလိုပဲ စဉ်းစားနေတာ။ နှစ်သစ်မှာ ရှင်လည်း ပျော်ရွှင်ပါစေ။" ဟု ပြောလိုက်သည်။
ချင်ယွီချွမ်ရဲ့ တိုင်းပြည်မှာလည်း နှစ်သစ်ကူးနေ့ကို ကျင်းပကြသော်ငြား ရက်စွဲမှာတော့ မတူပေ။
သို့သော် သူသည် ဖုန့်ချင်းယီ၏ ဆုတောင်းစကားကို လက်ခံပြီး "နှစ်သစ်မှာ ပျော်ရွှင်ပါစေ" ဟု ပြောခဲ့သည်။
"ကျွန်မအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်အကြောင်း နည်းနည်းလောက် အရိပ်အမြွက် ပြောပြနိုင်မလား။"
ဖုန့်ချင်းယီဟာ ချင်ယွီချွမ်ရဲ့ လက်ဆောင်အကြောင်း သိချင်နေပေမယ့် သူမ မေးတိုင်း သူက နှုတ်ပိတ်နေခဲ့သည်။
"ဒီည အိမ်စောစော ပြန်လာခဲ့၊ မင်းကို ငါ စောင့်နေမယ်။"
သူ့ဆီက ဘာမှ မရနိုင်မှန်း သိတော့ ဖုန့်ချင်းယီက ညနေမှ သိရမယ်လို့ တွေးပြီး လက်လျှော့လိုက်သည်။
"ဒါဆို ကောင်းပြီလေ၊ ဒီည မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ အတူတူပဲလို့ ထင်တယ်။"
"အင်း၊ ဒီည တွေ့မယ်။"
ဖုန်းချပြီးနောက် ဖုန့်ချင်းယီဟာ သူမရဲ့ ဖုန်းမှာ မွေးနေ့ဆုတောင်းစကားတွေ အများကြီး ရောက်နေတာကို တွေ့လိုက်ရသည်။
မက်ဆေ့ခ်ျအားလုံးကို ပြန်ကြားပြီးနောက် ဖုန့်ချင်းယီသည် နောက်ဆုံးတွင် အိပ်ရာထကာ ရေချိုးသန့်စင်ပြီး ဝတ်စားဆင်ယင်လိုက်သည်။
သူမ၏ အခန်းဖော်များနှင့် အရင်ကတည်းက အစီအစဉ်ဆွဲထားတာကြောင့် သူမ အချိန်ယူပြီး မိတ်ကပ်လိမ်းကာ မီးဖိုချောင်သွားပြီး ခေါက်ဆွဲ တစ်ပန်းကန် ချက်စားလိုက်သည်။
မနက်ပိုင်း အားလပ်ချိန်ရသဖြင့် ဖုန့်ချင်းယီသည် သူမ၏ စတူဒီယို၌ ပန်းချီဆွဲရင်း အေးအေးဆေးဆေး ကုန်ဆုံးခဲ့သည်။
ချိန်းဆိုချိန် နီးမှ သူမ ဖြည်းဖြည်းချင်း ထွက်ခွာခဲ့သည်။
သူတို့သည် တရုတ်စားသောက်ဆိုင်တစ်ခုကို ကြိုတင်မှာယူထားပြီး သူမ ရောက်သွားသောအခါ ရှန်ဟန်ယွဲ့၊ ချွီကျင်းချိုးနဲ့ လော့ရှီတို့က သူမကို စောင့်နေကြပြီဖြစ်သည်။
"ချင်းယီ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ။"
"မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ မြန်မြန် ဝင်လာခဲ့။"
ပြုံးရွှင်စွာဖြင့် ဝင်လာသော ဖုန့်ချင်းယီသည် "နင်တို့အားလုံးနဲ့ ငါ့ရဲ့ ဒုတိယမြောက် မွေးနေ့ကို အတူတူ ဖြတ်သန်းရလို့ အရမ်းပျော်တယ်" ဟု ပြောလိုက်သည်။
ရှန်ဟန်ယွဲ့က ဖုန့်ချင်းယီကို အလွန်ကြီးမားသော သေတ္တာတစ်ခု ပေးလိုက်ပြီး "ဒါ နင့်အတွက် မွေးနေ့လက်ဆောင်ပဲ။ တန်ဖိုးကြီးတာတော့ မဟုတ်ဘူး၊ အဲ့တာကြောင့် အထင်တော့ မသေးနဲ့နော်။" ဟု ပြောသည်။
"ကျေးဇူးတင်ပါတယ်။"
ဖုန့်ချင်းယီသည် သေတ္တာကို ယူပြီး ခဏလောက် တန့်သွားခဲ့သည်၊ အလေးချိန်ကို ကြည့်ရင် ဒါ ဒမ်ဘယ်လ်တစ်ခု(အလေးတုံး) ဖြစ်နိုင်မလားဟု တွေးနေမိသည်။
ချွီကျင်းချိုးနဲ့ လော့ရှီတို့သည်လည်း သူတို့၏ လက်ဆောင်များကို ဖုန့်ချင်းယီကို ပေးခဲ့ကြသည်။ ဖုန့်ချင်းယီသည် လက်ဆောင်များကို လက်ခံပြီးနောက် "အားလုံးကို ကျေးဇူးတင်ပါတယ်။ စားကြရအောင်လား။" ဟု ပြောလိုက်သည်။
"အရေးကြီးတဲ့ အပိုင်းကို မမေ့နဲ့။ ဖယောင်းတိုင်တွေ ထွန်းပြီး ဆုတောင်း။" ချွီကျင်းချိုးက ရောင်စုံ ဖယောင်းတိုင်များကို ထုတ်လာခဲ့သည်။
ရောင်စုံ ဖယောင်းတိုင်များ၏ တဖျတ်ဖျတ် လင်းနေသော မီးတောက်များသည် ၁၄ လက်မ အရွယ်ရှိ ချောကလက်ကိတ်မုန့်ပေါ်၌ ကခုန်နေကြသည်။
"မြန်မြန် ဆုတောင်း၊ မြန်မြန်။" ရှန်ဟန်ယွဲ့မှ တိုက်တွန်းလိုက်သည်။
သူမရဲ့ သူငယ်ချင်းတွေ "Happy Birthday" သီချင်းဆိုနေတဲ့ကြား ဖုန့်ချင်းယီသည် မျက်လုံးမှိတ်ပြီး လာမယ့်နှစ်အတွက် ဆုတောင်းလိုက်သည်။
မွေးနေ့ဆုတောင်းများသည် အတွင်းစိတ်၏ မျှော်လင့်ချက်များကို ဖော်ပြသည့် နည်းလမ်းတစ်ခုသာ ဖြစ်ပြီး ထိုအရာများ ပြည့် မပြည့် ဆိုသည်မှာ သူမ၏ ကိုယ်ပိုင် ကြိုးစားမှုအပေါ် မူတည်သည်ဆိုသည်အား သူမ သိပေသော်ငြား မျှော်လင့်စရာ တစ်ခုခု ရှိခြင်းသည် ကောင်းသည်ဟု သူမ ယုံကြည်ဆဲပင်ဖြစ်သည်။
ဆုတောင်းပြီးနောက် ဖုန့်ချင်းယီသည် ဖယောင်းတိုင်များကို ငြိမ်းသတ်လိုက်သည်။ ဖယောင်းတိုင်များ ငြိမ်းသွားနောက် မီးခိုးဖြူများ လေထဲသို့ တက်သွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
"ငါ ကိတ်မုန့် လှီးမယ်။"
ဖုန့်ချင်းယီသည် ပလတ်စတစ် ဓားကို ကောက်ကိုင်ပြီး လူတိုင်းအတွက် တစ်စိတ်စီ လှီးပေးလိုက်သည်။
ရှန်ဟန်ယွဲ့သည် သူမ၏ အစိတ်ကို ယူပြီး "ချင်းယီ၊ နှစ်သစ်အတွက် ဘာထူးခြားတဲ့ အစီအစဉ်တွေ ရှိလဲ။" ဟု မေးလိုက်သည်။
ဖုန့်ချင်းယီသည် ကိတ်မုန့်ကို အနည်းငယ် ကိုက်စားပြီး "ထူးခြားတဲ့ အစီအစဉ်တွေဟုတ်လား။ ဘာကို ဆိုလိုတာလဲ။" လို့ ပြန်မေးခဲ့သည်။
"ရည်းစားရှာတာမျိုး ဒါမှမဟုတ် ရုတ်တရက် ခရီးထွက်တာမျိုး..."
လူတိုင်းအတွက် ဖျော်ရည်ထည့်ပေးရင်း ဖုန့်ချင်းယီသည် ဖြည်းဖြည်းချင်း ပြန်ဖြေသည်။
"အဲဒါက နင် လုပ်ချင်တာနဲ့ ပိုတူတယ်။"
"ငါတို့ အတူတူ လုပ်လို့ရတာပဲ။" ဟု ရှန်ဟန်ယွဲ့က ပျော်ရွှင်စွာ ဖြေခဲ့သည်။
"..."
မွေးနေ့တစ်ခုသည် ကြီးကျယ်ခမ်းနားသော အခမ်းအနားတွေ မလိုပေ။ သူမ၏ နံဘေးတွင် သူငယ်ချင်းများ ရှိနေခြင်းကပင် အပျော်ရွှင်ဆုံး အရာ ဖြစ်သည်။
ထွေရာလေးပါး စကားပြောကြခြင်း၊ မိန်းကလေးများ ပြောရ နှစ်ခြိုက်သော အသေးအဖွဲလေးများ ဆွေးနွေးကြခြင်း ဤသည်ပင် သဟဇာတဖြစ်ပြီး လှပနေပြီဖြစ်သည်။
နေ့လည်စာစားပြီးနောက် လေးယောက်သား ဘေးချင်းယှဉ်ပြီး လျှောက်သွားကြသည်။ ဆောင်းရာသီ၏ နေရောင်သည် နွေးထွေးညင်သာပြီး သူ၏ အလင်းတန်းများသည် သူတို့၏ အသားအရေကို သက်တောင့်သက်သာဖြစ်ပြီး နွေးထွေးစေသည်။
"ငါတို့ ဈေးဝယ်ထွက်ကြမလား ဒါမှမဟုတ် ကာရာအိုကေ သွားကြမလား။"ဟု ဖုန့်ချင်းယီက မေးသည်။
ခဏတာ ဆွေးနွေးပြီးနောက် ရှန်ဟန်ယွဲ့နှင့် ချွီကျင်းချိုးတို့သည် ဈေးဝယ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
လော့ရှီသည်လည်း ဘာမှ ကန့်ကွက်စရာမရှိပေရာ လေးယောက်သား ပျော်ရွှင်စရာ ဈေးဝယ်ထွက်ခြင်းကို စတင်လိုက်ကြသည်။
မိန်းကလေးများအတွက် ဈေးဝယ်ထွက်ခြင်းနဲ့ အရသာရှိသော အစားအစာများသည် မပျော်ရွှင်မှုအားလုံးကို ကုစားနိုင်ပေသည်။
...
မြို့တော်၊ စစ်သူကြီး၏ အိမ်တော်၊ ရော်ရွက်ကြွေခြံဝင်းအတွင်း။
ချင်ယွီချွမ်သည် နောက်ဆုံးတွင် အမှတ် ၂၀၀၀၀ စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။ အချိန်နေရာကူးပြောင်းစက်ဝန်းကို ဝယ်ယူပြီးနောက် သူ၏ လက်ကျန်ငွေသည် ဂဏန်း တစ်ခုသာ ကျန်သည့်အထိ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
သို့ပေမည့် ချင်ယွီချွမ်သည် ဤအတွက် စိတ်မဆိုးပေ။ ယခု သူသည် အချိန်နေရာကူးပြောင်းစက်ဝန်းစက်၏ လမ်းညွှန်ချက်များကို ဖတ်ရှုနေခဲ့သည်။
အချိန်နေရာကူးပြောင်းစက်ဝန်းစက်သည် လက်ရှိ အဆင့်တစ်၌ ရှိပြီး သုံးနာရီကြာ နေထိုင်ပြီးနောက် အလိုအလျောက် ပြန်လာနိုင်သည်။
လူတွေကို သုံးနာရီ အကန့်အသတ်နဲ့ ဟိုဘက်ဒီဘက် ပို့ဆောင်နိုင်ပြီး သုံးရက်သုံးည အချိန်ထပ်ခြားပြီးမှ ထပ်ရမည်ဖြစ်သည်။
ထွက်ခွာမည့်နေရာနှင့် ပြန်ရောက်မည့်နေရာအား ကိုယ်တိုင် သတ်မှတ်နိုင်သည်။
လက်ရှိ အချိန်-နေရာကို ထိခိုက်စေနိုင်သည့် သို့မဟုတ် သမိုင်းဖြစ်စဉ်များကို နှောင့်နှေးစေသည့် ဒါမှမဟုတ် အရှိန်မြှင့်စေနိုင်သည့် မည်သည့်အရာကိုမှ ပြန်သယ်ဆောင်လာခွင့် မရှိချေ။
အချိန်နေရာ ကူးပြောင်းစက်ဝန်း စက်တွင် အဆင့်ငါးအထိ အမြင့်ဆုံး ရှိပြီး အမှတ်များနှင့် အဆင့်မြှင့်တင်နိုင်ကာ အဆင့်မြှင့်တင်မှု တစ်ခုစီတိုင်းတွင် လုပ်ဆောင်ချက်အသစ်များ ပွင့်လာမည်ဖြစ်သည်။
ညွှန်ကြားချက်များနှင့် သတိပြုရမည့် အချက်များကို နားလည်ပြီးနောက် ချင်ယွီချွမ်သည် ပြင်ဆင်ထားသော ပစ္စည်းများကို သစ်သားသေတ္တာထဲ ထည့်လိုက်လေသည်။
သူမ အိမ်ပြန်ရောက်ပြီလား သူ တွေးနေမိပြီး ဒီည အရာအားလုံး အဆင်ပြေဖို့ကို မျှော်လင့်နေခဲ့သည်။
တစ်နေ့လုံး သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ပြီးနောက် ဖုန့်ချင်းယီသည် လေးနာရီလောက်တွင် အိမ်ပြန်ရောက်လာခဲ့သည်။
သူမ ဖုန်းကို ထုတ်လိုက်သောအခါ ချင်ယွီချွမ်ဆီမှ သုံးနာရီ၌ ပို့ထားသည့် မက်ဆေ့ခ်ျတစ်ခုအား တွေ့လိုက်လေသည်။
[ယွီချွမ်: မင်း အိမ်ရောက်ပြီလား။]
[ချင်းယီ: အခုမှ ပြန်ရောက်တာ။]
[ယွီချွမ်: ကောင်းပြီ။]
ဖုန့်ချင်းယီသည် ချင်ယွီချွမ်ထံမှ ဗီဒီယိုခေါ်ဆိုမှု စတင်လိမ့်မည်ဟု မျှော်လင့်ထားသော်ငြား ခဏတာမျှ စောင့်ပြီးသည်အထိ ဘာတုံ့ပြန်မှုမှ မရှိပေ။
သူ အရင် စုံစမ်းရုံပဲလား။
သူက အရင်က "ဒီည" လို့ ပြောခဲ့ပြီး အခုမှ နေ့လည်ပိုင်းပဲ ရှိသေးတော့ အလျင်စလို မလုပ်သင့်ဘူး။
ဖုန့်ချင်းယီသည် ထိုအကြောင်းအား သိပ်မစဉ်းစားတော့ပဲ သူမ၏ အိပ်ခန်းကို ပြန်သွားလိုက်သည်။
တစ်ဖက်မှာတော့ ချင်ယွီချွမ်သည် မီးဖိုချောင်ထဲမှ ချက်ပြုတ်သူများအား အစားအစာများ ပြင်ဆင်ရန် တိုက်တွန်းနေခဲ့သည်။
ဤသည်မှာ သူမ၏ မွေးနေ့ဆိုပေရာ သူမအကြိုက်ဆုံး သရေစာအချို့အပါအဝင် အစားအစာများ အဆင်သင့် ဖြစ်နေသင့်သည်။
ချက်ပြုတ်သူများသည် ဟင်းလျာများကို အလျင်အမြန် ပြင်ဆင်ပြီး အစားအသောက်ဘူးတွေထဲ ထည့်လိုက်ကြသည်။ အဲဒီတော့မှ ချင်ယွီချွမ်က ယူပြီး ထွက်သွားခဲ့သည်။
"စစ်သူကြီးက ဒီညစာကို ဘယ်သူ့အတွက် ပြင်ဆင်နေတယ်လို့ မင်းထင်လဲ။"
စားတော်ကဲ တစ်ယောက်မှ မေးလိုက်သည်။
"ဘယ်သူသိမလဲ။ ဒီရက်ပိုင်း စစ်သူကြီးက နေ့တိုင်း ညစာ တစ်နပ် ပိုပြီး ပြင်ဆင်ခိုင်းနေတယ်။ သူက မယားငယ်တစ်ယောက်ကို ဖွက်ထားတာများလား။"
"ငါတို့ အဲဒီလို မပြောသင့်ဘူး။ စစ်သူကြီးက ဘယ်မိန်းမနဲ့ နီးစပ်တာကို မင်း ဘယ်တုန်းက မြင်ဖူးလဲ။"
"မှန်တယ်။ ကောလဟာလတွေအရ စစ်သူကြီးက မိန်းမတွေကို မကြိုက်ဘူးတဲ့။"
"...မိန်းမတွေကို မကြိုက်ဘူး။ မင်း ဆိုလိုတာက...။"
"အားလုံး အသံတိုးတိုးပြောကြ။ ဘယ်သူ့ကိုမှ မကြားစေနဲ့။"
"..."
ချင်ယွီချွမ်သည် အစားအသောက်ဘူးများနှင့် သူ၏ စာကြည့်ခန်းသို့ ပြန်လာပြီး သူ့ဖုန်းကို အသုံးပြုပြီး အချိန်နေရာ ကူးပြောင်းစက်ဝန်း စက်ကို ဖွင့်လိုက်သည်။ ခဏအကြာတွင် အစားအသောက်ဘူးတွေရော ချင်ယွီချွမ်ပါ စာကြည့်ခန်းထဲက ပျောက်ကွယ်သွားခဲ့သည်။
သူမ၏ အိပ်ခန်းထဲတွင် ဖုန့်ချင်းယီလည်း ချင်ယွီချွမ်ဆီမှ သစ်သားသေတ္တာကြီး တစ်ခု လက်ဆောင် ရရှိခဲ့သည်။
ဖုန့်ချင်းယီသည် စိတ်ဝင်တစားနှင့် သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ပန်းရောင် ဝတ်စုံရှည် တစ်ထည်ကို တွေ့လိုက်ရပြီး တစ်ထည်လုံးအား ကြွေပန်းတွေနှင့် အလှဆင်ထားပေသည်။
သူမ ကြွေပန်းများကို ကြိုက်နှစ်သက်ကြောင်း တစ်ခါမျှသာ ပြောခဲ့သည်ကို သူမ မှတ်မိပြီး သူ တကယ် မှတ်မိနေသည်အား အံ့သြသွားခဲ့သည်။
ဖုန့်ချင်းယီ၏ လက်သည် ဝတ်စုံ၏ အောက်နားရှိ ပန်းပွင့်လေးများကို ညင်သာစွာ ပွတ်သပ်လိုက်လေရာ ထိုပန်းပွင့်လေးများအား တစ်ပွင့်ချင်းစီ ထိုးထားပုံရပေသည်။
ပန်းပွင့်များ၏ ပန်းထိုးလက်ရာသည် အလွန်လက်ရာမြောက်ပြီး အပြစ်အနာအဆာ တစ်ခုမှ မတွေ့ရချေ။
***