← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ( ၉၅ ) – မင်းကို မွေးနေ့ဆုတောင်းကိုယ်တိုင်ပြောချင်တယ်

ဖုန့်ချင်းယီသည် ချင်ယွီချွမ်ဆီသို့ မက်ဆေ့ခ်ျ ပို့ရန် ဖုန်းကို ထုတ်လိုက်လေသည်။

[ချင်းယီ: လက်ဆောင်ကို အရမ်းကြိုက်တယ်၊ ကျေးဇူးတင်ပါတယ်။]

[ယွီချွမ်: မင်း ကြိုက်ရင် ဘာလို့ မဝတ်ကြည့်လဲ။]

သူမ ဘယ်လိုပုံစံနဲ့ ရှိမလဲဆိုတာကို သူ မြင်ချင်တာ ဖြစ်နိုင်ပေသည်။ ဖုန့်ချင်းယီသည် ဤတောင်းဆိုချက်သည် မဆီလျော်ဘူးလို့ မထင်ပေ။

[ချင်းယီ: ကောင်းပြီ၊ အခု ဝတ်လိုက်မယ်။]

[ယွီချွမ်: မင်းကို ငါ စောင့်နေမယ်။]

ချင်ယွီချွမ် ပို့ပေးသည့် ဝတ်စုံသည် တော်တော် ထူထဲပြီး အခု ဆောင်းတွင်း ရောက်နေသည်အား ထည့်တွက်ထားပုံရသည်။ အသုံးပြုထားသော အထည်စသည်လည်း အတော်လေး နွေးထွေးပေသည်။

သို့သော် အဝတ်အစားတွင် အလွှာများစွာ ပါဝင်သောကြောင့် ဝတ်ဆင်ရသည်မှာ အနည်းငယ် ခက်ခဲပေသည်။

ချွီကျင်းချိုးသည် သူမအား အရင်က မသင်ပေးခဲ့ရင် မည်သည့်အလွှာအား အရင် စဝတ်ရမည်အား သိရန် အွန်လိုင်းတွင် ရှာရလိမ့်မယ်ဟု သူမ ခံစားရသည်။

အဝတ်အစားလဲပြီးနောက် ဖုန့်ချင်းယီသည် မှန်ထဲ ကြည့်လိုက်သောအခါ သူမ၏ ပုံစံအား အလွန် ကျေနပ်သွားပေသည်။

ဝတ်စုံသည် အဓိကအားဖြင့် ပန်းရောင်နှင့် အဖြူရောင်ဖြစ်ပြီး အင်္ကျီရင်ဘတ်နှင့် အောက်နားတွင် ဘီဂိုးနီးယား ပန်းပွင့်လေးများနှင့် အလှဆင်ထားသောကြောင့် အလွန် လှပသော ထင်ရှားသည့် အလွှာများကို ဖန်တီးပေးပေသည်။

သို့သော် သူမ၏ ဆံပင်ကို မြင်သောအခါ ဖုန့်ချင်းယီသည် အဲဒါနဲ့ သိပ်မလိုက်ဖက်ပေဟု ခံစားရသည်။

ရှေးခေတ် ဆံပင်ပုံစံများနှင့် ပတ်သက်လျှင် သူမ အမှန်ပင် ကူကယ်ရာမဲ့နေသည်မို့ ယာယီ ဖြေရှင်းချက်အနေဖြင့် သူမ၏ ဆံပင်အား ချထားရုံသာ တတ်နိုင်သည်။

အဝတ်အစားလဲပြီးနောက် ဖုန့်ချင်းယီသည် ချင်ယွီချွမ်အား စာပြန် ပို့လိုက်သည်။

[ချင်းယီ: ဝတ်စုံလဲပြီးပြီ။]

[ယွီချွမ်: အောက်ထပ်ကို ဆင်းလာခဲ့။]

[ချင်းယီ: ဘာအတွက်လဲ။]

ဖုန့်ချင်းယီသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အောက်ထပ်၌ နောက်ထပ် အံ့အားသင့်စရာတစ်ခုခု စောင့်နေသည်လား။

[ယွီချွမ်: ဆင်းလာမှ သိလိမ့်မယ်။]

[ချင်းယီ: အိုကေ၊ ကျွန်မ အခု ဆင်းလာခဲ့မယ်။]

ဖုန့်ချင်းယီသည် သူမ၏ ချည်ထည်ဖိနပ်လေးနှင့် ဖြည်းဖြည်းချင်း လှေကားမှ ဆင်းလာခဲ့သည်။ သူမ ဧည့်ခန်းအား ခေတ္တခဏမျှ လှည့်ပတ်ကြည့်ရှုခဲ့သော်ငြား ဘာမှ မရှိပေ။

သူမ တံခါးအပြင်ကို လှမ်းကြည့်လိုက်သော်ငြား ထိုနေရာသည်လည်း ဗလာကျင်းနေသည်။

"ဒီကို လာခဲ့။"

ထိုအချိန်မှာပဲ ဖုန့်ချင်းယီသည် ထမင်းစားခန်း အဝင်ဝဆီမှ အသံတစ်ခုကို ကြားလိုက်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ချင်ယွီချွမ်သည် မလှမ်းမကမ်း၌ ရပ်နေသည်အား တွေ့လိုက်ပေသည်။

သူသည် ထူးခြားသော အလှဆင်ထားခြင်း မရှိသည့် ရိုးရှင်းသော ပုံစံရှိသော အနက်ရောင် ဝတ်ရုံရှည်အား ဝတ်ဆင်ထားပေသည်။

သူ့၏ ဆံပင်ရှည်များအား ကျောက်စိမ်းရောင် သရဖူနှင့် စည်းထားပြီး သူ၏ မှင်ရောင် မျက်ဝန်းနက်များမှာမူ အေးစက်မှုနှင့် အနည်းငယ်မျှသာ မြင်နိုင်သော နူးညံ့မှုတို့နှင့် ရောယှက်နေခဲ့သည်။

သူသည် ထိုနေရာ၌ပင် ငြိမ်ငြိမ်သက်သက် ရပ်နေသော်ငြား ဖုန့်ချင်းယီအတွက်မူ သူသည် ပန်းချီကားထဲမှ ထွက်လာသော နတ်ဘုရားတစ်ပါးနဲ့ အလားတူဟန်ပေါ်သည်ဟု ခံစားရစေသည်။

သူမ ခဏတာ အံ့သြမှင်သက်သွားခဲ့ရသည်။ ထိုမျက်နှာအား အရင်က အကြိမ်ပေါင်းများစွာ မြင်ဖူးသော်ငြား သူမရှေ့တည့်တည့်တွင် ရောက်နေသည်အား သူမ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဖုန့်ချင်းယီသည် သူ့အား မလှုပ်မယှက် ကြည့်နေသည်အား မြင်သောအခါ ချင်ယွီချွမ်သည် သူမအား လက်ယပ်ခေါ်လိုက်ပြီး "ဒီကို လာခဲ့" ဟု ပြောလိုက်သည်။

ဖုန့်ချင်းယီသည် နောက်ဆုံး၌ သတိပြန်ဝင်လာပြီး "ရှင် ဘယ်လို ရောက်လာတာလဲ" ဟု မေးလိုက်လေသည်။

သူမ အလျင်အမြန် လျှောက်လာပြီး မကြာခင် ချင်ယွီချွမ်၏ နံဘေးအား ရောက်သွားခဲ့သည်။

ချင်ယွီချွမ်သည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မင်းကိုကိုယ်တိုင် မွေးနေ့ဆုတောင်းပေးချင်လို့ပါ။ကိုယ် နောက်တော့ မကျသေးပါဘူးနော်။"

"လုံးဝ နောက်မကျပါဘူး။ ရှင် ပို့ပေးတဲ့ လက်ဆောင်ကို အရမ်းကြိုက်တယ် ချွင်ယွီချွမ်။ ကျေးဇူးတင်ပါတယ်။"

ထိုသို့ ပြောပြီးနောက် ဖုန့်ချင်းယီသည် သူ့ရှေ့၌ အကြိမ်အနည်းငယ် လှည့်ပတ်ပြီး ဝတ်စုံကို ပြသလိုက်သည်။

သူ့ရှေ့၌ရှိသော ပန်းပွင့်များကဲ့သို့ တောက်ပသည့် အပြုံးနှင့် မိန်းကလေးအား ကြည့်ရင်း ချင်ယွီချွမ်၏ နှလုံးသားထဲရှိ ခံစားချက်လှိုင်းများ လှုပ်ခတ်လာခဲ့သည်။

"မင်း ကြိုက်တယ်ဆိုလို့ကိုယ် ဝမ်းသာပါတယ်။ ညစာ ယူလာတယ်၊ အတူတူ စားကြရအောင်။"

ချင်ယွီချွမ် မည်သို့ ရောက်လာသည်အား ဖုန့်ချင်းယီမေးရန် အချိန်မရခင်ပင် သူသည် သူမ၏ လက်ကို ဆွဲကာ ထမင်းစားခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖုန့်ချင်းယီ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသော သူ၏ ကြီးမား‌သော လက်ဖဝါးပြင်မှ နွေးထွေးမှုအား ခံစားလိုက်ရသောအခါ သူမ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။

သူတို့ ထမင်းစားပွဲသို့ ရောက်ရှိချိန်တွင် ဖုန့်ချင်းယီသည် သူမ၏ လက်အား သူ့ဆီမှ ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်ခဲ့သည်။

သူတို့ စားပွဲ၌ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ဤသည် သူတို့နှစ်ဦးတည်း အတူတူ ထမင်းစားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

နောက်ဆုံးအကြိမ်တုန်းက ယန်ချီ နှင့် ယန်ယန်း ပါဝင်ခဲ့သောကြောင့် အပြန်အလှန် ဆက်ဆံရေးသည် ပိုပြီး သက်တောင့်သက်သာရှိပြီး သဟဇာတဖြစ်ခဲ့သည်။

ဒီနေ့ သူတို့နှစ်ဦးတည်း ဖြစ်ပေရာ ဖုန့်ချင်းယီက လေထုသည် အနည်းငယ် ဖိအားများနေသည်ဟု ခံစားရတာကြောင့် သူမသည် တိတ်ဆိတ်မှုအား စတင် ချိုးဖျက်လိုက်သည်။

"ရှင် ဘယ်လို ရောက်လာတာလဲ။"

ချင်ယွီချွမ်က သိပ်မစားရသေးသော ဖုန့်ချင်းယီ၏ ပန်းကန်အား လှမ်းကြည့်ပြီး "အဲဒါကို နောက်မှ ပြောကြတာပေါ့။ အခုတော့ ကောင်းကောင်း စားသင့်တယ်" ဟု ပြောလိုက်သည်။

"ကောင်းပြီ။"

ဤသို့ ဖိအားခံစားရမှုသည် မည်ကဲ့သို့ ထွက်ပေါ်လာမှန်း သူမ သိပ်နားမလည်ပေ။

ဖြစ်ကောင်းဖြစ်နိုင်တာက သူက စစ်သူကြီး ဖြစ်ပေ၍ အင်မတန် ကြီးမားသော လွှမ်းမိုးမှု ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ထမင်းစားချိန်သည် အလွန်တိတ်ဆိတ်စွာနဲ့ တည်ရှိနေပြီး ဖုန့်ချင်းယီဟာ ချင်ယွီချွမ်ကို အကြိမ်ပေါင်းများစွာ မော့ကြည့်နေခဲ့သည်။

သူမ သူ့ရဲ့ အေးစက်တဲ့ မျက်လုံးနဲ့ ဆုံတိုင်း သူမဟာ စိုးရိမ်တကြီးနဲ့ မျက်လုံးလွှဲလိုက်မိသည်။

"မင်းကိုယ်နဲ့ ရှိနေတဲ့အခါ ဘာမှ စိုးရိမ်စရာ မလိုဘူးလို့ မင်းကို ပြောခဲ့တာ မှတ်မိလား၊ အရမ်း တည်ငြိမ်နေစရာ မလိုဘူး။ မင်းပုံစံအတိုင်း မင်း နေပါ။ မင်းကိုယ့်ကို ကြောက်နေတာလား။"

ဖုန့်ချင်းယီက ခေါင်းခါပြီး "မဟုတ်ဘူး၊ ရှင် ဒီကို နောက်တစ်ခါ ရောက်လာတာကို ကျွန်မ မယုံနိုင်လို့" ဟု ပြောလိုက်သည်။

"ဒါက နောင်မှာ မကြာခဏ ဖြစ်လာနိုင်တယ်။ မင်း အစောကြီးကတည်းက အသားကျသင့်တယ်။"

သူမနဲ့အတူ ရှိဖို့ အခွင့်အရေးကို သူ ဘယ်လို စွန့်လွှတ်ဖို့ ဆန္ဒရှိမှာလဲ။

ဖုန့်ချင်းယီက သူ့ရဲ့ ဆိုလိုရင်းကို ရိပ်မိပုံရတယ်။ "ရှင် ဟိုဘက်ဒီဘက် သွားလာနိုင်တဲ့ နည်းလမ်းတစ်ခု တွေ့ပြီလား။"

ချင်ယွီချွမ်က ခေါင်းညိတ်လိုက်သည်၊ "အင်း။ ပိုစားပါဦး၊ မင်း မကြာသေးခင်ကကိုယ်အလေးချိန် ကျသွားပုံရတယ်။"

"ရှင် မှားနေတာ ဖြစ်မယ်၊ ကျွန်မ တကယ်တော့ နှစ်ပေါင် တက်လာတာ။" ဟု ဖုန့်ချင်းယီက ပြန်ပြောခဲ့သည်။

"အဲဒီလိုလား။"

ချင်ယွီချွမ်က ဖုန့်ချင်းယီကို အကဲခတ်လိုက်သည်။ သူမ အတော့်ကို ပိန်နေသေးပုံရသည်။၊ သူမအတွက် အာဟာရဓာတ်များ ပို၍ လိုအပ်သည်ဟု သူထင်သည်။

ဖုန့်ချင်းယီဟာ ဖြည်းဖြည်းချင်း စားသုံးပြီးနောက် စစ်သူကြီး၏ အိမ်တော်မှ စားဖိုမှူးသည် ထူးချွန်ကြောင်း သူမ ဝန်ခံရပေမည်။ ဟင်းလျာတစ်ခုစီတွင် သူ၏ကိုယ်ပိုင် ထူးခြားသော အရသာရှိပေသည်။

အဝစားပြီးနောက် ဖုန့်ချင်းယီဟာ သူမရဲ့ မျက်နှာချင်းဆိုင်က ချင်ယွီချွမ်ဟာ စားသောက်ပြီးသည်မှာ ကြာပြီဆိုသည်အား သတိထားမိလိုက်သည်။

သူမကို စူးစိုက်ကြည့်နေပြီး အဲဒီလို ကြည့်ခံရတာကြောင့် ဖုန့်ချင်းယီဟာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သူမရဲ့ မျက်နှာမှာ တစ်ခုခု ပေကျံနေတာလား။

"ကျွန်မ စားပွဲကို ရှင်းလိုက်ဦးမယ်။"

"ကိုယ် လုပ်ပါ့မယ်။"

ချင်ယွီချွမ်က ထရပ်ပြီး ပန်းကန်တွေ၊ တူတွေနဲ့ ပန်းကန်ပြားအားလုံးကို အစားအသောက်ဘူးထဲ ထည့်လိုက်သည်။

သူ ဒါတွေကို အိမ်ပြန်ယူသွားပြီးမှ ဆေးဖို့ စီစဉ်နေတာလား။

ဖုန့်ချင်းယီက ချင်ယွီချွမ်ရဲ့ လက်ထဲက အစားအသောက်ဘူးကို ယူလိုက်သည်။

"ဒါတွေကို ကျွန်မ မီးဖိုချောင်ကို ယူသွားပြီး ဆေးလိုက်မယ်။ ရှင်ဧည့်ခန်းမှာ သွားထိုင်နေပါလား။"

ချင်ယွီချွမ်က လွှတ်ပေးလိုက်ပြီး ဖုန့်ချင်းယီကို မီးဖိုချောင်ဘက်ကို သွားခွင့်ပြုလိုက်သည်။

ချင်ယွီချွမ်က မထွက်သွားပဲ ဖုန့်ချင်းယီနောက်ကို လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။

ဤနေရာရှိ အရာအားလုံးသည် သူ ပထမဆုံး ရောက်လာသည့် အချိန်နှင့် အတူတူပေ။ သူမသည်လည်း မပြောင်းလဲသေးပေ။

ပန်းကန်တွေကို ပန်းကန်ဆေးစက်ထဲ ထည့်ပြီးနောက် ဖုန့်ချင်းယီဟာ လက်ဆေးလိုက်သည်။ သူမ၏ အင်္ကျီလက်သည် အရမ်းကျယ်သောကြောင့် အနည်းငယ် စိုစွတ်သွားခဲ့သည်။

ဖုန့်ချင်းယီသည် လှည့်ကြည့်လိုက်သောအခါ ချင်ယွီချွမ်က သူမကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ရှင် ဘာအသံမှ မပေးဘူး။"

တော်တော် လန့်သွားဟန်ပေါ်သည်။

ချင်ယွီချွမ်က ဖုန့်ချင်းယီရဲ့ အင်္ကျီလက်အား ကြည့်ပြီး သူမဆီ လျှောက်သွားလိုက်သည်။

သူ၏ ကြီးမားသော လက်တစ်စုံသည် သူမ၏ စိုစွတ်နေသော အင်္ကျီလက်ခေါက်ထားသည့် နေရာအား ညင်သာစွာ ပွတ်သပ်လိုက်လေသည်။

ခဏလေးအတွင်း၌ပင် ဖုန့်ချင်းယီဟာ ခုနက စိုနေတဲ့ နေရာဟာ အခု ခြောက်သွားပြီဆိုတာ တွေ့လိုက်ရသည်။

ဘာတွေ ဖြစ်နေတာလဲ။ ဒါက ဘယ်လို အဆင့်မြင့် နည်းပညာမျိုးလဲ။

"ရှင် ဘယ်လို လုပ်လိုက်တာလဲ။"

ချင်ယွီချွမ်ရဲ့ မျက်နှာက မပြောင်းလဲဘဲ "အတွင်းအား" ဟု ပြောသည်။

"...အတွင်းအားဆိုတာ တကယ် ရှိတာလား။ ရှင်ကိုယ်ဖော့နိုင်လား။ မင်း ပျံသန်းနိုင်လား။"

ဖုန့်ချင်းယီဟာ ချင်ယွီချွမ်ကြောင့် အံ့အားသင့်သွားခဲ့တယ်။ တီဗီ ဇာတ်လမ်းတွဲတွေမှာ ပြထားတာတွေ အားလုံး တကယ် ဖြစ်နိုင်လား။

"ကိုယ် လုပ်နိုင်တယ်။"

ဖုန့်ချင်းယီဟာ ပိုပြီး စိတ်လှုပ်ရှားသွားပြီး "ရှင် ကျွန်မကို သရုပ်ပြပေးနိုင်မလား။" ဟု မေးလိုက်သည်။

"မရဘူး။"

သူမ ငြင်းပယ်ခံရပေမယ့် ဖုန့်ချင်းယီဟာ သိပ်စိတ်မပျက်ခဲ့ဘူး။

နောက်ဆုံးတော့ သူဟာ သူမရဲ့ မဆီလျော်တဲ့ တောင်းဆိုချက်တချို့ကို မကြာခဏ ငြင်းပယ်လေ့ရှိတယ်။

ဖုန့်ချင်းယီရဲ့ ညှိုးနွမ်းနေတဲ့ မျက်နှာကို မြင်တော့ ချင်ယွီချွမ်က လက်ကို ဆန့်တန်းပြီး သူမရဲ့ ခေါင်းကို ပုတ်ပေးလိုက်သည်။

"အခုတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အခွင့်အရေးရရင် နောင်မှာ လုပ်ပြလို့ရတယ်" ဟု ချင်ယွီချွမ်က ပြောလိုက်သည်။

ဖုန့်ချင်းယီက ချက်ချင်းဆိုသလို မျက်လုံးတွေ တောက်ပသွားသည်။

"ဒါကတိတစ်ခုပဲ။ ရှင်ကျွန်မကို လှည့်စားလို့ မရဘူး။"

"ကိုယ် မင်းကို ဘယ်တုန်းက လှည့်စားခဲ့ဖူးလို့လဲ။"

ချင်ယွီချွမ်က သူမရဲ့ ခေါင်းပေါ်က သူ့လက်ကို ဖယ်လိုက်သည်။

ဖုန့်ချင်းယီက "ဧည့်ခန်းကို သွားရအောင်" ဟု ပြောသည်။

ဧည့်ခန်းထဲ ရောက်တော့ ချင်ယွီချွမ်ဟာ သူ့ကိုယ်သူနဲ့ ဖုန့်ချင်းယီကြားက အကွာအဝေးကို တမင် လျှော့ချလိုက်သည်။

နှစ်ယောက်သား နီးနီးကပ်ကပ် ထိုင်လိုက်ကြတယ်။ ဖုန့်ချင်းယီက ကော်ဖီစားပွဲပေါ်က အဝေးထိန်းခလုတ်ကို လှမ်းယူလိုက်သည်။

သူမရဲ့ လက်ဆန့်တန်းလိုက်တဲ့အချိန်မှာ ချင်ယွီချွမ်က သူ့ရဲ့ ရေခွက်ကို လှမ်းယူနေတုန်း သူ့ရဲ့ လက်နဲ့ တိုက်မိသွားသည်။

ဖုန့်ချင်းယီဟာ အနေရခက်စွာ သူမရဲ့ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ "တောင်းပန်ပါတယ်။"

***

All Chapters