အခန်း ၇၁၅
Vol. 61 Ch. 715
အပိုင်း (၇၁၅)
ယွင်ကျုံးဟဲ့ အလုပ်ရရှိရေးအတွက် လက်အောက်ငယ်သား တစ်ဦးက အကြံပြုလိုက်သည်။ “ကင်းမှူး… အဲဒါဆို သူ့ကို မြင်းလှည်းမောင်းတာ သင်ခိုင်းပြီး အများသုံး မြင်းလှည်းမောင်းတဲ့သူ လုပ်ခိုင်းလိုက်မလား။”
ကင်းမှူးလီရွှယ်က ခေါင်းယမ်းလိုက်၏။
“သံမဏိအလုပ်ရုံမှာ ကျွန်တွေကို ကြီးကြပ်ဖို့ ကြီးကြပ်ရေးမှူးတစ်ယောက် လိုနေတယ်။ သူ့ကို အဲဒီ လွှတ်လိုက်မလား။ ဘာပဲဖြစ်ဖြစ် ဒါလည်း အလုပ်တစ်ခုပဲလေ။”
ကင်းမှူးလီရွှယ်က ခေါင်းယမ်းပြဆဲ ဖြစ်သည်။
ဘာကြောင့်မှန်း မသိသော်လည်း သူမက ယွင်ကျုံးဟဲ့၏ ပြိုင်ဘက်ကင်းလောက်အောင် ချောမောသော မျက်နှာဖြင့် အောက်ခြေအလုပ်များကို မလုပ်သင့်ဘဲ ဂုဏ်သိက္ခာရှိသော အလုပ်များကိုသာ လုပ်သင့်ကြောင်း ခံစားရသည်။ ထိုသို့မဟုတ်ပါက တန်ဖိုးကြီးပစ္စည်းများကို အလဟဿ ဖျက်ဆီးပစ်သကဲ့သို့ ခံစားရမှာဖြစ်၏။
လုပ်အားတွင် အဆင့်အတန်း မခွဲခြားဟု ဆိုသော်လည်း ဤမျှ ချောမောပြီး မြင့်မြတ်သော အသွင်ရှိသူကို ဤသို့ အလဟဿ မဖြစ်စေနိုင်ပေ။
ယွင်ကျုံးဟဲ့အတွက် အလုပ်ရှာပေးရန် ကင်းမှူးလီရွှယ်သည် မှတ်တမ်းပေါင်း ထောင်ချီ၍ လှန်လှော ရှာဖွေခဲ့သည်။ ထိုအရာများက အင်ပါယာ၏ အစိုးရအလုပ် လစ်လပ်နေရာများ ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့နှင့် သင့်တော်သော အလုပ်တစ်ခုမှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အားလုံးက သက်ဆိုင်ရာဘွဲ့များ လိုအပ်ပြီး သတ်မှတ်ချက်များ အလွန် မြင့်မားသောကြောင့်ပင်။
ရုတ်တရက် သူမ၏ အကြည့်က မှတ်တမ်းတစ်ခုပေါ်တွင် ကျရောက်သွားသည်။ ၎င်းက ထူးဆန်းသည့် အလုပ်တစ်ခု ဖြစ်သည်။
မည်သည့်ဘွဲ့ကိုမှ မတောင်းဆိုသလို မည်သည့် သက်မွေးဝမ်းကျောင်း အရည်အချင်းကိုမှလည်း မတောင်းဆိုပေ။ ဆိုလိုသည်မှာ မည်သည့် သတ်မှတ်ချက်မှ မရှိခြင်း ဖြစ်သည်။ သို့ပေမည့် သတ်မှတ်ချက် မရှိခြင်းကပဲ အမြင့်ဆုံး သတ်မှတ်ချက် ဖြစ်၏။
ထိုအလုပ်က လစ်လပ်နေသည်မှာ ငါးနှစ်ရှိပြီ ဖြစ်သော်လည်း လူမရသေးပေ။ လာရောက် လျှောက်ထားသူ မရှိခြင်း မဟုတ်ဘဲ ထိုအရာက မရေမတွက်နိုင်သော လူများ အိပ်မက်မက်နေသည့် ရာထူးတစ်ခု ဖြစ်သည်။
အင်ပါယာ၏ အမြင့်ဆုံး စာသင်ကျောင်းမှ ပါရဂူများ၊ အင်ပါယာ၏ အမြင့်ဆုံး ကိုယ်ခံပညာကျောင်းမှ ပါရဂူများ အားလုံး ထိုရာထူးကို လုယူခဲ့ကြသည်။ သို့ပေမည့် ခြွင်းချက်မရှိ အားလုံး ပယ်ချခံခဲ့ရ၏။
ထိုရာထူးကိုသာ လျှောက်ထား အောင်မြင်သွားပါက ချက်ချင်းပဲ ကောင်းကင်သို့ တက်လှမ်းသွားနိုင်မှာဖြစ်၏။ ငါးကြင်းက နဂါးတံခါးကို ခုန်ကျော်သွားခြင်း ဖြစ်သည်။
ဤငါးနှစ်အတွင်း ထောင်သောင်းချီသော အထူးချွန်ဆုံး အရည်အချင်းရှိသူများ လာရောက် လျှောက်ထားခဲ့ သော်လည်း အားလုံး ကျရှုံးခဲ့ကြ၏။
ကင်းမှူးလီရွှယ်က ပြောလိုက်သည်။ “အဲဒါဆို ယွင်ကျုံးဟဲ့ကို ဒီရာထူး သွားစမ်းခိုင်းကြည့်ရအောင်လား။”
ဒုကင်းမှူးက ပြောလိုက်၏။ “ကင်းမှူး... ရှင် ရူးနေပြီလား။ အုပ်ချုပ်ရေးမှူးရဲ့ သားက ဘယ်လောက် ထူးချွန်လဲ။ အင်ပါယာရဲ့ အမြင့်ဆုံး ကိုယ်ခံပညာကျောင်းက ပါရဂူတွေကရော ဘယ်လောက် ထူးချွန်လဲ။ အားလုံး လျှောက်ထားတာ ကျရှုံးခဲ့ကြတယ်။ ယွင်ကျုံးဟဲ့မှာ ဘာဘွဲ့မှလည်း မရှိဘူး၊ ဘာအရည်အချင်း မှလည်း မရှိဘဲနဲ့ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။
ဒီရာထူးက အရမ်း အရေးကြီးတယ်။ ငါးနှစ်အတွင်း လူမရေမတွက်နိုင်အောင် ကျရှုံးခဲ့တယ်ဆိုပေမယ့် လူတွေ့စစ်ဆေးခွင့် ရဖို့ဆိုတာက အရမ်း တန်ဖိုးကြီးတယ်။ ကျွန်မတို့ ကင်းနယ်မြေမှာ တစ်နေရာပဲ ရတာ။ ကျွန်မတို့ ခြံဝင်းထဲမှာ ယွင်ကျုံးဟဲ့ထက် ထူးချွန်တဲ့သူတွေ ဘယ်လောက်တောင် ရှိလဲမသိဘူး။ ယွင်ကျုံးဟဲ့ကို လူတွေ့ သွားစစ်ခိုင်းမယ်ဆိုရင် မတရားသလို မဖြစ်နေဘူးလား။”
ကင်းမှူးလီရွှယ်က ပြန်ပြောသည်။ “ဘယ်လောက် ထူးချွန်တဲ့သူတွေ သွားစစ်စစ် အကုန် ကျရှုံးခဲ့တာပဲလေ။ ယွင်ကျုံးဟဲ့ကို သွားစမ်းခိုင်းတာကမှ ပိုမကောင်းဘူးလား။”
ဒုကင်းမှူးက ပြောလိုက်၏။ “ကင်းမှူး... ရှင် ယွင်ကျုံးဟဲ့အပေါ် နည်းနည်း မျက်နှာလိုက်နေသလိုပဲ။”
ကင်းမှူးလီရွှယ်က မေးလိုက်သည်။ “ဒီလိုမျိုး သပ်ရပ်ပြီး ချောမောတဲ့သူ တစ်ယောက်ကို ရှင်ကရော မျက်နှာမလိုက်ချင်ဘူးလား။”
ဒုကင်းမှူးက ဖြေ၏။ “မျက်နှာလိုက်ချင်တာပေါ့။ အဲဒါကြောင့် ကျွန်မ သူ့အတွက် တခြား လမ်းကြောင်းတစ်ခု ရှာပေးထားတယ်။ ရှင့်အထင် သူ့ရဲ့ အားသာချက်က ဘာလို့ ထင်လဲ။”
ကင်းမှူးလီရွှယ်က ပြောလိုက်သည်။ “ချောမောတယ်။ မြင့်မြတ်တဲ့ အသွင်ရှိတယ်။”
ဒုကင်းမှူးက ပြော၏။ “ဟုတ်တယ်။ အဲဒါက သူ့ရဲ့ အရည်အချင်းပဲ။ ဒီလောက် ပြိုင်ဘက်ကင်းအောင် ချောမောနေမှတော့ သူ့ကို အိမ်ထောင်ဖက်ရှာပွဲကိုပဲ သွားခိုင်းလိုက်ပါ။ အင်ပါယာမှာ ယောက်ျားမရှိတဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး စစ်အရာရှိတွေ ဘယ်လောက်များလဲ။ ဘယ် အမျိုးသမီးခေါင်းဆောင်ရဲ့ စိတ်ထဲမှာမှ အချောအလှလေးတစ်ယောက်ကို မက်တဲ့ အိပ်မက် မရှိဘဲ နေမလဲ။”
ကင်းမှူးလီရွှယ်ရှေ့တွင် အခွင့်အရေး နှစ်ခု ရှိနေသည်။
ရာထူးတစ်ခုက ငါးနှစ်အတွင်း မည်သူမှ လျှောက်ထား အောင်မြင်ခြင်း မရှိသော ရာထူးဖြစ်ပြီး တစ်ကြိမ် အောင်မြင်သည်နှင့် ကောင်းကင်သို့ ပျံတက်သွားနိုင်မှာဖြစ်၏။
နောက်တစ်ခုမှာ အသက်သာဆုံးဖြစ်သည့် မိန်းမထမီနား ခိုစားရမည့် အခွင့်အရေးဖြစ်၏။ သူမရှေ့တွင် ထူးချွန်သော အမျိုးသမီး စစ်အရာရှိ ဆယ်ဂဏန်းခန့်၏ ဓာတ်ပုံများ ရှိနေကာ အားလုံးက အပျိုများဖြစ်ပြီး လိုအပ်ချက် မြင့်လွန်းသောကြောင့် အသက် သုံးဆယ်အထိ ယောက်ျား မရှာနိုင်သေးသူများ ဖြစ်ကြသည်။
………………………
ယွင်ကျုံးဟဲ့၏ အခန်းတံခါး ခေါက်သံ ထွက်လာသည်။ တံခါးဖွင့်လိုက်ချိန်တွင် တင်းမာသော မျက်နှာထားဖြင့် ကင်းမှူးလီရွှယ်က အပြင်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။
ကင်းမှူးလီရွှယ်က ပြောလိုက်သည်။ “ရေချိုး၊ အဝတ်အစားလဲပြီး ကျွန်မနဲ့ အပြင် ခဏ လိုက်ခဲ့။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာ... ဘာလုပ်ဖို့လဲ။”
ကင်းမှူးလီရွှယ်က ဖြေသည်။ “အိမ်ထောင်ဖက်ရှာပွဲကို သွားဖို့။”
ယွင်ကျုံးဟဲ့က သတိထားကာ ထပ်မေးလိုက်၏။ “ရုပ်... ရုပ်ဆိုးတဲ့သူတွေတော့ မဟုတ်လောက်ဘူးမလား။”
ကင်းမှူးလီရွှယ်က အေးစက်သော အသံဖြင့် ဖြေလိုက်သည်။ “အားလုံးက အင်ပါယာရဲ့ အင်အားအကြီးဆုံးနဲ့ အထူးချွန်ဆုံး အမျိုးသမီး စစ်အရာရှိတွေချည်းပဲ။ သူတို့က အင်ပါယာအတွက် နှစ်ရှည်လများ အလုပ်အကျွေး ပြုနေလို့ တစ်သက်တာကိစ္စကို နောက်ကျခဲ့ရတာ။ ဗိုလ်ချုပ်အဆင့်တွေတောင် ပါတယ်။ ဒါပေမဲ့ အမျိုးသမီး ဗိုလ်ချုပ်ကိုတော့ ရှင် မျှော်လင့်မနေနဲ့။ သူက ရှင်ကို ကြည့်မှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ကောင်းကင်ကို မော့ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ကျူ့ယွီယန် ပြောခဲ့သည်က တကယ်ကို တိုက်ဆိုင်သွားခဲ့ခြင်း ဖြစ်၏။
ကောင်းကင်က သူ့ကို ပြိုင်ဘက်ကင်းသော ရုပ်ရည် ပေးထားခြင်းမှာ မိန်းမထမီနား ခိုစားရန်အတွက် သက်သက် ဖြစ်နေသည်လား။
ဤသည်မှာ ယွင်ကျုံးဟဲ့၏ ပထမဆုံးသော အိမ်ထောင်ဖက်ရှာပွဲ အတွေ့အကြုံပင်။ သူမက ချိုသာသော ရုပ်ရည်ရှိသည့် အမျိုးသမီး စစ်အရာရှိတစ်ဦးဖြစ်ပြီး ယွင်ကျုံးဟဲ့ မြင်ဖူးသမျှထဲတွင် အရပ်အပုဆုံး မိန်းကလေးလည်း ဖြစ်သည်။ အရပ်မှာ တစ်ဒသမ ခုနစ်မီတာခန့်သာ ရှိသည်။
ယွင်ကျုံးဟဲ့ကို မြင်ပြီးနောက် သူမသည် မနေနိုင်ဘဲ အနည်းငယ် အံ့ဩသွားပြီး အံ့မခန်း ချောမောမှုကြောင့် မှင်တက်သွားရ၏။
အိမ်ထောင်ဖက်ရှာပွဲကို အကြိမ်များစွာ သွားခဲ့ဖူးသော်လည်း ဤမျှ ချောမောသော အမျိုးသားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အမျိုးသမီး စစ်အရာရှိက မေးလိုက်၏။ “ကျွန်မက သမားတော်တစ်ယောက်ပါ။ ရှင် ရွံရှာလား။”
ယွင်ကျုံးဟဲ့ အနည်းငယ် ကြောင်အသွားသည်။ ဤအရာက ဘာများ ရွံရှာစရာ ရှိသနည်း။
ချိုသာသော ရုပ်ရည်ရှိသည့် အမျိုးသမီး စစ်အရာရှိက ရှင်းပြသည်။ “စစ်တပ်ထဲက သမားတော် အများစုက ယောက်ျားတွေချည်းပဲ။ မိန်းမတွေက အရမ်း ရှားတယ်။ ကုသပေးရတာဖြစ်တဲ့အတွက် ယောက်ျားတွေရဲ့ ခန္ဓာကိုယ်ကို ခဏခဏ မြင်ရတယ်။ အင်ပါယာက ယောက်ျား တော်တော်များများက ရှေးရိုးစွဲကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်မ ကုသပေးတိုင်း လက်အိတ် စွပ်ထားတာပါ။”
‘ချီးတဲ့မှ…’
ခေတ်သစ် ကမ္ဘာမြေတွင် အမျိုးသမီး ဆရာဝန်များ အများအပြား ရှိသည်။ ယွင်ကျုံးဟဲ့သည် လှပသော အမျိုးသမီး ဆရာဝန် နှစ်ဆယ်၊ သုံးဆယ်ခန့်နှင့် ချိန်းတွေ့ဖူး၏။
နောက်ပိုင်းတွင် ဆေးရုံအုပ်ကြီးက သူ့ကို လာရှာကာ ခါးသီးစွာဖြင့် ပြောခဲ့ရသည်။ “ဌာနမှူးယွင်… ယုန်တောင်မှ ကိုယ့်ကျင်းနားက မြက်ကို မစားပါဘူး။ ခင်ဗျား ဒီလို လျှောက်လုပ်နေလို့ ကျုပ်တို့မြို့က ဆေးရုံတော်တော်များများ အလုပ် လုပ်လို့ မရတော့ဘူး။ အမျိုးသမီး ဆရာဝန် တစ်အုပ်စုက ခင်ဗျားတစ်ယောက်တည်းအတွက်နဲ့ အချင်းချင်း ပြဿနာတွေ တက်ကုန်ပြီ။ ခင်ဗျားက တကယ့် ပြဿနာကောင်လေးပဲ။”
ချိုသာသော အမျိုးသမီး စစ်အရာရှိက ဆက်ပြော၏။ “ကျွန်မ ငယ်ငယ်တည်းက ဆေးပညာကို အရမ်း ဝါသနာပါတယ်။ အမှတ်တွေလည်း အရမ်းကောင်းတယ်။ ကျွန်မက အရမ်း ထူးချွန်လွန်းလို့ ပဉ္စမ တပ်တော်မှာ သမားတော်အနေနဲ့ တာဝန်ချထားခံရတာ။ ဒါပေမဲ့ ဒီအလုပ်က အိမ်ထောင်ပြုဖို့ ဒီလောက် ခက်ခဲမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို စစ်တပ်ထဲက အမျိုးသား စစ်အရာရှိတွေက ခင်ဗျားကို အရမ်း နားလည်ပေးနိုင်မှာပေါ့။ သူတို့ကို လက်ထပ်ဖို့က မခက်ခဲဘူးလေ။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်၏။ “ဟွန့်… အဲဒီလူတွေက အစွဲအလမ်းအကြီးဆုံးနဲ့ ရှေးရိုးအစွဲဆုံး လူတွေပဲ။ ကျွန်မ မိဘတွေကလည်း အရမ်း စိုးရိမ်နေကြလို့ ပိတ်ရက်ရောက်တိုင်း ကျွန်မကို အိမ်ထောင်ဖက်ရှာပွဲ လွှတ်တာပဲ။ ကျွန်မ စုစုပေါင်း အိမ်ထောင်ဖက်ရှာပွဲကို သုံးဆယ့်ကိုးကြိမ် ရောက်ဖူးပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ရလဒ်က ဘယ်လိုလဲ။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က ဖြေ၏။ “အများစုကတော့ ကျွန်မက သူတို့ကို သဘောမကျတာ။ တစ်ခါတလေ ထူးချွန်တဲ့သူ တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ တွေ့ရင်လည်း ကျွန်မရဲ့ အလုပ်အပေါ် အထင်လွဲမှုတွေ အပြည့်ပဲ။ အင်ပါယာက ယောက်ျား တချို့ရဲ့ တွေးခေါ်ပုံက တကယ်ကို ယိုယွင်းနေပြီ။ ကျွန်မ ဒီနှစ် အသက် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီ။ ရှင်ကရော။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ်က သုံးဆယ့်တစ်နှစ်ပါ။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က မေးလိုက်၏။ “ဒါဆို ရှင် အိမ်ထောင်ဖက်ရှာပွဲကို ဘယ်နှကြိမ် ရောက်ဖူးပြီလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ပထမဆုံးအကြိမ်ပါ။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က အံ့ဩတကြီး ပြောလိုက်၏။ “ကောင်းကင်ဘုံ... ကျွန်မ တကယ် ကံကောင်းတာပဲ။ ရှင့်ရဲ့ ပထမဆုံးအကြိမ်ကို ကျွန်မက ရသွားတာကိုး။”
ထိုစကားကို ပြောပြီးနောက်မှ ထိုစကားက မသင့်တော်မှန်း သူမ သတိထားမိသွားကာ မျက်နှာတစ်ခုလုံး ချက်ချင်း နီရဲသွားသည်။
ထို့နောက် သူမက ဆက်ပြော၏။ “ကျွန်မက အဆင့်သုံး နိုင်ငံသားပါ။ အင်ပါယာက အိမ်တစ်လုံး ပေးထားတယ်။ လစဉ် ဝင်ငွေက ငွေဒင်္ဂါး ငါးဆယ်ရပြီး နှစ်စဉ် ထောက်ပံ့ကြေးတွေနဲ့ဆိုရင် တစ်နှစ်ကို ငွေဒင်္ဂါး ရှစ်ရာလောက် ရတယ်။”
ထိုအရာက တစ်နှစ် ဝင်ငွေ ယွမ်သုံးသိန်း နီးပါးနှင့် ညီမျှသည်။ ထို့အပြင် မြို့ကြီးပြကြီးတွင် အိမ်တစ်လုံး ရရှိထားပြီး သာမန် စားဝတ်နေရေးအတွက်လည်း ငွေကုန်ကြေးကျ မရှိပေ။ တာ့ယန် အင်ပါယာသစ်၏ ချမ်းသာကြွယ်ဝမှုသည် တကယ်ကို ထိတ်လန့်စရာ ကောင်းလှသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်က အလုပ်လက်မဲ့၊ အဆင့်တစ် နိုင်ငံသားပါ။ တစ်လကို ထောက်ပံ့ကြေး ငွေဒင်္ဂါး သုံးပြား ရပါတယ်။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က အံ့ဩသွားကာ မေးလိုက်သည်။ “ရှင်... ရှင် ဒီလောက် ချောတာကို အလုပ် မရှိဘူးလား။ ပြီးတော့ အဆင့်တစ် နိုင်ငံသားလား။”
ယွင်ကျုံးဟဲ့က မေး၏။ “ကျုပ်က ခင်ဗျားကို အရမ်း စိတ်ပျက်သွားစေလား။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က ဖြေလိုက်သည်။ “နည်းနည်းတော့ စိတ်ပျက်သွားတယ်။”
ထို့နောက် သူမက ဆက်မေး၏။ “ရှင် ဘာကို ဝါသနာပါလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဂီတ၊ စာဖတ်တာ၊ နက္ခတ္တဗေဒနဲ့ ပထဝီဝင်ပေါ့။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ရှင်လည်း နက္ခတ္တဗေဒကို ဝါသနာပါတာလား။”
ထို့နောက် သူတို့နှစ်ဦးသည် နက္ခတ္တဗေဒအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးကြတော့၏။ အတူတူ လက်ဖက်ရည်သောက်ကြပြီး ညစာကိုလည်း အတူတူ စားကြသည်။
စုစုပေါင်း ငွေဒင်္ဂါး ငါးပြား ကုန်ကျခဲ့ပြီး ထိုအရာက အလွန်အမင်း အဆင့်မြင့်သော စားသောက်မှု ဖြစ်သည်။ ယွင်ကျုံးဟဲ့တွင် ပိုက်ဆံမရှိသောကြောင့် တစ်ဖက် မိန်းကလေးကပဲ ရှင်းပေးခဲ့၏။
ချိုသာသော အမျိုးသမီး စစ်သမားတော်က ပြောလိုက်သည်။ “အရမ်း နောက်ကျနေပြီ။ ကျွန်မ အိမ်ပြန်တော့မယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စကားပြောရတာ အရမ်း ပျော်ဖို့ကောင်းတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် နေတဲ့ အဆောင်ကလည်း တံခါးပိတ်တော့မှာဆိုတော့ ကျုပ်လည်း ပြန်တော့မယ်။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က ခေတ္တ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။ “ညဘက် အများသုံး မြင်းလှည်းစီးရင် ပိုက်ဆံပေးရတယ်။ ရှင်... ရှင့်မှာ ပိုက်ဆံ ရှိရဲ့လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မြင်းလှည်းစီးဖို့ ပိုက်ဆံတော့ ရှိပါတယ်။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က ပြောလိုက်သည်။ “ဒီနေ့ ကျွန်မတို့ စကားပြောရတာ အရမ်း အဆင်ပြေပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ အိမ်ထောင်ပြုတယ်ဆိုတာ အရမ်း အရေးကြီးတဲ့ ကိစ္စလေ။ အဲဒါကြောင့်... တောင်းပန်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “ရပါတယ်။ ခင်ဗျားလို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ နေ့လယ်ခင်း တစ်ခုလုံး စကားပြောခွင့်ရတာ တကယ်ကို ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က ဖြေသည်။ “ကျွန်မ နာမည် ထျန်ထျန်ပါ။ ရှင်ကရော။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ် နာမည် ယွင်ကျုံးဟဲ့ပါ။”
ချိုသာသော အမျိုးသမီး စစ်သမားတော်က နှုတ်ဆက်လိုက်သည်။ “ဒါဆို... ဒါဆို သွားလိုက်ပါအုံးမယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကောင်းပါပြီ။”