← Chapters

အခန်း ၇၁၇

Vol. 61 Ch. 717

အခန်း ၇၁၇

Vol. 61 Ch. 717

အပိုင်း (၇၁၇)

ကျူ့ယွီယန်၏ မိသားစု နောက်ခံက အလွန် မြင့်မားပုံရပြီး သူမကိုယ်တိုင်ကလည်း အလွန် လှပကာ မိစ္ဆာတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် စွဲမက်ဖွယ်ကောင်းလောက်အောင် ပြည့်ဖြိုးလှသည်။

သူမ၏ လက်များက အလောင်းများကို ခွဲစိတ်နေသော်လည်း အမျိုးသားများက သူမနောက်သို့ တကောက်ကောက် လိုက်နေကြဆဲဖြစ်၏။

ဗိုလ်ချုပ် အိုးရန်သည် အလွန် ထူးချွန်သူတစ်ဦး ဖြစ်သည်။ အသက် သုံးဆယ်ကျော် အရွယ်တွင် ဗိုလ်ချုပ် ဖြစ်နေပြီဖြစ်ကာ မိသားစု နောက်ခံ၊ အရည်အချင်း၊ ရုပ်ရည်နှင့် အမူအရာတို့က တစ်သောင်းတွင် တစ်ယောက် ရှာရခက်လောက်အောင် ပြည့်စုံလှသည်။

သို့ပေမည့် သူက ကျူ့ယွီယန်ကို ကြည့်သော အကြည့်များတွင် အစွမ်းကုန် ထိန်းချုပ်ထားသော်လည်း ပူပြင်းမှုနှင့် ချစ်မြတ်နိုးမှုများက ထင်ဟပ်နေဆဲဖြစ်၏။

ထို့နောက် ယွင်ကျုံးဟဲ့တို့က ကျစ်လျစ်သော အမျိုးသမီး စစ်အရာရှိနှင့် စကားပြောနေသည်။

ကျူ့ယွီယန်နှင့် ဗိုလ်ချုပ် အိုးရန်တို့ကလည်း အခြားစားပွဲတစ်လုံးတွင် စကားပြောနေကြပြီး တစ်ဖက်နှင့် တစ်ဖက် အနှောင့်အယှက် မပေးကြပေ။

ညဘက်တွင် ယွင်ကျုံးဟဲ့သည် ကျစ်လျစ်သော အမျိုးသမီး စစ်အရာရှိနှင့်အတူ ညစာစားခဲ့သည်။ ယွင်ကျုံးဟဲ့က ပိုက်ဆံရှင်းရန် ပြင်သော်လည်း တစ်ဖက်က တားမြစ်လိုက်၏။

“ကျွန်မတို့ စစ်တပ်ထဲမှာက ပွင့်ပွင့်လင်းလင်းပဲ လုပ်ကြတာ။”

ကျစ်လျစ်သော အမျိုးသမီး စစ်အရာရှိက ပြောလိုက်သည်။ “ကျွန်မကိုယ်တိုင် ရှင့်ကို သဘောကျပါတယ်။ ဒါပေမဲ့ ရှင်က အလုပ်လက်မဲ့ အဆင့်တစ် နိုင်ငံသား ဖြစ်နေတယ်။ ရှင့်ကို လက်ထပ်လိုက်ရင် မိဘတွေကို ရှင်းပြဖို့ အရမ်း ခက်ခဲလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း ခေါင်းဖော်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် တောင်းပန်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြော၏။ “ကိစ္စမရှိပါဘူး။ ကျုပ် ခင်ဗျားကို အပြင်အထိ လိုက်ပို့ပေးပါ့မယ်။”

ထို့နောက် ယွင်ကျုံးဟဲ့က သူမကို အပြင်သို့ လိုက်ပို့ပေးလိုက်သည်။

ယနေ့တွင် သိပ်မမှောင်သေးသောကြောင့် ယွင်ကျုံးဟဲ့သည် မြင်းလှည်း မစီးတော့ဘဲ လမ်းလျှောက်၍ ပြန်လာခဲ့၏။

ဤအိမ်ထောင်ဖက်ရှာပွဲ သုံးကြိမ်က သူ့ကို တကယ်ကို အရသာမျိုးစုံ ခံစားရစေခဲ့၏။ သူ၏ ရုပ်ရည်က အမျိုးသမီးများကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သော်လည်း တစ်ဖက်က အသိတရား ပြန်ဝင်လာကြသည်။

ဤတာ့ယန် အင်ပါယာသစ်တွင် လူတန်းစား ခွဲခြားမှုက ကောင်းကင်ထက်ပင် ကြီးမားနေပြီး ကျော်ဖြတ်ရန် အလွန် ခက်ခဲလှ၏။

“ဘယ်လိုလဲ။ ထပ်ကျရှုံးပြန်ပြီလား။” နောက်ဘက်မှ ကျူ့ယွီယန်၏ အသံ ထွက်ပေါ်လာသည်။

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဟုတ်တယ်။ ထပ်ပြီး အငြင်းခံရပြန်ပြီ။ ခင်ဗျားဘက်ကရော ဘယ်လိုနေလဲ။”

ကျူ့ယွီယန်က ဖြေသည်။ “ကျွန်မလည်း ကျရှုံးခဲ့တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား ပြောတာကို တစ္ဆေတောင် ယုံမှာ မဟုတ်ဘူး။ အဲဒီ ဗိုလ်ချုပ်က ခင်ဗျားကို ကြည့်တဲ့ အကြည့်တွေက အရူးအမူးပဲ။ လူပုံလယ်မှာ ဒူးထောက်ပြီး လက်ထပ်ခွင့် မတောင်းရုံတမယ်ပဲ ရှိတော့တာ။”

ကျူ့ယွီယန်က သက်ပြင်းချကာ ပြောလိုက်သည်။ “တကယ်ပါ။ ရှင့်ကို မလိမ်ပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆိုရင်လည်း ခင်ဗျား ဆက်ကြိုးစားလိုက်ပါအုံး။”

ကျူ့ယွီယန်က ပြန်ပြောလိုက်သည်။ “ရှင်လည်း ကြိုးစားလိုက်ပါအုံး။”

ထို့နောက် စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်၊ ဆဋ္ဌမအကြိမ်၊ သတ္တမအကြိမ်မြောက် အိမ်ထောင်ဖက်ရှာပွဲများ အားလုံးတွင် ယွင်ကျုံးဟဲ့ ကျရှုံးခဲ့သည်။ အလုပ်လက်မဲ့၊ အဆင့်တစ် နိုင်ငံသားဆိုသောအချက်က လုံးဝ သေစေနိုင်သော ဒဏ်ရာ ဖြစ်နေ၏။

တစ်ဖက်မှ အမျိုးသမီးများသည် မည်သည့် အဆင့်အတန်းရှိသူများပင် ဖြစ်စေ ယွင်ကျုံးဟဲ့ကို မြင်မြင်ချင်း ဆွဲဆောင်ခံလိုက်ရပြီး စကားပြောနေစဉ်တွင်လည်း အကြည့်များက အရောင်လဲ့နေကြသည်။

သို့ပေမည့် နောက်ဆုံး အိမ်ထောင်ဖက်ရှာပွဲ ပြီးဆုံးချိန်တွင်မူ အားလုံး အသိတရား ပြန်ဝင်လာကြသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်တစ် နိုင်ငံသားတစ်ဦးကို လက်ထပ်ရန်မှာ အလွန် ကြီးမားသော သတ္တိများ လိုအပ်ပြီး တစ်ဘဝလုံး ခေါင်းမဖော်နိုင် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

ကင်းမှူးလီရွှယ်က အလွန် စိုးရိမ်နေသည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့ အိမ်ထောင်မပြုပါက ဤကယ်ဆယ်ရေးစခန်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခွင့်မရဘဲ ကျွန်များနှင့် သက်ဆိုင်သော အောက်ခြေ အလုပ်များကို အမှန်တကယ် စီစဉ်ပေးရတော့မည် ဖြစ်သောကြောင့်ပင်။ ထိုသို့ဆိုပါက တကယ်ကို ခေါင်းဖော်နိုင်ရန် အလွန် ခက်ခဲသွားမှာဖြစ်သည်။

ယွင်ကျုံးဟဲ့ကလည်း ကျူ့ယွီယန်ကို အိမ်ထောင်ဖက်ရှာပွဲများတွင် အမြဲလိုလို တွေ့ရတတ်ကြောင်း သတိထားမိလိုက်သည်။ သူမနှင့် အိမ်ထောင်ဖက် လာရှာသော အမျိုးသားတိုင်းက အလွန် ထူးချွန်ကြပြီး အဆင့်မြင့် စစ်အရာရှိများ၊ အင်ပါယာ အစိုးရအရာရှိများ သို့မဟုတ် အင်ပါယာ ပညာရှင်များ ဖြစ်ကြ၏။

အတိုချုပ်ပြောရလျှင် အားလုံးက လူစွမ်းကောင်းများချည်းပင် ဖြစ်ကြ၏။ သို့ပေမည့် သူမ၏ အိမ်ထောင်ဖက် ရှာပွဲတိုင်းက ကျရှုံးခဲ့ပြီး တစ်ဖက် အမျိုးသားများက အလွန် စိတ်ပျက်အားငယ်စွာဖြင့် ပြန်သွားကြရသည်။

သို့သော်လည်း မကြာသေးမီက ကျူ့ယွီယန် အိမ်ထောင်ဖက်ရှာပွဲသို့ လာရောက်မှုက မကြာခဏ ဖြစ်နေသည်။ ယွင်ကျုံးဟဲ့ ရှိနေသည့် အကြိမ်တိုင်းတွင် သူမလည်း အမျိုးသား တစ်ယောက်ယောက်နှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်နေတတ်၏။

ယွင်ကျုံးဟဲ့၏ သုံးဆယ့်သုံးကြိမ်မြောက် အိမ်ထောင်ဖက်ရှာပွဲ…

ယွင်ကျုံးဟဲ့ ရင်ဆိုင်ရသူမှာ အမျိုးသမီး စစ်အရာရှိတစ်ဦးဖြစ်ပြီး အလှပဆုံး စစ်အရာရှိလည်း ဖြစ်သည်။ နာမည်မှာ လီယန်နုံ ဟုခေါ်သည်။

ထို့အပြင် သူမသည် ယွင်ကျုံးဟဲ့ အိမ်ထောင်ဖက် လာရှာသူများထဲတွင် အဆင့်အမြင့်ဆုံး အမျိုးသမီး စစ်အရာရှိတစ်ဦးလည်း ဖြစ်၏။

ယွင်ကျုံးဟဲ့က မိမိကိုယ်ကို မိတ်ဆက်ပြီးတည်းက သူမသည် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ယဉ်ကျေးစွာသာ ထိုင်နေသည်။

သို့ပေမည့် အကြည့်များက အလွန် အေးစက်ကာ မကျေမနပ်ဖြစ်နေပြီး အိမ်ထောင်ဖက် ဌာနကို စိတ်ထဲမှ အပြစ်တင်နေ၏။

ဤအရာက ဘာသဘောနည်း။ အင်ပါယာ နိုင်ငံသားတိုင်း တန်းတူညီမျှသည်ဟု ဆိုကြသော်လည်း သူမသည် အင်ပါယာ၏ ဂုဏ်သိက္ခာရှိသော ဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး အနာဂတ်တွင်လည်း အကန့်အသတ်မရှိ တိုးတက်နိုင်မည့်သူ ဖြစ်သည်။

အိမ်ထောင်ဖက် ဌာနက အလုပ်လက်မဲ့ အဆင့်တစ် နိုင်ငံသားတစ်ဦးကို စီစဉ်ပေးခြင်းမှာ ဘာသဘောနည်း။ သူမကို စော်ကားခြင်းလား။ သူမ၏ အဆင့်အတန်းအရ အနည်းဆုံး ဗိုလ်ချုပ်တစ်ဦးနှင့် တွေ့ဆုံရမှာဖြစ်၏။

လီယန်နုံသည် ဗိုလ်ချုပ် အိုးရန်လည်း အိမ်ထောင်ဖက် ဌာနတွင် စာရင်းသွင်းထားကြောင်း သိရှိသောကြောင့် သူမကိုယ်တိုင် စာရင်းသွင်းခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ် အိုးရန်နှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် သူမအတွက် ဘာမှ အသုံးမကျသော အချောအလှလေးတစ်ဦးကို ရွေးချယ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဘာစားချင်လဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

ဗိုလ်မှူးချုပ် လီယန်နုံက ယွင်ကျုံးဟဲ့ကို ယဉ်ကျေးစွာ ပြုံးပြကာ ပြောလိုက်၏။ “မလိုတော့ပါဘူး။ ကျွန်မ စစ်တပ်ကိစ္စ ရှိသေးလို့ သွားလိုက်ပါအုံးမယ်။”

ထို့နောက် သူမက ငွေဒင်္ဂါး တစ်ပြားကို ချထားခဲ့ကာ တိုက်ရိုက် ထွက်သွားလေတော့သည်။

အစမှအဆုံးထိ သူမသည် အလွန် ယဉ်ကျေးခဲ့သော်လည်း ယွင်ကျုံးဟဲ့အပေါ် အထင်သေးမှုများလည်း ပြည့်နှက်နေသည်။

ဘေးစားပွဲမှ ကျူ့ယွီယန်မှာမူ ရာထူးအလွန်မြင့်သော လူငယ်အရာရှိတစ်ဦးနှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်နေပြီး စကားပြောဆိုရာတွင် အလွန် လှပကာ အပြုံးများကလည်း ဆွဲဆောင်မှု ရှိလွန်းသောကြောင့် စားသောက်ဆိုင်အတွင်းရှိ အမျိုးသားအများအပြားက ခဏခဏ ခိုးကြည့်နေကြ၏။

အထူးသဖြင့် ကျူ့ယွီယန် ထိုင်ချလိုက်ချိန်တွင် ပေါ်လွင်လာသော ခါးနှင့် တင်ပါး အချိုးအစားက လူများကို ရူးသွပ်သွားစေနိုင်လောက်အောင်ပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့ အပြင်သို့ ထွက်လာခဲ့သည်။ ယနေ့တွင် အစောကြီး ပြီးသွားသောကြောင့် လမ်းလျှောက်၍ ပြန်သွားရန် အချိန် လုံလောက်၏။

လမ်းအတော်ကြာကြာ လျှောက်ပြီးနောက် ကောင်းကင်ကလည်း တဖြည်းဖြည်း မှောင်လာကာ အနောက်ဘက်မှ ကျူ့ယွီယန်၏ အသံ ထွက်ပေါ်လာသည်။

“အချောအလှလေး… ထပ်ပြီး အငြင်းခံရပြန်ပြီလား။” ကျူ့ယွီယန်က မေးလိုက်၏။

“ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ခင်ဗျားရဲ့ အိမ်ထောင်ဖက်ရှာပွဲကရော ဘယ်လိုနေလဲ။ ဒီနေ့ တွေ့တဲ့ လူငယ် အရာရှိက မိသားစု နောက်ခံ အရမ်း ကြီးမားပုံရတယ်။ သူ့အဘိုးက အထက်လွှတ်တော်ကလို့ ဘေးကလူတွေ တီးတိုး ပြောနေတာကို ကျုပ် ကြားလိုက်တယ်။”

“ဟုတ်တယ်။”

ကျူ့ယွီယန်က ပြောလိုက်၏။ “အရမ်း ချောတယ်မလား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “အရမ်း ချောတယ်။”

ကျူ့ယွီယန်က ပြောလိုက်၏။ “ရှင့်ထက် ခေါင်းတစ်ဝက်လောက် ပိုရှည်တယ်။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်တယ်။”

ကျူ့ယွီယန်က ဆက်ပြော၏။ “ပြီးတော့ သိုင်းပညာကလည်း အရမ်း မြင့်တယ်။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်ပါတယ်။”

ကျူ့ယွီယန်က ပြောလိုက်၏။ “ရှင် အိမ်ထောင်ဖက်ရှာပွဲမှာ အမြဲတမ်း ကျရှုံးနေတော့ မကြာခင် ကယ်ဆယ်ရေးစခန်းကနေ နှင်ထုတ်ခံရပြီး အောက်ခြေအလုပ်တွေ သွားလုပ်ရတော့မှာပဲ။”

ယွင်ကျုံးဟဲ့က ပခုံးတွန့်ပြလိုက်သည်။

ကျူ့ယွီယန်က ပြောလိုက်၏။ “တကယ် သနားစရာပဲနော်။”

ထို့နောက် သူမက ယွင်ကျုံးဟဲ့ အနားသို့ လျှောက်လာခဲ့၏။ ခရမ်းရောင် စကတ်ရှည်ကို ဝတ်ဆင်ထား သောကြောင့် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများက အလွန် ဆွဲဆောင်မှု ရှိနေသည်။

“အရမ်း ချမ်းတာပဲ။ ရှင်က နည်းနည်းလေးတောင် လူကြီးလူကောင်း မဆန်ဘူးလား။ ကိုယ့်အင်္ကျီကို ချွတ်ပြီး ကျွန်မကို ခြုံမပေးချင်ဘူးလား။” ကျူ့ယွီယန်က မေးလိုက်၏။

ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ်ကိုယ်တိုင်လည်း ချမ်းနေတာပဲလေ။ ကျုပ်က ကိုယ်ခံအားမကောင်းဘူး။”

ကျူ့ယွီယန်က ယွင်ကျုံးဟဲ့ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ပြောလိုက်၏။ “ကျွန်မနောက် လိုက်ခဲ့။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် အဆောင်က တံခါးပိတ်တော့မှာ။”

“တံခါးပိတ်ပိတ် မပိတ်ပိတ် ရှင် ကျွန်မနောက် လိုက်ခဲ့။”

ကျူ့ယွီယန်က ပြောလိုက်၏။ “ဒါက အမိန့်ပဲ။”

ထို့နောက် သူမက မြင်းလှည်းတစ်စီးပေါ်သို့ တက်သွားသောကြောင့် ယွင်ကျုံးဟဲ့လည်း နောက်မှ လိုက်တက်သွားသည်။

ထိုလှည်းကက ပုံသေ လမ်းကြောင်းအတိုင်း မသွားသော အလွန် စျေးကြီးသည့် ကိုယ်ပိုင် မြင်းလှည်းတစ်စီး ဖြစ်၏။

“ကျုပ်တို့ ဘယ်သွားမလို့လဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“ပါးစပ်ပိတ်ထား။” ကျူ့ယွီယန်က ပြောလိုက်၏။

ထို့နောက် ခမ်းနားသော မြင်းလှည်းသည် ကြီးမားသော ခြံဝင်းကြီးတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။

ဤမျှ ကြီးကျယ်ခမ်းနားသော အိမ်ကြီးကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ တကယ့်ကို စံအိမ်ကြီးတစ်ခုပင်။ ခြံဝင်းအတွင်းတွင် မှန်လုံအိမ်များ ရှိပြီး ရာသီမရွေး စိမ်းလန်းနေသော ပန်းခြံများ ရှိကာ နေရာတိုင်းတွင် ဇီဝဓာတ်ငွေ့ မီးအိမ်များ ရှိနေသည်။ အိမ်ကိုလည်း စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး ခိုင်ခံ့ကာ အဆင့်အတန်း မြင့်လွန်းလှ၏။

‘ဒါက ကျူ့ယွီယန်ရဲ့ အိမ်လား။’

ကျူ့ယွီလန်က ပြောလိုက်သည်။ “ဝင်ခဲ့။”

ယွင်ကျုံးဟဲ့က သူမနောက်မှ လိုက်ကာ ခမ်းနားသော စံအိမ်ကြီးအတွင်းသို့ ဝင်သွားသည်။ အထဲတွင် မည်သူမှ မရှိပေ။

ကျူ့ယွီယန်က ဖိနပ်ချွတ်ကာ နူးညံ့သော ကော်ဇောပေါ်တွင် ခြေဗလာဖြင့် နင်းလျှောက်သွားသည်။ သူမ၏ မိသားစု နောက်ခံက တကယ်ကို ကောင်းမွန်လှသည်။ တစ်ယောက်တည်း ဤမျှ ကြီးမားသော စံအိမ်ကြီးတွင် နေထိုင်ခြင်းဖြစ်၏။

“ရှင် ခဏစောင့်အုံး။”

ကျူ့ယွီယန်က ပြောလိုက်သည်။ “ကျွန်မ အဝတ်အစား သွားလဲလိုက်အုံးမယ်။”

ခဏအကြာတွင် သူမသည် အပေါ်ထပ်မှ ဆင်းလာသည်။ ပိုမို သက်သောင့်သက်သာရှိပြီး နူးညံ့သော ညဝတ်အင်္ကျီကို လဲဝတ်လာသောကြောင့် သူမ၏ ခန္ဓာကိုယ်က ပိုမို ဆွဲဆောင်မှု ရှိကာ ညို့ယူဖမ်းစားနိုင်စွမ်း ရှိနေ၏။

ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က ညဝတ်အင်္ကျီအတွင်းတွင် အလွန် လှုပ်ရှားနေသကဲ့သို့ ရှိနေ၏။ နှင်းကဲ့သို့ ဖြူဖွေးပြီး မွှေးပျံ့သော ရနံ့များက သင်းကြိုင်နေသည်။

သူမက ယွင်ကျုံးဟဲ့အတွက် အရက်တစ်ခွက် ငဲ့ပေးလိုက်၏။

“ကျွန်မ... ကျွန်မ...”

ကျူ့ယွီယန်က ပြောရခက်နေပုံဖြင့် ပြောလိုက်သည်။ “ကျွန်မက ရှင့်အကြောင်း အဖေ့ကို ပြောပြပြီး ရှင့်ကို လက်ထပ်ချင်တယ်လို့ ပြောလိုက်တာ၊ သူက ကျွန်မကို ပါးတစ်ချက် ရိုက်လိုက်တယ်။”

ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ ‘ခင်ဗျားက ကျုပ်ကို လက်ထပ်ချင်တယ် ဟုတ်လား။ ဘယ်တုန်းက ကိစ္စလဲ။ ကျုပ် ဘာလို့ မသိရတာလဲ။ ကျူ့ယွီယန်… ခင်ဗျားက ကျုပ်အပေါ် ဘယ်တုန်းကမှ သဘောထား ကောင်းခဲ့တာ မဟုတ်ဘူးမလား။’

“ကျွန်မ ရှင့်ရဲ့ မှတ်တမ်းတွေကို ဖတ်ကြည့်ပြီးပြီ။ အရမ်း ရှုပ်ထွေးပြီး အတက်အကျများတဲ့ ဘဝပဲ။” ကျူ့ယွီယန်က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျား ဘယ်ကနေ ကြည့်တာလဲ။”

ကျူ့ယွီယန်က ဖြေလိုက်သည်။ “မီတျဲချိုင့်ဝှမ်းက လူတချို့လည်း အင်ပါယာရဲ့ နိုင်ငံသားသစ်တွေ ဖြစ်လာတယ်။ သူတို့ရဲ့ အစီရင်ခံစာတွေထဲမှာ ရှင့်အကြောင်း အသေးစိတ် မှတ်တမ်းတွေ ပါတယ်။ ကျွန်မ ခိုးကြည့်လာတာ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်လိုလုပ် ခိုးကြည့်လို့ ရတာလဲ။”

ကျူ့ယွီယန်က ဖြေသည်။ “ကျွန်မရဲ့ ဆရာက ဘုရင်ခံလေ။”

“အကယ်၍... ကျွန်မ အကယ်၍လို့ ပြောတာနော်။ ကျွန်မတို့ နှစ်ယောက် ကိုလိုနီနယ်မြေကို ခိုးပြေးကြမယ်ဆိုရင် ရှင် သဘောတူမလား။” ကျူ့ယွီယန်က မေးလိုက်၏။

ယွင်ကျုံးဟဲ့က ခဏမျှ တိတ်ဆိတ်နေပြီးနောက် မေးသည်။ “ကိုလိုနီနယ်မြေမှာ ကျုပ် ပြန်ပြီး စစ်တိုက်နိုင်မယ့်၊ တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးပစ်နိုင်မယ့် အင်အားကြီးတဲ့ စစ်တပ် ရှိလား။”

ကျူ့ယွီယန်က ဖြေလိုက်၏။။ “သေချာပေါက် မရှိဘူးပေါ့။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွားသည်။

ကျူ့ယွီယန်က သူမကိုယ်တိုင်အတွက် အရက်တစ်ခွက် ထပ်ငဲ့ကာ ကော်ဇောပေါ်တွင် ထိုင်ချလိုက်၏။

“ဘယ်လောက်တောင် မြင့်တဲ့နေရာမှာ မတ်တတ်ရပ်နေတာလဲ။ ကျွန်မက မော့ကြည့်နေရမှာလား။” သူမက ဒေါသတကြီး ပြောလိုက်သည်။

ယွင်ကျုံးဟဲ့လည်း ဝင်ထိုင်လိုက်၏။

“ရှင်က ရှင့်ရဲ့ ရည်မှန်းချက်တွေကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူးမလား။ တာ့ယန် နယ်မြေဟောင်းကို ပြန်လုယူချင်တယ်မလား။” ကျူ့ယွီယန်က မေးလိုက်သည်။

“အင်း…” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။

ကျူ့ယွီယန်က ပြောသည်။ “ကောင်းပြီ။ ကျွန်မ ရှင့်ကို ကူညီမယ်။”

ထို့နောက် သူတို့နှစ်ဦးသည် အဆက်မပြတ် အရက်သောက်ကြသည်။ သတိလစ်သည်အထိ သောက်ကြ၏။

All Chapters