← Chapters

အခန်း ၇၁၈

Vol. 61 Ch. 718

အခန်း ၇၁၈

Vol. 61 Ch. 718

အပိုင်း (၇၁၈)

နောက်တစ်နေ့ မနက်စောစော…

ယွင်ကျုံးဟဲ့ နိုးလာချိန်မှာတော့ ကော်ဇောပေါ်တွင် အိပ်ပျော်နေကြောင်း တွေ့လိုက်ရပြီး ခေါင်းကလည်း အလွန် လေးလံနေသည်။

သေချာ ကြည့်လိုက်ချိန်မှာတော့ ကျူ့ယွီယန်၏ ခြေထောက်က သူ၏ ခေါင်းပေါ်သို့ ဖိတင်ထားသည်ကို တွေ့လိုက်ရ၏။

ဤအမျိုးသမီးသည် ခြေကားယား လက်ကားယားဖြင့် အိပ်ပျော်နေပြီး အလွန် အမြင်မတော်ဖြစ်နေ၏။ ညဝတ်အင်္ကျီအတွင်းမှ အရာအားလုံးကို မြင်နေရပြီး အလွန်အမင်း လှပလွန်းကာ နှင်းကဲ့သို့ ဖြူဖွေးနေသည်။

သူမ၏ ခြေထောက်တစ်ဖက်က ယွင်ကျုံးဟဲ့၏ ခေါင်းပေါ်တွင် တင်ထားပြီး အခြားခြေထောက်တစ်ဖက်က သူ၏ ရင်ဘတ်ပေါ်တွင် ဖိထားသည်။ ညတုန်းက စွန်းဝူခုန်းကို တောင်အောက်တွင် ဖိထားသကဲ့သို့ အိပ်မက် မက်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

“ထတော့... ထတော့...” ယွင်ကျုံးဟဲ့က သူမ၏ ခြေသလုံးကို ပုတ်ကာ နှိုးလိုက်သည်။

ကျူ့ယွီယန် ထိုင်လိုက်ပြီး သူမ၏ ခေါင်းကို ပုတ်ကာ မိမိကိုယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယွင်ကျုံးဟဲ့ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် နာကျင်မှု ရှိ၊ မရှိ စမ်းသပ်ကြည့်လိုက်၏။

ဘာမှမဖြစ်ကြောင်း သေချာသွားပြီးနောက် သူမသည် နဖူးကို ကိုင်ကာ ခြေဗလာဖြင့် အပေါ်ထပ်သို့ တက်သွားသည်။

မနေ့ညက တကယ်ကို အများကြီး သောက်ခဲ့မိသည်။ နာရီဝက်ခန့်အကြာတွင် ကျူ့ယွီယန်သည် အလွန်အမင်း လှပကာ ပြိုင်ဘက်ကင်းသော အလှအပဖြင့် အောက်ထပ်သို့ ပြန်ဆင်းလာ၏။

“ရေချိုး၊ အဝတ်အစားလဲ။ ကျွန်မ ချိုးထားတဲ့ ရေတွေ မအေးခင် အမြန် သွားချိုး။” ဤအမျိုးသမီးက အဝတ်အစား တစ်စုံကို ယူလာကာ ယွင်ကျုံးဟဲ့ကို ပေးလိုက်ပြီး သူ့ကို အပေါ်ထပ် ရေချိုးခန်းဆီသို့ တွန်းပို့လိုက်သည်။

နာရီဝက်အကြာတွင်...

ယွင်ကျုံးဟဲ့သည် အဝတ်အစားသစ်များ လဲလှယ်ကာ ဆင်းလာသည်။ အလွန်အမင်း ချောမောနေပြီး အမူအရာကလည်း ပြိုင်ဘက်ကင်းလှ၏။

“ကျွန်မ မနက်စာ လုပ်ထားတယ်။ ရှင် အဆင်ပြေသလို စားလိုက်။” ကျူ့ယွီယန်က ပြောလိုက်သည်။

ဟုတ်ပေသည်။ တကယ်ကို အဆင်ပြေသလိုသာ စားရမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြက်ဥနှင့် နွားနို့သာ ရှိသောကြောင့်ပင်။

“ဒီအဝတ်အစားတွေက အရင်က ဘယ်သူ့ဟာတွေလဲ။ ဘယ်ယောက်ျားရဲ့ဟာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

ကျူ့ယွီယန်က နှုတ်ခမ်းကိုက်၍ အေးစက်သော အသံဖြင့် ဖြေလိုက်၏။ “ကျွန်မရဲ့ တိတ်တိတ်ပုန်း လင်ငယ်ရဲ့ဟာ။ ဒီအဖြေကို ရှင် ကျေနပ်လား။”

ထို့နောက် သူမက ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ သုံးရက်ကမှ အသစ် ချုပ်ထားတာ။ ဘယ်သူမှ မဝတ်ရသေးဘူး။”

ကျူ့ယွီယန်က ဒေါသတကြီး ပြောလိုက်၏။ “စားလို့ ဝပြီလား။ ဝပြီဆိုရင် ကျွန်မနဲ့ အပြင်လိုက်ခဲ့။ ရှင့်ကို လူတစ်ယောက်နဲ့ သွားတွေ့ပေးမလို့။”

“ဘယ်သူလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“မုဆိုးမ တစ်ယောက်... အရင် အုပ်ချုပ်ရေးမှူးရဲ့ ဇနီး၊ အင်ပါယာမှာ အာဏာအရှိဆုံး မုဆိုးမ” ကျူ့ယွီယန်က ဖြေလိုက်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားက ကျုပ်ကို ယောက်ျားပြည့်တန်ဆာ သွားလုပ်ခိုင်းမလို့လား။”

“ဒါမှမဟုတ်ရင်ရော...”

ကျူ့ယွီယန်က ပြန်မေးလိုက်၏။ “ရှင်က ဒီလောက် ချောမောနေတာ၊ ဒီလမ်းကပဲ ဖြတ်လမ်း ဖြစ်မှာပေါ့။ ကျွန်မတောင် ရှင့်ကို အရူးအမူး ဖြစ်နေရတာ၊ တခြား မိန်းမတွေလည်း ခြွင်းချက် မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို အရူးအမူး ဖြစ်နေတာ မတွေ့မိပါဘူး။”

ကျူ့ယွီယန်က ပြန်ပြော၏။ “ရှင် ဘာသိလို့လဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူမက အသက် ဘယ်လောက်ရှိပြီလဲ။”

ကျူ့ယွီယန်က ဖြေလိုက်၏။ “သုံးဆယ့်ခြောက်... ပြဿနာ ရှိလို့လား။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူမက လှလား။”

ကျူ့ယွီယန်က ပြန်မေး၏။ “ကျွန်မကကော လှလား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “အရမ်း လှပပါတယ်။”

ကျူ့ယွီယန်က ပြောလိုက်၏။ “ကျွန်မရဲ့ အလှက သူမရှေ့မှာဆိုရင် ဘာမှ မဟုတ်တော့ဘူး။”

ဤအမျိုးသမီး ယနေ့ ဒေါသအလွန်ကြီးနေပြီး စကားပြောတိုင်း လူကို ဆဲဆိုချင်နေကြောင်း ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်။

“သူမရဲ့ အာဏာက အရမ်းကြီးလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

ကျူ့ယွီယန်က ဖြေသည်။ “အုပ်ချုပ်ရေးမှူးက ရောဂါကြီး ရနေလို့ သူမက ခင်ပွန်းကို ကူညီပြီး ဆယ်နှစ်လောက် အုပ်ချုပ်ခဲ့တာ။ သူမရဲ့ အာဏာ ကြီးလား၊ မကြီးဘူးလား ရှင် တွေးကြည့်ပေါ့။”

ဤတစ်ကြိမ်တွင် ကျူ့ယွီယန်သည် လူလေးယောက်စီး ခမ်းနားသော မြင်းလှည်းကို စီးကာ မြို့ပြင်ရှိ စံအိမ်ကြီး တစ်ခုဆီသို့ ဦးတည်သွား၏။

သူတို့သည် သီးသန့်လမ်းကြောင်းအတိုင်း သွားနေကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်ရသည်။

“ဒီလမ်းကြောင်းက အဲဒီ မုဆိုးမ မိဖုရားအတွက် သီးသန့် ဖောက်ထားတာလား။” ယွင်ကျုံးဟဲ့က အံ့ဩတကြီး မေးလိုက်၏။

“ဒါပေါ့။”

ကျူ့ယွီယန်က ဖြေလိုက်သည်။ “သူမက တောင်ထိပ်မှာ နေရတာကို သဘောကျလို့ တောင်ထိပ်မှာ ဧရာမ စံအိမ်ကြီးတစ်ခု တည်ဆောက်ထားတာ။ ပြီးတော့ တုန်းကျိုးမြို့ကို တိုက်ရိုက် သွားလို့ရအောင် လီတစ်ရာ့ နှစ်ဆယ် ရှည်တဲ့ သီးသန့်လမ်းကြောင်းတစ်ခု ဖောက်ထားတာ။ သူမရဲ့ အာဏာက ကြီးလား၊ မကြီးဘူးလား ပြောစမ်း။”

“အာဏာ အရမ်းကြီးတာပဲ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

“ပါးစပ်ပိတ်ထား။” ကျူ့ယွီယန်က ပြောပြီးနောက် ယွင်ကျုံးဟဲ့၏ ပခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်သည်။

“မီတျဲချိုင့်ဝှမ်းက ရှင့်အကြောင်း မှတ်တမ်းတွေက အရမ်း အသေးစိတ်ကျတယ်။ စုစုပေါင်း စာလုံးရေ တစ်သိန်းလောက် ရှိတယ်။”

ကျူ့ယွီယန်က ပြောလိုက်၏။ “ကျွန်မက ဝတ္ထုထဲက ဇာတ်လိုက်တစ်ယောက်အကြောင်း ဖတ်နေရသလိုပဲ အရမ်း ဆန်းကြယ်တယ်။ ဒါပေမဲ့ တကယ့် လူကို မြင်လိုက်တော့ အရမ်း စိတ်ပျက်သွားတယ်။ ပြိုင်ဘက်ကင်းအောင် ချောမောတာကလွဲရင် ကျန်တာ ဘာမှ အသုံးမကျဘူး။”

ကျူ့ယွီယန်သည် ယွင်ကျုံးဟဲ့ကို အပြင်းအထန် နှိမ့်ချပြောဆိုနေသည်။ ထိုသို့ပြောခြင်းက သူမကို ပိုမို သက်သောင့်သက်သာ ဖြစ်စေသကဲ့သို့ပင်။

“ကျွန်မ ဒီလိုလုပ်တာ မှန်သလား၊ မှားသလား မသိဘူး။”

ကျူ့ယွီယန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “ရှင့်ကို မီးတွင်းထဲ တွန်းချလိုက်သလို ဖြစ်သွားနိုင်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီအာဏာအရှိဆုံး မုဆိုးမ မိဖုရားက မီးတွင်းကြီးလား။”

“ဒါပေါ့။ သူမက အန္တရာယ်အများဆုံး မီးတွင်းကြီးပဲ။ ရှင် အဲဒီထဲ ပြုတ်ကျသွားရင် အရိုးတောင် ရှာတွေ့မှာ မဟုတ်ဘူး။” ကျူ့ယွီယန်က ဖြေလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ မြင်းလှည်းသမားက လှမ်းပြော၏။ “ပညာရှင် ကျူ့ယွီယန်... တူရှား စံအိမ်ကို ရောက်ပါပြီ။”

ကျူ့ယွီယန်က ပြောလိုက်သည်။ “စံအိမ်ကို ရောက်ပြီ။ မီးတွင်းကြီးကို ရောက်ပြီ။ သွားတော့။ ဒီအင်ပါယာမှာ အာဏာအရှိဆုံး မုဆိုးမ မိဖုရားကို သွားတွေ့လိုက်တော့။”

တာ့ယန်အင်ပါယာသစ်သည် ဘုရင်ရွေးချယ်တင်မြှောက်သည့် စနစ်ကို ကျင့်သုံးသည်။ သေချာပေါက် ဤအရာက အံ့ဩစရာတော့ မဟုတ်ပေ။ ပိုလန်နိုင်ငံတွင်လည်း ယခင်က ဤစနစ်မျိုး ရှိခဲ့ဖူး၏။

အချိန်အများစုတွင် တာ့ယန်အင်ပါယာသစ်သည် ဘုရင်နှစ်ပါး အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးသည်။

ဤအရာကလည်း ထူးဆန်းလှသည်တော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် စပါတာမြို့ပြနိုင်ငံတွင်လည်း အချိန်အတော်ကြာသည်အထိ ဘုရင်နှစ်ပါး အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးခဲ့ဖူးသောကြောင့် ဖြစ်၏။

သို့ပေမည့် တာ့ယန်အင်ပါယာသစ်၏ အခြေအနေမှာ အနည်းငယ် ကွဲပြားခြားနားနေပြန်သည်။ အုပ်ချုပ်ရေး မင်းသားကို အထက်လွှတ်တော်က ရွေးချယ်တင်မြှောက်ရခြင် ဖြစ်ပြီး ယန်ရှင်းကျုံး၏ မျိုးဆက်များသာလျှင် တာဝန်ယူခွင့် ရှိသည်။

အခြားသော မျိုးနွယ်စုများမှာ ဘုရင်ဖြစ်လာရန် အရည်အချင်း မပြည့်မီကြပေ။ တစ်နည်းအားဖြင့် ဆိုရသော် တာ့ယန် တော်ဝင်မျိုးနွယ်စု သွေးသားများသာလျှင် အရည်အချင်း ပြည့်မီကြခြင်း ဖြစ်၏။

ဘုရင်နှစ်ပါး အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးရသည့် အကြောင်းရင်းမှာ တာ့ယန်အင်ပါယာသစ်က စာပေနှင့် သိုင်းပညာ ယှဉ်တွဲရပ်တည်သည့် မူဝါဒကို ကျင့်သုံးသောကြောင့် ဖြစ်သည်။

စာပေဟု ဆိုရာတွင် ကဗျာလင်္ကာနှင့် စာကုံးများကို ဆိုလိုခြင်း မဟုတ်ဘဲ ယန်ရှင်းကျုံးက ချီးကျူး ထောက်ခံထားသော ပညာရပ်သစ် သို့မဟုတ် သိပ္ပံပညာရပ်ကို ဆိုလိုခြင်း ဖြစ်၏။

တာ့ယန်အင်ပါယာသစ်တွင် တာ့ယန် တော်ဝင်မိသားစုဝင် တစ်ဦး ဖြစ်နေသရွေ့ မည်သည့် ဘာသာရပ်ကို လေ့လာသည်ဖြစ်စေ ဆေးပညာ၊ သင်္ချာ၊ ရူပဗေဒ မည်သည့်ပညာရပ်တွင်မဆို အံ့မခန်း အောင်မြင်မှုများ ရှိနေပါက ဘုရင်အဖြစ် ရွေးချယ်တင်မြှောက်ခံရနိုင်ချေ ရှိသည်။

ထိုသို့ဆိုလျှင် ဤမျှလောက် ကျွမ်းကျင်မှုရှိသော ပညာရပ်သစ်များကို လေ့လာထားပြီး နိုင်ငံတော်ကို အုပ်ချုပ်နိုင်သေးသည်လား။

သေချာပေါက် အုပ်ချုပ်နိုင်သည်။ သိပ္ပံပညာရပ်ဖြင့် နိုင်ငံကို အုပ်ချုပ်ခြင်းက တစ်ခါတစ်ရံတွင် ရလဒ်များ ပိုမို သိသာထင်ရှားတတ်သည်။

တာ့ယန်အင်ပါယာသစ်တွင် ပြည်နယ်ဘုရင်ခံဖြစ်စေ၊ နယ်မြေအသီးသီးမှ အုပ်ချုပ်ရေးမှူးများဖြစ်စေ အားလုံးမှာ ကျွမ်းကျင်သော စာသင်ကျောင်းများမှ ဘွဲ့ရရှိထားသူများ ဖြစ်ရမှာဖြစ်ပြီး အလွန်ကောင်းမွန်သော ရလဒ်များ ရှိထားမှသာ အဓိက အရာရှိကြီးများ ဖြစ်လာရန် အရည်အချင်း ပြည့်မီကြပေလိမ့်မည်။

တာ့ယန်အင်ပါယာသစ်တွင် လက်တွေ့မဆန်သော အရာများက မျက်နှာပန်း မလှကြချေ။ နိုင်ငံတော် အဆင့် စာမေးပွဲစနစ် ဆိုသည်မှာလည်း ခွေးချေးတစ်ပုံကဲ့သို့ ဝေဖန်ရှုတ်ချခြင်း ခံထားရသည်။

အဘယ်ကြောင့်ဆိုသော် ထိုနှစ်များက တာ့ယန်အင်ပါယာသစ်ကို တည်ထောင်ခဲ့ကြသော လူများမှာ တာ့ယန် အင်ပါယာ၏ ရှေးရိုးစွဲ အင်အားစုများ၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသူများ ဖြစ်သောကြောင့်ပင်။

အခြားသော ဘုရင်တစ်ပါးမှာမူ သေချာပေါက် သိုင်းပညာ ထူးချွန်သူ ဖြစ်ရမှာဖြစ်ပြီး သိုင်းပညာနှင့် စစ်ရေးဘက်တွင် ကြီးမားလှသော အောင်မြင်မှုများနှင့် ဩဇာအာဏာ ရှိမှသာ သိုင်းအုပ်ချုပ်ရေး မင်းသားအဖြစ် ရွေးချယ်ခံရမှာ ဖြစ်သည်။

ထို့အပြင် အုပ်ချုပ်ရေးမင်းသားသည် မျိုးရိုးစဉ်ဆက် ဆက်ခံရခြင်း မဟုတ်သလို တစ်သက်တာ တာဝန်ယူရခြင်းလည်း မဟုတ်ချေ။

ယေဘုယျအားဖြင့် ဆိုရသော် အုပ်ချုပ်ရေးမင်းသားတစ်ဦး၏ သက်တမ်းမှာ အနှစ် နှစ်ဆယ်ထက် မကျော်လွန်တတ်ပေ။ သို့ပေမည့် ယခင်မျိုးဆက်မှ အုပ်ချုပ်ရေးမင်းသားက အုပ်ချုပ်ရေးမင်းသား အသစ်အတွက် လျာထားခံရသူများကို အမည်စာရင်း တင်သွင်းခွင့် ရှိသည်။

သေချာပေါက် တစ်ခါတစ်ရံတွင်လည်း တာ့ယန်အင်ပါယာသစ်၌ အုပ်ချုပ်ရေးမင်းသား တစ်ပါးတည်းသာ ရှိသော အခြေအနေမျိုးလည်း ပေါ်ပေါက်တတ်သည်။ ထိုအရာမှာ ထိုအုပ်ချုပ်ရေးမင်းသားက စာပေရော သိုင်းပညာပါ အစွမ်းထက်မြက်သူဖြစ်ပြီး မည်သည့်ဘက်တွင်မဆို ဩဇာအာဏာ အလွန်တရာ မြင့်မားနေသောကြောင့် ဖြစ်၏။

ယခင်မျိုးဆက်မှ အုပ်ချုပ်ရေးမင်းသားမှာ ဤကဲ့သို့သော အခြေအနေမျိုးဖြစ်ပြီး စာပေနှင့် သိုင်းပညာ အာဏာရပ်များကို ပခုံးထမ်းထားခဲ့သူ ဖြစ်သည်။

အုပ်ချုပ်ရေးမင်းသားက အားကောင်းလာချိန်၌ အထက်လွှတ်တော်မှာ သဘာဝကျကျ အားနည်းသွားခဲ့သည်။ ထို့ကြောင့် ယခင်မျိုးဆက် အုပ်ချုပ်ရေးမင်းသား၏ လက်ထက်သည်လည်း တာ့ယန်အင်ပါယာသစ်၏ ဘုရင်စနစ် အင်အားအကောင်းဆုံး အချိန်ကာလ ဖြစ်ခဲ့၏။

သို့ပေမည့် ယခင်မျိုးဆက် အုပ်ချုပ်ရေးမင်းသား၏ နောက်ဆုံး ဆယ်နှစ်တာ ကာလတွင် ကျန်းမာရေး မကောင်းသောကြောင့် မိဖုရားက တာ့ယန်အင်ပါယာ၏ အာဏာကို သူ၏ကိုယ်စား ထိန်းချုပ်ပေးခဲ့သည်။

ထို့ကြောင့် ဤမိဖုရား တူရှားသည်လည်း တာ့ယန်အင်ပါယာတွင် ဩဇာအာဏာ အရှိဆုံးသော အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။ ထို့အပြင် သူမသည် အမှန်တကယ်တွင် ယခင်မျိုးဆက် အုပ်ချုပ်ရေးမင်းသား၏ ဒုတိယမြောက် ဇနီးလည်း ဖြစ်၏။

သို့ပေမည့် အာဏာ မည်မျှပင် ကြီးမားနေပါစေ အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့် သူမအနေဖြင့် ဘုရင်အဖြစ် ခံယူခွင့် မရှိခဲ့ပေ။

ယခင်မျိုးဆက် အုပ်ချုပ်ရေးမင်းသားမှာ သက်တမ်းမကုန်ဆုံးမီမှာပင် ကွယ်လွန်သွားခဲ့ပြီး အုပ်ချုပ်ရေး မင်းသားသစ် နှစ်ပါးက ထီးနန်းတက်လာခဲ့သည်။

တိုက်ဆိုင်စွာပင် ဤအုပ်ချုပ်ရေးမင်းသားသစ် နှစ်ပါးမှာ မိဖုရား တူရှားနှင့် ယခင်မျိုးဆက် အုပ်ချုပ်ရေး မင်းသားတို့က ပူးတွဲ၍ အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ဘုရင်သစ် နှစ်ပါးစလုံးက သူမအား အလွန်တရာ လေးစားကြပြီး မြို့တော်၌ ဆက်လက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့ကြသော်လည်း မိဖုရား တူရှားကမူ သူမ၏ ဇာတိမြေသို့သာ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။

ဘုရင်သစ် နှစ်ပါးနှင့် အထက်လွှတ်တော်တို့က မိဖုရား တူရှားအပေါ် လေးစားမှုပြသသည့် အနေဖြင့် နှစ်အနည်းငယ် အချိန်ယူကာ သူမ၏ ဇာတိမြေတွင် တူရှား စံအိမ်တော်ကို တည်ဆောက်ပေးခဲ့ကြ၏။

ယေဘုယျအားဖြင့် မိဖုရား တူရှားက အကြံပြုထားသော အရာရှိများ သို့မဟုတ် စစ်သူကြီးများကိုလည်း ဘုရင်သစ် နှစ်ပါးက ငြင်းဆန်လေ့ မရှိကြချေ။

ထို့ကြောင့် သူမ၏ ယောက်ျားမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူမသည် အာဏာအကြီးမားဆုံးသော အမျိုးသမီး ဖြစ်နေဆဲပင်ဖြစ်သည်။

စံအိမ်တော်၏ တံခါးပေါက်မှ ဝင်ရောက်သွားပြီးနောက် ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားကာ ယွင်ကျုံးဟဲ့ တစ်ယောက် မည်းမှောင်နေသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရ၏။

အားလုံးမှာ မိဖုရား တူရှား၏ တွေ့ဆုံမှုကို စောင့်ဆိုင်းရင်း တန်းစီနေကြ၏။ ထိုသူများမှာ ရာထူးတိုးမြှင့်ရန်နှင့် အဆင့်အတန်းများကို တောင်းဆိုရန် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ ထို့ကြောင့် ယွင်ကျုံးဟဲ့သည်လည်း တန်းစီနေရတော့သည်။

‘သောက်ကျိုးနည်း... ဒါက ဘယ်အချိန်အထိ တန်းစီနေရမှာလဲ။ အရှေ့မှာ အနည်းဆုံး လူရာချီပြီး ရှိနေလောက်တယ်။’

...................

All Chapters