အခန်း ၇၁၉
Vol. 61 Ch. 719
အပိုင်း (၇၁၉)
ထိုလူတန်းကြီးကို ကြည့်ပြီးနောက် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပညာရှင်ကျူ့... ဘယ်သူမဆို ဒီမိဖုရားကို လာရောက် တွေ့ဆုံခွင့် ရှိတာလား။”
ကျူ့ယွီယန်က ဖြေလိုက်သည်။ “သေချာပေါက် မရဘူးပေါ့။ ဖိတ်စာရထားတဲ့ သူတွေမှသာ မိဖုရားကို လာရောက် တွေ့ဆုံခွင့် ရှိတာလေ။ တူရှား စံအိမ်တော်က တစ်လကို တစ်ကြိမ်ပဲ ဧည့်သည်တွေကို တံခါးဖွင့် လက်ခံတာမို့ ဒီဖိတ်စာက အရမ်းကို တန်ဖိုးကြီးတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားက မိဖုရား တူရှားကို သိလို့လား။”
ကျူ့ယွီယန်က ဖြေလိုက်သည်။ “သိတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်မနဲ့ တစ်နယ်တည်းသားလေ။ ပြီးတော့ ကျွန်မရဲ့ ဆရာက ဘုရင်ခံဖြစ်ပြီး ကျွန်မ အဖေက ခရိုင် အုပ်ချုပ်ရေးမှူးလေ။”
ကျူ့ယွီယန်မှာ တကယ့်ကို သူဌေးမျိုးနွယ်မှ ဆင်းသက်လာသော သမီးပျိုလေးဖြစ်သည်။ ထို့နောက် သူမက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်ဟန်ဖြင့် ဆက်ပြောလိုက်၏။ “သေချာတာပေါ့။ မိဖုရား တူရှားက ကျွန်မရဲ့ နာမည်လောက်ကိုပဲ သိတာ ဖြစ်နိုင်ပါတယ်။”
ထို့နောက် သူမက ယွင်ကျုံးဟဲ့ကို မကျေမနပ်ဖြင့် ပြောလိုက်သည်။ “ဒီဖိတ်စာက ဈေးကွက်ထဲမှာ တန်ဖိုး ဘယ်လောက်ရှိလဲဆိုတာ ရှင် သိလား။ အဲဒါကို ကျွန်မက ရှင့်ကို ပေးလိုက်တာနော်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်က ဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး။ ကျုပ်က ရည်မှန်းချက်အတွက် ကိုယ့်ကိုယ်ကိုယ် ရောင်းစားဖို့ ခဲရာခဲဆစ် ဆုံးဖြတ်ချက်ချလိုက်ရပေမဲ့ ခန္ဓာကိုယ်ကို ရောင်းစားတဲ့သူတွေ ဒီလောက်တောင် များနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ရောင်းစားချင်ရင်တောင် အရည်အချင်း ပြည့်မီချင်မှ ပြည့်မီမှာလို့ ပြောတာပါ။”
စံအိမ်တော် တံခါးပေါက်ရှေ့ရှိ ကွင်းပြင်၌ တန်းစီနေကြသူများတွင် အများစုမှာ ရထားလုံးများ ဖြစ်နေကြောင်း ယွင်ကျုံးဟဲ့ မြင်တွေ့လိုက်ရသည်။
လူအများအပြားမှာ ရထားလုံးများအတွင်း၌ နေထိုင်ကြပြီး အချို့သော လူတစ်စုကမူ အပြင်ဘက်တွင် ရပ်နေကြ၏။
ကျူ့ယွီယန်က ရှင်းပြလိုက်သည်။ “ရထားလုံးထဲမှာ ရှိနေတဲ့ သူတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ရောင်းစားဖို့ ရည်ရွယ်ထားကြတဲ့ သူတွေချည်းပဲ။ ရထားလုံးအပြင်မှာ ရပ်နေတဲ့ သူတွေကတော့ မူလတည်းက အရာရှိတွေ၊ ဒါမှမဟုတ် စစ်သူကြီးတွေ ဖြစ်ပြီး မိဖုရား တူရှားဆီမှာ ခိုလှုံဖို့နဲ့ ကျောထောက်နောက်ခံ တစ်ခု ရှာဖွေချင်နေကြသူတွေလေ။ ရှင်ကတော့ ရထားလုံးထဲမှာ ရှိနေပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ရောင်းစားဖို့ ရည်ရွယ်ထားတဲ့သူပေါ့။”
ယွင်ကျုံးဟဲ့က ရေတွက်ကြည့်လိုက်ရာ ရထားလုံးအတွင်း၌ နေထိုင်နေကြသူများမှာ အယောက် ဆယ်နှင့်ချီ၍ ရှိနေ၏။
‘မိန်းမထမိန်နား ခိုစားဖို့ ယှဉ်ပြိုင်ရတာကလည်း ဒီလောက်တောင် ပြင်းထန်နေတာလား။ ဒီလောက် လူအများကြီးက မိဖုရားရဲ့ ပျော်တော်ဆက်ယောက်ျား ဖြစ်ချင်နေကြတာလား။’
ယွင်ကျုံးဟဲ့က မနေနိုင်ဘဲ မေးလိုက်သည်။ “သူမက အုပ်ချုပ်ရေးမင်းသားရဲ့ မိဖုရားလေ။ ပုဂ္ဂိုလ်ရေးဘဝက ဒီလောက်တောင် ရှုပ်ထွေးနေတာကို ဘယ်သူမှ မထိန်းချုပ်ကြဘူးလား။”
ကျူ့ယွီယန်က ဖြေလိုက်၏။ “သူမရဲ့ ပုဂ္ဂိုလ်ရေးဘဝ ရှုပ်ထွေးလေလေ မြို့တော်ဘက်က ပိုပြီး ဝမ်းသာလေလေ၊ ပိုပြီး စိတ်အေးရလေလေပဲ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့မှာ ကောင်းစွာ နားလည်သွားခဲ့သည်။
ကျူ့ယွီယန်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်၏။ “ပြီးတော့ ဒါက တာ့ယန်အင်ပါယာသစ်လေ။ အမျိုးသမီးတွေက ကွာရှင်းခွင့် ရှိတယ်။ မုဆိုးမ ဖြစ်သွားရင်တောင်မှ အိမ်ထောင်ပြုခွင့်၊ ချစ်သူထားခွင့် လွတ်လပ်ခွင့် ရှိတယ်။ ရှင်တို့ဆီကလို ဆွေးမြည့်ဟောင်းနွမ်းနေတာမျိုး မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါကြောင့်လည်း ခင်ဗျား ဒီအသက်အရွယ်ရောက်တဲ့အထိ အိမ်ထောင်မပြု၊ ရည်းစားမထားဘဲ နေနေတာ ပေါ်လာတာပေါ့။”
ဤစကားကြောင့် ကျူ့ယွီယန်မှာ ဒေါသထွက်လွန်းသောကြောင့် ရုတ်တရက် ခုန်ထကာ ယွင်ကျုံးဟဲ့၏ ခါးကို လက်သီးဖြင့် တစ်ချက် ထိုးချလိုက်၏။
ယွင်ကျုံးဟဲ့မှာ နာကျင်လွန်းသောကြောင့် အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားခဲ့သည်။ “အ့...”
‘သောက်ကျိုးနည်း... ဒီမိန်းမက အလောင်းတွေကို သီးသန့် ခွဲစိတ်နေတဲ့သူဆိုတော့ လူတစ်ယောက်ကို ဘယ်လိုရိုက်ရင် အနာဆုံးလဲဆိုတာ ကောင်းကောင်း သိနေတာပဲ။’
ကျူ့ယွီယန်က ခြိမ်းခြောက်လိုက်၏။ “နောက်တစ်ခါ ပါးစပ် ထပ်သရမ်းကြည့်။ ကျွန်မ ထိုးမှာက ရှင့်ရဲ့ခါး မဟုတ်တော့ဘူးမှတ်။”
ယွင်ကျုံးဟဲ့က လက်နှစ်ဖက်ကို မြှောက်ကာ တောင်းပန်လိုက်သည်။ “နားလည်ပါပြီ... နားလည်ပါပြီ...”
ကျူ့ယွီယန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ရှင်လည်း မြင်တဲ့အတိုင်းပဲ။ ရှင့်ရဲ့ ပြိုင်ဘက်တွေက အရမ်းကို များတယ်။”
ဟုတ်ပေသည်။ အနည်းဆုံး အယောက် လေး၊ ငါးဆယ်ခန့် ရှိနေသည်။
ကျူ့ယွီယန်က ပြောလိုက်၏။ “ပြီးတော့ ဒီလူတွေ အားလုံးက ပုံစံအမျိုးမျိုးရှိတဲ့ ချောမောတဲ့ ယောကျ်ားတွေချည်းပဲ။ တစ်ယောက်ချင်းစီတိုင်းက အရည်အချင်းတွေ အပြည့်ရှိကြတယ်။ ဒါမှမဟုတ်ရင်လည်း သိုင်းပညာ အရမ်းမြင့်မားကြတယ်။ ရှင့်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းက သိပ်ပြီး အားကောင်းလှတာ မဟုတ်ဘူး။ အကယ်လို့ ကျရှုံးသွားရင် နောက်ဆက်တွဲ ဘာလုပ်မလဲဆိုတာကိုရော ရှင် စဉ်းစားဖူးလား။”
ယွင်ကျုံးဟဲ့သည်လည်း ဤအရာကို သတိပြုမိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်မှု လွန်ကဲနေသော လူငယ်အချို့မှာ ရထားလုံးအတွင်း၌ မရှိကြဘဲ အပြင်ဘက်တွင် ပေါ်ပေါ်ထင်ထင် ရပ်နေကြသောကြောင့် ဖြစ်သည်။
တစ်ယောက်ချင်းစီတိုင်းမှာ လူသောင်းသိန်းချီထဲတွင် တစ်ယောက်သာ ရှိနိုင်သော ချောမောသည့် ယောက်ျားများ ဖြစ်ကြပြီး ပုံစံအမျိုးမျိုး၊ ဆွဲဆောင်မှုအမျိုးမျိုး ရှိကြ၏။
တာ့ယန်အင်ပါယာသစ် တစ်ခုလုံးရှိ အချောမောဆုံးသော လူငယ်ယောကျ်ားလေးများ အားလုံး ယှဉ်ပြိုင်ရန် ရောက်ရှိလာကြသကဲ့သို့ဖြစ်ပြီး သေမင်းတမန် အုပ်စုဟုပင် ခေါ်ဆိုနိုင်သည်။
ကျူ့ယွီယန်က ပြောလိုက်၏။ “ကျွန်မ အဖေက ခရိုင် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး အင်ပါယာရဲ့ အဆင့်မြင့် အရာရှိတစ်ယောက်လို့ သတ်မှတ်လို့ရပေမဲ့ ရှင့်ရဲ့ ရည်မှန်းချက်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်မ အဖေရဲ့ ရာထူးက နိမ့်နေပါသေးတယ်။
ပြီးတော့ အကယ်လို့ ကျွန်မက ရှင့်ကို ရဲရဲဝံ့ဝံ့ လက်ထပ်လိုက်ရင် သူက ကျွန်မကို ရိုက်သတ်ပစ်လောက်တယ်။ အကယ်လို့ ကျွန်မက ရှင့်အတွက် အကြောင်းပြချက် မရှိဘဲ တရားမဝင် လင်ငယ် ထားလိုက်ရင်လည်း ရှင်က ကျွန်မ မိသားစုရဲ့ အရင်းအမြစ်တွေကို ရနိုင်မှာ မဟုတ်ဘူး။ ဒီလောကကြီးမှာ ကိစ္စတိုင်းက အောင်မြင်နိုင်တာ မဟုတ်ဘူးလေ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မိဖုရား တူရှားရဲ့ ပျော်တော်ဆက်ယောက်ျား ဖြစ်သွားပြီးရင် အားလုံးက ကောင်းကင်ယံအထိ တစ်ဟုန်ထိုး ပျံတက်သွားနိုင်တာလား။”
ကျူ့ယွီယန်က ဖြေလိုက်၏။ “အနည်းဆုံးတော့ ဒါက အာဏာဆီကို သွားတဲ့ အတိုဆုံး ဖြတ်လမ်းတစ်ခုပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါက အတိုဆုံး ဖြတ်လမ်းဆိုရင် အကောင်းဆုံး ဖြတ်လမ်းရော ဟုတ်ရဲ့လား။”
ကျူ့ယွီယန်က ဖြေလိုက်၏။ “အကောင်းဆုံး ဖြတ်လမ်းဆိုတာကတော့ ရှင် မတွေးနဲ့တော့။ ကောင်းကင်ကို တက်ရတာထက်တောင် ခက်ခဲသေးတယ်။ မိဖုရားရဲ့ အပျော်တော်ယောကျ်ား ဖြစ်သွားရင် အနည်းဆုံးတော့ သေချာပေါက် အာဏာကို ရိတ်သိမ်းနိုင်မှာပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပုံမှန်အားဖြင့် သူမရဲ့ အပျော်တော်ယောကျ်ား လုပ်မယ်ဆိုရင် သူမ အနားမှာ အချိန်ဘယ်လောက်ကြာကြာ နေပေးရမလဲ။”
ကျူ့ယွီယန်က ဖြေလိုက်၏။ “အမြန်ဆုံးက တစ်ရက်တည်းနဲ့ စံအိမ်တော်ထဲကနေ မောင်းထုတ်ခံရတာပဲ။ အကြာဆုံးက တစ်လပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီလောက်တောင် အသစ်မြင်ရင် အဟောင်းကို မေ့တတ်တာလား။”
ကျူ့ယွီယန်က ဒေါသတကြီး ပြောလိုက်၏။ “အပိုတွေ ပြောနေတယ်။ ကျွန်မလည်း အသစ်မြင်ရင် အဟောင်းကို မေ့ချင်မေ့မှာပေါ့။ သုံးရက်လောက်နေရင် ရှင့်ကို ရွံရှာသွားနိုင်တာပဲ။”
ထို့နောက် သူမက ဆက်ပြောသည်။ “ဒါပေမဲ့ သူမက တစ်ရက်လောက်ပဲ အတူနေပေးခဲ့ရရင်တောင်မှ အဲဒီ အပျော်တော်ယောကျ်ားကို ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးလိမ့်မယ်။ အားလုံးကို တကယ့်အာဏာရှိတဲ့ ရာထူးတစ်ခု စီစဉ်ပေးတာမျိုး၊ ဒါမှမဟုတ်ရင်လည်း ကောင်းမွန်တဲ့ နောက်ခံတစ်ခု ပေးတာမျိုးပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို သူမက တစ်နှစ်ကို ယောကျ်ား ဆယ်ယောက်ကျော်လောက်နဲ့ ဖြတ်သန်းရမှာ မဟုတ်ဘူးလား။”
ကျူ့ယွီယန်က ပြောလိုက်သည်။ “အိပ်မက်မက်နေလိုက်။ သူ့ရဲ့ အပျော်တော်ယောကျ်ားတွေက အချောမောဆုံးနဲ့ အထူးချွန်ဆုံး ဖြစ်ကြပေမဲ့ ဘယ်သူကမှ သူနဲ့ အတူအိပ်ခွင့် မရှိကြဘူး။ ရှင်လည်း သိပ်ပြီး လှပတဲ့ အိပ်မက်တွေ မက်မနေနဲ့။
သူ့ရဲ့ တိုင်းပြည်ကိုတောင် မှောက်လှန်ပစ်နိုင်တဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်က ရှင်တို့လို ရုပ်ချောသွေးအေး ကောင်လေးတွေအတွက် အလကား မရနိုင်ဘူး။ သူ့ရဲ့ အကြိုက်က အရမ်းကို ထူးဆန်းတယ်။ အပျော်တော် ယောကျ်ားတွေအပေါ် တောင်းဆိုမှုကလည်း အရမ်းကို ထူးဆန်းတာပဲ။ ဒါကြောင့် ကျွန်မက ဒါကို မီးတွင်းလို့ ပြောတာ။ ရှင်က အတင်းအဓမ္မ ခုန်ဆင်းချင်နေတယ်ဆိုရင်တော့ ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူးလေ။”
ထိုခဏတွင် ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲ၌ ထူးထူးဆန်းဆန်း မြင်ကွင်းပေါင်းများစွာ ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်ချက် တုန်ယင်သွားခဲ့၏။
မီးတောက်များ၏ အပူရှိန်၊ သို့မဟုတ် ကြာပွတ်များ၏ ထက်မြက်မှု၊ သံမဏိ ဘရပ်ရှ်များ၏ ချွန်ထက်မှုတို့ကို ခံစားလိုက်ရသကဲ့သို့ပင်။
ယွင်ကျုံးဟဲ့က အသံအက်အက်ဖြင့် မေးလိုက်၏။ “ဒါဆို ဒီမိဖုရား တူရှားမှာ မြွေပွေးကင်းမြီးကောက် မိဖုရား၊ မကောင်းဆိုးဝါး ဘုရင်မ စတဲ့ နာမည်ပြောင်တွေ ရှိနေတာလား။”
ကျူ့ယွီယန်က အေးစက်စွာ ရယ်မောရင်း ဖြေလိုက်သည်။ “ဟုတ်တယ်။ ရှင် ကြောက်သွားပြီလား။”
ထို့နောက် အရပ် နှစ်မီတာရှိသော အမျိုးသမီး စစ်သည်တစ်ဦး ထွက်လာကာ နံပါတ်စဉ် ခေါ်လိုက်၏။ “နံပါတ် နှစ်ဆယ့်ငါး။”
ချက်ချင်းပဲ အမျိုးသားတစ်ဦးက ရထားလုံးအတွင်းမှ ဆင်းလာခဲ့ပြီး စံအိမ်တော်၏ တံခါး ပွင့်သွားကာ ထိုအမျိုးသားက ဝင်ရောက်သွားခဲ့သည်။
ကျူ့ယွီယန်က ရထားလုံး၏ လိုက်ကာကို လျင်မြန်စွာ လှန်လိုက်ပြီး ထိုလူငယ်လေးအား လှမ်းကြည့်လိုက်၏။
ကျူ့ယွီယန်က ပြောလိုက်သည်။ “ကောင်းကင်ဘုံ... အရမ်းချောတာပဲ။ ယွင်ကျုံးဟဲ့... သူက ရှင့်ထက် အရပ်ရှည်တယ်။ ရှင့်ထက် ခန့်ညားတယ်။ ရှင့်ထက် ကြံ့ခိုင်တယ်။ ရှင့်ထက်လည်း ယောက်ျားပီသတဲ့ အသွင်အပြင် ရှိတယ်။”
စောစောက ဝင်သွားသော ထိုအမျိုးသားကို ယွင်ကျုံးဟဲ့လည်း မြင်တွေ့လိုက်ရပြီး တကယ့်ကို ပြိုင်ဘက်ကင်း လောက်အောင် ချောမောခန့်ညားလှကာ လူကို တစ်ချက်ကြည့်ရုံဖြင့် မေ့ပစ်၍ မရနိုင်လောက်အောင် ဖြစ်စေပြီး ဦးနှောက်ထဲတွင် ထွင်းထုထားရမည့်အလား ဖြစ်နေ၏။
‘သောက်ကျိုးနည်း... အရမ်းကို ချောလွန်းနေတာပဲ။ ဒီခေတ်ကြီးမှာ မိန်းမထမိန်နား ခိုစားဖို့ ယှဉ်ပြိုင်ရတာကလည်း ဒီလောက်တောင် ပြင်းထန်နေတာပဲ။ တကယ့်ကို လူတိုင်းက အလုအယက် ဖြစ်နေကြတာပဲ။ နံပါတ်ခေါ်မယ့် အချိန်ကိုသာ စောင့်နေရတော့မယ်။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်လောက်ကြာကြာ စောင့်ရအုံးမှာလဲ။”
ကျူ့ယွီယန်က ဖြေလိုက်၏။ “ယေဘုယျအားဖြင့် လူတစ်ယောက်ကို တွေ့ဆုံမယ့် အချိန်က နာရီဝက်ထက် မပိုပါဘူး။ ဒါကြောင့် ကျွန်မတို့ နောက်ထပ် လေးနာရီလောက် စောင့်ရအုံးမယ်။”
ထို့နောက်တွင်မူ ရှည်လျားလှသော စောင့်ဆိုင်းခြင်းပင် ဖြစ်သည်။
ကျူ့ယွီယန်က မေးလိုက်၏။ “ယွင်ကျုံးဟဲ့... အကယ်လို့ ရှင်သာ အောင်မြင်သွားပြီး တာ့ယန်အင်ပါယာသစ်ရဲ့ စစ်တပ်ကို ငှားရမ်းနိုင်ခဲ့လို့ အရှေ့ဘက်ကို စစ်ချီပြီး တာ့ရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းနိုင်ခဲ့ရင် ရှင် ဘာလုပ်ချင်လဲ။ ဒီကို ပြန်လာပြီး ဆက်လက်နေထိုင်မလား။ ဒါမှမဟုတ် အရှေ့ဘက်က နယ်မြေဟောင်းမှာပဲ ဧကရာဇ် ဆက်လုပ်နေမလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ် ခင်ဗျားရဲ့ လေသံကို နားထောင်ကြည့်ရတာ အရှေ့ဘက် နယ်မြေဟောင်းမှာ ဧကရာဇ် လုပ်ရတာကိုက ခွေးတွေ၊ ကြောင်တွေလောက်ပဲ အဆင့်ရှိတယ်လို့ ခံစားနေရသလိုပဲနော်။”
ကျူ့ယွီယန်က ပြန်မေးလိုက်၏။ “မဟုတ်လို့လား။”
ယွင်ကျုံးဟဲ့မှာ ဆွံ့အသွားရသည်။ ‘ခင်ဗျားတို့ တာ့ယန်အင်ပါယာသစ်က လူတွေရဲ့ မောက်မာတဲ့ ခံစားချက်ကလည်း အရမ်းကို အားကောင်းလွန်းနေတာပဲ။’
ရှေးခေတ်ကို ပြန်သွားပြီး သူဌေးကြီး လုပ်ရမည့်အစား ခေတ်သစ်လောကတွင် အိမ်တွင်းအောင်းနေရသူအဖြစ် နေချင်သော ခံစားချက်မျိုးပင်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “တာ့ယန်အင်ပါယာသစ်က အရမ်းကို အင်အားကြီးမားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က တာ့ရှန်းမိစ္ဆာနိုင်ငံကို အထင်သေးလွန်းနေကြတယ်။ သူတို့ကလည်း အရမ်းကို အင်အားကြီးတယ်။ ခင်ဗျားတို့ စိတ်ကူးထားတာထက်ကို အများကြီး ပိုပြီး အင်အားကြီးကြတယ်။”
ကျူ့ယွီယန်က ယွင်ကျုံးဟဲ့ကို ကြည့်ကာ နှုတ်ခမ်းကို စေ့၍ တစ်ချက် ပြုံးလိုက်၏။ ထို့အပြင် အလွန်တရာ အပိုဆန်သော ဟန်ဆောင်အပြုံးမျိုး ဖြစ်သည်။
အချိန်နာရီဝက်ခန့် ကြာပြီးနောက်...
ရဲတိုက်၏ တံခါး ပြန်ပွင့်လာပြီး ထိုခန့်ညားထည်ဝါသော အမျိုးသမီး စစ်သည် ထပ်မံ ထွက်လာကာ ပြောလိုက်၏။ “သခင်မက ခန္ဓာကိုယ် ပင်ပန်းနေလို့ ဒီနေ့ ဒီလောက်ပါပဲ။ အားလုံးပဲ ပြန်ကြပါတော့။”
ဤစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူအုပ်ကြီးမှာ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
ဤမျှလောက် လူအများကြီးကို တွေ့ဆုံရခြင်း မရှိသေးဘဲနှင့် နှင်လွှတ်လိုက်ပြီလား။ သူတို့ထဲမှ လူအများအပြားမှာ ဖိတ်စာရရှိရန်အတွက် မည်မျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရမှန်း မသိနိုင်ချေ။ မိသားစု တစ်ခုလုံး၏ စုဆောင်းထားသမျှကိုပင် အသုံးပြုခဲ့ကြရ၏။
တာ့ယန်အင်ပါယာသစ်၏ ထုတ်လုပ်နိုင်စွမ်းမှာ အလွန်တရာ ဖွံ့ဖြိုးတိုးတက်လွန်းလှပြီး အဆင့် အသီးသီးရှိသော စာသင်ကျောင်းများစွာ ရှိသောကြောင့် အရည်အချင်းရှိသူများလည်း အလွန် များပြားလွန်းလှသည်။
ကျောထောက်နောက်ခံ မရှိပါက စာပေဘက်တွင်ဖြစ်စေ၊ သိုင်းပညာဘက်တွင်ဖြစ်စေ ခေါင်းမော့နိုင်ရန် အလွန် ခက်ခဲလှသည်။ မိဖုရား တူရှားဘက်မှ သွားခြင်းကသာ ဖြတ်လမ်းတစ်ခု ဖြစ်၏။
လူတိုင်းက ကျူ့ယွီယန်ကဲ့သို့သော မိသားစုနောက်ခံမျိုး ရှိပြီး ဖိတ်စာကို ရရှိနိုင်စွမ်း ရှိကြသည်တော့ မဟုတ်ပေ။ လူငယ် အရည်အချင်းရှိသူ အများအပြားမှာ ငွေချေးငှားပြီးမှသာ ဤဖိတ်စာကို ရရှိခဲ့ကြခြင်း ဖြစ်ပြီး မိဖုရား တူရှား၏ တွေ့ဆုံမှုကို နာရီဝက်ခန့် ခံယူခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။
ချက်ချင်းပဲ ထိုနေရာရှိ လူအများအပြားက ဒူးထောက်ချလိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်ကြ၏။ “မိဖုရား... သနားတော်မူပါ။ ဒီဖိတ်စာအတွက် ကျုပ်တို့ မိသားစု တစ်ခုလုံးရဲ့ စုဆောင်းထားသမျှကို ထုတ်သုံးခဲ့ရတာပါ။”
“မိဖုရား... သနားတော်မူပါ။ ကျုပ်က အိမ်နဲ့ ခြံမြေကို ပေါင်နှံပြီးမှ ချေးငှားလာခဲ့တဲ့ ငွေနဲ့ ဒီဖိတ်စာကို ဝယ်ယူခဲ့ရတာပါ။”
.......................